စာရှုသူများထံမှ မေးခွန်းလွှာ
မွေးနေ့ပွဲများကျင်းပသည့်ဓလေ့ ရှေးခေတ်က ဘာသာရေးအဓိပ္ပာယ်ရှိခဲ့ခြင်းကြောင့် ယေဟောဝါသက်သေများမွေးနေ့မကျင်းပခြင်းဖြစ်သလော။
မွေးနေ့ပွဲကျင်းပခြင်းသည် အယူသီးမှုနှင့်မှောက်မှားသောဘာသာမှ အမြစ်ဖြာခြင်းဖြစ်၏။ သို့သော် ယင်းကြောင့်သာ ထိုအကျင့်ဓလေ့ကို ယေဟောဝါသက်သေများရှောင်ကြဉ်ခြင်းမဟုတ်ပါ။
တစ်ချိန်က ဘာသာရေးနှင့်ဆိုင်ခဲ့သောထုံးစံအချို့သည် ယခုနေရာများစွာတွင် ထိုသဘောမသက်ရောက်တော့ပါ။ ဥပမာ၊ လက်ထပ်လက်စွပ်သည် တစ်ချိန်က ဘာသာရေးအထိမ်းအမှတ်ရှိခဲ့သော်လည်း ယခုနေရာများစွာတွင် ထိုသို့မဟုတ်တော့ပါ။ ထိုကြောင့် အိမ်ထောင်ပြုပြီးပြီဖြစ်ကြောင်းတင်ပြရန် ခရစ်ယာန်စစ်များစွာတို့သည် လက်ထပ်လက်စွပ်အသုံးပြုခြင်း ဒေသခံထုံးစံကိုလိုက်ကြပါသည်။ ဤသို့သောကိစ္စမျိုးတွင် ယေဘုယျအားဖြင့်ပဓာနမှာ ဓလေ့တစ်ခုသည် ယခုဗာဗုလုန်ဘာသာနှင့် ဆက်စပ်နေမနေဖြစ်သည်။—The Watchtower January 15, 1972 နှင့် October 15, 1991 ပါ “Questions From Readers” ရှု။
သို့သော် မွေးနေ့ပွဲကျင်းပခြင်းနှင့်ပတ်သက်၍မူ အယူသီးမှုနှင့်ဘာသာရေးဆိုင်ရာအလျင်ကျသောထုံးစံရှိကြောင်း ကိုးကားဖော်ပြစရာမြောက်မြားစွာရှိသည်။ The Encyclopedia Americana (၁၉၉၁ ထုတ်) ကဤသို့သတိပြုစေသည်။ “ရှေးခေတ်အီဂျစ်၊ ဂရိ၊ ရောမ နှင့် ပါးရှားနိုင်ငံများတွင် သူတို့ဘုရားများ၊ ဘုရင်များနှင့်မှူးမတ်များ၏မွေးနေ့ကို ပွဲခံလေ့ရှိသည်။” ရောမလူမျိုးများသည် ‘အာတေမိ၏မွေးနေ့၊ အပိုလို၏နေ့ကို ပွဲခံကြသည်’ ဟုဆိုထား၏။ ယင်းတို့နှင့်ဆန့်ကျင်သည်ကား “ရှေးဣသရေလလူမျိုးသည် သူတို့အမျိုးသားများ၏အသက်စာရင်းမှတ်တမ်းရှိသော်လည်း မွေးနေ့ကိုနှစ်ပတ်လည်ပွဲခံခဲ့ကြောင်း သက်သေသာဓကများမရှိပါ။”
အခြားကိုးကားချက်များက မွေးနေ့ပွဲကျင်းပခြင်း၏အစကနဦးအကြောင်း အသေးစိတ်ဖော်ပြပါသည်။ ‘မွေးနေ့ပွဲများသည် ဥရောပနိုင်ငံတွင် နှစ်ပေါင်းများစွာကတည်းကကျင်းပခဲ့ကြသည်။ လူအများသည် နတ်ကောင်း၊ နတ်ဆိုးများရှိသည်ဟုယုံကြပြီး ယင်းတို့ကိုနတ်သမီးကောင်း၊ နတ်သမီးဆိုးဟု တစ်ခါတစ်ရံခေါ်ဆိုကြသည်။ ဤနတ်များကိုလူတိုင်းကြောက်လန့်ကြသည်။ မွေးနေ့ပွဲခံသူအား သူတို့အန္တရာယ်ပြုနိုင်သည်ဖြစ်၍ ထိုမွေးနေ့တွင် စေတနာရှိသောဆွေမျိုးဉာတိမိတ်ဆွေများဝန်းရံနေခြင်းဖြင့် မထင်ရှားသောအန္တရာယ်တို့မှ အကာအကွယ်ဖြစ်စေသည်ဟု ယူမှတ်ကြ၏။ လက်ဆောင်များပေးခြင်းက အကာအကွယ်သာ၍ပင်ဖြစ်စေ၏။ အတူတကွစားသောက်ကြခြင်းသည်လည်း ပိုစောင့်ရှောက်မှုပေးပြီး နတ်ကောင်းများ၏ကောင်းချီးများကိုခံစားရရန် အထောက်အကူပြုသည်။ ထိုကြောင့်မွေးနေ့ပွဲကိုကျင်းပခဲ့ရခြင်း ကနဦးရည်ရွယ်ချက်မှာ ဆိုးကျိုးမှထိုသူအားကာကွယ်ပေးရန်၊ လာမည့်နှစ်တွင် လာဘ်ကောင်းရန်အတွက်ဖြစ်သည်။’—Birthday Parties Around the World, 1967.
