ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၉/၁၅ စာ. ၃၀-၃၂
  • ရောမသားများ—အကောင်းဆုံးသတင်းရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရောမသားများ—အကောင်းဆုံးသတင်းရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပေါလုနှင့် ရောမသားများ
  • ယုံကြည်ခြင်းနှင့် ပညတ်တော်
  • ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း
  • ကန့်ကွက်ချက်များကို ဖြေဆိုပေးခြင်း
  • ဖြောင့်မတ်ခြင်းတရားနှင့် ဇာတိဂျူးများ
  • ဖြောင့်မတ်ခြင်းတရားဆိုင်ရာ မူများ
  • ဘိသိက်ခံနှင့်အခြားသိုးများအတွက်
  • ရောမ ၅:၈—“ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ မွေ့လျော်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • လူသားအားလုံးလိုအပ်တဲ့ သတင်းကောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၉/၁၅ စာ. ၃၀-၃၂

ရောမသားများ—အကောင်းဆုံးသတင်းရ

ဘုရားသခင့်ရှေ့တော်တွင် အပြစ်သားတစ်ဦးဖြောင့်မတ်ရာသို့ရောက်ပြီး မည်ကဲ့သို့ထာဝရအသက်ရရှိနိုင်မည်နည်း။ ကျွန်ုပ်တို့၏ခေတ်သက္ကရာဇ် ပထမရာစုနှစ်တွင် ဤမေးခွန်းကြောင့် အမျက်တကြီးဆွေးနွေးခန်းများဖြစ်ပွားခဲ့သည်။ အဖြေသိသလော။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ယင်းပြဿနာကို ရောမကျမ်းစောင်တွင် တမန်တော်ပေါလုကျင်လည်စွာဆွေးနွေးတင်ပြထားပုံကို ဖတ်ရှုသင့်သည်။ သို့ပြုလျှင် ယုံကြည်ခြင်း၊ အကျင့်၊ ဖြောင့်မတ်ခြင်းနှင့် အသက်ရှင်ခြင်းတို့ဆက်စပ်ပုံကို သင်နားလည်လာမည်။

ပေါလုနှင့် ရောမသားများ

ရောမစာစောင်သည် ရောမမြို့ရှိခရစ်ယာန်များထံ စီအီး ၅၆ ခုနှစ်ခန့်က ပေါလုရေးသားခဲ့သောစာတစ်စောင်ဖြစ်သည်။ ၄င်းကို သူအဘယ်ကြောင့်ရေးသားခဲ့ရသနည်း။ စီအီး ၅၆ ခုနှစ်ခန့်က ရောမမြို့သို့ပေါလုမရောက်ခဲ့သေးသော်လည်း သူ၏စာစောင်တွင် နာမည်များစွာပါသောကြောင့် ထိုတွင်ရှိခရစ်ယာန်အတော်များများကို သူသိရှိခဲ့ပုံရှိသည်။ ထို့ပြင် ခရစ်ယာန်ညီအစ်ကိုများကို သူအားပေးလိုသဖြင့် ရောမမြို့သို့ရောက်လိုစိတ်ထက်သန်နေသည်။ စပိန်ပြည်သို့ သာသနာပြုခရီးစဉ်ထွက်ရန်ကြံစည်စဉ်ကလည်း ရောမမြို့တွင်ခေတ္တအနားယူရန် ရည်ရွယ်ထားပုံရှိသည်။—ရောမ ၁:၁၁၊ ၁၂; ၁၅:၂၂-၂၄။

သို့ရာတွင် ဤစာစောင်ကိုပေါလုရေးသားရသည့် အဓိကရည်ရွယ်ချက်မှာ၊ အသက်ရှင်ခြင်းသို့ပို့ဆောင်သော ဖြောင့်မတ်ခြင်းကို လူတို့မည်သို့ရရှိနိုင်မည်နည်းဟူသော မေးခွန်းကိုဖြေဆိုပေးရန်အတွက်ဖြစ်ပေသည်။ ဖြေဆိုချက်သည်လည်း အကောင်းဆုံးသတင်းဖြစ်ရလေသည်။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်ရကြသည်။ ဤအချက်ကိုပေါလုတင်ပြကာ မိမိစာစောင်ကိုရေးသားရာ၌ အဓိကအချက်အဖြစ်သတ်မှတ်လိုက်သည်။ “သတင်းကောင်းကြောင့် ငါသည်ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။ အဘယ်သို့ဖြစ်သနည်းဟူမူကား ‘ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်’ ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းအဖို့အလိုငှာ သတင်းကောင်းအားဖြင့် ထင်ရှားလျက်ရှိ၏။”—ရောမ ၁:၁၆၊ ၁၇။

