ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁/၁၅ စာ. ၅-၈
  • ကမ္ဘာ့ဒဏ္ဍာရီများ၌ ရေလွှမ်းမိုးဘေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဒဏ္ဍာရီများ၌ ရေလွှမ်းမိုးဘေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထူးခြားသောဆင်တူယိုးမှားချက်များ
  • ရှေးခေတ်ရေလွှမ်းမိုးဘေးဒဏ္ဍာရီများ
  • အရှေ့စွန်းပိုင်းမှဒဏ္ဍာရီပုံပြင်များ
  • အမေရိကတိုက်များ၌
  • တောင်ပစိဖိတ်နှင့်အာရှ
  • မူလအစတစ်မျိုးတည်း
  • နောဧနဲ့ ရေလွှမ်းမိုးဘေးကြီးအကြောင်း—ဒဏ္ဍာရီသက်သက်ပဲလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • တစ်လောကလုံး ဖျက်ဆီးခံရ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • နောဧနှင့် ရေလွှမ်းမိုးခြင်း—ဒဏ္ဍာရီမဟုတ်သော ဖြစ်ရပ်မှန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • နောဧခေတ်ရေလွှမ်းမိုးဘေးသည် အမှန်တကယ် ကမ္ဘာချီဖြစ်ပျက်ခဲ့သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁/၁၅ စာ. ၅-၈

ကမ္ဘာ့ဒဏ္ဍာရီများ၌ ရေလွှမ်းမိုးဘေး

နောဧခေတ်ကရေလွှမ်းမိုးဘေးသည် ကမ္ဘာဖျက်မိုးကြီးဖြစ်ခဲ့ရာ ယင်းကိုလူသားတို့မမေ့ပျောက်နိုင်ကြချေ။ နောင်နှစ်ပေါင်း ၂,၄၀၀ ကျော်တွင် ယေရှုက၄င်းကိုသမိုင်းဝင်အဖြစ်မှန်တစ်ရပ်အနေနှင့်ထောက်ပြခဲ့သည်။ (မဿဲ ၂၄:၃၇-၃၉) ဤထိတ်လန့်ဖွယ်အဖြစ်အပျက်သည် လူသားအပေါင်းမမေ့မပျောက်စွဲမှတ်ထားစရာဖြစ်လွန်းလှသဖြင့် ကမ္ဘာချီဒဏ္ဍာရီအဝင်ဖြစ်လာပေပြီ။

Myths of Creation စာအုပ်တွင် ဖိလစ်ဖရီအန်ဒ်က လူအသီးသီးနှင့်လူမျိုးစု ၂၅၀ ကျော်တို့သည် ရေလွှမ်းမိုးဘေးဒဏ္ဍာရီအမျိုးပေါင်း ၅၀၀ ကျော်ပြောဆိုကြသည်ဟုခန့်မှန်းထားသည်။ နှစ်ရာစုများစွာကုန်လွန်ခဲ့ရာ ဤဒဏ္ဍာရီများထဲသို့ စိတ်ကူးယဉ်အဖြစ်အပျက်များနှင့်ဇာတ်ကောင်များထပ်ဆင့်ထည့်သွင်းမည်သေချာသည်။ သို့သော် ယင်းတို့အားလုံး၌ပင် ဆင်တူယိုးမှားချက်များတွေ့ရှိနိုင်သည်။

ထူးခြားသောဆင်တူယိုးမှားချက်များ

ရေလွှမ်းမိုးဘေးပြီးနောက် မေသောပေါတာမိ (မက်ဆိုပိုတေးမီးယား) အရပ်ဒေသမှ လူအပေါင်းဖြာထွက်သွားစဉ် ကမ္ဘာ့ဒေသအရပ်ရပ်သို့ ထိုကပ်ဘေးမှတ်တမ်းကိုသယ်ဆောင်သွားကြသည်။ သို့ဖြစ်၍ အာရှတိုက်သားများ၊ တောင်ပစိဖိတ်သမုဒ္ဒရာရှိကျွန်းကြီးကျွန်းငယ်များ၊ မြောက်အမေရိကတိုက်၊ အမေရိကအလယ်ပိုင်းနှင့်တောင်အမေရိကတိုက်တို့တွင် ဤထူးခြားလှသောအဖြစ်အပျက်နှင့်ဆိုင်သည့် ပုံပြင်အမျိုးမျိုးရှိပါသည်။ ဤလူမျိုးအသီးသီးတို့သည် သမ္မာကျမ်းစာပါဖော်ပြချက်ကို မကြားမသိရမီကတည်းက ရေလွှမ်းမိုးဘေးဒဏ္ဍာရီများစွာရှိနှင့်ပြီးသားဖြစ်သည်။ သို့ဖြစ်၍ပင် ရေလွှမ်းမိုးဘေးဆိုင်ရာ သမ္မာကျမ်းစာမှတ်တမ်းနှင့်တူညီသော အခြေခံအချက်အချို့ကို ဤဒဏ္ဍာရီများတွင်တွေ့ရှိရသည်။

