ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၃/၁၅ စာ. ၂၇-၃၀
  • ဆံပင်ဖြူခြင်း၏ ဂုဏ်ကျက်သရေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆံပင်ဖြူခြင်း၏ ဂုဏ်ကျက်သရေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူပျိုတို့၏ဘုန်း
  • ဂုဏ်ကျက်သရေရှိလာခြင်း
  • ဆံပင်ဖြူခြင်းကို ဂုဏ်တင်ချီးမြှောက်ခြင်း
  • နောက်သို့ မဟုတ် အရှေ့သို့ ရှေ့ ရှု
  • ယေဟောဝါသည် မိမိ၏သက်ကြီးရွယ်အိုကျေးကျွန်များကို ကြင်နာစွာဂရုစိုက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သစ္စာရှိ အသက်ကြီးသူတွေကို တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခရစ်ယာန်မိသားစုသည် သက်ကြီးရွယ်အိုများကို ကူညီသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အသက်ကြီးရင့်ခြင်းက “အလှသရဖူ” ဖြစ်လာချိန်ဝယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၃/၁၅ စာ. ၂၇-၃၀

ဆံပင်ဖြူခြင်း၏ ဂုဏ်ကျက်သရေ

ရှေးခေတ် သစ္စာရှိအမျိုးသား၊ အမျိုးသမီးများနှင့် စကားစမြည်ပြောဆိုရမည်ဆိုလျှင် မည်မျှအားတက်စရာဖြစ်မည်ပါတကား။ နောဧ၊ အာဗြဟံ၊ မောရှေ၊ နှစ်ခြင်းဆရာယောဟန် အစရှိသည့်အမျိုးသားများအပြင် စာရာ၊ ရာခပ်၊ ရုသ၊ ဒေဗောရ အစရှိသည့်အမျိုးသမီးများနှင့်ပါ စကားပြောဆိုနိုင်မည်ကို စဉ်းစားကြည့်ပါ။ ရှေးလွန်လေပြီးသောအချိန်က ထူးခြားသော အဖြစ်အပျက်များကို ကိုယ်တိုင်ခံစားတွေ့ ကြုံခဲ့သည်အတိုင်း တင်ပြပြောဆိုချက်များကို ကြားနာရခြင်းသည် အားရစရာဖြစ်မည် မဟုတ်ပေလော။

ယနေ့ပင်လျှင် ဖြောင့်မတ်ခြင်းတရားအတွက် ပိတ်ပင်ခြင်း၊ ရိုက်နှက်ခြင်း၊ ထောင်ချခြင်း ခံရသည့်အကြောင်းများအပါအဝင် စုံစမ်းခြင်းများခံရသည့်အခါ ဘုရားသခင်ကို ကိုယ်တိုင်နှင့် အခြားသူများ မည်သို့သမာဓိစောင့်သိခဲ့သည်ကို သစ္စာရှိအသက်ကြီးရင့်သူများ၏ တွေ့ ကြုံမှုများ ကြားနာရခြင်းသည် အားရစရာမဟုတ်ပေလော။ အမှန်အားရစရာဖြစ်သည်။ သူတို့၏ခံစားချက်များနှင့် အထူးသဖြင့် ယေဟောဝါ၏မေတ္တာပါစောင့်ရှောက်မှုကို သူတို့ခံစားခဲ့ရ၍ လှိုက်လှဲသောနှလုံးဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း ကြားသိရသည့်အခါ ဘုရားသခင်ကို ကျွန်ုပ်တို့ကိုယ်တိုင် ပိုမိုချစ်မြတ်နိုးလာပြီး ညီအစ်ကိုချင်းတို့ကိုလည်း လေးစားမှု တိုးပွားလာပါလိမ့်မည်။

