ဝှက်ထားသောဘဏ္ဍာကဲ့သို့ ရှာဖွေလျက်နေလော့
ဘု ရားနှုတ်ကပတ်တော် သမ္မာကျမ်းစာတွင် တွေ့ရသော ဉာဏ်ပညာ ကျောက်မျက်များသည် တန်ဖိုးမဖြတ်နိုင်ပါတကား။ ဤရတနာများသည် ဘုရားရည်ရွယ်ချက်ကို ဖေါ်ပြပြီး ကျွန်ုပ်တို့ရှေ့တွင် ရင်ဖိုဖွယ်မျှော်လင့်ချက်များချပေးသည်။ သူတို့သည် နှစ်သိမ့်မှုကိုပေးပြီး ဘုရားစိတ်တော်နှင့် တွေ့ရန်မည်သို့ပြုရမည်ကို တင်ပြထားသည်။ (ရောမ ၁၅:၄) ဤကျောက်မျက်များသည် အခြားသူများနှင့် ကျွန်ုပ်တို့ဆက်ဆံရာတွင် ပညာရှိစွာပြုမူရန်လည်း ထောက်ကူသည်။ အမှန်ပင်၊ ဘုရားထံမှလာသော ပညာသည် ကျွန်ုပ်တို့အား “အသက်လမ်း၌” ကျေနပ်ပျော်ရွှင်စွာ လိုက်လျှောက်ရန် ထောက်မပေးသည်။—ဆာလံ ၁၆:၁၁။ ၁၁၉:၁၀၅။
ပညာ၏ အကျိုးသည် များလှသောကြောင့် အထူးတန်ဖိုးထားသင့်ပါသည်။ “ငါဟောပြောသမျှသော စကားတို့သည် ဖြောင့်မတ်၍ ကောက်သောသဘော၊ ဖောက်ပြန်သောသဘောနှင့် ကင်းစင်ကြ၏။ နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍ ပညာကို ရသောသူတို့အား ဟုတ်မှန်ကြ၏။ ငွေအရင်၊ ငါ့နည်းကိုလည်းကောင်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကိုလည်းကောင်း ခံယူကြလော့။ အကြောင်းမူကား ပညာသည် ပတ္တမြားထက်သာ၍မြတ်၏။ နှစ်သက်ဖွယ်သမျှသောအရာတို့သည် ထိုရတနာကိုမပြိုင်နိုင်ကြ။”—သု၊ ၈:၈-၁၁။
အဘယ်ကြောင့် ရှာဖွေလျက်နေရ
အများအားဖြင့် မြေအောက်ရှိ ကျောက်မျက်၊ ရွှေငွေရှာဖွေခြင်းသည် အချည်းနှီးဖြစ်သွားသည်။ ဘုရားရေးရာပညာကို ရှာရာတွင် ထိုသို့မဟုတ်ချေ။ သို့သော် ကျွန်ုပ်တို့သည် ဤရှာဖွေမှုတွင် မည်သို့ အောင်မြင်နိုင်သနည်း။ အမှန်မှာ၊ ဤရတနာကို ကျွန်ုပ်တို့မည်မျှလိုလားသည်၊ ယင်းကိုတွေ့ရန် ကျွန်ုပ်တို့မည်မျှ အားသွန်ခွန်စိုက်သည့်အပေါ် အောင်မြင်မှု မူတည်နေသည်။ ယင်း၏တန်ဖိုးမှန်ကို ကျွန်ုပ်တို့သိလျှင် အခြားတန်ဖိုးရှိအရာများထက် ယင်းကိုအမြတ်တနိုးထားမည်။ တကယ်တော့ “ရွှေကိုရတတ်ခြင်းထက် ပညာကိုရတတ်ခြင်းသည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဉာဏ်နှင့်ပြည့်စုံခြင်းကို အမြတ်ထားစရာ အလွန်ကောင်း၏။”—သု၊ ၁၆:၁၆။