ရေလွှမ်းမိုးဘေးမတိုင်မီ ကမ္ဘာပေါ်တွင်ရမ်းကားသောလူ့ဘီလူးကြီးများရှိခဲ့သည်ဟု အချို့ဒဏ္ဍာရီများကဆိုသည်။ နှိုင်းယှဉ်ကြည့်ရလျှင် ရေလွှမ်းမိုးဘေးမတိုင်မီ နာခံမှုမရှိသောကောင်းကင်သားတို့သည် လူ့ခန္ဓာကိုယ်ယူတင်ကာ အမျိုးသမီးများနှင့်စုံဖက်ပြီး နက်ဖလင်ခေါ်ကြီးမားသောလူမျိုးတစ်မျိုးကို မွေးဖွားခဲ့ကြောင်းသမ္မာကျမ်းစာကဆိုသည်။—ကမ္ဘာဦး ၆:၁-၄။ ၂ ပေတရု ၂:၄၊ ၅။

ရေလွှမ်းမိုးဘေးဒဏ္ဍာရီအများတွင် ရေလွှမ်းမိုးမည်ဟု လူတစ်ဦးသတိပေးခံရသည့်အကြောင်း အများအားဖြင့်ပါသည်။ သမ္မာကျမ်းစာအရ ဆိုးသွမ်းမိုက်မဲသူများကိုယေဟောဝါဘုရားသခင်ဖျက်ဆီးမည်ဟု နောဧအားသတိပေးခဲ့ကြောင်းတင်ပြသည်။ ဘုရားသခင်ကနောဧအား ဤသို့မှာသည်။ “သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင်ပေါ်လာပြီ။ သူတို့ကြောင့်မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွသူတို့ကိုငါဖျက်ဆီးမည်။”—ကမ္ဘာဦး ၆:၁၃။

ရေလွှမ်းမိုးဘေးဆိုင်ရာဒဏ္ဍာရီများက ကမ္ဘာချီဖျက်ဆီးခြင်းအကြောင်းတင်ပြသည်။ ထပ်တူပင်သမ္မာကျမ်းစာဤသို့ဆိုသည်။ “ရေသည်မြေကြီးပေါ်မှာအလွန်အားကြီးသဖြင့် မိုးကောင်းကင်အောက်၌ရှိသမျှသော တောင်ကြီးအပေါင်းတို့သည်မြုပ်ကြ၏။ အသက်ရှူလျက်ကုန်းပေါ်မှာရှိလေသမျှတို့သည် သေကြကုန်၏။”—ကမ္ဘာဦး ၇:၁၉၊ ၂၂။

ရေလွှမ်းမိုးဘေးဒဏ္ဍာရီအများတို့က လူတစ်ဦး သို့မဟုတ် ထိုထက်မကနှင့်အတူ ကပ်ကျော်သူများရှိသည်ဟုဆိုသည်။ ထိုဒဏ္ဍာရီအများကလည်း ယင်းကပ်ကျော်သူကိုယ်တိုင်ဆောက်သောသင်္ဘောကြီး၌ သူတို့ခိုလှုံကြ၍ တောင်ကြီးပေါ်တင်စေသည်ဟုဆို၏။ ယင်းနှင့်နှိုင်းကြည့်က နောဧသင်္ဘောဆောက်ခဲ့ကြောင်း သမ္မာကျမ်းစာဆိုပါသည်။ “နောဧမှစ၍ နောဧနှင့်အတူသင်္ဘောထဲ၌ရှိသောသူတို့သာကျန်ကြွင်းကြလေ၏။” (ကမ္ဘာဦး ၆:၅-၈။ ၇:၂၃) သမ္မာကျမ်းစာအရဆိုလျှင် ရေလွှမ်းမိုးဘေးပြီးနောက် “သင်္ဘောသည် အာရရတ်အမည်ရှိသောတောင်ပေါ်မှာတင်လေ၏။” ထိုအခါနောဧနှင့်မိသားစုသည် ထွက်ဆင်းကြလေသည်။ (ကမ္ဘာဦး ၈:၄၊ ၁၅-၁၈) နောဧမိသားစုကြီးလာသည်ဟု သမ္မာကျမ်းစာဖော်ပြသည့်အတိုင်းပင် ရေလွှမ်းမိုးဘေးကပ်ကျော်သူတို့သည် ကမ္ဘာပေါ်လူဦးရေများလာစေကြောင်း ဒဏ္ဍာရီပုံပြင်များကတင်ပြပါသည်။—ကမ္ဘာဦး ၉:၁။ ၁၀:၁။

