ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၆/၁၅ စာ. ၁၃-၁၉
  • ပိုက်ကွန်နှင့်ငါးသည် သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပိုက်ကွန်နှင့်ငါးသည် သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဓိပ္ပာယ်လေးနက်သည့် ပုံဥပမာ
  • လူကိုမျှားခြင်း—အဘယ်အချိန်တွင်ဖြစ်သနည်း
  • ကျွန်ုပ်တို့အချိန်ကာလပိုင်းသည် ထူးခြားလှ၏
  • လူကိုမျှားခြင်း၌ သင်ပါဝင်ပုံ
  • လူကိုဖမ်းသောတံငါများအဖြစ် ထမ်းဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • အဘယ်အရာသည် အကျိုးရှိမည်ကို မသိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ‘ဆိုလိုရင်းကို နားလည်’ သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သမ္မာကျမ်းစာခေတ်က လူနေမှုဘဝပုံစံ—တံငါသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၆/၁၅ စာ. ၁၃-၁၉

ပိုက်ကွန်နှင့်ငါးသည် သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိသနည်း

“သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ၏။”—မဿဲ ၁၃:၁၁။

၁၊ ၂။ ယေရှု၏ပုံဥပမာများကို ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ဝင်စားကြမည်နည်း။

လျှို့ဝှက်ရာအကြောင်းတစ်ခုခုကိုသိထားရသည်၊ သို့ မဟုတ် ပဟေဠိတစ်မျိုးမျိုးကိုဖြေရှင်းပေးရခြင်း ကို နှစ်ခြိုက်သလော။ သို့ပြုရာတွင် ဘုရားသခင့်ရည်ရွယ်ချက်၌ သင့်ကဏ္ဍကိုသင် ပိုမိုသိရှိနားလည်လာရလျှင်ကော။ ယေရှုပေးခဲ့သောဥပမာတစ်ခုအားဖြင့် ဤသို့ထိုးထွင်းသိမြင်ခွင့်ကို အသင်ရရှိနိုင်၏။ ယင်းကိုကြားနာခဲ့သူများစွာ ဇဝေဇဝါဖြစ်ခဲ့ရ၏။ ထိုအချိန်မှစ၍ အခြားသူများစွာလည်း ထပ်တူပင်ဖြစ်ခဲ့ကြသော်လည်း သင်မူကား သဘောပေါက်နားလည်နိုင်ပါသည်။

၂ ပုံဥပမာများကိုအသုံးပြုခြင်းနှင့်ပတ်သက်၍ မဿဲ အခန်းကြီး ၁၃ တွင်ယေရှုမည်သို့မိန့်ဆိုထားကြောင်းကိုသတိပြုပါ။ တပည့်တော်များက “ကိုယ်တော်သည် အဘယ်ကြောင့်ဥပမာကိုဆောင်၍ ဤလူတို့အားဟောပြောတော်မူသနည်း” ဟုမေးမြန်း၏။ (မဿဲ ၁၃:၁၀) လူအများစုနားမလည်နိုင်သောပုံဥပမာများကို ယေရှုအဘယ်ကြောင့်အသုံးပြုရကြောင်း တကယ်သိချင်စရာဖြစ်သည်။ အခန်းငယ် ၁၁ မှ ၁၃ တွင်ကိုယ်တော်ဤသို့အဖြေပေးသည်။ “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏နက်နဲသောအရာတို့ကိုသိရသောအခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ။ . . . ထိုကြောင့်သူတို့သည်မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်းနားမလည်သောကြောင့် ဥပမာကိုဆောင်၍ငါဟောပြော၏။”

၃။ ယေရှု၏ပုံဥပမာများကိုနားလည်ခြင်းက အဘယ်အကျိုးများပြုမည်နည်း။

၃ ထိုနောက်ဝိညာဉ်ရေးအရနားထိုင်း၍ မျက်စိမမြင်သောသူများအကြောင်းဖော်ပြသည့် ဟေရှာယ ၆:၉၊ ၁၀ သည်သူတို့အားဖော်ညွှန်းကြောင်း ယေရှုရှင်းပြသည်။ ကျွန်ုပ်တို့မူကား ထိုသို့ဖြစ်စရာမလိုပါ။ ကိုယ်တော်၏ပုံဥပမာများကိုသဘောပေါက်နားလည်သည့်အလျောက် ပြုမူကျင့်ကြံကြမည်ဆိုလျှင် ယခုနှင့်အစဉ်ထာဝရ များစွာပျော်ရွှင်နိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့အားယေရှုပေးထားသည့် အားရစရာအာမခံချက်ကဤသို့။ “သင်တို့မျက်စိသည်မြင်သောကြောင့် မင်္ဂလာရှိ၏။ သင်တို့နားသည်လည်းကြားသောကြောင့် မင်္ဂလာရှိ၏။” (မဿဲ ၁၃:၁၆) ယင်းအာမခံချက်သည် ယေရှု၏ပုံဥပမာအားလုံးနှင့်စပ်လျဉ်း၏။ သို့သော် မဿဲ ၁၃:၄၇-၅၀ တွင်မှတ်တမ်းတင်ထားသည့် ပိုက်ကွန်ပုံဥပမာတို့ကို အာရုံပြုကြစို့။