ယုံကြည်ခြင်းနှင့် ပညတ်တော်

ပထမရာစုနှစ်တွင် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုယူမှတ်ခံရမည်ကို လူတိုင်းသဘောမတူခဲ့ချေ။ ထိုထက်မကလိုအပ်သေးသည်ဟု နှုတ်မြွက်ပြောဆိုသူ လူနည်းစုရှိသည်။ မောရှေပညတ်တရားကို ယေဟောဝါပေးသနားတော်မူသည်မဟုတ်လော။ ထိုမှုတ်သွင်းခံ ပြင်ဆင်ပေးချက်ကို လက်မခံလျှင် မည်သူဖြောင့်မတ်နိုင်မည်နည်း။ (ဂလာတိ ၄:၉-၁၁၊ ၂၁၊ ၅:၂ ကိုကြည့်ပါ။) စီအီး ၄၉ ခုနှစ်တွင် ပညတ်တရားလိုက်နာခြင်းကိစ္စကို အုပ်ချုပ်ရေးအဖွဲ့က ယေရုရှလင်မြို့တွင် ဆွေးနွေးခဲ့သည်။ ထိုစဉ်တွင် သတင်းကောင်းလက်ခံသူ တစ်ပါးအမျိုးသားများသည် အရေဖျားလှီးခြင်းခံစရာမလို၊ ဂျူးပညတ်တရားအောက် လက်အောက်ခံစရာမလိုဟု ဆုံးဖြတ်ခဲ့သည်။—တမန်တော် ၁၅:၁၊ ၂၊ ၂၈၊ ၂၉။

နောင်ခုနစ်နှစ်အကြာတွင် ထိုမှတ်သားဖွယ်ရာဆုံးဖြတ်ချက်ကိုထောက်ခံသည့် ရောမကျမ်းကို ပေါလုရေးသားခဲ့သည်။ ထိုထက်မက သူပြုခဲ့သေးသည်။ တစ်ပါးအမျိုးသားခရစ်ယာန်များအတွက် ပညတ်တရား အကြုံးမဝင်ရုံမက ၄င်းကိုလိုက်နာစောင့်ထိန်းအားကိုးသူ ဂျူးများသည် အသက်ရှင်ခြင်းအတွက် ဖြောင်မတ်ခြင်းသို့ မရောက်နိုင်ပေ။

ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း

ရောမကျမ်းကို သင်ဖတ်ရှုစဉ်၊ ပေါလုသည် မိမိတင်ပြလိုသောအကြောင်းကို ဟေဗြဲကျမ်းစောင်များမှကိုးကားပြီး၊ မည်သို့အထောက်အထားခိုင်လုံစေခဲ့ကြောင်း သင်သတိပြုမိမည်။ သူ၏မှုတ်သွင်းခံသွန်သင်ချက်ကို လက်ခံရခက်နေမည့် ဂျူးများနှင့် ဆွေးနွေးပြောဆိုရာတွင် ချစ်ခင်စာနာ၊ ပူပန်စိတ်တင်ပြခဲ့သည်။ (ရောမ ၃:၁၊ ၂; ၉:၁-၃) မည်သို့ဆိုစေကာမူ ရှင်းလင်းပြတ်သား မငြင်းဆိုနိုင်သည့် ဆင်ခြင်သုံးသပ်ချက်များဖြင့် သူတင်ပြခဲ့သည်။

ရောမအခန်းကြီး ၁ မှ ၄ တွင် လူတိုင်းအပြစ်ရှိသည်ဟူသောအမှန်တရားဖြင့် နိဒါန်းပျိုးခဲ့သည်။ သို့ဖြစ်၍ လူသားတို့ဖြောင့်မတ်ခြင်းသို့ရောက်နိုင်သည့် တစ်ခုတည်းသောနည်းကား ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ မောရှေ၏ပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့် ဂျူးများဖြောင့်မတ်ကြရန်ကြိုးစားခဲ့သည်မှန်၏။ သို့သော် သူတို့မအောင်မြင်ခဲ့။ ထိုကြောင့် ပေါလုဤသို့ရဲရင့်စွာဆိုသည်။ “ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိ” သည်။ လူကြိုက်မများသော ဤအမှန်စကားကို ကျမ်းစာကိုးကားချက်များစွာဖြင့် သူထောက်ခံပြောဆိုသည်။—ရောမ ၃:၉။

