ကျွန်ုပ်တို့၏ယုံကြည်ခြင်း၌ မြင့်မြတ်သောအကျင့်သီလကို မည်သို့ဖြည့်စွက်နိုင်မည်နည်း
“သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို အကျင့်သီလဖြင့် . . . ထပ်လောင်းဖြည့်စွက်ပေး . . . ကြလော့။” —၂ ပေတရု ၁:၅၊ သက။
၁၊ ၂။ ယေဟောဝါ၏လူမျိုးတော်သည် မြင့်မြတ်သောအကျင့်သီလရှိမည်ဟု အဘယ်ကြောင့်မျှော်လင့်သင့်သနည်း။
ယေဟောဝါသည် မြင့်မြတ်သောအကျင့်သီလနှင့်အညီ အမြဲပြုမူတော်မူ၏။ ဖြောင့်မတ်မှန်ကန်သည့် ကောင်းမှုကို ကိုယ်တော်ပြုတော်မူ၏။ ထိုကြောင့် တမန်တော်ပေတရုက ‘ဘုန်းတော်၊ မြင့်မြတ်သောအကျင့်သီလတော်အလျောက်’ ဘိသိက်ခံခရစ်ယာန်များကို ခေါ်တော်မူသောအရှင်ဟူ၍ ဘုရားသခင်အကြောင်း ပြောဆိုနိုင်ခြင်းဖြစ်သည်။ မြင့်မြတ်သောအကျင့်သီလရှိ ကောင်းကင်ခမည်းတော်၏ တိကျမှန်ကန်သောအသိပညာက ဘုရားရေးရာဆက်ကပ်အပ်နှံသည့် ဘဝလမ်းစဉ်စစ်ကိုလိုက်လျှောက်ခြင်းငှာ လိုအပ်ရာများကို သိမြင်နားလည်စေခဲ့ပါသည်။—၂ ပေတရု ၁:၂၊ ၃၊ သက။
၂ “ဘုရားသခင်၏ချစ်သား ဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့” ဟုတမန်တော်ပေါလုက ခရစ်ယာန်များကို တိုက်တွန်းပါသည်။ (ဧဖက် ၅:၁) သူတို့၏ကောင်းကင်ခမည်းတော်နည်းတူ ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူများသည် မည်သည့်အခြေအနေမျိုးတွင်မဆို မြင့်မြတ်သောအကျင့်သီလရှိစွာ ပြုမူသင့်သည်။ သို့သော် မြင့်မြတ်သောအကျင့်သီလမည်သည်ကား အဘယ်နည်း။
မြင့်မြတ်သောအကျင့်သီလကား အဘယ်နည်း
၃။ “မြင့်မြတ်သောအကျင့်သီလ” ကို မည်သို့ဖော်ပြထားသနည်း။
၃ ခေတ်သစ် အဘိဓာန်ကျမ်းများက “မြင့်မြတ်သောအကျင့်သီလ” ကို “စာရိတ္တမွန်မြတ်ခြင်း၊ ကောင်းမွန်ခြင်း” ဟုဖော်ပြပါသည်။ ယင်းသည် “မှန်ကန်စွာ ပြုမူစဉ်းစားခြင်း၊ စာရိတ္တကောင်းမွန်ခြင်းဖြစ်သည်။” မြင့်မြတ်သောအကျင့်သီလရှိသူသည် ဖြောင့်မတ်၏။ မြင့်မြတ်သောအကျင့်သီလကို “မှန်ကန်သောစံချိန်နှင့်ညီခြင်း” ဟူ၍လည်း ဖော်ပြသေးသည်။ ခရစ်ယာန်များနှင့်စပ်လျဉ်း၍ “မှန်ကန်သောစံချိန်” ကိုဘုရားသခင်ဆုံးဖြတ်တော်မူ၍ ယင်းကို ကိုယ်တော်၏မြင့်မြတ်သောနှုတ်ကပါဌ်တော် သမ္မာကျမ်းစာတွင် ရှင်းပြထားပါသည်။
၄။ ဖွံဖြိုးတိုးတက်ရန် ခရစ်ယာန်များကြိုးစားရမည့် အဘယ်အရည်အချင်းများကို ၂ ပေတရု ၁:၅-၇ တွင်ဖော်ပြထားသနည်း။
၄ စစ်မှန်သောခရစ်ယာန်များသည် ယေဟောဝါဘုရားသခင်၏ ဖြောင့်မတ်သောစံချိန်များနှင့်အညီ အသက်ရှင်ကြသည်။ ယုံကြည်ခြင်းတင်ပြကြခြင်းဖြင့် ကိုယ်တော်၏အဖိုးတန် ကတိတော်များကို တုံ့ပြန်ကြပါသည်။ “သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို အကျင့်သီလဖြင့်လည်းကောင်း၊ အကျင့်သီလကို အသိပညာဖြင့်လည်းကောင်း၊ အသိပညာကို ကာမဂုဏ်ချုပ်တည်းခြင်းဖြင့်လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းကို ခံနိုင်ရည်ရှိခြင်းဖြင့်လည်းကောင်း၊ ခံနိုင်ရည်ရှိခြင်းကို ဘုရားဝတ်၌မွေ့လျော်ခြင်းဖြင့်လည်းကောင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းကို ညီရင်းအစ်ကိုသဘောထားဖြင့်လည်းကောင်း၊ ညီရင်းအစ်ကိုသဘောထားကို ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း ထပ်လောင်းဖြည့်စွက်ပေးရန် အစွမ်းကုန်ကြိုးစားကြလော့” ဟူသောပေတရု၏သြဝါဒကိုလည်း သူတို့လိုက်နာကြပါသည်။ (၂ ပေတရု ၁:၅-၇၊ သက) ခရစ်ယာန်တစ်ဦးသည် ဤအရည်အချင်းများကို ဖွံဖြိုးတိုးတက်စေရန် ကြိုးစားအားထုတ်ရမည်။ ယင်းကို ရက်အနည်းငယ်၊ သို့မဟုတ် နှစ်အနည်းငယ်အတွင်း ပြုလုပ်နိုင်သည်မဟုတ်ပါ။ တစ်သက်တာပတ်လုံး ဆက်ကြိုးစားနေရန်လိုပါသည်။ ကျွန်ုပ်တို့ယုံကြည်ခြင်းကို မြင့်မြတ်သောအကျင့်သီလ ထပ်လောင်းဖြည့်စွက်ပေးခြင်းကိုယ်နှိုက်ပင် စိန်ခေါ်ချက်တစ်ခုဖြစ်သည်တကား။
