အကြီးအကဲတို့—သူတစ်ပါးအား နူးညံ့သိမ်မွေ့သည့်သဘောဖြင့် ပြန်လည်တည့်မတ်စေလော့
ခရစ်ယာန်စစ်တစ်ဦး၏နှလုံးကို အသီးများစွာထွက်သော ဝိညာဏသစ်သီးခြံတစ်ခုနှင့် နှိုင်းယှဉ်နိုင်ပါသည်။ ထိုတွင် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်းနှင့်ချုပ်တည်းခြင်းတို့ ပုံမှန်ကြီးထွားဖွံ့ဖြိုးနေမည်။ ထိုသို့ မဖြစ်စရာအကြောင်းလည်း မရှိပါ။ အကြောင်းမူကား၊ ယင်းတို့သည် ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်များအား ကိုယ်တော်ပေးသနားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်အသီးများဖြစ်ကြပါသည်။ (ဂလာတိ ၅:၂၂၊ ၂၃) မည်သို့ဆိုစေကာမူ၊ မိမိ၏နှလုံးသား ဥယျာဉ်ခြံကို ကောင်းကင်ခမည်းတော်နှစ်သက်ဖွယ်ရာအရပ်ဖြစ်စေရန် ခရစ်ယာန်တိုင်းသည် မွေးရာပါအပြစ်တရားပေါင်းပင်များကို အစဉ်အမြဲအားသွန်ခွန်စိုက် တိုက်လှန်နေကြရမည်။—ရောမ ၅:၅၊ ၁၂။
ရံဖန်ရံခါ ဘုရားဝတ်၌မွေ့လျော်သူ၏ မစုံလင်သောနှလုံးသားတွင် မနှစ်လိုဖွယ်အရာတစ်စုံတစ်ခု စတင်ကြီးထွားလာတတ်သည်။ ထိုသူ၏ဝိညာဉ်ရေးမှတ်တမ်း အလွန်ကောင်းခဲ့ပေမည်။ သို့သော်မကောင်းသောအပေါင်းအသင်း၊ သို့မဟုတ် ပညာမပါသောဆုံးဖြတ်ချက်တစ်ခုမှ စတင်ဖြစ်ပေါ်လာတတ်သည့်ပြဿနာတစ်ခုခု ပေါ်ပေါက်လာပေမည်။ ဤကဲ့သို့သောသူကို အသင်းတော်အကြီးအကဲများ ဝိညာဉ်ရေးအရမည်သို့ကူညီပေးနိုင်မည်နည်း။
တမန်တော်များထံမှရသော ဆုံးမသြဝါဒ
လမ်းမှားခဲ့သောခရစ်ယာန်တစ်ဦးအားကူညီပေးရာတွင် အကြီးအကဲများသည် တမန်တော်ပေါလု၏သြဝါဒကို လိုက်နာရန်လိုပါသည်။ “ညီအစ်ကိုတို့၊ လူသည် သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင် ဝိညာဉ်ဆုကျေးဇူးကိုခံရသောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့်ကိုယ်တိုင်လွတ်မည်အကြောင်း ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍ သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့။” (ဂလာတိ ၆:၁) ယုံကြည်သူချင်းတစ်ဦးသည် “သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင်” စောနိုင်သ၍စောစီးစွာ အလျင်အမြန်အကူအညီပေးရန် အကြီးအကဲများ၌ တာဝန်ရှိပါသည်။
