ယေဟောဝါ၏နှုတ်ကပါဌ်တော်အားဖြင့် ကိုယ်တော်ကိုသိကျွမ်းပါ
“ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။
၁၊ ၂။ ကျမ်းစာစောင်များတွင် အသုံးပြုထားသော “သိရှိခြင်း” နှင့် “အသိပညာ” ဟူသောစကားလုံး၏ အဓိပ္ပာယ်ကားအဘယ်နည်း။ (ခ) အဘယ်ဥပမာများက ယင်းအဓိပ္ပာယ်ပေါက်စေသနည်း။
တစ်ဦးဦးကို အသိတစ်ယောက်အဖြစ်မျှသာသိခြင်း၊ သို့မဟုတ် အကြောင်းအရာတစ်ခုကို အပေါ်ယံကြောသိထားခြင်းသည် ကျမ်းစာစောင်များတွင် အသုံးပြုထားသော “သိရှိခြင်း” နှင့် “အသိပညာ” ဟူသောစကားလုံး၏ အဓိပ္ပာယ်အပြည့်အစုံမဟုတ်ပါ။ သမ္မာကျမ်းစာအရ ယင်း၌ “အတွေ့အကြုံအားဖြင့် သိရှိခြင်း” ပါဝင်၍ “အချင်းချင်း ယုံကြည်အားထားမှုနှင့် ဆက်ဆံခြင်း” သဘောသက်ရောက်သည့် သိကျွမ်းခြင်းဖြစ်သည်။ (The New International Dictionary of New Testament Theology) ထိုတွင် ယေဟောဝါ၏ စီရင်တော်မူချက်တို့ကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ကိုယ်တော်ကိုသိကျွမ်းခြင်း ပါဝင်သည်။ ဥပမာအားဖြင့် ပြစ်မှားသူများကို ဘုရားသခင်စီရင်တော်မူပြီးနောက် ‘ငါသည် ယေဟောဝါ ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်’ ဟုကြွေးကြော်ခဲ့ချိန်များကဲ့သို့ဖြစ်သည်။—ယေဇကျေလ ၃၈:၂၃။
၂ “သိရှိခြင်း” နှင့် “အသိပညာ” ကိုအသုံးပြုနိုင်သည့် နည်းအမျိုးမျိုးကို ဥပမာအနည်းငယ်ဖြင့် ရှင်းပြနိုင်ပါသည်။ ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ ပြုမူခဲ့သည်ဟုဆိုသူများစွာတို့အား ယေရှုက “သင်တို့ကို ငါအလျှင်းမသိ” ဟုမိန့်တော်မူခဲ့ရာ သူတို့နှင့် ကိုယ်တော်မပတ်သက်ခဲ့ဖူးကြောင်းကို ဆိုလိုနေခြင်းဖြစ်သည်။ (မဿဲ ၇:၂၃) ကောရိန္သု ဒုတိယစောင် ၅:၂၁၊ (ကဘ) က ခရစ်တော်သည် “အပြစ်ကိုမသိ” ဟုဆိုသည်။ ယင်းကြောင့် အပြစ်တရားအကြောင်းကို ကိုယ်တော်မသိဟု ဆိုလိုနေခြင်းမဟုတ်ဘဲ ကိုယ်တော်သည် အပြစ်နှင့်ကင်းစင်သည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ ထိုနည်းထပ်တူ ယေရှုက “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုမိန့်တော်မူစဉ် ဘုရားသခင်နှင့်ခရစ်တော်အကြောင်း အနည်းအကျဉ်းသိထားခြင်းထက်မက ပါဝင်ကြောင်းထင်ရှားသည်။—မဿဲ ၇:၂၁ နှိုင်းယှဉ်။
၃။ ယေဟောဝါသည် စစ်မှန်သောဘုရားသခင်၏ အမှတ်အသားကိုဖော်ပြကြောင်း အဘယ်အရာက သက်သေထူသနည်း။
၃ ယေဟောဝါ၏ဂုဏ်ရည်တော်များစွာကို ကိုယ်တော်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာအားဖြင့် သိရှိနိုင်ပါသည်။ ယင်းတို့အနက် တစ်ခုမှာ တိကျမှန်ကန်စွာ ပရောဖက်ပြုနိုင်တော်မူခြင်းဖြစ်သည်။ ယင်းသည် စစ်မှန်သောဘုရားသခင်၏ အမှတ်အသားဖြစ်ပါသည်။ “ထုတ်ဖော်၍ အနာဂတ္တိအရာတို့ကို ငါတို့အားပြကြစေ။ အရင်ဖြစ်ဖူးသောအရာတို့သည် အဘယ်သို့ဖြစ်သည်ကို ငါတို့ဆင်ခြင်၍ ထိုအရာတို့၏အဆုံးကို သိရမည်အကြောင်း ဖော်ပြကြစေ။ သို့မဟုတ် ဖြစ်လတ္တံ့သောအရာတို့ကို ငါတို့အားဟောပြောကြစေ။ သင်တို့သည် ဘုရားဖြစ်သည်ကို ငါတို့သိရမည်အကြောင်း ဖြစ်လတ္တံ့သောအရာတို့ကိုပြကြလော့။” (ဟေရှာယ ၄၁:၂၂၊ ၂၃) ကိုယ်တော်၏နှုတ်ကပါဌ်တော်တွင် မြေကြီးနှင့်တကွ သက်ရှိများကိုဖန်ဆင်းခြင်းနှင့် ပတ်သက်သောအကြောင်းများကို ယေဟောဝါ ဦးဆုံးဖော်ပြထားပါသည်။ နောင်တွင်ဖြစ်ပျက်မည့်အကြောင်း၊ တကယ်လည်းဖြစ်ပျက်ခဲ့သောအကြောင်းများကို ရှေးပဝေသဏီကပင် ဟောကြားထားတော်မူသည်။ ယခုပင်လျှင် အထူးသဖြင့် ဤ ‘နောက်ဆုံးကာလ’ ၏ “ဖြစ်လတ္တံ့သောအရာတို့ကို ငါတို့အားဟောပြော” တော်မူပြီ။—၂ တိမောသေ ၃:၁-၅၊ ၁၃။ ကမ္ဘာဦး ၁:၁-၃၀။ ဟေရှာယ ၅၃:၁-၁၂။ ဒံယေလ ၈:၃-၁၂၊ ၂၀-၂၅။ မဿဲ ၂၄:၃-၂၁။ ဗျာဒိတ် ၆:၁-၈။ ၁၁:၁၈။
၄။ တန်ခိုးဖြစ်သည့်ဂုဏ်ရည်တော်ကို ယေဟောဝါ မည်သို့အသုံးပြုတော်မူခဲ့ပြီနည်း။ မည်သို့အသုံးပြုဦးမည်နည်း။
၄ ယေဟောဝါ၏အခြားဂုဏ်ရည်တော်မှာ တန်ခိုးဖြစ်သည်။ အရည်ပျော်မီးပြင်းဖိုကြီးများအဖြစ် အလင်းနှင့်အပူရှိန် ထုတ်လွှတ်သော ကြယ်တာရာများရှိရာ ကောင်းကင်အရပ်တွင် တန်ခိုးတော်ထင်ရှားပါသည်။ ဆန့်ကျင်ပုန်ကန်သောလူနှင့်ကောင်းကင်တမန်များသည် ယေဟောဝါ၏ပိုင်သအုပ်စိုးခွင့်ကို စိန်ခေါ်သည့်အခါ “စစ်သူရဲ” တော်အဖြစ် တန်ခိုးတော်ကိုအသုံးပြုကာ ကိုယ်တော်၏နာမတော်မြတ်နှင့် ဖြောင့်မတ်သောစံချိန်များကို ထိန်းသိမ်းကာကွယ်ပေးတော်မူသည်။ ဤအချိန်အခါမျိုးတွင် နောဧခေတ်က ရေလွှမ်းမိုးဘေး၊ သောဒုံနှင့်ဂေါမောရမြို့များကို ဖျက်ဆီးခြင်း၊ ပင်လယ်နီကိုဖြတ်ကူးစေ၍ ဣသရေလလူမျိုးကို ကယ်နှုတ်ခဲ့ချိန်များကကဲ့သို့ သိမ်းရုန်းဖျက်ဆီးနိုင်သောတန်ခိုးတော်ကို ပြရန်မတွန့်ဆုတ်ခဲ့ချေ။ (ထွက်မြောက်ရာ ၁၅:၃-၇။ ကမ္ဘာဦး ၇:၁၁၊ ၁၂၊ ၂၄။ ၁၉:၂၄၊ ၂၅) များမကြာမီ ဘုရားသခင်သည် တန်ခိုးတော်ကိုအသုံးပြုကာ “စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက်တော်မူမည်။”—ရောမ ၁၆:၂၀။
၅။ ကိုယ်တော်၏တန်ခိုးတော်နှင့်အတူ အခြားအဘယ်အရည်အချင်းကိုလည်း ယေဟောဝါပိုင်ဆိုင်တော်မူသနည်း။
၅ သို့တိုင် ဤမျှအတိုင်းထက်အလွန် ကြီးမားသောတန်ခိုးတော်ရှိလျက်ပင် နှိမ့်ချမှုရှိတော်မူသည်။ ဆာလံ ၁၈:၃၅၊ ၃၆၊ (ကဘ) က “ကိုယ်တော်၏နှိမ့်ချခြင်းသည် အကျွန်ုပ်အား ကြီးမြင့်စေပါပြီ။ အကျွန်ုပ်ခြေနင်းရာလမ်းကို အလုံအလောက်ရှိစေတော်မူမည်” ဟုဆိုသည်။ ဘုရားသခင်၏နှိမ့်ချမှုသည် ကိုယ်တော်အား “ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့်မြေကြီးအရာတို့ကိုကြည့်ရှုတော်မူ (၍) . . . ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက် ငတ်မွတ်သောသူကို နောက်ချေးပုံထဲက ချီးမြှောက်” စေတော်မူသည်။—ဆာလံ ၁၁၃:၆၊ ၇။
၆။ ယေဟောဝါ၏ အဘယ်အရည်အချင်းသည် အသက်ချမ်းသာပေးသနည်း။
၆ လူသားအပေါ် ထားတော်မူသော ယေဟောဝါ၏ကရုဏာတော်ကြောင့် လူသည် အသက်ချမ်းသာရ၏။ မနာရှေသည် ရက်စက်ယုတ်မာမှုများကိုပြုခဲ့သော်လည်း ခွင့်လွှတ်ခံရခြင်းသည် ကြီးမားသောကရုဏာပါတကား။ ယေဟောဝါက “ဆိုးသောသူအား ‘သင်သည် စင်စစ်အသေခံရလိမ့်မည်’ ဟုငါဆိုသော်လည်း ထိုသူသည် မိမိဒုစရိုက်ကိုရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုလျက်၊ ပြုမိသောဒုစရိုက်အပြစ်တစ်စုံတစ်ခုကိုမျှ သူ၌မတင်၊ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုသောကြောင့် စင်စစ်အသက်ရှင်ရလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (ယေဇကျေလ ၃၃:၁၄၊ ၁၆။ ၂ ရာဇဝင်ချုပ် ၃၃:၁-၆၊ ၁၀-၁၃) တစ်နေ့တည်းတွင်ပင် ခုနစ်ကြိမ်တိုင်၊ အကြိမ်ခုနစ်ဆယ်ခုနစ်လီအထိ ခွင့်လွှတ်ရန် ယေရှုတိုက်တွန်းခဲ့စဉ် ကိုယ်တော်သည် ယေဟောဝါကို ရောင်ပြန်ဟပ်နေတော်မူခြင်းဖြစ်သည်။—ဆာလံ ၁၀၃:၈-၁၄။ မဿဲ ၁၈:၂၁၊ ၂၂။ လုကာ ၁၇:၄။
