ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်ကြောင်း ကနဦးအသင်းတော်ကသွန်သင်ခဲ့သလော
အပိုင်း ၁ - ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များသည် သုံးပါးတစ်ဆူအယူဝါဒကို သွန်သင်ခဲ့သလော
ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များသည် သုံးပါးတစ်ဆူအယူဝါဒကို သွန်သင်ခဲ့သလော။ နောက်ပိုင်းရာစုများစွာမှ အသင်းတော်ခေါင်းဆောင်များကကော သွန်သင်ခဲ့သလော။ ယင်း၏မူလအစကားမည်သို့နည်း။ ဤယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ အမှန်တရားကိုသိရှိရန် အဘယ်ကြောင့်အရေးကြီးသနည်း။ ဤစာစောင်တွင် အပိုင်းတစ်မှအစပြု၍ ကင်းမျှော်စင် သည်ဤမေးခွန်းများကို အခန်းဆက်များဖြင့် ဆွေးနွေးသွားပါမည်။ အခြားအခန်းဆက်ဆောင်းပါးများ နောက်ပိုင်းစာစောင်တွင် ပါလာပါမည်။
သမ္မာကျမ်းစာကို ဘုရားနှုတ်ကပါဌ်တော်အဖြစ် အသိအမှတ်ပြုသူများသည် ဖန်ဆင်းရှင်အကြောင်း အခြားသူများအားသင်ပေးရန် သူတို့၌တာဝန်ရှိကြောင်း အသိအမှတ်ပြုကြသည်။ ဘုရားနှင့်စပ်လျဉ်း၍ သူတို့သင်ပေးသည့်အရာသည် မှန်ကန်ရမည်ကိုလည်း သူတို့သဘောပေါက်ကြသည်။
အမှန်ကိုမပြောခဲ့သည့်အတွက် ဘုရားရှင်သည်ယောဘကို “နှစ်သိမ့်သူများ” အားပြစ်တင်ဆုံးမခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်ယောဘအား မိန့်တော်မူပြီးမှ တေမန်အမျိုးသားဧလိဖတ်အားလည်း ‘သင်နှင့်သင်၏အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက်ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့ သင်တို့သည်မပြော’ ဟုမိန့်တော်မူ၏။—ယောဘ ၄၂:၇။
တမန်တော်ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းကိုဆွေးနွေးခဲ့စဉ် သူကကျွန်ုပ်တို့သည် ဘုရားသခင်၏လုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ မမှန်သည်ကိုသွန်သင်လျှင် ကျွန်ုပ်တို့သည် “ဘုရားသခင်၏အမှုမှာ မမှန်သောသက်သေခံများဖြစ်ကြ၏” ဟုဆိုခဲ့သည်။ (၁ ကောရိန္သု ၁၅:၁၅) ထမြောက်ခြင်းနှင့်စပ်လျဉ်း၍ ထိုသို့ဖြစ်လျှင် ဘုရားရှင်မည်သူနည်းဟူသည့်သွန်သင်ချက်ကို ကျွန်ုပ်တို့သွန်သင်သည့်အခါ မည်မျှဂရုစိုက်ရန်လိုအပ်ပါသည်တကား။
သုံးပါးတစ်ဆူအယူဝါဒ
ခရစ်ယာန်ဘောင်၏အသင်းအားလုံးနီးပါးက ဘုရားသည်သုံးပါးတစ်ဆူဖြစ်ကြောင်း သွန်သင်ကြသည်။ The Catholic Encyclopedia စွယ်စုံကျမ်းက သုံးပါးတစ်ဆူသွန်သင်ချက်ကို “ခရစ်ယာန်ဘာသာရေး၏ အချက်အချာအယူဝါဒ” ဟုခေါ်ဆိုကာ ဤသို့အနက်ဖွင့်သည်။
“ဘုရားသခင့်ဇာတိတော်၏စည်းလုံးမှုတွင် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သော ပုဂ္ဂိုလ်သုံးပါးရှိ၍ ဤသုံးပါးသည်တစ်ပါးမှတစ်ပါး အမှန်ပင်ကွဲပြားခြားနားသည်။ ထို့ကြောင့်အာသန်နေစီယန်အယူဝါဒတွင် ‘ခမည်းတော်သည်ဘုရား၊ သားတော်သည်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်သည်ဘုရားဖြစ်သည်။ သို့တိုင်၊ ၄င်းတို့သည် ဘုရားသုံးဆူမဟုတ်ဘဲ တစ်ဆူဖြစ်သည်’ . . . ထိုပုဂ္ဂိုလ်တို့သည် ထာဝစဉ်အတူတကွရှိ၍ တန်းတူရည်တူဖြစ်ကာ သူတို့အားလုံးသည် ဖန်ဆင်းခြင်းမခံရဘဲ အနန္တတန်ခိုးနှင့်ပြည့်စုံသည်။”
