“ငါတို့သည်မေရှိကိုတွေ့ကြပြီ”
“ ထိုသူ [အန္ဒြေ] သည် မိမိအစ်ကိုရှိမုန်ကို ရှေးဦးစွာတွေ့လျှင် ‘ငါတို့သည် မေရှိ [ဘာသာပြန်လျှင် ခရစ်တော်အဓိပ္ပာယ်ရှိ] ကိုတွေ့ကြပြီ’ ဟုပြောဆို . . . ၏။”—ယောဟန် ၁:၄၁။
၁။ နာဇရက်မြို့သားယေရှုအကြောင်း နှစ်ခြင်းဆရာယောဟန် မည်သို့သက်သေထူသနည်း။ အန္ဒြေသည် သူ့အကြောင်း မည်သို့ဆုံးဖြတ်သနည်း။
အန္ဒြေသည် နာဇရက်မြို့သားယေရှုအမည်ရှိသူ ဂျူးအမျိုးသားကို စေ့စေ့ကြည့်ရှုလိုက်သည်။ ထိုသူ၌ ဘုရင်အသွင်၊ ပညာရှိ သို့မဟုတ် ရဗ္ဗိဆရာအသွင်လည်း မရှိပါ။ မင်းမြောက်တန်ဆာသော်လည်းကောင်း၊ ဖြူသောဆံပင်သော်လည်းကောင်း၊ နူးညံ့သောလက်ဖဝါးနှင့်လတ်သောအသားအရေသော်လည်းကောင်း သူ့၌မရှိပါ။ အသက် ၃၀ ခန့်ရှိသောယေရှုသည် ငယ်ရွယ်ပြီး ကာယလုပ်သား၏ ကြမ်းသောလက်ဖဝါးများနှင့် နေရောင်ထိထားသောအသားအရောင်ရှိပါသည်။ ထိုကြောင့် ဤသူသည် လက်သမားဆရာတစ်ဦးဖြစ်သည်ဟုသိရ၍ အန္ဒြေအံ့သြခဲ့ရပုံမရှိပါ။ မည်သို့ဆိုစေ နှစ်ခြင်းဆရာယောဟန်က ဤသူအား “ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့” ဟုဆိုခဲ့သည်။ ယမန်နေ့ကဆိုလျှင်လည်း ထိုထက်ထူးခြားစွာ “ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်သည်” ဟုပြောဆိုခဲ့သည်။ ဖြစ်နိုင်ပါမည်လော။ ထိုနေ့တွင် ယေရှု၏စကားကို အန္ဒြေအချိန်ကုန်ခံနားထောင်ခဲ့သည်။ ယေရှု မည်သည့်အရာပြောဆိုခဲ့သည်ကိုကား ကျွန်ုပ်တို့မသိရပါ။ သို့သော် ကိုယ်တော်၏စကားများကြောင့် အန္ဒြေ၏အသက်တာဘဝ ပြောင်းလဲခဲ့ပါသည်။ ချက်ချင်းပင် အစ်ကိုဖြစ်သူ ရှိမုန်အားရှာဖွေကာ “ငါတို့သည် မေရှိကိုတွေ့ကြပြီ” ဟုကြွေးကြော်သည်။—ယောဟန် ၁:၃၄-၄၁။
၂။ ယေရှုသည် ကတိထားရာမေရှိယဖြစ်ကြောင်းသက်သေထူသည့် သာဓကများကို သုံးသပ်ကြည့်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၂ အန္ဒြေနှင့် (ပေတရုဟုယေရှုအမည်ပြောင်းပေးခဲ့သူ) ရှိမုန်တို့သည် နောင်တွင် ယေရှု၏တမန်တော်များဖြစ်လာကြသည်။ ကိုယ်တော်၏တပည့်ဖြစ်ပြီး နှစ်နှစ်လွန်သော် ပေတရုကယေရှုအား “ကိုယ်တော်သည် ခရစ်တော် [မေရှိယ] တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်ဖြစ်တော်မူသည်” ဟုဆိုသည်။ (မဿဲ ၁၆:၁၆) သစ္စာရှိတမန်တော်များနှင့်တပည့်တော်တို့သည် နောင်တွင် ထိုယုံကြည်ချက်အတွက် အသေခံရန်အသင့်ရှိကြကြောင်း သက်သေထူခဲ့သည်။ ယနေ့လည်း စိတ်ရင်းမှန်သောထပ်တူကြည်ညိုသူသန်းပေါင်းများစွာရှိသည်။ သို့သော် အဘယ်သာဓကရှိ၍ဖြစ်သနည်း။ သာဓကရှိခြင်းကြောင့် ယုံကြည်ခြင်း နှင့် ယုံလွယ်လွန်းခြင်းမတူညီပါ။ (ဟေဗြဲ ၁၁:၁ ရှု။) ထိုကြောင့်ယေရှုသည် မေရှိယအမှန်ဖြစ်ကြောင်းသက်သေထူသည့် သာဓကသုံးခုကို သုံးသပ်ကြည့်ကြစို့။
ယေရှု၏ဆွေစဉ်မျိုးဆက်
၃။ ယေရှု၏မျိုးရိုးနှင့်ပတ်သက်၍ မဿဲနှင့်လုကာခရစ်ဝင်ကျမ်းများက မည်သို့ဖော်ပြသနည်း။