ခံစားတတ်သောဘုရားသခင်
၇။ ဂရိဘုရားများနှင့် ယေဟောဝါသည် အဘယ်နည်းဖြင့်ကွာခြားသနည်း။ အဘယ်ထူးမြတ်သောအခွင့်အရေးကို ကျွန်ုပ်တို့ရရှိထားသနည်း။
၇ အဲပီကျူရီယန်းစသည့် ဂရိအတွေးအခေါ်ပညာရှင်များသည် ဘုရားများတွင် ယုံကြည်ကြသော်လည်း ယင်းတို့သည် မြေကြီးမှဝေးလံကွာလှမ်းလွန်းသဖြင့် လူကို စိတ်မဝင်စား၊ ထိခိုက်ခံစားချက်များရှိမည်မဟုတ်ဟူ၍ ယူမှတ်ကြသည်။ ယေဟောဝါရှင်နှင့် ကိုယ်တော်၏သစ္စာနှံသက်သေခံများစပ်ကြားရှိ ပေါင်းသင်းမှုမူကား ကွာခြားလှသည်တကား။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် မိမိလူစုကို နှစ်သက်တော်မူ၏။” (ဆာလံ ၁၄၉:၄) ရေလွှမ်းမိုးဘေးမတိုင်မီက လူဆိုးများသည် ကိုယ်တော်ကိုနောင်တရစေခဲ့၍ “နှလုံးတော် ပူပန်” စေတော်မူခဲ့သည်။ ဣသရေလလူမျိုးသည် သစ္စာမဲ့သောကြောင့် ယေဟောဝါစိတ်တော်နာစရာအကြောင်းပေါ်ခဲ့သည်။ နာခံမှုမရှိခြင်းအားဖြင့် ခရစ်ယာန်များသည် ယေဟောဝါ၏စိတ်တော်ကို ဝမ်းနည်းစေနိုင်သကဲ့သို့ သစ္စာတည်ကြည်မှုအားဖြင့် စိတ်တော်ရွှင်လန်းစေနိုင်သည်။ မြေကြီးပေါ်ရှိ ပါမွှားမျှသာဖြစ်သောလူသားသည် စကြဝဠာ၏ဖန်ဆင်းရှင်ကို စိတ်နာစေနိုင်ကြောင်း၊ စိတ်ရွှင်လန်းစေနိုင်ကြောင်း သိရှိရခြင်းသည် အလွန်အံ့အားသင့်စရာပါတကား။ ကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုမူတော်မူသမျှကိုထောက်ရှု၍ စိတ်တော်ကိုရွှင်လန်းစေခြင်းသည် ထူးမြတ်လှသောအခွင့်အရေးပါတကား။—ကမ္ဘာဦး ၆:၆။ ဆာလံ ၇၈:၄၀၊ ၄၁။ သု၊ ၂၇:၁၁။ ဟေရှာယ ၆၃:၁၀။ ဧဖက် ၄:၃၀။
၈။ ယေဟောဝါနှင့်လွတ်လပ်စွာပြောဆိုခွင့်ကို အာဗြဟံ မည်သို့အသုံးပြုခဲ့သနည်း။
၈ ယေဟောဝါ၏မေတ္တာတော်ကြောင့် ကျွန်ုပ်တို့ “လွတ်လပ်စွာပြောဆိုခွင့်” ရှိကြောင်း ဘုရားသခင်၏နှုတ်ကပါဌ်တော်ကတင်ပြပါသည်။ (၁ ယောဟန် ၄:၁၇၊ ကဘ) သောဒုံမြို့ကိုဖျက်ဆီးခြင်းငှာ ယေဟောဝါကြွတော်မူချိန်တွင် အာဗြဟံ၏အတွေ့အကြုံကို သတိပြုပါ။ အာဗြဟံက ယေဟောဝါအား “ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော။ ထိုမြို့တွင် ဖြောင့်မတ်သောသူ ငါးဆယ်ရှိလျှင် ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူငါးဆယ်ပါသောမြို့ကို သူတို့အတွက် မနှမြောဘဲ ဖျက်ဆီးတော်မူမည်လော။ . . . ကိုယ်တော်နှင့် ဝေးပါစေသတည်း။ မြေကြီးလုံးကိုစီရင်တော်မူသောသခင်သည် တရားသဖြင့်ပြုတော်မူမည်မဟုတ်လော” ဟုလျှောက်ခဲ့သည်။ ဘုရားသခင်အား ပြောဝံ့ပါသည်တကား။ သို့ဖြစ်၍ပင် ဖြောင့်မတ်သောသူ ၅၀ ရှိမည်ဆိုလျှင် သောဒုံမြို့ကို မဖျက်ဆီးပါဟု ယေဟောဝါသဘောတူညီတော်မူခဲ့သည်။ ဆက်၍ အာဗြဟံသည် အရေအတွက် ၅၀ မှ ၂၀ အထိလျှော့ချသည်။ အတင်းအကြပ်တောင်းဆိုခြင်းဖြစ်နေမည်ကို သူစိုးရိမ်မိ၍ သူက “အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်။ သည်တစ်ကြိမ် အကျွန်ုပ်လျှောက်ပါရစေဦး။ ထိုမြို့၌ တစ်ဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်” ဟုပြောဆိုသည်။ တစ်ဖန်ယေဟောဝါအလျှော့ပေးတော်မူ၍ “တစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်” ဟုမိန့်တော်မူသည်။—ကမ္ဘာဦး ၁၈:၂၃-၃၃။
