ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၁/၁ စာ. ၁၃-၁၈
  • ယေဟောဝါ၏သန့်ရှင်းရာဌာနတော်ကို မင်းတစ်ပါးမထီလေးစားပြု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏သန့်ရှင်းရာဌာနတော်ကို မင်းတစ်ပါးမထီလေးစားပြု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုံးခန်းကာလအတွင်းပဋိပက္ခ
  • ထိုဘုရင်စစ်ရှုံး
  • ထိုဘုရင်ထိရောက်စွာလုပ်ဆောင်
  • “ရွံရှာဖွယ်အရာ”
  • ဘုရင်နှင့်ပဋိညာဉ်
  • ဘုရားသခင့်လူများအားသန့်စင်မှုတစ်ခု
  • ပြိုင်ဘက်ဘုရင်နှစ်ပါး အဆုံးသို့ ရောက်လုနီးပြီ
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ပြိုင်ဘက်ဘုရင်နှစ်ပါး ၂၀ ရာစုအတွင်းသို့ ဝင်ရောက်ခြင်း
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • အဆုံးပိုင်းကာလမှာ “မြောက်ဘုရင်” ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • မဟာမင်းသားမိက္ခေလ၏ နောက်ဆုံးအောင်ပွဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၁/၁ စာ. ၁၃-၁၈

ယေဟောဝါ၏သန့်ရှင်းရာဌာနတော်ကို မင်းတစ်ပါးမထီလေးစားပြု

“မိမိတို့ဘုရားသခင်ကိုသိသောသူတို့မူကား ကြီးစွာသောအားနှင့်ပြု [အောင်မြင်၊ ကဘ] ကြလိမ့်မည်။”—ဒံယေလ ၁၁:၃၂။

၁၊ ၂။ လူ့သမိုင်းတွင်စေသည့် နှစ်ပေါင်း ၂,၀၀၀ ကျော်ကြာ ထူးခြားစွဲမှတ်ဖွယ်ပဋိပက္ခကြီးကား အဘယ်နည်း။

အထွတ်အထိပ်အာဏာရရှိရေးအတွက် ပြိုင်ဘက်မင်းနှစ်ပါးတို့သည် မီးကုန်ယမ်းကုန်ပြိုင်ဆိုင်အနိုင်ကြဲတိုက်ခိုက်နေကြသည်။ တစ်ပါးအာဏာရရှိပြီး နောက်တစ်ပါးထပ်ရရှိလာခဲ့ရာ နှစ်ပေါင်းနှစ်ထောင်ကျော်တိုင် ဆက်လက်တိုက်ခိုက်လာခဲ့ကြသည်။ ကျွန်ုပ်တို့ခေတ်ရောက်သော် ထိုဆိုင်ပြိုင်တိုက်ခိုက်မှုသည် မြေကြီးပေါ်ရှိလူအများစုကိုထိခိုက်ပြီး ဘုရားသခင့်လူများ၏သမာဓိကို စိန်ခေါ်လာသည်။ ယင်းသည် အာဏာစက်နှစ်ခုလုံးတင်ကြိုမမြင်ရသည့် အဖြစ်အပျက်တစ်ခုအားဖြင့် နိဂုံးချုပ်ခဲ့သည်။ ထိုထူးခြားစွဲမှတ်ဖွယ်ရာဇဝင်ကို ရှေးပရောဖက်ဒံယေလ ကြိုတင်သိမြင်ခဲ့ရသည်။—ဒံယေလ၊ အခန်းကြီး ၁၀ မှ ၁၂။

၂ ပရောဖက်ပြုချက်သည် တောင်ဘုရင်နှင့်မြောက်ဘုရင်နှစ်ပါးစပ်ကြား ဆက်လက်ဖြစ်ပွားရမည့်ရန်ဘက်ပြုခြင်းနှင့်သက်ဆိုင်ပြီး ယင်းအကြောင်းအသေးစိတ်ကို “ကိုယ်တော်၏အလိုတော်သည် မြေကြီးပေါ်မှာပြည့်စုံပါစေ”a စာအုပ်တွင် ဆွေးနွေးတင်ပြထားသည်။ မြောက်ဘုရင်သည် မူလအားဖြင့် ဣသရေလနိုင်ငံမြောက်ဘက်ရှိ ရှုရိ (ဆီးရီးယား) နိုင်ငံဖြစ်ကြောင်း ထိုစာအုပ်ကဖော်ပြထားသည်။ နောက်ပိုင်းတွင် ထိုအနေအထားကို ရောမကဆက်ခံသည်။ တောင်ဘုရင်သည် အီဂျစ်နိုင်ငံဖြင့်အစပြုသည်။

ဆုံးခန်းကာလအတွင်းပဋိပက္ခ

၃။ ကောင်းကင်တမန်၏စကားအရ တောင်ဘုရင်နှင့်မြောက်ဘုရင်တို့ဆိုင်ရာပရောဖက်ပြုချက်ကို မည်သည့်အခါတွင်နားလည်ရမည်နည်း။ မည်သို့အားဖြင့်နည်း။

၃ ထိုအကြောင်းများကို ဒံယေလအားကောင်းကင်တမန်ထင်ရှားပြရာတွင် ဤသို့ပြောခဲ့သည်–“သင်ဒံယေလမူကား အမှုကုန်ရသည့်ကာလတိုင်အောင် ဤစကားတော်တို့ကိုပိတ်၍ စာစောင်ကိုတံဆိပ်ခတ်ထားလော့။ အများသောသူတို့သည် ထိုစာကိုကြည့်ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်။” (ဒံယေလ ၁၂:၄) မှန်ပါသည်။ ပရောဖက်ပြုချက်သည် ဆုံးခန်းကာလ—၁၉၁၄ ခုနှစ်တွင်စတင်သောအချိန်ကာလတစ်ခုနှင့်သက်ဆိုင်သည်။ ထိုအထင်ကရအချိန်အတွင်း လူများစွာတို့သည် သန့်ရှင်းသောကျမ်းစာကို “ကြည့်ရှု” ပြီး သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီအားဖြင့် ကျမ်းစာပရောဖက်ပြုချက်ကိုသိနားလည်ခြင်းပါဝင်သည့် မှန်သောအသိပညာတိုးပွားကြွယ်ဝလာမည်။ (သု. ၄:၁၈) ထိုအချိန်ကာလထဲကျွန်ုပ်တို့ပို၍ရောက်ရှိလေလေ ဒံယေလပရောဖက်ပြုချက်အသေးစိတ်တို့သည် ပိုမိုရှင်းလင်းလာလေလေပင်ဖြစ်သည်။ “ကိုယ်တော်၏အလိုတော်သည် မြေကြီးပေါ်မှာပြည့်စုံပါစေ” ဟူသောစာအုပ်ထုတ်ဝေပြီး ၃၅ နှစ်အကြာ၊ ယခု ၁၉၉၃ ခုနှစ်တွင် တောင်ဘုရင်နှင့်မြောက်ဘုရင်ဆိုင်ရာ ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့မည်သို့နားလည်သင့်သနည်း။