၃ ယေရှုသည် မေရှိယဖြစ်ကြောင်းကိုထောက်ခံသည့်အနေနှင့် ခရစ်ယာန်ဂရိကျမ်းစောင်များက ယေရှု၏ဆွေစဉ်မျိုးဆက်စာရင်းကို ပထမသာဓကအဖြစ်ဖော်ပြပါသည်။ မေရှိယသည် ဒါဝိဒ်မင်းကြီး၏မျိုးနွယ်တော်မှဆင်းသက်လာမည့်အကြောင်း သမ္မာကျမ်းစာကကြိုတင်ဟောထားသည်။ (ဆာလံ ၁၃၂:၁၁၊ ၁၂။ ဟေရှာယ ၁၁:၁၊ ၁၀) မဿဲခရစ်ဝင်ကျမ်းက ဤသို့စတင်သည်။ “အာဗြဟံနှင့်ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ဆွေတော်စဉ် မျိုးတော်ဆက်စာရင်း” ဖြစ်သည်။ ဤရဲတင်းသောအဆိုပြုချက်ကို ယေရှု၏မွေးစားဖခင်ယောသပ်၏မျိုးဆက်မှတစ်ဆင့် မဿဲထောက်ခံခဲ့ပါသည်။ (မဿဲ ၁:၁-၁၆) လုကာခရစ်ဝင်ကျမ်းက ယေရှု၏ဆွေစဉ်မျိုးဆက်စာရင်းကို သူ၏မွေးမိခင်မာရိမှတစ်ဆင့် ဒါဝိဒ်၊ ထိုနောက်အာဗြဟံမှအာဒံအထိ တင်ပြသွားပါသည်။ (လုကာ ၃:၂၃-၃၈)aဤသို့အားဖြင့်ခရစ်ဝင်ကျမ်းရေးသူများက ယေရှုသည် ဒါဝိဒ်၏အမွေခံဖြစ်ကြောင်းကို တရားဝင်နည်းဖြင့်သော်လည်းကောင်း၊ မျိုးရိုးဖြင့်သော်လည်းကောင်း စစ်မှန်ကြောင်းကို သေချာခိုင်မာစွာတင်ပြခဲ့သည်။
၄၊ ၅။ (က) ယေရှု၏တစ်ခေတ်တည်းသားများသည် ဒါဝိဒ်မှ ကိုယ်တော်ဆင်းသက်လာခြင်းကို ငြင်းပယ်ကြပါသလော။ ယင်းသည် အဘယ်ကြောင့်ထူးခြားသနည်း။ (ခ) ယေရှု၏မျိုးရိုးကို ကျမ်းစာပြင်ပကိုးကားချက်များက မည်သို့ထောက်ခံသနည်း။
၄ ယေရှု၏မေရှိယအဖြစ်ကိုကန့်ကွက်သော သံသယအများဆုံးရှိသူပင်လျှင် ယေရှုသည် ဒါဝိဒ်၏သားဖြစ်ကြောင်းကို မငြင်းဆိုနိုင်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းနှစ်ခုရှိသည်။ စီအီး ၇၀ ခုနှစ်တွင် ယေရုရှလင်မြို့တော်မပျက်စီးမီ ဆယ်စုနှစ်များစွာအတွင်း ထိုအဆိုပြုချက်ကို အနှံ့အပြားပြောဆိုခဲ့ကြသည်။ (မဿဲ ၂၁:၉။ တမန်တော် ၄:၂၇။ ၅:၂၇၊ ၂၈ နှိုင်းယှဉ်။) ထိုအဆိုပြုချက်သည်မှားယွင်းနေလျှင် ယေရှု၏ရန်သူများစွာအနက် တစ်ဦးတစ်ယောက်က ကိုယ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းကို အစိုးရမှတ်တမ်းများတွင် စစ်ဆေးလိုက်ရုံနှင့် ယေရှုသည်အယောင်အဆောင်ဖြစ်သည်ဟု သက်သေတင်ပြနိုင်ပါလိမ့်မည်။b သို့သော်ဒါဝိဒ်မင်းမှ ယေရှုဆင်းသက်ကြောင်းကိုကန့်ကွက်သူရှိခဲ့ကြောင်း သမိုင်းတွင်မတွေ့ရှိပါ။ ယင်းအဆိုပြုချက်ကို ကန့်ကွက်စရာအကြောင်း လုံးဝမရှိကြောင်းထင်ရှားပါသည်။ ဆွေစဉ်မျိုးဆက်နာမည်စာရင်းများကို ပြည်သူ့မှတ်တမ်းများမှ မဿဲနှင့်လုကာတို့သည် မိမိတို့၏ခရစ်ဝင်ကျမ်းများအတွက် တိုက်ရိုက်ကူးရေးယူခဲ့ကြောင်း သံသယရှိစရာမလိုပါ။
၅ ဒုတိယသာဓကမှာ၊ သမ္မာကျမ်းစာပြင်ပ အခြားဇာစ်မြစ်တို့သည် ယေရှု၏မျိုးရိုးကိုလက်ခံခဲ့ကြောင်း ထောက်ခံချက်ရှိသည်။ ဥပမာ၊ ယေရှု၏မိခင်မာရိသည် ‘လက်သမားများ၏ပြည့်တန်ဆာဖြစ်သည်’ ဟုလေးရာစုမှရဗ္ဗိဆရာတစ်ဦးက သွားပုတ်လေလွင့်ပြောဆိုခဲ့သော်လည်း “သူမသည် မင်းမျိုးမင်းနွယ်ဖြစ်” ကြောင်းကို တစ်ပိုဒ်တည်းတွင်ပင် တဲလ်မူဒ်မှတ်တမ်းကဝန်ခံထားပါသည်။ ထိုထက်ပင်စောစီး၍ ရောမကဲသာဒိုမီလျှန်သည် ဒါဝိဒ်မှဆင်းသက်လာသူများကို လုံးဝသုတ်သင်လိုခဲ့စဉ်အချိန်က ရှေးခရစ်ယာန်များ၏ရန်သူအချို့တို့က ယေရှု၏မိတူဖကွဲညီ၊ ယုဒ၏မြေးတို့သည် “ဒါဝိဒ်အနွယ်ဖြစ်ကြောင်း” ဖော်ထုတ်ခဲ့၏ဟု ဒုတိယရာစုမှသမိုင်းဆရာ ဟဲဂျားစီပါးက ပြောပြပါသည်။ ယုဒသည် ဒါဝိဒ်မှဆင်းသက်ခဲ့ကြောင်း လူသိရှင်ကြားဖြစ်လျှင် ယေရှုလည်း ထို့အတူဖြစ်မည်မဟုတ်လော။ ငြင်းဆိုစရာအကြောင်း လုံးဝမရှိပါ။—ဂလာတိ ၁:၁၉။ ယုဒ ၁:၁။
မေရှိယဆိုင်ရာပရောဖက်ပြုချက်များ
