ရှုပ်ထွေးသောလောကတွင် ရာဇဝတ်မှုကိုတိုက်လှန်ခြင်း
ညဘက်တွင် သင်အပြင်သို့ထွက်ရန်ကြောက်ရွံ့ပါသလော။ သင်၏တံခါးနှင့်ပြတင်းပေါက်များတွင် သော့ခလောက် နှစ်ခု၊ သုံးခုခတ်ထားရန်လိုသလော။ သင်၏ကား သို့မဟုတ် စက်ဘီးအခိုးခံရဖူးသလော။ သင့်ကားထဲမှ ရေဒီယိုဖြုတ်သွားခံရဖူးသလော။ အချို့ရပ်ကွက်များကို သင်ကြောက်ရွံ့ပါသလော။
ဤမေးခွန်းများမှ တစ်ခုခုကိုဟုတ်ကဲ့ဟုသင်ဖြေဆိုလျှင် သင်သည်ရှုပ်ထွေးသောလောကတွင် ရာဇဝတ်ကိုကြိုးစား၍ တိုက်လှန်နေပေသည်။ ယင်းကိုသင်မည်သို့ လုပ်ဆောင်နိုင်သနည်း။ သမ္မာကျမ်းစာကသင့်ကို အကူအညီပေးနိုင်သလော။
ရာဇဝတ်ကောင်၏စိတ်ဓာတ်နှင့်တရားဥပဒေ
အလားအလာရှိသောသားကောင်ဖြစ်သည့်သင်သည် ရာဇဝတ်မှုကို တွန်းလှန်ရန် ဘာလိုအပ်သနည်း။သင်သည်ရာဇဝတ်ကောင်ကို ပြုပြင်ပြောင်းလဲနိုင်သလော။
အမှန်တွင်၊ ရာဇဝတ်ကောင်အများသည် ရာဇဝတ်မှုကို သူတို့၏အသက်မွေးလုပ်ငန်းအဖြစ် လုပ်ဆောင်ကြသည်။ သူတို့သည် ယင်းကိုလွယ်ကူသောအသက်တာအဖြစ် ရွေးချယ်ကြသည်။ ‘သူများရှာထားတာနဲ့ မင်းအသက်ရှင်နိုင်တယ်ဆိုတော့ ဘာကြောင့်အလုပ်လုပ်မှာတုံး’ ဟူသည်သူတို့၏ အတွေးအခေါ်ဖြစ်သည်။ သာမန်သားကောင်သည် မရုန်းကန်ဘဲ၊ သူ သို့မဟုတ် သူမ၏ငွေအားပေးအပ်မည်ကို လုယက်သူများသိသည်။ အဖမ်းခံချင်မှခံရမည်ဖြစ်ပြီး ထောင်ကျလျှင်လည်း သိပ်မကြီးကျယ်ခြင်းကြောင့် သူတို့အတွက်ရာဇဝတ်ကျူးလွန်ရကျိုးနပ်နေသည်။
ထို့ပြင်၊ တရားရုံးလုပ်ထုံးများသည် ရှုပ်ထွေးပြီးအချိန်ကြာသည်။ တိုင်းပြည်အများတွင် တရားရုံးများ၊ တရားသူကြီးများနှင့် ထောင်များနည်းလွန်းလေသည်။ ရာဇဝတ်မှုခင်းများ စုပုံနေသည်။ တရားဘီးဝန်းသည် လည်ပတ်မှုနှေးကွေးလှသောကြောင့် အခြေအနေသည် လွန်ခဲ့သည့်နှစ်ပေါင်းသုံးထောင်က သမ္မာကျမ်းဖော်ပြသည့်အတိုင်းဖြစ်နေသည်။ “အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ်မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကိုပြုခြင်းငှာ ခိုင်မာစွာသဘောထားကြ၏။” ဤသမ္မာကျမ်းမူက ရာဇဝတ်ကျူးလွန်သူအရေအတွက်ကိုလျော့နည်းစေခြင်း (ဝါ) သူတို့အားပြုပြင်ခြင်းဖြင့် ဤမျှလောက် အရာမရောက်နိုင်ကြောင်း တင်ပြသည်။—ဒေသနာ ၈:၁၁။
ဤသို့သောရာဇဝတ်မှုများကို ကျွန်ုပ်တို့အနေနှင့်တွန်းလှန်နိုင်သည့် နည်းလမ်းများရှိပါသလော။