ဘုရားသခင့်လူများအလယ်တွင် သစ္စာရှိလူကြီး အမျိုးသား၊ အမျိုးသမီးများကို သူတို့၏အတွေ့အကြုံ၊ အသိပညာနှင့် ဉာဏ်စွမ်းရည်အတွက် လေးစားတန်ဖိုးထားလေ့ရှိသည်။ အမှန်သော်ကား၊ ဣသရေလလူမျိုးအား ဘုရားသခင့်ပေးတော်မူခဲ့သည့် ပညတ်တော်တွင် အောက်ပါမိန့်မှာချက် ပါဝင်ပါသည်။ “ဆံပင်ဖြူသောသူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်၏။” (ဝတ်ပြုရာ ၁၉:၃၂) လူကြီး၊ သို့မဟုတ် အသက်အိုမင်းခြင်း ဟူသောဟေဗြဲစကားလုံးသည် “ဆံပင်ဖြူသွားခြင်း” အဓိပ္ပာယ်ရှိသည့် အရင်းခံမှလာ၍ “ဆံပင်ဖြူခြင်း” ဟူ၍လည်း ပြန်ဆိုလေ့ရှိသည်။ ထိုကြောင့် ဣသရေလလူမျိုးသည် အသက်ကြီးရင့်သူကို လေးစားသည့်အနေနှင့် သူ့ရှေ့ထရသည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေစွာဖြင့် ထိုသို့ ပြုကြရ၏။

ထိုသို့လေးစားသောသဘောမျိုးကို ယနေ့တွေ့ရှိရပါသေးသလော။ ဥပမာ၊ လူငယ်များသည် လူကြီးများအား လေးစားသည့်အနေနှင့် တံခါးဖွင့်ပေးကြပါသလော။ လူငယ်များ၊ သို့မဟုတ် လူရွယ်များသည် လူကြီးတစ်ဦးအား ပြည့်နေသည့်ဓာတ်လှေကားတွင် မိမိ၏နေရာကို ပေးလေ့ပေးထ ရှိပါသလော။ သို့တည်းမဟုတ် ကြပ်နေသော ဘတ်စ်ကား၊ ရထားပေါ်တွင် လူကြီးအတွက် လူငယ်များ မိမိထိုင်ခုံကို ပေးလေ့ပေးထ ရှိပါသလော။ ဤအမှုများကို ခရစ်ယာန်များပင် မပြုလုပ်ကြကြောင်း သတိပြုမိခဲ့ရပြီ။

သို့ရာတွင် ယေဟောဝါဘုရားသခင်၏အလိုတော်နှင့်တွေ့ ခြင်းငှာ ခရစ်ယာန်များသည် ကိုယ်တော်၏ကြည့်မြင်ပုံနှင့်အညီ ပြုမူကျင့်ကြံကာ ‘ကိုယ့်ကိုယ်ကိုချစ်သောသူ၊ မိဘစကား နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ ကောင်းမှုကို မနှစ်သက်သူများ’ ၏တွေးတောဆင်ခြင်၊ ပြောဆိုပြုမူပုံကို ရှောင်ကြဉ်ကြရမည်။ (၂ တိမောသေ ၃:၁-၅) ထိုကြောင့် ပျိုရွယ်ခြင်းနှင့် ဆံပင်ဖြူခြင်း၏ ဆက်စပ်မှုကို ဘုရားသခင့် နှုတ်ကပါဌ်တော်က မည်သို့ဆိုသနည်း။

လူပျိုတို့၏ဘုန်း

လူငယ်များ၏ ခွန်အားနှင့် ယင်း၏ အကျိုးကျေးဇူးများကို အသိအမှတ်ပြုကာ ကျမ်းစာ ဤသို့ဆိုသည်။ “လူပျို၏ဘုန်းကား အစွမ်းသတ္တိ” ဟုဆိုပါသည်။ (သု၊ ၂၀:၂၉) ရှေးဣသရေလနိုင်ငံတွင် ဗိမာန်တော်၌ လေးလံသောလုပ်ငန်းများစွာထမ်းရွက်ရန် နုပျိုသောလေဝိသားများ၏ခွန်အားကို အများအားဖြင့် အသုံးပြုခဲ့ပါသည်။ ယနေ့ ပုံနှိပ်တိုက်များ၊ ဗေသလအိမ်များ၊ ကင်းမျှော်စင်အသင်း၏ ဆောက်လုပ်ရေးစီမံကိန်းများတွင် ဘုရားသခင့်နိုင်ငံတော်ရေးရာ တိုးတက်ရေးအတွက် မိမိတို့ခွန်အားနှင့် စွမ်းရည်များကို အသုံးတော်ခံသည့် ပျိုရွယ်သော အမျိုးသား၊ အမျိုးသမီးများစွာတို့ ထမ်းဆောင်နေကြပါသည်။ (မဿဲ ၆:၃၃) ဤနည်းဖြင့် ဘုရားသခင့်လုပ်ငန်းတော်တွင် အခွင့်အရေးထူးများကို သူတို့ခံစားနေကြရသည်။

