ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်နိုင်
ယရှုခရစ်၏ ရှမာရိအမျိုးသားဥပမာက ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်း အစစ်အမှန်သည် အဘယ်သို့ဖြစ်ကြောင်း တင်ပြပါသည်။ (လုကာ ၁၀:၂၅-၃၇) ယေရှုက “‘သင်၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုစိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့’ ဟူသော ပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သောပညတ်လည်းဖြစ်၏။ ထိုမှတစ်ပါး ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသော ဒုတိယပညတ်” ကိုပါသွန်သင်ပေးတော်မူခဲ့သည်။—မဿဲ ၂၂:၃၇-၃၉။
လူအများနည်းတူ မိမိလူမျိုးစုအဝင်မဟုတ်သော ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ရန် ခဲယဉ်းသည်ကိုသင်တွေ့ရှိပါသလော။ ခွဲခြားဆက်ဆံခြင်း၊ တရားမျှတမှုမရှိခြင်းအကြောင်း သိထား၍လည်းကောင်း၊ ကိုယ်တိုင်ခံစားရ၍ ထိုသို့ဖြစ်နေနိုင်သည်။ အခြားလူမျိုးစုအဝင် လက်ထဲတွင် အသင် သို့မဟုတ် အသင်ချစ်မြတ်နိုးရသူများသည် မတရားသဖြင့်ပြုခြင်းကိုပင် ခံခဲ့ဖူးမည်။
ဘုရားသခင့်ပညတ်များအနက် တစ်ခုမှာ ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ရမည် ဖြစ်သည့်အတွက် ဤကဲ့သို့သော ပြင်းထန်လှသည့်စိတ်နေသဘောထားများကို ချိုးနှိမ်နိုင်စရာအကြောင်းရှိရမည်။ ယင်းသို့ပြုနိုင်ရန်သော့ချက်မှာ လူတို့ကို ဘုရားသခင်နှင့်ခရစ်တော် ရှုမှတ်သကဲ့သို့ ရှုမှတ်ခြင်းဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ ယေရှုနှင့် အစောပိုင်းခရစ်ယာန်များ၏ပုံသက်သေကို သုံးသပ်ကြည့်ကြစို့။
ယေရှု၏ ကောင်းမြတ်သောပုံသက်သေ
ယုဒနှင့် ဂါလိလဲနယ်စပ်ကြား နေထိုင်သော ရှမာရိလူမျိုးကို ပထမရာစုဂျူးများသည် အလွန်အထင်အမြင်သေးကြသည်။ တစ်ချိန်တစ်ခါတွင် ယေရှုအား ရန်ဘက်ပြုလိုသောဂျူးတို့က “သင်သည် ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်း ဖြစ်၏” ဟုနှိမ်၍ပြောဆိုခဲ့သည်။ (ယောဟန် ၈:၄၈) ရှမာရိလူတို့ကို စက်ဆုပ်ရွံရှာစိတ် ပြင်းထန်လွန်းသဖြင့် ဂျူးအချို့သည် တရားဇရပ်၌ ရှမာရိလူတို့ကို လူရှေ့သူရှေ့ ကျိန်ဆဲ၍ ရှမာရိလူတို့အား ထာဝရအသက်မပေးစေခြင်းငှာ နေ့စဉ်ဆုတောင်းကြပါသည်။