၄၊ ၅။ (က) ၁၉၁၄ ခုနှစ်သည် တောင်ဘုရင်နှင့်မြောက်ဘုရင်တို့ဆိုင်ရာ ဒံယေလပရောဖက်ပြုချက်၏ မည်သည့်အပိုင်းတွင်ပါဝင်သနည်း။ (ခ) ကောင်းကင်တမန်၏အဆိုအရ ၁၉၁၄ ခုနှစ်တွင် ဘာဖြစ်ပျက်မည်နည်း။

၄ ၁၉၁၄ ခုနှစ်တွင်ဆုံးခန်းကာလအစပြုခြင်းကို ပထမကမ္ဘာစစ်နှင့် ယေရှုဖော်ပြသည့် အခြားသောကမ္ဘာ့ဘေးဒုက္ခများအားဖြင့် မှတ်သားသိရှိရသည်။ (မဿဲ ၂၄:၃၊ ၇၊ ၈) ယင်းခုနှစ်ကို ဒံယေလပရောဖက်ပြုချက်တွင် ရှာတွေ့နိုင်သလော။ တွေ့နိုင်ပါသည်။ ဆုံးခန်းကာလ၏အစသည် ဒံယေလ ၁၁:၂၉ တွင်ဖော်ပြထားသော “ခန့်အပ်ရာကာလ” ပင်ဖြစ်သည်။ (“ကိုယ်တော်၏အလိုတော်သည် မြေကြီးပေါ်မှာပြည့်စုံပါစေ” စာအုပ် စာမျက်နှာ ၂၆၉-၇၀ ကိုရှု။) ယင်းသည် ဒံယေလအချိန်ကတည်းက ယေဟောဝါသတ်မှတ်ထားနှင့်ပြီးသည့်အချိန်ကာလဖြစ်ပြီး နှစ်ပေါင်း ၂,၅၂၀ အဆုံးတွင်ရောက်ရှိလာကြောင်း ဒံယေလအခန်းကြီး ၄ တွင်ဖော်ပြထားသော ထူးခြားထင်ရှားသည့်ပရောဖက်ပြုအဖြစ်အပျက်များမှ သိရှိရသည်။

၅ ထို ၂,၅၂၀ နှစ်သည် ဒံယေလငယ်ရွယ်စဉ်အချိန်၊ ယေရုရှလင်မြို့ဖျက်ဆီးခံရသည့် ဘီ.စီ.အီး. ၆၀၇ ခုနှစ်မှ စီ.အီး. ၁၉၁၄ ခုနှစ်အထိဖြစ်ပြီး “လူမျိုးခြားများအတွက်သတ်မှတ်ထားသောကာလ” ဟုခေါ်သည်။ (လုကာ ၂၁:၂၄၊ ကဘ) သူတို့၏အဆုံးကို မည်သည့်နိုင်ငံရေးအဖြစ်အပျက်များက မှတ်သားဖော်ပြမည်နည်း။ ယင်းကို ကောင်းကင်တမန်တစ်ပါးက ဒံယေလအားဖွင့်ပြသည်။ ကောင်းကင်တမန်ပြောသည်–“ချိန်းချက်သောအချိန်၌လည်း [မြောက်ဘုရင်သည်] တောင်မျက်နှာသို့တစ်ဖန်လာဦးမည်။ သို့သော်လည်း အရင်ဖြစ်သကဲ့သို့မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်းမဟုတ်။”—ဒံယေလ ၁၁:၂၉။

ထိုဘုရင်စစ်ရှုံး

၆။ ၁၉၁၄ ခုနှစ်တွင် မည်သူသည် မြောက်ဘုရင်ဖြစ်ပြီး မည်သူသည် တောင်ဘုရင်ဖြစ်သနည်း။

၆ ၁၉၁၄ ခုနှစ်ရောက်သော် မြောက်ဘုရင်၏အနေအထားကို ကိုင်ဇာဗေးလ်ဟဲလ်မ်ခေါင်းဆောင်သည့်ဂျာမနီနိုင်ငံက ဆက်ခံသည်။ (“ကိုင်ဇာ”၊ ရောမဘွဲ့ “ဆီဇာ” မှ) ဥရောပတွင်ဖြစ်ပွားသည့်စစ်ပွဲများသည် တောင်ဘုရင်နှင့်မြောက်ဘုရင်တို့၏အားပြိုင်မှုများတွင် အပါအဝင်ဖြစ်သည်။ မူလတောင်ဘုရင်အီဂျစ်၏ပိုင်နက်ကို လျင်မြန်စွာသိမ်းပိုက်ခဲ့သောဗြိတိန်နိုင်ငံက တောင်ဘုရင်၏အနေအထားကိုနောက်ပိုင်းတွင် ရယူလာခဲ့သည်။ စစ်ပွဲဆက်လက်ဖြစ်ပွားသောအခါ ဗြိတိန်သည် ယင်း၏ယခင်လက်အောက်ခံဖြစ်ခဲ့ဖူးသည့် အမေရိကန်ပြည်ထောင်စုနှင့်ပူးပေါင်းခဲ့သည်။ တောင်ဘုရင်သည် သမိုင်းတွင် တန်ခိုးအာဏာအကြီးဆုံးဖြစ်သော အင်္ဂလို-အမေရိကန်ကမ္ဘာ့အာဏာစက်ကြီးဖြစ်လာခဲ့သည်။