လက်တွေ့ကျ ဉာဏ်ပညာနှင့်အသိစိတ်
သမ္မာကျမ်းကဆိုသည်။ “ပညာရတနာနှင့် သမ္မာသတိကို သင့်မျက်မှောက်မှမကွာစေဘဲ အစဉ်စောင့်ရှောက်လော့။ သို့ပြုလျှင်၊ ထိုရတနာတို့သည် သင်၏ဝိညာဉ်၌အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေ ဖြစ်လိမ့်မည်။ သင်သည်ခရီးသွားရာ၌ ဘေးမရှိ။ ခြေမတိုက်မိဘဲ သွားလိမ့်မည်။” ဤသြဝါဒသည် ရာဇဝတ်မှု၏သားကောင် ဖြစ်သွားစေနိုင်သည့်သူတစ်ဦးနှင့် သက်ဆိုင်နိုင်သည်။ ထို့ကြောင့်၊ ဤကိစ္စရပ်တွင် လက်တွေ့ကျဉာဏ်ပညာက ကျွန်ုပ်တို့အားကူညီပေးနိုင်သည့် နည်းလမ်းအချို့ကားအဘယ်နည်း။—သု၊ ၃:၂၁-၂၃။
ရာဇဝတ်ကောင်များသည် လုယက်ကိုက်စားမည့် သားကောင်များသဖွယ်ဖြစ်သည်။ သူတို့သည် အလွယ်ကူဆုံးသားကောင်ကို ရှာဖွေသည်။ သူတို့သည် လွယ်ကူသောသားကောင် တစ်ဦးထံမှအလားတူရရှိမည်ဆိုလျှင် မလိုအပ်ဘဲရုန်းကန်၊ ဖမ်းချုပ်ခံရခြင်းကို ရှောင်လိုကြသည်။ ထို့ကြောင့်သူတို့သည် အသက်ကြီးသူ၊ နယ်မြေမကျွမ်းသူ၊ ဖျားနာသူနှင့် အန္တရာယ်ကိုသတိမမူမိသူများကို တိုက်ခိုက်သည်။ ဓားပြများသည် သူတို့အတွက်တိုက်ခိုက်ရန် အကောင်းဆုံးအဆင်ပြေမည့်အချိန်နှင့် နေရာကိုရွေးချယ်ကြသည်။ ဤတွင်အလားအလာရှိသော သားကောင်သည် လက်တွေ့ကျဉာဏ်ပညာကို အသုံးပြုရန်ဖြစ်သည်။
သူတို့အကြောင်းသမ္မာကျမ်းစာပြောသည့်အတိုင်း အဓမ္မမှုကိုချစ်သူတို့သည် သူတို့၏လုပ်ရပ်များကို အမှောင်၏ဖုံးကွယ်မှုအောက်တွင် ပြုလုပ်လေ့ရှိသည်။ (ရောမ ၁၃:၁၂။ ဧဖက် ၅:၁၁၊ ၁၂) ယနေ့တွင်လူများနှင့်ဥစ္စာပစ္စည်းအပေါ် ရာဇဝတ်မှုများကျူးလွန်ခြင်းသည် ညပိုင်းတွင်ဖြစ်သည်မှာမှန်သည်။ (ယောဘ ၂၄:၁၄။ ၁ သက်သာလောနိတ် ၅:၂နှင့်နှိုင်းယှဉ်) ထို့ကြောင့်၊ ဖြစ်နိုင်လျှင် ပညာရှိသူတစ်ဦးသည် ညဘက်တွင်အန္တရာယ်ဒေသကို ရှောင်ရှားမည်။ ရာဇဝတ်ထူပြောသော နယူးယောက်မြို့တွင် လူအများသည်နေဝင်ပြီးနောက်၊ အထူးသဖြင့်ည ၁၀ နာရီနောက်ပိုင်း၌၊ သူတို့၏အိမ်ခန်းသို့ပြန်စဉ် လုယက်ခံရကြောင်း နေ့စဉ်ရဲမှတ်တမ်းများက ဖော်ပြလေ့ရှိသည်။ လုယက်သူများသည် လူသူကင်းရှင်းသောလမ်းများပေါ်တွင် သားကောင်ကိုရှာဖွေလျက်ရှိသည်။ ထို့ကြောင့်၊ သင့်အနေနှင့် အန္တရာယ်ရှိသောနယ်မြေကိုခြေလျင်သွားမည့်အစား ဘတ်စ်ကား (ဝါ) အငှားကားစောင့်ဆိုင်းရန်လိုအပ်လျှင် စိတ်ရှည်၍စောင့်ဆိုင်းပါ။ သို့မဟုတ်လျှင်၊ နာကြည်းစရာတွေ့ကြုံမှု ခံစားဖွယ်အကြောင်းရှိလေသည်။