သု၊ ၂:၁-၆ ကဤသို့တိုက်တွန်းထားသည်။ “ငါ့သား၊ သင်သည် ပညာစကားကို နားထောင်၍ စေတနာစိတ်နှင့် ဉာဏ်ကိုရှာဖွေသည်တိုင်အောင် ငါ့စကားကို နာခံ၍ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌သွင်းမိလျှင်လည်းကောင်း၊ သိပ္ပံအတတ်ကိုခေါ်၍ ဉာဏ်နောက်သို့ အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း၊ [ယေဟောဝါ၊ NW] ကိုကြောက်သောသဘော၌ ကျင်လည်၍ ဘုရားသခင်ကို သိသောဉာဏ်နှင့်ပြည့်စုံလိမ့်မည်။ အကြောင်းမူကား [ယေဟောဝါ၊ NW] သည်ပညာကိုပေးတော်မူတတ်၏။ နားလည်နိုင်သော ဉာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်တတ်၏။”
မြေအောက်ရတနာများသည် ဖုံးအုပ်ထားသောကြောင့် ယင်းတို့ကို ရှာဖွေရန်လိုအပ်သည်။ တူးဖေါ်နေစဉ် အချို့သည် အပန်းဖြေချိန်၊ အိပ်ခြင်းစားခြင်းတို့ကို အနစ်နာခံကြသည်။ သို့သော် ရတနာကို တွေ့ရသောအခါ ထိုသို့ကြိုးပမ်းရကျိုးနပ်သည်ဟု ယူမှတ်ကြသည်။ ကျွန်ုပ်တို့လည်း ဘုရားပေးပညာကိုရှာဖွေရာ၌ အလားတူစွန့်လွှတ်ရန်လိုသည်။ မြုပ်နေသော ရတနာကို ရှာဖွေရာ၌ အားကြိုးမာန်တက် တူးဖေါ်ရသကဲ့သို့ ပညာကိုရှာရာ၌ စွဲမြဲမှုလိုအပ်သည်။ သမ္မာကျမ်းစာနှင့် ခရစ်ယာန်စာပေများကို အပေါ်ယံဖတ်ရွတ်သွားရုံနှင့် မလုံလောက်ချေ။ ဝိညာဏကျောက်မျက်များတွေ့ရန်၊ အချိန်ယူ ရှာဖွေစူးစမ်းခြင်း၊ တွေးတောဆင်ခြင်ခြင်းလိုအပ်သည်။ သို့သော် ကျွန်ုပ်တို့သည် ကျမ်းစောင်များကို ထိုးထွင်းသိမြင်ရသောအခါ မည်မျှရွှင်လန်းဖွယ်ပါတကား။—နေဟမိ ၈:၁၃။
အောင်မြင်သော ရတနာရှာပုံတော်
မှန်ပါသည်။ ဘုရားနှုတ်ကပတ်တော်ကို တူးဖေါ်ခြင်းနှင့် ပညာကျောက်မျက်များတွေ့ရှိရခြင်းမှ ပျော်ရွှင်မှုဖြစ်ပေါ်လာသည်။ (သု၊ ၃:၁၃-၁၈) ထိုကြောင့် ကျွန်ုပ်တို့သည် ကောင်းမွန်သော ကိုယ်ပိုင်သို့မဟုတ်မိသားစု စာကြည့်တိုက်ထားရှိလျှင် ပညာရှိရာရောက်သည်။ သို့သော် ထိုတွင်ဘာရှိသင့်သနည်း။ အဘိဓာန်ကောင်းတစ်အုပ်အပြင် ကင်းမျှော်စင်နှစ်ချုပ်နှင့် ယင်း၏တွဲဖက်ဂျာနယ် Awake! အပါအဝင် ကျမ်းစာဘာသာပြန်အမျိုးမျိုးနှင့်တကွ ခရစ်ယာန်ကျမ်းစာပေများထားလျှင် အသုံးဝင်ကြောင်း ယေဟောဝါသက်သေများ တွေ့ရှိရသည်။ ရတနာရှာဖွေသူများအနေနှင့် ကျွန်ုပ်တို့အတွက် အထောက်အကူဖြစ်စေရန် စာကြည့်တိုက်ကို လျောက်ပတ်စွာအသုံးပြုရပေမည်။
