ယေဟောဝါကို ကျွန်ုပ်တို့မည်သို့ပေးဆပ်နိုင်သနည်း
ပေးကမ်းခြင်းနှင့်ပတ်သက်၍ ယေဟောဝါဘုရားသခင်သည် အကောင်းဆုံးပုံသက်သေကိုပြသတော်မူသည်။ လူသားအားလုံးကို ‘အသက်နှင့်အရာခပ်သိမ်း’ ပေးသနားထားတော်မူသည်။ (တမန်တော် ၁၇:၂၅) ဆိုးသွမ်းသူနှင့်ဖြောင့်မတ်သူတို့အပေါ် ဘုရားသခင်နေထွက်စေတော်မူသည်။ (မဿဲ ၅:၄၅) အမှန်မှာ ‘အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ မိုးကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံတို့ကို သီးစေတတ်သောဥတု’ ကိုယေဟောဝါပေးတော်မူ၏။ (တမန်တော် ၁၄:၁၅-၁၇) “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏အဘထံတော်က သက်ရောက်သည်ဖြစ်၍ အထက်အရပ်မှလာကြ၏။”—ယာကုပ် ၁:၁၇။
ရုပ်ပိုင်းနှင့်ဆိုင်သောအရာများအပြင် ဝိညာဏအလင်းနှင့်သမ္မာတရားကိုလည်း ဘုရားသခင်ပေးထားသည်။ (ဆာလံ ၄၃:၃) ယေဟောဝါကိုသစ္စာရှိစွာဝတ်ပြုသူတို့သည် ‘သစ္စာနှင့်သတိပညာရှိကျွန်’ တို့မှတစ်ဆင့် ကိုယ်တော်ကျွေးမွေးသောအချိန်တန် ဝိညာဏအစာဖြင့် ကြွယ်ဝစွာကောင်းချီးခံစားကြရသည်။ (မဿဲ ၂၄:၄၅-၄၇) အပြစ်နှင့်သေခြင်းအောက်ရောက်နေသောလူသားများ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်နိုင်ရန် ကိုယ်တော်စီစဉ်ထားသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ဝိညာဏကျွေးမွေးမှုအစီအစဉ်မှ အကျိုးကျေးဇူးရရှိနိုင်သည်။ မည်သို့အားဖြင့်နည်း။ အများအတွက်မိမိအသက်ကိုရွေးဖိုးပူဇော်သက္ကာအဖြစ်ပေးဆက်ခဲ့သော သားတော်ယေရှု၏အသေခံခြင်းအားဖြင့်ဖြစ်သည်။ (မဿဲ ၂၀:၂၈။ ရောမ ၅:၈-၁၂) မေတ္တာရှင်ယေဟောဝါဘုရားထံတော်မှ ဆုလာဘ်ကြီးပါတကား။—ယောဟန် ၃:၁၆။
တစ်စုံတစ်ရာပြန်ပေးဆပ်နိုင်မည်လော
ရွေးဖိုးမပေးမီ နှစ်ရာစုများစွာက မှုတ်သွင်းခံရသောဆာလံဆရာက ဘုရားပေးကရုဏာ ကယ်လွှတ်ခြင်း အကူအညီတို့ကို နက်ရှိုင်းသောကျေးဇူးတင်လေးမြတ်စိတ်ဖြင့် ဤသို့ဆိုခဲ့သည်။ “ငါ၌ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ပြုတော်မူသောကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ရမည်နည်း။ ကယ်တင်ခြင်းခွက်ဖလားကိုကိုင်ယူ၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နာမတော်ကိုပတ္ထနာပြု [ခေါ်၊ ကဘ] မည်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အားသစ္စာကတိထားသည့်အတိုင်း ထာဝရဘုရား၏လူများရှေ့၌သစ္စာဝတ်ကိုဖြေမည်။”—ဆာလံ ၁၁၆:၁၂-၁၄။