၅။ ကျမ်းစာရှုထောင့်မှ မြင့်မြတ်သောအကျင့်သီလကား အဘယ်နည်း။
၅ “မြင့်မြတ်သောအကျင့်သီလ” ဟုပြန်ဆိုသည့် ဂရိစကားလုံး၏ ကနဦးဂန္တဝင်မြောက်သဘောက “မည်သည့်ထူးချွန်မှုမျိုးမဆိုဖြစ်သည်” ဟုအဘိဓာန်ပြုစုသူ အမ်၊ အာရ်၊ ဗင်စင့်တ်ပြောပါသည်။ ခရစ်ယာန်များသည် ဘုရားသခင်၏ “ဂုဏ်ကျေးဇူးတော်များ” သို့မဟုတ် မြင့်မြတ်သောအကျင့်သီလများကို ဖော်ပြရမည်ဟုဆိုသောအခါ ယင်း၏ဗဟုဝုစ်ကိန်းကို ပေတရုအသုံးပြုခဲ့ပါသည်။ (၁ ပေတရု ၂:၉) ကျမ်းစာရှုထောင့်မှ မြင့်မြတ်သောအကျင့်သီလမည်သည် ပြုသမျှခံသည့်သဘောမဟုတ် “ကျင့်ဝတ်ဆိုင်ရာခွန်အား၊ ကျင့်ဝတ်ဆိုင်ရာစွမ်းအင်၊ ကြံ့ခိုင်သောသဘော” ကိုဆိုလိုပါသည်။ မြင့်မြတ်သောအကျင့်သီလကိုဖော်ပြရာတွင် ဘုရားသခင့်ကျေးကျွန်များတင်ပြ၍ ထိန်းသိမ်းထားရမည်ဖြစ်သည့် ကျင့်ဝတ်ဆိုင်ရာ သတ္တိပြောင်မြောက်သော ထူးချွန်မှုကို ပေတရုရည်စူးနေသည်။ သို့ရာတွင် ကျွန်ုပ်တို့မစုံလင်သည့်အတွက် ဘုရားသခင့်မျက်မှောက်တော်တွင် မြင့်မြတ်သောအကျင့်သီလရှိသောအမှုကို အမှန်ပြုနိုင်ပါမည်လော။
မစုံလင်သော်လည်း မြင့်မြတ်သောအကျင့်သီလရှိ
၆။ ကျွန်ုပ်တို့သည် မစုံလင်သော်လည်း ဘုရားသခင့်မျက်မှောက်တော်တွင် မြင့်မြတ်သောအကျင့်သီလရှိသောအမှုကို ပြုနိုင်ပါသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၆ မစုံလင်မှုနှင့်အပြစ်တရားကို ကျွန်ုပ်တို့အမွေရထားကြသည်။ ထိုကြောင့် ဘုရားသခင့်မျက်မှောက်တော်တွင် မြင့်မြတ်သောအကျင့်သီလရှိသောအမှုကို မည်သို့အမှန်ပြုနိုင်ပါမည်နည်းဟု စဉ်းစားပေမည်။ (ရောမ ၅:၁၂) မြင့်မြတ်သောအကျင့်သီလရှိသည့်အကြံအစည်၊ အပြောအဆိုနှင့်အပြုအမူများထွက်လာတတ်သည့် စင်ကြယ်သောနှလုံးရှိနိုင်ကြရန် ယေဟောဝါ၏အကူအညီကို ကျွန်ုပ်တို့အမှန်တကယ်လိုအပ်နေပါသည်။ (လုကာ ၆:၄၅ နှိုင်းယှဉ်။) ဗေသရှေဘနှင့်ပြစ်မှားပြီးနောက် နောင်တရသော ဆာလံဆရာဒါဝိဒ်သည် ဤသို့တောင်းပန်ပါသည်။ “အိုဘုရားသခင်သည် အကျွန်ုပ်နှလုံးအထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါ။” (ဆာလံ ၅၁:၁၀) ဒါဝိဒ်သည် ဘုရားသခင့်ခွင့်လွှတ်ခြင်းခံရပြီး မြင့်မြတ်သောအကျင့်သီလရှိသည့်လမ်းစဉ်ကိုလိုက်လျှောက်ရန် လိုအပ်သောအကူအညီကို အထံတော်မှရရှိခဲ့သည်။ ထိုကြောင့် ကြီးလေးသောအပြစ်ပြုမိပြီးနောက် နောင်တယူကာ ဘုရားသခင့်အကူအညီနှင့်တကွ အသင်းတော်အကြီးအကဲတို့၏မစမှုကို ခံယူခဲ့ပြီဆိုလျှင် မြင့်မြတ်သောအကျင့်သီလရှိလမ်းစဉ်သို့ ပြန်လှည့်ကာ ထိုလမ်းစဉ်ပေါ် ရပ်တည်နေနိုင်ပါသည်။—ဆာလံ ၁၀၃:၁-၃၊ ၁၀-၁၄။ ယာကုပ် ၅:၁၃-၁၅။
၇၊ ၈။ (က) မြင့်မြတ်သောအကျင့်သီလဆက်ရှိနေရမည်ဆိုလျှင် အဘယ်အရာလိုသနည်း။ (ခ) မြင့်မြတ်သောအကျင့်သီလရှိခြင်းငှာ ခရစ်ယာန်များ အဘယ်အကူအညီရရှိထားသနည်း။