၆။ ဟေဗြဲကျမ်းစာစောင်များတွင် မေရှိယဆိုင်ရာပရောဖက်ပြုချက်များ မည်မျှရှိသနည်း။
၆ ယေရှုသည် မေရှိယဖြစ်ကြောင်း သက်သေထူသည့်အခြားတစ်ချက်မှာ ပြည့်စုံလာသောပရောဖက်ပြုချက်များပင်ဖြစ်သည်။ မေရှိယနှင့်သက်ဆိုင်သည့်ပရောဖက်ပြုချက်အမြောက်အမြားကို ဟေဗြဲကျမ်းစာစောင်များတွင်တွေ့ရှိရသည်။ The Life and Times of Jesus the Messiah ကိုရေးသူ အဲလ်ဖရဒ် အီဒရှိုင်မ်သည် ဟေဗြဲကျမ်းစာစောင်များတွင် ကျမ်းပိုဒ် ၄၅၆ ခုကိုမေရှိယနှင့်ဆိုင်သည်ဟု ရှေးရဗ္ဗိဆရာများယူမှတ်ကြောင်း ဖော်ပြပါသည်။ သို့သော်ရဗ္ဗိဆရာများသည် မေရှိယနှင့်စပ်လျဉ်း၍ အမြင်မှားအထင်မှားချက်များစွာရှိခဲ့ရာ သူတို့ညွှန်းသည့်ကျမ်းပိုဒ်အများတို့မှာ မေရှိယနှင့်လုံးဝမသက်ဆိုင်ပါ။ မည်သို့ဆိုစေကာမူ၊ ယေရှုသည် မေရှိယဖြစ်သည်ကိုသတ်မှတ်ပေးသည့် ပရောဖက်ပြုချက်များစွာရှိသည်ကား အမှန်ပင်။—ဗျာဒိတ် ၁၉:၁၀ နှိုင်းယှဉ်။
၇။ ကမ္ဘာပေါ်ရှိစဉ်က ယေရှုပြည့်စုံစေခဲ့သောပရောဖက်ပြုချက်အချို့ကားအဘယ်နည်း။
၇ ယင်းတို့တွင် ကိုယ်တော်မွေးဖွားရာမြို့ (မိက္ခာ ၅:၂။ လုကာ ၂:၄-၁၁) ကိုယ်တော်ဖွားမြင်ပြီးနောက် ကလေးသူငယ်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည့်အဖြစ်ဆိုး (ယေရမိ ၃၁:၁၅။ မဿဲ ၂:၁၆-၁၈) အီဂျစ်ပြည်မှ ခေါ်နှုတ်ခံရမည် (ဟောရှေ ၁၁:၁။ မဿဲ ၂:၁၅) တိုင်းနိုင်ငံမင်းများစုရုံး၍ ကိုယ်တော်ကိုဖျက်ဆီးလိုကြမည် (ဆာလံ ၂:၁၊ ၂။ တမန်တော် ၄:၂၅-၂၈) ငွေအသပြာ ၃၀ ဖြင့်ရောင်းစားခံရမည် (ဇာခရိ ၁၁:၁၂။ မဿဲ ၂၆:၁၅) ကိုယ်တော်သေဆုံးမည့်ပုံစံပင်ဖြစ်သည်။—ဆာလံ ၂၂:၁၆၊ ကဘ၊ အောက်ခြေမှတ်ချက်။ ယောဟန် ၁၉:၁၈၊ ၂၃၊ ၂၀:၂၅၊ ၂၇။c
ကိုယ်တော်ရောက်ရှိလာမည့်အကြောင်း ပရောဖက်ပြုထား
၈။ (က) မေရှိယအဘယ်အချိန်တွင် ရောက်ရှိလာမည်အကြောင်း အဘယ်ပရောဖက်ပြုချက်ကညွှန်ပြသနည်း။ (ခ) ဤပရောဖက်ပြုချက်ကိုသဘောပေါက်နိုင်ရန် အဘယ်အချက်နှစ်ချက်ကိုသိဖို့လိုသနည်း။
၈ ပရောဖက်ပြုချက်တစ်ခုကိုသာ အာရုံပြုကြပါစို့။ ဒံယေလ ၉:၂၅ တွင် မေရှိယရောက်လာမည်ဟု ဂျူးတို့အား ဤသို့အကြောင်းကြားထားသည်။ “ယေရုရှလင်မြို့ကိုတစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည်နေ့မှစ၍ ခရစ်တော်သခင်၏လက်ထက်တိုင်အောင် ခုနစ်သီတင်းနှင့် ခြောက်ဆယ်နှစ်သီတင်းကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။” ဤပရောက်ဖက်ပြုချက်ကို အလျင်စလိုကြည့်လျှင် လျှို့ဝှက်သောအဓိပ္ပာယ်ရှိမည်ဟုယူမှတ်ရသည်။ သို့သော်သာမန်အရဆိုလျှင် စတင်ချိန်နှင့် ကြာရှည်သည့်ကာလကိုသာ ဂရုပြုရန်ဖြစ်သည်။ ဥပမာ၊ “မြို့ထဲဥယျာဉ်ရှိ ရေတွင်း၏အရှေ့ဘက် တာ ၅၀ အကွာ၌” ဘဏ္ဍာမြှုပ်ထားကြောင်းညွှန်ပြသည့်မြေပုံရရှိမည်ဆိုလျှင် အထူးသဖြင့်ဤရေတွင်းတည်ရှိရာနေရာကိုမသိပါက သို့မဟုတ် တစ်တာသည် မည်မျှရှည်သည်ကိုမသိပါက ယင်းအညွှန်းတို့ကြောင့် ဇဝေဇဝါဖြစ်ပေမည်။ ဘဏ္ဍာကို တွေ့ရှိရန် ထိုအချက်နှစ်ချက်ကို သိရှိရန်ကြိုးစားမည်မဟုတ်လော။ ဒံယေလ၏ပရောဖက်ပြုချက်လည်း ထပ်တူပင်ဖြစ်သည်။ ဤတွင် စတင်ချိန်နှင့် အတန်ကြာကာလကို သတ်မှတ်ကြမည်ဖြစ်သည်။