ပညာကိုရှာရာ၌ ကျွန်ုပ်တို့သည် WatchTower Publications Index သို့မဟုတ် ကင်းမျှော်စင်အသင်း၏ စာအုပ်နောက်ကျော သို့မဟုတ် မဂ္ဂဇင်းနှစ်ချုပ်များမှ မာတိကာများရှိ အကြောင်းအရာနှင့် ကျမ်းပိုဒ်ကဏ္ဍကို သုံးသပ်နိုင်သည်။ ယင်းတို့သည် ဘုရားရေးရာပညာရှာဖွေရာ၌ အခြေခံတန်ဆာပလာများဖြစ်သည်။ အမှန်တော့ ယင်းတို့သည် ကျွန်ုပ်တို့အတွက် ဘုရားရေးရာပညာဖြစ်သော “ဝှက်ထားရာဘဏ္ဍာ” သို့ပို့ဆောင်ရာ မြေပုံပမာဖြစ်သည်။ (သု၊ ၂:၄) ကျွန်ုပ်တို့သည် လေ့လာစူးစမ်းရန် လိုအပ်နေသော စာပေတစ်ခုခုမရှိဘဲဖြစ်နေလျှင် ယေဟောဝါသက်သေများ၏ ဒေသခံနိုင်ငံတော်ခန်းမ၌ ရနိုင်ပေမည်။
ယခုအောင်မြင်သော ရတနာရှာပုံတော်ကို ပုံနမူနာပြကြပါစို့။ ကျွန်ုပ်တို့ကျမ်းစာဖတ်ရှုစဉ် ယုဒရှကာရုတ်သည် ခရစ်တော်ယေရှုကို သစ္စာဖောက်ပြီးနောက် မည်သို့သေပုံကို ကျွန်ုပ်တို့ စဉ်းစားနေပေမည်။ မဿဲ ၂၇:၅ က ယုဒသည် “ကြိုးတပ်၍သေလေ၏” ဟုဖေါ်ပြထားသည် သို့သော် တမန်တော် ၁:၁၈ က “မှောက်လျက်ကျလဲ၍ ဝမ်းကွဲသဖြင့် အူများပေါက်လေပြီ” ဟုဆိုထားသည်။ သို့ဖြစ်လျှင် ယုဒမည်သို့သေသနည်း။ အဖြေကို Insight on the Scriptures ၏ “ကျမ်းချက်မာတိကာ” အောက်ရှိကျမ်းပိုဒ်များကို ကြည့်ခြင်းဖြင့်ရနိုင်သည်။ ထိုတွင်ဤသို့ပြောထားသည်။ “မဿဲက သတ်သေသောနည်းကို ပြသပုံရပြီး တမန်တော်ကျမ်းက ဖြစ်ပုံကိုဖေါ်ပြသည်။ ဤမှတ်တမ်းနှစ်ခုကို ပေါင်းစပ်လိုက်ခြင်းဖြင့် ယုဒသည် မိမိကိုယ်ကို တောင်စောက်၌ ကြိုးဆွဲချသတ်ရာ ကြိုးသို့မဟုတ်သစ်ကိုင်းကျိုးကာ အောက်သို့ထိုးကျပြီး၊ အောက်ရှိကျောက်နှင့် ထိုးမိရာ ဝမ်းကွဲသွားသည်။ ယေရုရှလင်ဝန်းကျင်အနေအထားက ထိုသို့ဖြစ်စေနိုင်သည်။” (အတွဲ ၂၊ စာမျက်နှာ ၁၃၀)
မှန်ပြမာတိကာကို အသုံးပြုခြင်းဖြင့်လည်း သမ္မာကျမ်းပိုဒ်များကို ရှာဖွေနိုင်သည်။ မှန်ပါသည်။ ကျမ်းတစ်ပိုဒ်ကို ဆွေးနွေးရာတွင် အထက်အောက်စကားကိုလည်း သတိပြုသင့်သည်။ ဥပမာပြရလျှင် ဆာလံ ၁၄၄:၁၂-၁၄ ကိုသုံးသပ်ကြပါစို့။ ဤကျမ်းပိုဒ်များ၌ လူအချို့ဤသို့ပြောပုံရကြောင်းဆိုသည်။ ‘ကျွန်ုပ်တို့၏သားတို့သည် ပျိုးပင်ကဲ့သို့လည်းကောင်း၊ သမီးတို့သည် ဘုံဗိမာန်နည်းတူထုသော တိုက်ထောင့်ကျောက်တိုင်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ အကျွန်ုပ်တို့ဘဏ္ဍာတိုက်တို့သည် အစားအသောက်များနှင့် ပြည့်စုံခြင်း၊ သိုးတို့သည် ပြင်အရပ်တို့၌ အထောင်အသောင်း မွေးဖွားခြင်း၊ နွားတို့သည်လည်း ကြီးပွားများပြားခြင်းရှိပါစေသော။’ ဤစကားများသည် ဘုရားလူများကို ရည်ညွှန်းမည်ဟု ကျွန်ုပ်တို့ယူဆပေမည်။ သို့သော် အထက်အောက်အကြောင်းက ထိုသို့မဟုတ်ကြောင်းပြသည်။ အငယ် ၁၁ တွင် ဆာလံဆရာဒါဝိဒ်က မမှန်သောစကားပြောသူများလက်မှ ကယ်နှုတ်ရန် တောင်းပန်နေသည်။ သူတို့သည် မိမိတို့၏သားများ၊ သမီးများ၊ သိုးနွားများအကြောင်း ဝါကြွားခဲ့ကြသည်။ အငယ် ၁၅ အရ ထိုလူဆိုးများက “ထိုသို့နေသော လူမျိုးသည် မင်္ဂလာရှိပါ၏” ဟုဆိုကြသည်။ ယင်းတို့နှင့် ဆန့်ကျင်လျက် ဒါဝိဒ်ကမူ “ယေဟောဝါသည် အကြင်လူမျိုး၏ဘုရားဖြစ်၏။ ထိုလူမျိုးသည် မင်္ဂလာရှိပါ၏” ဟု ကြွေးကြော်ခဲ့သည်။
ပေါများလှသော ဝိညာဏကျောက်မျက်များ
အောင်မြင်သော ပညာရှာပုံတော်မှ အမှန်ပင် ပျော်ရွှင်မှုရရှိသည်။ ရှာဖွေစူးစမ်းခြင်းမှ ရရှိသောဝိညာဏကျောက်မျက်များတွင် သမ္မာကျမ်းမေးခွန်းများ၏ ကျေနပ်ဖွယ်အဖြေများပါဝင်သည်။ ဆက်လက်ရှာဖွေနေခြင်းမှ တွေ့ရှိရသောအဖြေများ တကယ်ကောင်းလှပါတကား။ ဥပမာ ကာဣနသည် မယားဘယ်ကရသနည်း။ ကင်းမျှော်စင် (၁၉၈၂၊ အောက်တိုဘာ ၁) က ဤသို့ဆိုသည်။ “သမ္မာကျမ်းစာက အာဒံနှင့်ဧဝသည် ကလေးများစွာရှိသည်၊ နှစ်ယောက်တည်း [ကာဣနနှင့်အာဗေလ] သာမဟုတ်ပါ။ ‘[သားတစ်ဦး] ရှေသကို ဖွားမြင်ပြီးနောက် အာဒံသည် အသက်ရှစ်ရာရှိ၍ သားသမီးများကို မြင်လေ၏။ (ကမ္ဘာဦး ၅:၄) ယင်းကိုထောက်ရှု၍ ကာဣနဘယ်က မိန်းမရသည်ဟု သင်ဆိုမည်နည်း။ မှန်ပါသည်။ သူသည် မိမိ၏ညီအစ်မတစ်ဦးကို ယူခြင်းဖြစ်ပေမည်။ ယနေ့ ထိုမျှလောက်နီးစပ်သော မိဘများမှ မွေးဖွားလာသောကလေးများ ထိုသို့ပြုလျှင် အန္တရာယ်ရှိနိုင်သည်။ သို့သော် လူ့သမိုင်းအစပိုင်းတွင် လူသားသည် စုံလင်ခြင်းနှင့် ပိုနီးကပ်ခဲ့စဉ်က ယင်းသည် ပြဿနာမဖြစ်ခဲ့ချေ။