ဓားပြများရိုက်၍ပစ်ထားသော ဂျူးကို ပြုစုပေးခြင်းဖြင့် စပ်ဆိုင်သူအမှန်ဖြစ်ကြောင်း တင်ပြခဲ့သော ရှမာရိလူဥပမာကို ယေရှုပြောပြခဲ့ရခြင်းမှာ ဤအလွန်ပြင်းထန်သောမုန်းတီးစိတ်ကို သိထားတော်မူ၍ဖြစ်မည်။ မောရှေ၏ ပညတ္တိကျမ်းတတ်၊ ဂျူးအမျိုးသားက “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူ ဖြစ်ပါသနည်း” ဟုယေရှုအားမေးခဲ့စဉ်က ကိုယ်တော်မည်သို့ဖြေဆိုနိုင်ခဲ့မည်နည်း။ (လုကာ ၁၀:၂၉) ‘သင်နှင့်စပ်ဆိုင်သောသူတွင် ဂျူးအချင်းချင်းသာမက ရှမာရိတစ်ဦးပင်အပါအဝင် အခြားလူများလည်းပါဝင်သည်’ ဟုယေရှုတိုက်ရိုက်ဖြေဆိုနိုင်ပါသည်။ သို့ရာတွင် ထိုစကားကို ဂျူးများ လက်ခံနာယူရန် ခဲယဉ်းပါလိမ့်မည်။ ယင်းကြောင့် ရှမာရိတစ်ဦး၏ကရုဏာကို ခံစားခဲ့ရသောဂျူးတစ်ယောက်အကြောင်း ကိုယ်တော်ပြောပြခဲ့ပါသည်။ ဤနည်းဖြင့် ဂျူးမဟုတ်သူတို့အားလည်း ကိုယ်နှင့်စပ်ဆိုင်သူကို အမှန်ချစ်ခြင်း၌တိုးချဲ့ဖို့လိုကြောင်း ဂျူးပရိသတ်အား သဘောပေါက်စေတော်မူခဲ့သည်။
ယေရှု၌ ရှမာရိလူတို့ကို ဆန့်ကျင်သောစိတ်ထား မရှိပါ။ တစ်ခါက ရှမာရိနယ်ကိုဖြတ်၍ ခရီးသွားခဲ့သောအခါ အနီးအနားရှိ မြို့တစ်မြို့သို့သွားပြီး တပည့်တော်များအစားအစာဝယ်ယူနေစဉ် ရေတွင်းတစ်ခုအနား ကိုယ်တော်အပန်းဖြေနေတော်မူသည်။ ရှမာရိအမျိုးသမီးတစ်ဦး ရေလာခပ်သည့်အခါ ကိုယ်တော်က “ငါသောက်ဖို့ ရေပေးပါ” ဟုမိန့်တော်မူခဲ့သည်။ ဂျူးများသည် ရှမာရိလူတို့နှင့် ပေါင်းဖော်ခြင်းမရှိသဖြင့် သူမက “သင်သည် ယုဒလူဖြစ်လျက်ပင် ရှမာရိမိန်းမဖြစ်သော အကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဖို့တောင်းသနည်း” ဟုမေးသည်။ ထိုအခါ သူမအား ယေရှုသက်သေခံတော်မူ၍ မိမိသည် မေရှိယဖြစ်ကြောင်းကိုပင် ပွင့်လင်းစွာ ပြောပြတော်မူခဲ့သည်။ သူမကလည်း မြို့ထဲပြန်ဝင်သွား၍ အခြားသူများပါအပါအဝင် ကိုယ်တော့်စကားကြားနာစေခြင်းငှာ ခေါ်လာခဲ့သည်။ ရလဒ်ကအဘယ်နည်း။ “ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကို ယုံကြည်ကြ၏။” တစ်ခေတ်တည်းသားဂျူးတို့၏ စိတ်ထားမျိုး ယေရှု၌မရှိသဖြင့် အကျိုးထူးမြတ်လှသည်တကား!—ယောဟန် ၄:၄-၄၂။
ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ
ယေရှုသည် “ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုး” ဂျူးများအား အဓိကဟောပြောရန် ဘုရားသခင်ရည်ရွယ်တော်မူခဲ့သည်။ (မဿဲ ၁၅:၂၄) ယင်းကြောင့် ကိုယ်တော်၏အစောပိုင်းတပည့်တော်များသည် ဂျူးနောက်ခံရှိသူများ ဖြစ်ကြပါသည်။ သို့သော် တစ်ပါးအမျိုးသားများထိတိုင် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ယုံကြည်သူ ဂျူးများအား ဆက်လုပ်ကိုင်စေလိုတော်မူကြောင်း စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပြီး သုံးနှစ်အတွင်းတွင်ပင် ရှင်းလင်းပြတ်သားစွာ ယေဟောဝါ အသိပေးတော်မူခဲ့သည်။
