ကမ္ဘာ့ဘာသာရေးများညီလာခံ—ယင်းသည် အောင်မြင်မည်လော
၁၉၉၃ ခုနှစ်နွေရာသီတွင် ယူ.အက်စ်.အေ၊ အီလီနွိုက်စ်ပြည်နယ်၊ ရှီကာဂိုမြို့တွင်ကျင်းပသည့် ဒုတိယအကြိမ်ကမ္ဘာ့ဘာသာရေးများညီလာခံ၌ ရာပေါင်းများစွာသော ဘာသာရေးခေါင်းဆောင်တို့စုရုံးကြသည်။ ခရစ်ယာန်ဘောင်၊ ဟိန္ဒူ၊ ဂျူးဘာသာနှင့် အစ္စလာမ်ဘာသာတို့ကို ကိုယ်စားပြုသည်။ စုန်းကဝေအတတ်ပညာသည်များနှင့် ဘုရားမ ကိုးကွယ်သူများလည်း တက်ရောက်ကြသည်။ စစ်အဆုံးသတ်ရေးနှင့်ပတ်သက်၍ မိမိတို့၏အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြသည်။ ညီလာခံသဘာပတိက “ယနေ့ကမ္ဘာတွင် ကြီးမားသည့်ပဋိပက္ခများ၏ သုံးပုံနှစ်ပုံတွင် ဘာသာရေးအကြံပြုချက်များ ပါရှိသည်” ဟုဝန်ခံသည်။
လွန်ခဲ့သည့်အနှစ်တစ်ရာက
ထိုညီလာခံအောင်မြင်ခဲ့သလော။ လွန်ခဲ့သည့်အနှစ်တစ်ရာက ပထမဆုံးအကြိမ် ကမ္ဘာ့ဘာသာရေးများညီလာခံတွင် မည်သို့ ဖြစ်ခဲ့သည်ကိုပြန်ကြည့်လိုက်ပါ။ ယင်းကိုလည်း ရှီကာဂိုမြို့တွင်ပင် ၁၈၉၃ ခုနှစ် နွေရာသီတွင် ကျင်းပပြီး ဘာသာ ၄၀ ကျော်တို့ကိုကိုယ်စားပြုသည်။ ကမ္ဘာ့ဘာသာရေးများညီလာခံကောင်စီကဝန်ခံထားသည်မှာ ၁၈၉၃ ခုနှစ်တွင် တက်ရောက်ခဲ့သူများက “ယင်းသည် နားလည်မှု၊ ငြိမ်းချမ်းရေးနှင့် တိုးတက်မှုတို့ကိုဖြစ်စေမည့် အပြည်ပြည်ဆိုင်ရာ ယုံကြည်ခြင်းရောနှောသည့်တွေ့ဆုံပွဲကြီးများ၏ ပထမဆုံးတွေ့ဆုံပွဲဖြစ်သည်ဟု ယုံကြည်ကြသည်။ ယင်းသို့မဖြစ်ခဲ့ပါ။ လွန်ခဲ့သည့်အနှစ်တစ်ရာက ဘာသာရေးဆိုင်ရာသည်းမခံနိုင်ခြင်းနှင့် အကြမ်းဖက်မှုများသည် စစ်ပွဲ၏အစိတ်အပိုင်းဖြစ်ခဲ့သည်” ဟူ၍ဖြစ်သည်။ အဘယ်ကြောင့်မအောင်မြင်ရသနည်း။ ယုံကြည်မှုရောနှောသည့်အယူအဆတစ်ခုလုံးကို ဘုရားသခင်မနှစ်သက်သောကြောင့်ဖြစ်သည်။ သမ္မာကျမ်းစာက “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်” ဟုပြောထားသည်။—၂ ကောရိန္သု ၆:၁၄-၁၇။