The Baptist Encyclopœdia စွယ်စုံကျမ်းက အလားတူအနက်ဖွင့်သည်။ ယင်းကဤသို့ဆိုသည်။
“[ယေရှု] သည် . . . ထာဝရယေဟောဝါ . . . သန့်ရှင်းသောဝိညာဉ်တော်သည်ယေဟောဝါဖြစ်သည် . . . သားတော်နှင့်ဝိညာဉ်တော်ကို ခမည်းတော်နှင့်ထပ်တူထပ်မျှထားသည်။ ခမည်းတော်သည် ယေဟောဝါဖြစ်လျှင် သူတို့လည်းဖြစ်သည်။”
ဆန့်ကျင်သူများအဆက်ဖြတ်ခံရ
စီအီး ၃၂၅ ခုနှစ်တွင်၊ အာရှမိုင်းနား၊ နိုက်စီရာရှိ ဂိုဏ်းချုပ်ကောင်စီက ခမည်းတော်သည် “ဘုရားမှန်” ဖြစ်သကဲ့သို့ ဘုရားသားတော်ကို “ဘုရားမှန်” အဖြစ်ကြေညာခဲ့သည့် အယူဝါဒကိုပြဌာန်းခဲ့သည်။ ထိုအယူတွင်ဤသို့ဆိုသည်။
“သို့သော် [သားတော်] မရှိခဲ့သည့် [အချိန်] ရှိသည်၊ မမွေးဖွားမီကိုယ်တော်မရှိခဲ့၊ ကိုယ်တော်သည်ဘာမှမရှိသည်မှ ဖြစ်ပေါ်လာသည် သို့မဟုတ် ဘုရားသားတော်သည်သီးခြားပုဂ္ဂိုလ် သို့မဟုတ် ဖန်ဆင်းခံရသည် သို့မဟုတ် ပြုပြင်ပြောင်းလဲခံရနိုင်သည် ဆိုသူများကိုအသင်းမှ အဆက်ဖြတ်သည်။”
သို့ဖြင့်၊ ဘုရားသားတော်သည် ခမည်းတော်နှင့်ထာဝစဉ်အတူရှိသည် သို့မဟုတ် သားတော်သည် ဖန်ဆင်းခံရသည်ဟု ယုံကြည်သူများကို ထာဝရအပြစ်ခံရာသို့ လွှဲအပ်သည်။ ယင်းကသာမန်ယုံကြည်သူများအပေါ် သဘောတူညီရန်ဖိအားပေးပုံကို စဉ်းစားကြည့်နိုင်သည်။
၃၈၁ စီအီးတွင် ကောန်စတင်တီနိုပယ်မြို့၌ နောက်ထပ်ကောင်စီစုဝေးခဲ့ကာ သန့်ရှင်းသောဝိညာဉ်တော်ကို ကိုးကွယ်သင့်ပြီး ခမည်းတော်နှင့်သားတော်ကဲ့သို့ ဂုဏ်တင်သင့်ကြောင်း ကြေညာခဲ့သည်။ တစ်နှစ်ကြာပြီးနောက်၊ ၃၈၂ စီအီးတွင်၊ ကောန်စတင်တီနိုပယ်မြို့တွင် နောက်ထပ်စည်းဝေးကာ သန့်ရှင်းသောဝိညာဉ်တော်၏ ဘုရားအပြည့်အဝဖြစ်တော်မူပုံကို ခိုင်မာစေခဲ့သည်။ ထိုနှစ်တွင်၊ ရောမကောင်စီရှေ့တွင် ပုပ်ဒမတ်စ်ကအသင်းတော်၏ပြစ်တင်ရှုတ်ချခံရမည့် သွန်သင်ချက်များကို တင်ပြခဲ့ရာ အောက်ပါများပါဝင်ခဲ့သည်၊
“တစ်ဦးတစ်ယောက်က ခမည်းတော်သည် ထာဝရဖြစ်ကြောင်း၊ သားတော်သည်ထာဝရဖြစ်ကြောင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်သည် ထာဝရဖြစ်ကြောင်းငြင်းပယ် . . . သူ . . . ။”
“တစ်ဦးတစ်ယောက်က ခမည်းတော်သည်ဘုရားမှန်ဖြစ်သကဲ့သို့ ဘုရားသားတော်သည် ဘုရားမှန်ဖြစ်ကြောင်း၊ တန်ခိုးအလုံးစုံပိုင်သကြောင်း၊ အရာခပ်သိမ်းကိုသိတော်မူကြောင်းနှင့် ခမည်းတော်နှင့်တူညီကြောင်းကိုငြင်းပယ် . . . သူ . . . ။”
“တစ်ဦးတစ်ယောက်က သန့်ရှင်းသောဝိညာဉ်တော်သည် . . . ဘုရားမှန်ဖြစ်ကြောင်း . . . တန်ခိုးအလုံးစုံရှိ၍ အရာခပ်သိမ်းကိုသိတော်မူကြောင်းကိုငြင်းပယ် . . . သူ . . .။”
