ဘုရားနိုင်ငံတော်ကို ကျွန်မတို့ရှေးဦးရှာခဲ့ကြ
ဩလဗ်စပရင်းဂစ် ပြောပြသည်
ကျွန်မတို့၏ဆုတောင်းသံကို နားထောင်ပြီးနောက် အမေသည် ဖယောင်းတိုင်မီးကိုငြိမ်းလိုက်ပြီး အခန်းထဲမှထွက်ခွာသွားသည်။ ကျွန်မ၏မောင်က ကျွန်မကို ချက်ချင်းမေးခွန်းထုတ်လိုက်သည်– “ဘုရားသခင်ဟာ အုတ်နံရံကိုထိုးဖောက်ပြီး ကျွန်တော်တို့ကိုဘယ်လိုလုပ်မြင်နိုင်ကြားနိုင်မှာလဲ၊ ဩလဗ်။”
“ကိုယ်တော်ဟာ ဘယ်အရာကိုမဆို၊ ဒို့ရဲ့နှလုံးထဲထိတောင် ထိုးဖောက်မြင်နိုင်တယ်လို့ အမေကပြောတယ်” ဟု ကျွန်မပြန်ဖြေခဲ့သည်။ အမေသည် ဘုရားကိုကြောက်ရွံ့သောအမျိုးသမီးတစ်ဦးနှင့် ကျမ်းစာဖတ်ခြင်းကိုခုံမင်သောသူတစ်ဦးဖြစ်ပြီး ဘုရားသခင်နှင့်သမ္မာကျမ်းစာမူများကို ရိုသေကိုင်းရှိုင်းရန် ကလေးများဖြစ်သောကျွန်မတို့၏နှလုံးထဲသို့ သွတ်သွင်းပေးခဲ့သည်။
ကျွန်မတို့၏မိဘများသည် အင်္ဂလန်နိုင်ငံ၊ ကယ့်န်ခရိုင်၊ ချယ်တန်မြို့လေးရှိ အင်္ဂလီကန်ချာ့ချ်အသင်းသားများဖြစ်ကြသည်။ အမေသည် ချာ့ချ်မှန်မှန်တက်သူဖြစ်သော်လည်း ခရစ်ယာန်ဟူသည် တစ်ပတ်တစ်ခါ ဘုရားကျောင်းထိုင်ခုံပေါ်တွင် မတုန်မလှုပ်နှင့် ဟောပြောချက်များနားထောင်ရုံသက်သက်မဟုတ်ကြောင်း သူမယုံကြည်ထားသည်။ ဘုရားသခင်၌ စစ်မှန်သောချာ့ချ်တစ်ခုရှိရမည်ကိုလည်း သူမယုံကြည်စိတ်ချထားသည်။
ကျမ်းစာသမ္မာတရားကိုလေးမြတ်ခြင်း
၁၉၁၈ ခုနှစ်၊ ကျွန်မအသက် ၅ နှစ်ခန့်တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ပထမဆုံးဥက္ကဋ္ဌဖြစ်သူ ချားလ်စ် တီ. ရပ်စယ်လ်ရေးသားသည့် ကျမ်းစာစောင်များမှလေ့လာစရာများ အမည်ရှိ အတွဲများကို အမေရရှိခဲ့သည်။ နှစ်အနည်းငယ်ကြာသောအခါ ဝစ်ဂ်မောဟုခေါ်သောဒေသကလေးတစ်ခုတွင်နေစဉ် နောက်ပိုင်း ယေဟောဝါသက်သေများဟုလူသိလာသော ကျမ်းစာကျောင်းသားများထဲမှ တစ်ယောက်နှင့် အမေအဆက်အသွယ်ရခဲ့သည်။ ဘုရားသခင်၏စောင်းတော် အမည်ရှိ ကျမ်းစာသင်အံမှုအထောက်အကူပြုစာအုပ်ကို သူမလက်ခံရရှိခဲ့ပြီး ထိုစာအုပ်မှ ကျမ်းစာနှင့်ဆိုင်သော သူမ၏မေးခွန်းအတော်များများကို ရှာဖွေတွေ့ရှိခဲ့သည်။ အခန်းတစ်ခန်းစီအတွက် မေးခွန်းများရိုက်နှိပ်ထားသောပန်းရောင်ကတ်ကလေးတစ်ခု စာတိုက်မှပတ်စဉ်ရောက်လာသည်။ ထိုကတ်က စာအုပ်၏မည်သည့်နေရာတွင် အဖြေကိုရှာတွေ့နိုင်ကြောင်းကိုပါ ဖော်ပြသည်။
၁၉၂၆ ခုနှစ်တွင် ကျွန်မ၏မိဘများ၊ ကျွန်မ၏ညီမဘယ်ရလ်နှင့် ကျွန်မတို့သည် အင်္ဂလီကန်ချာ့ချ်မှနှုတ်ထွက်လိုက်ကြသည်။ အကြောင်းမှာ ချာ့ချ်သည် နိုင်ငံရေးရာများတွင် ပါဝင်ပတ်သက်သည့်အပြင် ယင်း၏ ကျိုးကြောင်းမညီညွတ်သော သွန်သင်ချက်များကိုစက်ဆုပ်သောကြောင့် ဖြစ်သည်။ ထင်ရှားသည့်သွန်သင်ချက်တစ်ခုမှာ ဘုရားသခင်သည် လူတို့ကို ငရဲမီးထဲတွင် ထာဝရညှဉ်းဆဲမည်ဟူသည့်အချက်ဖြစ်သည်။ မှန်သည့်အသင်းတော်မဟုတ်ကြောင်း သမ္မာတရားကို အမှန်ရှာဖွေလာခဲ့သူကျွန်မ၏အမေ အခိုင်အမာသိရှိလာခဲ့သည်။