အဓိပ္ပာယ်လေးနက်သည့် ပုံဥပမာ

၄။ မဿဲ ၁၃:၄၇-၅၀ တွင်မှတ်တမ်းတင်ထားသည်အတိုင်း ပုံဥပမာအားဖြင့် ယေရှုဘာပြောသနည်း။

၄ “ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကိုအုပ်မိသောပိုက်ကွန်နှင့်တူ၏။ ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ထိုင်လျက် ကောင်းသောငါးကိုခြင်းထဲသို့ရွေးချယ်ထည့်ထား၍ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။ ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည်ဆင်းလာပြီးလျှင် ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကိုနှုတ်ယူခွဲထား၍ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ချကြလတ္တံ့။”

၅။ ပိုက်ကွန်ပုံဥပမာ၏အဓိပ္ပာယ်နှင့်စပ်လျဉ်း၍ အဘယ်မေးခွန်းများပေါ်ပေါက်သနည်း။

၅ ပိုက်ကွန်ဖြင့်ငါးဖမ်းခြင်းကို အနည်းဆုံးရုပ်ရှင် သို့မဟုတ် ရုပ်မြင်သံကြားပေါ် သင်မြင်ဖူးမည်ဖြစ်ရာ ယေရှု၏ပုံဥပမာကိုပုံဖော်မြင်ယောင်နိုင်ရန်မခဲယဉ်းပါ။ သို့သော်ယင်း၏အသေးစိတ်အချက်အလက်များနှင့် အဓိပ္ပာယ်ကားအဘယ်နည်း။ ဥပမာ၊ ဤပုံဥပမာသည် “ကောင်းကင်နိုင်ငံတော်” အကြောင်းဖြစ်သည်ဟု ယေရှုဆိုသည်။ သို့ဆိုသော်လည်း “အမျိုးမျိုးသော” သူဖြစ်သည့် ကောင်းသောသူ၊ မကောင်းသောသူတို့အားလုံးသည် နိုင်ငံတော်၌ရှိလိမ့်မည်ဟု ကိုယ်တော်ဆိုလိုနေပါသလော။ ထို့ပြင် မည်သူငါးဖမ်းမည်နည်း။ ဤငါးဖမ်းခြင်းလုပ်ငန်းနှင့် ရွေးချယ်ခွဲခြားခြင်းသည် ယေရှုခေတ်တွင်ဖြစ်ပျက်ခဲ့သလော၊ သို့မဟုတ် “အစီအစဉ်စနစ်၏ဆုံးခန်းချိန်” ဖြစ်သည့် ကျွန်ုပ်တို့အချိန်အတွက် ကန့်သတ်ပိုင်းခြားထားသလော။ ဤပုံဥပမာတွင် သင့်ကိုယ်သင်မြင်ယောင်သလော။ အံသွားခဲကြိတ်ငိုကြွေးနေသူများအဝင်မဖြစ်ရလေအောင် မည်သို့ရှောင်ကြဉ်မည်နည်း။

၆။ (က) ပိုက်ကွန်ပုံဥပမာကိုနားလည်ရန် ကျွန်ုပ်တို့အဘယ်ကြောင့်အထူးစိတ်ဝင်စားသင့်သနည်း။ (ခ) ယင်းကိုနားလည်ရန်သော့ချက်က အဘယ်နည်း။

၆ အမှန်ဆိုလျှင် ဤပုံဥပမာသည် ရိုးရိုးမျှမဟုတ်ကြောင်း အဆိုပါမေးခွန်းများကတင်ပြပါသည်။ သို့သော် “သင်တို့မျက်စိသည်မြင်သောကြောင့် . . . သင်တို့နားသည်လည်းကြားသောကြောင့် မင်္ဂလာရှိ၏” ဟုဆိုသည်ကိုမမေ့ပါနှင့်။ ယင်း၏ဆိုလိုရင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့နားမထိုင်း၊ မျက်စိမမြင်သူများမဖြစ်ကြောင်းထင်ရှားရန် သက်ဆိုင်ရာအနက်အဓိပ္ပာယ်ကိုသုံးသပ်ကြည့်စို့။ အမှန်သော်ကား၊ ယင်း၏အနက်အဓိပ္ပာယ်ကိုထုတ်ဖော်ဖွင့်ပြရန် အဓိကသော့ချက်ကို ရရှိထားနှင့်ပြီ။ ဂါလိလဲတံငါသည်များအား မိမိတို့လုပ်ငန်းကိုစွန့်လျက် “လူကိုမျှားသောတံငါများ” ဖြစ်ကြရန် ယေရှုဖိတ်ခေါ်ခဲ့ကြောင်း ရှေ့ဆောင်းပါးတွင်ဖော်ပြထားပါသည်။ (မာကု ၁:၁၇) ကိုယ်တော်က “သင်သည်ယခုမှစ၍ လူတို့ကိုဖမ်းမိသောသူဖြစ်လိမ့်မည်” ဟုဆိုသည်။—လုကာ ၅:၁၀။

၇။ ငါးအကြောင်းယေရှုပြောဆိုနေစဉ် ကိုယ်တော်သည် ဘာကိုပုံဖော်ပြနေခြင်းဖြစ်သနည်း။

၇ ယင်းနှင့်အညီ ဤပုံဥပမာရှိငါးများသည် လူတို့ကိုဆိုလိုသည်။ ထိုကြောင့် အခန်းငယ် ၄၉ ကဖြောင့်မတ်သူတို့ကို လူဆိုးတို့နှင့်ခွဲခြားခြင်းအကြောင်းပြောဆိုရာတွင် သမုဒ္ဒရာမှသက်ရှိများကိုဆိုလိုနေခြင်းမဟုတ်ဘဲ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူများကိုဆိုလိုနေခြင်းဖြစ်သည်။ ထပ်တူပင် အခန်းငယ် ၅၀ က ကျွန်ုပ်တို့အားအံသွားခဲကြိတ်ငိုကြွေးသောပင်လယ်သတ္တဝါများကို မယူမှတ်စေသင့်ပါ။ ဤပုံဥပမာသည် လူတို့ကိုစုစည်းခြင်း၊ ထို့နောက် အဆုံးစီရင်ချက်ကဖော်ပြသကဲ့သို့ အလွန်ထိတ်လန့်စရာဖြစ်သည့် ရွေးထုတ်ခွဲခြားခြင်းအကြောင်းနှင့်စပ်လျဉ်းပါသည်။