ခရစ်ယာန်တစ်ဦးသည် ညနေဆယ်နာရီခန့်တွင် ဘတ်စ်ကားကိုစောင့်ဆိုင်းမည့်အစား အမှောင်ထဲတွင်ခရီးတိုလျှောက်ခဲ့သည့်အတွက် အပြင်းအထန်ရိုက်နှက်ခံခဲ့ရပြီး လုယက်ခံခဲ့ရသည်။ လမ်းပေါ်တွင်အခြားသူများရှိခဲ့သော်လည်း လုယက်သူသုံးဦးသည် သတိမမူမိသူအား ကျော့ကွင်းထောင်ခဲ့သည်။ သားကောင်သည် တစ်ဘက်သို့လျှောက်သွားစဉ် တစ်ဦးကအခြားသူများအား အချက်ပေးလိုက်သည်။ စကားတစ်လုံးမျှမပြောဘဲ သူတို့သည်သူ့အား တိုက်ခိုက်ကာလုယက်ကြသည်။ မည်မျှမြန်ဆန်သနည်းဆိုသော် အိမ်နီးနားတစ်ဦးပင် ဝင်မစွက်နိုင်ခဲ့ချေ။ နောက်ပိုင်းတွင်သူဝန်ခံခဲ့သည်။ “နောက်တစ်ခေါက်ဆိုရင် ကျွန်တော်ဘတ်စ်ကားကို စောင့်တော့မယ်။”
ဒစ်ကင်၏ “Oliver Twist” ဝတ္ထုမှလူငယ်ခါးပိုက်နှိုက် “ပရိယာယ်ကြွယ်သော ရှောင်တိမ်းသူ” သည် မျက်မှောက်ခေတ် လမ်းပေါ်လျော့ရဲမှုကို တင်ပြသည်။ ထိုသူနှင့်မတူဘဲ ယနေ့သူခိုးများနှင့်လုယက်သူများသည် မည်သည့်အသက်အရွယ်ရှိစေကာမူ သေနတ် (ဝါ) ဓားကိုဆောင်လေ့ရှိပြီး ယင်းတို့ကိုအသုံးပြုသည်။ ပျာယာခတ်နေသောမြို့ထဲတွင် နယ်မြေမကျွမ်းသော ကမ္ဘာလှည့်ခရီးသည်များ၊ ဧည့်သည်များနှင့် အမှတ်မဲ့ငေးမောနေသူများသည် ထိုသို့သောအရှက်အကြောက်မဲ့ ရာဇဝတ်ကောင်များ၏ လွယ်ကူသောပစ်မှတ်များ ဖြစ်ကြရသည်။ သူတို့သည် သင့်မျက်စိတစ်မှိတ်ထက်လျင်မြန်စွာ ရသမျှကိုခိုးယူကြမည်။ သူခိုးတစ်ယောက်၏ သွေးခုန်နှုန်းကိုမြန်စေသောအရာကား အဘယ်နည်း။ ရွှေဆွဲကြိုး သို့မဟုတ် ပေါ်လွင်စွာဝတ်ဆင်ထားသည့် အခြားတန်ဖိုးကြီးသည့် လက်ဝတ်ရတနာများဖြစ်သည်။ သို့မဟုတ် ကမ္ဘာလှည့်ခရီးသည်တစ်ဦး၏ လည်ပင်းတွင်ဆွဲထားသည့် ကင်မရာဖြစ်မည်။ “ငါ့ကိုလာလုလှည့်ပါ” ဟူသည့် ဆိုင်းဘုတ်ကိုဆွဲထားသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့်၊ သတိရှိဖို့လိုသည်။ မည်သည့်ရတနာကိုမဆို ဖုံးဝှက်ထားပါ။ ကင်မရာကို သိပ်မပေါ်လွင်စေသောနည်းဖြင့်သယ်ဆောင်ပါ။ ဈေးအိတ်ထဲတွင် ထည့်ထားနိုင်ပေမည်။ ယင်းသည်လက်တွေ့ကျ ဉာဏ်ပညာဖြစ်သည်။
