မမေ့နိုင်သော ရေလွှမ်းမိုးဘေး
လွန်ခဲ့သောနှစ်ပေါင်း ၄,၃၀၀ ကျော်က ကမ္ဘာချီရေလွှမ်းမိုးဘေးကြီးဆိုက်ရောက်ခဲ့ရာ ယင်းသည်ကြီးကျယ်စွာသိမ်းကျုံး၍ သက်ရှိအားလုံးနီးနီးကို ဖျက်ဆီးပစ်ခဲ့သည်။ ယင်း၏ကြီးကျယ်လှသောပမာဏကြောင့် မေ့ပျောက်၍မရနိုင်လောက်အောင် ယင်းကိုလူသားအပေါင်းစွဲမှတ်နေရရာ လူမျိုးဆက်တစ်ဆက်မှတစ်ဆက် ထိုကပ်ဘေးအကြောင်းဆင့်ဆိုပြောကြားကြသည်။
ရေလွှမ်းမိုးဘေးပြီး၍နှစ်ပေါင်း ၈၅၀ ခန့်ကြာသော် ဟေဗြဲကျမ်းရေးသူမောရှေသည် ကမ္ဘာချီရေလွှမ်းမိုးဘေးအကြောင်းမှတ်တမ်းတင်ခဲ့သည်။ ကမ္ဘာဦးကျမ်းစောင်တွင် ယင်းအကြောင်း အခန်းကြီး ၆ မှ ၈ ၌ကွက်ကွက်ကွင်းကွင်းမှတ်တမ်းတင်ထားပါသည်။
ရေလွှမ်းမိုးဘေးဆိုင်ရာကျမ်းစာမှတ်တမ်း
မျက်မြင်သက်သေအဖြစ်ထင်ရှားသည့် ဤအသေးစိတ်အချက်အလက်များကို ကမ္ဘာဦးကျမ်း၌ဖတ်ရှုရသည်။ “နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင် ကြီးစွာသောနက်နဲရာရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကိုပယ်ရှင်း၍ မိုးကောင်းကင်ပြွန်ဝများကိုဖွင့် . . . ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာအစဉ်အတိုင်းတိုးတက်၍ သင်္ဘောကိုမြေမှခွာလျက်ဆောင်ယူလေ၏။ နောက်တစ်ဖန်ရေသည်မြေကြီးပေါ်မှာအလွန်အားကြီးသဖြင့် မိုးကောင်းကင်အောက်၌ရှိသမျှသောတောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။”—ကမ္ဘာဦး ၇:၁၁၊ ၁၇၊ ၁၉။
သက်ရှိများအပေါ်ရေလွှမ်းမိုးဘေး၏မွှေနှောက်ဖျက်ဆီးမှုအကြောင်း ကျမ်းစာဤသို့ဆိုသည်။ “မြေပေါ်မှာလှုပ်ရှားတတ်သောတိရစ္ဆာန်မျိုးတည်းဟူသောငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။” သို့ရာတွင် နောဧနှင့်အခြားလူခုနစ်ဦးအပြင် သားယဉ်သားရဲ၊ ငှက်နှင့်တွားတတ်သောတိရစ္ဆာန်များပါ ကပ်ကျော်ကြသည်။ (ကမ္ဘာဦး ၇:၂၁၊ ၂၃) သူတို့အပေါင်းသည် အရှည် ၄၃၇ ပေ၊ အကျယ် ၇၃ ပေနှင့်အမြင့် ၄၄ ပေရှိရေပေါ် ပေါလောပေါ်သောသေတ္တာကြီးအတွင်း၌ အသက်ချမ်းသာရခဲ့ကြသည်။ သေတ္တာကြီးသည်ရေလုံ၍ ရေတွင်ပေါ်နိုင်ဖို့သာရည်ရွယ်ထားသဖြင့် ခုတ်မောင်းနိုင်ရန် ဝမ်းလုံးဦးချွန်မဟုတ်ဘဲ ပဲ့ထိန်းစနစ်လည်းမပါရှိပါ။ နောဧ၏သင်္ဘောသည် လေးထောင့်ပုံသေတ္တာကြီးပမာသာဖြစ်သည်။
