ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၅/၁ စာ. ၆-၇
  • ၁၉၁၄ လူမျိုးဆက်အဘယ်ကြောင့်ထင်ရှားရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁၉၁၄ လူမျိုးဆက်အဘယ်ကြောင့်ထင်ရှားရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကပ်ကမ္ဘာကုန်” ခြင်း နီးပြီ!
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၅/၁ စာ. ၆-၇

၁၉၁၄ လူမျိုးဆက်အဘယ်ကြောင့်ထင်ရှားရ

“ဤခေတ်သမယသည် ပြင်းထန်သောဒုက္ခကာလဖြင့် နိဂုံးချုပ်လိမ့်မည်၊ ၁၉၁၄ခုနှစ် အောက်တိုဘာလ နောက်ပိုင်း များမကြာမီပင် ထိုသို့ရုတ်တရက်အစွမ်းကုန်ဖြစ်ပျက်မည်ဟု ကျွန်ုပ်တို့ကြိုတင်သိထားကြောင်း စာရှုသူများသိရှိကြသည်။”—ကင်းမျှော်စင် နှင့် ခရစ်တော်ရောက်ရှိခြင်း၏ သံတော်ဆင့်၊ မေ ၁၅၊ ၁၉၁၁ ခုနှစ်ထုတ်မှ။

၁၈၇၉ ခုနှစ်ကတည်းက (ယခု ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာသော ကင်းမျှော်စင် အမည်တွင်သည့်) ကင်းမျှော်စင် နှင့် ခရစ်တော်ရောက်ရှိခြင်း၏ သံတော်ဆင့် မဂ္ဂဇင်းက ၁၉၁၄ ခုနှစ်ကို သမ္မာကျမ်းစာပရောဖက်ပြုချက်တွင် အထူးသတ်မှတ်ထားသောခုနှစ်အဖြစ် ကြိမ်ဖန်များစွာ ညွှန်ပြပါသည်။ ထိုခုနှစ်နီးကပ်လာလေ “ပြင်းထန်သောဒုက္ခကာလ” ဖြစ်နိုင်မည်အကြောင်း စာရှုသူတို့အား သတိပေးခဲ့သည်။

သမ္မာကျမ်းစာတွင်ပါရှိသည့် “ခုနစ်ကာလ” နှင့် “တစ်ပါးအမျိုးသားကာလ” ကိုသဘောပေါက်နားလည်သည့်အတိုင်း ဤသို့သတိပေးသောခရစ်ယာန်များသည် ယင်းသတင်းကို အနှံ့အပြားကြေညာခဲ့သည်။a ဤကာလသည် ယေရုရှလင်မြို့ရှိ ရှေးဒါဝိဒ်မင်းဆက်ကျဆုံးချိန်မှစတင်ပြီး ၁၉၁၄ခုနှစ် အောက်တိုဘာလ အထိဖြစ်သော နှစ်ပေါင်း ၂,၅၂၀ ကြာရှည်မည်ဟူ၍ သူတို့သဘောပေါက်ကြသည်။b—ဒံယေလ ၄:၁၆၊ ၁၇။ လုကာ ၂၁:၂၄။

၁၉၁၄ခုနှစ် အောက်တိုဘာလ ၂ ရက် တွင် ထိုချိန်က ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ဥက္ကဌဖြစ်သော ချားလ်စ် တေဇ် ရပ်စယ်လ်သည် ဤသို့ရဲရင့်စွာကြေညာခဲ့သည်။ “တစ်ပါးအမျိုးသားကာလ ကုန်ဆုံးပြီ။ သူတို့၏မင်းများခေတ် ကုန်ပြီ။” သူ၏စကားများ တကယ်မှန်ကန်လှသည်တကား။ လူ့မျက်စိများဖြင့်မမြင်ရသော ၁၉၁၄ခုနှစ် အောက်တိုဘာလ တွင် ကောင်းကင်၌ ကမ္ဘာကိုတုန်ခါစေခဲ့သော အရေးကြီးအဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါသည်။ “ဒါဝိဒ်၏ပလ္လင်” ကိုအစဉ်အဆက်ခံယူသောယေရှုခရစ်သည် လူသားအပေါင်းတို့အပေါ် မင်းပြုအုပ်စိုးလေသည်။—လုကာ ၁:၃၂၊ ၃၃။ ဗျာဒိတ် ၁၁:၁၅။

