ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၇/၁၅ စာ. ၂၇-၃၀
  • နှိမ့်ချခြင်းကို အဘယ်ကြောင့်ဝတ်ဆင်သင့်ကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှိမ့်ချခြင်းကို အဘယ်ကြောင့်ဝတ်ဆင်သင့်ကြောင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်နှိမ့်ချခြင်းကားအဘယ်နည်း
  • စစ်မှန်ရမည်
  • ယေဟောဝါ၏ရှုမြင်ချက်
  • ဘုရားသခင်နှင့်ခရစ်တော် တင်ပြတော်မူခဲ့
  • နှိမ့်ချခြင်း၏အကျိုးကျေးဇူးများ
  • နှိမ့်ချမှုနှင့်ဘုရားသခင့်အဖွဲ့အစည်း
  • စိတ်နှိမ့်ချခြင်းနှင့်ပဲ့ပြင်မှု
  • နှိမ့်ချမှုဝတ်လုံကို အစဉ်ခြုံထား
  • ခရစ်ယာန်များသည် နှိမ့်ချခြင်းကို မွေးမြူရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • စစ်မှန်သောနှိမ့်ချမှုကို မွေးမြူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေရှု နှိမ့်ချခြင်း ပုံသက်သေပြခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၇/၁၅ စာ. ၂၇-၃၀

နှိမ့်ချခြင်းကို အဘယ်ကြောင့်ဝတ်ဆင်သင့်ကြောင်း

အဲ ဒ်ဂါအဲလန်ပိုး (Edgar Allan Poe) အမည်ရှိ အမေရိကန်စာရေးဆရာသည် မိတ်ဆွေအချို့အား မိမိ၏နောက်ဆုံးဝတ္ထုကို ဖတ်ပြပြီးခါစရှိသည်။ မိတ်ဆွေများက ဇာတ်ကောင်အမည်ကိုဖေါ်လွန်းသည်ဟု ရယ်စရာအဖြစ်ပြောကြသည်။ ပိုးမည်သို့တုံ့ပြန်ခဲ့သနည်း။ မိတ်ဆွေတစ်ဦး ပြန်ပြောပြသည်ကား “သူ၏မာနကြီးသောသဘောကြောင့် ဤသို့သောပွင့်လင်းသည့် ဝေဖန်ချက်ကို မခံမယူနိုင်သဖြင့် မိတ်ဆွေများမတားဆီးနိုင်မီ အမျက်ကြီးစွာဖြင့် သူရေးထားသမျှစာစောင်များကို မီးထဲစွန့်ပစ်ခဲ့သည်။” သို့နှင့် “သူ၏ပုံမှန်သုန်မှုန်စိတ်ထားနှင့်ကွာခြားသည့် အလွန်ရယ်ရွှင်ဖွယ်ကောင်းသော’ ဇာတ်လမ်းတစ်ပုဒ် ဆုံးရှုံးခဲ့ရလေသည်။ စိတ်နှိမ့်ချမှုသာရှိလျှင် ယင်းသို့မဖြစ်ရချေ။

မာန်မာနစိတ်သည် လူအတော်အတန်အား ပညာမဲ့အပြုအမူများပြုလုပ်စေငြား ဤလောကတွင် ဩဇာကြီးမားသည်။ သို့သော် ယေဟောဝါသက်သေများသည် ထူးခြားရမည်။ ပုံစံကောင်းမွန်လှသည့် စိတ်နှိမ့်ချခြင်းဝတ်လုံကို သူတို့ဝတ်ဆင်ရကြမည်။

စိတ်နှိမ့်ချခြင်းကားအဘယ်နည်း

ရှေးကောလောသဲမြို့တော်ရှိ ယုံကြည်သူချင်းတို့အားစာရေးစဉ်တွင် တင့်တယ်လှပသောစိတ်နှိမ့်ချခြင်းခရစ်ယာန်ဝတ်လုံကို တမန်တော်ပေါလုအရိပ်အမြွက်တင်ပြခဲ့သည်။ “သင်တို့သည် ဘုရားရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့” ဟုတိုက်တွန်းပြောဆိုခဲ့သည်။—ကောလောသဲ ၃: ၁၂။

