ကိုယ်ကိုချုပ်တည်းခြင်း အဘယ်ကြောင့်ဤမျှအရေးကြီးသနည်း
“သင်တို့သည် ယုံကြည်ခြင်း၌အကျင့်သီလကိုလည်းကောင်း၊ အကျင့်သီလ၌ပညာကိုလည်းကောင်း၊ ပညာ၌ကိုယ်ကိုချုပ်တည်းခြင်းကိုလည်းကောင်း . . . အလွန်ကြိုးစားအားထုတ်၍ထပ်ဆင့်ကြလော့။”—၂ ပေတရု ၁:၅-၇၊ သမ္မ။
၁။ ၁၉ ရာစုနှစ်အတွင်း အဘယ်ထူးခြားသည့်ကိုယ်ကာယဆိုင်ရာချုပ်တည်းခြင်းစွမ်းရည်ပြပွဲပြသခဲ့သနည်း။
ကိုယ်ကာယချုပ်တည်းခြင်းနှင့်ပတ်သက်၍ အံ့သြဖွယ်အကောင်းဆုံးစွမ်းရည်ပြပွဲများအနက် တစ်ခုမှာ ၁၉ ရာစုဒုတိယနှစ်ဝက်အတွင်း ချားလ်စ်ဘလွန်ဒင်ပြသခဲ့သည့်စွမ်းရည်ဖြစ်သည်မှာ ယုံမှားသံယသမရှိပေ။ မှတ်တမ်းတစ်ခုအရ သူသည်နိုင်အာဂရာရေတံခွန်ကြီးကို အကြိမ်ပေါင်းများစွာဖြတ်သန်းလမ်းလျှောက်ခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် ၁၈၅၉ ခုနှစ်တွင်ရေပြင်အထက်ပေ ၁၆၀ အမြင့်၌ပေ ၁,၁၀၀ အရှည်ရှိသောကြိုးတန်းပေါ်မှဖြတ်လျှောက်ခဲ့သည်။ ၄င်းနောက် တစ်ကြိမ်လျှင်စွမ်းရည်တစ်မျိုးစီပြသ၍ ဖြတ်လျှောက်ခဲ့သည်။ မျက်စိပိတ်၍၊ ဂုန်အိတ်စွပ်၍၊ ဘီးတစ်ဘီးတပ်လက်တွန်းလှည်းကိုတွန်း၍၊ ကုလားမခြေထောက်ထောက်၍၊ ကျောပေါ်တွင်လူတစ်ယောက်ကိုပိုး၍ အမျိုးမျိုးလျှောက်ပြခဲ့သည်။ အခြားတစ်နေရာ၌ သူသည်မြေပြင်အထက်ပေ ၁၇၀ မြင့်သောကြိုးတန်းပေါ်တွင် ကုလားမခြေထောက်ဖြင့်ကျွမ်းပစ်ပြခဲ့သည်။ ဤကဲ့သို့ဟန်ချက်ကိုကောင်းစွာထိန်းနိုင်ဖို့ ကိုယ်ကာယချုပ်တည်းခြင်း အထူးတလည်လိုအပ်ပေသည်။ ဤကဲ့သို့အနစ်နာခံလုပ်ဆောင်ခြင်းအတွက် ဘလွန်ဒင်သည်ကျော်ဇော်ခြင်းနှင့်ငွေကြေးအမြောက်အမြားရရှိခဲ့သည်။
၂။ ကိုယ်ကာယချုပ်တည်းခြင်းလိုသောအခြားအဘယ်လှုပ်ရှားမှုပုံစံများရှိသနည်း။
၂ ထိုသို့သောစွမ်းရည်မျိုးကို အတုခိုးနိုင်သူအလွန်ရှားမည်ဖြစ်သော်လည်း ပညာသည်စွမ်းရည်သို့မဟုတ် အားကစားစွမ်းရည်ပြသရာတွင် ကိုယ်ကာယချုပ်တည်းခြင်း၏အရေးကြီးမှုကို ကျွန်ုပ်တို့အားလုံးကောင်းစွာသိမြင်ကြသည်။ ဥပမာ၊ ကွယ်လွန်ခဲ့သော စန္ဒရားအကျော်အမော်ဗလာဒီမီယာဟိုရိုဝိဇ်၏လက်စွမ်းနှင့်စပ်လျဉ်း၍ ဂီတပညာရှင်တစ်ဦးက “ကျွန်ုပ်အတွက်အထူးဆွဲဆောင်မှုရှိသောအရာမှာ အကြွင်းမဲ့ချုပ်တည်းနိုင်သည့်အသိဉာဏ် . . . မယုံကြည်နိုင်စရာကောင်းသည့်စွမ်းအင်ထိန်းချုပ်သည့်အသိဉာဏ်ပင်ဖြစ်သည်” ဟုပြောကြားခဲ့သည်။ ဟိုရိုဝိဇ်နှင့်ပတ်သက်သောသတင်းနောက်တစ်ပုဒ်၌ “အနှစ်ခြောက်ဆယ်ကြာပြည့်ဝစုံလင်စွာချုပ်ထိန်း၍စန္ဒရားခလုပ်များပေါ်တွင် ပျံလွှားခဲ့သည့်လက်ချောင်းကလေးများ” အကြောင်းဆိုထားသည်။
၃။ (က) ချုပ်တည်းခြင်းအထူးလိုအပ်သောပုံစံကားအဘယ်နည်း။ ယင်းကိုမည်သို့အနက်ဖွင့်ထားသနည်း။ (ခ) သမ္မာကျမ်းတွင် “ကိုယ်ကိုချုပ်တည်းခြင်း” အဖြစ်ပြန်ဆိုထားသည့်ဂရိစာလုံးသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၃ ဤသို့သောလက်စွမ်းလက်စရရှိရန် အပတ်တကုတ်ကြိုးစားအားထုတ်လေ့ကျင့်ယူရသည်။ သို့သော် ကိုယ်ကိုချုပ်တည်းခြင်း သည်ပို၍အရေးကြီး၍ ပို၍စိန်ခေါ်မှုသဘောသက်ဝင်သည်။ ကိုယ်ကိုချုပ်တည်းခြင်းကို “မိမိကိုယ်တိုင်၏စိတ်ဇော၊ စိတ်လှုပ်ရှားမှု သို့မဟုတ် စိတ်ဆန္ဒများကိုစောင့်စည်းထိန်းချုပ်ခြင်း” ဟူ၍အနက်ဖွင့်ဆိုကြသည်။ ခရစ်ယာန်ဂရိကျမ်းပိုင်း၌ ၂ ပေတရု ၁:၆ နှင့်အခြားနေရာများတွင် “ကိုယ်ကိုချုပ်တည်းခြင်း” ဟူ၍ဘာသာပြန်ဆိုထားသည့်စကားလုံးကို “မိမိ၏စိတ်ဆန္ဒနှင့်ရမ္မက်၊ အထူးသဖြင့်မိမိ၏ကိလေသာတပ်မက်သောစိတ်ကို ချွန်းအုပ်နိုင်သူ၏အကျင့်သီလ” ဟူ၍အနက်ဖွင့်ဆိုထားသည်။ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ကိုယ်ကိုချုပ်တည်းခြင်းကို “မနုဿလူသားတို့၏အောင်မြင်ခြင်းသရဖူ” ဟူ၍ပင် တင်စားခေါ်ဝေါ်ကြသည်။
ကိုယ်ကိုချုပ်တည်းခြင်း ဤမျှအရေးကြီးရခြင်းအကြောင်း
၄။ ကိုယ်ကိုချုပ်တည်းခြင်းမရှိသဖြင့်အဘယ်ဆိုးကျိုးများဖြစ်ထွန်းခဲ့ပြီနည်း။
၄ ကိုယ်ကိုချုပ်တည်းခြင်းမရှိသဖြင့် မည်မျှဝမ်းနည်းဖွယ်ကောင်းသောဆိုးကျိုးများကို လူသားတို့ရိတ်သိမ်းခဲ့ကြရပြီတကား။ ယနေ့ကမ္ဘာပေါ်တွင်ဖြစ်ပွားနေသည့် ဒုက္ခဆင်းရဲအများမှာအဓိကအားဖြင့် ကိုယ်ကိုချုပ်တည်းခြင်းမရှိ၍ဖြစ်ရသည်။ မှန်ပါ၏၊ ကျွန်ုပ်တို့သည် ‘ကိုင်တွယ်ဖြေရှင်းရန်မလွယ်သောကျပ်တည်းခဲယဉ်းသည့်နောက်ဆုံးနေ့ရက်များ’ အတွင်းရောက်ရှိနေသည်။ လူတို့သည်များသောအားဖြင့် လောဘကြောင့် “ကိုယ်ကိုမချုပ်တည်းနိုင်သောသူ” များဖြစ်ကြသည်။ လောဘ၏ပုံစံတစ်မျိုးမှာ လူတို့သည် “ဘုရားသခင်ကိုနှစ်သက်သည်ထက် ပျော်မွေ့ခြင်းကိုသာ၍နှစ်သောသူ” များဖြစ်လာကြခြင်းပင်ဖြစ်သည်။ (၂ တိမောသေ ၃:၁-၅၊ သမ္မ) လွန်ခဲ့သောအမှုဆောင်နှစ်အတွင်း အဓိကအားဖြင့်ကြီးလေးသည့် မကောင်းမှုဒုစရိုက်ကြောင့်ယေဟောဝါဘုရားသခင်၏ပြစ်မှားသောအစေခံ ၄၀,၀၀၀ ကျော်ကိုအသင်းဝင်အဖြစ်မှ ဖယ်ရှားခဲ့ရသည့်အချက်က ဤလေးနက်သောအမှန်တရားကို မျက်ဝါးထင်ထင်တွေ့မြင်စေသည်။ ဤသူတို့အပြင် ကိုယ်ကိုချုပ်တည်းခြင်းမရှိသဖြင့်အဓိကလိင်ဆိုင်ရာစာရိတ္တပျက်ခြင်းအတွက် ဆုံးမခြင်းခံရသူအများအပြားလည်းရှိသေးသည်။ ဤထပ်တူအကြောင်းကြောင့် နှစ်ကြာသောအကြီးအကဲအချို့တို့လည်း ကြီးကြပ်မှူးအခွင့်အရေးရှိသမျှဆုံးရှုံးခဲ့ကြရသည့်အချက်မှာလည်း အလေးအနက်သဘောထားအပ်သောအချက်ဖြစ်သည်။
၅။ ကိုယ်ကိုချုပ်တည်းခြင်း၏အရေးကြီးမှုကိုမည်သို့ဥပမာပေးနိုင်သနည်း။
၅ ကိုယ်ကိုချုပ်တည်းခြင်း၏အရေးကြီးမှုကို မော်တော်ကားတစ်စီးဖြင့်ဥပမာပြနိုင်သည်။ ၄င်း၌ရွေ့ရှားနိုင်သည့်ဘီးလေးဘီးရှိသည်။ ထိုဘီးများကို အလွန်လျင်မြန်စွာလည်ပတ်စေနိုင်သောအားကောင်းသည့် အင်ဂျင်စက်တစ်လုံးရှိသည်။ ဘီးတို့ကိုရပ်တန့်စေနိုင်သည့်ဘရိတ်လည်းရှိသည်။ သို့ရာတွင်ယာဉ်မောင်းနေရာတွင် တစ်ယောက်ယောက်ကထိုင်၍စတီယာရင်ဘီး၊ မြန်နှုန်းတိုးခြေနင်းခလုတ်နှင့်ဘရိတ်တို့ကိုထိန်းသိမ်းကိုင်တွယ်ခြင်းအားဖြင့် ထိုဘီးများကိုမည်သည့်နေရာသို့သွားရန်၊ မည်မျှအမြန်နှုန်းနှင့်လည်ပတ်ရန်၊ မည်သည့်အချိန်တွင်ရပ်ရန် အဆုံးအဖြတ်မပေးပါက ဘေးအန္တရာယ်ဖြစ်နိုင်ပေသည်။