“တစ်ဦးတစ်ယောက်က ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် သုံးပါးသည် တကယ့်ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ တူညီကြောင်း၊ ထာဝရဖြစ်ကြောင်း၊ မျက်မြင်ရနှင့်မျက်မြင်မရအရာခပ်သိမ်းပါဝင်ကြောင်းနှင့် သူတို့သည်အနန္တတန်ခိုးရှင်ဖြစ်ကြောင်း ငြင်းဆန် . . . သူ . . . ။”
“တစ်ဦးတစ်ယောက်က၊ အသွေးအသားအဖြစ်ခံယူခဲ့သူ [သားတော်] သည်မြေကြီးပေါ်တွင်ရှိစဉ် ကောင်းကင်တွင်ခမည်းတော်နှင့်အတူမရှိနေဟု ပြောသူ . . . ။”
“တစ်ဦးတစ်ယောက်က ခမည်းတော်သည်ဘုရား၊ သားတော်သည်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်ကြောင်းပြောဆိုစဉ် . . . သူတို့သည် တစ်ဆူတည်းသောဘုရားဖြစ်ကြောင်းငြင်းဆို. . . သူ . . . ။”
အထက်ပါအကြောင်းကို လက်တင်မှဘာသာပြန်ခဲ့သော ဂျေစွတ်ပညာတတ်များက ဤသို့ထပ်ဆင့်ခဲ့သည်။ “ပုပ်ရဟန်းမင်းစိန့်ကယ်လစ်တင်း ၁ (၄၂၂-၃၂) က ဤကျမ်းဂန်ပညတ်များကို သုံးသပ်ခဲ့ကြောင်းထင်ရှားသည်။ ယင်းတို့ကိုယုံကြည်ခြင်း၏အနက်ဖွင့်ချက်ဟု မှတ်ယူနိုင်သည်။” ပညာတတ် အက်ဒ်မွန်ဒ်ဂျော့ဖော့တ်မင်က ထိုကျမ်းဂန်သည် “ခိုင်လုံ၊ ခိုင်မာသောသုံးပါးတစ်ဆူအယူဝါဒ” ကိုကိုယ်စားပြုသည်ဟုဆိုခဲ့သည်။
အသင်သည် သုံးပါးတစ်ဆူသွန်သင်ချက်ကိုလက်ခံသော အသင်းတစ်ခု၏အသင်းသားတစ်ဦးဖြစ်လျှင် ဤဖွင့်ပြချက်များအတိုင်း ယုံကြည်ခြင်းဖြစ်ပါသလော။ အသင်းတော်များသွန်သင်သည့် သုံးပါးတစ်ဆူအယူဝါဒတွင် ယုံကြည်သည်ဆိုရာ၌ ယေရှုသည်မြေကြီးပေါ်တွင်ရှိစဉ် ကောင်းကင်၌လည်းရှိသည်ဟု သင်ယုံကြည်ရန်လိုအပ်ကြောင်းကို သင်သိရှိပါသလော။ ဤသွန်သင်ချက်သည် လေးရာစုမှအသင်းလူကြီးဖြစ်သူ အာသန်နနီယစ်၏ On the Incarnation စာအုပ်တွင်ဖော်ပြသည်နှင့်အလားတူသည် -
“နှုတ်ကပါဌ်တော် [ယေရှု] သည်မိမိ၏ခန္ဓာဖြင့် ကန့်သတ်မထားချေ။ ကိုယ်တော်၏ရောက်ရှိနေခြင်းသည် အခြားနေရာတွင် ကိုယ်တော်၏အလားတူရောက်ရှိနေခြင်းကိုလည်း မတားဆီးချေ။ ကိုယ်တော်သည် မိမိ၏ခန္ဓာကိုရွှေ့ပြောင်းသောအခါ စကြဝဠာကို မိမိ၏စိတ်နှင့်တန်ခိုးဖြင့် ညွှန်ကြားခြင်းမှလည်းရပ်ဆိုင်းမသွားချေ။ . . . ကိုယ်တော်သည် စကြဝဠာတစ်ခုလုံးအတွက် အသက်၏အရင်းအမြစ်ဖြစ်တုန်းပင်၊ ယင်း၏အစိတ်အပိုင်းတိုင်းတွင်ရှိသည်၊ သို့တိုင်၊ တစ်ခုလုံး၏ပြင်ပတွင်ရှိသည်။”
သုံးပါးတစ်ဆူအယူ၏ဆိုလိုပုံ
အချို့က၊ သုံးပါးတစ်ဆူသွန်သင်ချက်ဟူသည် ယေရှုကိုဘုရားဇာတိ သို့မဟုတ် ဘုရားအဖြစ်မှတ်ယူခြင်းမျှသာဖြစ်သည်ဟု ဆိုကြသည်။ အချို့အတွက်မူ၊ သုံးပါးတစ်ဆူ ယုံကြည်ခြင်းသည် ခမည်းတော်၊ သားတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်တွင် ယုံကြည်ခြင်းမျှသာဖြစ်သည်။