အထက်တွင်ကိုးကားထားသည့် ပညာရှိစကားသည် “လူအို၏ဂုဏ်အသရေကား ဖြူသောဆံပင်ဖြစ်၏” ဟူသောစကားများနှင့် နိဂုံးချုပ်ပါသည်။ ခွန်အားရှိ ငယ်ရွယ်သူကို အတွေ့အကြုံရင့်ကျက်ပြီး ဉာဏ်စွမ်းရှိသူနှင့် ပူးပေါင်းလုပ်ကိုင်စေပါက စွမ်းရည်ပြည့်စုံသောအတွဲ ဖြစ်သွားစေသည်။

ဥပမာတင်ပြရလျှင် ပျဉ်ပြားချပ်များကို တပ်ဆင်ပေးရန်တာဝန်ရသော လက်သမားအလုပ်သင် လူငယ်တစ်ဦးသည် အင်အားစိုက်ထုတ် ကြိုးစားလုပ်ကိုင်နေပါသည်။ သူထက် အသက်ကြီးရင့်၍ အတွေ့အကြုံများသော အခြားလက်သမားတစ်ဦးက အကူအညီပေးသူ လူငယ်၌ ခွန်အားရှိသည်မှန်သော်လည်း သံရိုက်ရာတွင် သုံးလေးချက်ရိုက်ပေးရသည်ကို သတိပြုမိ၏။ ထိုအခါ ဝါရင့်လုပ်သားက တူ၏လက်ကိုင်အရင်းကိုမဟုတ်ဘဲ လက်ကိုင်အဖျားကိုဆုပ်ကိုင်ဖို့ လူငယ်အားသင်ပေးခဲ့သည်။ ဤနည်းဖြင့် ငယ်ရွယ်သူသည် သံများကို အားပြင်းပြင်းနှင့် ရိုက်နိုင်သည်ဖြစ်၍ အချိန်နှင့်ခွန်အားပါ မကုန်တော့ပါ။

ထိုနည်းထပ်တူ ညွှန်ကြားချက်များအတိုင်း မလျှော်ဖွပ်လျှင် အချို့အဝတ်အစားများကို ပျက်စီးသွားစေနိုင်ကြောင်း အင်အားရှိ အမျိုးသမီးငယ်တစ်ဦးသည် စမ်းကြည့်၍ တွေ့ရှိလာပေမည်။ သို့သော် အတွေ့အကြုံရင့်ကျက်သော အမျိုးသမီးကမူ အဝတ်အစားများကို ရွေးထုတ်ပြီးနောက်မှ သီးသန့်လျှော်ခြင်း၏တန်ဖိုးကို နားလည်ထားနှင့်မည်။ အချို့အဝတ်အစားများကို ကြိုးတန်းပေါ်မှရုတ်သိမ်းသည့်အခါ၊ သို့မဟုတ် အဝတ်ခြောက်စက်ထဲမှ ထုတ်သည်နှင့် ခေါက်လိုက်မည်ဆိုလျှင် မီးပူတိုက်စရာမလိုကြောင်း သူမသိရှိထားနှင့်ပေမည်။

အတွေ့အကြုံရင့်ကျက်သူများထံမှ သင်ယူခြင်းသည် အလုပ်သက်သာစေနိုင်သည်။ မည်သို့ဆိုစေကာမူ အတွေ့အကြုံရင့်ကျက်သူတစ်ဦးပင်လျှင် လွန်ခဲ့သောနှစ်အနည်းငယ်က လွယ်ကူစွာလုပ်ကိုင်နိုင်ခဲ့သည့် အလုပ်အချို့ကို မလုပ်နိုင်တော့သည့်အချိန် ရောက်လာပါလိမ့်မည်။ စာရေးဆရာတစ်ဦးက “လူငယ်သာ သိပြီး လူအိုသာ စွမ်းဆောင်နိုင်ပါက” ဟုလျောက်ပတ်စွာ သတိပြု ရေးသားခဲ့သည်။ သို့သော် လူကြီးများသည် လူငယ်တို့၏ခွန်အားကို လေးစားကာ နှစ်ပေါင်းတစ်လျှောက် တတ်ကျွမ်းသိရှိခဲ့ရာပညာကို စိတ်ရှည်လက်ရှည် ဝေမျှပေး၍—လူငယ်များလည်း အကြံပြုချက်များကို စိတ်နှိမ့်ချစွာ လက်ခံယူလျှင် မည်မျှကောင်းမွန်မည်တကား။ ဤနည်းဖြင့် လူကြီးနှင့်လူငယ်များပါ အကျိုးခံစားရလိမ့်မည်။