၉၊ ၁၀။ (က) ၆၉ သီတင်းကိုသတ်မှတ်ရန် စတင်ရမည့်အချိန်ကား အဘယ်နည်း။ (ခ) ၆၉ သီတင်းသည် မည်မျှကြာရှည်သနည်း။ ယင်းကိုမည်သို့သိရှိနိုင်သနည်း။
၉ ဦးဆုံးအနေနှင့် စတင်ရာဖြစ်သည့် ‘ယေရုရှလင်မြို့ကိုတစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာအမိန့်’ ပေးခဲ့သောနေ့စွဲကိုသိရန်လိုသည်။ ထိုနောက်မှ တာရှည်သည့်အတိုင်းအတာ၊ ၆၉ (၇ အပေါင်း ၆၂) သီတင်းမည်မျှကြာရှည်သည်ကိုသိရန်လိုသည်။ ဤအကြောင်းနှစ်ခုစလုံးကိုသိရှိရန် မခဲယဉ်းပါ။ ပြန်တည်ဆောက်ပြီးသားမြို့တော်အဖြစ် ယေရုရှလင်မြို့ရိုးကိုပြန်ဆောက်ကြရန်အမိန့်ကို“အာတဇေရဇ်မင်းကြီးနန်းစံနှစ်ဆယ်” မြောက်နှစ်တွင်ပေးခဲ့ကြောင်း နေဟမိအတိအကျပြောထားသည်။ (နေဟမိ ၂:၁၊ ၅၊ ၇၊ ၈) ယင်းကြောင့် စတင်ချိန်သည် ဘီစီအီး ၄၅၅ ခုနှစ်ဖြစ်လေသည်။d
၁၀ ၆၉ သီတင်းနှင့်ပတ်သက်၍ ယင်းတို့သည် ခုနစ်ရက်ကြာရှည်သောပကတိသီတင်းပတ်များဖြစ်မည်လော။ မဖြစ်ပါ။ အကြောင်းမှာ ဘီစီအီး ၄၅၅ ပြီးနောက်တစ်နှစ်ကျော်အကြာတွင် မေရှိယမပေါ်လာပါ။ ထိုကြောင့်ကျမ်းစာပညာရှင်အများနှင့် (ဤအခန်းငယ်နှင့်ဆိုင်သော အောက်ခြေမှတ်ချက်တွင် ဂျူး Tanakh အပါအဝင်) ဘာသာပြန်ကျမ်းအမြောက်အမြားတို့က ယင်းတို့သည် “နှစ်ဆိုင်ရာ” သီတင်းပတ်များဖြစ်ကြောင်း သဘောတူညီပါသည်။ ‘နှစ်များဆိုင်ရာသီတင်းပတ်’ သို့မဟုတ် ခုနစ်နှစ်တစ်ပတ်ဟူသော ဤအသုံးအနှုန်းကို ရှေးဂျူးများသဘောပေါက်ကြသည်။ ခုနစ်ရက်တစ်ကြိမ် ဥပုသ်နေ့စောင့်ကြသည်နည်းတူပင် ခုနစ်နှစ်တစ်ကြိမ် ဥပုသ်နှစ်စောင့်ကြသည်။ (ထွက်မြောက်ရာ ၂၀:၈-၁၁၊ ၂၃:၁၀၊ ၁၁) ထိုကြောင့် ၆၉ ပတ်ရှိနှစ်များဟူသည် ၇ နှစ် ၆၉ လီ သို့မဟုတ် ၄၈၃ နှစ်ရှိမည်။ ဤတွင် ရေတွက်ယူရန်သာ ကျန်ရှိတော့သည်။ ဘီစီအီး ၄၅၅ မှ ၄၈၃ နှစ်ရေတွက်လိုက်လျှင် စီအီး ၂၉ ဖြစ်သည့် ယေရှုနှစ်ခြင်းခံယူ၍ မာရှီအာခ်ခေါ်မေရှိယဖြစ်လာသည့်နှစ်ပင်တည်း။—“ခုနစ်သီတင်း” Insight on the Scriptures, Volume 2, page 899 ကိုရှု။
၁၁။ ယင်းက ဒံယေလပရောဖက်ပြုချက်ကို ခေတ်လိုက်အနက်ဖွင့်ခြင်းမျှဖြစ်သည်ဟုဆိုသူတို့ကို မည်သို့ဖြေဆိုမည်နည်း။
၁၁ ဤမည်ကား သမိုင်းနှင့်ကိုက်ညီရန် ပရောဖက်ပြုချက်ကိုခေတ်လိုက်၍ အနက်ဖွင့်ဆိုခြင်းမျှဖြစ်သည်ဟု အချို့ကန့်ကွက်ပြောဆိုမည်။ ထိုသို့ဆိုလျှင် ယေရှုခေတ်သားများသည် ထိုအချိန်တွင် မေရှိယပေါ်လာလိမ့်မည်ဟု အဘယ်ကြောင့်စောင့်မျှော်နေရကြသနည်း။ ခရစ်ယာန်သမိုင်းဆရာလုကာ၊ ရောမသမိုင်းဆရာတက်စီတပ်စ်နှင့် စူတိုနီယပ်စ်၊ ဂျူးသမိုင်းဆရာဂျိုစီဖပ်စ် နှင့် ဂျူးအတွေးအခေါ်ပညာရှင်ဖီလိုတို့သည် ဤအချိန်ဝန်းကျင်တွင်အသက်ရှင်ခဲ့၍ လူတို့သည် ထိုသို့စောင့်မျှော်လျက်ရှိခဲ့ကြောင်း သက်သေထူသည်။ (လုကာ ၃:၁၅) ထိုခေတ်က ရောမနိုင်ငံ၏ဖိစီးမှုကြောင့် ဂျူးတို့သည် မေရှိယပေါ်လာရန်တမ်းတ၍ စောင့်မျှော်ခဲ့ကြကြောင်း ယနေ့ပညာရှင်အချို့အခိုင်အမာပြောဆိုကြသည်။ ထိုသို့ဆိုလျှင် ယင်းအချိန်ထက်အစောပိုင်းဖြစ်သည့် ရက်စက်ကြမ်းတမ်းသောဂရိညှဉ်းဆဲရာကာလအတွင်း မေရှိယရောက်လာရန် အဘယ်ကြောင့်မမျှော်လင့်ကြသနည်း။ “လျှို့ဝှက်နက်နဲသောပရောဖက်ပြုချက်များ” ကြောင့် ဂျူးအမျိုးသားတို့က