မှန်ပေသည်။ နှိမ့်ချခြင်းသည် “စိတ်သဘောပျော့ပျောင်းနူးညံ့ခြင်း” ဖြစ်သည်။ ယင်းကား “စိတ်ကိုနိမ့်ကျစေခြင်း၊ မာန်မာနမရှိခြင်း၊ မထောင်လွှားခြင်း” ဖြစ်သည်။ စိတ်နှိမ့်ချသူသည် “ကျိုးနွံသောသဘောရှိ၍ မာနမကြီးပါ။” ဤသူသည် “ယဉ်ကျေးစွာ၊ လေးစားစွာ အောက်ကျို့ဝပ်တွား” တတ်သည်။ (The World Book Dictionary, အတွဲ ၁၊ စာမျက်နှာ ၁၀၃၀) စိတ်နှိမ့်ချခြင်းသည် သူရဲဘောကြောင်ခြင်း၊ သို့မဟုတ် ပျော့ညံ့ခြင်းမဟုတ်ပါ။ အမှန်မှာ မာန်မာနစိတ်ကပျော့ညံ့ကြောင်းထင်ရှားသည်။ စိတ်နှိမ့်ချမှုပြရန်မူကား သတ္တိနှင့်ခွန်အားလိုပါသည်။

ကျမ်းစာတွင် “ကိုယ်ကိုယ်ကိုနှိမ့်ချပါ” ဟုပြန်ဆိုသောဟေဗြဲစကားလုံးသည် စာသားအတိုင်း “ကိုယ်ကိုယ်ကိုနင်းနယ်ဖိနှိပ်ပါ” အဓိပ္ပာယ်ရှိသည်။ သို့ဖြစ်၍ သုတ္တံကိုရေးသောပညာရှိက ဤသို့ဆုံးမပါသည်။ “ငါ့သား၊ . . . ကိုယ်နှုတ်မြွက်သောစကားဖြင့် ကျော့ဖမ်းခံရ [၍] သင်သည်အပေါင်းအဖော်တို့လက်တွင်းသို့ရောက်သော် လွတ်မြောက်ခွင့်ရစေရန် ထိုသူ့ထံ တိုးလျှိုးတောင်းပန် [ကိုယ်ကိုယ်ကိုနင်းနယ်ဖိနှိပ်] လော့။” (သု၊ ၆:၁-၃၊ သမာကျမ်း) ဆိုလိုသည်ကား မာနထောင်လွှားသောသဘောကိုဖယ်ထုတ်ပြီး သင့်အပြစ်ကိုဝန်ခံပါ။ ပြန်ပြေလည်ရန် ဖြေရှင်းလိုက်ပါ။