၇၊ ၈။ (က) ပထမကမ္ဘာစစ်တွင် မည်သည့်နည်းဖြင့် “အရင်ဖြစ်သကဲ့သို့မဟုတ်” သနည်း။ (ခ) ပထမကမ္ဘာစစ်၏အကျိုးရလဒ်ကား အဘယ်နည်း။ သို့သော် ပရောဖက်ပြုချက်အရ မြောက်ဘုရင်မည်သို့တုံ့ပြန်ခဲ့သနည်း။

၇ ယခင်ဘုရင်နှစ်ပါး၏ဆိုင်ပြိုင်တိုက်လှန်မှုတွင် မြောက်ဘုရင်ဖြစ်သောရောမအင်ပါယာသည် ဆက်တိုက်အောင်နိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် ‘အရင်ဖြစ်သကဲ့သို့မဟုတ်။’ အဘယ်ကြောင့်နည်း။ မြောက်ဘုရင်စစ်ရှုံးသောကြောင့်ဖြစ်သည်။ အကြောင်းတစ်ခုမှာ ‘ခိတ္တိမ်သင်္ဘောများ’ သည် မြောက်ဘုရင်ကို ဆန့်ကျင်ကြသောကြောင့်ဖြစ်သည်။ (ဒံယေလ ၁၁:၃၀) ဤသင်္ဘောများကား အဘယ်နည်း။ ဒံယေလအချိန်က ခိတ္တိမ်သည် ဆိုက်ပရပ်စ်နိုင်ငံဖြစ်ပြီး ယင်းသည် ပထမကမ္ဘာစစ်အစောပိုင်းက ဗြိတိန်သိမ်းပိုက်ခံနိုင်ငံဖြစ်ခဲ့သည်။ ဇော်န်ဒဗယ်န်သမ္မာကျမ်းစာရုပ်ပြစွယ်စုံကျမ်း အရ ခိတ္တိမ်ဟူသောအမည်သည် “ယေဘုယျအားဖြင့် အနောက်တိုင်းအထိတိုးချဲ့ပါဝင်သော်လည်း အထူးသဖြင့် ပင်လယ်ခရီးနှင့်ဆိုင်သောအနောက်တိုင်းဖြစ်သည်။” အပြည်ပြည်ဆိုင်ရာဘာသာပြန်ကျမ်းသစ် က ‘ခိတ္တိမ်သင်္ဘောများ’ ဟူသောအသုံးအနှုန်းကို “အနောက်တိုင်းကမ်းရိုးတန်းဒေသများရှိသင်္ဘောများ” ဟုပြန်ဆိုထားသည်။ ပထမကမ္ဘာစစ်တွင် ခိတ္တိမ်သင်္ဘောများသည် ဥရောပအနောက်ဘက်ကမ်းခြေတွင်အခြေစိုက်သော ဗြိတိန်သင်္ဘောများဖြစ်ကြောင်း ထင်ရှားခဲ့သည်။ နောက်ပိုင်းတွင် ဗြိတိသျှရေတပ်သည် အနောက်ဘက်တိုက်ကြီးဖြစ်သော မြောက်အမေရိကတိုက်မှ သင်္ဘောများဖြင့် အားဖြည့်ခံခဲ့ရသည်။

၈ ဤတိုက်ပွဲတွင် မြောက်ဘုရင်သည် ‘ဝမ်းနည်းမှိုင်တွေ’ ပြီး ၁၉၁၈ ခုနှစ်တွင် အရှုံးပေးလိုက်ရသည်။ သို့သော် သူအဆုံးမတိုင်သေးပါ။ “သန့်ရှင်းသောပဋိညာဉ်တရားကို အမျက်ထွက်သည်အတိုင်းပြု [ပြစ်တင်ရှုတ်ချ၍ ထိရောက်စွာလုပ်ဆောင်၊ ကဘ] ပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသောပဋိညာဉ်တရားကိုစွန့်ပစ်သူတို့နှင့် အဆွေဖွဲ့လိမ့်မည်။” (ဒံယေလ ၁၁:၃၀) ကောင်းကင်တမန်ထိုသို့ပရောဖက်ပြုပြီး ထိုအတိုင်းပင်ဖြစ်ပျက်ခဲ့သည်။

ထိုဘုရင်ထိရောက်စွာလုပ်ဆောင်

၉။ အဒေါ့ဖ်ဟစ်တလာပေါ်ပေါက်လာစေသည့်အရာကား အဘယ်နည်း။ သူသည် မည်သို့ “ထိရောက်စွာလုပ်ဆောင်” ခဲ့သနည်း။

၉ စစ်ကြီးပြီးနောက် ၁၉၁၈ ခုနှစ်ရောက်သော် စစ်နိုင်သောမဟာမိတ်များသည် ဂျာမန်တို့အား မရေရာသည့်အနာဂတ်တွင် ငတ်မွတ်လုနီးပါးအခြေအနေသို့ရောက်ရန် ရည်ရွယ်သည့် သူတို့အားဒဏ်ခတ်သောငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လိုက်နာရန်အကျပ်ကိုင်ခဲ့သည်။ ရလဒ်အနေနှင့် ဂျာမနီနိုင်ငံသည် ပြင်းထန်သည့်ဘေးဒုက္ခတွင်အကျပ်ရိုက်ခဲ့ပြီးနောက် အဒေါ့ဖ်ဟစ်တလာပေါ်ပေါက်လာသည့်အနေအထားသို့ ရောက်ခဲ့သည်။ သူသည် ၁၉၃၃ ခုနှစ်တွင် အထွတ်အထိပ်အာဏာကို သူရယူခဲ့ပြီး ချက်ချင်းပင် “သန့်ရှင်းသောပဋိညာဉ်တရားကို” ကိုယ်စားပြုသည့် ခရစ်တော်ယေရှု၏ဘိသိက်ခံညီတော်များကို အငြိုးကြီးစွာဆန့်ကျင်တိုက်ခိုက်တော့သည်။ ဤသို့ဖြင့် သူသည် သစ္စာရှိခရစ်ယာန်များကိုဆန့်ကျင်ရာတွင် ထိရောက်စွာလုပ်ဆောင်ခဲ့ပြီး သူတို့အများအပြားကို ရက်စက်စွာညှဉ်းပန်းနှိပ်စက်ခဲ့သည်။