၇ မွေးရာပါ အပြစ်တရားကြောင့် မြင့်မြတ်သောအကျင့်သီလရှိလမ်းစဉ်အတိုင်း လိုက်လျှောက်လုပ်ကိုင်ခြင်းငှာ အတွင်းတိုက်ပွဲဆက်လက်ဆင်နွှဲနေကြရမည်။ မြင့်မြတ်သောအကျင့်သီလဆက်ရှိနေရမည်ဆိုလျှင် အပြစ်တရား၏ကျွန်များဖြစ်ရန် ဘယ်သောအခါမျှ ကိုယ့်ကိုယ်ကိုခွင့်မပြုနိုင်ပါ။ ယင်းအစား “ဖြောင့်မတ်ခြင်းတရား၏ကျွန်များ” ဖြစ်ကြကာ မြင့်မြတ်သောအကျင့်သီလရှိရှိ အမြဲစဉ်းစားပြောဆိုကျင့်ကြံနေရမည်။ (ရောမ ၆:၁၆-၂၃) ကျွန်ုပ်တို့၏သွေးသားတပ်မက်ခြင်းနှင့် အပြစ်ပြုတတ်သောယိမ်းယိုင်မှုများသည် အလွန်ပြင်းထန်၍ ယင်းတို့နှင့် ဘုရားသခင်တောင်းဆိုထားသော မြင့်မြတ်သောအကျင့်သီလရှိအရာတို့သည် အစဉ်ဆန့်ကျင်တိုက်လှန်နေပါသည်။ ထိုကြောင့် မည်သို့ပြုရမည်နည်း။
၈ တစ်ခုအနေနှင့် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် လှုပ်ရှားသောစွမ်းအား၏ ဦးဆောင်လမ်းညွှန်မှုကို ကျွန်ုပ်တို့လိုက်နာရန် လိုပါသည်။ ထိုကြောင့် ပေါလု၏ ဩဝါဒကို လိုက်နာသင့်သည်။ “ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့မလိုက်ဘဲနေကြလိမ့်မည်။ အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်သောအလိုရှိကြ၏။ တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်ဘက်ဖြစ်၍ သင်တို့သည် ကျင့်ချင်သောအကျင့်ကို မကျင့်နိုင်ကြ။” (ဂလာတိ ၅:၁၆၊ ၁၇) မှန်ပါသည်။ ဖြောင့်မှန်ရာကိုပြုမူရန် ဘုရားသခင့်ဝိညာဉ်တော်က တိုက်တွန်း၍ မှန်ကန်စွာကျင့်ကြံရန် ဘုရားသခင့်နှုတ်ကပါဌ်တော်က လမ်းပြပေးပါသည်။ ယေဟောဝါအဖွဲ့အစည်း၏ မေတ္တာပါအကူအညီနှင့် ‘သစ္စာသတိပညာရှိကျေးကျွန်’ ၏ဆုံးမသွန်သင်မှုကိုလည်း ကျွန်ုပ်တို့ခံရကြသည်။ (မဿဲ ၂၄:၄၅-၄၇) ဤနည်းဖြင့် အပြစ်သို့ယိမ်းယိုင်သောသဘောများကို အောင်မြင်စွာ တိုက်လှန်နိုင်ကြပါသည်။ (ရောမ ၇:၁၅-၂၅) မသန့်ရှင်းသောအကြံအစည်တစ်မျိုးမျိုး စိတ်ထဲဝင်လာမည်ဆိုလျှင် ချက်ချင်းထုတ်ပစ်ကာ မြင့်မြတ်သောအကျင့်သီလမရှိသော မည်သည့်နည်းဖြင့်မဆို မပြုမူမိရန် လာသမျှသွေးဆောင်မှုကို ငြင်းပယ်နိုင်ဖို့ ဘုရားသခင်ထံဆုတောင်း အကူအညီယူနိုင်ပါသည်။—မဿဲ ၆:၁၃။
မြင့်မြတ်သောအကျင့်သီလနှင့် ကျွန်ုပ်တို့၏စဉ်းစားတွေးတောမှုများ
၉။ မြင့်မြတ်သောအကျင့်သီလရှိစွာပြုမူရန် မည်သို့သောအတွေးအခေါ်မျိုး လိုသနည်း။
၉ မြင့်မြတ်သောအကျင့်သီလသည် လူတစ်ဦးစဉ်းစားပုံမှ စတင်ပါသည်။ ဘုရားသခင့်မျက်နှာသာတော်ရရန် ဖြောင့်မတ်၊ ကောင်းမွန်၍ မြင့်မြတ်သောအကျင့်သီလရှိအရာများကို စဉ်းစားတွေးတောကြရမည်။ ပေါလုက “ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့ သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသောသိတင်း တစ်ပါးပါးနှင့်ဆိုင်သော အကျင့်တို့ကိုလည်းကောင်း၊ နှလုံးသွင်းကြလော့” ဟုပြောပါသည်။ (ဖိလိပ္ပိ ၄:၈) ဖြောင့်မတ်စင်ကြယ်သောအရာများကို စိတ်စွဲလမ်းပြီး မြင့်မြတ်သောအကျင့်သီလမရှိသော မည်သည့်အရာကိုမဆို ကျွန်ုပ်တို့မနှစ်မြို့သင့်ပါ။ ပေါလု ဤသို့ဆိုနိုင်ခဲ့သည်။ “သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကိုကျင့်ကြလော့။” ကျွန်ုပ်တို့သည် ပေါလုကဲ့သို့—တွေးတောမှု၊ အပြောအဆိုနှင့်အပြုအမူတွင် မြင့်မြတ်သောအကျင့်သီလရှိ—ဖြစ်မည်ဆိုလျှင် ပုံသက်သေကောင်းသောခရစ်ယာန်များအဖြစ် အပေါင်းအသင်းကောင်းများ ဖြစ်ကြပါမည်။ ထိုအခါ ‘ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။’—ဖိလိပ္ပိ ၄:၉။