ကျွန်ုပ်တို့သည် သု၊ ကျမ်းကို ဖတ်နေသည်ဆိုကြပါစို့။ သု၊ ၁:၇ ကို သတိပြုမိပြီး ‘“ဘုရားကိုကြောက်ရွံ့ခြင်း” ဆိုတာဘာလဲ’ ဟု ကျွန်ုပ်တို့စဉ်းစားမိမည်။ ရှာဖွေစူးစမ်းခြင်းက ကျွန်ုပ်တို့အား ၁၉၈၈၊ မေလ ၁၅ ရက်ထုတ်ကင်းမျှော်စင်သို့ညွှန်းပေမည်။ ထိုတွင် ဤသို့ဆိုထားသည်။ “ယင်းမှာ ရိုသေကြောက်ရွံ့၊ လေးမြတ်ခြင်းဖြစ်ပြီး ကိုယ်တော်စိတ်တော်နှင့်မတွေ့ရန် စိုးရွံ့ခြင်းဖြစ်သည်။ ကိုယ်တော်၏ မေတ္တာပါကရုဏာနှင့် ကောင်းမြတ်မှုကို ကျွန်ုပ်တို့လေးမြတ်သောကြောင့်ဖြစ်သည်။ ‘ယေဟောဝါကိုကြောက်ရွံ့ခြင်း’ ကား ကိုယ်တော်သည် အကြီးမြတ်ဆုံးတရားသူကြီးဖြစ်၍ ကိုယ်တော်အားနာမခံသူများအပေါ်၊ ဒဏ်စီရင်ပိုင်သော သို့မဟုတ် သေစေနိုင်သော အနန္တတန်ခိုးရှင်အဖြစ် အသိအမှတ်ပြုခြင်းဖြစ်သည်။ ဘုရားကိုသစ္စာရှိစွာ အမှုဆောင်ခြင်း၊ ကိုယ်တော်၌ လုံးဝကိုးစားခြင်းနှင့် ကိုယ်တော်၏ရှေ့မှောက် မကောင်းမှုကို မုန်းတီးခြင်းဖြစ်သည်။”
ရှာလျက်နေလော့
စိတ်ထက်သန်စွာဖြင့် ပညာကိုရှာဖွေနေသူများ တန်ဖိုးမဖြတ်နိုင်သော ဝိညာဏကျောက်မျက်ရွဲများကို တွေ့ရှိနိုင်ရန် ထောက်မဖို့ ကင်းမျှော်စင်ကို ထုတ်ဝေထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့အားလုံး ဘုရားနှုတ်ကပတ်တော်မှ ဉာဏ်ပညာနှင့် နားလည်မှုလိုအပ်သည်။ သု၊ ၄:၇၊ ၈ တွင်ဤသို့ဆိုထားသည်။ “ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းဖူးလော့။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဉာဏ်ကိုဆည်းဖူးလော့။ သူ့ကိုအမြတ်ထားလော့။ သူသည် သင့်ကိုချီးမြှောက်လိမ့်မည်။ သူ့ကိုဖက်ယမ်းလျှင် ဂုဏ်အသရေကိုပေးလိမ့်မည်။”
ကျမ်းစောင်များ၌ ထိုးထွင်းသိမြင်ပြီး ပညာကိုမှန်ကန်စွာအသုံးပြုမှသာ ကျွန်ုပ်တို့စစ်မှန်သော ပျော်ရွှင်မှုတွေ့နိုင်သည်။ မှန်ပါသည်။ဘုရားရေးပညာကို ကျင့်သုံးမှသာ ယေဟောဝါစိတ်တော်နှင့်တွေ့မည်။ ထိုကြောင့် ဝှက်ထားသော ဘဏ္ဍာကဲ့သို့ ပညာကိုရှာရာ၌ သင့်အား ဘာကမျှမတားဆီးစေပါနှင့်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
မြေအောက်ရတနာကို ရှာဖွေရာ၌ အားသွန်ခွန်စိုက် တူးဖော်ရ၏။ဘုရားရေးဉာဏ်ပညာရှာရာ၌ ကျွန်ုပ်တို့မစွဲမြဲသင့်ပေလော။