ဂျူးတစ်ဦး၏စိတ်သဘောအရဆိုလျှင် ရှမာရိတစ်ဦးကို ကိုယ်နှင့်အမျှချစ်ရန် အလွန်ခဲယဉ်းပါလိမ့်မည်။ ရှမာရိလူမျိုးများထက်သာ၍ဆက်ဆံမှုနည်းသော အရေဖျားမလှီးသူ တစ်ပါးအမျိုးသားတို့ကို ကိုယ်နှင့်စပ်ဆိုင်သူချစ်ခြင်းတင်ပြရန် ပို၍ပင်ခဲယဉ်းပါလိမ့်မည်။ တစ်ပါးအမျိုးသားအပေါ် ဂျူးတို့၏စိတ်ထားအကြောင်း အပြည်ပြည်ဆိုင်ရာစံတင်ကျမ်းစာစွယ်စုံကျမ်း ဋီကာဖွင့်သည်ကား “ဓမ္မသစ်ကျမ်းခေတ်တွင် အလွန်အကျွံမလိုလား၊ အထင်သေးမုန်းတီးစိတ်ကို အများဆုံးတွေ့ရှိခဲ့ရသည်။ မည်သည့်နည်းဖြင့်မဆို ပေါင်းဖော်မှုပြုခြင်းကို ပညတ်ချိုးဖောက်ခြင်းဟု ယူမှတ်ခံရသော သူတို့ [တစ်ပါးအမျိုးသားများ] ကိုမသန့်ရှင်းဟု ဂျူးတို့ယူမှတ်ထားကြသည်။ တစ်ပါးအမျိုးသားများသည် ဘုရားသခင်နှင့် ကိုယ်တော့်လူမျိုး၏ရန်သူများဖြစ်ကြရာ ဘာသာဝင်များမဖြစ်လာလျှင် ဘုရားသခင့်အသိပညာကို မရထိုက်ဟု သူတို့ယူမှတ်ကြသည်။ ဘာသာဝင်များဖြစ်လာသည့်တိုင် ရှေးခေတ်ကကဲ့သို့ အပြည့်အဝပေါင်းသင်းခွင့်မရကြချေ။ ထိုသူတို့ကို ဂျူးများ ဩဝါဒပေးခွင့်မရှိပါ။ မြင့်မြတ်သောအရာများကို သူတို့မေးမြန်းခဲ့လျှင် ကျိန်ခြင်းကိုသာပေးရန်ဖြစ်သည်။”
လူအများ၌ ဤအမြင်မျိုးရှိနေကြစဉ် ‘ဘုရားသခင်စင်ကြယ်စေတော်မူသောအရာကို ညစ်ညူးသည်ဟု မပြောဆိုတော့နှင့်’ ဟုမှာကြားသည့် ရူပါရုံတစ်ခုကို တမန်တော်ပေတရုအား ယေဟောဝါ မြင်စေတော်မူခဲ့သည်။ ထိုနောက် တစ်ပါးအမျိုးသား ကော်နေလိအိမ်သို့ သူ့အား ဘုရားသခင်လမ်းညွှန်တော်မူသည်။ ထိုအခါ ကော်နေလိ၊ သူ၏အိမ်ထောင်နှင့် အခြားတစ်ပါးအမျိုးသားတို့အား ခရစ်တော်အကြောင်း ပေတရုသက်သေခံခဲ့သည်။ “အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏” ဟုပေတရုပြောသည်။ သူဟောပြောနေစဉ် ယုံကြည်သူ လူသစ်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်ခဲ့ပြီးနောက် နှစ်ခြင်းခံကြရာ သူတို့သည် တစ်ပါးအမျိုးသားမှ ခရစ်တော်၏ အဦးဆုံးတပည့်တော်များ ဖြစ်လာကြသည်။—တမန်တော် အခန်းကြီး ၁၀။
ဂျူးတပည့်နောက်လိုက်များလည်း ဤအဖြစ်အပျက်ကို လက်ခံခဲ့ကြသည်။ “လူမျိုးအပေါင်းတို့ကို ငါ့တပည့်ဖြစ်စေ” ရမည်ဟူသော ယေရှု၏အမိန့်တော်သည် နိုင်ငံအားလုံးရှိ ဂျူးတို့ကိုသာမဆိုလိုဘဲ တစ်ပါးအမျိုးသားတို့ကိုပါဆိုလိုကြောင်း သဘောပေါက်လာကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၁၁:၁၈) သူတို့တွင် ရှိကောင်းရှိခဲ့ဖူးမည့် တစ်ပါးအမျိုးသားအပေါ် ရန်လိုမုန်းတီးစိတ်ထားများကို ချိုးနှိမ်ပြီး လူမျိုးအပေါင်းတို့တွင် တပည့်ဖြစ်စေရန် ဟောပြောခြင်းစီမံကိန်းကို ဇွဲလုံ့လဖြင့် ဆောင်ရွက်ကြသည်။ သို့ဖြစ်၍ နောင်အနှစ် ၃၀ မတိုင်မီပင် “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား” သတင်းကောင်း ဟောပြောခဲ့ပြီဟု ပြောဆိုနိုင်ကြပါသည်။—ကောလောသဲ ၁:၂၃။