နိုးကြားနေခြင်းသည်လည်း ရာဇဝတ်မှုကို တွန်းလှန်သည့် နောက်တစ်နည်းဖြစ်သည်။ သမ္မာကျမ်းစာကဖော်ပြသည်။ “ပညာရှိသောသူ၏မျက်စိတို့သည် သူ၏ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ကျင်လည်တတ်၏။” (ဒေသနာ ၂:၁၄) ရာဇဝတ်မှုပြဿနာနှင့်စပ်လျဉ်း၍ ဤသတိပေးချက်ကို လိုက်နာခြင်းဖြင့် ရည်ရွယ်ချက်မဲ့စူးစိုက်ကြည့်နေသူအား သတိပြုနိုင်သည်။ လမ်းဘေးတွင်လျှောက်နေစဉ် သင့်နောက်မှပေါ်လာပြီး၊ သင့်အိတ်ကိုလုသွားမည့် ခိုးဝှက်သူများကိုလည်း သတိပြုပါ။ အချို့သည်စက်ဘီးစီးပြီး အနားမှအမြန်ဖြတ်သွားစဉ် အခြားသူများ၏ပစ္စည်းကို လုသွားသောကြောင့် အထူးသဖြင့်သင်သည် လက်ဆွဲအိတ် (ဝါ) အိတ်လွယ်ထားလျှင် လူသွားလမ်းအစွန်မှ ဘယ်တော့မျှမလျှောက်ပါနှင့်။ လူမပါသလောက်နီးပါး ယာဉ်များကိုလည်းရှောင်ပါ။ လူများပြီး၊ အလင်းရောင်များစွာရှိမှသာလျှင် သင့်အတွက် လုံခြုံလေ့ရှိသည်။ လုယက်သူများသည် သူတို့မည်သူမည်ဝါဖြစ်သည်ကို မပေးသိလိုကြချေ။
လူတို့သည် ရာဇဝတ်မှုကိုပို၍သတိထားလျှင် ရှောင်ရှားနိုင်သော ဖြစ်လေ့ရှိသည့် နောက်ရာဇဝတ်မှုတစ်ခုမှာ ဖောက်ထွင်းခြင်းဖြစ်သည်။ သမ္မာကျမ်းစာက မှန်ကန်စွာပင် “သူခိုးကဲ့သို့ ပြတင်းပေါက်ထဲသို့ဝင်လျက်” ဟုနှိုင်းယှဉ်ထားသည်။ (ယောလ ၂:၉) လက်တွေ့ကျဉာဏ်ပညာက တံခါးများနှင့် ပြတင်းပေါက်များကို သင်သည်မပိတ်ဘဲမထားရန် မိန့်ဆိုသည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းသည် ဆိုသည်မှာအမြဲမှန်လေသည်။ သင့်အိမ်ကိုကာကွယ်ရန် အပိုငွေထပ်မံအကုန်အကျခံခြင်းသည် အခိုးခံရခြင်းနှင့်အနာတရဖြစ်စေမှုမှ စိတ်ချစေနိုင်သည်။
သင်သည်အမှတ်မဲ့ တိုက်ခိုက်ခံရလျှင်ကော မည်သို့နည်း
မှန်သည်၊ သတိပြုလျက်နှင့် အမှတ်မဲ့တိုက်ခိုက်ခံရလျှင်ကော။ အထိတ်တလန့် သို့မဟုတ် ကတိုက်ကရိုက် မဖြစ်ပါနှင့်။ သူခိုးလည်းစိုးရွံ့နေနိုင်ပြီး သင့်လှုပ်ရှားပုံကို တလွဲယူဆသွားနိုင်သည်။ သူ (ဝါ) သူမခွင့်ပြုလျှင် ထိုသူနှင့်ဆင်ခြင်စကားပြောနိုင်ရန် ကြိုးစားပါ။ (မှန်သည်၊ သင့်အားတိုက်ခိုက်သူသည် အမျိုးသမီးပင်ဖြစ်နိုင်သည်) အချို့အချိန်များတွင် သူတို့တိုက်ခိုက်နေသူများသည် ရိုးသားသောခရစ်ယာန်စစ်များဖြစ်ကြောင်း သိရှိကြသောအခါ လုယက်သူများပျော့ပျောင်းသွားသည်။ တုံ့ပြန်မှုမည်သို့ရှိစေကာမူ၊ သူတို့လိုချင်သောအရာသည် သင်၏ငွေ (ဝါ) ပစ္စည်းဖြစ်လျှင် မငြင်းဆန်ပါနှင့်။ ဘာပဲတောင်းတောင်း ပေးလိုက်ပါ။ သမ္မာကျမ်းစာက လူတစ်ယောက်၏အသက်သည် သူပိုင်ဆိုင်သည့်မည်သည့်အရာထက်မဆို ပိုမိုတန်ဖိုးရှိကြောင်း သွန်သင်သည်။—မာကု ၈:၃၆ နှင့်နှိုင်းယှဉ်။