၁၀။ ဟစ်တလာသည် အထောက်အမရရန် မည်သူနှင့်မိတ်ဖွဲ့ပူးပေါင်းခဲ့သနည်း။ ရလဒ်ကား အဘယ်နည်း။

၁၀ ဟစ်တလာသည် စီးပွားရေးနှင့်သံအဆက်အသွယ်တွင် အောင်မြင်မှုရလိုသဖြင့် ယင်းကဏ္ဍများတွင်လည်း ထိရောက်စွာလုပ်ဆောင်ခဲ့သည်။ နှစ်အနည်းငယ်အတွင်း “သန့်ရှင်းသောပဋိညာဉ်တရားကို စွန့်ပစ်သောသူ” တို့၏အကူအညီအားဖြင့် ဂျာမနီကို ထင်ပေါ်သည့်အင်အားကြီးနိုင်ငံဖြစ်စေခဲ့သည်။ ထိုကူညီသူတို့ကား မည်သူများနည်း။ အထောက်အထားများအရ ဘုရားသခင်နှင့်မိမိတို့ ပဋိညာဉ်ဖွဲ့ဆက်ဆံရေးရှိသည်ဟုဆိုသော်လည်း ကြာမြင့်စွာကတည်းက ယေရှုခရစ်၏တပည့်တော်အဖြစ်မှရပ်ဆိုင်းခဲ့ကြသည့် ခရစ်ယာန်ဘောင်ခေါင်းဆောင်များဖြစ်ကြသည်။ ဟစ်တလာသည် ထို “သန့်ရှင်းသောပဋိညာဉ်တရားကို စွန့်ပစ်သောသူ” များအား အောင်မြင်စွာအကူအညီတောင်းနိုင်ခဲ့သည်။ ရောမမြို့ရှိပုပ်ရဟန်းမင်းက သူနှင့်သဘောတူညီချက်ရယူခဲ့ပြီး ဂျာမနီနိုင်ငံရှိ ရိုမန်ကက်သလစ်ချာ့ချ်များနည်းတူ ပရိုတက်စတင့်ချာ့ချ်များလည်း သူ၏ရက်စက်ကြမ်းကြုတ်သည့် ၁၂ နှစ်ကြာအုပ်ချုပ်ချိန်အတွင်း သူ့ကိုကူညီထောက်ပံ့ခဲ့ကြသည်။

၁၁။ မြောက်ဘုရင်သည် မည်သို့ “သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ” ပြီး “နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ရှင်း” ခဲ့သနည်း။

၁၁ ကောင်းကင်တမန်က တိကျစွာတင်ကူးပြောထားသကဲ့သို့ ဟစ်တလာသည် စစ်တိုက်ရန်အဆင်သင့်ဖြစ်သည့်အထိ အောင်မြင်မှုရရှိခဲ့သည်။ “ထိုမင်းနောက်မှစစ်လက်နက်တို့သည် ပေါ်လာသဖြင့် တန်ခိုးကြီးသောသန့်ရှင်းရာဌာနတော် ညစ်ညူးစေ၍ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ရှင်းကြလိမ့်မည်။” (ဒံယေလ ၁၁:၃၁က) ရှေးဣသရေလအချိန်က သန့်ရှင်းရာဌာနသည် ယေရုရှလင်ရှိဗိမာန်တော်၏ အစိတ်အပိုင်းဖြစ်ခဲ့သည်။ သို့သော် ဂျူးတို့သည် ယေရှုကိုငြင်းပယ်သောအခါ သူတို့နှင့်သူတို့၏ဗိမာန်တော်ကို ယေဟောဝါငြင်းပယ်ခဲ့သည်။ (မဿဲ ၂၃:၃၇–၂၄:၂) ပထမရာစုကတည်းက ယေဟောဝါ၏ဗိမာန်တော်သည် အမှန်ပင်ဝိညာဏဗိမာန်ဖြစ်ခဲ့ပြီး ကောင်းကင်ရှိ အလွန်သန့်ရှင်းသည့်ဌာနပါဝင်ကာ ယဇ်ပုရောဟိတ်မင်းများကဲ့သို့သော ယေရှု၏ဘိသိက်ခံညီတော်များအမှုဆောင်သည့် မြေကြီးပေါ်ရှိဝိညာဏရင်ပြင်လည်း ပါဝင်သည်။ ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ လူအုပ်ကြီးသည် ဘိသိက်ခံအကြွင်းအကျန်များနှင့်ပူးပေါင်းဝတ်ပြုလာခဲ့ကြရာ သူတို့လည်း ‘ဘုရားသခင့်ဗိမာန်တော်တွင်’ ဝတ်ပြုသည်ဟု ပြောနိုင်သည်။ (ဗျာဒိတ် ၇:၉၊ ၁၅; ၁၁:၁၊ ၂; ဟေဗြဲ ၉:၁၁၊ ၁၂၊ ၂၄) ဗိမာန်တော်၏မြေကြီးဆိုင်ရာရင်ပြင်သည် မြောက်ဘုရင်အုပ်စိုးသည့်နိုင်ငံများတွင် ဘိသိက်ခံအကြွင်းအကျန်များနှင့် သူတို့အပေါင်းအဖော်များအား ညှာတာမှုကင်းမဲ့စွာနှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် မထီလေးစားပြုခြင်းခံခဲ့ရသည်။ နှိပ်စက်ညှဉ်းပန်းခြင်းမည်မျှပြင်းထန်သနည်းဟူမူ နေ့ရက်အစဉ်ပြုသောဝတ်—ယေဟောဝါ၏နာမတော်အား လူအများရှေ့ချီးမွမ်းပူဇော်သောယဇ်—ပင်လျှင် ပယ်ရှင်းခံခဲ့ရသည်။ (ဟေဗြဲ ၁၃:၁၅) သို့တိုင် ကြောက်မက်ဖွယ်ညှဉ်းဆဲခံရသည့်ကြားမှပင် သစ္စာရှိဘိသိက်ခံခရစ်ယာန်များသည် “အခြားသိုးများ” နှင့်အတူ လျှို့ဝှက်စွာဆက်၍ဟောပြောခဲ့ကြကြောင်း ရာဇဝင်ကတင်ပြလျက်ရှိသည်။—ယောဟန် ၁၀:၁၆။