စစ်မှန်ရမည်

နှိမ့်ချပုံပေါက်သူတိုင်း စစ်မှန်သောစိတ်နှိမ့်ချမှုမရှိပါ။ နှိမ့်ချဟန်ရှိသူအချို့ဆိုလျှင် အမှန်မှာ မာန်မာနစိတ်ရှိပြီး မိမိလိုရာရရန် အစွမ်းကုန်ကြိုးစားလိမ့်မည်။ အချို့ဆိုလျှင် သူတစ်ပါးအထင်မြင်ကြီးခံလို၍ ဟန်ဆောင်နှိမ့်ချမှုဝတ်လုံကို ခြုံထားတတ်သည်။ ဥပမာ၊ ‘နှိမ့်ချယောင်ဆောင်’ သူအချို့ကို တမန်တော်ပေါလုတွေ့ဆုံခဲ့ရ၍ ယင်းသို့ပြုသူမည်သူမဆိုသည် အမှန်မှာ “ဇာတိပကတိ၏စိတ်နှလုံးအချည်းနှီးထောင်လွှားလျက်” သာရှိသည်ဟုဖော်ပြခဲ့သည်။ ဤကဲ့သို့သောသူသည် ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် စားသောက်ခြင်း၊ တစ်စုံတစ်ခုကိုကိုင်တွယ်ခြင်း၊ ဘာသာရေးပွဲနေ့ကျင်းပခြင်းတို့ကို ပြုမပြုအပေါ်မူတည်သည်ဟု မှားယွင်းစွာယူမှတ်ကြသည်။ မှန်သည်၊ အမြင်အားဖြင့် ဘုရားတရားကြည်ညို၍ နှိမ့်ချပုံရှိသော်လည်း သူ၏အတုအယောင်နှိမ့်ချမှုသည် အချည်းနှီးသက်သက် တန်ဖိုးမရှိဘဲဖြစ်လေသည်။ (ကောလောသဲ ၂:၁၈၊ ၂၃) ယင်းကြောင့် ဥစ္စာစည်းစိမ်ကိုစွန့်လွှတ်သူသည် အသက်ဆုချခံရမည်ဟု သူ့အားယူမှတ်စေသည်။ ရုပ်ဝါဒစိတ်ကို တစ်နည်းအားဖြင့်မွေးမြူစေသည်။ အကြောင်းမူကား၊ စည်းကမ်းကြပ်မတ်ပြီးရှောင်ကြဉ်နေခြင်းက မိမိရွံရှာပါသည်ဟုအဆိုပြုသည့် ရုပ်ပစ္စည်းများကိုအာရုံပြုစေသည်။

တစ်ဘက်ကကြည့်ပြန်လျှင် စစ်မှန်သောနှိမ့်ချမှုသည် ဝတ်စားဆင်ယင်ပုံနှင့်ဘဝပုံစံကို အရေးပေးသူမဖြစ်ရန် တားဆီးပေးသည်။ (၁ ယောဟန် ၂:၁၅-၁၇) နှိမ့်ချခြင်းဝတ်လုံကိုဝတ်ဆင်သောသူသည် မိမိကိုယ်ကိုလည်းကောင်း၊ မိမိအရည်အချင်းများကိုလည်းကောင်း အာရုံပြုကြရန် တမင်သွေးဆောင်မည်မဟုတ်ပါ။ ၄င်းအစား နှိမ့်ချမှုက သူတစ်ပါးနှင့်စာနာမှုရှိရှိဆက်ဆံရန်၊ မိမိအားဘုရားသခင်ကြည့်မြင်မည့်အတိုင်း ကိုယ်ကိုယ်ကိုမြင်တတ်ရန် အကူအညီပြုသည်။ မည်သို့အားဖြင့်နည်း။

ယေဟောဝါ၏ရှုမြင်ချက်

ဣသရေလနိုင်ငံအတွက် ဘုရင်အသစ်အားဘိသိက်ပေးရန် ပရောဖက်ရှမွေလအသင့်ရှိနေချိန်တွင် ယေရှဲ၏သား ဧလျာဘသည် ယေဟောဝါရွေးချယ်သူဖြစ်သည်ဟု သူယူမှတ်ခဲ့သည်။ သို့သော် ဘုရားသခင်ကရှမွေလအားဤသို့ဆိုသည်။ “သူ၏မျက်နှာ၊ သူ၏အရပ်ကိုမကြည့်မရှုနှင့်။ သူ့ကိုငါပယ်ပြီ။ ထာဝရဘုရား [ယေဟောဝါ၊ NW] သည်လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဍာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရား [ယေဟောဝါ၊ NW] မူကားနှလုံးကိုကြည့်ရှုတတ်သည်။” ယေရှဲ၏သားခုနစ်ဦး ငြင်းပယ်ခံခဲ့ရသည်။ ဘုရားရွေးချယ်သူကား သစ္စာရှိ၍နှိမ့်ချသူ ဒါဝိဒ်ဖြစ်သည်။—၁ ဓမ္မရာဇဝင် ၁၃:၁၄။ ၁၆:၄-၁၃။