ကျွန်ုပ်တို့သည် ယေဟောဝါကိုစိတ်နှလုံးအကြွင်းမဲ့ဆက်ကပ်အပ်နှံထားပါက ကိုယ်တော့်နာမတော်ကို ယုံကြည်စွာပတ္ထနာပြုပြီး ကိုယ်တော်အား ထားခဲ့သည့်ကတိအတိုင်းလုပ်ဆောင်မည်။ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် အချိန်တိုင်းကိုယ်တော်၏ကောင်းမြတ်တော်မူကြောင်းများကို ပြောဆိုနေကြပြီး ကိုယ်တော့်နိုင်ငံတော်သတင်းကို ကြေညာခြင်းဖြင့် ဘုရားသခင်ကိုချီးမွမ်းနိုင်သည်။ (ဆာလံ ၁၄၅:၁-၂၊ ၁၀-၁၃။ မဿဲ ၂၄:၁၄) သို့သော် အရာခပ်သိမ်းကိုပိုင်ဆိုင်ပြီး ကျွန်ုပ်တို့ကိုကျေးဇူးပြုတော်မူသော ယေဟောဝါအားကြွယ်ဝစေရန် သို့မဟုတ် ပြန်ဆပ်ပေးရန် ကျွန်ုပ်တို့မလုပ်နိုင်ပါ။—၁ ရာဇဝင်ချုပ် ၂၉:၁၄-၁၇။
ဘုရားသခင့်နိုင်ငံတော်အကျိုးတိုးပွားရန် လှူဒါန်းခြင်းသည် ယေဟောဝါကိုပြန်ပေးဆပ်ခြင်း ကြွယ်ဝအောင်ပြုခြင်းမဟုတ်ပါ။ သို့သော် ယင်းသို့ပေးကမ်းခြင်းသည် ဘုရားသခင်ကို ကျွန်ုပ်တို့မေတ္တာတင်ပြနိုင်သည့်အခွင့်အရေးတစ်ရပ်ဖြစ်သည်။ ကိုယ်ကျိုးလှုံ့ဆော်မှုကြောင့် သို့မဟုတ် လူသိရှင်ကြားဖြစ်စေလိုသောကြောင့်မဟုတ်ဘဲ ရက်ရောသည့်သဘောဖြင့် စစ်မှန်သောဝတ်ပြုရေးကို အားပေးထောက်ခံရန် ပေးကမ်းခြင်းသည် ပေးကမ်းသူအားပျော်ရွှင်မှုနှင့်ယေဟောဝါ၏ကောင်းချီးရစေသည်။ (မဿဲ ၆:၁-၄။ တမန်တော် ၂၀:၃၅) လူတစ်ဦးသည် မှန်သောဝတ်ပြုရေးနှင့်လိုအပ်သူများကို ထောက်ပံ့ရန် မိမိပိုင်ဆိုင်ရာများမှ တစ်စုံတစ်ခုကို မှန်မှန်ဖယ်ထားခြင်းဖြင့် ဤသို့ပေးကမ်းခြင်းမျိုးမှပျော်ရွှင်မှုခံစားရရန် စိတ်ချနိုင်သည်။ (၁ ကောရိန္သု ၁၆:၁ ၂) ယင်းကိုဆယ်ဖို့တစ်ဖို့ထား၍ပြုရမည်လော။
ဆယ်ဖို့တစ်ဖို့ပေးသင့်သလော
ယေဟောဝါက မိမိပရောဖက်မာလခိအားဖြင့် ဤသို့မိန့်တော်မူသည်။ “ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍ ငါ့အိမ်တော်၌စားစရာရှိစေခြင်းငှာပြုကြလော့။ ငါသည်မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းချီးမင်္ဂလာကိုအကုန်အစင်သွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့။” (မာလခိ ၃:၁၀) အခြားဘာသာပြန်တစ်ခု၌ ဤသို့ဖတ်ရသည်။ “ဆယ်ဖို့တစ်ဖို့လုံးကို ဘဏ္ဍာတိုက်ထဲသွင်းလော့။”—အမေရိကန်ဘာသာပြန် ။