သို့သော်ခရစ်ယာန်ဘောင်၏အယူကို အနီးကပ်လေ့လာသောအခါ ထိုသို့သောအယူများသည် နည်းလမ်းအယူဝါဒအတိုင်းလုံးလုံးမဟုတ်ကြောင်း ဖော်ပြသည်။ အသိအမှတ်ပြုရှင်းပြချက်များက သုံးပါးတစ်ဆူဝါဒသည် အယူတစ်ခုမျှသာမဟုတ်ကြောင်းထင်ရှားသည်။ သို့အစား၊ ယင်းသည်အချိန်ကြာမြင့်စွာကပင် အတူတကွယူဆောင်လာသော ပေါင်းစပ်ထားသည့် သီးခြားအယူဖြစ်ပြီး တစ်ခုနှင့်တစ်ခုချိတ်ဆက်ထားခဲ့သည်။
စီအီး ၃၈၁၊ ကောန်စတင်တီနိုပယ်ကောင်စီပြီးနောက် ပေါ်လာသောသုံးပါးတစ်ဆူအယူ၊ စီအီး ၃၈၂ ဒမစပ်စ်ကျမ်း၊ နောက်ပိုင်းအတန်ကြာတွင်ပေါ်လာသော အာသန်နေစီယန်အယူဝါဒနှင့် အခြားစာရွက်စာတမ်းများတွင် ဖော်ပြချက်အရ ခရစ်ယာန်ဘောင်က သုံးပါးတစ်ဆူအယူဟူသည် ဘာကိုဆိုလိုကြောင်း ထင်ရှားစွာသိရှိနိုင်သည်။ ယင်းတွင်အောက်ပါယတိပြတ်အယူများပါဝင်သည် -
၁။ ဘုရားဇာတိတော်တွင် ခမည်းတော်၊ သားတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်ဟူသည့် ပုဂ္ဂိုလ်သုံးပါးပါဝင်သည်။
၂။ ဤသီးခြားသုံးပါးမှတစ်ပါးစီသည် ထာဝရတည်ရှိသည်ဟုဆိုပြီး အချိန်အားဖြင့် တစ်ပါးထက်တစ်ပါး ရှေ့ကျခြင်း၊ နောက်ကျ၍ပေါ်လာခြင်းမရှိချေ။
၃။ တစ်ပါးစီသည် အနန္တတန်ခိုးရှင်ဟုဆိုကြပြီး တစ်ပါးထက်တစ်ပါးပို၍ကြီးခြင်း (ဝါ) ငယ်ခြင်းမရှိချေ။
၄။ တစ်ပါးစီသည် အရာခပ်သိမ်းကိုသိရှိသည်ဟုဆိုသည်။
၅။ တစ်ပါးစီသည် ဘုရားမှန်ဟုဆိုသည်။
၆။ သို့သော်၊ ဘုရားသုံးပါးမရှိဘဲ တစ်ဆူတည်းသာရှိသည်ဟုဆိုသည်။
အသေးစိတ်ဆန်းစစ်သောအခါ သုံးပါးတစ်ဆူဝါဒသည် အထက်ပါအရေးပါသောအချက်များနှင့် ထိုထက်မကပါဝင်သည့် ပေါင်းစပ်ထားသောအယူဖြစ်သည်မှာ ရှင်းနေသည်။ သို့သော်ကျွန်ုပ်တို့သည် အထက်ပါအခြေခံအယူကိုသာသုံးသပ်လျှင်၊ ယင်းတို့မှတစ်ခုခုကိုဖယ်ရှားလိုက်လျှင် ကျန်ကြွင်းသည်မှာ ခရစ်ယာန်ဘောင်အယူမဟုတ်တော့ချေ။ ရုပ်လုံးပေါ်လာဖို့ ဤအစိတ်အပိုင်းအားလုံးရှိနေရမည်။
“သုံးပါးတစ်ဆူ” အသုံးအနှုန်းကို ဤသို့ပိုမိုနားလည်လာသည့်အလျောက် ကျွန်ုပ်တို့ယခုမေးနိုင်သည်၊ ယင်းသည် ယေရှုနှင့်ကိုယ်တော့်တပည့်တော်များ၏ သွန်သင်ချက်ဖြစ်ပါသလော။ သို့ဖြစ်လျှင်၊ ယင်းသည် ကျွန်ုပ်တို့ခေတ်သက္ကရာဇ်ပထမရာစုတွင် အပြည့်အဝတည်ရှိပြီးဖြစ်သင့်သည်။ သူတို့သွန်သင်ချက်ကို သမ္မာကျမ်းစာတွင် တွေ့မြင်ရရာ သုံးပါးတစ်ဆူအယူဝါဒသည် သမ္မာကျမ်းစာသွန်သင်ချက် ဖြစ်မည် သို့မဟုတ် မဖြစ်တစ်ခုခုသာတည်း။ အကယ်၍ဖြစ်လျှင်၊ ယင်းကိုသမ္မာကျမ်းစာတွင် ရှင်းလင်းစွာသွန်သင်ထားသင့်သည်။
အထူးသဖြင့်အချို့ယုံကြည်သူများသည် ဘုရားအတွက်သူတို့၏အသက်ကိုပင်ပေးရန်လိုအပ်မည်ဆိုလျှင်၊ ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များသည် ဘုရားနှင့်စပ်လျဉ်း၍သွန်သင်ရာ၌ ဘုရားမည်သူမည်ဝါဖြစ်သည်ကိုမူ မပြောပြဟုယူမှတ်လျှင် ကျိုးကြောင်းညီညွတ်မည်မဟုတ်ချေ။ ထို့ကြောင့်ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များသည် အခြားသူများအား ဤအရေးကြီးသောအယူဝါဒကို သွန်သင်ခြင်းအား ဦးစားပေးသင့်ပေမည်။