နှိမ့်ချခြင်းဝတ်လုံသည် ဘုရားအလိုတော်နှင့်မတွေ့သော မာနထောင်လွှားရောင့်တက်ခြင်းမှ ကာကွယ်ပေးပါသည်။ “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” (ယာကုပ် ၄:၆) ကိုယ်တော်၏အမြင်ကို ဆာလံစကားကဖေါ်ပြသည်။ “ထာဝရဘုရား [ယေဟောဝါ၊ NW] သည်မြင့်မြတ်တော်မူသော်လည်း စိတ်နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သောသူတို့ကိုကား အဝေးကသိတော်မူ၏။” (ဆာလံ ၁၃၈:၆။ ၁ ပေတရု ၅:၅၊ ၆) ကိုယ်တော့်ကျေးကျွန်များထံမှ ကိုယ်တော်အဘယ်အရာတောင်းဆိုကြောင်း မိက္ခာ ၆:၈ ပါမေးခွန်းကထင်ရှားစွာပြသည်။ “တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရား [ယေဟောဝါ၊ NW] တောင်းတော်မူသနည်း။”

ဘုရားသခင်နှင့်ခရစ်တော် တင်ပြတော်မူခဲ့

ကျွန်ုပ်တို့နှိမ့်ချမှုတင်ပြရန် ယေဟောဝါတောင်းဆိုတော်မူသည်ကား အံ့ဩစရာမဟုတ်ပါ။ ယင်းသည် ကိုယ်တော်တိုင်၏အရည်အချင်းတစ်ခုပင်ဖြစ်သည်။ ရန်သူများလက်မှ မိမိအားဘုရားသခင်ကယ်နှုတ်တော်မူပြီးနောက် ဒါဝိဒ်ဤသို့သီဆိုခဲ့သည်။ “ကိုယ်တော် [ယေဟောဝါ] သည်ကယ်တင်တော်မူခြင်းဒိုင်းလွှားကိုအပ်၍ . . . ကိုယ်တော်တိုင်၏နှိမ့်ချမှုသည် အကျွန်ုပ်အားကြီးမြင့်စေတော်မူမည်။” (ဆာလံ ၁၈:၃၅၊ NW၊ ၂ ဓမ္မရာဇဝင် ၂၂:၁၊ ၃၆) ယေဟောဝါသည် အမြင့်မားဆုံးသောကောင်းကင်ဘဝဂ်ဝယ်ရှိသော်လည်း “ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့်မြေကြီးအရာတို့ကို ကြည့်ရှုတော်မူ [၏။] . . . ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက်၊ . . . မင်းသားတို့တွင် . . . နေရာပေးတော်မူ၏။” (ဆာလံ ၁၁၃:၅-၈) အပြစ်သားတို့အား ကရုဏာသက်ညှာမှုပြခြင်းအားဖြင့် ဘုရားသခင်သည် နှိမ့်ချကြောင်းတင်ပြသည်။ အပြစ်သားများနှင့်ကိုယ်တော်ဆက်ဆံပြီး အပြစ်အတွက်ပူဇော်သက္ကာအဖြစ် သားတော်ကိုပေးတော်မူခြင်းက ကိုယ်တော်၏နှိမ့်ချခြင်း၊ မေတ္တာတော်နှင့်အခြားအရည်အချင်းများကိုထင်ရှားစေသည်။—ရောမ ၅:၈၊ ၈:၂၀၊ ၂၁။

