“လောဘလွန်ကျူးသည့် ခေတ်သမယ”
ဖြစ်မြဲဖြစ်တတ်သောအအေးမိခြင်းကို ဖျောက်ဖျက်ပစ်ရန်မတတ်နိုင်လျှင် ထိုထက်ဖြေရှင်းကုသရခက်သောလောဘလွန်ကျူးခြင်းရောဂါဆိုးကို ချေမှုန်းပစ်ရန် လူသားတတ်နိုင်ပါမည်လော။
လောဘလွန်ကျူးခြင်းနှင့်အတ္တဆန်ခြင်းတို့ကို သင်ယူနေစရာမလိုချေ။ ကလေးဘဝကပင်ရှိထားနှင့်ဟန်တူသည်။ ကစားစရာများနှင့် ကစားနေသောလမ်းလျှောက်တတ်စကလေးနှစ်ယောက်အဖြစ်၌ တွေ့မြင်နိုင်လေသည်။
တစ်ဦးချင်းအနေနှင့် လောဘလွန်ကျူးခြင်းကို တွေ့မြင်နေစမြဲဖြစ်၍ ဆိုးရွားလွန်းလှနေပြီ။ သို့သော် လူမျိုးလိုက်၊ သို့မဟုတ် နိုင်ငံများအလိုက် လောဘရမ္မက်ကြီးကြသည့်အခါ သန်းပေါင်းများစွာသောသူတို့နစ်နာဆုံးရှုံးရ၏။ ဥပမာ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ရေးကို သုံးသပ်ကြည့်ပါ။ ယင်းသည် တစ်နှစ်လျှင် ဒေါ်လာသန်းပေါင်းသုံးသိန်းဝင်ငွေရှိသည့် ကမ္ဘာ့အကြီးပွားဆုံးစီးပွားဖြစ်ကြောင်း စပိန်ဘာသာမဂ္ဂဇင်းတစ်စောင်ကဆိုသည်။ သန်းပေါင်းများစွာသောသူတို့ဘဝပျက်ရကြပြီး မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုကြောင့် အသေစောရသူအမြောက်အမြားရှိသည်။ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ရေး ဤမျှထိတ်လန့်စရာကောင်းလောက်အောင် ပွားများနေရခြင်း၏ဇာစ်မြစ်ကားအဘယ်နည်း။ လောဘလွန်ကျူးခြင်းသာ အမှန်ပင်ဖြစ်သည်။
World Press Review ကဤလောဘတွန်းအားကို အထူးပေါ်လွင်စေရန် မဒရစ်မြို့သတင်းလွှာမဂ္ဂဇင်း Cambio 16 ၏အောက်ပါအာမခံချက်ကို ကိုးကားဖော်ပြသည်။ “မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ရေးမှရသောအမြတ်အစွန်း ၁၀ မှ ၂၀ ရာခိုင်နှုန်းမျှကိုပင် ထုတ်လုပ်သောနိုင်ငံများ မရရှိပါ။ နောက်ထပ် ၁၀ ရာခိုင်နှုန်းမှာ ဤမှောင်ခိုလုပ်ငန်း၌အသုံးပြုသော ဓာတ်ခွဲခန်းများ၊ ယာဉ်များ၊ လက်နက်များ၊ . . . အတွက်ဖြစ်သည်။ ကျန်ငွေများမူ ယင်းကိုသုံးစွဲသောနိုင်ငံများနှင့် ကမ္ဘာဘဏ်စနစ်ရှိ အခွန်ခိုသူများလက်တွင်လက်စသတ်သွားသည်။
လိုအပ်နေသဖြင့် လောဘကြီးလာသည်၊ လောဘကြီးခြင်းသည် ဆင်းရဲနွမ်းလျသူ၊ သို့မဟုတ် အခွင့်လျော့နည်းသူတို့၌သာရှိသည်ဟူသောအမြင်သည် မှားယွင်းကြောင်း အထက်ပါအချက်ကတင်ပြသည်။ လောဘလွန်ကျူးခြင်းမည်သည် ကုံလုံသူတို့ပါအပါအဝင် လူတန်းစားအလွှာအသီးသီးတွင်ရှိသော လူ့အားနည်းချက်တစ်ခုဖြစ်ကြောင်း ထင်ရှားလှသည်တကား။ လောဘလွန်ကျူးခြင်း၏ထူးခြားသောလက္ခဏာတစ်ခုမှာ အကောက်ဉာဏ်ဖြစ်သည်။ ထို့ကြောင့် မထင်မမှတ်ဘဲအခွင့်အရေးပေါ်လာလျှင် ကျေနပ်ရောင့်ရဲနေသူတို့ပင် လောဘဇော တက်လာတတ်သည်။