“ရွံရှာဖွယ်အရာ”

၁၂၊ ၁၃။ “ရွံရှာဖွယ်အရာ” ကား အဘယ်အရာဖြစ်ပြီး—သစ္စာနှင့်သတိပညာရှိသောကျေးကျွန်ကြိုတင်သိမြင်သည့်အတိုင်း—မည်သည့်အချိန်နှင့် မည်သည့်နည်းဖြင့် ယင်းပြန်လည်ထူထောင်ခံရသနည်း။

၁၂ ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ အခြားအရာတစ်ခုထပ်မံဖြစ်ပျက်သည်။ “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာကိုလည်း တည်ထားကြလိမ့်မည်။” (ဒံယေလ ၁၁:၃၁ခ) ယေရှုလည်းဖော်ပြခဲ့သော ဤ “ရွံရှာဖွယ်အရာ” သည် နိုင်ငံပေါင်းချုပ်အသင်းကြီးဖြစ်ကြောင်း အသိအမှတ်ပြုခံရပြီးဖြစ်ပြီး ဗျာဒိတ်ကျမ်းအရ ကြက်သွေးရောင်သားရဲဖြစ်ကာ တွင်းနက်ထဲသို့ဝင်သွားသည်။ (မဿဲ ၂၄:၁၅; ဗျာဒိတ် ၁၇:၈၊ ကဘ; အလင်း စာအုပ်အတွဲ ၂၊ စာမျက်နှာ ၉၄ ရှု။) ဒုတိယကမ္ဘာစစ်ဖြစ်သောအခါ ယင်းသို့ ဖြစ်ခဲ့သည်။ သို့သော် ၁၉၄၂ ခုနှစ်တွင်ကျင်းပသော ယေဟောဝါသက်သေများ၏ ကမ္ဘာသစ်သီအိုကရက်တစ်အစည်းအဝေးတွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ တတိယမြောက်ဥက္ကဋ္ဌဖြစ်သူ နေသန် အိပ်ချ်၊ နောရ်က ဗျာဒိတ် ၁၇ ပါပရောဖက်ပြုချက်ကိုဆွေးနွေးတင်ပြခဲ့ပြီး သားရဲသည် တွင်းနက်ထဲမှ တစ်ဖန်ပြန်ထလာဦးမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

၁၃ ဤစကားများ၏မှန်ကန်မှုကို သမိုင်းကအတည်ပြုခဲ့သည်။ ၁၉၄၄ ခုနှစ်၊ ဩဂုတ်မှအောက်တိုဘာလအတွင်းတွင် အမေရိကန်နိုင်ငံရှိ ဒန်ဘာတန်အို့ခ်စ်ခန်းမတွင် ကုလသမဂ္ဂဟုအမည်တွင်လာမည့်အဖွဲ့အစည်းအတွက် လူ့အခွင့်အရေးစာတမ်းကြီးကို စတင်ရေးဆွဲခဲ့ကြသည်။ ယင်းစာတမ်းကို ယခင်ဆိုဗီယက်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၅၁ နိုင်ငံက လက်ခံကျင့်သုံးခဲ့ကြပြီး ယင်းစာတမ်းအတည်ဖြစ်သည့် ၁၉၄၅ ခု၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပျောက်ကွယ်ခဲ့သောနိုင်ငံပေါင်းချုပ်အသင်းကြီးသည် အမှန်ပင် တွင်းနက်ထဲကပြန်ထွက်လာခဲ့သည်။

၁၄။ မြောက်ဘုရင်မည်သူမည်ဝါဖြစ်ကြောင်းမှတ်သားဖော်ပြချက်သည် မည်သည့်အချိန်တွင်နှင့် မည်ကဲ့သို့ ပြောင်းလဲသွားသနည်း။

၁၄ ကမ္ဘာစစ်ကြီးနှစ်ခုလုံးတွင် ဂျာမနီသည် တောင်ဘုရင်၏အဓိကရန်သူဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ဂျာမနီ၏အစိတ်အပိုင်းသည် တောင်ဘုရင်၏မဟာမိတ်အဖြစ် ကူးပြောင်းလာခဲ့သည်။ သို့သော် အခြားအစိတ်အပိုင်းသည် အခြားမင်း၏အင်ပါယာနှင့်တစ်ဖက်တည်းဖြစ်သွားသည်။ ယခုဂျာမနီ၏အစိတ်အပိုင်းပါဝင်သော ကွန်မြူနစ်နိုင်ငံများအုပ်စုသည် အင်္ဂလို-အမေရိကန်မဟာမိတ်များကို အပြင်းအထန်ဆန့်ကျင်လာပြီး ဘုရင်နှစ်ပါးတို့၏ရန်ပွဲသည် စစ်အေးတိုက်ပွဲဖြစ်လာသည်။—“ကိုယ်တော်၏အလိုတော်သည် မြေကြီးပေါ်တွင်ပြည့်စုံပါစေ” စာမျက်နှာ ၂၆၄-၈၄ ကိုရှု။

ဘုရင်နှင့်ပဋိညာဉ်

၁၅။ ‘ပဋိညာဉ်တရားကိုပြစ်မှားသောသူတို့’ ကား မည်သူများဖြစ်ပြီး သူတို့သည် မြောက်ဘုရင်နှင့် မည်သည့်ဆက်ဆံရေးရှိခဲ့ကြသနည်း။