နောက်မကြာမီတွင် အမေ၏အားတက်သရောဆုတောင်းချက် ပြည့်စုံသည့်အနေနှင့် ကျမ်းစာကျောင်းသားတစ်ဦးဖြစ်သူ မစ္စတာဂျက်ဆင် ကျွန်မတို့ထံလည်ပတ်ရောက်ရှိလာသည်။ အမေနှင့်ကျွန်မကို နှစ်နာရီနီးပါးစကားပြောဆိုပြီး ကျွန်မတို့၏မေးခွန်းများကိုလည်း ကျမ်းစာမှ ဖြေဆိုသွားသည်။ အခြားအရာများအနက် ကျွန်မတို့ကိုပျော်ရွှင်ကျေနပ်စေသည့်အချက်မှာ ကျွန်မတို့၏ဆုတောင်းခြင်းသည် ရှုပ်ထွေးနက်နဲသည့် သုံးပါးပေါင်းတစ်ဆူဘုရားထံသို့မဟုတ်ဘဲ ယေရှုခရစ်၏ခမည်းတော် ယေဟောဝါဘုရားသခင်ထံသို့ ဦးတည်ရန်ဖြစ်သည်။ (ဆာလံ ၈၃:၁၈၊ သမ; ယောဟန် ၂၀:၁၇) သို့သော် ကျွန်မမမေ့နိုင်သည့် အမေမေးသောမေးခွန်းတစ်ခုမှာ ဤသို့– “ဘုရားသခင်ရဲ့နိုင်ငံတော်ကို ရှေးဦးရှာရမယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။”—မဿဲ ၆:၃၃။
ကျမ်းစာအခြေပြုသည့်အဖြေက ကျွန်မတို့၏အသက်တာကို နက်ရှိုင်းစွာအကျိုးသက်ရောက်ခဲ့သည်။ ထိုအပတ်မှစ၍ ကျမ်းစာကျောင်းသားများ၏အစည်းအဝေးများကို ကျွန်မတို့စတင်တက်ရောက်ပြီး သိရှိရသည့်အရာများကို သူတစ်ပါးအားပြောပြသည်။ ကျွန်မတို့ သမ္မာတရားကိုတွေ့ ပြီဟု အခိုင်အမာယုံကြည်ကြသည်။ နောက်လအနည်းငယ်အကြာ ၁၉၂၇ ခုနှစ်တွင် အမေသည် ယေဟောဝါအားဝတ်ပြုရန် ဆက်ကပ်အပ်နှံသည့်အထိမ်းအမှတ်အဖြစ် ရေတွင်နှစ်ခြင်းခံခဲ့ပြီး ကျွန်မလည်း ၁၉၃၀ တွင် နှစ်ခြင်းခံခဲ့သည်။
ရှေ့ဆောင်လုပ်ငန်းသို့ဝင်ရောက်ခြင်း
ကျွန်မတို့မိသားစုသည် အသင်းသား ၂၅ ယောက်ခန့်ရှိသည့် ဂျီလင်ဟန်အသင်းတော်နှင့်ပူးပေါင်းသည်။ သူတို့အတော်များများသည် ရှေ့ဆောင်ခေါ် အချိန်ပြည့်ဓမ္မအမှုဆောင်များဖြစ်ကြပြီး အားလုံးမှာ ကောင်းကင်မျှော်လင့်ချက်ရှိသူများဖြစ်ကြသည်။ (ဖိလိပ္ပိ ၃:၁၄၊ ၂၀) သူတို့၏ခရစ်ယာန်ဇွဲလုံ့လသည် ကူးစက်တတ်သည်။ ဆယ်ကျော်သက်အရွယ်သာရှိသေးသော်လည်း ဘယ်လ်ဂျီယံတွင် ၁၉၃၀ ပြည့်လွန်နှစ်များအစောပိုင်းက အချိန်တိုရှေ့ဆောင်လုပ်ခဲ့သည်။ ယင်းက ထပ်ဆင့်ဘုရားနိုင်ငံတော်လုပ်ငန်းများကို လုပ်လိုသည့်ဆန္ဒကိုနှိုးဆွပေးသည်။ ထိုအချိန်က ဘုရားနိုင်ငံတော်၊ လောက၏တစ်ခုတည်းသောမျှော်လင့်ချက် အမည်ရှိစာအုပ်ငယ်ကို ဓမ္မဆရာအားလုံးအား တစ်ယောက်တစ်အုပ်စီလိုက်ဝေပေးခြင်းတွင် ကျွန်မတို့ပါဝင်ခဲ့ကြသည်။
ထိုအချိန်တွင် အဖေသည် ကျွန်မတို့၏ခရစ်ယာန်လှုပ်ရှားမှုကို အလွန်အမင်းအတိုက်အခံပြုခဲ့ရာ ထိုအကြောင်းလည်းတစ်စိတ်တစ်ဒေသပါဝင်သောကြောင့် ကောလိပ်ကျောင်းတက်ရန် ၁၉၃၂ ခုနှစ်တွင် လန်ဒန်သို့ ကျွန်မပြောင်းရွှေ့ခဲ့သည်။ နောင်ပိုင်း ကျောင်းဆရာလေးနှစ်လုပ်ပြီး ထိုအတောအတွင်း လန်ဒန်တွင် အသင်းတော်လေးခုသာရှိသည့်အနက် တစ်ခုဖြစ်သော ဘလက်ခ်ဟဲ့လ်သ်အသင်းတော်နှင့် ကျွန်မပူးပေါင်းခဲ့သည်။ ထိုအချိန်၌ ဟစ်တလာ၏စစ်ရေးစစ်ရာများကို အားပေးထောက်ခံရန်ငြင်းဆန်သော ကျွန်မတို့၏ခရစ်ယာန်ညီအစ်ကိုညီအစ်မများ ထောင်ကျခြင်းနှင့် ဆင်းရဲဒုက္ခရောက်ခြင်းသတင်းများကို စတင်ကြားလာရသည်။