“ပညတ်တရား၏အကျင့်အားဖြင့် . . . အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်” နိုင်သောကြောင့် အဘယ်မျှော်လင့်ချက်ရှိသနည်း။ ယေရှု၏ရွေးဖိုးပူဇော်သက္ကာအားဖြင့် လူတို့အားဖြောင့်မတ်သည်ဟု ဘုရားသခင်ယူမှတ်တော်မူမည်ဖြစ်သည်။ (ရောမ ၃:၂၀၊ ၂၄) ဤအခွင့်အရေးကို သူတို့ရရှိနိုင်ရန် ထိုပူဇော်သက္ကာကို ယုံကြည်ရမည်။ လူတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်ဟူသော သွန်သင်ချက်သည် အသစ်အဆန်းလော။ လုံးဝမဟုတ်ပါ။ ပညတ်တရားမတည်ရှိမီကတည်းက ယုံကြည်ခြင်းကြောင့်အာဗြဟံသည် ဖြောင့်မတ်သူဟုသတ်မှတ်ခံခဲ့ရသည်။—ရောမ ၄:၃။

ယုံကြည်ခြင်း၏အရေးကြီးမှုကို ပေါလုတင်ပြပြီးဖြစ်၍ အခန်း ၅ တွင်ခရစ်ယာန်ယုံကြည်ခြင်း၏အခြေခံကို ဆက်ဆွေးနွေးတင်ပြသည်။ ယင်းကား ဖြောင့်မတ်စွာပြုမူတော်မူခဲ့သဖြင့် ယုံကြည်သူများ၏ အာဒံမှအမွေခံထားသောအပြစ်များကို ချေဖျက်ပေးနိုင်သူသည် ယေရှုဖြစ်တော်မူသည်။ သို့ဖြစ်၍ မောရှေ၏ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ် “တစ်ယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့် လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့ ရောက်ရကြ၏။”—ရောမ ၅:၁၈။

ကန့်ကွက်ချက်များကို ဖြေဆိုပေးခြင်း

သို့သော် ခရစ်ယာန်များသည် ပညတ်တရားအောက်တွင်မရှိဟုဆိုလျှင် မိမိကြိုက်ရာအပြစ်များပြုလုပ်ပြီး ဘုရားသခင်၏မခံစားထိုက်သော ကရုဏာကျေးဇူးတော်ကြောင့် ဖြောင့်မတ်သူများအဖြစ်သတ်မှတ်ခံရရန် အားကိုးနေနိုင်သည်မဟုတ်လော။ ရောမ အခန်းကြီး ၆ တွင် ဤကန့်ကွက်ချက်ကို ပေါလုဖြေဆိုပေးထားသည်။ ခရစ်ယာန်များသည် သူတို့၏အပြစ်လမ်းစဉ်ဟောင်းများကို နှစ်မြှပ်ထားခဲ့ပြီ။ ယေရှု၌သူတို့၏ဘဝအသစ်သည် သူတို့၏ဇာတိသဘောအရ အားနည်းချက်များကို တိုက်လှန်ရန်တာဝန်ရှိစေသည်။ သူဤသို့တိုက်တွန်းထားသည်။ “သင်တို့၏ သေတတ်သောကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင် အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။”—ရောမ ၆:၁၂။

သို့သော် အနည်းဆုံးဂျူးလူမျိုးတော့ မောရှေပညတ်ကိုဆုပ်ကိုင်မထားသင့်သလော။ အခန်းကြီး ၇ တွင် ယင်းသို့မဟုတ်ကြောင်း ပေါလုအသေအချာရှင်းပြသည်။ လင်သားသေဆုံးမှသာလျှင် ဇနီးဖြစ်သူသည် ဥပဒေအောက်မှလွတ်မြောက်သည်နည်းတူ ယေရှု၏သေခြင်းသည်လည်း ယုံကြည်သူဂျူးများအား ပညတ်တရားအောက်မှလွတ်မြောက်စေသည်။ ပေါလုဤသို့ဆိုသည်။ “ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် သေ၍ ပညတ်တရားနှင့်ကွာကြ၏။”—ရောမ ၇:၄။