၁၀။ ၁ ကောရိန္သု ၁၄:၂၀ ကို ကိုယ်တိုင်ကျင့်သုံးခြင်းသည် မြင့်မြတ်သောအကျင့်သီလရှိနိုင်ရန် မည်သို့ကူညီပေးသနည်း။
၁၀ တွေးတောမှုတွင် မြင့်မြတ်သောအကျင့်သီလရှိစွာ ကြံစည်လို၍ ကောင်းကင်ခမည်းတော်၏အလိုတော်နှင့် တွေ့လိုကြပါက ပေါလု၏ဆုံးမစကားကို ကျင့်သုံးကြဖို့လိုပါသည်။ “သင်တို့သည် ဉာဏ်အရာ၌ သူငယ်မဖြစ်ကြနှင့်။ မတရားသောအမှုအရာ၌ နို့စို့သူငယ်ဖြစ်ကြလော့။ ဉာဏ်အရာ၌ အသက်ကြီးသောသူဖြစ်ကြလော့။” (၁ ကောရိန္သု ၁၄:၂၀) ယင်းကြောင့် ခရစ်ယာန်များအနေနှင့်ကျွန်ုပ်တို့သည် ဆိုးသွမ်းမှုကို မသိလို၊ မခံစားလိုကြပါ။ ဤနည်းဖြင့် စိတ်နှလုံးယိုယွင်းစေမည့်အစား ယင်းကိစ္စတွင် အတွေ့အကြုံမရှိ၊ သူငယ်ကဲ့သို့ အသိအမြင်နည်းသူများဖြစ်ရန် ပညာရှိစွာ ရွေးချယ်ကြမည်။ တစ်ကြိမ်တည်းတွင် စာရိတ္တယိုယွင်းခြင်းနှင့် ပြစ်မှားခြင်းသည် ယေဟောဝါ၏မျက်မှောက်တော်တွင် အပြစ်ကြီးလေးကြောင်း ကောင်းစွာနားလည်ထားကြမည်။ မြင့်မြတ်သောအကျင့်သီလရှိခြင်းအားဖြင့် ကိုယ်တော့်အလိုတော်နှင့်တွေ့ရန် စိတ်ဆန္ဒပြင်းပြခြင်းသည် ကျွန်ုပ်တို့ကို အကျိုးပေးပါမည်။ အကြောင်းမူကား၊ မသန့်ရှင်းသောအပန်းဖြေနည်းများနှင့် စာတန့်ဩဇာအောက်ရှိ ဤလောက၏ ဖောက်ပြန်ပျက်စီးသော စိတ်ကိုလွှမ်းမိုးသည့်အခြားနည်းများကိုပါ ရှောင်ကြဉ်ရန် တိုက်တွန်းပေးပါလိမ့်မည်။—၁ ယောဟန် ၅:၁၉။
မြင့်မြတ်သောအကျင့်သီလနှင့် ကျွန်ုပ်တို့၏အပြောအဆို
၁၁။ မြင့်မြတ်သောအကျင့်သီလရှိခြင်းငှာ မည်သို့သောစကားများပြောဆိုဖို့လိုသနည်း။ ယင်းနှင့်စပ်လျဉ်း၍ ယေဟောဝါဘုရားသခင်နှင့်ယေရှုခရစ်တို့မှ အဘယ်ပုံသက်သေများကျွန်ုပ်တို့ ရရှိသနည်း။
၁၁ ကျွန်ုပ်တို့၏တွေးတောမှုများသည် မြင့်မြတ်သောအကျင့်သီလရှိမည်ဆိုလျှင် ကျွန်ုပ်တို့အပြောအဆိုကို အထူးအကျိုးပြုသင့်သည်။ မြင့်မြတ်သောအကျင့်သီလရှိခြင်းငှာ သန့်ရှင်းစင်ကြယ်၊ မှန်ကန်၍ တည်ဆောက်မှုပေးသောစကားများကို ပြောဆိုရန်လိုသည်။ (၂ ကောရိန္သု ၆:၃၊ ၄၊ ၇) ယေဟောဝါရှင်သည် “သစ္စာစောင့်သောဘုရားသခင်” ဖြစ်တော်မူ၏။ (ဆာလံ ၃၁:၅) စီရင်သမျှအမှုတို့တွင် သစ္စာရှိတော်မူ၍ ကိုယ်တော်သည် မုသာမသုံးနိုင်တော်မူသောအရှင်ဖြစ်သောကြောင့် ကတိတည်တော်မူ၏။ (တောလည်ရာ ၂၃:၁၉။ ၁ ဓမ္မရာဇဝင် ၁၅:၂၉။ တိတု ၁:၂) ဘုရားသခင့်သားတော်ယေရှုခရစ်သည် “ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံ” တော်မူ၏။ မြေကြီးပေါ်ရှိစဉ် ခမည်းတော်ထံတော်မှ ရရှိသည့်အတိုင်း သမ္မာတရားကို အမြဲပြောဆိုတော်မူခဲ့သည်။ (ယောဟန် ၁:၁၄။ ၈:၄၀) ထို့ပြင် ယေရှုသည် “ဒုစရိုက်ကိုမပြု။ နှုတ်တော်၌လည်း မုသာကို ရှာမတွေ့” ပါ။ (၁ ပေတရု ၂:၂၂) ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ကျေးကျွန်များ အမှန်တကယ်ဖြစ်မည်ဆိုလျှင် “သစ္စာတည်းဟူသော ခါးပန်းကိုစည်း” ထားဘိသကဲ့သို့ မှန်ကန်စွာပြောဆို၍ ဖြောင့်မှန်စွာကျင့်ကြံပါမည်။—ဧဖက် ၅:၉။ ၆:၁၄။
၁၂။ မြင့်မြတ်သောအကျင့်သီလရှိရမည်ဆိုလျှင် မည်သို့သောစကားမျိုးကို ရှောင်ကြဉ်ရမည်နည်း။