၁၅ ကောင်းကင်တမန်ဤသို့ပြောသည်–“ပဋိညာဉ်တရားကိုပြစ်မှားသောသူတို့သည် ချော့မော့ရာသို့လိုက်၍ ယိုယွင်းကြလိမ့်မည်။” (ဒံယေလ ၁၁:၃၂က) ပဋိညာဉ်တရားကိုပြစ်မှားသောဤသူတို့ကား မည်သူများနည်း။ ဤတွင်လည်းတစ်ဖန်၊ မိမိတို့ကိုယ်ကို ခရစ်ယာန်ဟုဆိုသော်လည်း မိမိတို့လုပ်ရပ်အားဖြင့် ခရစ်ယာန်အမည်ကိုမဖွယ်မရာပြုသော ခရစ်ယာန်ဘောင်ခေါင်းဆောင်များသာလျှင်ဖြစ်နိုင်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက “ဆိုဗီယက်အစိုးရသည် အမိနိုင်ငံကိုကာကွယ်ရန်အတွက် ရုပ်ပစ္စည်းနှင့်စိတ်ပိုင်းဆိုင်ရာ ချာ့ချ်များ၏ကူညီထောက်ပံ့မှုကို စစ်တမ်းကောက်ခဲ့သည်။” (ဝေါ်လ်တာကိုလာ့ဇ်ရေးသည့် ဆိုဗီယက်ပြည်ထောင်စုရှိဘာသာရေး) စစ်ကြီးပြီးသောအခါ ယခုမြောက်ဘုရင်ဖြစ်သောထိုအာဏာစက်သည် ဘုရားမဲ့ဝါဒကိုကျင့်သုံးနေစေကာမူ ချာ့ချ်ခေါင်းဆောင်များသည် ထိုမိတ်သဟာယကိုဆက်လက်တည်မြဲရန် ကြိုးစားခဲ့ကြသည်။b ထို့ကြောင့် ခရစ်ယာန်ဘောင်သည် တစ်ခါမျှနှင့်မတူအောင် ဤလော၏အစိတ်အပိုင်း—ယေဟောဝါ၏အမြင်တွင် ရွံရှာဖွယ်အယူဖောက်ပြန်ခြင်း ဖြစ်လာခဲ့သည်။—ယောဟန် ၁၇:၁၄; ယာကုပ် ၄:၄။

၁၆၊ ၁၇။ “ပညာရှိသောသူတို့” ကား မည်သူများဖြစ်ကြပြီး မြောက်ဘုရင်၏လက်အောက်တွင် သူတို့မည်သို့တွေ့ ကြုံရင်ဆိုင်ကြရသနည်း။

၁၆ သို့သော် ခရစ်ယာန်စစ်များကား မည်သို့နည်း။ “မိမိတို့ဘုရားသခင်ကိုသိသောသူတို့မူကား၊ ကြီးစွာသောအားနှင့်ပြု [အောင်မြင်၊ ကဘ] ကြလိမ့်မည်။ လူစုထဲမှာပညာရှိသောသူတို့သည် အများသောသူတို့ကိုသွန်သင်ကြလိမ့်မည်။ ထားနှင့်ကွပ်မျက်ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်းအားဖြင့် အင်တန်ကာလပတ်လုံးလဲကြလိမ့်မည်။” (ဒံယေလ ၁၁:၃၂ခ၊ ၃၃) မြောက်ဘုရင်၏လက်အောက်တွင် ရှိနေကြသောခရစ်ယာန်များသည် ‘အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကိုဝန်ခံ’ လျက်နှင့် ဤလောက၏အစိတ်အပိုင်းမဖြစ်ဘဲနေခဲ့ကြသည်။ (ရောမ ၁၃:၁; ယောဟန် ၁၈:၃၆) ကဲသာ၏ဥစ္စာကို ကဲသာအားပေးဆက်ရန် ဂရုစိုက်ကြပြီး “ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အားပေးဆက်” ကြသည်။ (မဿဲ ၂၂:၂၁) ထို့ကြောင့် သူတို့၏သမာဓိစမ်းသပ်ခံကြရသည်။—၂ တိမောသေ ၃:၁၂။

၁၇ ရလဒ်ကားအဘယ်နည်း။ သူတို့သည် ‘အောင်မြင်ခြင်း’ နှင့် ‘လဲခြင်း’ နှစ်မျိုးလုံးဖြစ်ကြသည်။ သူတို့သည် နှိပ်စက်ညှဉ်းပန်းခံရကြပြီး ပြင်းထန်စွာထိခိုက်နာကျင်မှုခံစားရခြင်း၊ အချို့တို့သည် အသတ်ပင်ခံရခြင်းအားဖြင့် လဲကြသည်။ သို့သော် သူတို့အများစုသည် သစ္စာစောင့်သိကြခြင်းအားဖြင့် အောင်မြင်ကြသည်။ မှန်ပါသည်။ ယေရှုသည် ဤလောကကိုအောင်သကဲ့သို့ သူတို့လည်း ဤလောကကိုအောင်ကြသည်။ (ယောဟန် ၁၆:၃၃) သူတို့သည် ထောင်ထဲ သို့မဟုတ် ချွေးတပ်စခန်းများထဲရောက်နေစေကာမူ ဟောပြောခြင်းကိုမရပ်စဲလိုက်ကြပါ။ ဤသို့ပြုကြခြင်းအားဖြင့် “သူတို့သည် လူများစွာတို့အား သွန်သင်ကြ’ သည်။ မြောက်ဘုရင်အုပ်စိုးမှုအောက်ရှိနိုင်ငံအများစုတွင် နှိပ်စက်ညှဉ်းပန်းမှုများကြားမှပင် ယေဟောဝါသက်သေများ၏အရေအတွက်သည် တိုးပွားလျက်ရှိသည်။ “ပညာရှိသောသူတို့” ၏သစ္စာစောင့်သိမှုကြောင့် ထိုနိုင်ငံများတွင် အမြဲတိုးပွားနေသော “လူအုပ်ကြီး” ၏အစိတ်အပိုင်းပေါ်ထွက်လာရသည်။—ဗျာဒိတ် ၇:၉-၁၄။