ယင်းစာအုပ်က မွေးနေ့ပွဲထုံးစံများစွာ မည်သို့စဖြစ်ပေါ်လာသည်ကိုလည်း ရှင်းပြပေးပါသည်။ ဥပမာ၊ “ရှေးဂရိနှင့်ရောမလူများသည် ဖယောင်းတိုင်များ၌ အစွမ်းတန်ခိုးရှိသည်အထင်နှင့် ဖယောင်းတိုင်များကိုအသုံးပြုကြခြင်းဖြစ်သည်။ သူတို့သည် ဆုပတ္ထနာများပြု၍ ဖယောင်းတိုင်မီးလျှံဖြင့် ဘုရားများထံသို့ယင်းတို့ကိုရောက်စေနိုင်သည်ဟုထင်၏။ ထိုနောက်ဘုရားများက သူတို့အပေါ်ကောင်းချီးများသွန်းလောင်းကာ ဆုတောင်းပြည့်စေမည်ဖြစ်သည်။” ဤသို့သောနောက်ခံအကြောင်းများကို ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေထားသည့် Reasoning From the Scriptures, pages 69 and 70 တွင်စုဆောင်းတင်ပြထားသည်။
သို့ရာတွင် မွေးနေ့ပွဲခံခြင်းသည် ဘာသာရေးသဘောသက်ရောက်ခဲ့သလော၊ သို့မဟုတ် သက်ရောက်နေသေးသလောဆိုသည့် ဤမေးခွန်းတွင် အခြားအရာများပါဝင်ပတ်သက်နေပါသည်။ မွေးနေ့အကြောင်း သမ္မာကျမ်းစာဖော်ပြထား၍ ရင့်ကျက်သောခရစ်ယာန်များသည် ယင်းနှင့်ဆိုင်သောတင်ပြချက်များကိုဂရုပြုကြပါသည်။
အဘယ်အချိန်အခါတွင်မွေးဖွားခဲ့ကြောင်းကို ရှေးခေတ်ဘုရားသခင့်ကျေးကျွန်များသတိပြုခဲ့ရာ ဤနည်းဖြင့် လူတို့၏အသက်အရွယ်ကို ခန့်မှန်းနိုင်ကြသည်။ ဤသို့ဖတ်ရှုရကြသည်။ “နောဧသည် အသက်ငါးရာရှိ၏။ နောဧသားကား၊ ရှေမ၊ ဟာမ၊ ယာဖက်တည်း။” “နောဧအသက်ခြောက်ရာစေ့သောနှစ်၊ . . . မိုးကောင်းကင်ပြွန်ဝများကိုဖွင့်” ခဲ့၏။—ကမ္ဘာဦး ၅:၃၂။ ၇:၁၁။ ၁၁:၁၀-၂၆။
ဘုရားသခင့်လူများအတွက် သားဖွားချိန်သည် ရွှင်လန်းဝမ်းမြောက်စရာအချိန်ဖြစ်ခဲ့ကြောင်း ယေရှုလည်းတင်ပြပါသည်။ (လုကာ ၁:၅၇၊ ၅၈၊ ၂:၉-၁၄။ ယောဟန် ၁၆:၂၁) သို့သော် ယေဟောဝါ၏လူမျိုးတော်သည် မွေးနေ့ကို အထိမ်းအမှတ်မပြုခဲ့ပါ။ အခြားနှစ်ပတ်လည်ပွဲနေ့များကျင်းပခဲ့ဖူးသော်လည်း မွေးနေ့ကိုကား ထိုသို့မပြုခဲ့ကြပါ။ (ယောဟန် ၁၀:၂၂၊ ၂၃) Encyclopaedia Judaica ကဤသို့ဆိုသည်။ “မွေးနေ့ပွဲများခံခြင်းသည် ဂျူးတို့၏ရှေးထုံးထမ်းစဉ်လာအခမ်းအနားများတွင် မပါရှိပါ။” Customs and Traditions of Israel ကဤသို့သတိပြုစေသည်။ “မွေးနေ့ပွဲခံခြင်းထုံးစံကို သမ္မာကျမ်းစာ၊ တဲလ်မုဒ်ကျမ်း၊ သို့မဟုတ် နောက်ပိုင်းပညာရှိတို့၏အရေးအသားများတွင်မပါရှိခဲ့သောကြောင့် ယင်းကို တစ်ပါးအမျိုးသားများ၏ထုံးစံတို့မှ လက်ခံယူထားခြင်းဖြစ်သည်။ အမှန်သော်ကား ယင်းသည် ရှေးအီဂျစ်လူမျိုးထုံးစံပင်ဖြစ်သည်။”