၉။ ယေဟောဝါသည် အာဗြဟံအား အဘယ်ကြောင့်ထိုသို့ပြောဆိုခွင့်ပြုသနည်း။ ယင်းကိစ္စမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရသနည်း။
၉ ယေဟောဝါရှင်သည် အာဗြဟံအား ဤမျှလွတ်လပ်စွာပြောဆိုခွင့် အဘယ်ကြောင့်ပေးတော်မူသနည်း။ တစ်ကြောင်းမှာ၊ အာဗြဟံသည် စိတ်ဒုက္ခရောက်နေကြောင်းကို ယေဟောဝါသိတော်မူသည်။ အာဗြဟံ၏တူ လောတသည် သောဒုံမြို့တွင်နေထိုင်၍ သူ့လုံခြုံမှုအတွက် အာဗြဟံစိုးရိမ်နေသည်။ ထို့ပြင် အာဗြဟံသည် ဘုရားသခင်၏မိတ်ဆွေလည်းဖြစ်သည်။ (ယာကုပ် ၂:၂၃) တစ်ဦးတစ်ယောက်သည် ကျွန်ုပ်တို့အားကြမ်းတမ်းစွာပြောဆိုခဲ့လျှင်၊ အထူးသဖြင့် ထိုသူသည် စိတ်လှုပ်ရှားခြင်း၏ ဖိစီးမှုကိုခံနေရသော မိတ်ဆွေတစ်ဦးဖြစ်လျှင် သူ၏စကားနောက်ဝယ် သူ၏ခံစားချက်များကို ဝေဖန်ခန့်မှန်းကြည့်ကာ ခွင့်လွှတ်နိုင်ရန် ကြိုးစားပါသလော။ အာဗြဟံအား ယေဟောဝါရှင်သည် နားလည်မှုပြခဲ့သည်နည်းတူ ကိုယ်တော်နှင့် လွတ်လပ်စွာစကားပြောဆိုခဲ့လျှင် ကျွန်ုပ်တို့အားလည်း ထပ်တူဆက်ဆံမည်ကို သိထားရခြင်းကား စိတ်သက်သာမှုရရှိစေသည်မဟုတ်လော။
၁၀။ လွတ်လပ်စွာပြောဆိုခွင့်သည် ဆုတောင်းရာတွင် မည်သို့အထောက်အကူပြုသနည်း။
၁၀ အထူးသဖြင့် စိတ်ပျက်၍ ပူပန်သောကများနေသည့်အခါ ကျွန်ုပ်တို့၏ “ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား” အဖြစ်ကိုယ်တော့်ထံချဉ်းကပ်၍ ကိုယ်တော်အား ရင်ဖွင့်လိုချိန်တွင် ဤလွတ်လပ်စွာပြောဆိုခွင့်ကို လိုလားတောင့်တမိသည်။ (ဆာလံ ၅၁:၁၇။ ၆၅:၂၊ ၃) နှုတ်ဖြင့်မဖော်ပြတတ်သည့်အခါမျိုးတွင်ပင် “နှုတ်မမြွက်နိုင်သောညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ” ၍ယေဟောဝါနားညောင်းတော်မူသည်။ ကျွန်ုပ်တို့အကြံအစည်ကို ကိုယ်တော်သိတော်မူ၏။ “အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင်နားလည်တော်မူ၏။ အကျွန်ုပ်စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် အကြွင်းမဲ့သိတော်မူ၏။” သို့ဖြစ်သည့်တိုင် ကျွန်ုပ်တို့ဆက်၍တောင်းနေရမည်၊ ဆက်၍ရှာနေရမည်၊ ဆက်၍ခေါက်နေရပါမည်။—ရောမ ၈:၂၆။ ဆာလံ ၁၃၉:၂၊ ၄။ မဿဲ ၇:၇၊ ၈။
၁၁။ ယေဟောဝါသည် ကျွန်ုပ်တို့ကို အမှန်ပင်အရေးစိုက်ကြောင်း မည်သို့ထင်ရှားသနည်း။
၁၁ ယေဟောဝါရှင်သည် အရေးစိုက်တော်မူ၏။ ကိုယ်တော်ဖန်ဆင်းထားတော်မူသောသက်ရှိများအတွက် လိုအပ်ရာတို့ကို ပြုစုစီရင်ထားတော်မူသည်။ “ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော်ကိုမျှော်ကြည့်ကြ၍ အချိန်တန်မှ သူတို့ကိုကျွေးမွေးတော်မူ၏။ လက်တော်ကိုဖွင့်၍ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။” (ဆာလံ ၁၄၅:၁၅၊ ၁၆) ချုံတောရှိ ကျေးငှက်များကို ကျွေးမွေးပြုစုတော်မူသည်ကိုလည်းကောင်း၊ တောနှင်းပွင့်များကို တင့်တယ်စွာဆင်ယင်ထားတော်မူသည်ကိုလည်းကောင်း သတိပြုကြရန် ကျွန်ုပ်တို့အားကြားပြောပါသည်။ ယင်းတို့အတွက် ဘုရားသခင်ပြုတော်မူသည်ထက်မက ကျွန်ုပ်တို့အတွက် ပြုပေးတော်မူလိမ့်မည်ဟု ယေရှုထပ်ဆင့်မိန့်တော်မူသည်။ သို့ဖြစ်၍ အဘယ်ကြောင့် စိုးရိမ်ပူပန်သင့်သနည်း။ (တရားဟောရာ ၃၂:၁၀။ မဿဲ ၆:၂၆-၃၂၊ ၁၀:၂၉-၃၁) ၁ ပေတရု ၅:၇ ကလည်း “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့” ဟုတိုက်တွန်းထားသည်။
