စာရှုသူများထံမှ မေးခွန်းလွှာ
▪ ယောဘ ၃၃:၂၄ ကယောဘအတွက်သေခြင်းကိုရှောင်ရန် “ရွေးရာ” အကြောင်းကိုတွေ့ပြီဟုဆိုထားသည်။ ယောဘအတွက်ထိုရွေးရာကားမည်သူနည်း။
ထိုစဉ်ကယောဘအတွက် လူသားပူဇော်သက္ကာ ပေးဆက်ခြင်းမရှိချေ။ သို့သော်ဘုရားရှင်သည် ယောဘ၏အပြစ်များကိုဖြေ သို့မဟုတ် ခွင့်လွှတ်ခဲ့သည်။
စာတန်သည်ယောဘအား “ခြေဖဝါးမှသည်ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ” အပါအဝင်ဒုက္ခများစွာ ပေးခဲ့သည်။ ယောဘ၏အခြေအနေသည်ဆိုးရွားလှသောကြောင့် သူ့ဇနီးက “ဘုရားသခင်ကိုစွန့်ပယ်၍သေလော့” ဟုတိုက်တွန်း၏။ ထိုသို့သောဝေဒနာခံစားရခြင်းထက် သေခြင်းသည်ပိုကောင်းမည်လောဟုပင် ယောဘတွေးတောမိသည်။—ယောဘ ၂:၇-၉။ ၃:၁၁။
ယောဘသေတော့မည့်ပုံပေါ်သောအခါ ဧလိဟုသည်ယောဘ၏စိုးရိမ်ဖွယ်အခြေအနေကို အကဲဖြတ်ပြီး၊ မျှော်လင့်ချက်ပေးကာ အောက်ပါအတိုင်းပြောခဲ့သည်။ “အသားအရေပိန်လျော့ကွယ်ပျောက်၍. . . အသက်ဝိညာဉ်သည်သင်္ချိုင်းတွင်းနားသို့လည်းကောင်း၊ ဖျက်ဆီးသောတမန်လက်သို့လည်းကောင်း ရောက်လုပြီ။ သို့ရာတွင်၊ လူတို့အားတရားလမ်းကိုပြစေခြင်းငှာ တစ်ထောင်တွင်အထွတ်ဖြစ်၍ တရားစကားကိုပြန်တတ်သော တမန်ရှိလျှင်ဘုရားသခင်က ‘သင်္ချိုင်းတွင်းထဲသို့ ထိုသူကိုမဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကိုငါတွေ့ပြီ. . . ထိုသူသည်သူငယ်ထက်အသားအရေနုထွား. . . လိမ့်မည်။’ ”—ယောဘ ၃၃:၂၁-၂၅။
ယေရှုခရစ်သည်မိမိ၏စုံလင်သောလူ့အသက်တာကို မစုံလင်သောလူသားများအတွက် စွန့်လွှတ်လိုက်သည်ကို ကျွန်ုပ်တို့သိကြ၏။ ကိုယ်တော်၏ပူဇော်သက္ကာသည် အာဒံပျောက်ဆုံးသွားသည့်အရာနှင့်ညီမျှပြီး အပြစ်မှလွတ်မြောက်ရန် လိုအပ်သောတန်ကြေးကိုပေးခဲ့သည်။ (ရောမ ၅:၁၂-၁၉။ ၁ တိမောသေ ၂:၅၊ ၆) သို့သော်၊ သမ္မာကျမ်းစာတွင် “ရွေးဖိုး” ကိုဤနေရာတွင်သာ အသုံးပြုသည်မဟုတ်။ ယောဘ ၃၃:၂၄ တွင်တွေ့ရသောစကားလုံးသည် အရင်းခံအားဖြင့် “အဖုံး” ဟုအဓိပ္ပာယ်ရှိသည်။ (ထွက်မြောက်ရာ ၂၅:၁၇) ဘုရားရှင်သည်ရှေးဣသရေလများနှင့် ဆက်ဆံရာတွင် အပြစ်ကိုဖုံးအုပ်ရာပူဇော်သက္ကာများ၊ လူသားနှင့်ဘုရားရှင်စပ်ကြား ကိစ္စများဖြေရှင်းရာ— အပြစ်များကိုဖုံးအုပ်ရာ သို့မဟုတ် ဖြေရာအစီအစဉ် ရှိခဲ့သည်။—ထွက်မြေက်ရာ ၂၉:၃၆။ ဝတ်ပြုရာ ၁၆:၁၁၊ ၁၅၊ ၁၆။ ၁၇:၁၁။
စောစောပိုင်းတွင်၊ ဘုရားသခင်သည် ကျေးဇူးတင်မှုပြခြင်း သို့မဟုတ် အပြစ်လွှတ်ရန်တောင်းပန်ခြင်းနှင့်စိတ်တော်တွေ့ရန်အနေနှင့်ဆက်သသည့် ပူဇော်သက္ကာများကို လက်ခံရန်အသင့်ရှိခဲ့သည်။ (ကမ္ဘာဦး ၄:၃၊ ၄။ ၈:၂၀၊ ၂၁။ ၁၂:၇။ ၃၁:၅၄) ယောဘသည်ထိုသို့သော ပူဇော်သက္ကာ၏တန်ဖိုးကို နားလည်ခဲ့သည်။ “နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ‘ငါ၏သားတို့သည် မှားယွင်း၍စိတ်နှလုံးထဲ၌ဘုရားသခင်ကိုစွန့်ပယ်ကြပြီလော’ ဟုယောဘအောက်မေ့၏။ ထိုသို့ယောဘသည်အစဉ်ပြုမြဲရှိ၏။” (ယောဘ ၁:၅) သူသည်ဘုရားရှင်စိတ်နှင့်တွေ့ရန်ကြိုးစားခြင်းနှင့် နှိမ့်ချသောစိတ်ရှိခြင်းကြောင့် သူ၏ပူဇော်သက္ကာသည် ဘုရားရှေ့တော်မှောက်၌ တန်ဖိုးရှိလေသည်။—ဆာလံ ၃၂:၁၊ ၂၊ ၅၁:၁၇။