ယုဒနယ်မှအင်အားကြီးမင်းများပေါ်လာပြီး “စကြဝဠာအင်ပါယာသိမ်းပိုက်ဖို့ရန်” စောင့်မျှော်ခဲ့သည်ဟု တက်စီတပ်စ်အဘယ်ကြောင့်ဆိုခဲ့ရသနည်း။ အက်ပါးဟိလဲလ်စီလ်ဗားက သူ၏စာအုပ် A History of Messianic Speculation in Israel တွင်ဤသို့အသိအမှတ်ပြုထားပါသည်။ “ပထမရာစုစီအီး၏ တစ်ဝက်ရောက်ခါနီးအချိန်တွင် မေရှိယပေါ်လာမည်ဟုမျှော်လင့်” ခဲ့ခြင်းသည် ရောမနိုင်ငံ၏နှိပ်စက်ကလူပြုမှုကြောင့်မဟုတ်ဘဲ ဒံယေလကျမ်းအတိုင်း သိနားလည်ရသည့် “ထိုခေတ်သမယ၏ ခေတ်စားရာသက္ကရာဇ်စဉ်” ကြောင့်ဖြစ်သည်။
အထက်အရပ်မှအသိအမှတ်ပြုထား
၁၂။ ယေရှုအား မေရှိယအဖြစ် ယေဟောဝါမည်သို့ဖော်ပြသနည်း။
၁၂ ယေရှုသည်မေရှိယဖြစ်သည်ဟူသော တတိယသာဓကမှာ ဘုရားသခင်ကိုယ်တော်တိုင်၏သက်သေတင်ပြချက်ဖြစ်သည်။ လုကာ ၃:၂၁၊ ၂၂ အရယေရှုနှစ်ခြင်းယူပြီးနောက် စကြဝဠာတွင် အမြင့်မြတ်ဆုံး၊ တန်ခိုးအကြီးဆုံးစွမ်းအားဖြစ်သည့် ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘိသိက်ပေးခံခဲ့ရသည်။ ယေဟောဝါကိုယ်တော်တိုင်၏အသံဖြင့် သားတော်ယေရှုသည် ကိုယ်တော်နှစ်သက်မြတ်နိုးသောသားဖြစ်ကြောင်း အသိအမှတ်ပြုတော်မူသည်။ အခြားအကြိမ်နှစ်ကြိမ်တွင် ကောင်းကင်အရပ်မှ ယေရှုအား ယေဟောဝါတိုက်ရိုက်မိန့်မြွက်တော်မူခြင်းဖြင့် တစ်ကြိမ်တွင် ယေရှု၏တမန်တော်သုံးပါးရှေ့၊ နောက်တစ်ကြိမ်တွင်မူ ရှုစားနေသောလူအုပ်ရှေ့မှောက်၌ မျက်နှာသာတော်ရကြောင်းကို တင်ပြခဲ့သည်။ (မဿဲ ၁၇:၁-၅။ ယောဟန် ၁၂:၂၈၊ ၂၉) ထို့ပြင်ယေရှု၏ခရစ်တော် သို့မဟုတ် မေရှိယအရာကိုထောက်ခံပေးရန် အထက်အရပ်မှကောင်းကင်တမန်များ ရောက်ရှိလာခဲ့သည်။—လုကာ ၂:၁၀၊ ၁၁။
၁၃၊ ၁၄။ ယေရှုသည် မေရှိယဖြစ်သည်ကို ယေဟောဝါနှစ်သက်တော်မူကြောင်း မည်သို့တင်ပြသနည်း။
၁၃ ကြီးမားသောအမှုများကိုပြုနိုင်စွမ်းပေးခြင်းဖြင့် ယေဟောဝါသည်မိမိ၏ဘိသိက်ခံအားနှစ်ခြိုက်ကြောင်း ပြသခဲ့သည်။ ဥပမာ၊ ကျွန်ုပ်တို့ခေတ်တိုင်အောင်အလှမ်းဝေးသည့်သမိုင်းကို အသေးစိတ်ကြိုတင်ဖော်ပြသောပရောဖက်ပြုချက်တို့ကို ယေရှုမိန့်မြွက်တော်မူခဲ့သည်။eဆာလောင်နေသောလူအုပ်ကို ကျွေးမွေးခြင်း၊ ရောဂါကုသပေးခြင်းအစရှိသည့် အံ့သြဖွယ်အမှုများကိုလည်း ပြုတော်မူခဲ့သည်။ လူသေကိုပင် ရှင်ပြန်ထမြောက်စေတော်မူ၏။ ဖြစ်ပျက်ပြီးနောက်မှသာ ဤကြီးမြတ်သောအမှုများကို ကိုယ်တော်၏တပည့်နောက်လိုက်များ ကြံဖန်ပြောဆိုခြင်းမျှဖြစ်သလော။ အမှန်မှာ၊ ယေရှုသည် အံ့ဖွယ်အမှုများကို တစ်ခါတစ်ရံ မျက်မြင်ကိုယ်တွေ့သက်သေထောင်ပေါင်းများစွာရှေ့တွင်ပင် ပြုလုပ်ပြခဲ့သည်။ ယေရှု၏ရန်သူများပင်လျှင် ထိုအမှုများကိုကိုယ်တော်ပြုလုပ်ခဲ့ကြောင်း မငြင်းဆိုနိုင်ခဲ့ကြပါ။ (မာကု ၆:၂။ ယောဟန် ၁၁:၄၇) ထိုနောက်ယေရှု၏နောက်လိုက်များသည် ဤမှတ်တမ်းများကိုလုပ်ကြံပြောဆိုသည်မှန်လျှင် ကိုယ်တိုင်၏အားနည်းချက်များကို အဘယ်ကြောင့်ပွင့်လင်းစွာပြောထုတ်ကြရသနည်း။ ကိုယ်တိုင်လုပ်ကြံပြောဆိုထားသည့် ဒဏ္ဍာရီမျှဖြစ်သောပုံပြင်များကိုအခြေပြုထားသည့်ယုံကြည်ခြင်းအတွက် သူတို့အသေခံရန်အသင့်ရှိကြပါမည်လော။ မဟုတ်ပါ။ ယေရှု၏အံ့ဖွယ်ရာအမှုများသည် သမိုင်းဖြစ်ရပ်မှန်များပင်တည်း။