ယင်းကြောင့် ပညတ်တရားသည် ချွတ်ယွင်းနေသည်ဟုနားလည်ရမည်လော။ လုံးဝမဟုတ်ပါ။ ပညတ်တရားသည် စုံလင်ပေသည်။ မစုံလင်သောလူသားများ ပညတ်တရားကိုလိုက်မမီနိုင်ခြင်းကား၊ ပြဿနာဖြစ်နေသည်။ “ပညတ်တရားသည် ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏” ဟုပေါလုရေးသားခဲ့သည်။ မစုံလင်သောလူသားသည် ဘုရားသခင်၏စုံလင်သောပညတ်ကို မစောင့်ထိန်းနိုင်သဖြင့် အပြစ်ရှိကြောင်းထင်ရှားသည်။ ထိုကြောင့် “ယေရှုခရစ်၌တည် . . . သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်လွတ်ကြ” သဖြင့် ကျေးဇူးကြီးလှသည်တကား။ ဘိသိက်ခံခရစ်ယာန်များသည် ဝိညာဉ်တော်အားဖြင့် ဘုရားသခင့်သားများဖြစ်လာကြပြီ။ ယေဟောဝါ၏ဝိညာဉ်တော်သည် ဇာတိသွေးသား၏မစုံလင်မှုများကို ချိုးနှိမ်ရန် ကူညီပေးတော်မူသည်။ “ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌တည်စေသောသူကား ဘုရားသခင်ပေတည်း။” (ရောမ ၇:၁၄; ၈:၁၊ ၃၃) ဘုရားသခင့်မေတ္တာတော်မှ မည်သည့်အရာကမျှ သူတို့ကိုကွာစေတော်မူမည်မဟုတ်။

ဖြောင့်မတ်ခြင်းတရားနှင့် ဇာတိဂျူးများ

ပညတ်တရားမလိုအပ်တော့ဟုဆိုလျှင် ဣသရေလလူမျိုးအတွက် ဘာရှိသနည်း။ ဣသရေလလူမျိုးပြန်လည်တည်ထောင်မည်ဟု ကတိရှိသောကျမ်းချက်များကော။ ဤမေးခွန်းများကို ရောမ ၉ မှ ၁၁ တွင်ဆွေးနွေးတင်ပြထားသည်။ ဟေဗြဲကျမ်းက ဣသရေလလူမျိုးမှအနည်းငယ်သာ ကယ်တင်ခြင်းရမည်၊ လူမျိုးတို့အား ဘုရားသခင်အာရုံပြုတော်မူမည်ဟု ဟေဗြဲကျမ်းကကြိုတင်ဟောထားသည်။ ယင်းနှင့်လျော်ညီစွာ ဣသရေလလူမျိုး၏ကယ်တင်ခြင်းနှင့်စပ်လျဉ်းသော ပရောဖက်ပြုချက်များသည် ဇာတိပကတိဣသရေလလူမျိုးအားဖြင့်မဟုတ် ခရစ်ယာန်အသင်းတော်အားဖြင့် ပြည့်စုံလာသည်။ ထိုခရစ်ယာန်အသင်းတော်သည် ယုံကြည်သူဇာတိအနွယ်ဂျူးအမျိုးသားအချက်အချာနှင့် စတင်၍ စိတ်နှလုံးမှန်ကန်သူ တစ်ပါးအမျိုးသားများနှင့် အရေအတွက်ပြည့်စုံလာသည်။—ရောမ ၁၀:၁၉-၂၁၊ ၁၁:၁၊ ၅၊ ၁၇-၂၄။

ဖြောင့်မတ်ခြင်းတရားဆိုင်ရာ မူများ

ရောမ အခန်းကြီး ၁၂ မှ ၁၅ အထိ ဘိသိက်ခံခရစ်ယာန်များ ဖြောင့်မတ်သည်ဟုမှတ်တော်မူခြင်းခံရသည်နှင့်အညီ အသက်ရှင်နိုင်သည့် လက်တွေ့ကျနည်းအချို့ကို ပေါလုဤသို့ရှင်းပြထားသည်။ “သင်တို့သည် လောကီပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။” (ရောမ ၁၂:၁၊ ၂) ကောင်းမှု၏တန်ခိုးကိုအားကိုးကာ အဆိုးကိုအဆိုးနှင့် မတုံ့ပြန်သင့်ပါ။ “အဆိုးအားဖြင့်အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။”—ရောမ ၁၂:၂၁။