စစ်မှန်သောဘာသာ ကိုးကွယ်သူတို့မကျင်းပကြသော်လည်း ကျမ်းစာ၌တင်ပြထားသည့် မွေးနေ့ပွဲတစ်ခုက ယင်းသည် အီဂျစ်လူမျိုးထုံးစံဖြစ်ကြောင်း ထင်ရှားပါသည်။ ထိုမွေးနေ့ပွဲမှာ အီဂျစ်အကျဉ်းထောင်၌ ယောသပ်ရောက်နေစဉ် ထိုစဉ်ကဖာရော၏မွေးနေ့ပွဲဖြစ်သည်။ ထိုသူတို့သည် ပွဲခံစဉ်ပျော်ရွှင်မြူးထူးနိုင်ကြမည်ဖြစ်သော်လည်း ထိုမွေးနေ့တွင် ဖာရော၏စားတော်ဝန်သည် ခေါင်းဖြတ်အသတ်ခံခဲ့ရ၏။—ကမ္ဘာဦး ၄၀:၁-၂၂။
သမ္မာကျမ်းစာပါအခြားမွေးနေ့ပွဲတစ်ခုဖြစ်သည့် ဟေရုဒ်မင်းကြီး၏သား ဟေရုဒ်အန္တိပမွေးနေ့တွင်လည်း ဆင်တူယိုးမှားဖြစ်ခဲ့သည်။ ဤမွေးနေ့ပွဲသည် သာမန်ပွဲခံရုံသက်သက်မဟုတ်ကြောင်း ကျမ်းစာမှတ်တမ်းအရသိရ၏။ ထိုစဉ် နှစ်ခြင်းဆရာယောဟန် ခေါင်းဖြတ်ခံခဲ့ရ၏။ ထို့နောက် “ယောဟန်၏တပည့်တို့သည်လည်းလာ၍ အလောင်းကိုဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ ယေရှုထံတော်သို့သွား၍ကြားလျှောက်ကြ၏။” ယေရှုသည်လည်း ‘ထိုအရပ်မှထွက်၍ဆိတ်ကွယ်ရာအရပ်သို့ကြွတော်မူ၏။’ (မဿဲ ၁၄:၆-၁၃) ထိုတပည့်တော်များသော်လည်ကောင်း၊ ယေရှုသော်လည်းကောင်း မွေးနေ့ပွဲခံခြင်းကို နှစ်သက်သဘောကျခဲ့မည်ဟု သင်ထင်မြင်သလော။
မွေးနေ့ပွဲခံခြင်းသည် အဘယ်မှစတင်ခဲ့သည်၊ ထိုထက်အရေးကြီးသည်ကား ယင်းကိုမလျော်ကန်သောသဘောမျိုးဖြင့် သမ္မာကျမ်းစာတွင်တင်ပြထားသောကြောင့် ယေဟောဝါသက်သေများသည် ယင်းထုံးစံကိုရှောင်ကြဉ်သင့်ပါသည်။ တစ်နှစ်လုံးတွင် မည်သည့်နေ့ရက်၌မဆို ပျော်ပွဲခံစားသောက်နိုင်သည့်အတွက် ဤလောကီဆန်သောထုံးစံကိုလိုက်လျှောက်နေစရာမလိုပါ။ အချင်းချင်းလက်ဆောင်များပေးခြင်းသည်လည်း ထုံးစံအရမဟုတ်၊ ပွဲခံသည့်အတွက်မဟုတ်ဘဲ ရက်ရောသောသဘော၊ အမှန်ခင်မင်ရင်းနှီးသောစိတ်ဖြင့် အလိုအလျောက်ပေးကမ်းခြင်းဖြစ်သည်။—သု၊ ၁၇:၈။ ဒေသနာ ၂:၂၄။ လုကာ ၆:၃၈။ တမန်တော် ၉:၃၇၊ ၃၉။ ၁ ကောရိန္သု ၁၆:၂၊ ၃။