အသေးစိတ်ကြည့်သည့်သဘောနှင့်မဟုတ်ဘဲ လုယက်သူတွင်ရှိမှတ်သားဖွယ် အချက်များဖြစ်သော ဝတ်ဆင်ပုံ သို့မဟုတ် အသွင်အပြင်တို့ကိုမှတ်သားပါ။ သူ့တွင်မည်သို့သော အနံ့ရှိသနည်း။ ရဲသို့သင်တိုင်ကြားသောအခါ ဤအရာအားလုံးသည် အသုံးဝင်နိုင်သည်။ သို့ဖြင့်ရာဇဝတ်ကောင်အများသည် သူတို့၏တစ်ဦးချင်း လုပ်နည်းလုပ်ဟန် တစ်ပုံစံတည်းဖြစ်သောကြောင့် ပုံဖမ်းရန်ပိုမိုလွယ်ကူစေသည်။
ကိုယ့်ကိုယ်ကိုကာကွယ်ရန် လက်နက်သယ်ဆောင် ထားလျှင်ကော။ ခရစ်ယာန်တစ်ဦးသည် လက်နက်ကိုင်ဆောင်ခြင်းမှာ ပညာရှိရာမရောက်သည်မှာ သေချာသည်။ သင်သည်လက်နက်ကိုထုတ်နေကြောင်း ရာဇဝတ်ကောင်သိလျှင် သင့်အားထိခိုက်ရန် (ဝါ) သတ်ရန် နှစ်ခါစဉ်းစားမည် မဟုတ်ချေ။ ထို့ပြင်၊ သင်သည်တန်ပြန်တိုက်ခိုက်မှုအတွက် လက်နက်ဆောင်ထားလျှင် သမ္မာကျမ်းစာမူဖြစ်သော “လူအပေါင်းနှင့်အသင့်အတင့်နေ” ရန် ကျင့်စင်မူကိုသင်မည်သို့လိုက်လျှောက်နိုင်မည်နည်း။—ရောမ ၁၂:၁၈။
မည်သို့သောကြိုတင်ကာကွယ်မှု သင်ပြုလုပ်ပါစေ တစ်နေ့သောအခါတွင် သင်သည်သားကောင်တစ်ဦးမဖြစ်နိုင်ဟု အာမခံချက်မရှိချေ။ ရာဇဝတ်မှုထူပြောသော မြို့ကြီးများတွင် သင်သည်မရှိသင့်သောနေရာတွင်၊ မရှိသင့်သောအချိန်၌ မရှိနေရန်သာလိုသည်။ မကြာမမြင့်မီက နယူးယောက်တွင် ရှေ့နေတစ်ဦးသည် ကော်ဖီဆိုင်သွားရန် သူ၏ရုံးခန်းမှထွက်လာခဲ့သည်။ ဆိုင်ထဲသူဝင်သည်နှင့် လူငယ်တစ်ချို့ ကားနှင့်ရောက်လာပြီး ထိုနေရာကိုသေနတ်နှင့်ပစ်ကြသည်။ ရှေ့နေသည် ဦးခေါင်းတွင်ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ရသည်။ “ကာလအချိန်. . .၊ အဆင်သင့်ခြင်း” ကြောင့် သူအသက်ဆုံးခဲ့ရသည်။ ကြေကွဲစရာပါတကား။ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသော လက်ရှိရာဇဝတ်ဘေးကို ထာဝရဖြေရှင်းနိုင်မည့် မျှော်လင့်ချက်တစ်ခုမှ မရှိတော့ပေလော။—ဒေသနာ ၉:၁၁။
ရာဇဝတ်မှုများချုပ်ငြိမ်းမည့်အချိန်