၆။ (က) မေတ္တာနှင့်ပတ်သက်သည့်အဘယ်စံသတ်မှတ်ချက်ကို ကိုယ်ကိုချုပ်တည်းခြင်း၌လျောက်ပတ်စွာအသုံးချနိုင်သနည်း။ (ခ) အဘယ်သြဝါဒကိုသတိချပ်သင့်သနည်း။
၆ ကိုယ်ကိုချုပ်တည်းခြင်း၏အရေးကြီးမှုကို အထူးအလေးပေးပြောကြားရန်မလွယ်ကူပေ။ ၁ ကောရိန္သု ၁၃:၁-၃ ၌မေတ္တာနှင့်ပတ်သက်၍ တမန်တော်ပေါလုပြောထားသည့်အချက်အတိုင်းကိုယ်ကိုချုပ်တည်းခြင်းကိုပြော၍ရသည်။ ကျွန်ုပ်တို့သည် လူထုတရားဟောပြောပွဲကို မည်မျှပင်အာဝဇ္ဇန်းကောင်းကောင်းနှင့်ပြောနိုင်ပြောနိုင်၊ လေ့လာမှုအကျင့်ကောင်းဖြင့် အသိပညာနှင့်ယုံကြည်ခြင်းမည်မျှပင်ရရှိရရှိ၊ သူတစ်ပါးအကျိုးအတွက်မည်သို့ပင် လုပ်ဆောင်လုပ်ဆောင် ကိုယ်ကိုချုပ်တည်းခြင်းမပြုလျှင် ထိုအရာရှိသမျှတို့သည် အချည်းနှီးပင်ဖြစ်သည်။ ပေါလု၏အောက်ပါစကားများကို သတိချပ်သင့်သည်။ “မြေတလင်း၌ပြိုင်၍ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း၊ တစ်ယောက်တည်းသာလျှင် ဆုရသည်ကိုသင်တို့မသိကြသလော။ ဆုရမည်အကြောင်းပြေးကြလော့။ ပွဲ၌ပြိုင်သောသူမည်သည်ကား၊ အရာရာ၌ကိုယ်ကိုချုပ်တည်းတတ်၏။” (၁ ကောရိန္သု ၉:၂၄၊ ၂၅၊ သမ္မ) ကျွန်ုပ်တို့အားအရာရာ၌ ကိုယ်ကိုချုပ်တည်းတတ်အောင် အကူအညီပေးသည့်အရာမှာ ၁ ကောရိန္သု ၁၀:၁၂ မှပေါလုအောက်ပါသတိပေးစကားပင်ဖြစ်သည်။ “အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟုမိမိထင်မှတ်၏။ ထိုသူသည်မလဲခြင်းငှာ သတိပြုစေ။”
သတိပေးနမူနာများ
၇။ (က) ကိုယ်ကိုချုပ်တည်းခြင်းမရှိခြင်းက လူသားမျိုးနွယ်အားဆုတ်ယုတ်သောလမ်းကြောင်းပေါ်သို့မည်သို့စတင်လျှောက်လှမ်းစေခဲ့သနည်း။ (ခ) ကနဦးပိုင်းမှကိုယ်ကိုချုပ်တည်းခြင်းမရှိသည့်အခြားအဘယ်စံနမူများကို သမ္မာကျမ်းစာကပေးထားသနည်း။
၇ အာဒံသည် မိမိ၏အပြုအမူအပေါ်ဆင်ခြင်တုံတရားလွှမ်းမိုးစေမည့်အစား စိတ်လှုပ်ရှားခြင်းကိုလွှမ်းမိုးစေခြင်းအားဖြင့် ကိုယ်ကိုချုပ်တည်းရန်ပျက်ကွက်ခဲ့သည်။ အကျိုးရလဒ်အနေနှင့် “အပြစ်တရားသည် . . . ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့်သေခြင်းတရားဝင်” ခဲ့လေသည်။ (ရောမ ၅:၁၂) ပထမဦးဆုံးလူသတ်မှုမှာလည်း ကိုယ်ကိုချုပ်တည်းခြင်းမရှိ၍ဖြစ်သည်။ အကြောင်းမှာ ကာဣနအား ယေဟောဝါဘုရားသခင်ဤသို့သတိပေးတော်မူခဲ့၏။ ‘သင်သည်အဘယ်ကြောင့်စိတ်ဆိုးသနည်း၊ အဘယ်ကြောင့်မျက်နှာပျက်သနည်း။ အပြစ်သည်တံခါးနားမှာ ဝပ်ချောင်းလျက်ရှိ၏၊ သင်သည်ထိုအပြစ်ပေါ်၌အုပ်စိုးမည်လော။’ ကာဣနသည် အပြစ်တရားကို မအုပ်စိုးနိုင်ခဲ့သဖြင့် ညီဖြစ်သူအာဗေလကိုသတ်ပစ်ခဲ့သည်။ (ကမ္ဘာဦး ၄:၆-၁၂) လောတ၏မယားသည်လည်း ကိုယ်ကိုချုပ်တည်းရန်ပျက်ကွက်ခဲ့သည်။ သူမသည် နောက်သို့လှည့်မကြည့်ဘဲမနေနိုင်အောင်ဖြစ်ခဲ့သည်။ ဤသို့ကိုယ်ကိုချုပ်တည်းခြင်းမရှိသောကြောင့် သူမသည်အဘယ်အရာဆုံးရှုံးခဲ့သနည်း။ သူမ၏အသက်ပင်ဖြစ်သည်။—ကမ္ဘာဦး ၁၉:၁၇၊ ၂၆။
၈။ ရှေးခေတ်မှအဘယ်ပုဂ္ဂိုလ်သုံးဦး၏အတွေ့အကြုံများက ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့လိုကြောင်း ကျွန်ုပ်တို့အားသတိပေးထားသနည်း။