ရှေးခေတ်ရေလွှမ်းမိုးဘေးဒဏ္ဍာရီများ

အထက်ပါအချက်များကိုမှတ်ထားကာ ဒဏ္ဍာရီပုံပြင်အချို့ကိုသုံးသပ်ကြည့်ကြစို့။ မေသောပေါတာမိအရပ်ဒေသသားများဖြစ်သည့် ရှေးစူမီရီယန်လူမျိုးအကြောင်းနှင့်စတင်ကြည့်ကြစို့။ နစ်ပူရ်မြို့ (Nippur) အပျက်အစီးများတွင်တွေ့ရှိခဲ့သော ရွှံ့ပြားတစ်ချပ်ပေါ်၌ သူတို့၏ရေလွှမ်းမိုးဘေးပုံပြင်ကိုသိရှိရ၏။ အေနူး (Anu) နှင့် အင်လီလ် (Enlil) အမည်ရှိစူမီရီယန်ဘုရားများက ရေလွှမ်းမိုးဘေးကြီးဖြင့် ကမ္ဘာကိုဖျက်ဆီးပစ်ရန်ဆုံးဖြတ်ကြောင်း ဤရွှံ့ပြားပေါ်၌တင်ပြထား၏။ အင်ကီ (Enki) ဘုရားကသူတို့အားသတိပေးခဲ့သဖြင့် ဇီဦစူဒရာ (Ziusudra) နှင့်သူ၏အိမ်ထောင်သည် သင်္ဘောကြီးတစ်စင်းအားဖြင့် အသက်ချမ်းသာရခဲ့ကြသည်။

ဂီလ်ဂါမဲ့ရှ် (Gilgamesh) ဗာဗုလုန်မော်ကွန်းတင်ကဗျာတစ်ခု၌ အသေးစိတ်အချက်အလက်များစွာပါရှိသည်။ ယင်းအရ ရေလွှမ်းမိုးဘေးကိုကပ်ကျော်ပြီးနောက် ထာဝရအသက်ရသူ ဘိုးဘေးအတ်နာပစ်ရှ်တီမ် (Utnapishtim) ထံ ဂီလ်ဂါမဲ့ရှ်လည်ပတ်ချိန်တွင် သင်္ဘောဆောက်လုပ်ပြီးအထဲသို့ သားယဉ်သားရဲနှင့်မိမိအိမ်ထောင်ကိုခေါ်ဆောင်ထားရန် မှာကြားခံရကြောင်း အတ်နာပစ်ရှ်တီမ်ပြောပြသည်ဟုဆိုသည်။ တစ်ဖက်လျှင်ကုဗပေ ၂၀၀ နှင့်ခြောက်ထပ်ရှိ ကြီးမားသောသင်္ဘောကြီးကို သူဆောက်လုပ်ရသည်။ မုန်တိုင်းသည် ခြောက်ရက်နှင့်ခြောက်ညကြာရှည်ပြီး “သတ္တမမြောက်နေ့တွင် ရေလွှမ်းမိုးဘေးကြီးရပ်တန့်လေသော် သမုဒ္ဒရာသည်တည်ငြိမ်သွား၏၊ ဆိုင်ကလုံးမုန်တိုင်းပြီးဆုံး၍ရေလွှမ်းခြင်းရပ်စဲလေ၏၊ သမုဒ္ဒရာသို့ရှုစားလေရာ အသံဗလံများပျောက်လွင့်ငြိမ်သက်လေတော့သည်၊ လူသားအပေါင်းတို့လည်း ရွှံ့ဖြစ်လေတော့သည်” ဟုသူပြောပါသည်။