၈။ (က) မသင့်လျော်သောငါး၏ရလဒ်နှင့်စပ်လျဉ်း၍ အဘယ်အရာသိရှိနိုင်သနည်း။ (ခ) မသင့်လျော်သောငါးအကြောင်း ပြောထားသည့်အတိုင်းဆိုလျှင် နိုင်ငံတော်နှင့်စပ်လျဉ်း၍ မည်သို့နားလည်နိုင်သနည်း။

၈ မကောင်းသောငါးဖြစ်သည့် လူဆိုးတို့အား အံသွားခဲကြိတ်ငိုကြွေးရမည့်မီးဖိုထဲ ချပစ်လိမ့်မည်အကြောင်း သတိပြုပါ။ အခြားကျမ်းပိုဒ်တွင် ဤသို့အံသွားခဲကြိတ်ငိုကြွေးခြင်းကို နိုင်ငံတော်အပြင်ဘက်၌ရှိနေခြင်းကိုဆိုလိုကြောင်း ယေရှုရှင်းပြသည်။ (မဿဲ ၈:၁၂။ ၁၃:၄၁၊ ၄၂) မဿဲ ၅:၂၂ နှင့် ၁၈:၉ တွင်ထာဝရပျက်စီးခြင်းကိုဆိုလိုသည့် “ဂေဟင်္နာမီးဖို” ကိုပင်ကိုယ်တော်ဖော်ပြသည်။ ယင်းကြောင့်ဤပုံဥပမာ၏အနက်ကိုနားလည်၍ သက်ဆိုင်သည့်အလျောက် ပြုမူကျင့်ကြံရန်အရေးကြီးကြောင်းထင်ရှားသည်မဟုတ်လော။ ဘုရားသခင့်နိုင်ငံတော်တွင် လူဆိုးများမရှိ၊ ရှိလိမ့်မည်လည်းမဟုတ်ကြောင်း ကျွန်ုပ်တို့အားလုံးသိရှိထားကြသည်။ ထိုကြောင့်ယေရှုက “ကောင်းကင်နိုင်ငံတော်သည် . . . ပိုက်ကွန်နှင့်တူ၏” ဟုဆိုသောအခါ ဘုရားသခင့်နိုင်ငံတော်နှင့်စပ်လျဉ်း၍ ငါးအမျိုးမျိုးကိုဖမ်းမိရန် ပိုက်ကွန်ကဲ့သို့အသုံးခံအရာရှိမည်ဟူ၍ ကိုယ်တော်ဆိုလိုနေခြင်းဖြစ်မည်။

၉။ ပိုက်ကွန်ပုံဥပမာတွင် ကောင်းကင်တမန်များ မည်သို့ပါဝင်ပတ်သက်သနည်း။

၉ ငါးတို့ကိုအုပ်မိရန်ပိုက်ကွန်ကို ပင်လယ်၌ချပြီးနောက် ခွဲခြားခြင်းလုပ်ငန်းရှိပါလိမ့်မည်။ မည်သူများပါဝင်လိမ့်မည်ဟု ယေရှုဆိုသနည်း။ မဿဲ ၁၃:၄၉ ကဤသို့ခွဲခြားမည့်တံငါများသည် ကောင်းကင်တမန်များဖြစ်လိမ့်မည်ဟုဖော်ပြသည်။ ယင်းကြောင့်ကောင်းသောသူများဖြစ်သည့် ကောင်းကင်နိုင်ငံနှင့်ထိုက်တန်သူများကား မည်သူဖြစ်ကြောင်း၊ ထိုခေါ်တော်မူခြင်းကို မခံထိုက်သူတို့ကား မည်သူများဖြစ်ကြောင်းသတ်မှတ်စေမည့် ကမ္ဘာပေါ်မှအသုံးပြုသည့်အရာတစ်ခုကို ကောင်းကင်တမန်များကိုယ်တိုင်စီမံကွပ်ကဲလိမ့်မည်ဟု ယေရှုပြောဆိုနေခြင်းဖြစ်သည်။

လူကိုမျှားခြင်း—အဘယ်အချိန်တွင်ဖြစ်သနည်း

၁၀။ လူကိုမျှားခြင်းလုပ်ငန်းကို အတန်ကြာဆောင်ရွက်ခဲ့ရကြောင်း မည်သို့ဆင်ခြင်သုံးသပ်၍သိရှိရသနည်း။

