ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၃/၁ စာ. ၂၈-၃၀
  • သင်သည်ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည်ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘုရားသခင်၏အလိုတော်” ကားအဘယ်နည်း
  • ဘုရားသခင်၏အလိုတော်ကိုဆောင်ခြင်း၌ ပျော်ရွှင်မှုရှာတွေ့ခြင်း
  • ဘုရားသခင်၏အလိုတော်ဆောင်ခြင်းမှ ရရှိသော ဝမ်းမြောက်မှုကို ထိန်းသိမ်းခြင်း
  • ဝမ်းမြောက်ခြင်း​—⁠ဘုရားသခင်ဆီက ရရှိတဲ့ အရည်အသွေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ရွှင်လန်းသောနှလုံးနှင့် ယေဟောဝါအမှုတော်ကို ဆောင်ရွက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါအမှုတော်ကို ရွှင်လန်းစွာထမ်းရွက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ပေးကမ်းခြင်း၏ရွှင်လန်းမှုကို ခံစားလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၃/၁ စာ. ၂၈-၃၀

သင်သည်ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေပါသလော

သူတို့၏တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းတွင် ယေဟောဝါသက်သေနှစ်ဦးတို့သည် အီပီစ်ကိုပါလ် အသင်းဓမ္မဆရာတစ်ဦးနှင့်တွေ့ခဲ့ ကြသည်။ ဓမ္မဆရာမှာ ဖော်ရွေတတ်ပုံပေါက်ပြီး အသက် ၆၀ ခန့်၊ မုတ်ဆိတ်မွှေးထူလပျစ်နှင့် သူ၏အသင်းအမည်ပါရှိသောတီရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ တစ်ခါတည်း သူဤသို့ပြောခဲ့သည်– “ကျုပ်တို့ရဲ့အသင်းသားတွေကိုလည်း နှုတ်ကပါဌ်တော်ဖြန့်ဖြူးပေးတဲ့နေရာမှာ ခင်ဗျားတို့လိုပဲစိတ်ထက်သန်စေချင်လိုက်တာ။ ဒါပေမဲ့ ခင်ဗျားတို့ကိုကျုပ်ပြောရမှာပဲ။ ကျုပ်အိမ်ကို နောက်ဘယ်တော့မှမလာကြပါနဲ့တော့”။

မှန်ပါသည်၊ ယေဟောဝါသက်သေတို့၏လုပ်ငန်းကို အားကျကာ ၎င်းတို့၏စိတ်ထက်သန်တက်ကြွမှုကို ချီးကျူးပြောဆိုသူမြောက်မြားစွာရှိပါသည်။ သို့လျက်နှင့်၎င်းတို့သည် သက်သေခံများဆောင်ရွက်နေသောအမှုတွင် စိတ်ဝင်စားခြင်းစိုးစဉ်းမျှမရှိ၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရန် စိတ်ကူးထဲမထည့်ကြချေ။ သို့သော် အထင်အရှားဖီလာဆန့်ကျင်နေသော ဤအဖြစ်မျိုးမှာ အသစ်အဆန်းတော့မဟုတ်ပေ။ ယေရှုသည် သူ့ခေတ်ကဤအဖြစ်မျိုးကို သတိပြုမိခဲ့ပြီး အတွေးအခေါ်နှိုးဆွပေးသောပုံဥပမာတစ်ခုဖြင့် ယင်းအချက်ကို ထိထိမိမိပေါ်လွင်စေတော်မူခဲ့ပေသည်။

“သင်တို့သည် အဘယ်သို့ထင်ကြသနည်း။ တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီးဆီသို့သွား၍ ငါ့သား၊ ယနေ့ငါ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်လော့ဟုဆိုလျှင်၊ သားက ငါမသွားဘူးဟုပြန်ပြောသော်လည်း၊ နောက်မှနောင်တရ၍ သွားလေ၏။ အဘသည် အခြားသောသားဆီသို့သွား၍ ရှေ့နည်းအတူဆိုလျှင်၊ သားက သွားပါမည်အဘသခင်ဟုဆိုသော်လည်း မသွားဘဲနေ၏။ ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏အလိုကိုဆောင်သနည်းဟု မေးတော်မူ (၏)။”—မဿဲ ၂၁:၂၈-၃၁။