ဆယ်ဖို့တစ်ဖို့သည် တစ်စုံတစ်ခု၏ဆယ်ပုံတစ်ပုံဖြစ်သည်။ တစ်ဆယ်ရာခိုင်နှုန်းကို ဘဏ္ဍာအဖြစ်ပေးခြင်းဖြစ်သည်။ ဆယ်ဖို့တစ်ဖို့ပေးခြင်းကို အထူးသဖြင့်ဘာသာရေးအတွက်ရည်စူးကြသည်။ ဝတ်ပြုရေးတိုးတက်ရန်အတွက် ဝင်ငွေ၏ဆယ်ပုံတစ်ပုံကို ပေးခြင်းမည်၏။
ရှေးဘိုးဘေးအာဗြဟံ (အာဗြံ) သည် ခေဒေါရလောမာမင်းနှင့်သူ့မဟာမိတ်တို့ကို စစ်နိုင်ရာမှသိမ်းပိုက်ရရှိသောပစ္စည်းဆယ်ပုံတစ်ပုံကို ရှာလင်မင်းယဇ်ပုရောဟိတ်မေလခိဇေဒက်အား ပေးခဲ့သည်။ (ကမ္ဘာဦး ၁၄:၁၈-၂၀။ ဟေဗြဲ ၇:၄-၁၀) နောက်ပိုင်းတွင် ယာကုပ်သည် မိမိပိုင်ဆိုင်ရာဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်အားပေးလှူခဲ့သည်။ (ကမ္ဘာဦး ၂၈:၂၀-၂၂) ယင်းအဖြစ်အပျက်တစ်ခုစီတွင် ဆယ်ဖို့တစ်ဖို့ကို ကိုယ့်သဘောနှင့်ကိုယ်ပေးခြင်းဖြစ်သည်။ အကြောင်းမှာ ရှေးဟေဗြဲလူမျိုးများအပေါ်ဆယ်ဖို့တစ်ဖို့ ပညတ်မတင်ထားသောကြောင့်ပင်ဖြစ်သည်။
ပညတ်တရားအောက်ဆယ်ဖို့တစ်ဖို့ပေးခြင်း
ယေဟောဝါလူမျိုးတော်အနေနှင့် ဣသရေလလူမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ပညတ်ကိုရရှိခဲ့ကြသည်။ အချို့ကျမ်းပညာရှင်တို့က ဆယ်ဖို့တစ်ဖို့ကို တစ်နှစ်တစ်ကြိမ်သာပေးရသည်ဟု ယူမှတ်သော်လည်း တစ်နှစ်ဝင်ငွေမှ ဆယ်ဖို့တစ်ဖို့ပေးခြင်း နှစ် ကြိမ်ပါရှိကြောင်းထင်ရှားသည်။ ဥပုသ်နှစ်တွင် မည်သည့်ဝင်ငွေမျှမရှိသောကြောင့် ထိုနှစ်တွင်ဆယ်ဖို့တစ်ဖို့မပေးရချေ။ (ဝတ်ပြုရာ ၂၅:၁-၁၂) ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် ဘုရားသခင်ကို အဦးသီးသောအသီးဆက်သခြင်းအပြင် ပြုရသောအမှုဖြစ်သည်။—ထွက်မြောက်ရာ ၂၃:၁၉။
မြေယာထွက်အသီးအနှံများ၊ တိုးပွားလာဖွယ်ရှိသော သိုးနွားတိရစ္ဆာန်များတို့မှ ဆယ်ဖို့တစ်ဖို့ကို ဗိမာန်တော်သန့်ရှင်းရာဌာနသို့ယူသွားပြီး မည်သည့်အမွေမျှခွဲဝေပေးခြင်းမခံရသောလေဝိသားများကိုပေးခဲ့ကြသည်။ တစ်ဖန်လေဝိသားများက ရရှိသည့်အရာများမှ ဆယ်ဖို့တစ်ဖို့ကို အာရုန်အမျိုးယဇ်ပုရောဟိတ်များအား ပေးကြသည်။ ဆယ်ဖို့တစ်ဖို့မပေးမီ ကောက်ပဲသီးနှံများကိုချွေပြီး၊ စပျစ်၊ သံလွင်သီးတို့ကိုမူ စပျစ်ရည်၊ ဆီများအဖြစ်ပြုလုပ်၍ ပေးခဲ့ကြဟန်တူသည်။ ဣသရေလလူတစ်ဦးသည် ထွက်ကုန်အစားငွေပေးလိုပါက ပေးရမည့်ငွေအပြင် ယင်း၏ငါးပုံတစ်ပုံကိုပါ ထပ်ဆောင်းပေးရသည်။—ဝတ်ပြုရာ ၂၇:၃၀-၃၃။ တောလည်ရာ ၁၈:၂၁-၃၀။