ကျမ်းစောင်များကိုစူးစမ်းခြင်း
တမန်တော် အခန်းကြီး ၁၇၊ အခန်းငယ် ၁၁ တွင်မြို့သားများကို “ထူးမြတ်” သည်ဟုခေါ်ဆိုထားသည်၊ အကြောင်းမှာသူတို့သည် တမန်တော်ပေါလုသွန်သင်သည်များ “မှန်သည်မမှန်သည်ကိုသိခြင်းငှာ ကျမ်းစာကိုနေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုကြ၏။” တမန်တော်တစ်ဦး၏သွန်သင်ချက်များကိုပင် ပိုမိုခိုင်လုံစေရန် ကျမ်းစာကိုအသုံးပြုဖို့ သူတို့အားပေးခံခဲ့ရသည်။ သင်လည်းအလားတူ ပြုမူသင့်သည်။
ကျမ်းစာသည် “ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်” ကြောင်းစိတ်ထဲထားလျက် “ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှာ [အပြည့်အဝ၊ ကဘ] ပြင်ဆင်သောသူဖြစ်မည်အကြောင်း ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်” ရန်အတွက် အသုံးပြုဖို့ဖြစ်သည်။ (၂တိမောသေ ၃:၁၆၊ ၁၇) ထို့ကြောင့်သမ္မာကျမ်းစာသည် အယူဝါဒပိုင်းဆိုင်ရာတွင် ပြည့်စုံသည်။ သုံးပါးတစ်ဆူအယူသည်မှန်ကန်လျှင် ကျမ်းစာတွင်ရှိသင့်သည်။
ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များသည် သုံးပါးတစ်ဆူကိုသွန်သင်,မသင် သင်ကိုယ်နှိုက်သိရှိရန် သမ္မာကျမ်းစာကို အထူးသဖြင့်ခရစ်ယာန်ဂရိကျမ်း ၂၇ စောင်ကိုစူးစမ်းဖို့ သင့်အားကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။ စူးစမ်းစဉ် သင့်ကိုယ်ကိုဤသို့မေးပါ -
၁။ ကျွန်ုပ်သည် “သုံးပါးတစ်ဆူ” ဟုဖော်ပြသည့် ကျမ်းချက်တွေ့နိုင်ပါမည်လော။
၂။ ဘုရားသည်ခမည်းတော်၊ သားတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည့် သီးခြားပုဂ္ဂိုလ်သုံးပါးပေါင်းထားပြီး ထိုသုံးပါးသည် တစ်ဆူတည်းဖြစ်သည်ဟူသည့် ကျမ်းချက်ကျွန်ုပ်တွေ့နိုင်ပါမည်လော။
၃။ ခမည်းတော်၊ သားတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်သည် ထာဝရအဖြစ်၊ တန်ခိုး၊ အဆင့်၊ ဉာဏ်ပညာစသည့် အရာရာတွင်တူညီသည်ဟူသည့် ကျမ်းချက်ကျွန်ုပ်တွေ့နိုင်ပါမည်လော။
သင်မည်မျှစေ့စပ်စွာရှာစေကာမူ သုံးပါးတစ်ဆူဟုသုံးထားသည့် ကျမ်းချက်တစ်ချက်ပင်တွေ့မည်မဟုတ်ချေ၊ ခမည်းတော်၊ သားတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်သည် ထာဝရအဖြစ်၊ တန်ခိုး၊ အဆင့်၊ ဉာဏ်ပညာကဲ့သို့မျိုးတွင် အရာရာ၌တူညီသည်ဟူ၍ပြောသည့်ကျမ်းချက်လည်း တစ်ချက်မျှသင်တွေ့မည်မဟုတ်ချေ။ သားတော်သည် ခမည်းတော်နှင့်ထိုနည်းလမ်းများတွင် တူညီသည်ဟုပြောသည့် ကျမ်းချက်တစ်ချက်မျှမရှိချေ။ ထိုသို့သောကျမ်းချက်ရှိလျှင်လည်း သုံးပါးတစ်ဆူကိုသက်သေထူမည်မဟုတ်ဘဲ အလွန်ဆုံး “နှစ်ပါး” ကိုသာပြမည်။ မည်သည့်နေရာတွင်မျှ သမ္မာကျမ်းစာသည် သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်နှင့်တန်းတူမထားချေ။
ပညာတတ်အများပြောဆိုကြပုံ