အဖြေမှာ အထင်းသားပင်။ ယေရှု၏စကားကြားသောလူထုကဲ့သို့ပင် ကျွန်ုပ်တို့သည် “သားအကြီး” ဟုဖြေဆိုကြမည်သာဖြစ်သည်။ သို့သော် အထင်းသားထက်ကျော်လွန်၍ ယင်းပုံဥပမာအားဖြင့် ဘုရားသခင်၏အလိုတော်ကို ဆောင်ခြင်း သာလျှင် ပဓာနဖြစ်ကြောင်း ယေရှုကကျွန်ုပ်တို့အား အာရုံပြုစေခြင်းပင်ဖြစ်ပေသည်။ ပထမသားက မသွားဘူးဟုပြောသော်လည်း နောင်တွင်သွားခြင်းအားဖြင့် ထိုအတွက်ချီးမွမ်းခံရလေသည်။ ပြုလုပ်သောအလုပ်သည် မှန်ကန်သောအမျိုးအစားဖြစ်ရန်လည်း ထပ်တူထပ်မျှအရေးကြီးသည်။ ပထမသားသည် မိမိ၏ကိုယ်ပိုင်စပျစ်ဥယျာဉ်သို့သွား၍မလုပ်ဘဲ ဖခင်၏စပျစ်ဥယျာဉ်တွင်လုပ်ဆောင်ခြင်းအားဖြင့် မှန်ကန်စွာပြုခဲ့ပေသည်။

ဤအရာအားလုံး ကျွန်ုပ်တို့အတွက် မည်သို့အဓိပ္ပာယ်ရှိသနည်း။ ဘုရားသခင်သည် ယနေ့ဝတ်ပြုကိုးကွယ်သူများထံမှ ဘာကိုတောင်းဆိုတော်မူသနည်း။ ကိုယ်တော့် ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်ရန် ကျွန်ုပ်တို့အား ကူညီမည့် ယေရှု၏အသက်တာဘဝမှ ကျွန်ုပ်တို့ဘာကိုသင်ယူနိုင်သနည်း။ ဤအရာများသည် အရေးကြီးသောမေးခွန်းများဖြစ်ကြပြီး ယင်းတို့၏အဖြေမှန်များကိုတွေ့ရှိခြင်းက ကျွန်ုပ်တို့ထာဝစဉ်ကောင်းကျိုးကို ဖြစ်စေနိုင်လေသည်။ အကြောင်းမှာ “ဘုရားသခင်၏အလိုတော်နှင့်အညီကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏” ဟုကျမ်းစာကဆိုထားသောကြောင့်ဖြစ်သည်။—၁ ယောဟန် ၂:၁၇; ဧဖက် ၅:၁၇။

“ဘုရားသခင်၏အလိုတော်” ကားအဘယ်နည်း

ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ ကျမ်းညွှန်းစာရင်းအပြည့်အစုံ တွင် “အလိုတော်” ဟူသောနာမ်ကို အကြိမ် ၈၀ ကျော်စာရင်းသွင်းထားသည်။ ၎င်းတို့အနက် အကြိမ်ပေါင်း ၆၀ ခန့် (သို့မဟုတ် ၇၅ ရာခိုင်နှုန်းခန့်) မှာ ဘုရားသခင်၏အလိုတော်ကို ရည်ညွှန်းခြင်းဖြစ်သည်။ “ဘုရားသခင်၏အလိုတော်”၊ “ငါ့ခမည်းတော်၏အလိုတော်” စသောအသုံးအနှုန်းများ အကြိမ်ပေါင်း ၂၀ ကျော်ပါရှိသည်။ ဤသည်က ဘုရားသခင်၏အလိုတော်သည် ကျွန်ုပ်တို့အတွက် အခြေခံကျသောအရေးကြီးကိစ္စတစ်ရပ်ဖြစ်သင့်ကြောင်း ပေါ်လွင်စေပေသည်။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ရေးသည် ကျွန်ုပ်တို့၏ဘဝတွင် ပဓာနအကျဆုံးသော အရေးကိစ္စဖြစ်သင့်သည်။