၁၉၃၈ ခု၊ ကျွန်မစာအုပ်ကြွေးများဆပ်ပြီးသည့်နှစ်တွင် ရှေ့ဆောင်လုပ်လိုသည့်ကျွန်မ၏ဆန္ဒကိုဖြည့်စွက်ရန် အလုပ်မှထွက်လိုက်သည်။ တစ်ချိန်တည်းတွင် ကျွန်မ၏ညီမဘယ်ရလ်သည် လန်ဒန်တွင် စ၍ရှေ့ဆောင်လုပ်သည်။ သို့သော် သူမသည် အခြားရှေ့ဆောင်အိမ်တစ်အိမ်တွင် နေထိုင်သည်။ ကျွန်မ၏ပထမဆုံးတွဲဖက်ရှေ့ဆောင်မှာ နောင်တွင် ယခု ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့ဝင်ဂျွန်ဘားအား လက်ထပ်သူဖြစ်သည့် မေးလ်ဒရက်ဝေးလက်ဖြစ်သည်။ ကျွန်မတို့အုပ်စုရှိအခြားသူများနှင့်အတူ ရပ်ကွက်သို့ စက်ဘီးဖြင့် တစ်နေကုန်ထွက်ကြပြီး တစ်ခါတစ်ရံ မိုးရွာသည့်ကြားမှပင် အမှုဆောင်ကြသည်။
စစ်တိမ်ထုသည် ဥရောပတစ်ခွင်သို့ပင် ပျံဝဲလာခဲ့သည်။ အရပ်သားများအတွက် ဓာတ်ငွေ့ကာခေါင်းစွပ်တပ်ဆင်နည်းကိုပင် လေ့ကျင့်ပေးထားပြီး စစ်ဖြစ်ချိန်အတွင်း အင်္ဂလန်၏ကျေးလက်ဒေသ သို့မဟုတ် မြို့ငယ်ကလေးများသို့ ကလေးများကိုပို့ထားရန် ပြင်ဆင်နေလျက်ရှိသည်။ ကျွန်မတွင် ရှူးဖိနပ်တစ်ရံဝယ်ရန် လုံလောက်သည့်ငွေမျှသာရှိပြီး ကျွန်မ၏မိဘများထံမှလည်း ငွေကြေးအကူအညီမမျှော်လင့်နိုင်ပါ။ သို့သော် ယေရှုက ‘နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ရှေးဦးရှာလျှင် ကျန်သည့်အခြားအရာများကို ဖြည့်စွက်ပေးမည်’ ဟုမပြောခဲ့ပေလော။ (မဿဲ ၆:၃၃) ယေဟောဝါသည် ကျွန်မတို့လိုအပ်ရာအားလုံးကို ဖြည့်စွက်ပေးမည်ဟု ကျွန်မလုံးလုံးလျားလျားယုံကြည်ထားပြီး ထိုနှစ်များတစ်လျှောက်လုံး ထိုသို့ပင် ကိုယ်တော်ရက်ရောစွာပြုတော်မူခဲ့သည်။ စစ်ပွဲကာလအတွင်း တစ်ခါတစ်ရံ ကုန်တင်ထရပ်ကားကြီးများသွားပြီး လမ်းတစ်လျှောက်ကျကျန်နေခဲ့သော ဟင်းသီးဟင်းရွက်အနည်းအကျဉ်းကို ရိက္ခာလုပ်ရသည်လည်းရှိခဲ့သည်။ ကျမ်းစာစာပေများကို အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များဖြင့် လဲလှယ်ခြင်းအားဖြင့် ကျွန်မအစားအစာရလေ့ရှိသည်။
၁၉၂၈ ခုနှစ်တွင် ကျွန်မ၏ညီမစောနယားကို မွေးဖွားခဲ့သည်။ ယေဟောဝါထံ သူမ၏အသက်တာကိုဆက်ကပ်အပ်နှံခဲ့စဉ်က သူမ၏အသက်ခုနစ်နှစ်သာရှိသေးသည်။ ထိုမျှငယ်သော်လည်း ရှေ့ဆောင်ခြင်းသည် မိမိ၏ပန်းတိုင်ဖြစ်လာသည်ဟု စောနယားပြောသည်။ သူမ၏ဆက်ကပ်အပ်နှံမှုကို ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် တင်ပြပြီးနောက်မကြာမီ ၁၉၄၁ ခုနှစ်ရောက်သော် အမေနှင့်သူမတို့သည် ဆောက်သ်ဝေးပြည်နယ်၊ ကာဖီလီမြို့တွင် ရှေ့ဆောင်လုပ်ရန်ခန့်အပ်ခံရသောအခါ သူမ၏ပန်းတိုင်ကိုလက်လှမ်းနိုင်ခဲ့သည်။
စစ်ဖြစ်သည့်နှစ်များအတွင်း ကျွန်မတို့၏ဓမ္မအမှု