၁၂ ကျွန်ုပ်တို့မြင့်မြတ်သောအကျင့်သီလရှိမည်ဆိုလျှင် စကားပြောဆိုနည်းအချို့ကို ရှောင်ရှားမည်။ ပေါလု၏သြဝါဒစကားသည် ကျွန်ုပ်တို့၏ အထိန်းဖြစ်လိမ့်မည်။ “ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသော မနာလိုခြင်းကိုလည်းကောင်း သင်တို့မှ ပယ်ရှားကြလော့။” “မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသောကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း စကားဖြင့်မျှ မဆက်ဆံကြနှင့်။ မတော်မလျော်သော ညစ်ညူးပျက်ပြယ်ပြက်ယယ်သော စကားများကိုလည်းပယ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။” (ဧဖက် ၄:၃၁။ ၅:၃၊ ၄) ကျွန်ုပ်တို့၏ဖြောင့်မတ်သောနှလုံးက ခရစ်ယာန် မပီသသောစကားများကို ရှောင်ကြဉ်စေသည့်အတွက် ကျွန်ုပ်တို့နှင့်ပေါင်းသင်းသူတို့သည် ပျော်ရွှင်လန်းဆန်းမှု ရရှိကြလိမ့်မည်။
၁၃။ ခရစ်ယာန်များသည် လျှာကို အဘယ်ကြောင့်ချုပ်ထိန်းရမည်နည်း။
၁၃ ဘုရားသခင့်အလိုတော်နှင့်တွေ့လိုခြင်းနှင့် မြင့်မြတ်သောအကျင့်သီလရှိစကားများကို ပြောဆိုခြင်းက လျှာကိုချုပ်ထိန်းရန် အထောက်အကူပြုလိမ့်မည်။ အပြစ်ပြုခြင်းဘက်ယိမ်းယိုင်တတ်သဖြင့် နှုတ်အားဖြင့် တစ်ခါတစ်ရံပြစ်မှားတတ်သူ ချည်းသာဖြစ်သည်။ သို့ဖြစ်၍ပင် တပည့်တော်ယာကုပ်က မြင်း “ပစပ်တွင် ဇက်ခွံ့” ပါက ညွှန်သည့်အတိုင်း သွားလာတတ်ကြသည်ဟု ဆိုပါသည်။ သို့ဖြစ်၍ လျှာကိုစောင့်စည်းကာ မြင့်မြတ်သောအကျင့်သီလရှိ နည်းအတိုင်းသာ ယင်းကိုအသုံးပြုရန် ကြိုးစားအားထုတ်သင့်သည်။ ချုပ်တည်းမှုမရှိသောလျှာသည် “ဒုစရိုက်၏လောကဓာတ်” ဖြစ်၏။ (ယာကုပ် ၃:၁-၇) ဤဘုရားတရားမဲ့လောကရှိ မကောင်းမှုတိုင်းသည် နိုင်အောင်မထိန်းထားသောလျှာကြောင့် ဖြစ်တတ်ကြပါသည်။ ယင်းကြောင့် မုသာပါသက်သေ၊ ဆဲရေးပြောဆိုခြင်းနှင့် ရှုတ်ချပြစ်တင်ခြင်း အစရှိသည့် ထိခိုက်ပျက်စီးစေသည့်အမှုများ ဖြစ်တတ်ပါသည်။ (ဟေရှာယ ၅:၂၀။ မဿဲ ၁၅:၁၈-၂၀) ထိန်းသိမ်းရခက်သောလျှာသည် ဆဲရေးတိုင်းထွာ၊ စူးရှနာကြည်းသော၊ သို့မဟုတ် အတင်းစကားများပြောဆိုမည်ဆိုလျှင် ယင်းသည် သေစေတတ်သော အဆိပ်အတောက်တို့နှင့် ပြည့်စုံနေပါသည်။—ဆာလံ ၁၄၀:၃။ ရောမ ၃:၁၃။ ယာကုပ် ၃:၈။
၁၄။ ခရစ်ယာန်များသည် စကားပြောဆိုခြင်းနှင့်ပတ်သက်၍ အဘယ်စံချိန်နှစ်မျိုးကို ရှောင်ကြဉ်ရမည်နည်း။
၁၄ ယာကုပ်တင်ပြခဲ့သကဲ့သို့ပင် ‘ယေဟောဝါကို ကောင်းချီးပေး’ ပြီးနောက် လူတို့ကို “ကျိန်ဆဲခြင်း” အားဖြင့် လျှာကိုအလွဲသုံးစားပြုခြင်းသည် မအပ်စပ်မညီညွတ်ပါ။ အစည်းအဝေးများတွင် ဘုရားသခင်အား ချီးမွမ်းခြင်းသီချင်းများ ဆိုကြပြီးနောက် အပြင်ထွက်သည်နှင့် ယုံကြည်သူချင်း၏ မကောင်းကြောင်းကို ပြောဆိုခြင်းသည် မည်မျှအပြစ်ကြီးလေးပါသည်တကား။ စမ်းရေပေါက်တစ်ပေါက်တည်းက ချိုသောရေနှင့် ခါးသောရေ မထွက်တတ်ပါ။ ကျွန်ုပ်တို့သည် ယေဟောဝါအမှုတော်ထမ်းဆောင်သူများဖြစ်မည်ဆိုလျှင် ညစ်ညမ်းသောစကားပြောဆိုသူဖြစ်မည့်အစား မြင့်မြတ်သောအကျင့်သီလရှိ စကားစမြည်တို့ကိုပြောဆိုသူဖြစ်မည်ဟု သူတစ်ပါးမျှော်လင့်ထိုက်ပေသည်။ ထိုကြောင့် ဆိုးသွမ်းသောစကားကိုရှောင်ကြဉ်၍ ကျွန်ုပ်တို့အပေါင်းအသင်းများကိုအကျိုးပြုမည့်၊ ဝိညာဉ်ရေးဘက် သူတို့အတွက် တည်ဆောက်မှုရှိစေမည့် စကားများကိုပြောဆိုရန် ရှာကြံကြစို့လေ။—ယာကုပ် ၃:၉-၁၂။