အခြားဆယ်ဖို့တစ်ဖို့ကိုလည်း ဖယ်ထားခဲ့ရပုံရှိသည်။ ပုံမှန်အားဖြင့် ပွဲတော်များကိုမိသားစုများတက်ရောက်သည့်အခါ စားသုံးရန်ဖြစ်သည်။ သို့သော် ယင်းဆယ်ဖို့တစ်ဖို့ဥစ္စာပစ္စည်းများကို ယေရုရှလင်သို့ယူဆောင်သွားရန် ခရီးဝေးလွန်း၍ အဆင်မပြေပါကမည်သို့နည်း။ ကောက်ပဲသီးနှံ၊ စပျစ်ရည်အသစ်၊ ဆီ၊ တိရစ္ဆာန်များရောင်းရငွေကို အလွယ်တကူယူသွားနိုင်သည်။ (တရားဟောရာ ၁၂:၄-၁၈။ ၁၄:၂၂-၂၇) ခုနစ်နှစ်ပတ်လည်ဥပုသ်နှစ်များ၏တတိယနှင့်ဆဌမမြောက်နှစ်အဆုံးရောက်တိုင်း လေဝိသားများ၊ တပ်အမျိုးသားများ၊ မုဆိုးမများ၊ မိဘမဲ့ကလေးများအတွက် ဆယ်ဖို့တစ်ဖို့သိုထားပေးရသည်။—တရားဟောရာ ၁၄:၂၈၊ ၂၉။ ၂၆:၁၂။
ပညတ်တရားအောက်တွင် ဆယ်ဖို့တစ်ဖို့ပေးရန်ပျက်ကွက်ခြင်းကြောင့် ပြစ်ဒဏ်ပေးခြင်းမရှိခဲ့ချေ။ သို့အစား၊ ဆယ်ဖို့တစ်ဖို့ပေးခြင်းကို ယေဟောဝါက ခိုင်မြဲသောကျင့်ဝတ္တရားဖြစ်စေခဲ့သည်။ ဆယ်ဖို့တစ်ဖို့လုံးကိုပေး၍ ပြီးပြည့်ကြောင်းကိုအခါအားလျော်စွာ ကိုယ်တော့်ရှေ့မှာကြေညာရသည်။ (တရားဟောရာ ၂၆:၁၃-၁၅) တစ်စုံတစ်ခုကို မှားယွင်းသည့်သဘောဖြင့်မပေးဘဲ ထိမ်ဝှက်ထားလျှင် ဘုရားသခင့်ဥစ္စာကိုခိုးယူခြင်းဟုယူမှတ်ခံရသည်။—မာလခိ ၃:၇-၉။
ဆယ်ဖို့တစ်ဖို့ပေးရခြင်းသည် ဝန်ထုပ်ဝန်ပိုးမဖြစ်ပါ။ အမှန်မှာ ဤပညတ်ကိုဣသရေလလူမျိုးတို့လိုက်လျှောက်သောအခါ သူတို့ပို၍ကောင်းစားလာကြသည်။ ဆယ်ဖို့တစ်ဖို့အတွက် ရုပ်ပစ္စည်းမည်သို့ပေးရမည်ကို အလွန်အကျွံဆိုထားခြင်းမရှိဘဲ စစ်မှန်သောဝတ်ပြုရေးကိုမြှင့်ပေးသည်။ ထို့ကြောင့် ဆယ်ဖို့တစ်ဖို့အစီအစဉ်သည် ဣသရေလနိုင်ငံရှိလူအားလုံးကို ကောင်းကျိုးဖြစ်ထွန်းစေသည်။ သို့သော် ခရစ်ယာန်များ ဆယ်ဖို့တစ်ဖို့ပေးရမည်လော။
ခရစ်ယာန်များ ဆယ်ဖို့တစ်ဖို့ပေးရမည်လော
ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် ခရစ်ယာန်ဘောင်လောကတွင် တစ်ချိန်ကထုံးတမ်းစဉ်လာဖြစ်ခဲ့သည်။ The Encyclopedia Americana စွယ်စုံကျမ်းက “ယင်း . . . သည် ၆ ရာစုနှစ်ရောက်သောအခါ တဖြည်းဖြည်းအစဉ်အလာဖြစ်လာသည်။ ၅၆၇ ခုနှစ်တိုးစ်ကောင်စီနှင့် ၅၈၅ ခုနှစ်မာကွန်ကောင်စီတို့တွင် ဆယ်ဖို့တစ်ဖို့ပေးခြင်းကိုထောက်ခံအားပေးကြသည်။ . . . အထူးသဖြင့် ဆယ်ဖို့တစ်ဖို့ကောက်ခံရသည့်အခွင့်အရေးကို သာမန်လူဝတ်ကြောင်များကိုပေးသည့်အခါ သို့မဟုတ် ရောင်းသည့်အချိန်မှစ၍ ယင်းအခွင့်အရေးကိုအလွဲသုံးခြင်းသည် အစဉ်အလာဖြစ်လာသည်။ ခုနစ်ယောက်မြောက်ပုပ်ရဟန်းမင်း ဂရယ်ဂရီအချိန်မှစ၍ အစဉ်အလာသည် တရားမဝင်တော့ကြောင်းကြေညာသည်။ လူဝတ်ကြောင်များစွာက ထိုအခွင့်အရေးကိုရဟန်းကျောင်းနှင့် ဘုရားကျောင်းကိုကြီးကြပ်သည့် ရဟန်းအဖွဲ့အားလွဲပေးလိုက်သည်။ ပြန်လည်ထူထောင်ရေးအသင်းကမူ ဆယ်ဖို့တစ်ဖို့ကိုမဖယ်ဘဲ အသင်းများနှင့်ပရိုတက်စတင့်နိုင်ငံများက ယင်းအလေ့အထကို ဆက်လက်ကျင့်သုံးကြသည်။” နိုင်ငံများစွာတို့၌ ဆယ်ဖို့တစ်ဖို့ပေးခြင်းကိုပယ်ဖျက်ခြင်း သို့မဟုတ် တဖြည်းဖြည်းအစားထိုးခြင်းများပြုလာကြသည်။ ယခုအခါ ဘာသာရေးအဖွဲ့အနည်းငယ်သာ ယင်းကိုကျင့်သုံးကြသည်။
သို့ဆိုလျှင် ခရစ်ယာန်များဆယ်ဖို့တစ်ဖို့ပေးရန်လိုသလော။ အလက်ဇန္ဒားခရူဒင်၏ကျမ်းစာမာတိကာတွင် သူဤသို့ဆိုထားသည်။ “ကျွန်ုပ်တို့၏ကယ်တင်ရှင်သော်လည်းကောင်း၊ ကိုယ်တော်၏တမန်တော်များသော်လည်းကောင်း ဤဆယ်ဖို့တစ်ဖို့ပေးရခြင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာပညတ်မထားခဲ့ပါ။” အမှန်မှာ၊ ခရစ်ယာန်များသည် ဆယ်ဖို့တစ်ဖို့ပေးရန်ပညတ်ထားခြင်းမခံရပါ။ ဘုရားသခင်ကိုယ်တော်တိုင်ဆယ်ဖို့တစ်ဖို့အစီအစဉ်အပါအဝင်မောရှေပညတ်အားလုံးကို ယေရှု၏ညှဉ်းဆဲရာနှက်တိုင်တွင် ရိုက်ထားခြင်းအားဖြင့်အဆုံးသတ်ခဲ့ပြီ။ (ရောမ ၆:၁၄။ ကောလောသဲ ၂:၁၃-၁၄) အသင်းတော်အကုန်အကျကို တိကျသောအတိုင်းအတာတစ်ခုဖြင့် အကုန်အကျခံမည့်အစားခရစ်ယာန်တို့သည် စိတ်စေတနာရှိသည့်အလျောက်ပေးလှူကြသည်။
သင့်အဖိုးထိုက်အရာများဖြင့် ယေဟောဝါကိုဂုဏ်တင်ပါ
စစ်မှန်သောဝတ်ပြုရေးတိုးတက်ရန် ခရစ်ယာန်တစ်ဦးသည် မိမိဝင်ငွေမှဆယ်ဖို့တစ်ဖို့လှူဒါန်းရန် စိတ်လိုကိုယ်လျောက်ဆုံးဖြတ်ပါက ထိုသို့ပြုခြင်းအတွက် မည်သည့်ကျမ်းစာတားမြစ်ချက်မျှမရှိပေ။ ပါပူဝါနယူးဂီနီတွင် ငွေနှင့်ပူးတွဲပို့လိုက်သော ၁၅ နှစ်သားလူငယ်တစ်ဦး၏စာတွင် “ကျွန်တော်ငယ်ငယ်လေးတုန်းက ကျွန်တော့်အဖေက ‘မင်းအလုပ်စလုပ်တဲ့အခါ ယေဟောဝါကိုအဦးသီးတဲ့အသီးဆက်ရမယ်’ လို့ပြောခဲ့ဘူးတယ်။ မိမိတို့ရဲ့အဦးသီးတဲ့အသီးနဲ့ ယေဟောဝါကိုဂုဏ်ပြုဆက်သရမယ်လို့ သု၊ ၃:၁၊ ၉ မှာပြောထားဒါ ကျွန်တော်ပြန်သတိရတယ်။ ဒါကြောင့် အဲဒါလုပ်ဖို့ကျွန်တော်ကတိပြုလိုက်တယ်။ ခုကျွန်တော့်ကတိကိုဖြည့်စွက်ရမယ်။ နိုင်ငံတော်လုပ်ငန်းတိုးတက်ဖို့အတွက် ဒီငွေကိုပို့လိုက်ရလို့ကျွန်တော်သိပ်ဝမ်းသာပါတယ်။” ခရစ်ယာန်များ ထိုသို့ကတိကဝတ်ပြုရန် ကျမ်းစာမတောင်းဆိုပါ။ သို့သော် စေတနာထက်သန်စွာပေးကမ်းခြင်းသည် စစ်မှန်သောဝတ်ပြုရေးတိုးတက်ရန် အကောင်းဆုံးစိတ်ဝင်စားမှုတင်ပြခြင်းဖြစ်သည်။
ယေဟောဝါဘုရားသခင်၏ စစ်မှန်သောဝတ်ပြုရေးတိုးတက်ရန် ခရစ်ယာန်တစ်ဦးမည်မျှလှူဒါန်းမည်ကို တိကျစွာမကန့်သတ်ထားဘဲနေပေမည်။ ဥပမာ ယေဟောဝါသက်သေတို့၏ အစည်းအဝေးပွဲတစ်ခုတွင် သက်ကြီးရွယ်အိုညီအစ်မနှစ်ဦး ဘုရားနိုင်ငံတော်လုပ်ငန်းအတွက် လှူဒါန်းခြင်းအကြောင်းဆွေးနွေးနေကြသည်။ အစည်းအဝေးကျင်းပရာနေရာတွင် အစားအသောက်များရရှိနိုင်ရာ အသက် ၈၇ နှစ်အရွယ်ညီအစ်မက ထိုအစားအသောက်များအတွက် ငွေလှူဒါန်းလိုသဖြင့် မည်မျှတန်ဖိုးရှိကြောင်းမေးရာ အသက် ၉၀ အရွယ်ရှိအခြားညီအစ်မက ‘တန်တယ်ထင်သလောက်နဲ့နဲနဲပိုပြီးတော့ပေးပေါ့’ ဟုပြန်ဖြေခဲ့သည်။ ဤသက်ကြီးသူညီအစ်မသည် မည်မျှကောင်းမြတ်သည့်သဘောထားကိုတင်ပြခဲ့သည်တကား။
ယေဟောဝါ၏လူတို့သည် သူတို့ကိုယ်ကိုကိုယ်တော်ထံလုံးဝဆက်ကပ်အပ်နှံထားရာ စစ်မှန်သောဝတ်ပြုရေးကို ပံ့ပိုးရန်ငွေကြေးနှင့်အခြားအရာများကို ဝမ်းမြောက်ဝမ်းသာလှူဒါန်းကြသည်။ (၂ ကောရိန္သု ၈:၁၂ နှိုင်းယှဉ်) အမှန်မှာ ခရစ်ယာန်နည်းလမ်းအရပေးကမ်းခြင်းသည် ယေဟောဝါဝတ်ပြုရေးကို နှစ်နှစ်ကာကာလေးမြတ်ကြောင်းတင်ပြနိုင်သည့်အခွင့်အရေးဖြစ်သည်။ ယင်းသို့ပေးကမ်းခြင်းကို ဆယ်ဖို့တစ်ဖို့ဖြင့်မကန့်သတ်ထားဘဲ တစ်ဦးစီ၏အခြေအနေအရ ဘုရားနိုင်ငံတော်အကျိုးတိုးတက်ရန် ပို၍ပေးကမ်းဖို့လှုံ့ဆော်ခံရပေမည်။—မဿဲ ၆:၃၃။
တမန်တော်ပေါလုက “နှမြောသောစိတ်နှင့်မလှူရ။ မလှူဘဲမနေရဟူသောစိတ်ထင်ဖြင့်မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့်လှူသောသူကို ဘုရားသခင်နှစ်သက်တော်မူ၏” ဟုပြောခဲ့သည်။ (၂ ကောရိန္သု ၉:၇) မှန်သောဝတ်ပြုရေးကို ထောက်ကူရန်ဝမ်းပမ်းတသာရက်ရက်ရောရောပေးကမ်းပါက သင့်အတွက်အလားအလာကောင်းပေမည်။ အကြောင်းမှာ ပညာရှိကျမ်းစကားက “သင်သည်ကိုယ်ဥစ္စာနှင့်အဦးသီးသောအသီးအနှံရှိသမျှကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အားပူဇော်လော့။ သို့ပြုလျှင် သင်၏စပါးကျီတို့သည် ကြွယ်ဝ၍စပျစ်သီးနယ်ရာတန်ဆာတို့ကို စပျစ်ရည်လျှံလိမ့်မည်” ဟုပြောထားသည်။—သု၊ ၃:၉၊ ၁၀။
