အဘယ်ကြောင့်ကျွန်ုပ်တို့ ယုံကြည်ခြင်းနှင့်ဉာဏ်ပညာလိုအပ်
ယာကုပ်စာစောင်မှ ပေါ်လွင်ချက်များ
ယေဟောဝါ၏ကျေးကျွန်များသည် စုံစမ်းခြင်းခံရသောအခါ ခံနိုင်ရည်လိုအပ်သည်။ သူတို့သည်မျက်နှာသာတော်မရ ဖြစ်စေနိုင်သော အပြစ်များကိုလည်းရှောင်ရမည်။ ယင်းအချက်များကို ယာကုပ်စာစောင်များထဲတွင် အလေးအနက်တင်ပြထားခဲ့ပြီး ယင်းတို့ကိုလုပ်ဆောင်ရန် တက်ကြွသောယုံကြည်ခြင်းနှင့် ကောင်းကင်ဆိုင်ရာဉာဏ်ပညာလိုအပ်သည်။
ဤစာစောင်ရေးသားသူသည် မိမိကိုယ်ကို ယေရှု၏တမန်တော်နှစ်ဦးအနက် တစ်ဦးဖြစ်သော ယာကုပ်အမည်ရှိသူဟု မဖော်ပြဘဲ ‘ဘုရားသခင်နှင့်အရှင်ယေရှုခရစ်၏ကျွန်’ ဟုဖော်ပြသည်။ အလားတူပင်၊ ယေရှု၏မိတူဖကွဲညီအစ်ကို ယုဒကသူသည် “ယေရှုခရစ်၏ကျွန်ဖြစ်သောယာကုပ်ညီ” ဖြစ်သည်ဟုဆိုလေသည်။ (ယာကုပ် ၁:၁။ ယုဒ ၁။ မဿဲ ၁၀:၂၊ ၃) သို့ဖြင့်၊ ယေရှု၏မိတူဖကွဲညီ ယာကုပ်သည် သူ၏နာမည်တပ်ထားသောစာစောင်ကို ရေးခဲ့ကြောင်းထင်ရှားသည်။—မာကု ၆:၃။
ဤစာစောင်က ၇၀ စီအီးတွင် ယေရုရှလင်ဖျက်ဆီးခံရခြင်းကို မဖော်ပြချေ။ သမိုင်းရေးဆရာ ဂျိုစီဖတ်စ်ကလည်း ၆၂ စီအီးတွင် ရောမဘုရင်ခံချုပ်ဖေတ္တုမင်း သေဆုံးပြီးမကြာမီ ယာကုပ်သည်ယုံကြည်ခြင်းအတွက် အသတ်ခံရကြောင်း ဖော်ပြသည်။ ထို့ကြောင့်၊ စာစောင်ကို ၆၂ စီအီးမတိုင်မီ ရေးသားပုံရသည်။ ယင်းကိုဝိညာဏဣသရေလ “တစ်ဆယ့်နှစ်ပါး” ထံသို့ကြားလိုက်ခြင်းဖြစ်သည်။ အကြောင်းမှာ၊ ယင်းသည် “ယေရှုခရစ်ကိုယုံကြည်” သူများထံ ရည်ညွှန်းထားသောကြောင့်ဖြစ်သည်။—ယာကုပ် ၁:၁။ ၂:၁။ ဂလာတိ ၆:၁၆။
ယာကုပ်ကသူ၏သွန်သင်ချက်ကို ကျွန်ုပ်တို့သတိရစေရန် ပုံဥပမာသုံးထားသည်။ ဥပမာ၊ ဘုရားသခင်ထံ ဉာဏ်ပညာတောင်းသူသည် ယုံမှားတွေးတောသောစိတ်မရှိသင့်ချေ။ “တွေးတောခြင်းရှိသောသူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။” (၁:၅-၈) ကျွန်ုပ်တို့၏လျှာကိုထိန်းချုပ်ထားသင့်သည်။ အကြောင်းမှာ၊ သင်္ဘောတစ်စင်းအား တက်မသည်လမ်းညွှန်သကဲ့သို့ လျှာသည်ကျွန်ုပ်တို့ကို လမ်းညွှန်နိုင်သည်။ (၃:၁၊ ၄) စုံစမ်းခြင်းများကိုနိုင်နင်းနိုင်ရန် လယ်သမားတစ်ဦးသည် ရိတ်သိမ်းချိန်ကိုစောင့်ဆိုင်းနေသကဲ့သို့ ကျွန်ုပ်တို့သည်စိတ်ရှည်ခြင်းနှင့် ခံနိုင်ရည်တင်ပြရန်လိုအပ်သည်။—၅:၇၊ ၈။