“နူးညံ့သိမ်မွေ့နှိမ့်ချသဘောရှိသော” ယေရှုခရစ်တော်သည် လူသားတို့တွင် နှိမ့်ချမှုအရှိဆုံးပုံသက်သေကိုတင်ပြခဲ့သည်။ (မဿဲ ၁၁:၂၉) တပည့်တော်များအားကိုယ်တော် ဤသို့ဆိုသည်။ “အကြင်သူသည် မိမိကိုယ်ကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်ရလတံ့။ အကြင်သူသည် မိမိကိုယ်ကိုနှိမ့်ချအံ့။ ထိုသူသည် ချီးမြှောက်ခြင်းသို့ရောက်လတံ့။” (မဿဲ ၂၃:၁၂) ထိုသို့ဆိုခြင်းကား အဟောသက်သက်မဟုတ်။ ကိုယ်တော်မသေမီညနေချိန်တွင် တမန်တော်များ၏ခြေကို ယေရှုဆေးကြောပေးတော်မူခဲ့သည်။ ယင်းအမှုကို ကျေကျွန်များသာပြုလေ့ပြုထရှိသည်။ (ယောဟန် ၁၃:၂-၅၊ ၁၂-၁၇) မြေကြီးပေါ်သို့မကြွလာမီ ဘုရားသခင်ကိုယေရှုနှိမ့်ချစွာအမှုတော်ဆောင်ခဲ့၍ ရှင်ပြန်ထမြောက်ပြီးကောင်းကင်သို့ချီးမြှင့်ခံရပြီးကတည်းကလည်း နှိမ့်ချမှုတင်ပြတော်မူခဲ့ပြီ။ ထိုကြောင့် ယုံကြည်သူချင်းတို့အားပေါလုက ‘သူတစ်ပါးသည် ကိုယ်ထက်သာသည်ဟုယူမှတ်’ ရန်နှင့်ယေရှုခရစ်၏နှိမ့်ချသောသဘောထားရှိရန် မှာကြားခဲ့သည်။—ဖိလိပ္ပိ ၂:၃၊ ၅-၁၁။

ဘုရားသခင်နှင့်ခရစ်တော်သည် နှိမ့်ချသောသဘောတင်ပြကြရာ ဘုရားသခင့်မျက်နှာသာတော်ရလိုသူများလည်း ဤအရည်အချင်းကိုတင်ပြရမည်။ ယခင်ကတစ်ခါတစ်ရံ မောက်မာထောင်လွှားခဲ့ဖူးလျှင် ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး ဘုရားသခင်ခွင့်လွှတ်ပါရန် ဆုတောင်းခြင်းသည် ပညာရှိရာကျသည်။ (၂ ရာဇဝင်ချုပ် ၃၂:၂၄-၂၆ နှင့်နှိုင်းယှဉ်) ဂုဏ်ဝင့်နေမည့်အစား ပေါလု၏သြဝါဒကို လိုက်နာကျင့်သုံးသင့်သည်။ “ဂုဏ်စည်းစိမ်ကိုငဲ့ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်းအဖော်လုပ်ကြလော့။” (ရောမ ၁၂:၁၆) နှိမ့်ချခြင်းသည် ကျွန်ုပ်တို့ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း မည်သို့အကျိုးပြုမည်နည်း။

နှိမ့်ချခြင်း၏အကျိုးကျေးဇူးများ

နှိမ့်ချမှု၏အကျိုးတစ်ခုကား ကြွားဝါခြင်းမှကာကွယ်ပေးသည်။ ဤနည်းဖြင့် သူတစ်ပါးအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာမရှိချေ။ မိမိ၏အောင်မြင်မှုတို့ကို လူများစွဲမက်နှစ်သက်ခြင်းမရှိလျှင်လည်း ကိုယ်တိုင်စိတ်အနှောင့်အယှက်ဖြစ်မည်မဟုတ်ပါ။ မိမိအကြောင်းကြွားလုံးထုတ်မည့်အစား ယေဟောဝါ၌ဝါကြွားသင့်သည်။—၁ ကောရိန္သု ၁:၃၁။

စိတ်နှိမ့်ချမှုသည် မြင့်မြတ်သောလမ်းပြမှုရရှိရန် အထောက်အမပြုသည်။ လမ်းပြညွှန်ကြားမှုရရန် ဘုရားသခင့်ရှေ့နှိမ့်ချမှုပြသောပရောဖက်ဒံယေလထံ ကောင်းကင်တမန်တစ်ပါးကို ဘုရားသခင်စေလွှတ်တော်မူခဲ့သည်။ (ဒံယေလ ၁၀:၁၂) ယေရုရှလင်ရှိဗိမာန်တော်အတွက်ရွှေငွေများနှင့်တကွ ယေဟောဝါလူမျိုးကို ဗာဗုလုန်မှဧဇရခေါ်ထုတ်သွားလုဆဲဆဲတွင် ဘုရားသခင့်ရှေ့သူတို့အားလုံးနှိမ့်ချမှုပြနိုင်ကြရန် အစာရှောင်ဖို့ကြေညာခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ အန္တရာယ်ထူပြောသောခရီးတစ်လျှောက် ရန်သူဘေးမှ ယေဟောဝါကာကွယ်ပေးတော်မူခဲ့သည်။ (ဧဇရ ၈:၁-၁၄၊ ၂၁-၃၂) ဘုရားပေးတာဝန်များကို ကိုယ့်ဉာဏ်၊ ကိုယ့်အစွမ်းဖြင့်ဆောင်ရွက်မည့်အစား ဒံယေလနှင့်ဧဇရနည်းတူ နှိမ့်ချစွာဖြင့် ယေဟောဝါ၏လမ်းပြမှုကိုတောင်းခံပါ။