နီဆာ (Nisir) တောင်ပေါ်သင်္ဘောကြီးတင်သည့်အခါ အတ်နာပစ်ရှ်တီမ်လွှတ်လိုက်သောချိုးငှက်သည် ရပ်နားရာနေရာမတွေ့ရှိ၍ပြန်လာခဲ့သည်။ ယင်းနောက် ငှက်တစ်ကောင်ကိုလွှတ်ပြန်ရာ ယင်းသည်လည်းပြန်၍လာသည်။ ထိုနောက်ကျီးအကိုလွှတ်ပြန်၍ ပြန်လာသည်ကိုမတွေ့ရှိသည့်အတွက် ရေများကျသွားပြီဟုသိရှိတော့သည်။ ထိုအခါအတ်နာပစ်ရှ်တီမ်သည် တိရစ္ဆာန်များကိုလွှတ်လိုက်၍ ယဇ်ပူဇော်ခဲ့လေသည်။

ဤရှေးကျသောဒဏ္ဍာရီသည် ရေလွှမ်းမိုးဘေးဆိုင်ရာကျမ်းစာမှတ်တမ်းနှင့် အလွန်တူညီလှသည်။ သို့ရာတွင်သမ္မာကျမ်းစာလောက် တိကျပေါ်လွင်ရိုးရှင်းမှုမရှိ၊ သင်္ဘောနှင့်ပတ်သက်၍ ယုံနိုင်စရာအတိုင်းအတာများမပေး၊ သမ္မာကျမ်းစာပါအချိန်အကန့်အသတ်နှင့်လည်း မတူညီပါ။ ဥပမာ၊ ဂီလ်ဂါမဲ့ရှ်မော်ကွန်းတင်ကဗျာက မုန်တိုင်းမှာခြောက်ရက်နှင့်ခြောက်ညကြာသည်ဟုဆို၏။ သမ္မာကျမ်းစာမူကား ကမ္ဘာတစ်ဝန်းကိုဖုံးလွှမ်းသွားသည်တိုင် သည်းကြီးမည်းကြီးဆက်တိုက် “အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာမိုးရွာလေ၏” ဟုဆိုသည်။—ကမ္ဘာဦး ၇:၁၂။

သမ္မာကျမ်းစာက ရေလွှမ်းမိုးဘေးကိုကပ်ကျော်သူရှစ်ဦးရှိကြောင်းဆိုသော်လည်း ဂရိဒဏ္ဍာရီပုံပြင်၌မူ ဒရူကာလီယံ (Deucalion) နှင့်သူ၏ဇနီး ပီရ်ဟာ (Pyrrha) တို့သာကပ်ကျော်သည်ဟုဆို၏။ (၂ ပေတရု ၂:၅) ဤပုံပြင်အတိုင်းဆိုလျှင် ရေလွှမ်းမိုးဘေးမတိုင်မီ ကမ္ဘာပေါ်နေထိုင်သူများသည် ကြေးနီလူများခေါ်အဓမ္မမှုပြုသူများနေထိုင်ကြသည်ဆို၏။ သို့နှင့်ဇီးအပ်စ် (Zeus) ဘုရားကရေလွှမ်းမိုးဘေးဖြင့် သူတို့အားဖျက်ဆီးပစ်ရန်ကြံစည်ကြောင်း၊ ဒရူကာလီယံအား သင်္ဘောကြီးတစ်စင်းဆောက်လုပ်ပြီး ထိုထဲဝင်နေရန်အမိန့်ပေးခဲ့ကြောင်းဟူ၏။ ရေများကျဆင်းသွားသောအခါ သင်္ဘောကြီးသည် ပါနက်စပ်စ် (Parnassus) တောင်ပေါ်တင်လေ၏။ ဒရူကာလီယံနှင့်ပီရ်ဟာတို့သည်တောင်ပေါ်မှဆင်းသက်လာပြီး လူမျိုးကိုတစ်ဖန်စတင်ပွားများစေသည်။

အရှေ့စွန်းပိုင်းမှဒဏ္ဍာရီပုံပြင်များ

အိန္ဒိယနိုင်ငံတွင် ရေလွှမ်းမိုးဘေးကပ်ကျော်သူ မာနူး (Manu) အကြောင်းပုံပြင်ရှိသည်။ သူသည် အလွန်ကြီးမားသောငါးအဖြစ်သို့ကြီးထွားလာသည့် ငါးကလေးတစ်ကောင်နှင့်မိတ်ဆွေဖြစ်လာရာ ပျက်စီးခြင်းပြင်းထန်မည့်ရေလွှမ်းမိုးဘေးအကြောင်း ၄င်းအားသတိပေးလေသည်။ မာနူးသည် သင်္ဘောတစ်စင်းဆောက်လုပ်၍ ယင်းကိုငါးကဆွဲပေးပြီး ဟိမဝန္တာတောင်ပေါ်တင်စေသည်။ ရေများကျပြီးနောက် မာနူးသည်တောင်ပေါ်မှဆင်းလာပြီး သူ၏ယဇ်ပူဇော်ခြင်း၏ပြယုဂ်ဖြစ်သောအိုင်ဒါ (Ida) နှင့်တွဲဖက်ကာ လူမျိုးကိုတစ်ဖန်ပြန်စလေသည်။

