ခရစ်တော်အားဖြင့် စည်းလုံးမှုသေချာ
ဧဖက်စာစောင်မှပေါ်လွင်ချက်များ
၅၂ စီအီး စောစောပိုင်းတွင်တမန်တော်ပေါလုသည် ဧဖက်တွင်ဟောပြောခဲ့သည်။ အာရှမိုင်းနား၏ ကြွယ်ဝသောကူးသန်းရောင်းဝယ်ရာဤမြို့သည် မှောက်မှားသောဘာသာ၏ ဗဟိုလည်းဖြစ်ခဲ့သည်။ သို့သော်ဖြစ်နိုင်ဖွယ်ရှိသော ၅၂/၅၃ စီအီးဆောင်းဥတုလောက်တွင် ဧဖက်သို့ပေါလုပြန်ရောက်လာပြီးနောက် ခရစ်ယာန်ဘာသာသည်ထိုတွင် တိုးပွားခဲ့သည်။ ထိုတွင်သုံးနှစ်ခန့်နေစဉ် သူသည်နေ့စဉ်ဟောပြောချက်ပေး၍ တစ်အိမ်မှတစ်အိမ်သက်သေခံခဲ့သည်။—တမန်တော် ၁၉:၈-၁၀၊ ၂၀:၂၀၊ ၂၁၊ ၃၁။
ရောမတွင် ၆၀-၆၁ စီအီးခန့်ကအကျဉ်းကျစဉ်ပေါလုသည် ဧဖက်ခရစ်ယာန်များထံစာရေးခဲ့သည်။ ယေရှုခရစ်နှင့်ကိုယ်တော်အားဖြင့်စည်းလုံးခြင်းသည် သူ့စာစောင်၏အဓိကအချက်ဖြစ်သည်။ ယင်းတွင်အခြားပေါလုရေးခဲ့သောစာစောင်များထက် ‘ခရစ်တော်ယေရှုအားဖြင့်စည်းလုံးခြင်း’ ဟူသည်ရည်ညွှန်းချက် ၁၃ ကြိမ်ပါဝင်သည်။ စာတွင်ရည်ညွှန်းခဲ့သောဧဖက်မြို့သားများကဲ့သို့ကျွန်ုပ်တို့လည်း ခရစ်တော်၏ကဏ္ဍ၊ စာရိတ္တယိုယွင်းမှုကိုရှောင်ရှားခြင်း၊ ဆိုးယုတ်သောနံဝိညာဉ်များကို တွန်းလှန်ခြင်းနှင့်စပ်လျဉ်းသည့် ပေါလု၏စကားများမှ အကျိုးရယူနိုင်သည်။
စည်းလုံးခြင်းသည် ဘုရားရှင်ရည်ရွယ်ချက်
ပထမဦးဆုံးပေါလုက ဘုရားရှင်သည်ခရစ်တော်အားဖြင့်မည်သို့ စည်းလုံးမှုဖြစ်ပေါ်စေမည့် အကြောင်းရှင်းပြသည်။ (ဧဖက် ၁:၁-၂၃) ယေဟောဝါရှင်သည် “စီမံခန့်ခွဲမှုတစ်ရပ်” (လုပ်ငန်းများကိုစီမံခန့်ခွဲ) အားဖြင့်ကောင်းကင်နှင့်မြေကြီးပေါ်ရှိ အရာခပ်သိမ်းကိုပေါင်း၍ချုပ်ခြာရန် ရည်ရွယ်တော်မူခဲ့၏။ ခရစ်တော်အားဖြင့်ဘုရားရှင်သည် ကောင်းကင်အသက်တာအတွက် ရွေးချယ်ထားသူများနှင့် မြေကြီးတွင်နေထိုင်မည့် အခြားသူများကို မိမိကိုယ်နှိုက်နှင့်ပေါင်းစည်းတော်မူမည်။ ယနေ့ဘုရားရှင်သည်ဘိသိက်ခံများနှင့် “လူအုပ်ကြီး” ကိုပေါင်းစည်းခဲ့ပြီး၊ “မြေကြီးပေါ်တွင်ရှိရှိသမျှတို့ကိုပေါင်း” ခြင်းအား