၈ ယာကုပ်၏သားဦး ရုဗင်သည် ကိုယ်ကိုချုပ်တည်းခြင်းမရှိသဖြင့်သားဦးအရာကို လက်လွတ်ခဲ့ရသည်။ သူသည်ယာကုပ်၏မယားငယ်တစ်ယောက်နှင့် သံဝါသပြုခြင်းအားဖြင့် အဘဖြစ်သူ၏ညောင်စောင်းကိုညစ်ညူးစေသည်။ (ကမ္ဘာဦး ၃၅:၂၂။ ၄၉:၃၊ ၄။ ၁ ရာဇဝင်ချုပ် ၅:၁) မောရှေသည် ဣသရေလလူမျိုး၏ညည်းတွားခြင်း၊ မြည်တမ်းခြင်းနှင့်ပုန်ကန်ခြင်းတို့ကြောင့် ဒေါသမထိန်းနိုင်ခဲ့သဖြင့် သူအလွန်တရာလိုလားတောင့်တခဲ့သည့် ကတိထားရာပြည်တော်ဝင်ခွင့်ကိုလက်လွတ်ခဲ့ရလေသည်။ (တောလည်ရာ ၂၀:၁-၁၃။ တရားဟောရာ ၃၂:၅၀-၅၂) ‘ဘုရားသခင့်စိတ်နှလုံးတော်နှင့်ညီညွတ်သောသူ’ တည်းဟူသောသစ္စာရှိသည့်ရှင်ဘုရင်ဒါဝိဒ်ပင်လျှင် တစ်ခါကကိုယ်ကိုချုပ်တည်းခြင်းမရှိခဲ့သဖြင့် ဒုက္ခပင်လယ်ဝေခဲ့ရသည်။ (၁ ဓမ္မရာဇဝင် ၁၃:၁၄။ ၂ ရာဇဝင် ၁၂:၇-၁၄) ဤနမူနာအားလုံးတို့က ကျွန်ုပ်တို့အားကိုယ်ကိုချုပ်တည်းရန်လိုအပ်ကြောင်း ကောင်းစွာသတိပေးထားသည်။
ချုပ်တည်းနိုင်ရန်လိုအပ်သောအရာများ
၉။ ကျွန်ုပ်တို့၏အကြံအစည်နှင့်စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန်အရေးကြီးကြောင်းအဘယ်ကျမ်းချက်များကအထူးပေါ်လွင်ထင်ရှားစေသနည်း။
၉ ဦးဆုံးအနေနှင့် ကိုယ်ကိုချုပ်တည်းခြင်းဆိုရာ၌ ကျွန်ုပ်တို့၏ အကြံအစည်နှင့်စိတ်လှုပ်ရှားမှုများ အကျုံးဝင်ပတ်သက်နေသည်။ ယင်းတို့ကိုသမ္မာကျမ်းစာ၌ “နှလုံး” နှင့် “ကျောက်ကပ်” စသောဥပစာစကားလုံးများဖြင့် မကြာခဏတင်စားသုံးနှုန်းထားသည်။ ကျွန်ုပ်တို့စိတ်စွဲလမ်းရာများသည် ယေဟောဝါ၏စိတ်တော်နှင့်တွေ့ရန်ကြိုးကုတ်အားထုတ်ရာတွင် အထောက်အကူသော်လည်းကောင်း၊ အဟန့်အတားသော်လည်းကောင်းဖြစ်စေနိုင်သည်။ မှန်ကန်သောအရာ၊ စင်ကြယ်သောအရာ၊ ပါရမီနှင့်ပြည့်စုံသောအရာတို့ကို အမြဲမပြတ်နှလုံးသွင်းပါဟူသောဖိလိပ္ပိ ၄:၈ မှကျမ်းစာသြဝါဒစကားကို လိုက်နာလိုပါက ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့လိုအပ်သည်။ ဆာလံဆရာဒါဝိဒ်ကလည်း အလားတူသဘောထားမျိုးကို ဆုတောင်းရာတွင်တင်ပြခဲ့သည်။ ဤသို့ဆို၏။ “အကျွန်ုပ် . . . စိတ်နှလုံး၏အကြံအစည်သည်ရှေ့တော်၌နှစ်သက်ဖွယ်ဖြစ်ပါစေသော။ အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ]၊ အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်ကိုရွေးနှုတ်တော်မူသောဘုရား။” (ဆာလံ ၁၉:၁၄) သူတစ်ပါးပိုင်ဆိုင်ရာ တစ်စုံတစ်ရာကိုမျှတပ်မက်သောစိတ်မရှိစေနှင့်ဟူသော ဒသမပညတ်တော်က ကျွန်ုပ်တို့၏အကြံအစည်ကိုထိန်းချုပ်ရန်တောင်းဆိုထားသည်။ (ထွက်မြောက်ရာ ၂၀:၁၇) “ကိလေသာစိတ်နှင့်တစ်စုံတစ်ယောက်သောမိန်းမကိုကြည့်ရှုသောသူတိုင်း စိတ်နှလုံးထဲ၌ထိုမိန်းမနှင့်ပြစ်မှားပြီ” ဟူ၍ယေရှုဟောကြားရာ၌ ကျွန်ုပ်တို့၏အကြံအစည်နှင့်စိတ်လှုပ်ရှားမှုများကို ချုပ်တည်းရန်အရေးကြီးကြောင်း ကိုယ်တော်အလေးပေးမိန့်ကြားတော်မူခဲ့၏။—မဿဲ ၅:၂၈၊ သမ္မ။
၁၀။ အဘယ်ကျမ်းချက်များက ကျွန်ုပ်တို့၏ပြောပုံဆိုပုံကိုထိန်းချုပ်ရန်အရေးကြီးကြောင်းအလေးအနက်ဆိုထားသနည်း။