နှိမ့်ချခြင်းဝတ်လုံကိုခြုံထားမည်ဆိုလျှင် သူတစ်ပါးကိုလေးစားပါမည်။ ဥပမာ၊ နှိမ့်ချသောကလေးသူငယ်များသည် မိဘကိုရိုသေမည်။ မိဘစကားနားထောင်မည်။ နှိမ့်ချမှုသည် မျက်နှာလိုက်ခြင်းမရှိသည့်အတွက် လူမျိုးမတူ၊ နောက်ခံကွာခြားသည့် ယုံကြည်သူချင်းတို့ကို နှိမ့်ချသောခရစ်ယာန်များသည် လေးစားမှုပြကြမည်။—တမန်တော် ၁၀:၃၄၊ ၃၅၊ ၁၇:၂၆။

စိတ်နှိမ့်ချမှုသည် ချစ်ခြင်းမေတ္တာနှင့်ငြိမ်သက်မှုကိုဖြစ်ပွားစေသည်။ နှိမ့်ချမှုရှိသူသည် ကိုယ့်အခွင့်အရေးကိုယ်ရရေးအတွက် ယုံကြည်သူချင်းတို့ကို ရန်မူမည်မဟုတ်ပါ။ တည်ဆောက်မှုဖြစ်စေမည့်အရာများကိုသာ ပေါလုပြုခဲ့သည်။ ညီအစ်ကို၏သြတ္တပ္ပစိတ်ကိုလည်း အနှောင့်အယှက်မဖြစ်စေလိုခဲ့ပါ။ (ရောမ ၁၄:၁၉-၂၁။ ၁ ကောရိန္သု ၈:၉-၁၃၊ ၁၀:၂၃-၃၃) မိမိအားပြုသောအပြစ်များကို ခွင့်လွှတ်စေခြင်းဖြင့် ချစ်ခြင်းနှင့်ငြိမ်သက်မှုရှိရန် နှိမ့်ချမှုကကူညီပေးသည်။ (မဿဲ ၆:၁၂-၁၅၊ ၁၈:၂၁၊ ၂၂) မိမိကြောင့် စိတ်ထိခိုက်နေသူထံသွား၍ အမှားဝန်ခံပြီး ခွင့်လွှတ်ဖို့တောင်းပန်ရန်၊ အသင့်အတင့်ပြန်ရှိရန် အတတ်နိုင်ဆုံးကြိုးစားဖို့ နှိမ့်ချမှုကကူမပေးသည်။ (မဿဲ ၅:၂၃၊ ၂၄။ လုကာ ၁၉:၈) စိတ်ထိခိုက်နေသူ မိမိထံချဉ်းကပ်လျှင် မေတ္တာရှေ့ထားပြီး ပြေလည်မှုရှိလာစေရန် နှိမ့်ချမှုကကူညီပေးမည်။—မဿဲ ၁၈:၁၅။ လုကာ ၁၇:၃။