ပေါလုက တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိသော “လူ” ဟူ၍ဆိုရာတွင် ဂရိစကားလုံး (အဲန်သရိုပေါ့စ်) အရအမျိုးသား၊ သို့မဟုတ် အမျိုးသမီးကိုပါ ဆိုလိုသည်။ “သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့” ဟုဆိုရာတွင် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဤဂရိဝေါဟာရ (ကာတာတီဇို) က “တည့်မတ်ညီညာစေခြင်း” အဓိပ္ပာယ်ရှိသည်။ ပိုက်ကွန်များကိုဖာထေးပြုပြင်ရာတွင် ဤစကားလုံးကိုပင်အသုံးပြုထားသည်။ (မဿဲ ၄:၂၁) တစ်စုံတစ်ယောက်၏ကျိုးနေသောခြေလက်ကို ပြန်ဆက်ပေးခြင်းနှင့်လည်းသက်ဆိုင်ပါသည်။ မလိုအပ်ဘဲနှင့် လူနာအား အနာခံရခြင်းကိုရှောင်ရှားနိုင်ရန် ဆရာဝန်သည် အရိုးကိုအသေအချာဆက်ပါလိမ့်မည်။ ထိုနည်းတူစွာ ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ဦး ဝိညာဉ်ရေးဘက် ပြန်တည့်မတ်လာစေရန် ကူညီပေးရာတွင် ဂရုတစိုက်လိမ္မာပါးနပ်မှုသုံးကာ သက်ညှာကြင်နာစွာကူညီပေးမည်။
သူ၏နေရာ၌တည်မြဲတည်စေပြန်စေခြင်းငှာ ကြိုးစားအားထုတ်ရာတွင် အကြီးအကဲသည် နူးညံ့သိမ်မွေ့သောသဘောကိုထင်ရှားပြခြင်းအားဖြင့် မိမိ၏ဝိညာဉ်ရေးအခြေအနေကို ဖော်ပြပါသည်။ ဤကဲ့သို့သောကိစ္စများကို နူးညံ့သိမ်မွေ့သောသူယေရှုကိုင်တွယ်သည့်အခါ နူးညံ့သိမ်မွေ့လိမ့်မည်ကားအမှန်။ (မဿဲ ၁၁:၂၉) အကြီးအကဲများကိုယ်တိုင်မရည်ရွယ်ဘဲနှင့် ပြစ်မှားနိုင်သည့်အခြေအနေတွင်ရှိကြသောကြောင့် ခြေချော်လမ်းလွဲနေသော ယေဟောဝါ၏ကျေးကျွန်တစ်ဦးအား ဤအရည်အချင်းကိုပြသင့်ပါသည်။ အကြီးအကဲ၏အတိတ်ဘဝတွင် ခြေချော်လမ်းလွဲမှု မဖြစ်ခဲ့သည်တိုင် အနာဂတ်တွင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ဝိညာဉ်ရေးအရအရည်အချင်းပြည့်သော ဤညီအစ်ကိုများသည် မေတ္တာရှိစွာဖြင့် ဝတ်ပြုသူချင်းတို့၏ ‘ထမ်းရွက်စရာဝန်များကိုကူထမ်း’ သင့်သည်။ စာတန်ကိုသော်လည်းကောင်း၊ သွေးဆောင်မှုများ၊ သွေးသား၏အားနည်းမှုများ၊ အပြစ်တရား၏တိုက်ခိုက်မှုများကို ခုခံတိုက်လှန်နိုင်ရန် ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ဦးကို အကြီးအကဲများ ကူညီလိုစိတ်ရှိပါသည်။ ဤမည်ကား ခရစ်ယာန်အကြီးအကဲများအနေနှင့် “ခရစ်တော်၏တရားကိုကျင့်” သည့်နည်းတစ်နည်းအမှန်ဖြစ်သည်။—ဂလာတိ ၆:၂။