ယုံကြည်ခြင်း၊ စုံစမ်းခြင်းနှင့်အလုပ်
ဦးစွာယာကုပ်က ကျွန်ုပ်တို့သည်ခရစ်ယာန်များအနေနှင့် စုံစမ်းခြင်းများရင်ဆိုင်ရငြားလည်း ပျော်ရွှင်နိုင်ကြောင်းတင်ပြသည်။ (၁:၁-၁၈) ဖျားနာခြင်းကဲ့သို့သော စုံစမ်းခြင်းများသည် လူသားအားလုံး ကြုံလေ့ရှိသည်။ သို့သော်ခရစ်ယာန်များသည် ဘုရားရှင်နှင့်ယေရှု၏ကျေးကျွန်များဖြစ်သောကြောင့်လည်း ခံရသည်။ ယင်းကိုကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့်ဆက်လက်တောင်းနေလျှင် ခံနိုင်ရည်ရှိရန်လိုအပ်သော ဉာဏ်ပညာကို ယေဟောဝါသည် ပေးတော်မူမည်။ ကိုယ်တော်သည်ကျွန်ုပ်တို့အား ဘယ်တော့မျှမကောင်းမှုနှင့် မစုံစမ်းချေ။ ကောင်းသည့်အရာပေးရန် ကျွန်ုပ်တို့သည်ကိုယ်တော်အား ကိုးစားနိုင်သည်။
ဘုရားရှင်၏အကူအညီရရှိရန် ကျွန်ုပ်တို့ယုံကြည်ခြင်းကိုတင်ပြသည့် အလုပ်များအားဖြင့် ကိုယ်တော်အားဝတ်ပြုရမည်။ (၁:၁၉–၂:၂၆) ယင်းကကျွန်ုပ်တို့သည် နာရုံမျှသာပြုသောသူမဟုတ်ဘဲ ‘တရားကိုကျင့်သူများ’ ဖြစ်ရန်လိုသည်။ ကျွန်ုပ်တို့သည်လျှာကို ထိန်းချုပ်ရန်လိုပြီး မိဘမဲ့နှင့်မုဆိုးမတို့ကိုကြည့်ရှုကာ၊ လောကီအညစ်အကြေးနှင့် ကင်းစင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကြွယ်ဝသူများကို မျက်နှာသာပေးပြီး ဆင်းရဲသူများကို အရေးမစိုက်လျှင် “ပညတ်ချုပ်” ဖြစ်သော မေတ္တာကိုချိုးဖောက်ရာရောက်သည်။ အာဗြဟံနှင့်ရာခပ်တို့ကောင်းစွာ တင်ပြခဲ့သည့် ပုံသက်သေအတိုင်းယုံကြည်ခြင်းကိုအလုပ်အားဖြင့် တင်ပြကြောင်းကိုလည်း ကျွန်ုပ်တို့သတိရရန်လိုသည်။ အမှန်ပင်၊ “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။”
ကောင်းကင်ဆိုင်ရာပညာနှင့်ဆုတောင်းခြင်း
သင်ပြပေးသူများသည် သူတို့၏တာဝန်ကိုထမ်းဆောင်နိုင်ရန် ယုံကြည်ခြင်းနှင့်ဉာဏ်ပညာလိုအပ်သည်။ (၃:၁-၁၈) သွန်သင်ပေးသူများအနေနှင့် သူတို့တွင်ကြီးလေးသောတာဝန်ရှိသည်။ သူတို့ကဲ့သို့ကျွန်ုပ်တို့သည် လျှာကိုထိန်းချုပ်ရမည်။ ထိုသို့လုပ်ဆောင်ရန် ကောင်းကင်ဆိုင်ရာဉာဏ်ပညာက ကူညီပေးသောအရာဖြစ်သည်။