၁၄ မေရှိယအဖြစ်ယေရှုကို ဘုရားသခင်ထောက်ခံပေးခြင်းသည် ထိုထက်တာသွားပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ယေရှု၏မေရှိယအဖြစ်ကိုထင်ရှားစေခြင်းကို မှတ်တမ်းတင်ရန်၊ ရာဇဝင်တစ်လျှောက် အများဆုံးဘာသာပြန်ဆိုထား၍ အနှံ့အပြားဆုံးဝေငှထားသည့်စာအုပ်အဝင်ဖြစ်စေရန် ဘုရားသခင်စီရင်တော်မူခဲ့သည်။
ဂျူးများသည် ယေရှုကိုအဘယ်ကြောင့်လက်မခံသနည်း
၁၅။ (က) ယေရှုအား မေရှိယအဖြစ် ထောက်ခံပေးချက်များ မည်မျှရှိသနည်း။ (ခ) ယေရှုအား မေရှိယအဖြစ် ဂျူးအများလက်မခံနိုင်ခြင်းက အဘယ်မျှော်လင့်ချက်များကြောင့်ဖြစ်သနည်း။
၁၅ သို့ဖြစ်၍ ဤသာဓကသုံးမျိုးသုံးစားစလုံးတွင် ယေရှုသည် မေရှိယဖြစ်ကြောင်းသတ်မှတ်သည့် ဖြစ်ရပ်မှန် ရာချီပါဝင်သည်။ မလုံလောက်သေးပါသလော။ ယာဉ်မောင်းလိုင်စင် သို့မဟုတ် အကြွေးဝယ်ကတ်ပြားကိုလျှောက်ကြစဉ် အထောက်အထားသုံးခုသည် မလုံလောက်၊ ရာချီ၍ယူလာရမည်ဟုပြောခံရသည်ဆိုပါစို့။ တရားလွန်လှသည်တကား။ ဤသို့ဆိုလျှင် ယေရှုသည် သမ္မာကျမ်းစာတွင် အတိုင်းထက်အလွန် ထောက်ခံချက်ရရှိထားပြီဖြစ်သည်။ သို့ဖြစ်လျက်ပင် ယေရှု၏လူမျိုးကိုယ်နှိုက်က ကိုယ်တော်သည်မေရှိယဖြစ်သည်ဟူသောသာဓကများကို အဘယ်ကြောင့်ငြင်းပယ်ကြရသနည်း။ အကြောင်းမူကား၊ စစ်မှန်သောယုံကြည်ခြင်းအတွက် သက်သေသာဓကသည် အလွန်အရေးကြီးသည်မှန်သော်လည်း ယုံကြည်ခြင်းရှိရန် အာမခံချက်မဟုတ်ပါ။ ဝမ်းနည်းစရာကား၊ အထောက်အထားအတိုင်းထက်အလွန်ရှိသော်လည်း များစွာသောသူတို့သည် သူတို့ယုံကြည်လိုသည့်အရာကိုသာ ယုံကြည်လက်ခံလိုကြသည်။ မေရှိယနှင့်ပတ်သက်လာလျှင် ဂျူးအများစုသည် သူတို့ကြိုက်နှစ်သက်ရာ အတိအကျရှိကြပါသည်။ သူတို့သည် ရောမမင်း၏ဖိစီးမှုကို အဆုံးတိုင်စေ၍ ဣသရေလနိုင်ငံကို ရှောလမုန်ခေတ်ကကဲ့သို့ စည်းစိမ်ကြွယ်ဝသောအခြေအနေပြန်ပေးနိုင်မည့် နိုင်ငံရေးဆိုင်ရာမေရှိယကိုလိုလားကြသည်။ သို့ဖြစ်၍ ဤဆင်းရဲသားလက်သမားသား၊ နိုင်ငံရေးကိုလည်းကောင်း၊ စည်းစိမ်ဥစ္စာကိုလည်းကောင်း စိတ်ဝင်စားပုံမရှိသောနာဇရက်မြို့သားကို မည်သို့လက်ခံနိုင်ကြမည်နည်း။ အထူးသဖြင့်နှက်တိုင်ပေါ် အရှက်တကွဲအကျိုးနည်း ဆင်းရဲခံ၍သေဆုံးခဲ့သောသူသည် မေရှိယမည်သို့ဖြစ်နိုင်မည်နည်း။
၁၆။ မေရှိယနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင်၏မျှော်လင့်ချက်များကို ယေရှု၏နောက်လိုက်များ အဘယ်ကြောင့်ပြုပြင်ပြောင်းလဲရန်လိုသနည်း။
၁၆ ယေရှု၏တပည့်တော်များကိုယ်နှိုက်ပင် ကိုယ်တော်သေဆုံးသွားသည့်အတွက် စိတ်ပျက်ပြားခဲ့ကြသည်။ ဘုန်းထင်ရှားစွာဖြင့်ရှင်ပြန်ထမြောက်လာပြီးနောက် ချက်ခြင်းလက်ငင်းပင် ‘ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေး’ ရန်မျှော်လင့်ခဲ့ပုံရှိသည်။ (တမန်တော် ၁:၆) သို့သော်ဤမျှော်လင့်ချက်မပြည့်စုံသည့်အတွက် ယေရှုသည် မေရှိယမဖြစ်နိုင်ဟူ၍ သူတို့ ကိုယ်တော်အားမငြင်းပယ်ခဲ့ပါ။ လက်ရှိသာဓကများစွာပေါ်အခြေပြုကာ ကိုယ်တော်ကိုဆက်ယုံကြည်ကြရာ တဖြည်းဖြည်းတိုးသိနားလည်လာကြသည့်အတွက် လျှို့ဝှက်နက်နဲရာများသည် ရှင်းလင်းလာလေသည်။ ဤကမ္ဘာပေါ်လူအဖြစ်တစ်ခဏတာတည်ရှိစဉ်အချိန်အတွင်း မိမိနှင့်ပတ်သက်သောပရောဖက်ပြုချက်အားလုံးကို မေရှိယသည် မပြည့်စုံစေနိုင်ကြောင်း သူတို့သဘောပေါက်လာကြသည်။ စဉ်းစားကြည့်ပါလေ။ ပရောဖက်ပြုချက်တစ်ခုက ကိုယ်တော်သည် လူသားအဖြစ်မြည်းငယ်ကလေးကိုသာစီး၍လာမည်ဟုဆို၍ အခြားတစ်ခုတွင်မူ တိမ်များကိုစီး၍ဘုန်းအာနုဘော်တော်နှင့် ကြွရောက်လာမည်ဟုဆိုပြန်သည်။ နှစ်ခုစလုံး မည်သို့မှန်ကန်မည်နည်း။ ဒုတိယအကြိမ်လာရန် လိုပေမည်။—ဇာခရိ ၉:၉။ ဒံယေလ ၇:၁၃။