ဝိညာဏအရည်အချင်းများ အမှန်တကယ်ရှိအမျိုးသားများသည် နှိမ့်ချမှုရှိ၍ “ဘာမျှမဟုတ်ဘဲလျက် ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင် ထိုသူသည် ကိုယ်ကိုလှည့်ဖြားသောသူဖြစ်” ကြောင်းအသိအမှတ်ပြုပါသည်။ (ဂလာတိ ၆:၃) အကြီးအကဲများသည် နည်းမှန်လမ်းကျ မည်မျှပင်ကြိုးစားကူညီပေးစေကာမူ စုံလင်၍ချစ်သနားခြင်းကရုဏာ အပြည့်အဝရှိသောဘုရားသခင်၏သားတော် ယေရှုခရစ်ကို မီနိုင်မည်မဟုတ်ပါ။ သို့သော်ယင်းကြောင့် သူတို့အတတ်နိုင်ဆုံး မကြိုးစားဘဲမနေသင့်ပါ။
ယုံကြည်သူချင်းတစ်ဦးအား မောက်မာထောင်လွှားစွာဖြင့် သင့်ထက်ငါဖြောင့်မတ်သည်သဘောမျိုးထားကာ အကြီးအကဲများသည် ပြစ်တင်ပြောဆိုရန်မသင့်ကြောင်း သိရှိကြပါသည်။ ထိုသို့ယေရှုအဘယ်နည်းဖြင့်မျှ ပြုတော်မူမည်မဟုတ်ပါ။ ကိုယ်တော်သည် မိမိ၏မိတ်ဆွေများအတွက်သာမက ရန်သူများအတွက်ပင် အသက်ကိုစွန့်တော်မူခဲ့သည် မဟုတ်လော။ ထိုကြောင့် အကြီးအကဲများသည် အခက်အခဲဒုက္ခတွင်းမှ ညီအစ်ကိုများ၊ သို့မဟုတ် ညီအစ်မများကိုဆွဲထုတ်ကူညီပေးပြီး ကောင်းကင်ခမည်းတော်နှင့် သူတို့အား ပိုရင်းနှီးလာစေ၍ ကိုယ်တော်၏ဖြောင့်မတ်သောစံချိန်များနှင့်အညီ ကျင့်ကြံပြုမူစေရာတွင် ထပ်တူမေတ္တာမျိုးကို ကြိုးစားတင်ပြကြပါမည်။ ဝတ်ပြုသူချင်းတို့အား သူ၏နေရာ၌တည်မြဲတည်စေပြန်စေခြင်းငှာ ကူညီပေးနိုင်သောခြေလှမ်း အချို့ကား အဘယ်နည်း။
ကူညီရိုင်းပင်းမှုပေးသော ခြေလှမ်းအချို့
နူးညံ့သိမ်မွေ့သောနည်းဖြင့် ပြောဆိုကျင့်ကြံစဉ် ယေဟောဝါကို ဆုပတ္ထနာပြုကာ အားထားမှီခိုပါ။ ယေရှုသည် နူးညံ့သိမ်မွေ့သောသဘောရှိပြီး၊ ကောင်းကင်ခမည်းတော်ထံ စိတ်အားထက်သန်စွာဆုတောင်း၍ လမ်းပြညွှန်ကြားမှုကို တောင်းဆိုခဲ့သည့်ပြင် ကိုယ်တော်နှစ်သက်ရာတို့ကိုသာ အမြဲပြုလုပ်ဆောင်ရွက်ခဲ့သည်။ (မဿဲ ၂၁:၅။ ယောဟန် ၈:၂၉) တစ်နည်းတစ်ဖုံခြေချော်နေသောသူအား သူ၏နေရာ၌တည်မြဲတည်စေပြန်ဖို့ အကြီးအကဲများကြိုးစားအားထုတ်သည့်အခါ ထပ်တူပင်ပြုလုပ်သင့်သည်။ နူးညံ့သိမ်မွေ့သောလက်ထောက်သိုးထိန်းတစ်ဦးအနေနှင့် အကြီးအကဲသည် ခြိမ်းခြောက်ပြောဆိုမည့်အစား အားပေးတည်ဆောက်ပါလိမ့်မည်။ ဆွေးနွေးပြောဆိုကြရာတွင် အကူအညီလိုအပ်နေသောခရစ်ယာန်သည် သူ၏စိတ်သဘောအကြံအစည်များကို ဖော်ပြပြောဆိုနိုင်ရန် သက်သောင့်သက်သာအနေအထားမျိုးရှိရန် အတတ်နိုင်ဆုံးကြိုးစားပေးမည်။ ထိုသို့ဖြစ်စေခြင်းငှာ အဖွင့်တွင်လှိုက်လှဲစွာဆုတောင်းခြင်းသည် များစွာအထောက်အကူပြုမည်။ ဆုံးမသြဝါဒပေးသူသည် ယေရှုနည်းတူပင် ဘုရားသခင်ကြိုက်နှစ်သက်ရာကို ပြုလိုစိတ်ရှိကြောင်း နူးညံ့သိမ်မွေ့စွာဆုံးမခံရသူသိမည်ဆိုလျှင် လွယ်ကူစွာရင်ဖွင့်ပါလိမ့်မည်။ အဆုံးတွင်ဆုတောင်းပေးခြင်းဖြင့် ဤမျှမေတ္တာရှိရှိ၊ နူးညံ့သိမ်မွေ့စွာပေးခဲ့သော ဆုံးမစကားများကို သူလိုက်နာကျင့်သုံးရန်လိုကြောင်း သဘောပေါက်စေပါလိမ့်မည်။
ဆုတောင်းပြီးနောက် စိတ်ရင်းမှန်နှင့်ချီးမွမ်းအားပေးပါ။ ထိုသူ၏ကောင်းမွန်သောအရည်အချင်းဖြစ်သည့် သနားကြင်နာခြင်း၊ အားကိုးနိုင်ခြင်း သို့မဟုတ် ဝီရိယရှိခြင်းနှင့်စပ်ဆိုင်ပေမည်။ ယေဟောဝါအမှုတော်ကို နှစ်ချီလများဆောင်ရွက်ခဲ့ဖူးကောင်းဆောင်ရွက်ခဲ့ဖူးသည့် သူ၏သစ္စာရှိမှတ်တမ်းကို ဖော်ညွှန်းပြောဆိုနိုင်ပေမည်။ ဤနည်းဖြင့် သူ့အကျိုးကိုလိုလားကြောင်းနှင့် ခရစ်တော်ကဲ့သို့ပင် သူ့အားလေးမြတ်ကြောင်း တင်ပြပါလိမ့်မည်။ သွာတိရအသင်းတော်ထံ ယေရှုသတင်းပို့သည့်အခါ ဤသို့ချီးမွမ်းစကားဖြင့် စတင်ခဲ့ပါသည်။ “သင်၏အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်းကိုလည်းကောင်း နောက်ကျင့်သောအကျင့်တို့သည် အရင်ကျင့်သောအကျင့်ထက်သာ၍များကြောင်းကိုလည်းကောင်း ငါသိ၏။” (ဗျာဒိတ် ၂:၁၉) ထိုစကားများအားဖြင့် မိမိတို့ပြုလုပ်နေသော ကောင်းမွန်သောလုပ်ငန်းကို ယေရှုသိရှိတော်မူကြောင်း အသင်းတော်သားများအား စိတ်ချစေသည်။ ထိုအသင်းတော်၌ ချွတ်ချော်မှုများဖြစ်သည့် “ယေဇဗေလ” ဩဇာလွှမ်းမိုးမှုကို ခွင့်ပြုနေသည့်အမှားရှိသော်လည်း အခြားနည်းလမ်းများတွင် ကောင်းစွာပြုမူနေသည်ဖြစ်၍ သူတို့၏ဇွဲလုံ့လကို သတိပြုမိကြောင်း ထိုညီအစ်ကိုညီအစ်မများအား ယေရှုသိစေလိုခဲ့သည်။ (ဗျာဒိတ် ၂:၂၀) ဤနည်းအတိုင်းပင် ချီးမွမ်းစကားပြောဆိုပေးသင့်သည့်အခါ အကြီးအကဲများ ချီးမွမ်းပေးသင့်သည်။
မှားယွင်းသောခြေလှမ်းတစ်ခုကို အခြေအနေတောင်းဆိုသည်ထက် ရေးကြီးခွင့်ကျယ် မပြုလုပ်ပါနှင့်။ အကြီးအကဲများသည်ဘုရားသခင့်သိုးတော်စုကိုကာကွယ်ပေးပြီး အဖွဲ့အစည်းကို သန့်ရှင်းစေရမည်။ သို့သော်ကြပ်မတ်ဆုံးမပေးစရာလိုသည့် ဝိညာဉ်ရေးဘက်ခြေချော်လမ်းလွဲမှုအချို့ကို တရားရေးအဖွဲ့ရှေ့ ဆွေးနွေးစရာမလိုဘဲ အကြီးအကဲတစ်ဦးနှစ်ဦး ချင့်ချိန်ကိုင်တွယ်ပေးနိုင်ပေမည်။ များသောအားဖြင့်ဆိုလျှင် တမင်တကာဆိုးမိုက်လို၍မဟုတ်ဘဲ သွေးသားအားနည်းမှုကြောင့် ခရစ်ယာန်တစ်ဦး ခြေလှမ်းမှားခဲ့ခြင်းဖြစ်မည်။ အကြီးအကဲများသည် သိုးတော်စုကို ကြင်နာစွာဆက်ဆံသင့်သည်။ ဤသြဝါဒကိုလည်း စွဲမှတ်ထားသင့်သည်။ “ကရုဏာမရှိသောသူသည် ကရုဏာကိုမရဘဲ တရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။” (ယာကုပ် ၂:၁၃။ တမန်တော် ၂၀:၂၈-၃၀) ထိုကြောင့်ကိစ္စတစ်ခုကို ရေးကြီးခွင့်ကျယ်လုပ်မည့်အစား နောင်တယူဝမ်းနည်းသော ဝတ်ပြုသူချင်းတို့နှင့် ကျွန်ုပ်တို့၏ကရုဏာသက်ဝင်၍ သနားကြင်နာတတ်သောဘုရားသခင် ယေဟောဝါရှင်နည်းတူ နူးညံ့သောသဘောနှင့် ဆက်ဆံသင့်သည်။—ဧဖက် ၄:၃၂။
မှားယွင်းသောခြေလှမ်းသို့ တွန်းပို့ပေးခဲ့ပုံရှိသောအချက်အလက်များကို သဘောပေါက်နားလည်မှုရှိကြောင်း တင်ပြပါ။ ဝတ်ပြုသူချင်းသည် ရင်ဖွင့်ပြောဆိုရာတွင် အကြီးအကဲများ ဂရုစိုက်နားထောင်သင့်သည်။ ‘ဘုရားသခင်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်’ သည်နည်းတူ ကျွန်ုပ်တို့လည်းထိုသို့ပြုသင့်သည်။ (ဆာလံ ၅၁:၁၇) ပြဿနာအရင်းခံမှာ အိမ်ထောင်ဖက်သူ၏ စိတ်ဓာတ်ရေးဘက် အထောက်အကူမရရှိခြင်းဖြစ်ပေမည်။ ကြာမြင့်စွာစိတ်ဓာတ်ကျဆင်းမှုကို အပြင်းအထန်ခံခဲ့ရသည့်အတွက် သူ၏သာမန်ကြံ့ခိုင်သောစိတ်ပိုင်းခွန်အားကို တိုက်စားခံခဲ့ရမည်။ သို့မဟုတ် ယင်းကြောင့်ပညာရှိရှိဆုံးဖြတ်ပေးတတ်ရန် ခဲယဉ်းလာပေမည်။ မေတ္တာရှိသောအကြီးအကဲများသည် ဤအချက်အလက်များကို ထည့်စဉ်းစားပေးမည်။ အကြောင်းမူကား၊ “လေလွင့်သူတို့ကို ပဲ့ပြင်” ပါဟု ညီအစ်ကိုမျာအား ပေါလုတိုက်တွန်းသည်မှန်သော်လည်း “စိတ်လျော့သူတို့ကို တိုက်တွန်းခြင်း၊ အားနည်းသူတို့ကို ထောက်မခြင်း၊ သူခပ်သိမ်းတို့အား စိတ်ရှည်ခြင်းများကိုပြုကြ” ရန်ကိုလည်း ပြောဆိုသေးသည်။ (၁ သက်သာလောနိတ် ၅:၁၄၊ သမ) အကြီးအကဲများသည် ဘုရားသခင့်ဖြောင့်မတ်သောစံချိန်များကို ယုတ်လျော့သွားစေရမည် မဟုတ်သည်မှန်သော်လည်း ဘုရားသခင်ကိုယ်တော်တိုင် ပြုတော်မူသကဲ့သို့ပင် အားပျော့စေသောအချက်အလက်များကို ထည့်တွက်သင့်သည်။—ဆာလံ ၁၀၃:၁၀-၁၄၊ ၁၃၀:၃။