အောက်မေ့ဖွယ်သင်္ချိုင်းဂူတို့တွင်ရှိသူများ ယေရှု၏အသံကိုကြားပြီးထွက်လာသည့်အချိန်အထိ ဆက်လက်လုပ်ဆောင်သွားမည်။ (ဗျာဒိတ် ၇:၉။ ယောဟန် ၅:၂၈၊ ၂၉) ယင်းအတွက်ကျွန်ုပ်တို့ကျေးဇူးတင်သင့်သည်။ ဧဖက်မြို့သားများသည် သူတို့အတွက်ဘုရားရှင်ပြင်ဆင်ပေးရာကိုလေးမြတ်ရန် ပေါလုဆုတောင်းခဲ့သကဲ့သို့ပင်ဖြစ်သည်။
ခရစ်တော်အားဖြင့်စည်းလုံးမှုသေချာ တစ်ခါကအပြစ်တွင်သေခဲ့သော လူမျိုးခြားခရစ်ယာန်များထံ ဆက်လက်အာရုံစိုက်ခဲ့သည်။ (၂:၁–၃:၂၁) ခရစ်တော်အားဖြင့်ပညတ်တရားကို ဖယ်ရှားလိုက်ပြီး၊ ဝိညာဉ်တော်ကိန်းအောင်းရန်၊ ဘုရားရှင်ဗိမာန်တော်ဖြစ်ရန်၊ ဂျူးများနှင့်လူမျိုးခြားများစည်းလုံးရန်၊ အခြေခံချမှတ်ခဲ့သည်။ ပေါလု၏ဘဏ္ဍာစိုးအရာမှာ၊ လူမျိုးခြားတို့သည် ခရစ်တော်နှင့်စည်းလုံးလာရန် မြင့်မြတ်သောနက်နဲရာကို ကြေညာရန်ဖြစ်သည်။ ကိုယ်တော်အားဖြင့်ဘုရားရှင်ထံသူတို့ လွတ်လပ်စွာတိုးလျှိုးချဉ်းကပ်နိုင်လေသည်။ ဧဖက်မြို့သားများအတွက် ပေါလုထပ်မံဆုတောင်းပေး၍ ဤတစ်ကြိမ်တွင်ယေဟောဝါရှင်သည် သူတို့အားယုံကြည်ခြင်းမေတ္တာဖြင့် ခိုင်မာစေရန် တောင်းလျှောက်ခြင်းဖြစ်လေသည်။
စည်းလုံးစေသောအကြောင်းများ
ပေါလုကဘုရားရှင်သည် စည်းလုံးစေသောအကြောင်းများပေးခဲ့ကြောင်း ဖော်ပြသည်။ (၄:၁-၁၆) ယင်းတို့အနက်တစ်ခုမှာ အသင်းတော်ဖြစ်သော ဝိညာဏကိုယ်ခန္ဓာတစ်ခုဖြစ်သည်။ ဦးခေါင်းခရစ်တော်အောက်၌ ဤခန္ဓာသည်စည်းလုံးစွာဖြင့် လှုပ်ရှားသည်။ ၄င်းပြင်အားလုံးယုံကြည်ခြင်းတွင် တစ်လုံးတစ်ဝတည်းဖြစ်ရန် လူတို့တွင်ဆုလာဘ်များပြင်ဆင်ပေးလေသည်။
စည်းလုံးခြင်းကိုဖြစ်စေသော ခရစ်ယာန်အရည်အချင်းများကိုလည်း ယေဟောဝါရှင်ဖြစ်ပေါ်စေသေးသည်။ (၄:၁၇–၆:၉) “ပုံသဏ္ဌာန်သစ်” ကိုဝတ်ဆင်ပြီးနောက် ခရစ်ယာန်များသည် အကျင့်ယိုယွင်းသောစကားများကဲ့သို့သော ဘုရားမဲ့ခြင်းကိုရှောင်ရှားသည်။ သူတို့သည် ပညာရှိစွာလိုက်လျှောက်၍ ခရစ်တော်အားလေးစားကာ လျောက်ပတ်သောလက်အောက်ခံမှုကို ပြသကြသည်။