တရုတ်နိုင်ငံမှရေလွှမ်းမိုးဘေးဒဏ္ဍာရီပုံပြင်အရ မိုးကြိုးဘုရားသည် သားနူဝါ (Nuwa) နှင့် ဖူစီ (Fuxi) တို့အားသွားတစ်ချောင်းပေးသည်။ ယင်းကိုမြေထဲစိုက်ပျိုးရန်နှင့် ၄င်းမှသီးလာမည့်ဘူးသီးအတွင်းပုန်းရှောင်နေကြရန် မှာကြားသည်ဆို၏။ သို့နှင့်သွားမှအပင်ပေါက်လာ၍ ကြီးမားသောဘူးသီးတစ်လုံးသီးလာ၏။ မိုးကြိုးဘုရားက ရေကြီးမိုးကြီးရွာစေခဲ့သောအခါ ကလေးနှစ်ယောက်ဘူးသီးထဲဝင်ပုန်းကြ၏။ ထိုစဉ်ဖြစ်ပျက်သည့်ရေလွှမ်းမိုးဘေးကြောင့် မြေကြီးသားအပေါင်းသေကျေပျက်စီးကုန်ကြသော်လည်း နူဝါနှင့်ဖူစီတို့ကပ်ကျော်ပြီး ကမ္ဘာသားများပြန်ရှိလာစေသည်။

အမေရိကတိုက်များ၌

မြောက်အမေရိကတိုက်သားများဖြစ်သည့်လူနီတို့၌ လူနည်းစုမှအပအားလုံးပျက်စီးခြင်းခံရသောရေလွှမ်းမိုးဘေးဆိုင်ရာ ပုံပြင်အမျိုးမျိုးရှိသည်။ ဥပမာ၊ ကက်ဒိုအမျိုး (Caddo) မှအရီကာရာ (Arikara) လူမျိုးက ဘုရားတို့ကိုပင် စိန်ခေါ်နိုင်ခဲ့သည့်တိုင် တစ်ချိန်ကကမ္ဘာပေါ်နေထိုင်ခဲ့သည့် အင်အားကြီးလူမျိုးတစ်မျိုးဟုဆို၏။ နီစာရူ (Nesaru) ဘုရားက ဤဘီလူးကြီးများကိုရေလွှမ်းမိုးဘေးဖြင့်ဖျက်ဆီးခဲ့ပြီး မိမိလူမျိုး၊ တိရစ္ဆာန်များနှင့်ပြောင်းဖူးကို ဂူတစ်ခုတွင်ဝှက်၍သိမ်းဆည်းထားသည်။ ဟာဗာစူပိုင် (Havasupai) လူများကမူ ဟိုကိုမာတာ (Hokomata) ဘုရားသည်လူမျိုးတုံးစေသည့်ရေလွှမ်းမိုးဘေးကြီးကျသင့်စေကြောင်းဆိုသည်။ သို့ရာတွင်လူသားတိုချိုပါ (Tochopa) သည် သမီးဖြစ်သူပူကေဟေး (Pukeheh) အားအခေါင်းရှိသစ်တုံးတွင်း ချိတ်ပိတ်၍ဝှက်ထားပါသည်။

အလယ်ပိုင်းနှင့်မြောက်ပိုင်းအမေရိကတိုက်ရှိ လူနီများ၌လည်း ဆင်တူယိုးမှားအချက်အလက်များပါ ရေလွှမ်းမိုးဘေးဒဏ္ဍာရီပုံပြင်များရှိပါသည်။ အလယ်ပိုင်းအမေရိကဒေသရှိ မာရာ (Maya) လူမျိုးက ကြီးမားသောမိုးမြွေတစ်ကောင်သည် ရေကြီးမိုးကြီးဖြစ်စေခြင်းဖြင့် ကမ္ဘာသားတို့ကိုဖျက်ဆီးခဲ့သည်ဟုယုံကြည်သည်။ မက္ကဆီကိုနိုင်ငံတွင်မူ ချီမာလ်ပိုပိုကာ (Chimalpopoca) တို့အတိုင်းဆိုလျှင် ရေလွှမ်းမိုးခဲ့ခြင်းကြောင့် တောင်များပင်ဖုံးအုပ်ခဲ့သည်ဖြစ်၏။ တက်ဇ်ကက်လီပိုကာဘုရားက (Tezcatlipoca) လူသားနာတာ (Nata) ကိုသတိပေးခဲ့ရာ သူနှင့်သူ၏ဇနီးနီနာ (Nena) တို့ပုန်းရှောင်နေရန် သစ်တုံးတစ်လုံးကိုထွင်းခဲ့၍ ထိုတွင်ရေများကျဆင်းသည်အထိခိုလှုံနေခဲ့ကြသည်။