အကြီးမြင့်ဆုံးအရှင်ကို ကျွန်ုပ်တို့မကြွယ်ဝစေနိုင်ပါ။ အားလုံးသောရွှေ၊ ငွေ၊ တောင်တန်းများပေါ်ရှိတိရစ္ဆာန်များ၊ မရေတွက်နိုင်သည့်တန်ဖိုးရှိအရာများကို ကိုယ်တော်ပိုင်ဆိုင်တော်မူ၏။ (ဆာလံ ၅၀:၁၀-၁၂) ဘုရားသခင်ကို ကျွန်ုပ်တို့ဘယ်တော့မျှပြန်မဆပ်နိုင်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကိုအရာခပ်သိမ်း ကျေးဇူးပြုထားသောကြောင့်ဖြစ်သည်။ သို့သော် ကိုယ်တော်နှင့်ကိုယ်တော်ကိုချီးမွမ်းဂုဏ်တင်သည့် လုပ်ငန်းတော်အခွင့်အရေးကို နှစ်နှစ်ကာကာလေးမြတ်ကြောင်း ကျွန်ုပ်တို့တင်ပြနိုင်သည်။ ရက်ရောသောမေတ္တာရှင်ယေဟောဝါဘုရားသခင်ကို ချီးမွမ်းရန် ကိုယ်တော့်ဝတ်ပြုရေးတိုးတက်ရန် လျောလျောလျူလျူပေးကမ်းလှူဒါန်းသူများအဖို့ ကြွယ်ဝသောကောင်းချီးများသွန်းလောင်းမည်ကို ယုံကြည်စိတ်ချနိုင်သည်။—၂ ကောရိန္သု ၉:၁၁။
[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်]
ဘုရားနိုင်ငံတော်လုပ်ငန်းအတွက်အချို့သူများလှူဒါန်းပုံ
▫ ကမ္ဘာချီလုပ်ငန်းအတွက်ပါဝင်လှူဒါန်းခြင်း - များစွာသောသူတို့သည် “ကမ္ဘာချီလုပ်ငန်းအတွက်အလှူငွေ—မဿဲ ၂၄:၁၄” ဟုရေးထားသောအလှူငွေသေတ္တာတွင်ထည့်ဝင်ရန် မိမိတို့၏ငွေကြေးများကို စီမံခန့်ခွဲထားကြသည်။ အသင်းတော်များသည် ယင်းအလှူငွေများကို ဘရုတ်ကလင်နယူးယောက်ဌာနချုပ် သို့မဟုတ် နီးစပ်ရာဌာနခွဲရုံးသို့ လစဉ်ပေးပို့ကြသည်။
▫ ပေးလှူခြင်းများ - စေတနာအလျောက်ငွေကြေးအလှူငွေများကို ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်း၊ ပဲင်စီလ်ဘေးနီးယား၊ ၂၅ ကိုလံဘီယာကုန်း၊ ဘရုတ်ကလင်၊ နယူးယောက်၊ ၁၁၂၀၁၊ သို့လည်းကောင်း၊ အသင်း၏ဒေသခံဌာနခွဲရုံးသို့လည်းကောင်း တိုက်ရိုက်ပေးပို့နိုင်သည်။ ကျောက်မျက်ရတနာနှင့် အခြားတန်ဖိုးရှိအရာများကိုလည်းလှူဒါန်းနိုင်သည်။ ဤသို့ပေးပို့လှူဒါန်းရာတွင် လုံးလုံးလျားလျားလှူဒါန်းကြောင်းဖော်ပြသည့် စာတိုကလေးပါတည့်ပေးသင့်သည်။