မေရှိယ အဘယ်ကြောင့်သေရကြောင်း
၁၇။ မေရှိယအသက်သေရမည်အကြောင်း ဒံယေလ၏ပရောဖက်ပြုချက်က မည်သို့ရှင်းပြသနည်း။ အဘယ်အကြောင်းကြောင့် သေရမည်နည်း။
၁၇ ထို့အပြင်၊ မေရှိယနှင့်ဆိုင်သည့်ပရောဖက်ပြုချက်များအရ မေရှိယသည် အသက်သေဆုံးရမည်ဖြစ်သည်။ ဥပမာ၊ မေရှိယကြွရောက်မည့်အချိန်ကိုကြိုတင်ဟောထားသည့်ပရောဖက်ပြုချက်ပင်လျှင် နောက်အခန်းငယ်တစ်ခုတွင် ဤသို့ကြိုတင်ဟောထားသည်။ “[ခုနစ်သီတင်းပြီးနောက်] ထိုသီတင်းခြောက်ဆယ်နှစ်သီတင်းလွန်ပြီးမှ ခရစ်တော်သည် . . . အသေသတ်ခြင်းကိုခံရလိမ့်မည်။” (ဒံယေလ ၉:၂၆) ဤတွင် “အသေသတ်ခြင်း” အတွက်အသုံးပြုထားသည့် ဟေဗြဲစကားလုံးကရပ်သ်သည် မောရှေ၏ပညတ်အောက်သေဒဏ်စီရင်ခြင်းအတွက်အသုံးပြုသောစကားပင်ဖြစ်သည်။ မေရှိယသေရမည်မှာ ယုံမှားဖွယ်မရှိချေ။ အဘယ်ကြောင့်နည်း။ အငယ် ၂၄ (သမ) ကဤသို့ဖြေဆိုပါသည်။ “အပြစ်ကိုတံဆိပ်ခတ်ပိတ်လျက်၊ ဒုစရိုက်ဖြေရှင်းခြင်းငှာလည်းကောင်း၊ ထာဝရဖြောင့်မတ်ခြင်းကိုသွင်း . . . ခြင်းငှာလည်းကောင်း” ဖြစ်သည်။ သေခြင်းယဇ်ပူဇော်သက္ကာသာ ဒုစရိုက်ကိုဖြေရှင်းပေးနိုင်ကြောင်း ဂျူးများကောင်းစွာသိထားကြသည်။—ဝတ်ပြုရာ ၁၇:၁၁။ ဟေဗြဲ ၉:၂၂ နှိုင်းယှဉ်။
၁၈။ (က) မေရှိယသည် ဆင်းရဲခံ၍သေရမည်ဟု ဟေရှာယ အခန်းကြီး ၅၃ ကမည်သို့ဖော်ပြသနည်း။ (ခ) ဤပရောဖက်ပြုချက်သည် အဘယ်မဖြစ်နိုင်ဟန်ရှိသော်လည်း မှန်သည့်အဆိုကိုပေါ်လွင်စေသနည်း။
၁၈ မေရှိယသည် သူတစ်ပါး၏အပြစ်များကိုဖြေရှင်းပေးခြင်းငှာ ဆင်းရဲခံ၍သေဆုံးရမည့် ယေဟောဝါ၏အထူးကျေးကျွန်ဖြစ်ကြောင်း ဟေရှာယ အခန်းကြီး ၅၃ ကဖော်ပြထားသည်။ အငယ် ၅ ကဤသို့ဆိုသည်။ “ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။” ဤမေရှိယသည် “အပြစ်ဖြေသောယဇ်” အဖြစ်သေရမည်ဟုပြောပြီးနောက်တွင်ပင် ဤသူသည် “အသက်တော်လည်းရှည်လိမ့်မည်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏အကြံတော်သည်လည်း သူ၏လက်၌ပြည့်စုံခြင်းသို့ရောက်လိမ့်မည်” ဟု ဤပရောဖက်ပြုချက်ကဖော်ပြပါသည်။ (အငယ် ၁၀) ယင်းကား မဖြစ်နိုင်ဟန်ရှိသော်လည်း မှန်သောအဆိုမဟုတ်သလော။ မေရှိယသေလျက်ပင် ထိုနောက် အဘယ်နည်းဖြင့် “အသက်တော်ရှည်မည်” နည်း။ ယဇ်ပူဇော်သက္ကာအဖြစ် ဆက်ကပ်ခံရပြီးနောက်တွင်ပင် မည်ကဲ့သို့ ‘ယေဟောဝါ၏အကြံတော်ကို သူ၏လက်၌ပြည့်စုံ’ စေနိုင်မည်နည်း။ အသတ်ခံရ၍ဆက်သေနေမည်ဆိုလျှင် မေရှိယနှင့်ပတ်သက်သော အရေးအကြီးဆုံးပရောဖက်ပြုချက်များဖြစ်သည့် ရှင်ဘုရင်အဖြစ်စိုးစံကာ ကမ္ဘာတစ်ဝန်းငြိမ်းချမ်းသာယာစေမည်အကြောင်းကို မည်သို့ပြည့်စုံစေမည်နည်း။—ဟေရှာယ ၉:၆၊ ၇။
၁၉။ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းက မေရှိယနှင့်ပတ်သက်သည့် ဆန့်ကျင်ဟန်ရှိသောပရောဖက်ပြုချက်များကို မည်သို့ဖြေရှင်းပေးသနည်း။