ဂုဏ်ကျက်သရေရှိလာခြင်း

အသက်အရွယ်တစ်ခုတည်းသာ ရှိဖို့မလုံလောက်ပါ။ “လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသောသူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်” ဟုလူငယ်ဧလိဟုဆိုသည်။ (ယောဘ ၃၂:၉။ ဒေသနာ ၄:၁၃) ဆံပင်ဖြူခြင်းကြောင့် အမှန်တန်ဖိုးထားခံလိုလျှင် လူကြီးတစ်ဦးသည် မိမိဘဝတွင် တီဗွီ၊ အားကစားပွဲများသို့သွားခြင်းစသည့်အပျော်အပါး၌သာ အချိန်ဖြုန်းနေမည်မဟုတ်ဘဲ ထိုထက်ပိုလုပ်ဆောင်ပါမည်။ ဇရာအိုရွယ်ရောက်ချိန်တွင်ပင် လူကြီးသည် ဆက်လေ့လာယူစရာလိုပါသည်။

အချို့သူများက ကိုယ့်နည်းကိုယ့်ဟန်နှင့် လုပ်ကိုင်ခဲ့ကြောင်း၊ သို့မဟုတ် “အတွေ့အကြုံက အကောင်းဆုံးဆရာသမားပင်” ဟုဆိုကာ ကြွားဝါတတ်ကြသည်။ သို့ ဖြစ်၍ပင် ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့ ဩဝါဒပေးထားပါသည်။ “ပညာရှိသောသူသည် နားထောင်သဖြင့် ပညာအတတ်တိုးပွားရလိမ့်မည်။ ဉာဏ်ကောင်းသောသူသည် . . . နိဿရည်းဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။” (သု၊ ၁:၅။ ၁ ကောရိန္သု ၁၀:၁၁ နှိုင်းယှဉ်။) အတွေ့အကြုံသည် အကောင်းဆုံးဆရာသမား အမြဲမဖြစ်နိုင်။ အကြောင်းမှာ၊ သူတစ်ပါး၏အမှားများကို ကိုယ်တိုင်မပြုမိရန် သင်ခန်းစာယူနိုင်ပါသည်။ ထို့ ပြင် “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင် ဘုန်းကြီးသောသရဖူဖြစ်၏” ဟူသောစကားကို ခရစ်ယာန်တစ်ဦး သတိရလိုမည်။ (သု၊ ၁၆:၃၁) အသက်တာတစ်လျှောက် ယေဟောဝါအား သစ္စာရှိစွာ အမှုထမ်းခဲ့သူသည် မိမိဘဝစိုပြေသာယာရုံမက ပုံသက်သေကောင်းသူတစ်ဦးအဖြစ် သူတစ်ပါး၏လေးစားမှုကို ခံရသူဖြစ်သည်။ ဘုရားသခင်ကိုသိကျွမ်းပြီး “ဖြောင့်မတ်ခြင်းတရားလမ်း၌” အတွေ့အကြုံစုဆောင်းခြင်းသည် ငယ်စဉ်ချိန်မှစတင်၍ အစဉ်အဆက်လိုက်လျှောက်လုပ်ကိုင်သွားရမည့် လမ်းစဉ်ဖြစ်ပါသည်။—ရောမ ၁၁:၃၃၊ ၃၄။