၁၉၃၉ ခု၊ စက်တင်ဘာလတွင် ဒုတိယကမ္ဘာစစ်စတင်ခဲ့ရာ ဗြိတိန်ရှိကျွန်မတို့၏ခရစ်ယာန်ညီအစ်ကိုညီအစ်မများသည် နာဇီဂျာမနီနိုင်ငံရှိ သူတို့၏ယုံကြည်သူချင်းများနည်းတူ ထိုတစ်ခုတည်းသောအကြောင်း—စစ်ပွဲတွင်ပါဝင်ခြင်းနှင့်ပတ်သက်၍ ကြားနေမှုကြောင့် ထောင်ချခံရကြသည်။ ၁၉၄၀ ခုနှစ်လယ်မှစ၍ အင်္ဂလန်နိုင်ငံဗုံးကြဲခံရသည်။ ညတိုင်းဗုံးသံကြားရသည်မှာ နားကွဲမတတ်ဖြစ်သော်လည်း ယေဟောဝါ၏အကူအညီအားဖြင့် ကျွန်မတို့အတော်အသင့်အိပ်ခွင့်ရပြီး နောက်တစ်နေ့ဟောပြောခြင်းလုပ်ငန်းအတွက် လန်းဆန်းမှုရကြသည်။
တစ်ခါတစ်ရံ ဟောပြောသည့်ရပ်ကွက်သို့သွားရာတွင် အိမ်အများစုပျက်စီးနေသည်ကို တွေ့ရတတ်သည်။ နိုဝင်ဘာလတွင် လူများစွာနေသည့်ကျွန်မတို့နေရာနှင့် ကိုက်အနည်းငယ်အကွာတွင် ဗုံးတစ်လုံးကျလာရာ ပြူတင်းပေါက်များ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်။ ကြီးမားသည့်အိမ်ရှေ့တံခါးမကြီးလည်း ကျေမွသွားပြီး မီးခိုးခေါင်းတိုင်မှာ ပျက်စီးသွားသည်။ နောက်ညများတွင် ဗုံးခိုကျင်းများထဲ၌ကျွန်မတို့အိပ်ပြီး နောက်ပိုင်းတွင် သက်သေခံအိမ်များတွင် လူခွဲနေလိုက်ကြသည်။
ထိုမှမကြာမီ ဂရိတ်တားလန်ဒန်ခရိုင်၊ ကရွိုင်ဒင်မြို့သို့ ကျွန်မခန့်အပ်ခံခဲ့ရသည်။ ကျွန်မ၏တွဲဖက်ရှေ့ဆောင်မှာ အဲန်ပါကင်ဖြစ်ပြီး သူ၏မောင် ရော်န်ပါကင်သည် နောက်ပိုင်း ပွက်တိုရီကိုဌာနခွဲကော်မတီညှိနှိုင်းရေးမှူးဖြစ်လာသည်။ နောက်ပိုင်းတွင် ဆောက်သ်ဝေးပြည်နယ်၊ ဘရစ်ဂျဲန်မြို့သို့ ကျွန်မပြောင်းရွှေ့ခဲ့သည်။ ထိုတွင်ရှေ့ဆောင်ဆက်လုပ်ကာ ခြောက်လကြာအထိ မြင်းဆွဲသည့်ကုန်တွဲယာဉ်တွင် ကျွန်မနေရသည်။ ထိုနေရာမှ လေးမိုင်ဝေးသည့် ပေါ့တ်တဲလ်ဘတ်မြို့ရှိအနီးဆုံးအသင်းတော်ကြီးတစ်ခုသို့ ကျွန်မတို့ စက်ဘီးဖြင့်သွားလေ့ရှိသည်။
ယခုအခါ လူထုသည် ကျွန်မတို့အား အလွန်ရန်လိုလာပြီး ကျွန်မတို့အား ကန်ချီများ (လက်နက်ကိုင်ရန်ငြင်းဆန်သူများ) ဟုခေါ်ကြသည်။ ယင်းက ကျွန်မတို့အား တဲခိုရာနေရာရှာဖွေရာတွင် အခက်အခဲတွေ့စေသည်။ သို့သော် ယေဟောဝါသည် ကတိတော်အတိုင်း ကျွန်မတို့ကိုစောင့်ရှောက်ခဲ့သည်။
နောက်ပိုင်းတွင် ကျွန်မတို့ရှစ်ဦးသည် ဆောက်သ်ဝေးပြည်နယ်၊ စွမ်းစီးပင်လယ်ဆိပ်ကမ်းမြို့တွင် အထူးရှေ့ဆောင်လုပ်ရန် ခန့်အပ်ခံခဲ့ရသည်။ စစ်ပွဲအရှိန်အဟုန်ပြင်းထန်လာသည်နှင့်အမျှ ကျွန်မတို့အပေါ်အာဃာတစိတ်များလည်း ပေါ်ပေါက်လာသည်။ “ယုတ်ညံ့သူများ” နှင့် “လူကြောက်များ” ဟု ကျွန်မတို့ရှေ့ဆောင်အိမ်များ၏ နံရံများတွင် ရေးသားလာကြသည်။ ကျွန်မတို့၏ကြားနေရပ်တည်မှုကို ပြစ်တင်ရှုတ်ချသည့် ဤရန်လိုမှုသည် သတင်းစာတွင်ထည့်သွင်းဖော်ပြခြင်းဖြင့် ကြီးမားကျယ်ပြန့်လာသည်။ နောက်ဆုံးတွင် ကျွန်မတို့ခုနစ်ဦးသည် တစ်ယောက်ပြီးတစ်ယောက် ထောင်ထဲသို့ပို့ခံရသည်။ ၁၉၄၂ ခုနှစ်တွင် ကားဒစ်ဖ်ထောင်၌ တစ်လကြာကျွန်မကျခဲ့ပြီး နောက်ပိုင်းတွင် ကျွန်မညီမဘယ်ရလ်လည်း ထိုထောင်သို့ရောက်လာသည်။ ကျွန်မတို့သည် ရုပ်ပိုင်းဆိုင်ရာတွင် ဆင်းရဲပြီး လူများ၏ကဲ့ရဲ့ပြောင်လှောင်သရော်ခံရသော်လည်း ဝိညာဉ်ရေးအရ ချမ်းသာကြွယ်ဝသူများဖြစ်ကြသည်။