၁၀ ကိုယ်ကိုချုပ်တည်းခြင်း၌ ကျွန်ုပ်တို့ပြောသော စကားနှင့်ပြောပုံဆိုပုံ တို့လည်းအကျုံးဝင်သည်။ ကျွန်ုပ်တို့၏လျှာကိုစောင့်စည်းချုပ်တည်းရန် ဆုံးမထားသည့်ကျမ်းချက်များစွာရှိသည်။ ဥပမာ၊ “ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၏။ သင်သည်မြေကြီးပေါ်မှာရှိ၏။ ထို့ကြောင့်သင်၏စကားမများစေနှင့်။” (ဒေသနာ ၅:၂) “စကားများသောအားဖြင့်အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကားပညာရှိ၏။” (သု၊ ၁၀:၁၉) “မကောင်းသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲကမထွက်စေနှင့်။ . . . အသုံးလိုသည်အတိုင်းဆောက်တည်စရာဖို့ကောင်းသောစကားကိုသာအသုံးပြုကြလော့။ ခပ်သိမ်းသော . . . အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်းများကို ခပ်သိမ်းသောမနာလိုခြင်းနှင့်တကွ၊ သင်တို့မှပယ်ရှားကြလော့။” ၄င်းပြင်ပေါလုက မတော်မလျော်သောစကား၊ ညစ်ညူးပြက်ပြယ်ပြက်ယယ်သောစကားများကိုပယ်ရှားရန် ဆက်လက်ဆုံးမသြဝါဒပေးထားသည်။—ဧဖက် ၄:၂၉၊ ၃၁၊ ၅:၃၊ ၄၊ သမ္မ။
၁၁။ လျှာကိုစောင့်စည်းထိန်းချုပ်ခြင်းပြဿနာကိုယာကုပ်ကမည်သို့ကိုင်တွယ်ခဲ့သနည်း။
၁၁ ယေရှု၏မိတူဘကွဲညီတော်ယာကုပ်က လျှာကိုချုပ်တည်းခြင်းပြဿနာကိုနိုင်နိုင်နင်းနင်းကိုင်တွယ်ခဲ့သည်။ သူသည်စောင့်စည်းခြင်းမရှိသောပြောပုံဆိုပုံကို ပြစ်တင်ရှုတ်ချပြီးနောက် လျှာကိုထိန်းချုပ်ရန်မည်မျှခက်ခဲကြောင်းအောက်ပါအတိုင်းဖော်ပြလိုက်သည်။ “လျှာသည်ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက်များစွာသောထင်းကို အနည်းငယ်သောမီးသည်ညှိနိုင်သည်ကိုကြည့်ပါလော့။ လျှာသည်မီးဖြစ်၏။ ဒုစရိုက်၏လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ လျှာသည်ငါတို့၏အင်္ဂါတို့တွင်တည်၍တစ်ကိုယ်လုံးကိုညစ်ညူးစေ၏။ ဇာတိစက်ကိုလည်းရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကိုခံလျက်ရှိ၏။ သားရဲမျိုး၊ ငှက်မျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ ငါးမျိုးတို့ကို လူမျိုးသည်အောင်တတ်သည်အတိုင်း အောင်ခဲ့ပြီ။ လျှာကိုကား အဘယ်လူမျှမအောင်နိုင်၊ မဆုံးမနိုင်သောအဆိုးအညစ်ဖြစ်၏။ သေစေတတ်သောအဆိပ်အတောက်နှင့်ပြည့်စုံ၏။ ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကိုကောင်းချီးပေးတတ်ကြ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသောလူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်၏။ နှုတ်တစ်ပါးတည်းအထဲက ထောမနာချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား။ ငါ့ညီကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။”—ယာကုပ် ၃:၅-၁၀။
၁၂၊ ၁၃။ ကျွန်ုပ်တို့၏အပြုအမူများနှင့် အကျင့်အကြံတို့ကိုထိန်းချုပ်ရန်အရေးကြီးကြောင်းအဘယ်ကျမ်းချက်အချို့ကပြဆိုသနည်း။