ရေလွှမ်းမိုးဘေးစတင်ပြီးနောက် ငါးလအကြာတွင် နောဧသင်္ဘောသည် မျက်မှောက်ခေတ်တူရကီနိုင်ငံ၏အရှေ့ပိုင်းရှိ အာရရတ်တောင်ပေါ်တင်နေလေသည်။ ရေလွှမ်းမိုးဘေးလွန်၍တစ်နှစ်အကြာတွင် သင်္ဘောထဲမှ နောဧနှင့်သူ၏မိသားစုထွက်လာကြပြီး ဘဝအသက်တာပုံစံအသစ်ကိုစတင်လေသည်။ (ကမ္ဘာဦး ၈:၁၄-၁၉) အချိန်ကြာမြင့်စွာကုန်လေသော် ဥဖရတ်မြစ်အနီးတစ်ဝိုက်တွင် ဗာဗုလုန်မြို့နှင့်ရဲတိုက်ကြီးကိုဆောက်လုပ်နိုင်သည့်အထိ လူ့မိသားစုတိုးပွားများပြားလာလေသည်။ လူ့ဘာသာစကားကွဲပြားခံရချိန်တွင် ထိုအရပ်မှကမ္ဘာ့ဒေသအရပ်ရပ်သို့ လူအသီးသီး ပျံ့နှံ့သွားလေတော့သည်။ (ကမ္ဘာဦး ၁၁:၁-၉) သို့သော် နောဧသင်္ဘော ဘာဖြစ်သွားသနည်း။
သင်္ဘောကိုရှာဖွေကြခြင်း
၁၉ ရာစုကတည်းက အာရရတ်တောင်ပေါ်တွင် နောဧသင်္ဘောကိုရှာယူရန် နည်းအမျိုးမျိုးဖြင့်အကြိမ်ကြိမ်ကြိုးစားခဲ့ကြပြီ။ ဤတောင်တန်းဒေသ၌ ထူးခြားသောတောင်ထိပ်နှစ်ခုရှိသည်။ တစ်ခုမှာ ပေ ၁၆,၉၅၀ မြင့်ပြီး အခြားတစ်ခုမှာမူ ပေ ၁၂,၈၄၀ မြင့်ပါသည်။ ယင်းတို့အနက်ပိုမြင့်သောတောင်ထိပ်သည် အစဉ်နှင်းဖုံးလွှမ်းနေပါသည်။ ရေလွှမ်းမိုးဘေးကြောင့် ပြောင်းလဲမှုအကြီးအကျယ်ဖြစ်ပေါ်လာရာ နောဧသင်္ဘောသည် နှင်းခဲအောက်ရောက်ရဖို့အကြောင်းသာရှိလေတော့သည်။ ယင်းကြောင့်သုတေသီအချို့က နောဧသင်္ဘောသည် ယနေ့ထိတိုင်ရေခဲပြင်အောက်ရှိနေသည်ဟုယူမှတ်ကြသည်။ ရေခဲအတော်အတန်ပျော်ချိန်များရှိခဲ့ရာ ထိုအချိန်များ၌သင်္ဘောကြီး၏တစ်စိတ်တစ်ပိုင်း ခေတ္တပေါ်လာရန်အကြောင်းရှိမည်ဟု အချို့အဆိုပြုသည်။
၁၉၀၂ ခုနှစ်နှင့် ၁၉၀၄ ခုနှစ်များတွင် အာရရတ်တောင်ကိုတက်ခဲ့၍ နောဧသင်္ဘောကိုတွေ့မြင်ခဲ့ရသည်ဟုဆိုသူ အာမေးနီးယန်လူမျိုးဖြစ်သော ဂျော့ဂျ် ဟာဂိုပီယန်၏စကားကို In Search of Noah’s Ark စာအုပ်ကကိုးကားတင်ပြထားသည်။ ပထမအကြိမ်တွင် နောဧသင်္ဘောအပေါ်သူတွယ်တက်ပြီး “သင်္ဘောတစ်စင်းလုံးကိုလေ့လာခဲ့ရာ အလွန်ရှည်လျား၍ အမြင့်ပေလေးဆယ်ခန့်ရှိသည်ကိုတွေ့ရှိသည်” ဟုသူဆိုသည်။ နောက်တစ်ကြိမ်ရောက်သွားသည့်အခါတွင် “သင်္ဘောတစ်စင်းလုံးအကွေးအကောက်များ လုံးဝမတွေ့ရှိပါ။ တွေ့ဖူးခဲ့သမျှသင်္ဘောများနှင့် ပုံစံချင်းလုံးဝမတူဘဲ ၄င်းသည်ဝမ်းဗိုက်ပြားပြားရှိဖောင်ကြီးနှင့်သာတူ” သည်ဟုပြောပြသည်။
၁၉၅၂ မှ ၁၉၆၉ ခုနှစ်အထိ ဖာနန်ဒ်နာဘာရာဆိုသူသည် နောဧသင်္ဘောကိုတွေ့ရှိရန် လေးကြိမ်တိုင်ကြိုးစားခဲ့သည်။ အာရရတ်တောင်သို့တတိယမြောက်အကြိမ်လည်ပတ်ချိန်တွင် ရေခဲပြင်ရှိအအက်အကွဲတစ်ခု၏အောက်ခြေအထိ ထိုးထွင်းဝင်သွားခဲ့ရာ ရေခဲတွင်အနက်ရောင်သစ်ချောင်းတစ်ချောင်း သူတွေ့ရှိခဲ့သည်ဆို၏။ “ထိုသစ်ချောင်းသည် အတော်ရှည်ရမည်။ သင်္ဘောဘောင်၏အခြားအပိုင်းနှင့်ဆက်နေပါလိမ့်မည်။ ငါးပေလောက်သာအရှည်ရှိသောအပိုင်းကို ကျွန်တော်ဖြတ်ပစ်နိုင်ခဲ့သည်” ဟုသူဆိုသည်။
ယင်းသစ်ချောင်းကိုသုတေသနပြုခဲ့သူတို့အနက် တစ်ဦးအဝင်ဖြစ်သောပါမောက္ခရစ်ချာ့ဒ်ဘလစ်စ် ဤသို့ဆိုသည်။ “နာဘာရာ၏သစ်ချောင်းသည် သင်္ဘောယက်မတစ်ခုဖြစ်ပြီး ယင်း၌ မဲမှောင်သောကတ္တရာပွဲ.လျက်စိမ့်ဝင်ပြည့်ဖြိုးနေသည်။ ယင်း၌စရွေးနှင့်စရွေးပေါက်များရှိသည်။ လက်နှင့်ခုတ်ထွင်းထားသည်ကားသေချာသည်။” ထိုသစ်ချောင်း၏သက်တမ်းမှာလည်း နှစ်ပေါင်းလေးထောင်မှငါးထောင်ဖြစ်မည်ဟုဆိုပါသည်။
အာရရတ်တောင်ပေါ်တွင် နောဧသင်္ဘောကိုရှာတွေ့ရန်ကြိုးစားခဲ့သော်လည်း ကမ္ဘာ့ကပ်ဘေးကိုကျော်လွှားရန် ယင်းကိုအသုံးပြုခဲ့ကြောင်း အတိအလင်းဖော်ပြသည့်သက်သေကို ကမ္ဘာဦးကျမ်းပါ ထိုကပ်ဘေးကြီးမှတ်တမ်းတွင်တွေ့ရှိရသည်။ ထိုမှတ်တမ်းမှန်ကန်ကြောင်းကို ကမ္ဘာတစ်ဝန်းရှိ ရှေးကျသောလူမျိုးတို့၏ရေလွှမ်းမိုးဘေးဒဏ္ဍာရီအမြောက်အမြားတို့က ထောက်ခံပေးပါသည်။ နောက်ဆက်တွဲဆောင်းပါးပါ သူတို့၏စကားများကိုသုံးသပ်ကြည့်ပါ။
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
နောဧသင်္ဘောသည် ၂၅ တွဲပါ အမေရိကန်ကုန်တင်ရထားဆယ်စင်းစာရှိ ဝန်များဆံ့နိုင်လောက်အောင်ကျယ်ပြောပါသည်တကား