တစ်ချိန်တည်းတွင် အမေနှင့်စောနယားတို့သည် ကာဖီလီမြို့တွင်ရှေ့ဆောင်နေကြပြီး အလားတူတွေ့ ကြုံကြရသည်။ စောနယား၏ ပထမဆုံးကျမ်းစာသင်အံမှုမှာ သောကြာနေ့ညနေတွင်လည်ပတ်ရန် သူမစီစဉ်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ အမေသူနှင့်လိုက်မည်ဟု စောနယားယုံကြည်ခဲ့သော်လည်း အမေကဤသို့ရှင်းပြသည်– “အမေတခြားသွားစရာတစ်ခုရှိတယ်။ သမီးကအစီအစဉ်လုပ်ခဲ့တဲ့သူဆိုတော့ သမီးတစ်ယောက်ထဲသွားသင့်တာပေါ့။” သို့နှင့် အသက် ၁၃ နှစ်သာရှိသေးသော်လည်း စောနယားတစ်ယောက်တည်းသွားခဲ့ပြီး ထိုအမျိုးသမီးသည် ဝိညာဏတိုးတက်မှုများတင်ပြကာ နောက်ပိုင်းတွင် ဆက်ကပ်အပ်နှံသည့်သက်သေခံတစ်ဦးဖြစ်လာသည်။
စစ်ပြီးချိန်လုပ်ဆောင်မှုများ—ထို့နောက်ဂိလဒ်ကျောင်းသို့
ဒုတိယကမ္ဘာစစ်သည် ၁၉၄၅ ခုနှစ်တွင် ပြီးဆုံးသောအခါ ကျွန်မသည် ဒါဘီရှိုင်းယားပြည်နယ်၊ ဝေါ်လီဘရစ်ဂျ်မြို့ရှိ သီးခြားရပ်ကွက်တွင် အမှုဆောင်နေသည်။ အပစ်အခတ်ရပ်စဲရေးကြေညာသည့်မနက်တွင် စစ်ကြောင့်—မိဘမဲ့ကလေးများ၊ မုဆိုးမများနှင့် အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်နေသောအလောင်းများကြားတွင် လုံးလုံးစိတ်ပျက်လက်ပျက်ဖြစ်နေသောသူများကို ကျွန်မတို့လည်ပတ်ပြီး နှစ်သိမ့်ပေးကြသည်။
လအနည်းငယ်ကြာသောအခါ အသင်းမက အိုင်ယာလန်နိုင်ငံ၊ အယ်မရလ်ကျွန်းတွင် ဟောပြောမည့်စေတနာ့ဝန်ထမ်းများကို ခေါ်သည်။ ထိုအချိန်က ထိုကျွန်းပေါ်တွင် သက်သေခံ ၁၄၀ သာရှိသေးရာ ယင်းကို သာသနာပြုနယ်မြေဟုသတ်မှတ်သည်။ လအနည်းငယ်အတွင်း အထူးရှေ့ဆောင် ၄၀ ခန့်ကို ထိုနေရာသို့စေလွှတ်ပြီး ထိုအထဲတွင်ကျွန်မလည်းအပါအဝင်ဖြစ်သည်။
မြောက်ပိုင်းရှိ ကိုလ်ရင်နှင့်ကွတ်ခ်စ်တောင်းပြည်နယ်များတွင် အတန်ကြာအမှုဆောင်ပြီးနောက် အခြားသုံးဦးနှင့်အတူ အရှေ့ဘက်ကမ်းခြေရှိ ဒရော်ယဒါတွင် အမှုဆောင်ရန်တာဝန်ရသည်။ သဘာဝအားဖြင့် အိုင်းရစ်လူမျိုးများသည် လှိုက်လှဲပျူငှာပြီး ဧည့်ဝတ်ကျေပွန်သော်လည်း ဘာသာရေးငဲ့ကွက်စိတ်ကား ကြီးမားလှသည်။ ထို့ကြောင့် တစ်နှစ်လုံးတွင်မှ လူများအား ကျမ်းစာသင်အံမှုအထောက်အကူအနည်းငယ် (အမှန်အားဖြင့် စာအုပ်တစ်အုပ်နှင့် စာအုပ်ငယ်အချို့သာ) ကိုသာ ဝေငှနိုင်ခဲ့သည်။
ဒရော်ယဒါတွင်ရှိစဉ် လယ်ကွင်းတစ်ခုမှတစ်ခုသို့ စက်ဘီးဖြင့်သွားနေစဉ် လယ်လုပ်သားငယ်တစ်ဦးသည် ခြံစည်းရိုးကို အတင်းဖောက်ထွက်ပြီး လမ်းမဆီသို့ရောက်လာသည်။ လမ်းပေါ်တွင် ဟိုဟိုဒီဒီကြည့်ပြီးမှ အသံတိုးတိုးဖြင့် “ခင်ဗျားယေဟောဝါသက်သေလား” ဟုမေးသည်။ ကျွန်မကဟုတ်ကြောင်းပြောသောအခါ သူဤသို့ဆက်ပြောသည်– “ညက ခင်ဗျားတို့မိန်းကလေးတွေနဲ့ပတ်သက်ပြီး ကျွန်တော်လက်ထပ်မဲ့ကောင်မလေးနဲ့ကျွန်တော် အကြီးအကျယ်စကားများကြပြီး ကျွန်တော်တို့ပြတ်စဲသွားကြတယ်။ သူက ခင်ဗျားတို့ကွန်မြူနစ်တွေလို့စွပ်စွဲတယ်။ ကျွန်တော်က အဲဒါမဖြစ်နိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့က တစ်အိမ်တက်ဆင်းကို ဗြောင်ပဲသွားနေကြတာပဲလို့ကျွန်တော်ပြောတယ်။”