၁၂ ကိုယ်ကိုချုပ်တည်းခြင်းတွင် ကျွန်ုပ်တို့၏ အပြုအမူများ လည်းပါသည်မှာဆိုဖွယ်မရှိ။ ကိုယ်ကိုချုပ်တည်းရန် အထူးလိုအပ်သည့်ကိစ္စတစ်ရပ်မှာ ဆန့်ကျင်ဘက်လိင်ရှင်များနှင့်ဆက်ဆံသည့်ကိစ္စနှင့်ပတ်သက်သည်။ “လိင်ဆိုင်ရာစာရိတ္တပျက်ခြင်းကိုရှောင်ကြဉ်လော့” ဟူ၍ခရစ်ယာန်များအားပညတ်ထားသည်။ (၁ ကောရိန္သု ၆:၁၈၊ New International Version) ခင်ပွန်းသည်ယောက်ျားများအနေဖြင့် မိမိတို့၏ဇနီးနှင့်သာ သံဝါသပြုရန်တစ်စိတ်တစ်ပိုင်းအနေနှင့် ဤသို့တိုက်တွန်းနှိုးဆော်ထားသည်။ “ကိုယ့်တွင်းမှရေကိုလည်းကောင်း၊ ကိုယ့်စမ်းတွင်းမှစီးသောရေကိုလည်းကောင်း သောက်လော့။” (သု၊ ၅:၁၅-၂၀၊ သမ္မ) “မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူကို ဘုရားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်” ဟူ၍လည်း ကျွန်ုပ်တို့အားရှင်းလင်းစွာအသိပေးထားသည်။ (ဟေဗြဲ ၁၃:၄) အထူးသဖြင့် တစ်ကိုယ်ရေတစ်ကာယနှင့်ဆိုင်သောဆုကျေးဇူးကိုပြုစုပျိုးထောင်ကြသူတို့အနေဖြင့် ကိုယ်ကိုချုပ်တည်းရန်လိုအပ်ပေသည်။—မဿဲ ၁၉:၁၁၊ ၁၂။ ၁ ကောရိန္သု ၇:၃၇။
၁၃ ယေဘုယျအားဖြင့် “ရွှေပညတ်” ဟုသမုတ်ကြသောပညတ်ကိုပေးရာ၌ ယေရှုကလူလူချင်းမည်သို့ဆက်ဆံပြုမူရမည့်အကြောင်းတစ်ရပ်လုံးကို ချုံငုံ၍အောက်ပါအတိုင်းမိန့်ကြားတော်မူ၏။ “သင်တို့သည်ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်းတို့၏အချုပ်အခြာပင်ဖြစ်သတည်း။” (မဿဲ ၇:၁၂) မှန်ပါသည်၊ တစ်ကိုယ်ကောင်းဆန်သောသဘောကြောင့်ဖြစ်စေ၊ ပြင်ပမှဖိအားကြောင့်ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းမှုကြောင့်ဖြစ်စေ မိမိတို့ကိုယ်ကိုသူတစ်ပါးပြုစေလိုရာနှင့်ခြားနားသည့်နည်းဖြင့် သူတစ်ပါးအားမပြုမိရအောင် ကိုယ်ကိုချုပ်တည်းရန်လိုအပ်သည်။
၁၄။ အစားအသောက်နှင့်စပ်လျဉ်း၍ဘုရားသခင့်နှုတ်ကပါဌ်တော်ကအဘယ်ဆုံးမသြဝါဒပေးထားသနည်း။
၁၄ ၄င်းအပြင် အစားအသောက် နှင့်ပတ်သက်၍လည်း ကိုယ်ကိုချုပ်တည်းရမည့်ကိစ္စရှိသေးသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကဤသို့ဆုံးမထားသည်။ “စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစားကြူးသောသူတို့ကိုအပေါင်းအဖော်မလုပ်နှင့်။” (သု၊ ၂၃:၂၀) အထူးသဖြင့် ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်၍ ယေရှုဤသို့သတိပေးတော်မူ၏။ “သင်တို့သည်ကိုယ်ကိုသတိပြုကြလော့။ သို့မဟုတ်၊ အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည်ကျော့ကွင်းကဲ့သို့ သင်တို့နှင့်ရုတ်ခနဲတွေ့ကြုံလိမ့်မည်။” (လုကာ ၂၁:၃၄၊ ၃၅၊ သမ္မ) မှန်ပါသည်၊ ကိုယ်ကိုချုပ်တည်းခြင်းဆိုရာ၌ ကျွန်ုပ်တို့၏အကြံအစည်နှင့်ခံစားချက်များမှစ၍ ကျွန်ုပ်တို့၏အပြောအဆိုနှင့်အပြုအမူများအကျုံးဝင်ပေသည်။
ကိုယ်ကိုချုပ်တည်းခြင်း အဘယ်ကြောင့်စိန်ခေါ်ချက်ဖြစ်
၁၅။ ခရစ်ယာန်များကိုယ်ကိုချုပ်တည်းရန်အားထုတ်ခြင်းကို စာတန်အမှန်တကယ်ဆန့်ကျင်တိုက်ခိုက်နေကြောင်းကျမ်းစာကမည်သို့ပြဆိုသနည်း။