နှိမ့်ချမှုပြမှသာ ကယ်တင်ခြင်းရရှိနိုင်မည်။ ဥပမာ၊ ဘုရားသခင်နှင့်စပ်လျဉ်း၍ ဤသို့ဆိုထားသည်။ “နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍ မာနထောင်လွှားသောသူတို့ကိုကား ရှုတ်ချခြင်းငှာ ကြည့်မှတ်တော်မူ၏။” (၂ ဓမ္မရာဇဝင် ၂၂:၂၈) “သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရား” ရှိရေးအတွက် ဘုရင်မင်းမြတ်ယေရှုခရစ် “ချီတက်တော်မူ” သည့်အခါ ခမည်းတော်နှင့်မိမိရှေ့နှိမ့်ချမှုပြသူတို့ကို ကိုယ်တော်ကယ်တင်မည်။ (ဆာလံ ၄၅:၄ သတင်းကောင်း) နှိမ့်ချမှုပြသူတို့သည် ဤစကားများကြောင့် သက်သာမှုရရှိနိုင်မည်။ “တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရ [ယေဟောဝါ၊ NW] ဘုရားကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်းရှာကြလော့။ ထာဝရ [ယေဟောဝါ၊ NW] ဘုရားအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။”—ဇေဖနိ ၂:၃။

နှိမ့်ချမှုနှင့်ဘုရားသခင့်အဖွဲ့အစည်း

အဖွဲ့အစည်းတော်ကိုတန်ဖိုးထားလေးစားရန် ဘုရားသခင့်လူမျိုးအား စိတ်နှိမ့်ချခြင်းကဦးတည်ပေးသည်။ သမာဓိရှိသူများအဖြစ် အဖွဲ့အစည်းနှင့်တွဲဖက်နေစေသည်။ (ယောဟန် ၆:၆၆-၆၉ နှင့်နှိုင်းယှဉ်) မိမိရရှိရန်မျှော်လင့်ခဲ့သော လုပ်ငန်းတော်အခွင့်အရေးတစ်ခုကိုမရလျှင် အသင်းတော်၌တာဝန်ယူထမ်းဆောင်သူများနှင့် ဆက်တွဲဖက်လုပ်ကိုင်ရန် နှိမ့်ချမှုကကူညီပေးလိမ့်မည်။ ထိုသို့နှိမ့်ချစွာဝိုင်းဝန်းထောက်မခြင်းသည် ပုံသက်သေကောင်းဖြစ်စေသည်။

တစ်ဘက်ကကြည့်ပြန်လျှင် ယေဟောဝါလူမျိုးတော်တွင် လုပ်ငန်းတော်အခွင့်အရေးများရရှိထားသဖြင့် ဝင့်ဝါသောသဘောမရှိရန် နှိမ့်ချမှုကချုပ်ထိန်းပေးမည်။ ဘုရားသခင့်အဖွဲ့အစည်းတွင် လုပ်ကိုင်ခွင့်ရရှိသောလုပ်ငန်းအတွက် ချီးမွမ်းခံချင်စိတ်မရှိရန် ယင်းကတားဆီးမည်။ ထို့ပြင် အကြီးအကဲများအဖြစ် အမှုတော်ထမ်းနေရလျှင် နှိမ့်ချမှုက ဘုရားသခင့်သိုးတော်စုကို တယုတယဆက်ဆံရန် ကူညီပေးပါမည်။—တမန်တော် ၂၀:၂၈၊ ၂၉။ ၁ ပေတရု ၃:၈။

စိတ်နှိမ့်ချခြင်းနှင့်ပဲ့ပြင်မှု

နှိမ့်ချခြင်းဝတ်လုံသည် ပဲ့ပြင်မှုကိုခံယူစေသည်။ နှိမ့်ချသူများသည် ယဇ်ပုရောဟိတ်တာဝန်များကို လုယူသည်အထိ ထောင်လွှားခဲ့သော ယုဒဘုရင်သြဇိကဲ့သို့ပြုမူကြမည်မဟုတ်။ “ထာဝရ [ယေဟောဝါ၊ NW] ဘုရားကိုပြစ်မှား၍ နံ့သာပေါင်းကိုမီးရှို့ခြင်းငှာ ဗိမာန်တော်ထဲသို့ဝင်လေ၏။” ယဇ်ပုရောဟိတ်များ၏ပဲ့ပြင်မှုကိုခံရသဖြင့် ဩဇိသည် အမျက်ထွက်သောအခါ နူနာစွဲလေသည်။ နှိမ့်ချမှုမရှိခြင်းကြောင့် အကျိုးနည်းလှလေချင်း။ (၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၁။ သု၊ ၁၆:၁၈) ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့်အဖွဲ့အစည်းမှလာသော ဘုရားသခင်၏ပဲ့ပြင်မှုကို မာနကြီးသောသြဇိလက်မခံနိုင်သကဲ့သို့ ဘယ်သောအခါမျှမဖြစ်ပါစေနှင့်။