သူ့ကို စာအုပ်ငယ်တစ်အုပ်ကျွန်မပေးလိုက်ရာ သူ့အိတ်ကပ်ထဲတွင်ဝှက်ထည့်လိုက်ပြီး သူက “ခင်ဗျားတို့နဲ့ကျွန်တော်စကားပြောနေတာကို သူများတွေ့သွားရင်တော့ ကျွန်တော်အလုပ်ပြုတ်မှာ” ဟုပြောသဖြင့် မိုးချုပ်သောအခါ ထပ်မံတွေ့ဆုံစကားပြောရန် ကျွန်မတို့စီစဉ်လိုက်သည်။ ထိုညတွင် ကျွန်မတို့နှစ်ယောက် သူနှင့်တွေ့ဆုံပြီး သူ့မေးခွန်းများစွာကို ဖြေဆိုပေးခဲ့သည်။ ဤကား သမ္မာတရားပင်ဖြစ်သည်ဟု သူယုံကြည်လက်ခံလာပြီး ထပ်မံသိရှိရန် နောက်တစ်ညတွင် ကျွန်မတို့အိမ်သို့လာမည်ဟု ကတိပေးသည်။ သူတစ်ခါမျှပေါ်မလာတော့သဖြင့် ပထမဆုံးကျွန်မတို့တွေ့သည့်ညက စက်ဘီးဖြင့်ဖြတ်သွားသူတစ်ယောက်ယောက်က သူ့ကိုသတိပြုမိလိုက်ပြီး သူအလုပ်ပြုတ်သွားလေပြီလားဟု ကျွန်မတို့ထင်ကြသည်။ သူသက်သေခံဖြစ်လာပါမည်လောဟု ကျွန်မတို့သိလိုကြသည်။
၁၉၄၉ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၏တောင်ဘက်ကမ်းရိုးတန်းရှိ ဘရိုက်တန်မြို့နယ်တွင် ခရိုင်စည်းဝေးပွဲကျင်းပအပြီးတွင် ကျွန်မတို့ထဲမှ အတော်များများသည် နယူးယောက်ပြည်နယ်ရှိ ဂိလဒ်ကျမ်းစာသင်ကျောင်းမှ ခေါ်ဖိတ်ခြင်းကိုခံရကြသည်။ ဗြိတိန်မှစုစုပေါင်း ၂၆ ယောက်တို့သည် ၁၅ ကြိမ်မြောက်သင်တန်းကို တက်ခဲ့ကြပြီး ရန်ကီအားကစားကွင်းတွင် အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးကျင်းပချိန်အတွင်းဖြစ်သည့် ၁၉၅၀ ပြည့်နှစ်၊ ဇူလိုင် ၃၀ ရက်တွင် ကျောင်းဆင်းသည်။
ဘရာဇီးတွင်ကျွန်မတို့၏ဓမ္မအမှု
နောက်နှစ်တွင် တိုးတက်မှုအမြန်ဆုံးဖြစ်သော ဘရာဇီးနိုင်ငံ၊ စယ်အူပယ်အူလူမြို့သို့ ကျွန်မတာဝန်ချခံရသည်။ ထိုအချိန်က ထိုတွင် ယေဟောဝါသက်သေများ၏အသင်းတော် ငါးခုသာရှိခဲ့သော်လည်း ယခုအခါ ၆၀၀ နီးပါးရှိနေချေပြီတကား! အိုင်ယာလန်တွင်အလုပ်လုပ်ရသည်နှင့် အလွန်ကွာခြားလှပေစွ! စယ်အူပယ်အူလူမြို့ရှိအိမ်များသည် အများအားဖြင့် ကြီးကျယ်ခမ်းနားပြီး အနုပညာလက်ရာဖော်ထားသည့်သံတံခါးများနှင့် မြင့်မားသောသံစည်းရိုးများကာရံလျက်ရှိသည်။ အိမ်ရှင် သို့မဟုတ်အိမ်စေအား လက်ခုပ်တီး၍ခေါ်ရလေ့ရှိသည်။
နှစ်များကုန်လွန်လာသည်နှင့်အမျှ တာဝန်အသစ်များခန့်အပ်ခံလာရသည်။ ၁၉၅၅ ခုနှစ်က ဇူန်ဒီယာအီတွင်တစ်ခု၊ ၁၉၅၈ ခုနှစ်က ပီရာစာကယ်ဘာတွင်တစ်ခုအပါအဝင် စယ်အူပယ်အူလူခရိုင်အတွင်းရှိ နေရာအသီးသီးတွင် အသင်းတော်သစ်များတည်ထောင်ခြင်းကို အကူအညီပေးရန်အခွင့်အရေးရခဲ့သည်။ နောက်ပိုင်း ၁၉၆၀ ခုနှစ်ရောက်သောအခါ ကျွန်မ၏ညီမစောနယားသည် ကျွန်မ၏တွဲဖက်သာသနာပြုဖြစ်လာခဲ့ပြီး ရီအိုဂရယ်န်ဒီဒစူလ်ပြည်နယ်၏မြို့တော် ပိုတိုအလက်ဂရာမြို့သို့ ပြောင်းရွှေ့ခံရကြသည်။ ဘရာဇီးသို့ သူမမည်သို့ရောက်ရှိလာသည်ကို သင်သိလိုပေမည်။