၁၀ အဘယ်အချိန်တွင်ဖြစ်မည့်အကြောင်း ကျမ်းချက်၏ရှေ့နောက်စကားက နားလည်စေပါသည်။ ယင်းမတိုင်မီ ကောင်းသောမျိုးစေ့ကိုကြဲခဲ့သော်လည်း ဤလောကကိုပုံဆောင်သည့်လယ်တွင် တောမျိုးစေ့များကိုလာကြဲခြင်းပုံဥပမာကို ယေရှုပေးခဲ့သည်။ “ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏” ဟုမဿဲ ၁၃:၃၈ တွင်ကိုယ်တော်ရှင်းပြပါသည်။ ဤအစီအစဉ်စနစ်၏ဆုံးခန်းချိန်တွင်ဖြစ်ပျက်မည့် ရိတ်သိမ်းရာကာလအထိ ယင်းတို့သည် ရာစုနှစ်ပေါင်းများစွာ အတူတူယှဉ်၍ကြီးထွားပြန့်ပွားခဲ့သည်။ ထိုနောက်တောမျိုးစေ့တို့ကိုခွဲထုတ်ပြီး မီးရှို့ခဲ့ပါသည်။ ယင်းကိုပိုက်ကွန်ဥပမာနှင့်နှိုင်းယှဉ်မည်ဆိုလျှင် ပိုက်ကွန်ထဲသတ္တဝါများကိုဆွဲတင်ခြင်းသည် အချိန်ကာလအတန်ကြာလိမ့်မည်ဟု နားလည်ရပါသည်။—မဿဲ ၁၃:၃၆-၄၃။

၁၁။ ပထမရာစုတွင် အပြည်ပြည်ဆိုင်ရာလူကိုမျှားခြင်းလုပ်ငန်း မည်သို့စတင်ခဲ့သနည်း။

၁၁ ယေရှု၏ပုံဥပမာအရ ပိုက်ကွန်သည် ကောင်းသောငါး၊ မကောင်းသောငါးများကို မခွဲခြားဘဲစုသိမ်းဆွဲတင်ကြောင်းသိရှိရသည်။ တမန်တော်များရှိနေစဉ် ငါးဖမ်းအစီအစဉ်ကိုညွှန်ကြားသောကောင်းကင်တမန်များသည် ဘိသိက်ခံခရစ်ယာန်များဖြစ်လာသည့် “ငါး” တို့ကိုဖမ်းမိရန် ဘုရားသခင့်ခရစ်ယာန်အဖွဲ့အစည်းကိုအသုံးပြုခဲ့သည်။ စီအီး ၃၃ ပင်တေကုတ္တေပွဲမတိုင်မီ တပည့်တော် ၁၂၀ ကိုယေရှုမျှားခဲ့သည်ဟုဆိုနိုင်ပါသည်။ (တမန်တော် ၁:၁၅) သို့သော် ဘိသိက်ခံခရစ်ယာန်အသင်းတော်သည် တည်စပြုသည်နှင့် ပိုက်ကွန်ကဲ့သို့တန်ဆာပလာဖြင့် ငါးဖမ်းခြင်းလုပ်ငန်းစတင်ခဲ့ရာ ကောင်းသောငါးထောင်ပေါင်းများစွာကို ဖမ်းမိခဲ့ပါသည်။ စီအီး ၃၆ မှစ၍ တစ်ပါးအမျိုးသားတို့သည် ခရစ်ယာန်ဘာသာတရားကိုလက်ခံကြ၍ ခရစ်တော်၏ဘိသိက်ခံအသင်းတော်အဝင်ဖြစ်လာသည်နှင့် ငါးဖမ်းခြင်းလုပ်ငန်းသည် အပြည်ပြည်ဆိုင်ရာပင်လယ်ပြင်သို့ ပျံ့နှံ့သွားခဲ့ပါသည်။—တမန်တော် ၁၀:၁၊ ၂၊ ၂၃-၄၈။

၁၂။ တမန်တော်များသေဆုံးပြီးနောက် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။

၁၂ တမန်တော်များမရှိသည့်နောက် ရာစုနှစ်များအတွင်း မြင့်မြတ်သောသမ္မာတရားကိုကြိုးစားရှာဖွေဆုပ်ကိုင်ထားသည့် ခရစ်ယာန်အချို့ရှိဆဲဖြစ်သည်။ ဤသူတို့တွင် အနည်းဆုံးအချို့သည် ဘုရားသခင့်မျက်နှာသာရပြီး သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ခံခွင့်ရရှိခဲ့သည်။ သို့ရှိစေကာမူ တမန်တော်များသေဆုံးသွားသည့်အတွက် တားဆီးပိတ်ပင်မှုမရှိတော့သဖြင့် အယူဖောက်ပြန်မှုများဖြစ်ပေါ်လာစေသည်။ (၂ သက်သာလောနိတ် ၂:၇၊ ၈) ဘုရားသခင့်အသင်းတော်ဟု မထိုက်မတန်အမည်ခံသောအဖွဲ့အစည်းပေါ်လာ၍ ယင်းသည် ယေရှုနှင့်အတူအစိုးရခြင်းငှာ ဘုရားသခင့်ဝိညာဉ်တော်ဖြင့်ဘိသိက်ခံရသော သန့်ရှင်းရာလူမျိုးဖြစ်၏ဟု မှားယွင်းစွာအမည်ခံယူထားသည်။