ပီရူးနိုင်ငံတွင် ချင်ချာ (Chincha) လူမျိုး၏ဒဏ္ဍာရီအရ စကားပြောတတ်သောမြည်းတစ်ကောင်သည် တောင်ပေါ်သို့ခေါ်ဆောင်ခံခဲ့ရသောလူတစ်ယောက်မှအပ လူသားအပေါင်းကို ငါးရက်ကြာရေလွှမ်းမိုးဘေးဖျက်ဆီးပစ်သည်ဟုဆို၏။ ပီရူးနှင့်ဘိုလီဗီယားနိုင်ငံများမှအိုင်မာရာ (Aymara) လူမျိုးက ဗွီရာကိုချာဘုရား (Viracocha) သည်တိတိကာကာ (Titicaca) ကန်မှပေါ်ထွက်လာပြီး ကမ္ဘာနှင့်သာမန်ထက်ကြီးမားသောလူတို့ကိုဖန်ဆင်းလေသော် ဤပထမလူမျိုးသည် မိမိအားအမျက်ထွက်စေခဲ့ရာ ဗွီရာကိုချာဘုရားသည် သူတို့ကိုရေလွှမ်းမိုးဘေးဖြင့်ဖျက်ဆီးခဲ့သည်ဟုဆို၏။

ဘရာဇီးလ်နိုင်ငံ၏တူပီနမ်ဘာ (Tupinamba) လူနီတို့က လှေများဖြင့်သော်လည်းကောင်း၊ မြင့်မားသောသစ်ပင်ပေါ်တက်ခြင်းဖြင့်သော်လည်းကောင်း အသက်ချမ်းသာရခဲ့သူတို့မှတစ်ပါး မိမိတို့ဘိုးဘေးများအားလုံး ရေလွှမ်းမိုးဘေးကြောင့်ဖျက်ဆီးခံခဲ့ရကြောင်း ပြောကြပါသည်။ ဘရာဇီးလ်နိုင်ငံမှ ကာရှီနာအော် (Cashinaua)၊ ဂိုင်ယာနာနိုင်ငံမှ မာကူရှီ (Macushi) အမေရိကအလယ်ပိုင်းဒေသမှ ကရီဗ်များ (Caribs) မြောက်အမေရိကရှိ တီအဲရာဒဲလ်ဖူကို (Tierra del Fuego) မှအိုနာ (Ona) နှင့်ရာဂန် (Yahgan) လူမျိုးအနွယ်တို့သည် ရေလွှမ်းမိုးဘေးပုံပြင်များပြောလေ့ပြောထရှိသည်။

တောင်ပစိဖိတ်နှင့်အာရှ

တောင်ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် လူနည်းစုသာကပ်ကျော်သည့်ရေလွှမ်းမိုးဘေးပုံပြင်အများအပြားရှိသည်။ ဥပမာ၊ စမိုအာကျွန်းတွင် ရှေးခေတ်ကရေလွှမ်းမိုးခဲ့ရာ ပီလီ (Pili) နှင့်သူ၏ဇနီးမှတစ်ပါး လူအပေါင်းသေကျေပျက်စီးကြောင်းဆိုသည်။ သူတို့ကျောက်တုံးတစ်တုံးပေါ်ခိုလှုံခဲ့၍ ရေလွှမ်းမိုးဘေးပြီးနောက် ကမ္ဘာကိုလူဖြင့်ပြန်ပြည့်စေသည်ဖြစ်၏။ ဟိုင်ဝိုင်ရီကျွန်းစုများတွင် လူသားတို့ကိုကာနီ (Kane) အမျက်ထွက်ခဲ့ရာ ရေလွှမ်းမိုးဘေးဖြင့်ဖျက်ဆီးပစ်ခဲ့သည်။ နူဥ (Nu’u) သည်သင်္ဘောကြီးဖြင့်ထွက်ပြေးနိုင်ပြီး ၄င်းသည်တောင်ပေါ်သောင်တင်ခဲ့လေသည်။