‘သို့သော်၊ ခရစ်တော်သည် ၁၉၁၄ခုနှစ်တွင် စတင်အုပ်စိုးခဲ့လျှင် ကမ္ဘာ့အခြေအနေများ အဘယ်ကြောင့် ပိုဆိုးရွားလာရသနည်း’ ဟူ၍သင်မေးလိုပေမည်။ မျက်မြင်မရ လူ့ရန်သူကြီးစာတန် ရှိနေသေး၍ဖြစ်သည်။ ၁၉၁၄ခုနှစ်အထိ စာတန်သည် ကောင်းကင်သို့သွားလာနိုင်ခွင့်ရှိသေး၏။ သို့သော်၊ ၁၉၁၄ခုနှစ်တွင် ဘုရားသခင်၏နိုင်ငံတော်တည်ထောင်လာသည်နှင့် ထိုအခြေအနေပြောင်းလဲသွားပါသည်။ “ကောင်းကင်၌စစ်ဖြစ်လေသည်။” (ဗျာဒိတ် ၁၂:၇) စာတန်နှင့်သူ၏နတ်ဆိုးများ စစ်ရှုံးနိမ့်ကြပြီး မြေကြီးပေါ်သို့ပစ်ချခံခဲ့ရသဖြင့် လောကီသားအပေါင်း အမင်္ဂလာကြုံရလေသည်။ သမ္မာကျမ်းစာက ယင်းကို ဤသို့ ကြိုတင်ဟောထားသည်။ “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။”—ဗျာဒိတ် ၁၂:၁၂။

ကမ္ဘာ့ရှင်ဘုရင်အသစ်အဖြစ် မိမိ၏မျက်မြင်မရရောက်ရှိခြင်းကို မျက်မြင်ရနိမိတ်တစ်ခုက သတ်မှတ်ပေးမည်ဟု စီအီးပထမရာစုတွင် ယေရှုမိန့်ဆိုခဲ့သည်။ ကိုယ်တော်အား “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ” ဟုမေးမြန်းခဲ့ရာ ကိုယ်တော်၏အဖြေကား မည်သို့ဖြစ်သနည်း။ “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏အစအဦးဖြစ်သတည်း။”—မဿဲ ၂၄:၃၊ ၇၊ ၈။

ထိုအတိုင်းပင် ၁၉၁၄ခုနှစ်တွင် ပေါက်ကွဲခဲ့သောစစ်ပွဲသည် ထိတ်လန့်ဖွယ်အစာခေါင်းပါးမှုများ ဒွန်တွဲဖြစ်ပျက်ခဲ့၏။ အကြောင်းမှာ လေးနှစ်ကျော်ကျော် ပုံမှန်အစာရေစာထုတ်လုပ်ပေးခြင်းအစီအစဉ်သည် ပြတ်တောက်ခဲ့ရသည်။ “အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်းတို့ကော။” ၁၉၁၄ခုနှစ် နောက်ပိုင်းဆယ်စုနှစ်အတွင်းမြေငလျင် အနည်းဆုံးဆယ်ခုကြောင့် လူပေါင်း ၃၅၀,၀၀၀ ကျော်သေခဲ့သည်။ (လေးထောင့်ကွက်ကိုရှု။) ၁၉၁၄ လူမျိုးဆက်သည် အမှန်တကယ်ပင် “ဒုက္ခဆင်းရဲခြင်း၏အစအဦး” ကိုကြုံတွေ့လိုက်ကြရသည်။ ထိုအချိန်ကတည်းက သဘာဝဘေးဒဏ်များ၊ ငတ်မွတ်ခေါင်းပါးမှုနှင့် စစ်ပွဲမြောက်မြားစွာတို့ မှန်မှန်ဖြစ်ပျက်နေသည့်အတွက် ဒုက္ခဆင်းရဲခြင်းတို့ကိုခံစားနေရကြသည်။