၁၃။ ခရစ်ယာန်ဘောင်သည် ပိုက်ကွန်လုပ်ငန်းတွင် တစ်ကဏ္ဍပါဝင်ခဲ့ကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၃ ခရစ်ယာန်ဘာသာတရားကို သစ္စာကင်းမဲ့စွာခံယူသူများသည် ပိုက်ကွန်ပုံဥပမာတွင် အပါအဝင်ဖြစ်သည်ဟုသင်ယူမှတ်သလော။ ပါဝင်ပါသည်ဟူ၍ဖြေဆိုရန် အကြောင်းရှိနေသည်။ ပုံဆောင်ရာပိုက်ကွန်တွင် ခရစ်ယာန်ဘောင်ပါဝင်သည်။ သာမညလူတန်းစားလက်သို့ သမ္မာကျမ်းစာမရောက်ရှိစေရန် ခေတ်ကာလတစ်လျှောက် ကက်သလစ်အသင်းတော်ကြိုးစားတားဆီးခဲ့သည်ကား မှန်ပါသည်။ သို့ရှိစေကာမူ ခရစ်ယာန်ဘောင်အသင်းသားများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဘာသာပြန်ဆို၊ ကူးရေး၍ထုတ်ဝေဖြန့်ဖြူးရေးတွင် အဓိကကဏ္ဍ၌ပါဝင်ဆောင်ရွက်ခဲ့ပေပြီ။ နောက်ပိုင်းတွင် လူသူအရောက်နည်းသောတိုင်းနိုင်ငံများ၏ ဘာသာစကားများဖြင့် ကျမ်းစာကိုပြန်ဆိုပေးသော ကျမ်းစာအသင်းများကို အသင်းတော်များကတည်ထောင်၍ ထောက်ပံ့ကူညီပေးခဲ့သည်။ ထို့ ပြင်ကာယအကျိုးရ၍ခရစ်ယာန်ဖြစ်လာစေသည့် ဆေးဘက်ဆိုင်ရာသာသနာပြုများနှင့် ဆရာသမားများကိုလည်း စေလွှတ်သေးသည်။ ယင်းကြောင့်ဘုရားသခင့်မျက်နှာသာမရသော မကောင်းသည့်ငါးအထောင်အသောင်းတို့ကို စုစည်းပေးခဲ့သည်။ မည်သို့ဆိုစေ၊ ခရစ်ယာန်မဟုတ်သူသန်းပေါင်းများစွာတို့အား သမ္မာကျမ်းစာနှင့်တကွ ဖောက်ပြန်သောခရစ်ယာန်ဘာသာတရားအမျိုးအစားတစ်ခုကိုမူ သိရှိလာစေသည်။

၁၄။ ခရစ်ယာန်ဘောင်အသင်းများဆောင်ရွက်သည့်လုပ်ငန်းအချို့ကြောင့် ကောင်းမွန်သောငါးများကို မည်သို့မျှားနိုင်ခဲ့သနည်း။

၁၄ ဤအတောအတွင်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုမှီဝဲနေသော ပြန့်လွင့်နေသည့်သစ္စာရှိသူများသည် အတတ်နိုင်ဆုံးကြိုးစားအားထုတ်နေကြပါသည်။ မည်သည့်အချိန်တွင်မဆို ဤသူတို့သည် ကမ္ဘာပေါ်ရှိဘုရားသခင့်ဘိသိက်ခံအသင်းတော်မှန်အဝင်ဖြစ်ကြပါသည်။ ကောင်းသည်ဟုဘုရားသခင်ယူမှတ်ကာ၊ ဝိညာဉ်တော်ဖြင့်ဘိသိက်ပေးမည့်ငါး၊ သို့မဟုတ် လူတို့ကို ဤသူများလည်းမျှားနေကြမည်အမှန်။ (ရောမ ၈:၁၄-၁၇) ခရစ်ယာန်ဘာသာတရားစစ်ကို ကောင်းမွန်စွာခံယူသည့် ဤသူတို့သည် ကာယအကျိုးရ၍ခရစ်ယာန်ဖြစ်လာခဲ့သူများနှင့် ခရစ်ယာန်ဘောင်၏ကျမ်းစာအသင်းများ မိမိတို့ဘာသာစကားသို့ ပြန်ဆိုထားသည့်ကျမ်းစာကိုဖတ်ရှုကာ ကျမ်းစာပညာအကန့်အသတ်ရရှိခဲ့သူများအား ကျမ်းစာသမ္မာတရားစစ်ကိုပေးနိုင်ခဲ့ပါသည်။ ဘုရားသခင့်ရှုထောင့်မှ မသင့်လျော်သူအများကို ခရစ်ယာန်ဘောင်စုသိမ်းနေစေကာမူ ကောင်းသောသူတို့ကိုစုရုံးနေသည်ကားမှန်၏။

၁၅။ အချက်ကျကျတင်ပြရလျှင် ပုံဥပမာပါပိုက်ကွန်သည် ဘာကိုပုံဆောင်သနည်း။

၁၅ ထို့ကြောင့် ပိုက်ကွန်သည် ဘုရားသခင့်အသင်းတော်ဟုအမည်ခံ၍ ငါးများစုသိမ်းပေးသော မြေကြီးဆိုင်ရာတန်ဆာပလာတစ်ခုကိုပုံဆောင်ပါသည်။ ယင်း၌ခရစ်ယာန်ဘောင်နှင့် ဘိသိက်ခံခရစ်ယာန်အသင်းတော်ပါ ပါဝင်ပါသည်။ ဘိသိက်ခံခရစ်ယာန်အသင်းတော်သည်လည်း မဿဲ ၁၃:၄၉ နှင့်အညီကောင်းကင်တမန်များ၏ မျက်မြင်မရသောညွှန်ကြားမှုအောက် ကောင်းသောငါးများကိုဆက်စုသိမ်းနေပါသည်။

ကျွန်ုပ်တို့အချိန်ကာလပိုင်းသည် ထူးခြားလှ၏

၁၆၊ ၁၇။ ကျွန်ုပ်တို့အချိန်သည် ယေရှု၏ပိုက်ကွန်ပုံဥပမာပြီးမြောက်ရေးအတွက် အဘယ်ကြောင့်ဤမျှအရေးကြီးရသနည်း။