ယင်းကို ဆွီဒင်နိုင်ငံမှ ခုနစ်နှစ်သားလေး၏ အတွေ့အကြုံဖြင့် ဥပမာတင်ပြနိုင်ပါသည်။ အသင်းတော်ရှိ သီအိုကရက်တစ်ဓမ္မအမှုကျောင်း ကြီးကြပ်မှူးအား မိမိ နာမည်စာရင်းသွင်းလိုကြောင်း ပြောခဲ့ပါသည်။ ကြီးကြပ်မှူးက “ဘာကြောင့်လဲ” ဟုမေးခဲ့ရာ သူငယ်က “ကျွန်တော် တစ်သက်လုံး အချိန်ဖြုန်းမနေနိုင်ဘူး” ဟုဖြေဆိုပါသည်။ (ဒေသနာ ၁၂:၁) လူငယ်များနှင့်လူကြီးများအတွက်ပါ အပြုသဘောပါ ပုံသက်သေပါတကား။

ဆံပင်ဖြူခြင်းကို ဂုဏ်တင်ချီးမြှောက်ခြင်း

ခေတ်လူတို့၏ စိတ်အနှောင့်အယှက်ဖြစ်စရာ အကျင့်တစ်ခုကား ကျန်းမာသန်စွမ်း၍ ပြေးခုန်ပစ်အားကစားနှင့်ဆိုင်သောစွမ်းရည်ကို အလွန်အမင်းတန်ဖိုးထားကာ လူကြီးကိုမူ အထင်အမြင်သေးခြင်းဖြစ်သည်။ အသင်းတော်ရှိ ဆံပင်ဖြူသူများကို ခရစ်ယာန်တစ်ဦး မည်သို့သဘောထားသင့်သနည်း။

ခရစ်ယာန်လူကြီးများကို လျစ်လျူရှုထားမည့်အစား သူတို့ကို ထောက်ထားစာနာ၍ အချိန်ပေးသင့်ပါသည်။ ဥပမာ၊ ယေဟောဝါသက်သေများ၏ နိုင်ငံတော်ခန်းမတွင် ပတ်စဉ်ကျင်းပသည့် စည်းဝေးပွဲများ၌ လူကြီးတို့ကို နှုတ်ဆက်ဖြစ်အောင် နှုတ်ဆက်ရန် ကြိုးစားပါသလော။ ကလေးသူငယ်များနှင့် အခြားသူတို့၏ နှုတ်ခွန်းဆက်ခံရခြင်းကို သူတို့အမှန်တကယ် တန်ဖိုးထား လေးမြတ်ကြပါသည်။ အသက်အရွယ်အသီးသီးရှိ ယုံကြည်သူချင်းများ၏ ပေါင်းသင်းတွေ့ဆုံပွဲများတွင် ပါဝင်ခွင့်ရရှိခြင်းကို လူကြီးများ အလွန်နှစ်သက်ပျော်မွေ့ ကြပါသည်။ ဤသို့သော ပျော်ပွဲရွှင်ပွဲများတွင် မိမိတို့နှင့် ရွယ်တူသက်တူ မောင်နှံစုံများမှာ အကြိုက်ချင်းပိုတူညီမည်မှန်သော်လည်း လူကြီးများကိုပါ ပါဝင်ပျော်ရွှင်စေခြင်းသည် အကျိုးများစွာရှိ၏။—၁ သက်သာလောနိတ် ၃:၁၂။ ၅:၁၅။