သုံးပါးတစ်ဆူဝါဒီများအပါအဝင် ပညာတတ်အများသည် သမ္မာကျမ်းစာတွင် တကယ့်သုံးပါးတစ်ဆူအယူ မပါဝင်ကြောင်းဝန်ခံကြသည်။ ဥပမာ၊ The Encyclopedia of Religion ကဤသို့ဆိုသည် -
“ကျမ်းအနက်ပြန်သူများနှင့် ဘာသာရေးဆရာများက ဟေဗြဲကျမ်းစောင်တွင် သုံးပါးတစ်ဆူအယူမပါဝင်ကြောင်း သဘောတူညီကြသည်။ . . . ဟေဗြဲကျမ်းစာက ဘုရားသခင်ကို ဣသရေလ၏ဘုရားအဖြစ်၊ ဘုရားရှင်ကို နှုတ်ကပါဌ်တော် (davar) ၊ ဝိညာဉ် (ruah) ၊ ဉာဏ်ပညာ (hokhmah) နှင့်ရောက်ရှိခြင်း (shekhinah) ဟုဖော်ပြသော်လည်း ဤအမြင်များကို နောက်ပိုင်းသုံးပါးတစ်ဆူအယူနှင့်ဆက်စပ်လိုက်လျှင် ဓမ္မဟောင်း၏ရည်ရွယ်ချက်၊ သဘောထားထက်ကျော်လွန်သွားပါလိမ့်မည်။
“ထို့ပြင်၊ ကျမ်းအနက်ပြန်သူများနှင့် ဘာသာရေးဆရာများက ဓမ္မသစ်ကျမ်းတွင်လည်း သုံးပါးတစ်ဆူကိုအတိအလင်းဖော်ပြထားခြင်း မရှိကြောင်းကိုလည်း သဘောတူကြသည်။ ခမည်းတော်ဘုရားသည် အရာခပ်သိမ်း၏အရင်းအမြစ်ဖြစ်ပြီး (Pantokrator) ယေရှုခရစ်၏ခမည်းတော်လည်းဖြစ်သည်၊ ‘ခမည်းတော်’ သည်သုံးပါးတစ်ဆူတွင် ပထမပုဂ္ဂိုလ်၏ဘွဲ့နာမ,မဟုတ်ဘဲ ဘုရားအတွက် ကြောင်းတူသံကွဲစကားဖြစ်သည်. . .
“ဓမ္မသစ်ကျမ်းတွင် ဘုရား (‘တည်ရှိနေသော သုံးပါးတစ်ဆူ’) သဘောတရားကို မတွေ့ရချေ၊ ဓမ္မသစ်ကျမ်းတွင် နောက်ပိုင်းအယူ၏ သီးခြားအဓိပ္ပာယ်ရှိသော အသုံးအနှုန်းကိုလည်းမတွေ့ရချေ (hupostasis, ousia, substantia, subsistentia, prosōpon, persona) . . . ထိုအယူသည် ကျမ်းအထောက်အထားဖြင့်သာ သက်သေမထူနိုင်ကြောင်း ငြင်းခုံဖွယ်မရှိချေ။”
ဤကိစ္စအပေါ် သမိုင်းဆိုင်ရာဖြစ်ရပ်မှန်နှင့်စပ်လျဉ်း၍ The New Encyclopœdia Britannica ကဆိုသည် -
“သုံးပါးတစ်ဆူစကားလုံးဖြစ်စေ အတိအလင်းဖော်ပြထားသောယင်းအယူကို ဓမ္မသစ်ကျမ်းတွင်မတွေ့ရချေ။
“ထိုအယူသည် ရာစုများစွာအတွင်း ငြင်းခုံမှုများစွာကြားမှ တဖြည်းဖြည်းပေါ်လာသည် . . .
“၄ ရာစုရောက်မှသုံးပါး၏ကွဲပြားမှုနှင့် ယင်းတို့၏စည်းလုံးမှုကို အများယုံကြည်သည့် သုံးပါးတစ်ဆူအယူဝါဒအဖြစ် ပြုလုပ်ခဲ့ကြသည်။”
The New Catholic Encyclopedia ကသုံးပါးတစ်ဆူ၏မူရင်းနှင့်စပ်လျဉ်း၍ အလားတူကောက်ချက်ချခဲ့သည်။
“ကျမ်းအနက်ပြန်သူများနှင့် ဆက်လက်တိုးများလာသော ရိုမင်ကက်သလစ်များအပါအဝင် သမ္မာကျမ်းဆိုင်ရာဘာသာရေးဆရာများက အလွန်အမင်းအရည်အချင်းမပြည့်မီဘဲနှင့် ဓမ္မသစ်ကျမ်းမှ သုံးပါးတစ်ဆူအကြောင်းကိုမပြောသင့်ကြောင်း အသိအမှတ်ပြုကြသည်။ အခြေခံဝါဒီသမိုင်းပညာရှင်များနှင့် စည်းစနစ်ကျကျဘာသာရေးဆရာများကလည်း လူတစ်ဦးသည် အရည်အချင်းမပြည့်မီသော သုံးပါးတစ်ဆူအယူအကြောင်းပြောလျှင် ခရစ်ယာန်မူလအချိန်ဖြစ်သော ၄ ရာစု၏နောက်ဆုံးလေးပုံတစ်ပုံမှစတင်ရမည်။ ထိုအချိန်မှသာ သုံးပါးတစ်ဆူဘုရားဖြစ်သည့် ‘ပုဂ္ဂိုလ်သုံးပါးတွင်ဘုရားတစ်ဆူ’ အယူသည်ခရစ်ယာန်အသက်တာနှင့်အတွေးတွင် လုံးဝရောယှက်လာခဲ့သည် . . .