ပင်တိုင်ဆောင်းပါးရှင် မဲဂ် ဂရင်းဖီးလ်သည် ဝမ်းနည်းစွာ ဤသို့ဆိုသည်။ “မည်သည့်နေ့ရက်တွင်မဆို သတင်းစာဖွင့်လိုက်သည်နှင့် ခုံသမာဓိအဖွဲ့တရားစီရင်ခြင်းများ၊ အမှုလိုက်အထူးရှေ့နေများနှင့် သံသယဖြစ်စရာများ၊ မသမာမှုများ၊ လာဘ်ထိုးလာဘ်စားမှုများနှင့် ဉာဏ်နီဉာဏ်နက်အမျိုးမျိုးတို့အကြောင်းဖတ်လိုက်ရသည့်အခါ အတော်ကြီးပင်စိတ်ပျက်စရာဖြစ်သည်။ စွဲချက်အချို့တို့သည် အခြေအမြစ်မရှိ၊ အခြားစွဲချက်များမှာမူ ချဲ့ထွင်ပြောဆိုခြင်းဖြစ်ဦးတော့ ခွင့်မပြုသင့်၊ မဖြစ်သင့်သည်အရာတို့ကို လူတို့ကြိမ်ဖန်များစွာပြုလုပ်ကြ၍ အမှုမပေါ်ဘဲလွတ်ကြသည်ကား များစွာရှိပါသည်။ . . . ဤအခြေအနေသို့ဆိုက်နေကြပြီ။ စေတနာလုပ်ရပ်အများပင်လျှင် ကာမဂုဏ်လိုက်စားခြင်းအတွက်၊ လောဘလွန်ကျူးခြင်းသာတည်း။”
မည်မျှပျံ့နှံ့နေသနည်း
လောဘကြီးခြင်းသည် အသစ်အဆန်းမဟုတ်ပါ။ သို့သော် ၂၀ ရာစုနေထိုင်မှုပုံစံကြောင့် အရှိန်တိုးမြှင့်လာခဲ့ပေပြီ။ ၁၉၅၀ ပြည့်လွန်နှစ်များကို “သောကခေတ်”၊ ၁၉၇၀ ပြည့်လွန်နှစ်တို့ကို “ငါသာပဓာနဆယ်စုနှစ်” ဟုအမည်တွင်ခဲ့သည်နည်းတူ ၁၉၈၀ ပြည့်လွန်နှစ်များကို “လောဘလွန်ကျူးသည့် ခေတ်သမယ” ဟုခေါ်ဝေါ်နိုင်သည်တိုင် လောဘကြီးသည့်မနော ပျံ့နှံ့နေကြောင်း The Christian Century ပါအယ်ဒီတာ့အာဘော်၌ဆိုထားပါသည်။
ယနေ့လောဘကြီးသောသဘောကို လူစုဝေးရာအရပ်တိုင်းဖြစ်သည့် အလုပ်ခွင်၊ စာသင်ကျောင်း၊ ရပ်ကွက်တွင်တွေ့ရှိရသည်။ ယင်းသည် ကူးသန်းရောင်းဝယ်ရေး၊ နိုင်ငံရေး နှင့် အများကြိုက်ဘာသာရေးလောကထဲ တိတ်တခိုးဝင်ရောက်သြဇာညောင်းနေပြီ။
အများအားဖြင့်ဆိုလျှင် လောဘလွန်ကျူးခြင်းမှ မသမာမှုများ၊ ကောက်ကျစ်လိမ်ညာမှုများဖြစ်ပွားလာတတ်သည်။ ဥပမာ၊ မော်တော်ကားအာမခံလိမ်လည်မှုဘက်တွင် ဩစတြေးလျနိုင်ငံသည် ကမ္ဘာမှာဗိုလ်ဆွဲသည်ဟု The Canberra Times ကဆိုသည်။ ဩစတြေးလျနိုင်ငံ၏ Law Society Journal ကလည်း ဤသို့ဖော်ပြခြင်းအားဖြင့် ယင်းအဆိုကိုထောက်ခံထားပုံရှိသည်။ “အာမခံကြေးပေးဆက်သူများ မမှန်မကန်တောင်းဆိုခြင်း/အဆိုပြုခြင်းကြောင့် အာမခံကုမ္ပဏီများသာမက အာမခံကြေးပေးသူများကိုယ်တိုင်လည်း နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာကုန်ကျနေရသည်။” ဆက်လက်ပြီးဤသို့ဆိုသေးသည်။ “အထူးသဖြင့်မီးရှို့ခြင်း၊ ဆိပ်ကမ်းလုယက်မှု၊ မော်တော်ကားနှင့်အိမ်တွင်းအာမခံကြေးတို့တွင် ပြဿနာတိုးလာနေသည်။”
ထိုကြောင့်လောဘလွန်ကျူးခြင်းကို ပပျောက်စေနိုင်မည်မဟုတ်ဟု အများယူဆခြင်းသည် အံ့ဩစရာမဟုတ်ပါ။ လောဘကြီးသောစိတ်သည် အမြဲရှိသွားမည်၊ လောဘကင်းမဲ့သောကမ္ဘာမည်သည် မဖြစ်နိုင်သောအိပ်မက်မျှဖြစ်သည်ဟု အများယူမှတ်ကြသည်။
လောဘလွန်ကျူးခြင်း ပပျောက်သွားရမည်
မဖြစ်နိုင်ဟန်ရှိသည့်အထက်ပါအဆိုကို အဘယ်အခြေအမြစ်ပေါ်မူတည်ပြီး ပြုနိုင်မည်နည်း။ လောဘလွန်ကျူးခြင်းကင်းမဲ့စွာ နေထိုင်ကြခြင်းဖြစ်ရပ်မှန်ပေါ် အခြေပြုခြင်းဖြစ်သည်။ ဤအောင်မြင်မှုကိုအပြည့်အစုံမရရှိနိုင်သေးသော်လည်း ပညာပေးစနစ်ကောင်းမည်၊ တိုက်တွန်းမှုရှိမည်ဆိုလျှင် မည်သို့ဖြစ်ပျက်လာနိုင်သည်ကို အမှန်ဖော်ပြသည်။ နောက်ဆက်တွဲဆောင်းပါးက လောဘလွန်ကျူးခြင်းမရှိသည့်ကမ္ဘာကြီး မည်သို့ဖြစ်လာနိုင်မည်အကြောင်း ရှင်းပြပါလိမ့်မည်။