၁၅ ခရစ်ယာန်အားလုံးသိကြသည့်အတိုင်း ကိုယ်ကိုချုပ်တည်းခြင်းကိုခုခံနေသည့် ဩဇာကြီးမားသောအင်အားသုံးရပ်ရှိနေသောကြောင့် ကိုယ်ကိုချုပ်တည်းခြင်းလွယ်လွယ်နှင့်မရနိုင်ပေ။ အစချီပြောရသော် စာတန်နှင့်နတ်ဆိုးများရှိနေသည်။ ၄င်းတို့အမှန်တကယ်ရှိကြောင်း သမ္မာကျမ်းစာက သံသယကင်းစွာဖော်ပြထားသည်။ ယင်းကြောင့်ယေရှုအားသစ္စာဖောက်ရောင်းစားရန် ယုဒမထွက်ခွာမီလေးတွင် “စာတန်သည်သူ့အထဲသို့ဝင်လေ၏” ဟူ၍ကျွန်ုပ်တို့ဖတ်ရခြင်းဖြစ်သည်။ (ယောဟန် ၁၃:၂၇) တမန်တော်ပေတရုက အာနနိအား “သင်သည်သန့်ရှင်းသောဝိညာဉ်တော်ကိုလှည့်စား . . . မည်အကြောင်းစာတန်သည် သင်၏စိတ်နှလုံးကိုအဘယ်ကြောင့်ပြည့်စေရသနည်း” ဟုမေးခဲ့သည်။ (တမန်တော် ၅:၃) “သမ္မာသတိရှိလျက်မအိပ်ပဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည်ဟောက်သောခြင်္သေ့ကဲ့သို့အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” ဟူ၍လည်းပေတရုကလျောက်ပတ်စွာသတိပေးခဲ့သည်။—၁ ပေတရု ၅:၈။
၁၆။ ဤလောကနှင့်စပ်လျဉ်း၍ခရစ်ယာန်များ အဘယ်ကြောင့်ကိုယ်ကိုချုပ်တည်းရမည်နည်း။
၁၆ ကိုယ်ကိုချုပ်တည်းရန်အားထုတ်ကြိုးပမ်းရာတွင် ခရစ်ယာန်တို့သည် စာတန် “မာရ်နတ်၏လက်၌ရှိ” သည့် ဤလောကနှင့်လည်းဆိုင်ပြိုင်တိုက်လှန်ရကြသည်။ လောကနှင့်ပတ်သက်၍တမန်တော်ယောဟန်ဤသို့ရေးသားထားသည်။ “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာကိုလည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား ခမည်းတော်ကိုချစ်ခြင်းမေတ္တာမရှိ။ လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့်လောကီတပ်မက်ခြင်းသည်ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်အလိုတော်နှင့်အညီကျင့်သောသူမူကား နိစ္စထာဝရတည်၏။” ကိုယ်ကိုချုပ်တည်း၍ ဤလောကကိုချစ်သည့်သဘောကို ပြင်းပြင်းထန်ထန်တွန်းလှန်ခုခံခြင်းမပြုပါက ကျွန်ုပ်တို့သည်ပေါလု၏လုပ်ဖော်ကိုင်ဖက်ဟောင်း ဒေမကဲ့သို့လောက၏ဩဇာအောက်ရောက်သွားပေလိမ့်မည်။—၁ ယောဟန် ၂:၁၅-၁၇၊ ၅:၁၉။ ၂ တိမောသေ ၄:၁၀။
၁၇။ ကိုယ်ကိုချုပ်တည်းခြင်းနှင့်ပတ်သက်သည့် အဘယ်ပြဿနာနှင့်အတူ ကျွန်ုပ်တို့မွေးဖွားလာကြသနည်း။
၁၇ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏မွေးရာပါသွေးသားအားနည်းမှုများနှင့် ချွတ်ယွင်းချက်များကိုအောင်မြင်စွာတိုက်လှန်လိုပါက ကိုယ်ကိုချုပ်တည်းရန်လိုအပ်သည်။ “လူတို့သည်ငယ်သောအရွယ်မှစ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏” ဟူသောဖြစ်ရပ်မှန်ကို ကျွန်ုပ်တို့တိမ်းရှောင်၍မလွတ်နိုင်ပေ။ (ကမ္ဘာဦး ၈:၂၁) ဒါဝိဒ်မင်းကြီးနည်းတူ ‘ကျွန်ုပ်တို့သည်မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှပဋိသန္ဓေယူစဉ်ပင်အပြစ်စွဲပါ၏။’ (ဆာလံ ၅၁:၅) မွေးကင်းစကလေးတစ်ယောက်သည် ကိုယ်ကိုချုပ်တည်းခြင်းအကြောင်းစိုးစဉ်းမျှမသိပေ။ တစ်ခုခုလိုချင်သည့်အခါ၌ မရမချင်းငိုယိုလျက်နေတတ်သည်။ ကလေးလေ့ကျင့်ရေးနှင့်ပတ်သက်သေသတင်းတစ်ပုဒ်၌ ဤသို့ဖော်ပြထားသည်။ ‘ကလေးများသည်လူကြီးများနှင့်လုံးလုံးလျားလျားကွဲပြားသည့်နည်းဖြင့် ဆင်ခြင်တွေးဆကြသည်။ ကလေးများသည် ကိုယ်ကျိုးကိုသာစွဲလမ်းအာရုံပြုတတ်ပြီး ကျိုးကြောင်းဆီလျော်သောဖျောင်းဖျမှုကို လက်ခံတုံ့ပြန်ခြင်းမရှိတတ်ပေ။ အဘယ်ကြောင့်ဆိုသော်သူတို့သည် “သူတစ်ပါးနေရာတွင် ဝင်၍မခံစားတတ်” သောကြောင့်ဖြစ်သည်။’ မှန်ပါသည်၊ “မိုက်သောသဘောသည်သူငယ်၏စိတ်နှလုံးထဲမှာထုပ်ထားလျက်ရှိ၏။” သို့သော်လည်း “ဆုံးမသောကြိမ်လုံး” ကိုအသုံးပြုခြင်းအားဖြင့် လိုက်နာရမည့်စည်းကမ်းဥပဒေများရှိကြောင်း၊ တစ်ကိုယ်ကောင်းဆန်မှုကိုထိန်းချုပ်ရမည်ဖြစ်ကြောင်း သူတဖြည်းဖြည်းနှင့်သိမြင်နားလည်လာပေမည်။—သု၊ ၂၂:၁၅။