“ထိုအယူသည် မူလအယူဖြစ်ကြောင်းမတင်ပြချေ၊ ယင်းသည် ၃ ရာစုတိုင်အယူဝါဒဆိုင်ရာဖြစ်ပေါ်မှုမှ ထွက်ပေါ်ချက်ဖြစ်သည်။”
“သဘောသက်ရောက်” ပါသလော
သုံးပါးတစ်ဆူဝါဒီများက သမ္မာကျမ်းစာသည် သုံးပါးတစ်ဆူ “သဘောသက်ရောက်” သည်ဟုဆိုပေမည်။ သို့သော်ဤအဆိုသည် ကျမ်းစာရေးပြီးနောက် ကြာမြင့်စွာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယင်းသည် ဓမ္မဆရာများက နောက်ပိုင်းအချိန်တွင် အယူဝါဒဖြစ်သင့်သည်ဟု ထင်ရာစိုင်းဆုံးဖြတ်ချက်ကို ကျမ်းစာမှဆိုထားသယောင် ကောက်ချက်ချရန် ကြိုးပမ်းခြင်းဖြစ်သည်။
သင့်ကိုယ်ကိုမေးပါလေ၊ သမ္မာကျမ်းစာသည် ယင်း၏အရေးကြီးဆုံးသွန်သင်ချက်ဖြစ်သော ဘုရားမည်သူနည်းကိုအဘယ်ကြောင့် “သဘော” လောက်သာဖော်ပြရမည်နည်း။ သမ္မာကျမ်းစာသည် အခြားအခြေခံသွန်သင်ချက်များကို ရှင်းလင်းစွာဖော်ပြထားသည်၊ အဘယ်ကြောင့် ဤအရေးကြီးဆုံးအချက်ကို ရှင်းလင်းစွာမဖော်ပြသနည်း။ အကယ်၍ကိုယ်တော်သည် သုံးပါးတစ်ဆူဖြစ်လျှင် ထိုသို့ဖြစ်ကြောင်း စကြဝဠာကျမ်းပြုစုသူသည် ရှင်းလင်းစွာဖြင့် စာအုပ်တွင်မရေးသားဘဲ နေပါမည်လော။
သမ္မာကျမ်းစာသည် သုံးပါးတစ်ဆူအယူကို ရှင်းလင်းစွာမသွန်သင်သည့်အကြောင်းမှာ ရှင်းနေသည်။ ယင်းသည် ကျမ်းသွန်သင်ချက်မဟုတ်ချေ။ ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်ခဲ့သော် ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များသည် အခြားသူများအားသွန်သင်ပေးနိုင်ရန် ဘုရားရှင်သည်ရှင်းလင်းစွာ လုပ်ဆောင်ခဲ့မည်မှာသေချာသည်။ ထိုအရေးပါသောအကြောင်းသည် ဘုရားသခင်၏ မှုတ်သွင်းခံနှုတ်ကပါဌ်တော်တွင် ပါဝင်ခဲ့ပေမည်။ နောက်ပိုင်းရာစုများစွာ မစုံလင်သောလူများအတွက် ရုန်းကန်နေရန် မရှင်းမလင်းထားခဲ့မည်မဟုတ်ချေ။
သုံးပါးတစ်ဆူ “သဘောသက်ရောက်” ကြောင်းအထောက်အထားအဖြစ် သုံးပါးတစ်ဆူဝါဒီများပေးသော ကျမ်းချက်များကို ကျွန်ုပ်တို့သုံးသပ်သောအခါ ဘာတွေ့ရသနည်း။ ရိုးသားစွာသုံးသပ်လျှင် ကျမ်းချက်များသည် ခရစ်ယာန်ဘောင်၏ သုံးပါးတစ်ဆူကို မဖော်ပြချေ။ သို့အစား၊ ဘာသာရေးဆရာများသည် သူတို့စိတ်တွင်ရှိသော သုံးပါးတစ်ဆူအယူအဆကို ကျမ်းစောင်များတွင် သွတ်သွင်းရန်ကြိုးပမ်းကြသည်။ သို့သော်၊ ထိုသဘောထားများသည် ကျမ်းချက်များတွင်မရှိချေ။ အမှန်တွင်၊ ထိုသုံးပါးတစ်ဆူဝါဒီများ၏ ယူဆချက်သည် သမ္မာကျမ်းစာတစ်ခုလုံး၏ ရှင်းလင်းသောသက်သေခံချက်နှင့် ဖီလာသည်။
ဥပမာအနေနှင့် ထိုသို့သောကျမ်းချက်ကိုမဿဲ ၂၈:၁၉၊ ၂၀ တွင်တွေ့မြင်ရသည်။ ထိုတွင်ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ကို အတူတကွဖော်ပြသည်။ အချို့ကယင်းသည် သုံးပါးတစ်ဆူသဘောသက်ရောက်သည်ဟုဆိုသည်။ သို့သော်ကျမ်းပိုဒ်များကို သင်ကိုယ်နှိုက်ဖတ်ကြည့်ပါ။ ထိုကျမ်းချက်များတွင် ထာဝရတည်ရှိခြင်း၊ တန်ခိုး၊ အဆင့်နှင့်ဉာဏ်ပညာတွင်တူညီသောသုံးပါးတစ်ဆူဘုရားဟုဆိုသည့်အချက် တစ်စုံတစ်ရာပါဝင်ပါသလော။ မပါဝင်ပါ။ ယင်းသည် သုံးခုကိုအတူတကွဖော်ပြသော အခြားကျမ်းချက်များနှင့် အတူတူပင်ဖြစ်သည်။