အင်္ဂလိပ်တွင် “အလိုတော်” ဟူသောစကားလုံးသည် ‘ဆန္ဒ၊ လိုအင်ဆန္ဒ၊ သတ်မှတ်ပြဋ္ဌာန်းချက်၊ လိုလားတောင့်တသည့်အရာတစ်ခု၊ အထူးသဖြင့် တန်ခိုးအာဏာရှိသူ၏သတ်မှတ်ပြဋ္ဌာန်းချက် သို့မဟုတ် ရွေးချယ်ချက်ဟူ၍ အဓိပ္ပာယ်ရှိသည်။’ သို့ ဖြစ်ရာ အမြင့်ဆုံးသောအာဏာပိုင်ယေဟောဝါရှင်၌ အလိုတော်၊ ဆန္ဒ သို့မဟုတ် သတ်မှတ်ပြဋ္ဌာန်းချက်ဟူ၍ ရှိတော်မူပေသည်။ ယင်းကားအဘယ်နည်း။ တစ်စိတ်တစ်ဒေသအားဖြင့် ကျမ်းစာကဆိုသည်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ၊ ဘုရားသခင်အလိုတော်ရှိ၏” ဟူ၍ဖြစ်သည်။ (၁ တိမောသေ ၂:၄) ယေရှုခရစ်နှင့်ရှေးဦးခရစ်ယာန်များသည် ဤမှန်ကန်တိကျသောသမ္မာတရားအသိပညာကို အခြားသူများအားသိစေရန် ကိုယ်စိတ်နှလုံးအပြည့်လုပ်ဆောင်ခဲ့ကြသည်။—မဿဲ ၉:၃၅; တမန်တော် ၅:၄၂; ဖိလိပ္ပိ ၂:၁၉၊ ၂၂။

ယနေ့ ဘုရားသခင်၏အလိုတော်ကို မည်သူတို့ဆောင်ရွက်ကြသနည်း။ ယေရှုခရစ်၏နောက်လိုက်များဖြစ်ပါသည်ဟု မိမိကိုယ်ကိုဆိုကြသည့် သန်းနှစ်ထောင်နီးပါးခန့်မျှသောသူတို့အနက် မည်မျှသည် ယေရှု၏ပုံဥပမာထဲမှ ဖခင်၏အလိုကိုထွက်၍ဆောင်ရွက်သော သားကြီးနှင့်တူပါသနည်း။ အဖြေမှာ ရှာတွေ့ရန်မခက်ပါ။ ယေရှုခရစ်၏ခြေတော်ရာကို အစစ်အမှန်လိုက်လျှောက်သူတို့သည် ဆောင်ရွက်ကြလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သောလုပ်ငန်းကို ဆောင်ရွက်လျက်နေကြမည်ဖြစ်သည်။ “ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်။” (မာကု ၁၃:၁၀) ကမ္ဘာတစ်ဝန်း အရေအတွက်လေးသန်းခွဲကျော်ရှိသော ယေဟောဝါသက်သေများသည် ဘုရားသခင်၏နိုင်ငံတော်ဆိုင်ရာသတင်းကောင်းကို တက်ကြွစွာဟောပြောသွန်သင်ကြလျက် ယင်းနိုင်ငံတော်သည်သာ ငြိမ်းချမ်းရေးနှင့်လုံခြုံမှုအတွက် လူသားများ၏တစ်ခုတည်းသောမျှော်လင့်ရာဖြစ်ကြောင်း ထောက်ပြကြပေသည်။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ခြင်း၌ သင်အပြည့်အဝပါဝင်နေသလော။ ယေရှုကဲ့သို့ သင်သည် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ဟောပြောလျက်နေပါသလော။—တမန်တော် ၁၀:၄၂; ဟေဗြဲ ၁၀:၇။

ဘုရားသခင်၏အလိုတော်ကိုဆောင်ခြင်း၌ ပျော်ရွှင်မှုရှာတွေ့ခြင်း

ဘုရားသခင်၏အလိုတော်ကိုဆည်းပူးခြင်း၌ ပျော်ရွှင်မှုရှိသော်လည်း ယင်းကိုအခြားသူများအားသင်ကြားပေးခြင်း၌ ပို၍ကြီးမားသောပျော်ရွှင်မှုရှိသည်။ ယေရှုသည် မိမိ၏ခမည်းတော်အကြောင်း အခြားသူများအားသင်ကြားရာ၌ ပျော်ရွှင်မှုတွေ့ရှိခဲ့သည်။ ကိုယ်တော်အတွက် ယင်းသည် အစာနှင့်တူခဲ့သည်။ (ယောဟန် ၄:၃၄) ယေရှုသွန်သင်တော်မူခဲ့သည့်အရာများ၊ ခမည်းတော်ထံမှကိုယ်တော်ရရှိသည့်အရာများ စသည်တို့ကို အခြားသူများအား ကိုယ်တော်နည်းတူဟောပြောသွန်သင်ပေးကြပါက ကျွန်ုပ်တို့လည်း စစ်မှန်သောပျော်ရွှင်မှုကို ခံစားကြရမည်သာဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယေရှုကတိထားတော်မူသည်နှင့်အညီ “ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။”—ယောဟန် ၁၃:၁၇။