၁၉ ဤမဖြစ်နိုင်ဟန်ရှိလျက် မှန်ကန်သောအဆိုသည် ထူးခြားသောအံ့ဖွယ်ရာအဖြစ်အပျက်တစ်ခုအားဖြင့် ဖြေရှင်းပေးနိုင်ခဲ့သည်။ ယေရှု ရှင်ပြန်ထမြောက်ခဲ့သည်။ စိတ်နှလုံးရိုးသားသူဂျူး ရာနှင့်ချီ၍ ဤဘုန်းထင်ရှားသောဖြစ်ရပ်မှန်၏ မျက်မြင်ကိုယ်တွေ့သူများဖြစ်ခဲ့သည်။ (၁ ကောရိန္သု ၁၅:၆) တမန်တော်ပေါလုက နောင်တွင် ဤသို့ရေးသားခဲ့သည်။ “ထိုသခင် [ယေရှုခရစ်] မူကား အပြစ်ကိုဖြေခြင်းငှာ ယဇ်တစ်ခုတည်းကိုပူဇော်ပြီးမှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်၍ မိမိရန်သူတို့ကို မိမိခြေတင်ရာမချမထားမီတိုင်အောင် မျှော်လင့်လျက်နေတော်မူ၏။” (ဟေဗြဲ ၁၀:၁၀၊ ၁၂၊ ၁၃) မှန်ပေသည်။ ကောင်းကင်အသက်တာသို့ ယေရှုရှင်ပြန်ထမြောက်ပြီး “မျှော်လင့်လျက်နေတော်မူ” ရသည့်တစ်ကာလပြီးမှ ရှင်ဘုရင်အဖြစ်ကိုရပြီးသည့်နောက် ခမည်းတော်ယေဟောဝါ၏ရန်သူများကို ချေမှုန်းမည်ဖြစ်သည်။ ကောင်းကင်မှအစိုးရသောဘုရင်အရာ၌ မေရှိယယေရှုသည် ယခုအသက်ရှင်သမျှသူတို့၏ဘဝအသက်တာကို အကျိုးသက်ရောက်စေမည်ဖြစ်သည်။ အဘယ်နည်းဖြင့်နည်း။ ယင်းကို နောက်ဆောင်းပါးတွင် ဆက်သုံးသပ်ကြမည်။
[အောက်ခြေမှတ်ချက်များ]
a လုကာ ၃:၂၃ က “ယောသပ်အဘဧလိ” ဟုဆိုသောအခါ ဧလိသည် မာရိ၏မွေးဖခင်ဖြစ်သောကြောင့် “သားမက်” သဘောမျိုးဖြင့် သားတော်စပ်ကြောင်းထင်ရှားပါသည်။—Insight on the Scriptures, Volume 1, pages 913-17.
b ဂျူးသမိုင်းဆရာဂျိုစီဖပ်စ်သည် မိမိ၏မျိုးရိုးကိုဖော်ပြရာတွင် စီအီး ၇၀ မတိုင်မီက ဤကဲ့သို့သောမှတ်တမ်းများရှိခဲ့ကြောင်း သိရှိစေသည်။ ယင်းမှတ်တမ်းများသည် ယေရုရှလင်မြို့တော်နှင့်အတူ ပျက်စီးသွားခဲ့ပုံရှိသည့်အတွက် နောက်ပိုင်းတွင် မေရှိယအဖြစ်ကိုခံယူသည်ဟုအဆိုပြုချက်များအတွက် သက်သေအထောက်အထား လုံးဝမရှိစေပါ။
c Insight on the Scriptures, Volume 2, page 387 ရှု။
d အာတဇေရဇ်နန်းစံပထမနှစ်သည် ဘီစီအီး ၄၇၄ ဖြစ်ကြောင်း ရှေးဂရိ၊ ဗာဗုလုန် နှင့် ပါရှန်မှတ်တမ်းများက အခိုင်အလုံသက်သေထူသည်။ Insight on the Scriptures, Volume 2, pages 614-16, 900 ရှု။
e ဤသို့သောပရောဖက်ပြုချက်တစ်ခုတွင် ကိုယ်တော်တိုင်၏ခေတ်မှစ၍ အယောင်ဆောင်မေရှိယများပေါ်လာလိမ့်မည်ဟု ကြိုတင်ဟောပြောထားသည်။ (မဿဲ ၂၄:၂၃-၂၆) ရှေ့ဆောင်းပါးကိုရှု။
သင်မည်သို့ဖြေဆိုမည်နည်း
▫ ယေရှုသည် ကတိထားတော်မူရာမေရှိယဖြစ်မဖြစ် သာဓကများကို အဘယ်ကြောင့်သုံးသပ်ကြည့်သင့်သနည်း။
▫ ယေရှု၏မျိုးရိုးက ကိုယ်တော်၏မေရှိယအဖြစ်ကိုမည်သို့ထောက်ခံသနည်း။
▫ ယေရှုသည် မေရှိယဖြစ်ကြောင်း ကျမ်းစာပရောဖက်ပြုချက်များက မည်သို့သက်သေထူသနည်း။
▫ ယေရှုသည် မေရှိယဖြစ်ကြောင်းကို ယေဟောဝါကိုယ်တော်တိုင် အဘယ်နည်းများဖြင့် ထောက်ခံပါသနည်း။
▫ ယေရှုအား မေရှိယအဖြစ် ဂျူးများစွာ အဘယ်ကြောင့်လက်မခံကြသနည်း။ ယင်းအကြောင်းပြချက်များသည် အဘယ်ကြောင့် ယုတ္တိမရှိသနည်း။
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ယေရှု၏အံ့ဖွယ်ရာတစ်ခုစီတို့သည် ကိုယ်တော်၏မေရှိယအဖြစ်ကို ထပ်ဆင့်ထောက်ခံပါသည်