မဿဲ ၂၈:၁၉၊ ၂၀ တွင်ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်အတွက် “နာမ” ကိုဧကဝုစ်ကိန်းအသုံးပြုသောကြောင့် သုံးပါးတစ်ဆူအဖြစ် ရှုမြင်သူများအနေနှင့် ကျေးဇူးပြု၍ကမ္ဘာဦး ၄၈:၁၆ တွင်အာဗြဟံအတွက် “နာမ” ကိုဧကဝုစ်ကိန်း အသုံးပြုထားခြင်းနှင့် နှိုင်းယှဉ်ကြည့်ပါ။—ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။
သုံးပါးတစ်ဆူဝါဒီများက “နှုတ်ကပါဌ်တော်” ကို “ဘုရားနှင့်အတူ” “ဘုရား” ဖြစ်သည်ဟုဆိုထားသည့် အခြားဘာသာပြန်ကျမ်းရှိယောဟန် ၁:၁ ကိုလည်းထောက်ပြကြသည်။ သို့သော်၊ အခြားဘာသာပြန်ကျမ်းများက နှုတ်ကပါဌ်တော်သည် “ဘုရားကလေးတစ်ဆူ” သို့မဟုတ် “ဘုရားနွယ်ဝင်” ဟုဆိုထားရာ ဘုရားဟုဆိုလိုရန်မလိုဘဲ တန်ခိုးကြီးမားသူဟုဆိုလိုသည်။ ထို့ပြင်၊ ကျမ်းချက်က “နှုတ်ကပါဌ်တော်” ဘုရားနှင့် “အတူ” ရှိ၏ဟုဆိုထားသည်။ ယင်းကသူသည် ထိုဘုရားကိုယ်နှိုက်မဟုတ်ကြောင်း တင်ပြသည်။ “နှုတ်ကပါဌ်တော်” နှင့်စပ်လျဉ်း၍ မည်သို့ပင်ဆိုစေ၊ ယောဟန် ၁:၁ တွင်ပုဂ္ဂိုလ်နှစ်ဦးအကြောင်းသာတင်ပြပြီး သုံးဦးအကြောင်းမတင်ပြချေ။ ထပ်တလဲလဲပင်၊ သုံးပါးတစ်ဆူအယူကိုထောက်ခံရန် အသုံးပြုသောကျမ်းချက်အားလုံးကို ရိုးသားစွာဆန်းစစ်သောအခါ လုံးဝရှုံးနိမ့်ခဲ့လေသည်။a
[အောက်ခြေမှတ်ချက်များ]
a ထိုသို့သောကျမ်းပိုဒ်များကို ပိုမိုပြည့်စုံစွာဆွေးနွေးထားချက်ကို နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာအသင်းမှထုတ်ဝေသော Should You Believe in the Trinity? ဘရိုရှာစာစောင်ကိုကြည့်ပါ။
ရည်ညွှန်းချက်များ
1. The Catholic Encyclopedia, 1912, Vol. XV, page. 47.
2. The Baptist Encyclopœdia, edited by William Cathcart, 1883, pages. 1168-9.
3. A Short History of Christian Doctrine, by Bernhard Lohse, 1980 Edition, page. 53.
4. Ibid.,pages.64, 65.
5. The Church Teaches, translated and edited by John F. Clarkson, S.J., John H. Edwards, S.J., William J. Kelly, S.J., and John J. Welch, S.J., 1955, pages. 125-7.
6. Ibid., page. 125.
7. The Triune God, by Edmund J. Fortman, 1982 Edition, page. 126.
8. On the Incarnation, translated by Penelope Lawson, 1981 Edition, pages. 27-8.
9. The Encyclopedia of Religion, Mircea Eliade, editor in chief, 1987, Volume 15, page 54.
10. The New Encyclopœdia Britannica, 15th Edition, 1985, Volume 11, Micropædia, page 928.
11. New Catholic Encyclopedia, 1967, Volume XIV, page 295.
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
Church at Tagnon, France