၁၈။ (က) ယေရှု၏အလိုအရဥပစာနှလုံးအတွင်း၌အဘယ်ဝသီများကိန်းအောင်းနေသနည်း။ (ခ) ပေါလု၏အဘယ်စကားများက ကိုယ်ကိုချုပ်တည်းခြင်းနှင့်ပတ်သက်သောပြဿနာကို သူသဘောပေါက်ကြောင်းပြသသနည်း။
၁၈ မှန်ပါသည်၊ ကျွန်ုပ်တို့၏မွေးရာပါ တစ်ကိုယ်ကောင်းဆန်သည့်ဝသီတို့သည် ကိုယ်ကိုချုပ်တည်းခြင်းနှင့်လွန်ဆွဲလျက်ရှိသည်။ ဤဝသီတို့သည်ဥပစာနှလုံးအတွင်းကိန်းအောင်းနေသည်။ ပုံဆောင်နှလုံးနှင့်စပ်လျဉ်း၍ ယေရှုဤသို့မိန့်တော်မူ၏။ “မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲကထွက်လာ” သည်။ (မဿဲ ၁၅:၁၉) ဤအတွက်ကြောင့်ပေါလုဤသို့ရေးသားခဲ့သည်။ “ငါသည်ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏။ ထိုသို့ငါသည်မကျင့်ချင်သောအကျင့်ကိုကျင့်လျှင် ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသောအပြစ်တရားသည်ကျင့်၏။” (ရောမ ၇:၁၉၊ ၂၀) သို့ရာတွင်မျှော်လင့်ခြင်းမရှိသော အခြေအနေမျိုးကားမဟုတ်ပေ။ အကြောင်းမှာပေါလုဤသို့လည်းရေးသားခဲ့သည်။ “သူတစ်ပါးကိုဟောပြောပြီးမှကိုယ်တိုင်ငြင်းပယ်ခြင်းကိုခံရသောသူမဖြစ်ရမည်အကြောင်း၊ ငါ၏ကိုယ်ကိုငါထိုး၍နှိပ်စက်လေ့ရှိ၏။” သူ၏ကိုယ်ကိုသူထိုး၍နှိပ်စက်နိုင်ရန်အတွက် ကိုယ်ကိုချုပ်တည်းခြင်းရှိဖို့လိုသည်။—၁ ကောရိန္သု ၉:၂၇၊ သမ္မ။
၁၉။ သူ၏ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိသည်ဟုပေါလုအဘယ်ကြောင့်လျောက်ပတ်စွာဆိုနိုင်သနည်း။
၁၉ ပေါလုကသူ၏ကိုယ်ကိုသူထိုး၍နှိပ်စက်သည်ဟု လျောက်ပတ်စွာပြောနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ကိုချုပ်တည်းခြင်းသည် သွေးတိုးခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာမကြေခြင်းအစရှိသော ကိုယ်ကာယနှင့်ဆက်နွယ်သည့်အကြောင်းအချက်များစွာနှင့် ရှုပ်ထွေးပွေလိမ်နေသောကြောင့်ပင်ဖြစ်သည်။ နောက်ဆောင်းပါးတွင်ကိုယ်ကိုချုပ်တည်းနိုင်အောင်အထောက်အကူပြုသည့် အရည်အချင်းများနှင့်အကူအညီများကိုသုံးသပ်ပါလိမ့်မည်။
သင်သတိရသလော
▫ ချုပ်တည်းခြင်းအဘယ်ကြောင့်အရေးကြီးသနည်း။
▫ ကိုယ်ကိုချုပ်တည်းခြင်းမရှိသောကြောင့် ဒုက္ခရောက်ရသောသူတို့နှင့်ပတ်သက်သောပုံနမူနာအချို့ကားအဘယ်နည်း။
▫ မည်သည့်နေရာများ၌ကိုယ်ကိုချုပ်တည်းခြင်းလိုအပ်သနည်း။
▫ ကျွန်ုပ်တို့ကိုယ်ကိုချုပ်တည်းရန်ခက်ခဲအောင်ပြုလုပ်နေသောရန်သူသုံးဦးကားအဘယ်နည်း။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
အစားအသောက်နှင့်ပတ်သက်၍ ခရစ်ယာန်များ ကိုယ်ကိုချုပ်တည်းရန်လိုသည်
[Picture Credit Line on page 8]
Historical Pictures Service