စောနယားနှင့်အမေတို့သည် ဒုတိယကမ္ဘာစစ်အပြီးတွင် အင်္ဂလန်၌ရှေ့ဆောင်ဆက်လုပ်နေကြသည်။ သို့သော် ၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် အမေသည် ကင်ဆာရောဂါကြောင့်ခွဲစိတ်ကုသခံရသဖြင့် ကျမ်းစာသင်အံမှုကျင်းပခြင်းနှင့် စာရေးခြင်းပြုနိုင်သော်လည်း တစ်အိမ်တက်ဆင်းမသွားနိုင်တော့ချေ။ စောနယားက ရှေ့ဆောင်ဆက်လုပ်နေလျက်နှင့် အမေကိုကြည့်ရှုစောင့်ရှောက်သည်။ ၁၉၅၉ ခုနှစ်တွင် ၃၃ ကြိမ်မြောက်ဂိလဒ်သင်တန်းကို စောနယားတက်ခွင့်ရခဲ့ပြီး ဘရာဇီးသို့ခန့်အပ်ခံခဲ့ရသည်။ ထိုအတောအတွင်း ဘယ်ရလ်က အမေကိုစောင့်ရှောက်လာခဲ့သည်မှာ အမေဆုံးသည့် ၁၉၆၂ ခုနှစ်အထိဖြစ်သည်။ ထိုနောက်ပိုင်းတွင် ဘယ်ရလ်အိမ်ထောင်ကျပြီး သူမနှင့်မိသားစုသည် ယေဟောဝါအားသစ္စာရှိစွာဝတ်ပြုနေကြသည်။
ဘရာဇီးတွင် ကျွန်မနှင့်စောနယားတို့သည် လူများစွာတို့အား ဆက်ကပ်အပ်နှံပြီးနှစ်ခြင်းခံရန် ကူညီနိုင်ခဲ့ကြသည်။ သို့သော် ဘရာဇီးလူမျိုးများစွာတို့၏ ပြဿနာတစ်ရပ်မှာ အိမ်ထောင်ကိုတရားဝင်ဖြစ်စေခြင်းဖြစ်သည်။ ဘရာဇီးတွင် အိမ်ထောင်ကွာရှင်းနိုင်ရန် အခက်အခဲရှိသည့်အတွက် လင်မယားတို့သည် မင်္ဂလာမဆောင်ဘဲပေါင်းနေကြခြင်းမှာ အဆန်းမဟုတ်တော့ပါ။ အထူးသဖြင့် အိမ်ထောင်ဖက်တစ်ဦးသည် ယခင်တရားဝင်အိမ်ထောင်တစ်ခုမှ ကွဲနေသူဖြစ်သောအခါ ပြဿနာဖြစ်သည်။
အယ်ဗာအမည်ရှိအမျိုးသမီးတစ်ဦးသည် ကျွန်မသူနှင့်ဆက်သွယ်မိချိန်တွင် ထိုအခြေအနေရှိနေသည်။ သူမ၏တရားဝင်အိမ်ထောင်ဖက်သည် ပျောက်သွားခဲ့ရာ သူ့ကိုရှာတွေ့ရန် ရေဒီယိုမှတစ်ဆင့် ကျွန်မတို့ကြေညာချက်ထုတ်ပြန်ရသည်။ သူမ၏ခင်ပွန်းကိုရှာတွေ့သောအခါ လက်ရှိသူမ ပေါင်းနေသူနှင့် တရားဝင်ဖြစ်ရန်အတွက် သူမကင်းလွတ်ခွင့်ရစေမည့်စာချုပ်တစ်ခုကို ခင်ပွန်းကလက်မှတ်ထိုးပေးရန် အခြားမြို့တစ်မြို့သို့ သူမနှင့်ကျွန်မလိုက်သွားပေးသည်။ ကြားနာမှုပြုစဉ် တရားသူကြီးက အယ်ဗာနှင့်ကျွန်မတို့နှစ်ဦးလုံးအား အိမ်ထောင်ရေးအခြေအနေကို သူမအဘယ်ကြောင့်တည့်မတ်လိုကြောင်း ရှင်းပြခိုင်းသည်။ ရှင်းပြခံရသောအခါ တရားသူကြီးသည် အံ့အားသင့်သွားပြီး ကျေနပ်မှုကိုလည်းတင်ပြသည်။
အခြားတစ်ကြိမ်တွင် ကျွန်မ၏ကျမ်းစာကျောင်းသား၏အမှုကို ကိုင်တွယ်ပေးရန် ရှေ့နေတစ်ဦးထံသို့ သူမနှင့်အတူသွားခဲ့သည်။ တစ်ဖန် အိမ်ထောင်မင်္ဂလာနှင့် ဘုရားသခင့်စာရိတ္တစံချိန်အကြောင်းကို ကောင်းစွာသက်သေခံခွင့်ရခဲ့ပြန်သည်။ ဤအခြေအနေတွင် ကွာရှင်းခြင်းအတွက်ကုန်ကျစရိတ်သည် မြင့်လွန်းရကား အိမ်ထောင်ဖက်နှစ်ဦးလုံးတို့က အလုပ်လုပ်၍ ထိုငွေကိုပေးချေရသည်။ သို့သော် ဤကျမ်းစာကျောင်းသားသစ်တို့အတွက် ကုန်ရကျိုးနပ်ပါသည်။ စောနယားနှင့်ကျွန်မတို့သည် သူတို့၏လက်ထပ်ခြင်းကို သက်သေဖြစ်ခွင့်ရခဲ့ကြပြီး နောက်ပိုင်းတွင် သူတို့၏ဆယ်ကျော်သက်ရွယ်ကလေးသုံးဦးနှင့်အတူ ကျမ်းစာဟောပြောချက်တိုတစ်ခုကို သူတို့၏အိမ်တွင် ကြားနာခဲ့ကြရသည်။