၁၆ ယခုအချိန်ကာလအကြောင်း ဆင်ခြင်သုံးသပ်ကြည့်စို့။ ပိုက်ကွန်ကဲ့သို့သောတန်ဆာပလာသည် နှစ်ချီ၍ ငါးကောင်းများနှင့်အတူ မသင့်လျော်သောလူဆိုးများကိုပါစုသိမ်းနေသည်။ ထို့နောက် အပြီးအပြတ်ဖြစ်သောခွဲခြားခြင်းလုပ်ငန်းကို ကောင်းကင်တမန်များပြုလုပ်ရန်အချိန် ဆိုက်ရောက်လာသည်။ အဘယ်အချိန်တွင်ဖြစ်သနည်း။ အခန်းငယ် ၄၉ က “ဤအစီအစဉ်စနစ်၏ဆုံးခန်းချိန်” အတွင်းဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြသည်။ ယင်းကား သိုးနှင့်ဆိတ်ပုံဥပမာတွင် ယေရှုမိန့်တော်မူသော ဤစကားများနှင့်ကိုက်ညီပါသည်။ “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များအခြံအရံတို့နှင့်တကွကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကိုတခြားစီခွဲထားသကဲ့သို့လူအပေါင်းတို့ကို အသီးအခြားခွဲ” လိမ့်မည်။—မဿဲ ၂၅:၃၁၊ ၃၂။

၁၇ ထို့ကြောင့်မဿဲ ၁၃:၄၇-၅၀ နှင့်အညီ ၁၉၁၄ ခုနှစ်တွင် “ဤအစီအစဉ်စနစ်၏ဆုံးခန်းချိန်” စတင်ကတည်းက ကောင်းကင်တမန်များ၏ညွှန်ကြားမှုအောက် အပြီးအပြတ်ဖြစ်သောခွဲခြားခြင်းလုပ်ငန်းလုပ်ဆဲရှိသည်။ ခေတ္တဝိညာဏချုပ်နှောင်မှုအောက်မှ ဘိသိက်ခံအကြွင်းအကျန်လွတ်မြောက်လာသည့် ၁၉၁၉ ခုနှစ်နောက်ပိုင်း ယင်းလုပ်ငန်းသည် အထူးထင်ရှားလာသည်။ ထိုအခါလူကိုမျှားသောလုပ်ငန်းအတွက် ပိုမိုထိရောက်သောတန်ဆာပလာဖြစ်လာပေသည်။

၁၈။ ကောင်းသောငါးများသည် ခြင်းထဲမည်သို့စုသိမ်းခြင်းခံနေရသနည်း။

၁၈ ခွဲခြားခံရသည့်ကောင်းသောငါးများ ဘာဖြစ်မည်နည်း။ သီးခြားခွဲထုတ်သော ကောင်းကင်တမန်တံငါများသည် “ကောင်းသောငါးကိုခြင်းထဲသို့ ရွေးချယ်ထည့်ထား၍ မကောင်းသောငါးကိုပြင်သို့ပစ်လိုက်” ကြောင်းအခန်းငယ် ၄၈ ကဆိုသည်။ ခြင်းများကား ကောင်းသောငါးတို့ကို ကာကွယ်မှုပေးသောထည့်သွင်းစရာများဖြစ်သည်။ ကျွန်ုပ်တို့အချိန်တွင် ထိုသို့ဖြစ်ပျက်ခဲ့ပြီလော။ အမှန် ဖြစ်ပျက်ခဲ့ပေပြီ။ ပုံဆောင်ရာကောင်းသောငါးများဖမ်းမိသည်နှင့်အလျောက် ခရစ်ယာန်စစ်များ၏အသင်းတော်များအတွင်းသို့ သူတို့စုသွင်းခံကြရသည်။ ဤခြင်းကဲ့သို့သောအသင်းတော်များသည် သူတို့အားမြင့်မြတ်သောလုပ်ငန်းတော်အတွက် ကာကွယ်စောင့်ရှောက်၊ သီးခြားကန့်သတ်ထားသည်ဟု သင်သဘောတူညီပါလိမ့်မည်။ သို့နှင့်ပင် တစ်ဦးတစ်ယောက်က ‘ယင်းသည်မှန်ကန်ပြီးကောင်းပါ၏။ သို့သော် ကျွန်ုပ်၏ယခုဘဝနှင့်နောင်အနာဂတ်အတွက် အဘယ်အကျိုးပြုသနည်း’ ဟုဆင်ခြင်ပေမည်။

၁၉၊ ၂၀။ (က) ဤပုံဥပမာ၏သဘောတရားကိုနားလည်ရန် ယနေ့အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ၁၉၁၉ ခုနှစ်ကတည်းက အဘယ်အရေးကြီးသောလူကိုမျှားခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီနည်း။