ဖိလိပိုင်နိုင်ငံ၊ မင်ဒါနိုအာကျွန်းတွင် အာတာ (Ata) လူမျိုးက အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးကိုသာကျန်ကြွင်းစေသည့် ကမ္ဘာပေါ်ရေဖြင့်ဖျက်ဆီးခြင်းဘေးကြီးဆိုက်ရောက်ခဲ့ကြောင်းဆိုသည်။ ဘော်နီအိုကျွန်း၊ စာရဝါ့နယ်မှ အီဘန် (Iban) လူမျိုးက အမြင့်ဆုံးသောတောင်များသို့ထွက်ပြေးခဲ့သည့် လူနည်းစုမှအပ ရေလွှမ်းမိုးဘေးကြီးတွင်ပျက်စီးခဲ့သည်ဟုဆို၏။ ဖိလိပိုင်နိုင်ငံရှိအီဂိုရော့ (Igorot) လူမျိုး၏ဒဏ္ဍာရီအရ ပိုကစ်စ် (Pokis) တောင်ပေါ်ပုန်းရှောင်ခဲ့သောမောင်နှမနှစ်ယောက်မှတစ်ပါး လူသားအပေါင်းပျက်စီးသည်ဟုဆို၏။

ရုရှားနိုင်ငံ၊ ဆိုက်ဘီရီယားနယ်မှ စိုယော့တ် (Soyot) လူမျိုးကကမ္ဘာမြေကြီးကိုပင့်ထားသည့်ဧရာမဖားတစ်ကောင်သည်လှုပ်ရှားသည်နှင့် ကမ္ဘာကိုရေလွှမ်းမိုးစေကြောင်း၊ သို့နှင့်အဖိုးအိုတစ်ဦးနှင့်သူ၏မိသားစုသည် သူဆောက်လုပ်သောဖောင်ကြီးဖြင့်အသက်ချမ်းသာရခဲ့ကြောင်း၊ ရေကျဆင်းသွားလေသော် ဖောင်သည်တောင်ပေါ်သောင်တင်ကြောင်းဆိုသည်။ အနောက်ဆိုက်ဘီရီယားနှင့်ဟန်ဂေရီမှ ယူဂရီယန် (Ugrians) များကလည်း ရေလွှမ်းမိုးဘေးကပ်ကျော်သူများသည် ဖောင်များအသုံးပြုခဲ့၍ ကမ္ဘာအစိတ်အပိုင်းအသီးသီးသို့ပျံ့နှံ့သွားသည်ဟုဆိုကြ၏။

မူလအစတစ်မျိုးတည်း

ဤရေလွှမ်းမိုးဘေးဒဏ္ဍာရီအသီးသီးမှ အဘယ်အကြောင်းကိုသိရှိရသနည်း။ အသေးစိတ်အချက်အလက်များကွာခြားသော်လည်း ဆင်တူယိုးမှားလက္ခဏာများရှိကြောင်းသိရ၏။ အလွန်ကြီးမား၍မမေ့ပျောက်နိုင်လောက်သည့် ရုတ်တရက်ဖြစ်ပျက်ခဲ့သောဖျက်ဆီးခြင်းဘေးတစ်ခုရှိခဲ့ကြောင်း ယင်းတို့ကတင်ပြသည်။ နှစ်ရာစုတစ်လျှောက် ကွဲလွဲသောဖော်ပြချက်များပေါ်လာသော်လည်း ကမ္ဘာချီရေလွှမ်းမိုးဘေးအကြောင်း ပြုပြင်ချက်မရှိရိုးရှင်းသည့် ကျမ်းစာမှတ်တမ်းနှင့်ဆက်နွယ်နေသောကြိုးမျှင်ပမာ အဓိကအချက်တစ်ခုကို ထိုဒဏ္ဍာရီများ၌တွေ့ရှိရသည်။