ဤဟောပြောခြင်းလုပ်ငန်းတွင် ရှေ့တန်း၌ပါဝင်သော တမန်တော်ပေါလုကိုယ်တိုင်ပင်လျှင် ဂျူးနောက်ခံရှိ ခရစ်ယာန်တစ်ဦးဖြစ်သည်။ သူသည် ခရစ်တော်၏တပည့်နောက်လိုက်တစ်ဦးမဖြစ်မီ ဖာရိရှဲ ဘာသာရေးအဖွဲ့ဝင် ဇွဲလုံ့လရှိသူတစ်ဦးဖြစ်ခဲ့သည်။ ဤသူများသည် တစ်ပါးအမျိုးသားများသာမက မိမိတို့လူမျိုးရှိ သာမညလူတန်းစားတို့ကိုပင် အထင်အမြင်သေးကြသည်။ (လုကာ ၁၈:၁၁၊ ၁၂) သို့သော် ယင်းသဘောထားများကြောင့် ပေါလုသည် အခြားသူအား ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းမတင်ပြနိုင်ဘဲမနေခဲ့ပါ။ ယင်းအစား သူသည် “တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သောတမန်တော်” ဖြစ်လာကာ မြေထဲပင်လယ်အရပ်ရှိ တိုင်းနိုင်ငံများတစ်လျှောက် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို သူ၏အသက်တာတစ်လျောက်လုံးဆောင်ရွက်ခဲ့ပါသည်။—ရောမ ၁၁:၁၃။
ပေါလု ဓမ္မအမှုဆောင်စဉ်ကာလအတွင်း သူသည် ကျောက်ခဲနှင့်ပေါက်ခြင်း၊ ရိုက်နှက်ခြင်း၊ ထောင်ချခြင်းတို့ကို ခံခဲ့ရသည်။ (တမန်တော် ၁၄:၁၉; ၁၆:၂၂၊ ၂၃) ဤကဲ့သို့သောဒုက္ခအမျိုးမျိုးကို သူခံခဲ့ရသဖြင့် စိတ်နာကြည်းပြီး လူမျိုးအချို့နှင့် လူမျိုးစုအချို့တို့အကြား မိမိအချည်းနှီးအချိန်ကုန်ခံနေသည်ဟု သဘောထားခဲ့ပါသလော။ လုံးဝမဟုတ်ပါ။ မိမိခေတ်ရှိ လူမျိုးစုများစွာတွင် စိတ်နှလုံးရိုးဖြောင့်သောကွဲလွင့်နေသည့်သူများရှိကြောင်း သူသိထားပါသည်။
ဘုရားသခင့်နည်းလမ်းတော်များကို တတ်သိလိုသူ တစ်ပါးအမျိုးသားများကို ပေါလုတွေ့ရှိလာသည်နှင့်အမျှ သူတို့ကို ချစ်မြတ်နိုးတတ်လာပါသည်။ ဥပမာ၊ သက်သာလောနိတ်မြို့သားတို့အား သူက ငါတို့သည် “သင်တို့တွင် ဖြည်းညင်းစွာပြုကြ၏။ သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေးပြုစုသကဲ့သို့ ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ ဘုရားသခင်၏ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကိုမျှမက ကိုယ်အသက်ကိုပင် ပေးချင်သောစေတနာစိတ်ရှိကြ၏” ဟုရေးသားခဲ့သည်။ (၁ သက်သာလောနိတ် ၂:၇၊ ၈) တစ်ပါးအမျိုးသားများဖြစ်သော သက်သာလောနိတ်မြို့သားများကို ပေါလုအမှန်ချစ်မြတ်နိုးကြောင်း၊ သူတို့နှင့် ပေါင်းသင်းဆက်ဆံခြင်း၌ ပျော်မွေ့ခြင်းကို မည်သည့်အရာကမျှ မပျက်စီးစေကြောင်း နှလုံးလှိုက်လှဲစွာပြောဆိုခဲ့သော ထိုစကားများက တင်ပြပါသည်။