▫ ကန့်သတ်ချက်ဖြင့်လှူဒါန်းခြင်းအစီအစဉ် - ကင်းမျှော်စင်အသင်းသို့ ငွေကြေးလွှဲအပ်ထားပေးနိုင်ပြီး လှူဒါန်းသူမသေဆုံးမီ သူ၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ရှိပါက ပြန်လည်ပေးအပ်ရန်ဖြစ်သည်။
▫ အာမခံ - ကင်းမျှော်စင်အသင်းအမည်ဖြင့် အသက်အာမခံကြေးခံစားခွင့်များ၊ အငြိမ်းစားခံစားခွင့်များကို ပြုလုပ်ပေးနိုင်သည်။ သို့ပြုလိုလျှင် အသင်းမကိုအကြောင်းကြားပါ။
▫ ဘဏ်စာရင်းများ - ဘဏ်ရှင်းတမ်းများ၊ ငွေစုစာအုပ်များ၊ အငြိမ်းစားခံစားခွင့်စာရင်း (ပင်စင်စာအုပ်) များကို ဒေသခံဘဏ်စည်းကမ်းများအရ ကင်းမျှော်စင်အသင်းထံ သို့မဟုတ် ကာယကံရှင်သေဆုံးမှ လွှဲပြောင်းပေးရန်စီစဉ်နိုင်သည်။ ယင်းအစီအစဉ်တစ်စုံတစ်ခုအတွက် အသင်းမကိုအကြောင်းကြားပါ။
▫ အစုရှယ်ယာလက်မှတ်နှင့်ငွေချေးစာချုပ်များ - အစုရှယ်ယာလက်မှတ်များနှင့် ငွေချေးစာချုပ်များကို ကင်းမျှော်စင်အသင်းသို့လုံးလုံးလျားလျားပေးအပ်၍ဖြစ်စေ၊ ထပ်မံဝင်ငွေများကို လှူဒါန်းသူအားပေးရသည့် အစီအစဉ်ဖြင့်ဖြစ်စေလှူဒါန်းနိုင်သည်။
▫ အိမ်ယာအဆောက်အအုံများ - ရောင်းချနိုင်သောအိမ်ယာအဆောက်အအုံများကို ကင်းမျှော်စင်အသင်းသို့လုံးလုံးလျားလျားဖြစ်စေ လှူဒါန်းသူအသက်ရှင်နေသရွေ့နေထိုင်ရန် အပိုင်းကိုချန်လှပ်၍ဖြစ်စေ ပေးလှူဒါန်းနိုင်သည်။ ဤသို့ပေးလှူရန်စာချုပ်စာတမ်းမပြုမီ အသင်းမကိုအကြောင်းကြားသင့်သည်။
▫ သေတမ်းစာနှင့်လွှဲအပ်စာများ - ပစ္စည်းဥစ္စာ သို့မဟုတ် ငွေကြေးများကိုပဲင်စီလ်ဘေးနီးယားရှိ ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်းသို့ တရားဝင်သေတမ်းစာဖြင့် အမွေပေးလှူဒါန်းနိုင်သည်။ သို့မဟုတ် လွှဲအပ်စာချုပ်တွင် အသင်းမကအကျိုးခံစားခွင့်ရှိသူ အဖြစ်ပါဝင်စေနိုင်သည်။ ဤသို့ ဘာသာရေးအဖွဲ့အစည်းကိုလွှဲအပ်ရာတွင် အခွန်နှင့်ပတ်သက်သည့်အကျိုးအမြတ် တစ်စုံတစ်ခုကိုဖြစ်ထွန်းစေပေမည်။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ဤကိစ္စနှင့်ပတ်သက်၍ ထပ်မံသိလိုပါက Treasurer’s Office, Watch Tower Bible and Tract Society of Pennsylvania, 25 Columbia Heights, Brooklyn, New York 11201, သို့မဟုတ် ကင်းမျှော်စင်အသင်း၊ အမှတ် ၉၄ - ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့သို့ စာရေးမေးမြန်းနိုင်သည်။