“ဘုရားသခင်၏ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်တော်”
၁၂၊ ၁၃။ ယေဟောဝါကို ကိုယ်တော်၏ဖန်ဆင်းခြင်းအားဖြင့်လည်းကောင်း၊ သမ္မာကျမ်းစာပါ ကိုယ်တော်၏စီရင်ချက်များအားဖြင့်လည်းကောင်း သိမြင်နိုင်သည့်အပြင် ကိုယ်တော်ကို အခြားမည်သည့်နည်းဖြင့် သိမြင်ကြားနာနိုင်သေးသနည်း။
၁၂ ယေဟောဝါဘုရားသခင်ကို ကိုယ်တော်၏ဖန်ဆင်းခြင်းအားဖြင့် သိမြင်နိုင်သည်။ သမ္မာကျမ်းစာပါ ကိုယ်တော်၏စီရင်ချက်များကိုဖတ်ရှုခြင်းအားဖြင့်လည်း သိမြင်နိုင်သည်။ ထို့ပြင် ယေရှုခရစ်တော်နှင့်ပတ်သက်၍ မှတ်တမ်းတင်ထားသော မိန့်တော်မူချက်များနှင့် ပြုမူဆောင်ရွက်မှုများမှလည်း ကိုယ်တော်ကိုသိမြင်နိုင်ပါသည်။ ယောဟန် ၁၂:၄၅ တွင် ယေရှုကိုယ်တော်တိုင် ဤသို့မိန့်တော်မူသည်။ “ငါ့ကိုကြည့်မြင်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကိုကြည့်မြင်၏။” တစ်ဖန် ယောဟန် ၁၄:၉ တွင် “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။” ကောလောသဲ ၁:၁၅ ကဤသို့ဆိုသည်။ “[ယေရှု] သည် မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်၏။” ဟေဗြဲ ၁:၃ ကြွေးကြော်သည်ကား၊ “[ယေရှု] သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်” ၏ဟုဆိုသည်။
၁၃ ရွေးနှုတ်ဖိုးအဖြစ် သားတော်ကို ယေဟောဝါစေလွှတ်တော်မူသည်သာမက နှုတ်အားဖြင့်လည်းကောင်း၊ အကျင့်အကြံအားဖြင့်လည်းကောင်း ပုံသက်သေချမှတ်ပေးခြင်းငှာ စေလွှတ်တော်မူခဲ့သည်။ ယောဟန် ၁၂:၅၀ တွင်ကိုယ်တော်က “ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်” ဟုမိန့်တော်မူ၏။ ကိုယ်တော်သည် ထင်ရာစိုင်းတော်မူသည်မဟုတ်ဘဲ ဘုရားသခင်စေခိုင်းရာကို ပြုလုပ်တော်မူခဲ့သည်။ ယောဟန် ၅:၃၀ တွင်ကိုယ်တော်က “ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်” ဟုမိန့်တော်မူခဲ့သည်။—ယောဟန် ၆:၃၈။
၁၄။ (က) ယေရှုသည် အဘယ်အရာများကို တွေ့မြင်တော်မူခဲ့သဖြင့် အလွန်သနားသောစိတ်ဖြစ်ပေါ်လာသနည်း။ (ခ) ယေရှု၏ဟောပြောပုံက လူတို့အား ကိုယ်တော်ထံ အဘယ်ကြောင့်စုဝေးစေသနည်း။
၁၄ နူနာစွဲသူ၊ မသန်မစွမ်းသူ၊ နားပင်းသူ၊ မျက်မမြင်သူ၊ နတ်ဆိုးစွဲသူနှင့် သေသူအတွက် ပူဆွေးနေသူများကို ယေရှုတွေ့မြင်တော်မူခဲ့သည်။ အလွန်သနားသောစိတ်ကြောင့် ဖျားနာသူများကို ရောဂါကုသပေး၍ လူသေတို့ကို ထမြောက်စေတော်မူခဲ့သည်။ ဝိညာဉ်ရေးအရလည်း လူပရိသတ်သည် အားကိုးရာမဲ့ ပင်ပန်းနေကြသည်ကိုမြင်တော်မူ၍ သူတို့အား များစွာသွန်သင်ပို့ချတော်မူခဲ့သည်။ တိကျမှန်ကန်သောစကားလုံးများဖြင့်သာမက စွဲမက်ဖွယ်စကားလုံးများဖြင့် နှလုံးပါပါ သွန်သင်တော်မူခဲ့ရာ လူတို့၏နှလုံး ထိမိစွဲမှတ်ကြသောကြောင့် သူတို့သည် ကိုယ်တော်ထံချဉ်းကပ်ကြ၏၊ ကိုယ်တော့်စကားကို ကြားနာလို၍ ဗိမာန်တော်သို့ စောစောရောက်လာ၏၊ ကိုယ်တော်နောက် တကောက်ကောက်လိုက်ပါ၍ ဝမ်းသာအားရစွာဖြင့် ကိုယ်တော့်စကားကိုနားစွင့်ကြ၏။ ‘ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူး’ ဟုကြွေးကြော်လျက် ကိုယ်တော်ထံလူတို့စုဝေးကြသည်။ ကိုယ်တော်၏သွန်သင်နည်းကို အလွန်အံ့သြမိန်းမောလျက်ရှိကြ၏။ (ယောဟန် ၇:၄၆။ မဿဲ ၇:၂၈၊ ၂၉။ မာကု ၁၁:၁၈။ ၁၂:၃၇။ လုကာ ၄:၂၂။ ၁၉:၄၈။ ၂၁:၃၈) ကိုယ်တော့်ရန်သူများသည် ကိုယ်တော်အား မေးခွန်းအမျိုးမျိုးမေးပြီး စကားပြောမှားစေရန် ကြိုးစားခဲ့သောအခါ သူတို့ကိုသာ အမှုပြန်ပတ်စေသဖြင့် သူတို့သည် ပါးစပ်မဖွင့်ဝံ့တော့ချေ။—မဿဲ ၂၂:၄၁-၄၆။ မာကု ၁၂:၃၄။ လုကာ ၂၀:၄၀။
၁၅။ ယေရှုဟောပြောသည့် အဓိကအချက်ကား အဘယ်နည်း။ ယင်းကို အနှံ့အပြားဟောပြောရန် အခြားသူတို့အား အဘယ်အထိပါဝင်စေတော်မူခဲ့သနည်း။
၁၅ “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ” ဟုကိုယ်တော်ကြေညာတော်မူပြီး ပရိသတ်အား “နိုင်ငံတော်ကို ရှေ့ဦးစွာရှာကြ” ရန်တိုက်တွန်းတော်မူခဲ့သည်။ “ကောင်းကင်နိုင်ငံတော် တည်လုနီး” ကြောင်းဟောပြောကြရန်၊ “လူမျိုးအပေါင်းတို့ကို တပည့်ဖြစ်စေခြင်းငှာ”၊ “မြေကြီးစွန်းတိုင်အောင်” သွား၍ ခရစ်တော်၏သက်သေများဖြစ်စေရန် လူတို့ကို စေလွှတ်တော်မူခဲ့သည်။ ယနေ့ ဤသို့အမှုဆောင်ရွက်၍ ကိုယ်တော်၏ခြေရာတော်လိုက်လျှောက်နေသော ယေဟောဝါ၏သက်သေ လေးသန်းခွဲနီးပါးရှိနေပါသည်။—မဿဲ ၄:၁၇။ ၆:၃၃။ ၁၀:၇။ ၂၈:၁၉။ တမန်တော် ၁:၈။
၁၆။ ယေဟောဝါ၏ချစ်ခြင်းမေတ္တာဂုဏ်ရည်တော်သည် မည်သို့အပြင်းအထန်စမ်းသပ်ခံခဲ့ရသနည်း။ သို့သော် ယင်းကြောင့် လူသားအတွက် အဘယ်အကျိုးဖြစ်ထွန်းခဲ့သနည်း။
၁၆ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟု ၁ ယောဟန် ၄:၈ ကကျွန်ုပ်တို့အားသိနားလည်စေသည်။ အသတ်ခံရခြင်းငှာ တစ်ပါးတည်းသောသားတော်ကို မြေကြီးပေါ်သို့ ကိုယ်တော်စေလွှတ်တော်မူခဲ့ချိန်တွင် ကိုယ်တော်၏ ဤထူးခြားသောဂုဏ်ရည်တော်သည် တွေးမိသမျှတွင် အပြင်းပြဆုံးညှဉ်းပန်းစမ်းသပ်ခံခဲ့ရသည်။ အပြင်းအထန်စမ်းသပ်ခံရလျှင် ကိုယ်တော်အား သမာဓိရှိမည့်သူများ ကမ္ဘာပေါ်ကျန်ရှိလိမ့်မည်မဟုတ်ဟု ယေဟောဝါရှေ့တော်တွင်ပြုသော စာတန်၏စိန်ခေါ်ချက်သည် အလွန်မှားကြောင်း ယေရှုသက်သေထူခဲ့သော်လည်း ချစ်မြတ်နိုးရသော ဤသားတော်ခံရသည့်ဝေဒနာနှင့် ကောင်းကင်ခမည်းတော်ထံ သူ၏ အသနားခံ ပန်ကြားချက်များသည် ယေဟောဝါအတွက် ပြင်းထန်သောဝေဒနာခံစားခဲ့ရမည်မှာအမှန်။ ယေရှုစွန့်လွှတ်ခဲ့သမျှတို့ကိုလည်း ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်သင့်သည်။ အကြောင်းမှာ ကိုယ်တော်ကို စေလွှတ်တော်မူခဲ့ခြင်းသည် ကျွန်ုပ်တို့အတွက် အသေခံခြင်းငှာဖြစ်သည်။ (ယောဟန် ၃:၁၆) ယင်းသည်လည်း လွယ်လင့်တကူ အလျင်အမြန်အသက်ထွက်သော သေခြင်းမျိုးမဟုတ်။ ဘုရားသခင်နှင့်ယေရှုတို့၏ စွန့်လွှတ်ခဲ့သမျှကို တန်ဖိုးထားတတ်ရန်၊ သို့ဖြင့် ကျွန်ုပ်တို့အဖို့ မည်မျှစွန့်လွှတ်တော်မူခဲ့သည်ကို ကောင်းစွာသဘောပေါက်နိုင်ရန် သမ္မာကျမ်းစာမှတ်တမ်းတင်ထားသည့် အဖြစ်အပျက်များကို ဆန်းစစ်လေ့လာကြည့်ကြစို့။