လူကြီးများနှင့် စကားစမြည်ပြောဆိုရာတွင် စာနာမှုရှိရန် အလွန်အရေးကြီးပါသည်။ ယေဟောဝါအမှုတော်တွင် လုပ်သက်နှစ် ၄၀ ရှိလူကြီး၊ ညီအစ်ကိုတစ်ဦးက အခြားအကြီးအကဲတစ်ဦးအား မိမိကို အသင်းတော်တွင် အသုံးပြုနိုင်ကြောင်း ပြောသည့်အခါ ငယ်ရွယ်သူက “ညီအစ်ကိုမှာ အသုံးချနိုင်စရာ မရှိသလောက်ပဲ” ဟုဖြေဆိုခဲ့သည်။ ကြင်နာမှုကင်းမဲ့လှသည်တကား။ အသက်ကြီးရင့်သောညီအစ်ကိုသည် ယခင်က ခွန်အားမျိုး ရှိတော့မည်မဟုတ်၊ လယ်ကွင်းဓမ္မအမှု၌ များစွာပါဝင်နိုင်တော့မည်မဟုတ်၊ သူ၏လက်ရှိစွမ်းရည်များနှင့် ဦးစီးမှုအခွင့်အရေးများကို သူထမ်းဆောင်နိုင်တော့မည်မဟုတ်သည်မှာ မှန်သော်လည်း သူ၌ အသုံးချနိုင်စရာစွမ်းရည်များစွာ ရှိပါသေးသည်။ ဖြောင့်မတ်ခြင်းတရားလမ်း၌ နှစ်ချီစုဆောင်းထားသော အသိဉာဏ်ပညာနှင့် အတွေ့အကြုံများစွာရှိပါသည်။ ဤကဲ့သို့သော လူကြီးများသည် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောသူများအဖြစ် ကြိုးစားပမ်းစား အမှုဆောင်ခဲ့ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနိုင်ခဲ့ခြင်း၊ ဝန်လေးသော ခရစ်ယာန်တာဝန်များကို ဆောင်ရွက်ခဲ့ခြင်း၊ သူတစ်ပါးကို လေ့ကျင့်ပေးခဲ့ခြင်းကြောင့် ဘုရားသခင့်ဝိညာဉ်တော်တန်ခိုးကို ခံစားရသည့် ကြံ့ခိုင်သောအဖွဲ့အစည်း၌ ဘုရားသခင့်လူမျိုး ယခုပျော်မွေ့နေနိုင်ခြင်းဖြစ်ပါသည်။ ထိုကြောင့် ဤလူကြီးများအား ပညာရှိဆုံးမပဲ့ပြင်သူများ၊ မေတ္တာပါ သိုးထိန်းများနှင့် ထိရောက်စွာသွန်သင်ပေးသော ဆရာသမားများအဖြစ် ရိုသေလေးစားမှု တင်ပြကြစို့လေ။

လူကြီးများပေးသည့် အကြံဉာဏ်များကိုလည်း အလေးအနက်စဉ်းစားဆင်ခြင်လျှင် ကောင်းပေသည်။ ဥပမာ၊ အတွေ့အကြုံရင့်ကျက်သောညီအစ်ကိုတစ်ဦးက နိုင်ငံတော်ခန်းမဆောင်တစ်ခု၏ တံခါးကို အနောက်ဘက်တွင်မထားလျှင်ကောင်းမည်ဟု အကြံပြုပါသည်။ ငယ်ရွယ်သောညီအစ်ကိုများက အဆောက်အဦ၏အလှကို ရှေ့ ရှုသည့်အနေနှင့် အကြံပြုချက်ကို လက်မခံခဲ့ပါ။ နှစ်အတန်ကြာလေသော် အနောက်ဘက်မှတိုက်သော လေမိုးတို့ကြောင့် တံခါးပျက်စီးသွားသဖြင့် ပြန်ရွှေ့ပြောင်းတပ်ဆင်ခဲ့ရသည်။ အတွေ့အကြုံ၏ လက်တွေ့ကျဉာဏ်ပညာသည် အလှကျက်သရေထက် တာသွားပါသည်။ ငယ်ရွယ်သောသူများသည် လူကြီးများ၏ အကြံဉာဏ်နှင့် လက်တွေ့ကျ ဉာဏ်ပညာကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဂုဏ်ပြုမည်ဆိုလျှင် အချိန်နှင့်ငွေအင်အားပါ သက်သာစေမည်။ လူကြီး၏အကြံဉာဏ်ကို မလိုက်ဦးတော့ ယင်းကိုထည့် ဆွေးနွေးခဲ့သော်လည်း အခြားအချက်အလက်များကြောင့် တစ်မျိုးတစ်မည်ဆုံးဖြတ်ခဲ့ရကြောင်း သူ့အားအသိပေးခြင်းအားဖြင့် သူ့ကိုဂုဏ်ပြုနိုင်ပါသည်။—သု၊ ၁:၈ နှိုင်းယှဉ်။