ထပ်ဆင့်၍ကျွန်ုပ်တို့၏စည်းလုံးမှုကို ပျက်ပြားစေရန်ကြိုးပမ်းနေသော နံဝိညာဉ်ဆိုးများကို တွန်းလှန်နိုင်ရန်ဘုရားရှင်သည်ခရစ်ယာန်များကို လုပ်ဆောင်ပေးသည်။ (၆:၁၀-၂၄) ဘုရားရှင်ထံမှ ဝိညာဏလက်နက်စုံသည် ထိုသို့သောအကာအကွယ်ကိုပေးသည်။ ထို့ကြောင့်ယင်းကိုကျွန်ုပ်တို့အသုံးပြုပြီး၊ ယုံကြည်သူဘက်သားများကို ကျွန်ုပ်တို့၏တောင်းလျှောက်ခြင်းတွင်ထည့်ကာ ကြိုးစား၍ဆုတောင်းကြပါစို့။
ဧဖက်မြို့သားများအားပေါလုသည်မည်မျှကောင်းမြတ်သော ဩဝါဒပေးခဲ့ပါသည်တကား။ အကျင့်ယိုယွင်းမှုကိုရှောင်လျက် ဆိုးယုတ်သောနံဝိညာဉ်များကိုတွန်းလှန်ခြင်းဖြင့် ယင်းကိုကျွန်ုပ်တို့နာယူကြပါစို့။ ယေရှုခရစ်အားဖြင့်ကျွန်ုပ်တို့ခံစားရသော စည်းလုံးခြင်းကိုလည်း နက်ရှိုင်းစွာလေးမြတ်ကြပါစို့။
[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
မီးစက်လက်နက်- ဝိညာဏလက်နက်စုံတွင်စာတန်၏ “မီးစက်လက်နက်” ကိုငြိမ်းသတ်စေရန် သို့မဟုတ် ဘေးမရောက်ရန် “ယုံကြည်ခြင်းတည်းဟူသောလွှား” ပါဝင်သည်။ (ဧဖက် ၆:၁၆) ရောမများသုံးသောမီးစက်လက်နက်အချို့သည် မီးတောက်လောင်နေသောရေနံကတ္တရာစေးထိပ်အောက်ရှိ သံလုံးအတွင်းထည့်ထားသော ကျူရိုးဟောင်းလောင်းဖြစ်သည်။ ယင်းတို့မီးမငြိမ်းသွားရန် ကြိုးလျော့နေသောလေးကိုင်းဖြင့် ပစ်ကြရပြီး၊ ၄င်းအပေါ်ရေလောင်းလိုက်လျှင် မီးအရှိန်ကိုပို၍ ပြင်းလာစေလေသည်။ သို့သော်ယေဟောဝါရှင်တွင်ယုံကြည်ခြင်းရှိခြင်းသည် ကိုယ်တော်၏ကျေးကျွန်များအား “မာရ်နတ်ပစ်ခတ်သောမီးစက်လက်နက်များကို ကာသတ်နိုင်” စေသကဲ့သို့ ဒိုင်းလွှားကြီးများသည် စစ်သားများအားထိုသို့သောမြားများမှ ကာကွယ်ပေးလေသည်။ မှန်ပါသည်၊ ယုံကြည်ခြင်းသည်ကျွန်ုပ်တို့အား ကြောက်ရွံ့၊ သံသယဝင်ခြင်း၊ ရုပ်ဝါဒလမ်းစဉ်လိုက်ခြင်း၊ အမှားကိုပြုရန်သွေးဆောင်ခြင်းအပါအဝင် နတ်ဆိုးများတိုက်ခိုက်သည့် ထိုသို့သောအရာများကို တွန်းလှန်ရန်ကူညီပေးပါသည်။