လောကီရမ္မက်များနောက် လိုက်ပါခြင်းသည် ဘုရားရှင်နှင့်ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ပျက်စီးစေနိုင်ကြောင်းကိုလည်း ဉာဏ်ပညာသည် ကျွန်ုပ်တို့အားသတိရစေသည်။ (၄:၁–၅:၁၂) ကျွန်ုပ်တို့သည် တစ်ကိုယ်ကောင်းဆန္ဒများအတွက် တိုက်ခိုက်ခဲ့သည်ဆိုလျှင် သို့မဟုတ် ကျွန်ုပ်တို့၏ညီအစ်ကိုများကို ရှုတ်ချခဲ့သည်ဆိုလျှင် နောင်တယူရန်လိုသည်။ လောကနှင့်မိတ်သဟာယမဖွဲ့ရန်လည်း မည်မျှအရေးကြီးပါသနည်း။ အကြောင်းမှာ၊ ယင်းသည်ဝိညာဏမတရားမေထုန်ပါတကား။ ရုပ်ဝါဒဆိုင်ရာအစီအစဉ်များဖြင့် ကျွန်ုပ်တို့သည်ဘယ်တော့မျှ ဘုရားသခင်၏အလိုတော်ကို လျစ်လျူမရှုကြပါစို့။ စိတ်မရှည်ခြင်းနှင့်တစ်ဦးနှင့်တစ်ဦးအပေါ် အပြစ်တင်ခြင်းကိုဂရုပြုကြဖို့ဖြစ်သည်။
ဝိညာဉ်ရေးအရဖျားနေသူသည် အသင်းတော်အကြီးအကဲများ၏ အကူအညီကိုယူရန်ဖြစ်သည်။ (၅:၁၃-၂၀) အပြစ်များပြုမိခဲ့လျှင်၊ သူတို့၏ဆုတောင်းခြင်းနှင့် ပညာရှိသောသွန်သင်ချက်က နောင်တရသောအပြစ်ပြုသူ၏ ဝိညာဉ်ရေးကျန်းမာမှု ပြန်လည်ကောင်းမွန်လာရန် ကူညီပေးပါလိမ့်မည်။ အမှန်ပင်၊ “အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည် (ပြစ်မှားသူ၏) ဝိညာဉ်ကို (ဝိညာဏနှင့်ထာဝရ) သေခြင်းမှကယ်တင်” သည်။
[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်]
တရားကိုကျင့်သောသူ—ကျွန်ုပ်တို့သည် “နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ” ဖြစ်ရမည်။ (ယာကုပ် ၁:၂၂–၂၅) နာရုံမျှသာပြုသူသည် “မှန်၌မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။” ခဏကြည့်ပြီးနောက် ထွက်သွားသောအခါ “မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်းမေ့လျော့တတ်၏။” သို့သော် ‘တရားကိုကျင့်သောသူ’ မူကား ဘုရားရှင်၏စုံလင်သော (ဝါ) ပြည့်စုံသော၊ ပညတ်ကို စေ့စေ့ကြည့်ရှုပြီး ခရစ်ယာန်တစ်ဦးအတွက် လိုအပ်ရာအားလုံးကို ခံယူသည်။ သူသည် “ထိုတွင်စွဲမြဲ” ပြီး အနီးကပ်လိုက်လျှောက်၍ ပြုပြင်သွားရန်အမြင်ဖြင့် ထိုပညတ်ကိုဆက်လက်၍ အသေအချာဆန်းစစ်သွားသည်။ (ဆာလံ ၁၁၉:၁၆) “တရားကိုကျင့်သောသူ” သည်မှန်ကိုကြည့်ပြီး ပေါ်လာသည်ကိုမေ့သောသူနှင့် မည်သို့ကွာခြားသနည်း။ ကျင့်သောသူကား၊ ယေဟောဝါ၏နှုတ်ကပါဌ်ကို ကျင့်သုံးပြီး ကိုယ်တော်၏မျက်နှာသာကို ခံစားရပါသည်တကား။—ဆာလံ ၁၉:၇–၁၁။