၁၈။ မြောက်ဘုရင်လက်အောက်ရှိ ဘိသိက်ခံအကြွင်းအကျန်များသည် မည်သည့် “အနည်းငယ်သောမစခြင်း” ကို ရခဲ့ကြသနည်း။

၁၈ ဘုရားသခင့်လူများနှိပ်စက်ညှဉ်းဆဲခံရခြင်းနှင့်ပတ်သက်၍ ကောင်းကင်တမန်ဤသို့တင်ကူးပြောခဲ့သည်–“လဲကြသောအခါ အနည်းငယ်သောမစခြင်းကို တစ်ဖန်ခံရကြလိမ့်မည်။” (ဒံယေလ ၁၁:၃၄က) ယင်းမည်သို့ ဖြစ်ခဲ့သနည်း။ တစ်ခုအနေနှင့် ဒုတိယကမ္ဘာစစ်အတွင်းက တောင်ဘုရင်၏အောင်နိုင်ခြင်းသည် ပြိုင်ဘက်ဘုရင်၏အုပ်စိုးမှုအောက်ရှိခရစ်ယာန်များအတွက် ကြီးစွာသောသက်သာမှုဖြစ်ခဲ့သည်။ (ဗျာဒိတ် ၁၂:၁၅၊ ၁၆ နှိုင်းယှဉ်။) မြောက်ဘုရင်ကိုဆက်ခံသော နောက်အာဏာစက်လက်အောက်တွင် နှိပ်စက်ညှဉ်းပန်းခံရသောသူများသည်လည်း အခါအားလျှော်စွာသက်သာမှုကိုရခဲ့ကြပြီး စစ်အေးတိုက်ပွဲသည် တဖြည်းဖြည်းချင်းအဆုံးသတ်လာသောအခါ သစ္စာရှိခရစ်ယာန်များသည် မလိုလားအပ်သည့်လူများမဟုတ်ကြကြောင်းကို နိုင်ငံရေးခေါင်းဆောင်များသိရှိလာကြသည့်အတွက် သူတို့အားတရားဝင်အသိအမှတ်ပြုခဲ့ကြသည်။c မဿဲ ၂၅:၃၄-၄၀ တွင်ဖော်ပြထားသည့်အရ ဘိသိက်ခံတို့၏သစ္စာရှိဟောပြောခြင်းကို တုံ့ပြန်၍ သူတို့အားအကူအညီပေးခဲ့ကြသော တိုးပွားနေသည့်လူအုပ်ကြီးထံမှလည်း ကြီးစွာသောအကူအညီရရှိခဲ့သည်။

ဘုရားသခင့်လူများအားသန့်စင်မှုတစ်ခု

၁၉။ (က) လူအချို့တို့သည် မည်သည့်နည်းဖြင့် “ချော့မော့ရာသို့လိုက်၍ဆည်းကပ်” ကြသနည်း။ (ခ) “အမှုဆုံးရသည်ကာလတိုင်” ဟူသောစကားသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ (အောက်ချေမှတ်ချက်ရှု။)

၁၉ ဤအချိန်များအတွင်း ဘုရားသခင့်အမှုတော်ဆောင်ရန် စိတ်ဝင်စားမှုတင်ပြသူတိုင်း ကောင်းသောရည်ရွယ်ချက်ရှိကြသည်မဟုတ်ပါ။ ကောင်းကင်တမန်ဤသို့သတိပေးခဲ့သည်–“လူအများတို့သည် ချော့မော့ရာသို့လိုက်၍ ဆည်းကပ်ကြလိမ့်မည်။ အမှုဆုံးရသည်ကာလတိုင်အောင် ပညာရှိသောသူအချို့တို့သည်လည်း စုံစမ်းခြင်းကိုခံ၍ သန့်ရှင်းဖြူစင်ရမည်အကြောင်း လဲကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက်သောကာလတိုင်အောင် ဖြစ်ရသတည်း။”d (ဒံယေလ ၁၁:၃၄ခ၊ ၃၅) အချို့တို့သည် သမ္မာတရားတွင်စိတ်ဝင်စားကြောင်း တင်ပြသော်လည်း ဘုရားသခင်အားအမှုဆောင်ရန် စစ်မှန်သောအပ်နှံမှုကိုမပြုလိုကြချေ။ သတင်းကောင်းလက်ခံဟန်ရှိသောအခြားသူအချို့မူ အာဏာပိုင်များ၏သူလျှိုများဖြစ်နေကြသည်။ နိုင်ငံတစ်ခု၏အစီရင်ခံစာတစ်ခုကို ဤသို့ဖတ်ရသည်–“သတိပညာမရှိသောဤသူအချို့တို့သည် သခင်ဘုရား၏အဖွဲ့အစည်းထဲသို့ မသိမသာဝင်ရောက်လာသည့် ကွန်မြူနစ်အဖြစ်ခံယူထားသူများဖြစ်ကြပြီး အလွန်ဇွဲရှိကြောင်းတင်ပြကာ လုပ်ငန်းတော်၏ကြီးမားသောတာဝန်များကိုပင် ရရှိခဲ့ကြသည်။”

၂၀။ စိမ့်ဝင်လာသည့်ဖောက်ပြန်သူများအားဖြင့် အချို့သစ္စာရှိခရစ်ယာန်များ “လဲ” ရန် အဘယ်ကြောင့်ယေဟောဝါခွင့်ပြုခဲ့သနည်း။