ခရစ်ယာန်ချင်း၏သိက္ခာကိုမချမိရန် ဂရုစိုက်ပါ။ အဘယ်ညီအစ်ကို၊ ညီအစ်မ၏သိက္ခာကို ဘယ်သောအခါမျှမချသင့်ပါ။ သူသည် အသုံးမကျသူဖြစ်၏ဟူသောအမြင်မျိုး မရှိစေလိုပါ။ ထိုသူ၌ ခရစ်ယာန်အရည်အသွေးများရှိကြောင်း၊ ဘုရားသခင်အပေါ်မေတ္တာထားကြောင်း ကျွန်ုပ်တို့စိတ်ချယုံကြည်သည်ကိုဖော်ပြခြင်းအားဖြင့် အမှားအယွင်းကိုပြုပြင်ပေးရန် အားပေးမှုပင်ဖြစ်စေလိမ့်မည်။ ကောရိန္သုအသင်းသားများ၏ “ပေးလှူရန်အသင့်ရှိခြင်း” နှင့် “စိတ်စေတနာထက်သန်ခြင်း” အကြောင်း အခြားသူများအားပေါလုဝါကြွားခဲ့ခြင်းကို သူတို့အားပြောပြသည့်အခါ ထိုသူတို့သည် ရက်ရောဖို့အားပေးတိုက်တွန်းခံခဲ့ရမည်အမှန်။—၂ ကောရိန္သု ၉:၁-၃၊ သတ။
ယေဟောဝါကိုအားထားခြင်းအားဖြင့် ပြဿနာကိုဖြေရှင်းနိုင်ကြောင်း တင်ပြပါ။ မှန်ပေသည်။ ဘုရားသခင်ကိုအားထားမည်၊ ကိုယ်တော့်နှုတ်ကပါဌ်တော်ပါ ဩဝါဒကိုလိုက်နာကျင့်သုံးမည်ဆိုလျှင် တည်မြဲတည်စေပြန်ဖို့ လိုအပ်သလိုပြုပြင်နိုင်မည်ဖြစ်ကြောင်း ထိုသူအားသဘောပေါက်စေပါ။ ထိုသို့ဖြစ်စေခြင်းငှာ ကျွန်ုပ်တို့ပြောဆိုလေသမျှသည် ကျမ်းစာနှင့် ကျမ်းစာဆိုင်ရာစာပေများကို အခြေခံရမည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ နှစ်မျိုးနှစ်စားဖြစ်သည်။ (၁) အကူအညီလိုသူအား ယေဟောဝါ၏အမြင်မျိုးရရှိစေပြီး သဘောပေါက်နားလည်စေရန်နှင့် (၂) ဘုရားပေးညွှန်ကြားချက်များကိုလိုက်လျှောက်ရေးဘက်တွင် ထိုသူသည် မည်သို့လျစ်လျူရှုခဲ့ကြောင်း၊ မည်သို့ပျက်ကွက်နေကြောင်း သဘောပေါက်စေရန်ဖြစ်သည်။
ကျမ်းစာဆိုင်ရာသြဝါဒကိုတင်ပြရာတွင် ကြင်နာမှုအသုံးပြုသော်လည်း တစ်ကြိမ်တည်း အတိအလင်းသဘောပေါက်စေမည့်မေးခွန်းများကို အသုံးပြုပါ။ ယင်းသို့ပြုခြင်းသည် နှလုံးကိုထိမိဖို့ရန် အလွန်ထိရောက်ပါသည်။ ယေဟောဝါ၏လူမျိုးတော်သည် မည်သို့လမ်းလွဲနေကြောင်းကို သဘောပေါက်စေရန် ပရောဖက်မာလခိမှတစ်ဆင့် ကိုယ်တော်မေးခွန်းမေးတော်မူခဲ့သည်။ “လူသည် ဘုရားသခင်၏ဥစ္စာတော်ကို လုယူရမည်လော” ဟူ၍မေးပြီး “သင်တို့သည် ငါ့ဥစ္စာကိုလုယူကြပြီ” ဟုဖြေဆိုတော်မူသည်။ (မာလခိ ၃:၈) မောရှေ၏ပညတ္တိကျမ်းအရ ဆယ်ဖို့တစ်ဖို့ကို ဣသရေလလူမျိုးမပေးခြင်းက ယေဟောဝါ၏ဥစ္စာကို လုယူရာကျသည်။ ဤအခြေအနေကိုပြုပြင်ရန် ဘုရားသခင်သည် ကောင်းချီးများသွန်းလောင်းပေးမည်ကို စိတ်ချယုံကြည်စွာဖြင့် စစ်မှန်သောဝတ်ပြုရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ဣသရေလလူမျိုးဖြည့်စွက်ပေးရန်လိုအပ်ပေသည်။ စဉ်းစားတွေးတောစေသော၊ သက်ညှာမှုပါသောမေးခွန်းများမေးခြင်းအားဖြင့် ယနေ့မှန်ကန်ရာကိုပြုခြင်းငှာ ကောင်းကင်ခမည်းတော်ကိုအားထားမှီခိုလျက် ကိုယ်တော်၏စကားကိုနားထောင်ဖို့လိုကြောင်း အကြီးအကဲများသည် အလေးအနက်သဘောပေါက်စေရမည်။ (မာလခိ ၃:၁၀) ဤအချက်ကို နှလုံးထဲစွဲမှတ်ထားလိုက်စေနိုင်လျှင် ‘ဖြောင့်သောလမ်းအတိုင်း’ ညီအစ်ကိုသွားနိုင်ရန်ကူညီပေးရေးအတွက် များစွာတာသွားမည်။—ဟေဗြဲ ၁၂:၁၃။
ဆုံးမသြဝါဒကိုလက်ခံခြင်း၏အကျိုးများကို အလေးအနက်ပေါ်လွင်စေပါ။ ထိရောက်သောသြဝါဒစကား၌ လမ်းမှားဆက်လိုက်ခြင်း၏ဆိုးကျိုးကို ဖော်ပြဆုံးမခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းမှရရှိမည့်အကျိုးကျေးဇူးများအကြောင်း သတိပေးခြင်းပါဝင်သည်။ အခန့်သင့်သတိပေးချက်ကို တင်ပြပြောဆိုပြီးနောက် ဝိညာဉ်ရေးဘက် ငိုက်မြည်းနေသော လောဒိကိအသင်းတော်သားတို့သည် ယခင်လမ်းစဉ်ကိုစွန့်လွှတ်ကာ ဇွဲလုံ့လရှိသောတပည့်များပြန်ဖြစ်ကြမည်ဆိုလျှင် ကိုယ်တော်နှင့်အတူ ကောင်းကင်တွင်အစိုးရခွင့်ပါအပါအဝင် ထူးခြားသောအခွင့်အရေးများကိုရရှိနိုင်မည်အကြောင်း ယေရှုအာမခံတော်မူခဲ့သည်။—ဗျာဒိတ် ၃:၁၄-၂၁။
ဆုံးမစကားအတိုင်း လိုက်နာကျင့်သုံးလုပ်ကိုင်နေမနေကို စိတ်ဝင်စားကြောင်း တင်ပြပါ။ ဆရာဝန်သည် မိမိဆက်ပေးထားသောအရိုး တန်းနေမနေ မကြာခဏစစ်ဆေးကြည့်သည်နည်းတူပင် ကျမ်းစာဆိုင်ရာသြဝါဒကို ကျင့်သုံးနေမနေ အကြီးအကဲများသတိပြုသင့်ပါသည်။ သို့ပြုရာတွင် ကိုယ်ကိုယ်ကိုဤသို့မေးမြန်းနိုင်သည်။ ထပ်မံကူညီပေးစရာ လိုပါသေးသလော။ တစ်ဖန်ပြန်၍ အခြားတစ်နည်းတစ်ဖုံဖြင့် ဆုံးမပေးဖို့လိုဦးမည်လော။ နှိမ့်ချမှုရှိခြင်းနှင့်စပ်လျဉ်း၍ ယေရှုသည် တပည့်တော်များအား ထပ်ခါတလဲဆုံးမပေးခဲ့ရသည်။ ကိုယ်တော်သည် ကာလအတန်ကြာ စိတ်ရှည်စွာဖြင့် သူတို့အားဆုံးမပေးခြင်း၊ ဥပမာများတင်ပြခြင်း၊ လက်တွေ့သင်ခန်းစာများပေးခြင်းအားဖြင့် သူတို့၏အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲစေခဲ့ရသည်။ (မဿဲ ၂၀:၂၀-၂၈။ မာကု ၉:၃၃-၃၇။ လုကာ ၂၂:၂၄-၂၇။ ယောဟန် ၁၃:၅-၁၇) ထိုနည်းလည်းကောင်းပင် ညီအစ်ကို၊ ညီအစ်မတစ်ဦးသည် လုံးဝတည်မြဲတည်စေပြန်လာရေးအတွက် သူသည် ဝိညာဉ်ရေးဘက်ကျန်းမာလာရန် ကျမ်းစာဆွေးနွေးခန်းများကို ပြုလုပ်ပေးရန် စီစဉ်နိုင်ပါသည်။