ပုံစံပြရသော်– အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုတွင် မကြာသေးမီကပြန်လည်ဝင်ရောက်လာသော မိခင်တစ်ဦးဤသို့ဆိုသည်– “ကျမ်းစာရဲ့အမှန်တရားတွေက နှလုံးသားကိုထိတွေ့လိုက်တဲ့အခါ ကျမ်းစာသင်သားရဲ့မျက်နှာမှာ တောက်ပဝင်းထိန်လာတာကိုမြင်ရတာ တကယ့်ကိုစိတ်လှုပ်ရှားတက်ကြွစရာပဲ! ကျမ်းစာသင်သားတစ်ယောက်က မသင်ခင် ကျမ်းချက်အားလုံးကို လက်ရေးရှည်နဲ့ရေးမှတ်ထားပြီး သင်နေတုန်းမှာလည်း ပြန်မေးမဲ့ဘယ်မေးခွန်းမဆို ဖြေနိုင်အောင်ဆိုပြီး မှတ်စုထဲမှာ တလိုတလားရေးမှတ်နေတာကိုမြင်ရတဲ့အခါ ကျွန်မအဲဒီအတိုင်းပဲကြည်နူးမိတယ်။” သူ၏အခြားကျမ်းစာသင်သားတစ်ဦးမှာ သူမ၏ဆယ်ကျော်သက်အရွယ်စောစောပိုင်းက သမ္မာတရားနှင့်ထိတွေ့ခဲ့ဖူးသူဖြစ်သည်။ ယခုအိမ်ထောင်ကျပြီး ကိုယ်ရေးကိုယ်တာပြဿနာကြောင့် သောကရောက်ကာ သူမသည် သက်သေခံများနှင့်ပြန်၍တွေ့ရန် တောင့်တနေခဲ့သည်။ ရှေ့ဆောင်ညီအစ်မက သူမအားတွေ့ရှိခဲ့သောအခါ သူမမည်မျှဝမ်းသာခဲ့လိုက်မည်ဖြစ်ခြင်း! အမျိုးသမီးငယ်လေးသည် အားရတက်ကြွစွာ ကျမ်းစာပြန်၍သင်ခဲ့လေသည်။

ဘုရားသခင်၏အလိုတော်ဆောင်ခြင်းမှ ရရှိသော ဝမ်းမြောက်မှုကို ထိန်းသိမ်းခြင်း

ရှေးဣသရေလပြည့်ရှင်ဒါဝိဒ်မင်းကြီးသည် မိမိ၏တစ်သက်တာလုံး ဘုရားသခင်၏အလိုတော်ကိုဆောင်ရန် ရှာကြံခဲ့သူဖြစ်သည်။ အခက်အခဲနှင့်ဖိနှိပ်မှုများစွာကြုံရသည့်တိုင်အောင် သူဤသို့မှုတ်သွင်းခံရ၍ဆိုခဲ့သည်– “အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏။” (ဆာလံ ၄၀:၈) ယေဟောဝါ၏အလိုတော်ကိုဆောင်ခြင်းသည် ဒါဝိဒ်၌အရိုးစွဲလျက်နေခဲ့သည်။ ဤကား ယေဟောဝါအားဝတ်ပြုရာ၌ သူခံစားခဲ့ရသည့် မညှိုးနွမ်းနိုင်သောဝမ်းမြောက်မှု၏ လျှို့ဝှက်ချက်ပင်ဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရန်မှာ ဒါဝိဒ်အတွက်ဆင်းရဲဒုက္ခမဟုတ်ခဲ့ပေ။ ထိုသို့ ဖြစ်မည့်အစား ၎င်းသည် သူ၏နှလုံးသားမှဖြစ်ပေါ်လာသော နှစ်ခြိုက်ကြည်နူးမှုတစ်ရပ်သာလျှင်ဖြစ်ခဲ့ပေသည်။ တစ်ခါတစ်ရံ အပြစ်ပြုမိ၍ စံမမီဖြစ်သွားသည့်တိုင် သူ၏ဘဝတစ်လျှောက်လုံးတွင် သူသည် မိမိ၏ဘုရားသခင်ယေဟောဝါအား အကောင်းဆုံးဝတ်ပြုနိုင်ရန် အားထုတ်ရုန်းကန်ခဲ့ပေသည်။