ပေါလုခေတ်တွင် ရောမမြို့သည် နိုင်ငံရေးအာဏာတန်ခိုး၏ အချက်အချာဖြစ်သည်။ ထိုကြောင့် ခရစ်ယာန်များအား ဤသို့ပညာရှိစွာပေါလုဆုံးမသည်။ “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏အခွင့်မရှိလျှင် မင်းအာဏာစက်မရှိ။” (ရောမ ၁၃:၁) ခရစ်ယာန်များ အချင်းချင်းနှင့်ဆက်ဆံခြင်းသည်လည်း ဖြောင့်မတ်ခြင်းနှင့်အညီ အသက်ရှင်ခြင်းအဝင်ဖြစ်သည်။ “အချင်းချင်းချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်ကြွေးမျှမတင်စေနှင့်။ သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ” ဟုပေါလုဆိုသည်။—ရောမ ၁၃:၈။

၄င်းပြင် ခရစ်ယာန်များသည် အချင်းချင်း၏သြတ္တပ္ပစိတ်ကိုထောက်ညှာ၍ အပြစ်မစီရင်သင့်ပေ။ ပေါလုဤသို့တိုက်တွန်းထားသည်။ “ငြိမ်သက်ခြင်းနှင့်လည်းကောင်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်လည်းကောင်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။” (ရောမ ၁၄:၁၉) ခရစ်ယာန်တစ်ဦး၏ဘဝအသက်တာ ကဏ္ဍအသီးသီးတွင် လိုက်နာကျင့်သုံးအပ်သော မွန်မြတ်လှသည့် ဩဝါဒပါတကား။ ထို့နောက် အခန်းကြီး ၁၆ တွင် နှုတ်ခွန်းဆက်စကားများ၊ နောက်ဆုံးအနေဖြင့် အားပေးခြင်း၊ ဆုံးမပေးခြင်းစကားများနှင့် ပေါလုနိဂုံးချုပ်ခဲ့သည်။

ဘိသိက်ခံနှင့်အခြားသိုးများအတွက်

ရောမကျမ်းစောင်၌ဆွေးနွေးထားသည့် အကြောင်းအရာသည် ပထမရာစုတွင်အရေးကြီးသကဲ့သို့ ယနေ့လည်း အရေးကြီးနေဆဲဖြစ်သည်။ ဖြောင့်မတ်ခြင်းတရားနှင့် ထာဝရအသက်ရှင်ခြင်းအကြောင်းကို ယေဟောဝါကျေးကျွန်များ အလွန်စိတ်ဝင်စားကြသည်။ ရောမကျမ်းကို ဘိသိက်ခံခရစ်ယာန်အသင်းတော်ထံရေးသားခဲ့သည်မှန်၏။ ယနေ့ ယေဟောဝါသက်သေအများစုသည် “လူအုပ်ကြီး” အဝင်ဖြစ်ပြီး မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိသူများဖြစ်သည်လည်း မှန်၏။ (ဗျာဒိတ် ၇:၉) မည်သို့ဆိုစေကာမူ ဤကျမ်းစောင်၌ ထိုအုပ်စုအတွက် အရေးကြီးသောသတင်းပါသည်။ ယင်းကားအဘယ်နည်း။