၂၀ ထိုသို့စိမ့်ဝင်လာသူများကြောင့် သစ္စာရှိသူအချို့ အာဏာပိုင်များလက်ထဲရောက်ခဲ့ကြရသည်။ ယေဟောဝါသည် အဘယ်ကြောင့်ယင်းသို့ ဖြစ်ခွင့်ပြုခဲ့ရသနည်း။ စင်ကြယ်စေရန်၊ သန့်စင်စေရန်အတွက်ဖြစ်သည်။ ယေရှုသည် “ဆင်းရဲဒုက္ခကိုခံခြင်းအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကိုသင်” သကဲ့သို့ ဤသစ္စာရှိစိုးလ်များလည်း မိမိတို့၏ယုံကြည်ခြင်းစမ်းသပ်မှုအားဖြင့် ခံနိုင်ရည်ကိုသင်ယူခဲ့ကြခြင်းဖြစ်သည်။ (ဟေဗြဲ ၅:၈; ယာကုပ် ၁:၂၊ ၃; မာလခိ ၃:၃ နှိုင်းယှဉ်။) ထို့ကြောင့်သူတို့သည် ‘သန့်စင်၊ စင်ကြယ်၊ ဖြူစင်’ လာကြသည်။ ထိုသို့သောသစ္စာရှိသူများသည် ကြံ့ကြံ့ခံခဲ့ကြခြင်းအတွက်ဆုရမည်ဖြစ်သောကြောင့် သတ်မှတ်ချိန်ရောက်သောအခါ သူတို့အတွက် ကြီးစွာသောရွှင်လန်းခြင်းဖြစ်လိမ့်မည်။ ဒံယေလပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ဆက်ဆွေးနွေးသောအခါ ယင်းတို့ကိုတွေ့ ကြရမည်။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေပြီး ၁၉၅၈ ခုနှစ်တွင်ကျင်းပသော ယေဟောဝါသက်သေတို့၏ “မြင့်မြတ်သောအလိုတော်” အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးတွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့သည်။

b ၁၉၉၂ ခု၊ နိုဝင်ဘာလထုတ် ကမ္ဘာ့စာနယ်ဇင်းဝေဖန်သုံးသပ်ရေး မဂ္ဂဇင်းက တိုရန်တိုစတား သတင်းစာမှဆောင်းပါးတစ်ပုဒ်ကို ဤသို့ဖော်ပြထားသည်။ “လွန်ခဲ့သည့်နှစ်အတော်များများက ရုရှားတို့သည် မိမိတို့နိုင်ငံသမိုင်းနှင့်ပတ်သက်၍ ယခင်ကနှောင့်ယှက်ဖျက်ဆီးမှုမခံရနိုင်သော စိတ်ကူးစိတ်သန်းများသည် အဖြစ်မှန်ရှေ့တွင် အစိတ်စိတ်အမြွှာမြွှာပျောက်ပျက်ကုန်ကြောင်း အကြိမ်ပေါင်းများစွာတွေ့ မြင်ခဲ့ကြရသည်။ သို့သော် ကွန်မြူနစ်အုပ်ချုပ်ပုံနည်းစနစ်နှင့် ချာ့ချ်၏ပူးတွဲလုပ်ဆောင်မှုကို အထုပ်ဖြေပြလိုက်ခြင်းသည် ဖရိုဖရဲအဖြစ်ဆုံးတိုက်ခိုက်ခံရခြင်းကို ထင်ဟပ်သည်။

c ၁၉၉၁ ခု၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၀-၁၃ ကိုရှု။

d “အမှုဆုံးရသည်ကာလတိုင်” ဟူသောစကားသည် “ဆုံးခန်းကာလအတွင်း” ဟု အဓိပ္ပာယ်သက်ရောက်နိုင်သည်။ ဤတွင် “တိုင်” ဟုပြန်ဆိုထားသောစကားလုံးသည် အာရမိတ်ကျမ်းစာတွင် ဒံယေလ ၇:၂၅ ၌ “အတောအတွင်း” သို့မဟုတ် “အကြာ” ဟုအဓိပ္ပာယ်ရှိသည်။ ဟေဗြဲကျမ်းစာပါ ၄ ဓမ္မရာဇဝင် ၉:၂၂၊ ယောဘ ၂၀:၅ နှင့် တရားသူကြီး ၃:၂၆ တို့တွင်လည်း အလားတူအဓိပ္ပာယ်ဆောင်သည်။ မည်သို့ဆိုစေ၊ အများအားဖြင့် ဒံယေလ ၁၁:၃၅ ကိုပြန်ဆိုရာတွင် “တိုင်” ဟုပြန်ဆိုထားကြပြီး ယင်းသည် အဓိပ္ပာယ်မှန်ဖြစ်ပါက “အမှုဆုံးရသည်ကာလတိုင်” ဟူသောစကားသည် ဤနေရာတွင် ဘုရားသခင့်လူများခံရပ်ခဲ့ကြသည့် ဆုံးခန်းကာလဖြစ်ရမည်။—“ကိုယ်တော့်အလိုတော်သည် မြေကြီးပေါ်၌ပြည့်စုံပါစေ” စာအုပ်၊ စာမျက်နှာ ၂၈၆ နှိုင်းယှဉ်။

သင်မှတ်မိသလော

◻ ဒံယေလပရောဖက်ပြုချက်ကို ကောင်းစွာနားလည်သဘောပေါက်ရန် ယနေ့ကျွန်ုပ်တို့အဘယ်ကြောင့် မျှော်လင့်သင့်သနည်း။

◻ မြောက်ဘုရင်သည် မည်သို့ ‘ပြစ်တင်ရှုတ်ချ၍ ထိရောက်စွာလုပ်ဆောင်’ ခဲ့သနည်း။

◻ ကျွန်အတန်းအစားကြိုမြင်သည့်အတိုင်း “ရွံရှာဖွယ်အရာ” သည် မည်သို့ တစ်ဖန်ပြန်ပေါ်လာခဲ့သနည်း။

◻ ဘိသိက်ခံအကြွင်းအကျန်များသည် မည်သို့ ‘လဲ၊ အောင်မြင်၊ အနည်းငယ်သောမစမှုကိုရ’ ခဲ့ကြသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၁၉၁၈ ခုနှစ်က တောင်ဘုရင်၏လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရသောမြောက်ဘုရင်သည် ဟစ်တလာ၏လက်အောက်တွင် နဂိုအခြေအနေအတိုင်း အပြည့်အဝပြန်ရောက်ရှိခဲ့သည်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ခရစ်ယာန်ဘောင်ခေါင်းဆောင်များသည် မြောက်ဘုရင်နှင့်ဆက်ဆံရေးပြုစုပျိုးထောင်ရန် ကြိုးစားခဲ့ကြသည်

[Credit Line]

Zoran/Sipa Press

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