မြင့်မြတ်သောအကျင့်သီလနှင့် ကျွန်ုပ်တို့၏အပြုအမူများ
၁၅။ မရိုးသားသောနည်းလမ်းများကို ရှောင်ကြဉ်ရန် အဘယ်ကြောင့်ဤမျှအရေးကြီးသနည်း။
၁၅ ခရစ်ယာန်အတွေးအခေါ်နှင့် အပြောအဆိုသည် မြင့်မြတ်သောအကျင့်သီလရှိရမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏အပြုအမူများကော။ မြင့်မြတ်သောအကျင့်သီလရှိအပြုအမူရှိမှသာလျှင် ဘုရားသခင့်အလိုတော်နှင့်တွေ့ပါလိမ့်မည်။ မည်သည့် ယေဟောဝါ၏ကျေးကျွန်မျှ မြင့်မြတ်သောအကျင့်သီလကိုစွန့်ပယ်၍ မရိုးမသား၊ ကောက်ကျစ်စဉ်းလဲ ပြုနိုင်မည်မဟုတ်ပါ။ ထိုသို့ပြုပြီး မိမိအား ဘုရားသခင်လက်ခံလိမ့်မည်ဟူ၍လည်း မယူမှတ်နိုင်ပါ။ သု၊ ၃:၃၂ က ဤသို့ဆိုသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် သဘောကောက်သောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်သောသူတို့မူကား ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်ရှိကြ၏။” ယေဟောဝါဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို တန်ဖိုးထားမည်ဆိုလျှင် ထိုတွေးတောစရာစကားများက သူတစ်ပါးကို ချောက်တွန်းခြင်း၊ သို့မဟုတ် ကောက်ကျစ်စဉ်းလဲ ပြုမူခြင်းတို့မှ ကျွန်ုပ်တို့အား တားဆီးပါလိမ့်မည်။ ယေဟောဝါရွံမုန်းသောအရာ ခုနစ်ခုတွင် “မကောင်းသောအကြံကို ကြံစည်သောနှလုံး” ပါနေပါသည်တကား။ (သု၊ ၆:၁၆-၁၉) ထိုကြောင့် လူလူချင်း အကျိုးရှိစေခြင်းငှာလည်းကောင်း၊ ကောင်းကင်ခမည်းတော်၏ ဘုန်းထင်ရှားစေခြင်းငှာလည်းကောင်း ယင်းသို့သောအပြုအမူများကိုရှောင်ကြဉ်၍ မြင့်မြတ်သောအကျင့်သီလရှိအမှုများကိုသာ ပြုမူကြပါစို့။
၁၆။ ခရစ်ယာန်များသည် မည်သည်အရေခြုံဟန်ဆောင်သောအပြုအမူများကိုမဆို အဘယ်ကြောင့် ပါဝင်ရမည်မဟုတ်သနည်း။
၁၆ မြင့်မြတ်သောအကျင့်သီလကိုတင်ပြခြင်းငှာ ရိုးသားဖြောင့်မတ်ရန်လိုသည်။ (ဟေဗြဲ ၁၃:၁၈) အပြောနှင့်အကျင့် မညီသော အရေခြုံသူသည် မြင့်မြတ်သောအကျင့်သီလမရှိပါ။ “အရေခြုံ” ဟုပြန်ဆိုထားသည့် ဂရိစကားလုံး (ဟိုင်ပိုခရစ်တီးစ်) အဓိပ္ပာယ်မှာ “အဖြေပေးသူ” ဖြစ်၍ ဇာတ်မင်းသားကိုလည်း ရည်စူးသည်။ ဂရိနှင့်ရောမဇာတ်မင်းသားများသည် မျက်နှာဖုံးများတပ်ဆင်တတ်ကြရာ ဤစကားလုံးကို ဟန်ဆောင်သူနှင့်စပ်လျဉ်း၍ ပုံဆောင်အသုံးပြုလာလေသည်။ အရေခြုံသူများသည် “သစ္စာမဲ့သူများ” ဖြစ်ကြသည်။ (လုကာ ၁၂:၄၆ ကို မဿဲ ၂၄:၅၀၊ ၅၁ နှင့်နှိုင်းယှဉ်။) အရေခြုံဟန်ဆောင်ခြင်း (ဟိုင်ပိုခရီစစ္စ) သည်ဆိုးသွမ်းမှုနှင့်ကလိမ်ကျမှုကိုလည်း ရည်စူးနိုင်ပေသည်။ (မဿဲ ၂၂:၁၈။ မာကု ၁၂:၁၅။ လုကာ ၂၀:၂၃) ယုံကြည်အားထားတတ်သူသည် ဟန်ဆောင်အပြုံးများ၊ မြှောက်ပင့်စကားနှင့်အပြုအမူများ၏သားကောင် ဖြစ်ရသောအခါ အလွန်ဝမ်းနည်းစရာပင်။ သို့သော် ယုံကြည်အားထား စိတ်ချနိုင်သောခရစ်ယာန်များနှင့် ဆက်ဆံနေကြောင်း ကျွန်ုပ်တို့သိရှိသောအခါ နှလုံးနွေးထွေးစေသည်။ မြင့်မြတ်သောအကျင့်သီလရှိပြီး အရေခြုံဟန်ဆောင်မှုမရှိသည့်အတွက် ကျွန်ုပ်တို့အား ဘုရားသခင်ကောင်းချီးပေးတော်မူမည်။ “ညီအစ်ကိုများကို ချစ်ယောင်မဆောင် အမှန်ချစ်ခြင်း” နှင့် “မှန်သောယုံကြည်ခြင်း” ရှိကြောင်း တင်ပြသူများသည် ကိုယ်တော်၏အလိုတော်နှင့်တွေ့ကြပါသည်။—၁ ပေတရု ၁:၂၂။ ၁ တိမောသေ ၁:၅။