နောက်သို့ မဟုတ် အရှေ့သို့ ရှေ့ ရှု

အချို့လူကြီးများက “မင်းနဲ့ငါ ငယ်စဉ်တုန်းကလို အခြေအနေမျိုး မရှိတော့ဘူး” ဟုယူဆကြသည်။ သို့သော် လွန်လေပြီးသောအချိန်ကို တမ်းတနေမည့်အစား ဤလူကြီးများသည် သူတို့၏ ကောင်းကင်ဆုကျေးဇူးကို သော်လည်းကောင်း၊ ဘုရားသခင့် နိုင်ငံတော်အစိုးရအောက်တွင် ငယ်ရွယ်စဉ်ကခွန်အား ပြန်ရရှိမည့်အချိန်ကို သော်လည်းကောင်း စောင့်မျှော်ခြင်းအားဖြင့် အားယူနိုင်ကြပါသည်။ ဤအချိန်အတောအတွင်း အသက်အရွယ်ကြောင့် မိမိမှာ အရည်အချင်း မည်မျှသာရှိသည်ကို သတိပြုနေရန်လိုသည်။ လုပ်ငန်းတော်အခွင့်အရေးမရလိုက်သည့်အခါ ဤသို့သတိချပ်ခြင်းနှင့် ဟာသဉာဉ် စူးရှခြင်းသည် အလွန်တန်ဖိုးရှိပါသည်။

ဥပမာ၊ လွန်ခဲ့သောအချိန်က ခရိုင်စည်းဝေးပွဲအစီအစဉ်တွင် လူကြီးဖြစ်သည့် ညီအစ်ကိုတစ်ဦးအား မှန်မှန်အသုံးပြုခဲ့ပေမည်။ ယခုမှာမူ စွမ်းရည်ရှိအကြီးအကဲ များလာပြီဖြစ်၍ ရွေးစရာ သွန်သင်နိုင်စွမ်းရှိသူ တိုးများလာပေပြီ။ အတော်အသင့်ငယ်ရွယ်မည်ဖြစ်သော်လည်း ဤအကြီးအကဲအချို့သည် ဇွဲနှင့်အရည်အချင်းများရှိကြောင်း၊ ကောင်းစွာသွန်သင်နိုင်ကြောင်းနှင့် ကြင်နာစွာ ဆုံးမသြဝါဒပေးနိုင်ကြောင်း၊ သူတစ်ပါးကို အားပေးတည်ဆောက်နိုင်ကြောင်း တင်ပြခဲ့ကြပြီ။ (၁ သက်သာလောနိတ် ၅:၁၂၊ ၁၃။ ၁ တိမောသေ ၅:၁၇) ယင်းကြောင့် စည်းဝေးပွဲအစီအစဉ်တွင် ပါဝင်ခွင့်မရလိုက်သော လူကြီးဖြစ်သူ ညီအစ်ကိုသည် မိမိအားလျစ်လျူရှု၍ ငယ်ရွယ်သောအကြီးအကဲများကိုသာ အခွင့်အရေးများပေးသည်ဟု ခံစားရပြီး စိတ်မချမ်းသာဖြစ်နေပေမည်။ သို့ ဖြစ်သည့်တိုင် မစုံလင်မှုကြောင့် ဖြစ်ပေါ်တတ်သည့် ဤအဖျက်သဘောပါစိတ်ထားကို ကျော်လွှားနိုင်ပါသည်။ အမှန်သော်ကား၊ လူကြီးများ မရှိ၍မဖြစ်၊ သူတို့၏သစ္စာတည်ကြည်မှုကို မြတ်နိုးကြောင်း၊ သူတို့အကြံပြုချက်များကို တန်ဖိုးထားကြောင်း အသိပေးခြင်းအားဖြင့် အသင်းတော်ရှိသူအားလုံးကို ဝိုင်းဝန်းကူညီပေးနိုင်ပါသည်။