နှစ်ပေါင်း ၂၀၀၀ နီးပါးက၊ ယေရှုသည် ယခင်လူမျိုးဆက်များ မြင်ခဲ့ရသည့်ဖြစ်ရပ်များထက် ပိုမိုကြောက်ရွံ့ဖွယ်ရာများကို မြင်ရမည့်လူမျိုးဆက် လာမည့်အကြောင်း တင်ကြိုဟောကြားခဲ့သည်။ တီဗွီနှင့်လျင်မြန်လှသော ဆက်သွယ်ရေးများအားဖြင့် သန်းထောင်ပေါင်းများစွာသည် သတင်းတွင်ရာဇဝတ်မှုများ တကယ်ကျူးလွန်နေကြခြင်းများကို မြင်တွေ့ကြရသည်။ ကမ္ဘာသည်ရွာတစ်ရွာပမာဖြစ်လာ၍ ကမ္ဘာ့သတင်းသည် ချက်ချင်းပင် ဒေသသတင်းဖြစ်လာသည်။ ရလဒ်အဖြစ်၊ ယေရှုကြိုတင်ဟောထားသည့်အတိုင်း ဖြစ်ရပ်မှန်များသည် နေ့စဉ်ပင်အိမ်တွင်းရိုက်ခတ်ကာ လူများသည် “မြေကြီးပေါ်မှာဖြစ်လတံ့သော ဘေးများကိုမျှော်၍ကြောက်လန့်” လာကြသည်။—လုကာ ၂၁:၂၆။
ယေရှုသည် ၁၉၁၄ မှစ၍ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များကိုကြိုမြင်ခဲ့သည်။ ‘အစီအစဉ်စနစ်များ၏ဆုံးခန်း’ ရှေ့ပြေးဖြစ်ရပ်များဖြစ်လေသည်။ (မဿဲ ၂၄:၃-၁၄) သို့သော်ကိုယ်တော်က “ထိုအကြောင်းအရာများ ဖြစ်သည်ကိုမြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော်တည်လုနီးသည်ကို သိမှတ်ကြလော့” ဟုလည်းဆိုခဲ့သေးသည်။ ယင်းကဘုရားရှင်၏ ဖြောင့်မတ်သောအုပ်ချုပ်ရေးသည် မကြာမီမြေကြီးကို ထူးခြားစွာသက်ရောက်မှုရှိမည်ဟု ဆိုလိုသည်။—မဿဲ ၆:၉၊ ၁၀။ ဗျာဒိတ် ၂၁:၁-၄။
ထိုအုပ်ချုပ်မှုအောက်တွင် နူးညံ့သိမ့်မွေ့သူများ၊ ငြိမ်သက်စေသူများနှင့် ဘုရားရှင်အား နာခံသူများသာ မြေကြီးပရဒိသုအခြေအနေတွင် ခံစားရမည်။ ရာဇဝတ်ကောင်များနှင့် အဓမ္မပြုသူများ ဘာဖြစ်သွားမည်နည်း။ “သူတို့သည်မကြာမမြင့်မီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကိုခံရ၍ စိမ်းသောမြက်ပင်ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။ ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရား [ယေဟောဝါ၊NW] ကိုမျှော်လင့်သောသူတို့မူကား ပြည်တော် [မြေကြီး၊ NW] ကိုအမွေခံရကြလိမ့်မည်။” ထိုဖြောင့်မတ်သော ကောင်းကင်အုပ်ချုပ်ရေးအောက်တွင် ရှုပ်ထွေးမှု၊ ရာဇဝတ်မှု ရှိတော့မည်မဟုတ်ချေ။
သင်သည်ဤသမ္မာကျမ်းအခြေခံမျှော်လင့်ရာဖြစ်သော ငြိမ်းချမ်း၊ တည်မြဲသည့် ကမ္ဘာ့အစိုးရအကြောင်း ပိုမိုသိလိုလျှင် သင့်နယ်မြေရှိယေဟောဝါသက်သေများ သို့မဟုတ် သူတို့၏နယ်ခံဝတ်ပြုခန်းမနှင့် ဆက်သွယ်ပါ။ သူတို့သည် သင့်အားသမ္မာကျမ်းစာနားလည်ရန် ဝမ်းမြောက်စွာဖြင့် အခမဲ့ကူညီပေးပါလိမ့်မည်။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
“မတရားသောသူတို့မူကား ပယ်ရှင်းခြင်းခံရ၍ ယေဟောဝါကိုမျှော်လင့်သောသူတို့မူကား မြေကြီးကိုအမွေခံကြလတံ့။”