သို့သော်ယောဘသည်နောက်ပိုင်းတွင် သူ၏အသက်ကိုပင်အန္တရာယ်ပြုပုံရသော ရောဂါခံစားရသည်။ သူ၏ဖြောင့်မတ်ခြင်းအပေါ်လည်း မှားယွင်းသောအမြင်ရှိနေသောကြောင့် သူအားပြုပြင်ရန်လိုအပ်ခဲ့သဖြင့် ဧလိဟုကပြုပြင်ပေးခဲ့သည်။ (ယောဘ ၃၂:၆။ ၃၃:၈-၁၂။ ၃၅:၂-၄) ဧလိဟုကယောဘသည် သေခြင်းနှင့်တွင်း (ရှီးအိုးလ်၊ သို့မဟုတ် သင်္ချိုင်း) တိုင်အောင် ကြေကွဲနေစရာမလိုကြောင်း ပြောခဲ့သည်။ ယောဘသည်နောင်တယူလျှင် “ရွေးရာ” ကိုတွေ့နိုင်မည်။—ယောဘ ၃၃:၂၄-၂၈။
“ရွေးရာ” ဟုဆိုရာ၌ ထိုစဉ်ကလူတစ်ဦးသည် ယောဘအတွက်သေဆုံးပေးမည်ဟု ဧလိဟုဆိုလိုသည်ဟု ကျွန်ုပ်တို့မယူမှတ်သင့်ချေ။ စစ်မှန်သောဝတ်ပြုသူများ လုပ်ရိုးလုပ်စဉ်ဖြစ်သော ပူဇော်သက္ကာများကိုကြည့်ခြင်းဖြင့် ယောဘကိစ္စတွင် ဧလိဟုရည်ညွှန်းနေသော ရွေးခြင်းသည်တိရစ္ဆာန်ပူဇော်သက္ကာဖြစ်နိုင်သည်။ စိတ်ဝင်စားဖွယ်ကား၊ ဘုရားရှင်သည်နောက်ပိုင်းတွင် ယောဘ၏အပြစ်ရှာသောအဖော်သုံးဦးအား “မိမိတို့အဖို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဖို့ဆုတောင်းရမည်” ဟုမိန့်ဆိုခဲ့သည်။ (ယောဘ ၄၂:၈) ရွေးဖိုးသည်မည်သို့ပုံပန်းပင်ဖြစ်စေ ဧလိဟု၏အဓိကအချက်မှာ ယောဘသည်သူ၏အပြစ်များကိုဖုံးလိုက်နိုင်၍ အကျိုးခံစားနိုင်ကြောင်းဖြစ်သည်။
ထိုအတိုင်းဖြစ်ခဲ့သည်။ ယောဘသည် ‘မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍နောင်တရခဲ့သည်။’ သို့နှင့်ဘာဖြစ်သနည်း။ “ထိုသို့ထာဝရဘုရား [ယေဟောဝါ၊ NW] သည်ယောဘ၏ရှေ့ဖြစ်ဟန်ကိုကောင်းချီးပေးတော်မူသည်ထက် နောက်ဖြစ်ဟန်ကိုသာ၍ ကောင်းချီးပေးတော်မူသဖြင့်. . . ယောဘသည်အနှစ်တစ်ရာ့လေးဆယ်အသက်ရှင်၍ မိမိသားမြေးမြစ်တို့ကိုပင်မြင်ရ” လေသည်။ ထိုရွေးဖိုးသည်ယောဘအား အပြစ်မှမလွတ်မြောက်စေဘဲ အချိန်တန်သော်သူသေခဲ့ရသည်။ သို့ပင်ငြားလည်း၊ သူ၏အသက်ကိုရှည်စေခြင်းက ထိရောက်စွာပင် ‘ထိုသူသည်သူငယ်ထက် အသားအရေနုထွား၍ ပျိုသောအသက်နှင့်တစ်ဖန်ပြည့်စုံ’ ကြောင်းသက်သေထူလေသည်။—ယောဘ ၃၃:၂၅။ ၄၂:၆၊ ၁၀-၁၇။
အကန့်အသတ်ရှိသောရွေးဖိုးကိုအသုံးပြုခြင်းဖြင့် ယောဘခံစားရသောကောင်းချီးများက ကမ္ဘာသစ်တွင်ယုံကြည်သူလူသားများအပေါ် သက်ရောက်လာမည့် ကြွယ်ဝစွာသောကောင်းချီးများ၏ရှေ့ပြေးဖြစ်လေသည်။ ထိုအခါတွင်ယေရှု၏ ရွေးဖိုးပူဇော်သက္ကာ၏အကျိုးကို အပြည့်အဝရရှိမည်ဖြစ်ပြီး၊ အပြစ်နှင့်မစုံလင်မှု၏ အန္တရာယ်ဆိုးများမှ ထာဝစဉ်ဖယ်ရှားပစ်လိုက်မည်။ ဧလိဟုဖော်ပြသကဲ့သို့ မည်မျှ “ရွှင်လန်းဖွယ်ဟစ်ကြွေး” စရာပါတကား။—ယောဘ ၃၃:၂၆။