အပြုအမူတွင် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်း
ယနေ့ ပထမရာစုကကဲ့သို့ပင် ခရစ်ယာန်အသင်းတော်နှင့်တွဲဖက်သူများသည် လူမျိုးစုအားလုံးမှသူတို့အား ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ရန် ကြိုးစားကြသည်။ သူတစ်ပါးကို ဘုရားသခင်ကြည့်မြင်သကဲ့သို့ ကြည့်မှတ်ခြင်းအားဖြင့်၊ သူတို့အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းအားဖြင့် ခရစ်ယာန်စစ်များသည် သူတို့သိလာနိုင်စရာအကြောင်းမရှိသည့်သူများကို တိုးသိနားလည်လာခဲ့ကြပြီ။ သူတို့အား ညီအစ်ကိုစုံမက်ခြင်းစိတ်ထားကိုပင် တင်ပြနိုင်ကြပါသည်။ (ယောဟန် ၁၃:၃၄၊ ၃၅) အသင်လည်း ထပ်တူတွေ့ကြုံခံစားနိုင်ပါသည်။
နိုင်ငံပေါင်း ၂၂၉ ခုတွင်ရှိ၍ “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့” မှဖြစ်သော်လည်း ယေဟောဝါသက်သေများစပ်ကြားတွင် ဤကဲ့သို့သောမေတ္တာမျိုး ရှိပါသည်။ (ဗျာဒိတ် ၇:၉) ကမ္ဘာချီ ညီအစ်ကိုများအသင်းအပင်းအနေနှင့် ယေဟောဝါ၏ဝတ်ပြုရေးတွင်လည်းကောင်း၊ လူမျိုးစု ပဋိပက္ခများနှင့် ပြိုင်ဆိုင်မှုများ၌ မပါဝင်ဘဲနေခြင်းဖြင့်လည်းကောင်း၊ လူလူချင်းနှင့် ရင်းနှီးချစ်ခင်စွာပေါင်းသင်းမှု မရှိစေသည့် အထင်အမြင်သေးစိတ်ကို ငြင်းပယ်ခြင်းဖြင့်လည်းကောင်း သူတို့သည် တစည်းတလုံးရှိကြပါသည်။
သက်သေခံများနှင့် ပေါင်းဖော်ကြည့်ပါ။ ထိုအခါ လူမျိုးစုအသီးသီးမှ လူတို့သည် ဘုရားသခင့်အလိုတော်ကို မည်သို့ဆောင်ရွက်နေကြကြောင်း တွေ့ရှိပါလိမ့်မည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သူတို့ကြွေးကြော်ကြရာတွင် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ကြောင်း တွေ့ရှိပါလိမ့်မည်။ မှန်ပါသည်။ ကိုယ်နှင့်စပ်ဆိုင်သူကို အမှန်ချစ်တတ်လာပြီဖြစ်ကြောင်း မိမိတို့၏ဘဝပုံစံအားဖြင့် တင်ပြနေကြသော ကြင်နာမှုရှိ၊ စိတ်ထားရိုးမှန်သောသူများကို သူတို့၏အသင်းတော်များတွင် အသင် တွေ့ဆုံရပါလိမ့်မည်။
[Picture Credit Line on page 4]
Arrival of the Good Samaritan at the Inn/The Doré Bible Illustrations/Dover Publications, Inc.
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများ၏ အသင်းတော်များတွင် လူမျိုးအသီးသီးမှ ဝမ်းမြောက်ရွှင်လန်းသူများကို တွေ့ ရှိရလိမ့်မည်