များမကြာမီကသာ ကျမ်းစာပညာကိုရရှိသည့်လူများတို့တွင် ရေလွှမ်းမိုးဘေးဒဏ္ဍာရီများ ရှိနှင့်ပြီးသားဖြစ်သဖြင့် ကျမ်းစာမှတ်တမ်းကသူတို့အားသြဇာလွှမ်းမိုးသည်ဟုဆိုခြင်းသည် မှားမည်ဖြစ်သည်။ The International Standard Bible Encyclopedia ကဤသို့ဆိုထားသည်။ “ရေလွှမ်းမိုးဘေးဖြင့် ကမ္ဘာချီဖျက်ဆီးခဲ့ခြင်း၏သာဓကအနေနှင့် ကမ္ဘာအနှံ့အပြားရှိရေလွှမ်းမိုးခြင်းမှတ်တမ်းများကိုတင်ပြကြသည်။ . . . ထို့ပြင်ရှေးမှတ်တမ်းအချို့တို့သည် ဟေဗြဲခရစ်ယာန်ထုံးတမ်းစဉ်လာကို အလွန်ဆန့်ကျင်သူတို့ မှတ်တမ်းတင်ရေးသားခဲ့ခြင်းဖြစ်သည်။” (အတွဲ ၂၊ စာမျက်နှာ ၃၁၉) ထိုကြောင့်ရေလွှမ်းမိုးဘေးဒဏ္ဍာရီများသည် သမ္မာကျမ်းစာမှတ်တမ်းမှန်ကန်ကြောင်းထောက်ခံသည်ဟု ယုံကြည်စိတ်ချနိုင်ပါသည်။

အဓမ္မမှုနှင့်စာရိတ္တယိုယွင်းမှုပြည့်နှက်နေသည့်လောကတွင် ကျွန်ုပ်တို့အသက်ရှင်နေကြရာ ကမ္ဘာဦးအခန်းကြီး ၆ မှ ၈ တွင်မှတ်တမ်းတင်ထားသည့် ရေလွှမ်းမိုးဘေးဆိုင်ရာကျမ်းစာမှတ်တမ်းကိုဖတ်ရှုကြည့်သင့်သည်။ ယင်းကမ္ဘာချီရေလွှမ်းမိုးဘေးဖြစ်ခဲ့ရသည့်အကြောင်းရင်းဖြစ်သော ဘုရားရှေ့မကောင်းမှုပြုခြင်းအကြောင်းကို ဆင်ခြင်သုံးသပ်လိုက်သော် ကျွန်ုပ်တို့အတွက်အရေးကြီးသတိပေးချက်တစ်ရပ်ကိုတွေ့ရှိရမည်။

လက်ရှိဆိုးသွမ်းသောစနစ်ကြီးသည် များမကြာမီတရားစီရင်ခြင်းခံရတော့မည်။ သို့သော်ကပ်ကျော်မည့်သူတို့ရှိမည်မှာအမှန်။ အသင်ကိုယ်တိုင် ပေတရု၏ဤစကားများကိုနာခံသူတစ်ဦးအဝင်ဖြစ်လျှင် ကပ်ကျော်ခွင့်ရကောင်းရမည်။ နောဧခေတ်၌ “ဖြစ်ဖူးသောလောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြုပ်၍ဖျက်ဆီးကြောင်းကို ထိုသူတို့သည်မှတ်မိချင်သောစိတ်မရှိကြ။ ယခုရှိသောမိုးကောင်းကင်နှင့်မြေကြီးမူကား တရားဆုံးဖြတ်၍ အဓမ္မလူတို့ကိုဖျက်ဆီးသောနေ့ရက်တိုင်အောင် ထိုနှုတ်ကပါဌ်တော်အားဖြင့်သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလိုငှာနေရစ်သတည်း။ . . . ဤအရာအလုံးစုံတို့သည်ကုန်စင်မည်မှန်သောကြောင့် . . . (ယေဟောဝါ) ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည်မျှော်လင့်တောင့်တလျက် သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။”—၂ ပေတရု ၃:၆-၁၂။

ယေဟောဝါ၏နေ့ရက်ရောက်လုနီးကြောင်းကို စိတ်နှလုံးစွဲမှတ်ထားပါမည်လော။ ထိုသို့ပြုကာ ဘုရားသခင်၏အလိုတော်နှင့်အညီကျင့်ကြံပြုမူမည်ဆိုလျှင် ကောင်းချီးများစွာခံစားရမည်။ ဤနည်းဖြင့်ယေဟောဝါဘုရားသခင်၏အလိုတော်နှင့်တွေ့သူများသည် ပေတရုညွှန်းခဲ့သောကမ္ဘာသစ်ကို စောင့်မျှော်နိုင်ကြပါမည်။ “ယခုရှိသမျှသောအရာတို့သည်ပျက်ရသော်လည်း ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည်ကတိတော်နှင့်အညီမျှော်လင့်ကြ၏။”—၂ ပေတရု ၃:၁၃။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ယေဟောဝါ၏နေ့ရက်ကိုမှတ်မိစွဲလမ်းခြင်းဖြင့် ပေတရု၏သတိပေးချက်ကို ဂရုမူသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