ယုံကြည်ခြင်းအားဖြင့် ခရစ်ယာန်များဖြောင့်မတ်ခြင်းသို့ရောက်သည်ဟု ရောမကျမ်းစောင်ကသက်သေထူသည်။ ဘိသိက်ခံများအတွက်ဆိုလျှင် ကောင်းကင်နိုင်ငံတော်တွင် ယေရှု၏တွဲဘက်အစိုးရမင်းများဖြစ်ရန် အခွင့်အရေးရှိစေသည်။ သို့သော် လူအုပ်ကြီးအဝင်တို့သည် ဘိုးဘေးအာဗြဟံနည်းတူ ‘ဘုရားသခင်၏မိတ်ဆွေများ’ အနေနှင့်လည်း ဖြောင့်မတ်ခြင်းသို့ရောက်နိုင်ကြသည်။ (ယာကုပ် ၂:၂၁-၂၃) သူတို့၏ဖြောင့်မတ်ခြင်းမူကား ကြီးစွာသောဒုက္ခဘေးကို ကျော်လွှားရန် မျှော်လင့်ခြင်းနှင့်ဆိုင်ပြီး ဘိသိက်ခံများနည်းတူ ယေရှု၏အသွေး၌ယုံကြည် ခြင်းအပေါ်အခြေခံသည်။ (ဆာလံ ၃၇:၁၁။ ယောဟန် ၁၀:၁၆။ ဗျာဒိတ် ၇:၉၊ ၁၄) သို့ဖြစ်သောကြောင့် ရောမကျမ်းတွင် ပေါလု၏တင်ပြချက်သည် ဘိသိက်ခံများအတွက် အထူးစိတ်ဝင်စားစရာဖြစ်သကဲ့သို့ အခြားသိုးများအတွက်လည်းစိတ်ဝင်စားစရာဖြစ်သည်။ ဖြောင့်မတ်သည်ဟုမှတ်တော်မူခြင်းခံရသည်နှင့်အညီ အသက်ရှင်ရန်အတွက် ဤကျမ်းစောင်ပါမွန်မြတ်သောသြဝါဒသည် ခရစ်ယာန်အားလုံးအတွက် အရေးကြီးသည်။

ဒေါက်တာ နျူတန်မာရှယ်လ်ဟောလ်နှင့် အာဗင်ဖရန်စစ်ဝဒ်တို့တည်းဖြတ်သော The Book of Life ကဤသို့ဆိုသည်။ “အကျိုးအပြစ်ဖေါ်ပြပြောဆိုခြင်း နှင့် မူဝါဒဘက်တွင် ဤ [ရောမ] ကျမ်းသည် ပေါလု၏မှုတ်သွင်းခံသွန်သင်ချက်၏ အထွတ်အထိပ်သို့ရောက်သည်။ ယဉ်ကျေးသိမ်မွေ့၊ လိမ္မာပါးနပ်လျက် ပိုင်ပိုင်နိုင်နိုင်ရေးသား တင်ပြထားခြင်းဖြစ်သည်။ . . . ဤကျမ်းစောင်ကိုလေ့လာခြင်းမှ အနှစ်အရသာပြည့်ဆုကျေးဇူးများ ကြွယ်ဝစွာရရှိစေသည်။” “လူအပေါင်းတို့ကိုကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်” သည့် “သတင်းကောင်း” ၌ ပျော်မွေ့ခြင်းငှာ ဤကျမ်းစောင်ကို ဖတ်ရှုလေ့လာကြည့်ပါလေ။—ရောမ ၁:၁၆။

[စာမျက်နှာ ၃၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

“သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့” ဟု ခရစ်ယာန်များ မှာကြားခံရသည်။ ယင်းကြောင့် သူတို့သည် ယေရှု၏ခြေရာတော်ကို ထပ်ကြပ်မကွာလိုက်နာကာ ဇာတိစိတ်မဟုတ်၊ ဝိညာဉ်ရေးရာတို့ကို ရှေ့ဦးထားခြင်းအားဖြင့် ကိုယ်တော်ကိုအတုယူသင့်သည်။ ဤသို့အားဖြင့် “ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှာ မကြံစည်ကြ” ရန်ဖြစ်သည်။—ရောမ ၁၃:၁၄။

[စာမျက်နှာ ၃၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ရောမသားတို့သည် “အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြ” ရန် ပေါလုမှာကြားခဲ့သည်။ သို့သော် ဤတွင် ခရစ်ယာန်ထုံးစံအသစ်၊ သို့မဟုတ် ဘာသာရေးထုံးနည်းတစ်ခုကို ပေါလုစထွင်နေခြင်းမဟုတ်ပါ။ ပေါလုခေတ်တွင် နဖူး၊ နှုတ်ခမ်း၊ သို့မဟုတ် လက်ကိုနမ်း၍ တစ်ဦးကိုတစ်ဦး နှုတ်ဆက်၊ မေတ္တာပြခြင်း သို့မဟုတ် လေးစားကြောင်းပြတတ်ကြသည်။ ယင်းကြောင့် သူ့ခေတ်တွင်ပြုလုပ်လေ့ရှိသော ထုံးစံတစ်ခုကို ပေါလုညွှန်းရုံသာဖြစ်သည်။—ရောမ ၁၆:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