မည်သို့ပင်ဆိုစေ၊ ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပြီဟူသောသတင်းကား သတင်းကောင်းပင်ဖြစ်သည်။ အကြောင်းမူကား၊ ထိုဘုရားသခင့်နိုင်ငံတော်သည် ပျက်စီးခြင်းဘေးဒဏ်မှ ဤကမ္ဘာမြေကြီးကို လွတ်မြောက်စေပါလိမ့်မည်။ မည်သို့အားဖြင့်နည်း။ မဟာဗာဗုလုန်၊ သားရဲနှင့် စာတန်၏သြဇာဆိုးကြီးကို လုံးဝပျက်သုဉ်းစေမည်။ (ဒံယေလ ၂:၄၄။ ရောမ ၁၆:၂၀။ ဗျာဒိတ် ၁၁:၁၈။ ၁၈:၄-၈၊ ၂၄) ထို့ပြင် “ဖြောင့်မတ်ခြင်းတရားတည်နေရာ” ကမ္ဘာသစ်ကိုတင်သွင်းပေးမည်ဖြစ်သည်။ —၂ ပေတရု ၃:၁၃။

ပထမကမ္ဘာစစ်အပြီး မကြာမီပင် ထိုချိန်က ကျမ်းစာကျောင်းသားများဟု အမည်တွင်သည့် စိတ်ရင်းမှန်သော ယေဟောဝါသက်သေများသည် ဘုရင်အဖြစ် ယေရှုရောက်ရှိခြင်းနိမိတ်၏ အခြားကဏ္ဍတစ်ခုတွင် မိမိတို့ရရှိသောအခွင့်ထူးကို သူတို့ထိုးထွင်းသိမြင်ခဲ့သည်။ ယေရှုခရစ်က ဤသို့ကြိုတင်ဟောပြောခဲ့သည်။ “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ ] ကိုလောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတ္တံ့။”—မဿဲ ၂၄:၁၄။

၁၉၁၉ခုနှစ်တွင် လူနည်းစုဖြင့်စတင်၍ ယေဟောဝါသက်သေများသည် အဆက်မပြတ် “ဤသတင်းကောင်း” ကိုဟောပြောခဲ့ကြသည်။ ယင်းကြောင့် ယခုနိုင်ငံပေါင်း ၂၀၀ ကျော်တွင် သန်းပေါင်းများစွာသောသူတို့သည် ဘုရားသခင့်နိုင်ငံတော်သားများအဖြစ် စုရုံးလာနေကြပါပြီ။ ဤလက်အောက်ခံသားများအတွက် စောင့်မျှော်နေသောကောင်းချီး များပြားလှသည်တကား။ ဘုရားသခင့်နိုင်ငံတော်သည် စစ်မှု၊ ငတ်မွတ်ခြင်း၊ ရာဇဝတ်မှုနှင့်ဖိစီးမှုကို လုံးဝပယ်ဖျောက်ပစ်မည်။ ဖျားနာခြင်းနှင့်သေခြင်းကိုပင် နိုင်နင်းလိမ့်မည်တကား။—ဆာလံ ၄၆:၉။ ၇၂:၇၊ ၁၂-၁၄၊ ၁၆။ သု၊ ၂:၂၁၊ ၂၂။ ဗျာဒိတ် ၂၁:၃၊ ၄။

၁၉၁၄ လူမျိုးဆက်မကုန်မီဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်း၏ရည်ရွယ်ချက် ပြီးစီးလိမ့်မည်။ ယေရှု ဤသို့ကြိုတင်ဟောပြောထားသည်။ “အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလိုငှာ ထိုကာလသည်တိုလိမ့်မည်။”—မဿဲ ၂၄:၂၁၊ ၂၂။