မြင့်မြတ်သောအကျင့်သီလသည် လှုပ်ရှားသောကောင်းမြတ်ခြင်းဖြစ်
၁၇၊ ၁၈။ ကောင်းမြတ်ခြင်းဝိညာဉ်အသီးကို တင်ပြကြရာတွင် သူတစ်ပါးနှင့် မည်သို့ဆက်ဆံမည်နည်း။
၁၇ ယုံကြည်ခြင်း၌ မြင့်မြတ်သောအကျင့်သီလဖြည့်စွက်မည်ဆိုလျှင် ဘုရားသခင်လက်မခံနိုင်သည့်အရာများကို တွေးတောဆင်ခြင်၊ ပြောဆိုပြုမူခြင်းကို ရှောင်ကြဉ်နိုင်ရန် ကြိုးစားကြလိမ့်မည်။ သို့ရာတွင် ခရစ်ယာန်မြင့်မြတ်သောအကျင့်သီလ တင်ပြသည့်အခါလည်း လက်တွေ့ကျသောကောင်းမြတ်ခြင်းရှိရန် လိုပါသည်။ အမှန်မှာ၊ မြင့်မြတ်သောအကျင့်သီလသည် ကောင်းမြတ်ခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။ ကောင်းမြတ်ခြင်းသည် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်အသီးဖြစ်သည်။ လူ့ကြိုးပမ်းမှုမှ ထွက်ပေါ်သောအကျိုးမျှမဟုတ်ပေ။ (ဂလာတိ ၅:၂၂၊ ၂၃) ကောင်းမြတ်ခြင်းဝိညာဉ်အသီးကို တင်ပြစဉ် သူတစ်ပါးနှင့်စပ်လျဉ်း၍ အကောင်းမြင်တတ်ပြီး သူတို့၏မစုံလင်မှုများကြား အရည်အချင်းကောင်းများကိုစဉ်းစား၊ ချီးမွမ်းပြောဆိုရန်တိုက်တွန်းခံရပါလိမ့်မည်။ ယေဟောဝါအမှုတော်ကို သူတို့နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီလော။ ထိုသို့ဆိုလျှင် သူတို့အား ရိုသေလေးစားသင့်သည်။ သူတို့အကြောင်း၊ သူတို့ ထမ်းဆောင်ခဲ့သော ဘုရားသခင့်အမှုတော်များအကြောင်း အကောင်းပြောဆိုသင့်သည်။ နာမတော်မြတ်အတွက် သူတို့တင်ပြခဲ့သော ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းဆိုင်ရာ သူတို့၏မြင့်မြတ်သောအကျင့်သီလရှိလုပ်ရပ်များကို ကောင်းကင်ခမည်းတော် သတိပြုတော်မူသည့်နည်းတူ ကျွန်ုပ်တို့လည်း သတိပြုသင့်ပါသည်။—နေဟမိ ၁၃:၃၁ ခ။ ဟေဗြဲ ၆:၁၀။
၁၈ မြင့်မြတ်သောအကျင့်သီလသည် ကျွန်ုပ်တို့အား စိတ်ရှည်သော၊ နားလည်မှုရှိသော၊ ကိုယ်ချင်းစာနာမှုရှိသောသူဖြစ်စေသည်။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူချင်းတစ်ဦးသည် စိတ်ဆင်းရဲနေမည်၊ စိတ်ဓာတ်ကျနေမည်ဆိုလျှင် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာရှင် ကောင်းကင်ခမည်းတော်နည်းတူပင် နှစ်သိမ့်မှုပေးကာ သူ့အား စိတ်သက်သာမှုရရှိစေရန် ပြောဆိုအားပေးပါမည်။ (၂ ကောရိန္သု ၁:၃၊ ၄။ ၁ သက်သာလောနိတ် ၅:၁၄) ချစ်မြတ်နိုးရသူတစ်ဦး ကွယ်လွန်သွားခြင်းဖြစ်နိုင်သည့် ဝမ်းနည်းကြေကွဲရသူများကို ကိုယ်ချင်းစာနာပါမည်။ ဆင်းရဲဒုက္ခကို သက်သာစေနိုင်စရာ တစ်မျိုးတစ်မည်ပြုလုပ်နိုင်မည်ဆိုလျှင် ယင်းကိုပြုလုပ်ပါမည်။ အကြောင်းမူကား၊ မြင့်မြတ်သောအကျင့်သီလရှိသောသဘောသည် မေတ္တာပါပါ သူတစ်ပါးအကျိုးကို ပြုမူရန် တိုက်တွန်းပေးပါသည်။
၁၉။ ကျွန်ုပ်တို့သည် တွေးတောမှု၊ အပြောအဆို၊ အကျင့်အကြံတို့၌ မြင့်မြတ်သောအကျင့်သီလရှိမည်ဆိုလျှင် သူတစ်ပါးသည် ကျွန်ုပ်တို့အား မည်သို့ဆက်ဆံကောင်းဆက်ဆံမည်နည်း။