တိုးတက်မှုတွေ့ရှိလျှင် ချီးမွမ်းအားပေးပါ။ ခြေလှမ်းမှားခဲ့သူသည် ကျမ်းစာသြဝါဒကိုလိုက်နာကျင့်သုံးရန် ကြိုးစားနေမည်ဆိုလျှင် သူ့ကို လှိုက်လှိုက်လှဲလှဲချီးမွမ်းပါ။ ယင်းသို့ပြုခြင်းက ကနဦး၌ပေးခဲ့သောသြဝါဒကို လေးနက်စေပြီး ထပ်မံတိုးတက်လာရန် တိုက်တွန်းမှုဖြစ်ပါလိမ့်မည်။ ကောရိန္သုအသင်းအတွက် ပေါလု၏ပထမစာစောင်တွင် ကိစ္စအဝဝနှင့်ပတ်သက်၍ ကြပ်မတ်စွာဆုံးမပေးရန်အကြောင်းပေါ်ခဲ့သည်။ တမန်တော်၏သြဝါဒစာကို ချီးကျူးဖွယ်ကောင်းလောက်အောင် လက်ခံကျင့်သုံးနေကြကြောင်း များမကြာမီအချိန်တွင် တိတုအကြောင်းကြားသည့်အခါ ပေါလုသည် သူတို့ထံချီးမွမ်းစာတစ်စောင် ပြန်ရေးလိုက်သည်။ “သင်တို့ကိုဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ ဝမ်းနည်းစေ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ . . . ဘုရားသခင်အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ၏။”—၂ ကောရိန္သု ၇:၉။
ဝမ်းမြောက်စရာအကြောင်း
မှန်ပေသည်။ ကောရိန္သုမြို့သားများအား မိမိ၏သြဝါဒစကားသည် အကူအညီပေးခဲ့ကြောင်း ပေါလုသိရှိရ၍ ဝမ်းမြောက်ခဲ့ပါသည်။ ထိုနည်းတူ မျက်မှောက်ခေတ်အကြီးအကဲများလည်း ဝတ်ပြုသူချင်းတစ်ဦးသည် သူတို့၏မေတ္တာပါသောကူညီမစမှုကို လက်သင့်ခံ၍ လမ်းမှားမှ ပြန်တည့်မတ်လာသည့်အခါ အလွန်ရွှင်လန်းအားရကြပါသည်။ စူးရှသောဆူးပါသည့် အပြစ်၏ပေါင်းပင်များကို နောင်တရသောခရစ်ယာန်တစ်ဦး၏နှလုံးထဲမှ နှုတ်ယူကာ ထိုတွင် ဘုရားရေးရာနှင့်ဆိုင်သောအသီးများ အလျှံပယ်သီးလာသည်အထိ ကူညီပေးရခွင့်ရခြင်းကို သူတို့အမှန်ဝမ်းသာနိုင်ကြပါသည်။
တစ်နည်းနည်းဖြင့် ခြေလှမ်းမှားမိသောသူတစ်ဦးကို အကြီးအကဲများ တည်မြဲတည်စေပြန်နိုင်မည်ဆိုလျှင် ဝိညာဉ်ရေးဘက် အန္တရာယ်ကြီးမားသောလမ်းစဉ်မှ သူလှည့်လာကောင်းလှည့်လာပေမည်။ (ယာကုပ် ၅:၁၉၊ ၂၀ နှိုင်းယှဉ်။) ဤကဲ့သို့ကူညီမစမှုရရှိခဲ့သည့်အတွက် ကူညီခံရသူသည် ယေဟောဝါဘုရားသခင်ကိုကျေးဇူးတင်သင့်သည်။ အကြီးအကဲများ၏မေတ္တာပါကူညီမစမှု၊ သက်ညှာကြင်နာမှုနှင့် နားလည်မှုပြခဲ့ခြင်းတို့ကို ကျေးဇူးတင်ကြောင်းလည်း ဖွင့်ဟပြောဆိုခြင်းသည် လျောက်ပတ်ပေသည်။ ဝိညာဉ်ရေးတွင် အပြည့်အဝပြန်ကျန်းမာလာသည့်အခါ နူးညံ့သိမ်မွေ့သောသဘောဖြင့် တည်မြဲတည်စေပြန်ပြီဖြစ်သည့်အတွက် သက်ဆိုင်သူအားလုံး ဝမ်းမြောက်ရွှင်လန်းနိုင်ကြပါသည်။