မိမိအား ဂုဏ်ပြုခြင်းကို နှစ်သက်သကဲ့သို့ပင် ကိုးကွယ်ဝတ်ပြုသူချင်းတို့ကို ဂုဏ်ပြုသင့်ကြောင်း လူကြီးတစ်ဦး သတိရရန်လိုသည်။ (မဿဲ ၇:၁၂။ ရောမ ၁၂:၁၀) လံထားခံရပြီဟုခံစားနေရပြီး အဖျက်သဘောထားကြောင့် စိတ်ဆင်းရဲခံနေမည့်အစား သစ္စာရှိရှိ အမှုတော်ထမ်းခဲ့သည့် သက်တမ်းရှည်ကြောင့် လူကြီးများ ရွှင်လန်းသင့်ပါသည်။ ယေဟောဝါ၏ ကောင်းချီးကြောင့် အလုပ်တာဝန်ကို ဝေမျှထမ်းဆောင်နိုင်သူ အရည်အချင်းပြည့် ကြီးကြပ်မှူးများ တိုးများလာ၍ ခရစ်ယာန်အသင်းတော်တွင်းသို့ “အခြားသိုးများ” အုပ်စုလိုက် ဝင်လာရာ အသင်းတော်တာဝန်များကို ထမ်းဆောင်နိုင်သူများရှိသည့်အတွက် ကျွန်ုပ်တို့အားလုံး ကျေးဇူးတင်သင့်သည်။—ယောဟန် ၁၀:၁၆။ ဟေရှာယ ၆၀:၈၊ ၂၂။ ၂ တိမောသေ ၂:၂။

နာကျင်ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ သို့မဟုတ် အခြားအကြောင်းများကြောင့် ဆံပင်ဖြူသူများသည် တစ်ခါတစ်ရံ စိတ်တိုတတ်ကြသည်။ ယင်းကိုထည့်တွက်ကာ မိသားစု၊ သို့မဟုတ် အသင်းတော်အဝင်ဖြစ်သူများသည် ကိုယ်ချင်းစာနာ၊ သဘောပေါက်နားလည်မှု တင်ပြရန်လိုသည်။ လူကြီးများအနေနှင့်လည်း အပြုသဘောပါစိတ်ထား တည်မြဲတည်ရှိနေရန်၊ စိတ်သဘောနုပျိုနေရန် အမြဲကြိုးစားသင့်သည်။ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးနှင့်အတူ တစ်ခန်းတည်းတွဲနေသော လူငယ်တစ်ဦးသည် လွန်ခဲ့သောနှစ်အနည်းငယ်က ဗေသလအိမ်မှ ထွက်ခွါသွားခါနီးတွင် မိမိအား ဆက်၍စိတ်ပျိုကိုယ်နုစေရန် အကူအညီဖြစ်စေမည့် မိမိထက်အသက်ငယ်သော ရင့်ကျက်သူတစ်ဦးကို လူစားသွင်းပေးရန် မည်သူကောင်းမည်နည်းဟု လူကြီးဖြစ်သူက မေးမြန်းခဲ့ပါသည်။ ဆက်လုပ်ကိုင်စရာ အလုပ်များစွာရှိနေ၍ ဘိသိက်ခံလူကြီးသည် အနားယူအငြိမ်းစားရန်၊ သို့မဟုတ် အေးအေးဆေးဆေးနေရန် လုံးဝမစဉ်းစားပါ။ ရှေ့ရေးကိုမျှော်မှန်းကာ အပြုသဘောပါအမြင်ကို တည်မြဲတည်စေခြင်း ပုံသက်သေကောင်းပါတကား။

“လူပျို၏ဘုန်းကား အစွမ်းသတ္တိ။ လူအို၏ဂုဏ်အသရေကား ဖြူသောဆံပင်ဖြစ်” သည်မှာ ဆိုဖွယ်မရှိပေ။ လူငယ်များသည် သူတို့၏အစွမ်းသတ္တိ၊ လူအိုများသည် ဖြောင့်မတ်ခြင်းတရားလမ်း၌ ဉာဏ်ပညာကျင့်သုံးနေလျှင် မည်မျှဝမ်းသာအားရစရာပါတကား။ “အသက်ကြီးသောသူ” ယေဟောဝါဘုရားသခင်၏ ခရစ်ယာန်လူကြီးလူငယ်များသည် စစ်မှန်သောဝတ်ပြုရေးကို စည်းလုံးညီညာ အတူတကွတိုးမြှင့်နေကြစဉ် များစွာရွှင်လန်းအားရနိုင်ကြပါသည်။—ဒံယေလ ၇:၁၃။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဆံပင်ဖြူသောခရစ်ယာန်များသည် သူတစ်ပါးအကျိုးအလို့ငှာ များစွာ ကူညီပေးနိုင်၏

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