အခန့်သင့်ပင် ၁၈၉၃ ခု၊ စက်တင်ဘာလထုတ် ဇိအုန်ကင်းမျှော်စင် စာစောင်က ကမ္ဘာ့ဘာသာရေးများညီလာခံ၏ ဝိညာဏပေးကမ်းထောက်ပံ့မှုကင်းမဲ့ပုံအကြောင်း သရော်သည့်အရိပ်အယောင်ပါပါ ဤသို့ပြောဆိုထားသည်– “သူတို့သည် ဗာဗုလုန်နှင့် အခြားသောရှေးဟောင်းမြို့ပျက်များမှ အံ့ဖွယ်ကောင်းသည့် မီးသင်းထားသော ရွှံ့ထုလုံးများစွာတို့ကို တူးဖော်ရရှိကြသည်။ သို့သော် အချို့အရာများကို ယခုထိမတွေ့ရသေးပါ။ . . . မောရှေနှင့်ယောရှုတို့သည် မောဘ၊ အမ္မုန်နှင့် ဧဒုံလူမျိုးများကိုခေါ်၍ ‘ဘာသာရေးများညီလာခံ’ ကျင်းပခဲ့ကြောင်း ဖော်ပြသည့်အချက်တစ်ချက်ကိုမျှ မတွေ့ရသေးပါ . . . ရှေးအချိန်က တည်ကြည်မြဲမြံသောရှမွေလသည် ဂါသ၊ ဧကရုန်မြို့များရှိ ဒါဂုန်ဘုရား၏ယဇ်ပုရောဟိတ်များကို ရှိလောသို့အခေါ်လွှတ်၍ ယေဟောဝါ၏ယဇ်ပုရောဟိတ်များနှင့် တိုင်ပင်စည်းဝေးပွဲကျင်းပသည်ဟူသော ဖော်ပြချက်တစ်ချက်ကိုမျှ သူတို့မတွေ့ရှိကြချေ . . . သားရေခါးပန်းစည်းထားသည့်ဧလိယသည် ဗာလနှင့်မောလုပ်ဘုရားတို့၏ယဇ်ပုရောဟိတ်များနှင့် ယုံကြည်ချက်အသီးသီးဆိုင်ရာအယူဝါဒများကို တစ်ပတ်ကြာဆွေးနွေးခြင်းဖြင့် တစ်ဦး၏ဘာသာကိုတစ်ဦးလေးစားမှုတိုးတက်လာရန် ဟူသောသဘောဖြင့် ‘ညှိနှိုင်းဆွေးနွေးပွဲ’ ပြုလုပ်ခဲ့သည်ဟူသော မည်သည့်ဖော်ပြချက်ကိုမျှမတွေ့ရချေ။”
ဘုရားသခင့်နိုင်တော်—တစ်ခုတည်းသောမျှော်လင့်ရာ
ကမ္ဘာ့ဘာသာရေးများညီလာခံသည် အောင်မြင်မည်မဟုတ်ပါ။ သတင်းစာနှင့်ကိုယ်စားလှယ်များက ထိုညီလာခံနှင့်ပတ်သက်၍ “ရှုပ်ထွေးပွေလီခြင်း”၊ “ယောက်ယက်ခတ်ခြင်း”၊ “ဝရုန်းသုန်းကားဖြစ်ခြင်း” ဟူသောအသုံးအနှုန်းများကို သုံးထားသည်။ မှတ်တမ်းတစ်ခုအရ နိုင်ငံရေးဆိုင်ရာကွဲပြားမှုများကြောင့်ဖြစ်သည့် ရုန်းရင်းဆန်ခတ်မှုနှစ်ခုကို ရဲများဝင်ရောက်ဖျန်ဖြေပေးခဲ့ရသည်ဟူ၏။ ၁၉၅၂ ခုတွင်ထုတ်ပြန်သည့်စာတမ်းတစ်ခု၌ ညီလာခံက ယင်း၏ရည်ရွယ်ချက်တစ်ခုအနေနှင့် ထည့်သွင်းဖော်ပြထားချက်မှာ ဤသို့– “ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူအားလုံးတို့စပ်ကြားနားလည်မှုကို ရရှိရန်အတွက် ယူအဲန် နှင့်ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် အမြဲတည်သည့်ကမ္ဘာ့ဘာသာရေးများညီလာခံတစ်ခုကို တည်ထောင်ရန်။” ယင်းနှင့်ဆန့်ကျင်လျက် မိမိ၏နိုင်ငံသည် ဤလောက၏အစိတ်အပိုင်းမဟုတ်ဟု ယေရှုပြောခဲ့သည်။ လူ့ပြဿနာများ၏ တစ်ခုတည်းသောဖြေရှင်းနည်းမှာ ဘုရားသခင့်နိုင်ငံတော်ပင်ဖြစ်ကြောင်း သမ္မာကျမ်းစာကထောက်ပြထားသည်။—ဒံယေလ ၂:၄၄၊ ၄၅; ယောဟန် ၁၈:၃၆။