၁၉ ဤတွင်ဖော်ပြထားရာဖြစ်မြောက်လာခြင်းသည် တမန်တော်များအချိန်နှင့် ၁၉၁၄ ခုနှစ်အတွင်းဖြစ်ပျက်ဖို့အတွက် ကန့်သတ်ထားခြင်းမဟုတ်ပါ။ ထိုအချိန်ကာလအတွင်း ပိုက်ကွန်ကဲ့သို့တန်ဆာပလာသည် ခရစ်ယာန်ဘာသာတရားကိုခံယူသည်ဟုအဆိုပြုသူ အတုအယောင်နှင့်အစစ်တို့ကိုစုရုံးခဲ့သည်။ ယင်းသည် မသင့်လျော်သောငါးနှင့်ကောင်းသောငါးတို့ကိုပါ စုသိမ်းနေသည်မှန်၏။ ထို့ ပြင်ကောင်းကင်တမန်များဆောင်ရွက်နေသည့် ခွဲခြားခြင်းလုပ်ငန်းသည် ၁၉၁၉ ခုနှစ်ခန့်က မပြီးပြတ်ခဲ့သေးပါ။ အချို့ဘက်တွင် ဤပိုက်ကွန်ပုံဥပမာသည် ကျွန်ုပ်တို့ခေတ်တိုင် သက်ဆိုင်နေသည်။ ကျွန်ုပ်တို့သာမက ကျွန်ုပ်တို့၏အနီးကပ်အနာဂတ်နှင့်လည်းပတ်သက်နေသည်။ “သင်တို့မျက်စိသည်မြင်သောကြောင့် မင်္ဂလာရှိ၏။ သင်တို့နားသည်လည်းကြားသောကြောင့် မင်္ဂလာရှိ၏” ဟုဖော်ပြခံရသူများအဝင်ဖြစ်လိုပါက မည်သို့နှင့်အဘယ်ကြောင့်ပတ်သက်သည်ကို သဘောပေါက်နားလည်ရန် အလွန်အရေးကြီးပါသည်။—မဿဲ ၁၃:၁၆။

၂၀ ၁၉၁၉ ခုနှစ်နောက်ပိုင်းတွင် ကောင်းကင်တမန်များနှင့်ပူးပေါင်းပြီး ဘိသိက်ခံအကြွင်းအကျန်သည် ဟောပြောခြင်းလုပ်ငန်း၌အလုပ်များလျက်နေကြောင်း သင်သိထားနှင့်မည်။ သူတို့သည် ပုံဆောင်ရာပိုက်ကွန်ကိုဆက်အသုံးပြုကာ ကုန်းပေါ်သို့ဆွဲတင်သမျှတို့မှ ကောင်းသောသူတို့အား မသင့်လျော်သူတို့အထဲက ခွဲထုတ်ပေးကြသည်။ ပုံဆောင်ရာပိုက်ကွန်ဖြင့် ၁၄၄,၀၀၀ မှနောက်ဆုံးစုသိမ်းခံရသူများကို ဘုရားသခင့်ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်းငှာ ဆက်စုသွင်းခဲ့ကြောင်း ထိုအချိန်ကစာရင်းဇယားများကဖော်ပြပါသည်။ (ဗျာဒိတ် ၇:၁-၄) သို့သော် ၁၉၃၀ ပြည့်လွန်နှစ်အလယ်ပိုင်းရောက်လေသော် သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဘိသိက်ပေးခြင်းငှာ ကောင်းသောငါးများစုသိမ်းခြင်းအလုပ်သည် ပြီးပြတ်လုရှိသည်။ ထိုအခါ ဘိသိက်ခံအကြွင်းအကျန်အသင်းတော်သည် ပိုက်ကွန်ကိုစွန့်ပစ်ဘိသကဲ့သို့ အေးဆေးစွာလက်ပိုက်ထိုင်၍ ကောင်းကင်ဆုကျေးဇူးကိုစောင့်နေကြဖို့သာဖြစ်ပါသလော။ လုံးဝမဟုတ်ပါ။

လူကိုမျှားခြင်း၌ သင်ပါဝင်ပုံ

၂၁။ ကျွန်ုပ်တို့ခေတ်တွင် အခြားအဘယ်မျှားခြင်းလုပ်ငန်း ရှိသေးသနည်း။ (လုကာ ၂၃:၄၃)

၂၁ ယေရှု၏ပိုက်ကွန်ပုံဥပမာက ကောင်းကင်နိုင်ငံတော်တွင်အပါအဝင်ဖြစ်မည့် ကောင်းသောသူတို့ကိုအာရုံပြုစေသည်။ သို့ဖြစ်လျက်ပင် ထိုပုံဥပမာအပြင် ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သကဲ့သို့ ပုံဆောင်ရာအခြားငါးတို့ကို အကြီးအကျယ်မျှားနေကြောင်းတွေ့ရှိရ၏။ ဤငါးမျှားခြင်းမူကား ယေရှုပုံဥပမာရှိ ဘိသိက်ခံရမည့်ကောင်းသောငါးများကိုမျှားခြင်းမဟုတ်ဘဲ ပရဒိသုကမ္ဘာပေါ်အသက်ရှင်နိုင်သည့်မျှော်လင့်ချက်ပေးခံရသူ ပုံဆောင်ရာငါးများကိုမျှားယူခြင်းဖြစ်သည်။—ဗျာဒိတ် ၇:၉၊ ၁၀။ မဿဲ ၂၅:၃၁-၄၆ နှင့်နှိုင်းယှဉ်။

၂၂။ အဘယ်ပျော်ရွှင်ဖွယ်အကျိုးရလဒ်ကို ခံစားနိုင်မည်နည်း။ ယင်းအပြင် နောက်ထပ်ဘာအကျိုးရှိသနည်း။