၁၇-၁၉။ ရင်ဆိုင်ရလတ္တံ့သောစုံစမ်းခြင်းအကြောင်းကို ယေရှုမည်သို့ဖော်ပြတော်မူသနည်း။
၁၇ ဖြစ်ပျက်မည့်အမှုများအကြောင်း အနည်းဆုံးလေးကြိမ်တိုင် တမန်တော်များအား ယေရှုဖော်ပြပါသည်။ မဖြစ်ပျက်မီ ရက်အနည်းငယ်တွင် ကိုယ်တော်က “ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကိုစီရင်၍ တစ်ပါးအမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်။ သူတို့သည်လည်း လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ အသေသတ်ခြင်းကိုပြုကြလိမ့်မည်” ဟုမိန့်တော်မူသည်။—မာကု ၁၀:၃၃၊ ၃၄။
၁၈ ကိုယ်တော်တွေ့ကြုံရမည့် အကြပ်အတည်းကိုလည်းကောင်း၊ ရောမလူမျိုး၏ ရက်စက်ကြမ်းကြုတ်မှုကိုလည်းကောင်း ယေရှုကြိုတင်သိထားတော်မူသည်။ ရိုက်နှက်ရာကြာပွတ်၏ သားရေကြိုးများကြားတွင် သံလုံးငယ်များနှင့် သိုးအရိုးများချည်ထားတတ်သည်။ ထိုကြောင့် ဆက်တိုက်ရိုက်စဉ် ကျောကုန်းနှင့်ခြေထောက်များသည် သွေးသံရဲသောအသားမြောင်းများဖြစ်လာလေ့ရှိသည်။ ရင်ဆိုင်ရလတ္တံ့သော စုံစမ်းခြင်းကြောင့် ကိုယ်တော်မည်မျှစိုးရိမ်ပူပန်နေကြောင်းကို ထိုသို့မဖြစ်မီ လအနည်းငယ်က လုကာ ၁၂:၅၀ (သက) ပါစကားများဖြင့် ယေရှုဖော်ပြတော်မူခဲ့သည်။ “ငါခံယူရမည့် ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှုကို ဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ်ဒုက္ခရောက်လှ၏။”
၁၉ အချိန်နီးကပ်လာလေ စိုးရိမ်စိတ်ပြင်းထန်လာလေဖြစ်သည်။ သို့ဖြစ်၍ ကောင်းကင်ခမည်းတော်အား ဤသို့ဖော်ပြတော်မူခဲ့သည်။ “ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ငါလျှောက်ရမည်နည်း။ ထိုအချိန်မှ အကျွန်ုပ်ကိုကယ်တင်တော်မူပါ၊ အဘ။ . . . အကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။” (ယောဟန် ၁၂:၂၇) တစ်ပါးတည်းသောသားတော်၏ ဤအသနားခံချက်ကြောင့် ယေဟောဝါမည်မျှစိတ်ထိခိုက်ခဲ့မည်ပါတကား။ ဂေသရှေမန်တွင် ကိုယ်တော်မကွယ်လွန်မီ နာရီပိုင်းအတွင်းတွင် ယေရှုသည် အလွန်စိတ်ဒုက္ခရောက်ကာ ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့အား “ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏” ဟုမိန့်တော်မူခဲ့သည်။ ထိုနောက် မိနစ်အနည်းငယ်အချိန်တွင် ယေဟောဝါထံပြုသော နောက်ဆုံးဆုတောင်းချက်၌ အသနားခံသည်ကား “‘အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်းမဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော’ ဟုဆုတောင်းတော်မူ၏။ ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း။” (မဿဲ ၂၆:၃၈။ လုကာ ၂၂:၄၂၊ ၄၄) ယင်းသည် ဆေးပညာအရ ဟဲမတီဒရိုစစ္စဖြစ်ကောင်းဖြစ်မည်။ ဤအဖြစ်မျိုး ဖြစ်ခဲသော်လည်း ကြီးမားစွာစိတ်လှုပ်ရှားသည့်အခါ ထိုသို့ဖြစ်ပျက်တတ်သည်။
၂၀။ စုံစမ်းခြင်းကို အဆုံးထိခံနိုင်ရန် ယေရှုအား အဘယ်အရာက အကူအညီပေးသနည်း။