ယင်းနှင့်စပ်လျဉ်း၍ ဘိသိက်ခံဟေဗြဲခရစ်ယာန်များအား ပေါလုဤသို့ပြောခဲ့သည်။ ‘ငါ့သား၊ ထာဝရ [ယေဟောဝါ၊ NW] ဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။ ထာဝရ [ယေဟောဝါ၊ NW] ဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူတတ်၏’ ဟု . . . သင်တို့ကိုပြောဆိုသောသြဝါဒစကားကို မေ့လျော့ကြသလော။ . . . ဆုံးမခြင်းမည်သည်ကား ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း ဆုံးမခြင်းကိုခံရသောသူတို့သည် နောက်မှငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကိုခံရကြ၏။” (ဟေဗြဲ ၁၂:၅-၁၁) “အပြစ်ကိုပြတတ်သောသြဝါဒစကားသည် အသက်လမ်းဖြစ်” သည်ကိုလည်း မမေ့ပါနှင့်။—သု၊ ၆:၂၃။

နှိမ့်ချမှုဝတ်လုံကို အစဉ်ခြုံထား

နှိမ့်ချမှုဝတ်လုံကိုခရစ်ယာန်များသည် အမြဲဝတ်ဆင်ထားရန် အလွန်အရေးကြီးသည်။ “ထာဝရအသက်လက်ခံရန်စိတ်ရှိသူ” များကိုရှာတွေ့ရန် နှိမ့်ချစွာဖြင့် တစ်အိမ်မှတစ်အိမ်သက်သေခံသည့် ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူများအဖြစ် ဆက်အမှုဆောင်ရန် ယင်းကလှုံ့ဆော်ပေးသည်။ (တမန်တော် ၁၃:၄၈။ ၂၀:၂၀) မာနထောင်လွှားသော ရန်မူသူများသည် ကျွန်ုပ်တို့၏ဖြောင့်မတ်သောလမ်းစဉ်ကို မုန်းကြသော်လည်း အရာရာ၌ ဘုရားသခင်၏စကားကိုနားထောင်ရန် နှိမ့်ချမှုကကူမပေးသည်။—ဆာလံ ၃၄:၂၁။

စိတ်နှိမ့်ချမှုသည် “ထာဝရ [ယေဟောဝါ၊ NW] ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ကိုးစားရန် တိုက်တွန်းပေးသည့်အတွက်” ကိုယ်တော်သည် ကျွန်ုပ်တို့လမ်းခရီးကို ဖြောင့်စင်းစေသည်။ (သု၊ ၃:၅၊ ၆) အမှန်မှာ၊ ဤကောင်းမြတ်သောအရည်အချင်းကိုဝတ်ဆင်ထားမှသာလျှင် ဘုရားသခင်နှင့်အတူ အမှန်သွားလာပြီး ကိုယ်တော်၏မျက်နှာသာနှင့်ကောင်းချီးကိုခံစားရမည်ဖြစ်သည်။ တပည့်တော်ယာကုပ်ရေးသားခဲ့သည့်အတိုင်း “[ယေဟောဝါ၊ NW] ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုယ်ကိုနှိမ့်ချကြလော့။ သို့ပြုလျှင် သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။” (ယာကုပ် ၄:၁၀) ထို့ကြောင့် ယေဟောဝါဘုရားသခင်ပုံစံဖေါ်ထားသည့် တင့်တယ်လှပသော နှိမ့်ချခြင်းဝတ်လုံကို ဝတ်ဆင်ကြစို့လေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