၂၂ ထိုမျှော်လင့်ချက်ကိုသင်ခံယူထားလျှင် ယခုတိုင်အောင် အသက်ကယ်ဆယ်ရေးဆိုင်ရာ လူကိုမျှားသောလုပ်ငန်းကို ယေဟောဝါခွင့်ပြုထားသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်နိုင်သည်။ ယင်းကြောင့် ကြီးမားသောမျှော်ကိုးရာ အသင်ရရှိလာသည်။ မျှော်ကိုးဟုဆိုပါသလော။ မှန်သည်။ ယင်းကား သင့်လျော်သောစကားလုံးပင်ဖြစ်သည်။ အကြောင်းမှာ ပြုလုပ်ဆဲလူကိုမျှားခြင်းအလုပ်ကို စီမံခန့်ခွဲနေသည့်အရှင်အား ဆက်လက်သစ္စာတည်ကြည်ခြင်းပေါ်အခြေပြုသည့်အကျိုးကို သင်ရလိမ့်မည်ဖြစ်သည်။ (ဇေဖနိ ၂:၃) ပိုက်ကွန်ဆွဲတင်သောငါးရှိရှိသမျှသည် ကောင်းသောအကျိုးမခံစားရကြောင်း ပုံဖော်ပြထားသည်ကိုသတိပြုပါ။ မသင့်လျော်၍ဆိုးသွမ်းသူများကို ဖြောင့်မတ်သူများမှ ခွဲထုတ်လိမ့်မည်ဟု ယေရှုမိန့်မြွက်ခဲ့သည်။ အဘယ်ဆိုးကျိုးအတွက်နည်း။ မသင့်လျော်၍မကောင်းသောငါးတို့၏ နောက်ဆုံးဖြစ်အင်ကို မဿဲ ၁၃:၅၀ တွင်ယေရှုဖော်ပြထားပါသည်။ ယင်းတို့သည် ထာဝရပျက်စီးခြင်းကိုဆိုလိုသောမီးဖိုထဲပစ်ချခံကြရမည်တည်း။—ဗျာဒိတ် ၂၁:၈။

၂၃။ ယနေ့လူကိုမျှားခြင်းလုပ်ငန်းကို အဘယ်အရာက အရေးတကြီးဖြစ်စေသနည်း။

၂၃ ဘိသိက်ခံကောင်းသောငါးနှင့်အတူ ကမ္ဘာပေါ်ထာဝစဉ်အသက်ရှင်မည့် ပုံဆောင်ရာငါးအတွက်မူ တောက်ပသောအနာဂတ်ရှိမည်။ ထိုကြောင့်ကမ္ဘာတစ်လွှားငါးဖမ်းခြင်းလုပ်ငန်းကို ယခုပင်အောင်မြင်စွာဆောင်ရွက်နေရန် ကောင်းကင်တမန်များကွပ်ကဲပေးနေပါသည်။ မျှား၍ဖမ်းမိသူများလည်း များလှသည်တကား။ ယေရှုညွှန်ကြားသည်အတိုင်း ပိုက်ကွန်ကိုတမန်တော်များပစ်ချစဉ်က ဖမ်းမိသောငါးများကဲ့သို့ပင် တစ်နည်းအားဖြင့်ဆိုလျှင် ယနေ့လည်းအံ့သြဖွယ်ကောင်းလှသည်တိုင် မျှား၍ဖမ်းမိပေပြီ။

၂၄။ ဝိညာဏမျှားခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ဘာလုပ်လိုသင့်သနည်း။

၂၄ အသက်ကယ်ဆယ်ရေး ဤဝိညာဏငါးမျှားခြင်းလုပ်ငန်းတွင် သင်အတတ်နိုင်ဆုံးပါဝင်နေပါသလော။ ဤအချိန်တိုင် မည်မျှအထိ ကျွန်ုပ်တို့တစ်ဦးစီပါဝင်ခဲ့စေကာမူ ကမ္ဘာတစ်လွှားဆောင်ရွက်ဆဲရှိ လူကိုမျှားခြင်းလုပ်ငန်းကြီးတွင် မည်မျှအောင်မြင်မှုရရှိနေသည်ကိုလေ့လာခြင်းမှ အကျိုးများစွာရရှိနိုင်ကြမည်။ ယင်းသို့ပြုခြင်းအားဖြင့် လာမည့်နေ့ရက်များတွင်ဖမ်းမိရန် ပိုက်ကွန်များကိုချခြင်း၌ သာ၍ပင်ဇွဲလုံ့လရှိရန် လှုံ့ဆော်တိုက်တွန်းခံရလိမ့်မည်။—မဿဲ ၁၃:၂၃။ ၁ သက်သာလောနိတ် ၄:၁ နှင့်နှိုင်းယှဉ်။

▫ ယေရှု၏ပိုက်ကွန်ပုံဥပမာတွင်ပါသော ငါးနှစ်မျိုးနှစ်စားသည် ဘာကိုပုံဆောင်သနည်း။

▫ ပိုက်ကွန်လုပ်ငန်းတွင် ခရစ်ယာန်ဘောင်အသင်းများသည် အဘယ်နည်းဖြင့်ပါဝင်ခဲ့ပြီနည်း။

▫ ကျွန်ုပ်တို့ခေတ်တွင်ဆောင်ရွက်နေသော လူကိုမျှားခြင်းအလုပ်သည် အဘယ်ကြောင့်ဤမျှအရေးပါလှသနည်း။

▫ ပိုက်ကွန်ပုံဥပမာက ကိုယ်ကိုယ်ကိုအဘယ်စစ်ဆေးမှုပြုရန် ကျွန်ုပ်တို့တစ်ဦးစီအားတိုက်တွန်းသင့်သနည်း။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဂါလိလဲပင်လယ်တွင် ရာစုနှစ်ပေါင်းများစွာ ငါးဖမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီ

[Credit Line]

Pictorial Archive (Near Eatern History) Est.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