၁၉ ယေဟောဝါ၏ကောင်းမှုများကိုပြောနေခြင်းအားဖြင့် ကိုယ်တော်အား ထောမနာပြုကြသည်နည်းတူ ကျွန်ုပ်တို့သည် အပြောအဆိုအကျင့်အကြံ၌ မြင့်မြတ်သောအကျင့်သီလရှိမည်ဆိုလျှင် သူတစ်ပါးသည် ကျွန်ုပ်တို့ကိုချီးမွမ်းကြပေမည်။ (ဆာလံ ၁၄၅:၁၀) ပညာရှိစကားတစ်ခွန်းကား ဤသို့။ “တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာသက်ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲခြင်းအပြစ်သည် ပိတ်လိမ့်မည်။”(သု၊ ၁၀:၆) ဆိုးသွမ်းသော အဓမ္မအမှုပြုသူသည် မိမိအား သူတစ်ပါးချစ်မြတ်နိုးစေနိုင်သည့် မြင့်မြတ်သောအကျင့်သီလမရှိပါ။ သူစိုက်သည်အတိုင်းရိတ်ရ၏။ အကြောင်းမူကား၊ လူများက သူ့အကြောင်း အကောင်းပြောဆိုခြင်းဖြင့် သူ့အား အမှန်အတိုင်းချီးမွမ်းနိုင်ကြမည်မဟုတ်ပါ။ (ဂလာတိ ၆:၇) ယေဟောဝါ၏ကျေးကျွန်များအဖြစ် မြင့်မြတ်သောအကျင့်သီလရှိရှိ တွေးတောဆင်ခြင်ပြောဆိုကျင့်ကြံခြင်းကား မည်မျှသာ၍ကောင်းမြတ်သည်တကား။ ယင်းသို့ပြုခြင်းဖြင့် သူတစ်ပါး၏မေတ္တာ၊ အားကိုးအားထားမှုနှင့်လေးစားမှုကိုခံကြရသည်။ ထိုအခါ ဤသူများကို ချီးမွမ်းပြောဆိုကြရန် တိုက်တွန်းခံကြရသည်။ ထို့ပြင် သူတို့၏ဘုရားတရားရှိ မြင့်မြတ်သောအကျင့်သီလက တန်ဖိုးဖြတ်မရသည့် ယေဟောဝါ၏ကောင်းချီးကို ခံစားစေပါသည်။—သု၊ ၁၀:၂၂။
၂၀။ မြင့်မြတ်သောအကျင့်သီလရှိသောတွေးတောမှု၊ အပြောအဆိုနှင့်အပြုအမူများသည် ယေဟောဝါ၏လူများဖြင့်ဖွဲ့စည်းထားသည့်အသင်းတော်တွင် အဘယ်အကျိုးသက်ရောက်မှုရှိနိုင်မည်နည်း။
၂၀ မြင့်မြတ်သောအကျင့်သီလရှိတွေးတောမှု၊ အပြောအဆိုနှင့်အပြုအမူများသည် ယေဟောဝါ၏လူများဖြင့်ဖွဲ့စည်းထားသည့်အသင်းတော်ကို အမှန်အကျိုးပြုပါသည်။ ယုံကြည်သူချင်းတို့သည် အချင်းချင်းတစ်ဦးကိုတစ်ဦး စုံမက်၍ လေးလေးစားစားဆက်ဆံမည်ဆိုလျှင် သူတို့ကြားတွင် ညီရင်းအစ်ကိုသဘောထား တိုးပွားများပြားလာပါမည်။ (ယောဟန် ၁၃:၃၄၊ ၃၅) စိတ်ရင်းမှန်ဖြင့် ချီးမွမ်းခြင်း၊ အားပေးခြင်းပါ အပါအဝင် မြင့်မြတ်သောအကျင့်သီလရှိအပြောအဆိုသည် ဝိုင်းဝန်းကူညီမှုနှင့် စည်းလုံးမှုရှိစေသောသဘောကို မွေးမြူပေးသည်။ (ဆာလံ ၁၃၃:၁-၃) နှလုံးကြည်နူးဖွယ် မြင့်မြတ်သောအကျင့်သီလရှိအပြုအမူများကလည်း သူတစ်ပါးအား ထပ်တူနည်းမျိုးဖြင့် တုံ့ပြန်ကြရန် တိုက်တွန်းပေးသည်။ ထိုထက်ကား၊ ခရစ်ယာန်မြင့်မြတ်သောအကျင့်သီလကို ကျင့်သုံးခြင်းသည် မြင့်မြတ်သောအကျင့်သီလရှိ ကောင်းကင်ခမည်းတော်၊ ယေဟောဝါ၏အလိုတော်နှင့်တွေ့စေ၍ ကောင်းချီးများခံစားစေပါသည်။ ထိုကြောင့် ယုံကြည်ခြင်းတင်ပြခြင်းအားဖြင့် ဘုရားသခင့်တန်ဖိုးရှိကတိတော်များကို တုံ့ပြန်ကြရန် ပန်းတုံးတိုင်ထားကြမည်။ ကျွန်ုပ်တို့ယုံကြည်ခြင်း၌ မြင့်မြတ်သောအကျင့်သီလကိုဖြည်စွက်ရာတွင် အစွမ်းကုန်အားထုတ်ကြစို့။
စမ်းရေပေါက်တစ်ပေါက်တည်းက ချိုသောရေနှင့် ခါးသောရေ မထွက်နိုင် သောကြောင့် ယေဟောဝါ၏ကျေးကျွန်များသည် မြင့်မြတ်သောအကျင့် သီလရှိစကားများကိုပြောဆိုလိမ့်မည်ဟု သူတစ်ပါး မျှော်လင့်ထိုက်ပေသည်
သင့်အဖြေများကား အဘယ်နည်း
◻ “မြင့်မြတ်သောအကျင့်သီလ” ကို မည်သို့ဖော်ပြမည်နည်း။ မစုံလင်သူများသည် အဘယ်ကြောင့် မြင့်မြတ်သော အကျင့်သီလရှိနိုင်ကြသနည်း။
◻ မြင့်မြတ်သောအကျင့်သီလက အဘယ်အတွေးအခေါ်မျိုး ရှိစေသနည်း။
◻ မြင့်မြတ်သောအကျင့်သီလသည် ကျွန်ုပ်တို့၏အပြောအဆိုကို မည်သို့အကျိုးသက်ရောက်စေသင့်သနည်း။
◻ ကျွန်ုပ်တို့၏အပြုအမူ၌ မြင့်မြတ်သောအကျင့်သီလ ရှိခြင်းသည် အဘယ်အကျိုးသက်ရောက်စေသင့်သနည်း။
◻ မြင့်မြတ်သောအကျင့်သီလရှိခြင်း၏ အကျိုးကျေးဇူး အချို့ကား အဘယ်နည်း။