၁၉၁၄ခုနှစ် မတိုင်မီလူမျိုးဆက် မှားခဲ့သည့်အမှားမျိုးကို မပြုလုပ်ပါနှင့်။ ယခုဖြစ်ဆဲဖြစ်စဉ်အတိုင်း ဆက်တည်ရှိသွားမည်မဟုတ်ပါ။ ကြီးမားအံ့သြဖွယ်အပြောင်းအလဲများ ရှေ့တစ်ကွေ့တွင်ရှိနေသည်။ သို့သော် ပညာရှိရှိပြုမူသူများအတွက် ဝမ်းသာအားရစရာမျှော်လင့်ချက်များရှိပါသည်။

ထိုကြောင့် ရှေးခေတ်ပရောဖက်၏စကားများကို နားဆင်ကြလေ။ “စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့်စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ ကြလိမ့်မည်။” (ဇေဖနိ၊ ၂:၃) ဤဆုံးမချက်ကို ကျွန်ုပ်တို့မည်သို့လက်တွေ့ကျင့်သုံးမည်နည်း။ နောက်ဆက်တွဲဆောင်းပါးများက ထိုမေးခွန်း၏အဖြေကိုရရှိရန် အထောက်အကူပြုလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a Scenario of the Photo-Drama of Creation ၁၉၁၄ခုနှစ် ၏အတွင်းမျက်နှာဖုံး။

b ထပ်ဆင့်အသေးစိတ်သိလိုလျှင် နယူးယောက်မြို့ရှိ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေသည့် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်၊ အခန်း ၁၆ ကိုရှု။

[စာမျက်နှာ ၇ ပါ ဇယား]

၁၉၁၄ခုနှစ် နောက်ပိုင်း ဆယ်စုနှစ်တွင်မြေငလျင်များ

နေ့စွဲ အရပ်ဒေသ သေကျေပျက်စီးခြင်း

ဇန်နဝါရီ ၁၃၊ ၁၉၁၅ အီတလီနိုင်ငံ၊ အာဗက်ဇ်ဇာနီယိုနယ် ၃၂,၆၀၀

ဇန်နဝါရီ ၂၁၊ ၁၉၁၇ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း ၁၅,၀၀၀

ဖေဖော်ဝါရီ ၁၃၊ ၁၉၁၈ တရုတ်ပြည်၊ ကွမ်တုန်နယ် ၁၀,၀၀၀

အောက်တိုဘာ ၁၁၊ ၁၉၁၈ ပူတိုရီကို (အနောက်ပိုင်း) ၁၁၆

ဇန်နဝါရီ ၃၊ ၁၉၂၀ မက္ကဆီကိုနိုင်ငံ၊ ဗဲရာခရူးဇ်နယ် ၆၄၈

စက်တင်ဘာ ၇၊ ၁၉၂၀ အီတလီနိုင်ငံ၊ ရက်ဂျီအို ဒီ ကလာဘရီအာနယ် ၁,၄၀၀

ဒီဇင်ဘာ ၁၆၊ ၁၉၂၀ တရုတ်ပြည်၊ နင်စီအာပြည်နယ် ၂၀၀,၀၀၀

မတ် ၂၄၊ ၁၉၂၃ တရုတ်ပြည်၊ ဇီချွမ်နယ် ၅,၀၀၀

မေ ၂၆၊ ၁၉၂၃ (အရှေ့မြောက်ပိုင်း) အီရန် ၂,၂၀၀

စက်တင်ဘာ ၁၊ ၁၉၂၃ ဂျပန်ပြည်၊ တိုကျို-ယိုကိုဟာမာ ၉၉,၃၀၀

ဂျိမ်းအမ်ဂဲရ်နှင့်ဟာရက်ရှ်ရှားတို့၏ Terra Non Firma ပါ “ကမ္ဘာ့ထူးခြားသော မြေငလျင်များ” စာရင်းဇယားမှ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