၂၀ ဂေသရှေမန်တွင် ဤအဖြစ်အပျက်နှင့်ပတ်သက်၍ ဟေဗြဲ ၅:၇ ဆိုသည်မှာ “ခရစ်တော်သည် လူဇာတိအဖြစ်၌နေစဉ်ကာလ၊ သေခြင်းမှကယ်လွှတ်နိုင်တော်မူသောသူကို ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပတ္ထနာပြုသဖြင့် ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်” ဟုဆိုသည်။ “သေခြင်းမှကယ်လွှတ်နိုင်တော်မူသောသူ” သည် ကိုယ်တော်အား သေခြင်းမှလွတ်မြောက်စေတော်မမူသည့်အတွက် သူဆုပတ္ထနာပြုပြီးနောက် အဘယ်နည်းဖြင့် ချမ်းသာရတော်မူခဲ့သနည်း။ လုကာ ၂၂:၄၃ ကအဖြေပေးသည်။ “ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကိုအားပေးရ၏။” ပြင်းထန်သောစုံစမ်းခြင်းကို ယေရှုခံနိုင်မည်အကြောင်း ဘုရားသခင်စေလွှတ်တော်မူသောကောင်းကင်တမန်သည် ခွန်အားပေးခြင်းဖြင့် ကိုယ်တော့်ဆုတောင်းချက်ကို ပြည့်စုံစေခဲ့သည်။
၂၁။ (က) စုံစမ်းခြင်းကို ယေရှုအောင်မြင်စွာခံနိုင်ခဲ့ကြောင်း အဘယ်အရာကတင်ပြသနည်း။ (ခ) ကျွန်ုပ်တို့ခံရသောစုံစမ်းခြင်းများသည် ပြင်းထန်လာသည့်အခါ မည်သို့ပြောဆိုနိုင်လိုကြမည်နည်း။
၂၁ ဖြစ်ပျက်လာသည့်အမှုက ထိုသို့အမှန်ဖြစ်ကြောင်း ထင်ရှားစေသည်။ ယေရှုသည် အကြိတ်အနယ်ရုန်းကန်တိုက်လှန်ပြီးနောက် ထ၍ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ ထံသို့သွားကာ “ထကြ။ ငါတို့သည်သွားကြကုန်အံ့” ဟုမိန့်တော်မူသည်။ (မာကု ၁၄:၄၂) တစ်နည်းအားဖြင့်ဆိုလျှင် ကိုယ်တော်က ‘ငါအနမ်းခံပြီး အပ်နှံခံတော့မယ်၊ ဆူပူသူတွေ လာဖမ်းတာကိုခံပြီး မတရားစီရင်ခံလိုက်မယ်၊ အပြစ်မရှိဘဲ သေဒဏ်ခံဖို့၊ ပြက်ရယ်ပြုတာ၊ တံတွေးထွေးတာ၊ ထိုးနှက်တာ၊ နှက်တိုင်ပေါ်တင်ပြီး သံရိုက်တာတွေကိုခံဖို့ ငါသွားမယ်’ ဟုမိန့်ဆိုနေတော်မူခြင်းဖြစ်သည်။ ကိုယ်တော်သည် ခြောက်နာရီတိုင် မချိမဆန့်အနာခံပြီး တွဲလွဲဆွဲခံနေရသော်လည်း အဆုံးထိတိုင် ခံနိုင်ရည်ရှိတော်မူခဲ့သည်။ အသက်ထွက်စဉ်တွင် အောင်မြင်စွာဖြင့် ကိုယ်တော်က “အမှုပြီးပြီ” ဟုကြွေးကြော်နိုင်တော်မူခဲ့သည်။ (ယောဟန် ၁၉:၃၀) ကိုယ်တော်သည် တည်ကြည်မြဲမြံကာ ယေဟောဝါ၏စိုးပိုင်တော်မူသောအခွင့်ကို ထောက်ခံရာတွင် သစ္စာသမာဓိစောင့်သိတော်မူခဲ့သည်။ ကမ္ဘာမြေကြီးပေါ်တွင် ကိုယ်တော်အား ယေဟောဝါ ပြုစေလိုတော်မူသမျှအမှု အကုန်အစင်ကို ကိုယ်တော်အပြီးအပြည့် ဆောင်ရွက်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် သေဆုံးသည့်အခါ၊ သို့မဟုတ် အာမဂေဒုန်ဖြစ်သည့်အခါ ယေဟောဝါအပ်နှင်းထားသော တာဝန်များနှင့်ပတ်သက်၍ “အမှုပြီးပြီ” ဟုပြောဆိုနိုင်ကြပါမည်လော။
၂၂။ ယေဟောဝါ၏အသိပညာသည် မည်မျှပျံ့နှံ့မည်အကြောင်း ဘာကဖော်ပြသနည်း။
၂၂ မည်သို့ဆိုစေကာမူ ယေဟောဝါ၏အလျင်အမြန်နီးကပ်လာနေသော ကန့်သတ်ထားရာအချိန်တွင် “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုသိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်” အကြောင်း စိတ်ချနိုင်ပါသည်။—ဟေရှာယ ၁၁:၉။
သင်မှတ်မိသလော
◻ သိရှိသည်၊ အသိပညာရှိသည်အဓိပ္ပာယ်ကား အဘယ်နည်း။
◻ ယေဟောဝါ၏ကရုဏာနှင့် ခွင့်လွှတ်ခြင်းသဘောတော်အကြောင်း ကိုယ်တော်၏နှုတ်ကပါဌ်တော်မှ ကျွန်ုပ်တို့မည်သို့သိရှိရသနည်း။
◻ ယေဟောဝါနှင့်လွတ်လပ်စွာပြောဆိုခွင့်ကို အာဗြဟံ မည်သို့အသုံးပြုခဲ့သနည်း။
◻ ယေရှုကိုထောက်ရှုကာ ကိုယ်တော်၌ ယေဟောဝါ၏ အရည်အချင်းများကို အဘယ်ကြောင့်တွေ့မြင်နိုင်သနည်း။