ကြွယ်ဝ၍အကျိုးဖြစ်ထွန်းသောဘဝ
စောနယားနှင့်ကျွန်မတို့ ဆက်ကပ်အပ်နှံပြီး ရှေ့ဆောင်များဖြစ်လာခဲ့စဉ်က အချိန်ပြည့်ဓမ္မအမှုကို အတတ်နိုင်ဆုံး ကျွန်မတို့၏ရာသက်ပန်လုပ်ငန်းဖြစ်သွားစေရန် ရည်စူးခဲ့ကြသည်။ အသက်ကြီးလာသောအခါ သို့မဟုတ် ဖျားနာသောအခါ သို့မဟုတ် ငွေကြေးအခက်အခဲဖြစ်သောအခါ ဘာဖြစ်လာမည်ကို ကျွန်မတို့ဘယ်တော့မျှသိပ်မစဉ်းစားကြပါ။ သို့သော် ယေဟောဝါကတိတော်ရှိထားသည့်အတိုင်း ဘယ်သောအခါမျှ ကျွန်မတို့စွန့်ပစ်မခံခဲ့ရပါ။—ဟေဗြဲ ၁၃:၆။
တစ်ခါတစ်ရံ ငွေကြေးမရှိခြင်းက ပြဿနာဖြစ်သည်တော့မှန်ပါသည်။ တစ်ခါကဆိုလျှင် ကျွန်မ၏တွဲဖက်နှင့်ကျွန်မတို့သည် တရုတ်နံနံဖြင့်ညှပ်ထားသည့်ပေါင်မုန့်ကို နေ့လည်စာအဖြစ် တစ်နှစ်ပတ်လုံးစားခဲ့ကြရသည်။ သို့သော် ကျွန်မတို့ငတ်ခြင်း၊ အခြေခံလိုအပ်ရာများလစ်ဟင်းခြင်း တစ်ခါမျှမရှိခဲ့ပါ။
နှစ်များကုန်လွန်လာသည်နှင့်အမျှ ကျွန်မတို့၏စွမ်းအင်များလည်း လျော့နည်းလာသည်။ ၁၉၈၀ ပြည့်လွန်နှစ်များအလယ်လောက်တွင် ကျွန်မတို့နှစ်ဦးလုံးအတွက် ပြင်းထန်သည့်စမ်းသပ်မှုဖြစ်စေသည့် ကြီးကျယ်သောခွဲစိတ်ကုသမှုကို ခံခဲ့ရကာ ကျွန်မတို့၏ဟောပြောခြင်းလုပ်ဆောင်မှုသည် အလွန်အမင်းကန့်သတ်ခံလိုက်ရသည်။ ၁၉၈၇၊ ဇန်နဝါရီရောက်သော် ဘရာဇီးနိုင်ငံရှိယေဟောဝါသက်သေများ၏ ဌာနချုပ်အမှုထမ်းအဖွဲ့ဝင်အဖြစ် ကျွန်မတို့ခေါ်ဖိတ်ခံရသည်။
တစ်ထောင်ကျော်သောကျွန်မတို့၏ဓမ္မအမှုဆောင်မိသားစုကြီးသည် စယ်အူပယ်အူလူမြို့ပြင်ဘက် မိုင် ၉၀ ခန့်ဝေးသည့် ဘရာဇီးနှင့် တောင်အမေရိက၏အခြားဒေသများအတွက် ကျမ်းစာစာပေများကို ပုံနှိပ်ပေးသော လှပသည့်အဆောက်အအုံများတွင်နေကြသည်။ ဤတွင် ဘုရားသခင်၏ဆက်ကပ်အပ်နှံကျေးကျွန်များထံမှ မေတ္တာပါဂရုစိုက်မှုကို ကျွန်မတို့ခံစားရကြသည်။ ၁၉၅၁ ခုနှစ်၊ ဘရာဇီးသို့ ပထမဆုံးအကြိမ်ကျွန်မရောက်ရှိခဲ့စဉ်က ဘုရားနိုင်ငံတော်သတင်းဟောပြောသူ ၄,၀၀၀ ခန့်ရှိခဲ့သော်လည်း ယခုအခါ ၃၆၆,၀၀၀ ကျော်ပင်ရှိပါသည်တကား! ဘုရားသခင့်နိုင်ငံတော်ကို ကျွန်မတို့ရှေးဦးရှာခဲ့ကြသောကြောင့် မေတ္တာနှင့်စာနာထောက်ထားတတ်သော ကျွန်မတို့၏ကောင်းကင်ခမည်းတော်သည် ကျွန်မတို့အတွက် ‘အခြားသောအရာများ’ ကို အမှန်ပင်ဖြည့်စွက်ပေးတော်မူခဲ့ပြီ။—မဿဲ ၆:၃၃။
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
၁၉၃၉ ခုနှစ်က ဩလဗ်နှင့်မေးလ်ဒရက်ဝေးလက်တို့ သတင်းကြေညာသည့်လှည်းတစ်ခုအနီးတွင်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဩလဗ်နှင့်စောနယားစပရင်းဂစ်