ကျွန်ုပ်တို့၏ဝမ်းမြောက်မှုသည် အခါအားလျော်စွာ ဆုတ်ယုတ်နိုင်၏။ ကျွန်ုပ်တို့သည် မောပန်းနွမ်းရိကာ စိတ်အားငယ်လာနိုင်သည်။ အတိတ်၏အရိပ်ကလည်း ကျွန်ုပ်တို့အားခြောက်လှန့်ကာ တစ်ကြိမ်ကကျွန်ုပ်တို့ကျူးလွန်မိခဲ့သည့်အမှားကြောင့် ကျွန်ုပ်တို့၏သြတ္တပ္ပစိတ်ကလည်း ကျွန်ုပ်တို့အားဒုက္ခပေးနိုင်၏။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပိုမို၍အသေးစိတ်ကျကျလေ့လာခြင်းအားဖြင့် မကြာခဏဤစိတ်ဒုက္ခများကို ကျွန်ုပ်တို့အောင်မြင်နိုင်ပါသည်။ ဒါဝိဒ်ကဲ့သို့ပင် ကျွန်ုပ်တို့၏ “စိတ်နှလုံးအတွင်းပိုင်းများ” တွင် ဘုရားသခင်၏တရားတော်ရေးထွင်းထားရန် ပန်းတိုင်ထားနိုင်သည်။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရန် ကျွန်ုပ်တို့သည် ကိုယ်စိတ်နှလုံးအပြည့်၊ တစ်နည်းအားဖြင့် ကျွန်ုပ်တို့စွမ်းဆောင်နိုင်သမျှ ကြိုးစားအားထုတ်ကြပါက ကိုယ်တော်ကလည်း ကျွန်ုပ်တို့ကို ထိုက်ထိုက်တန်တန်ဆုချတော်မူမည်ဖြစ်သည်။ အကြောင်းမှာ ကိုယ်တော်သည် သစ္စာနှင့်ပြည့်စုံတော်မူသောကြောင့်တည်း။—ဧဖက် ၆:၆; ဟေဗြဲ ၆:၁၀-၁၂; ၁ ပေတရု ၄:၁၉။

စိတ်ဝင်စားဖွယ်မှာ ဟေဗြဲ ၁၀:၅-၇ တွင် တမန်တော်ပေါလုက ဆာလံ ၄၀:၆-၈ ပါ ဒါဝိဒ်၏စကားကိုကိုးကားကာ ယေရှုခရစ်ကိုရည်ညွှန်းခဲ့သည်။ ထိုသို့ ပြုခြင်းအားဖြင့် ယေရှုသည် ကိုယ်တော်၏ခမည်းတော်နှင့်မည်မျှနီးကပ်ကြောင်း ပေါလုကထောက်ပြလိုက်ခြင်းပင်ဖြစ်သည်။ “အလိုတော်” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံး၏အဓိပ္ပာယ်မှာ ‘နှစ်ခြိုက်ကြည်နူးခြင်း၊ ဆန္ဒ၊ မျက်နှာသာ၊ သို့မဟုတ် ကျေနပ်ပျော်ရွှင်မှု’ ဟူ၍သဘောဆောင်သည်။ သို့ ဖြစ်ရာ ခရစ်တော်နှင့်စပ်လျဉ်း၍ ဆာလံ ၄၀:၈ က စာသားအရဤသို့ဆိုနိုင်ခြင်းဖြစ်သည်– “အိုဘုရားသခင်၊ ကိုယ်တော်၏ကျေနပ်ပျော်ရွှင်မှုကိုလုပ်ဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။”(ကဘ)a သို့ ဖြစ်သည်နှင့်အညီ ယေရှုသည် မိမိ၏ခမည်းတော်နှစ်ခြိုက်ကြည်နူးသည့်အရာကို ပြုလုပ်လိုခြင်းပင်ဖြစ်သည်။ ယေရှုသည် ဆောင်ရွက်ရန်မိမိအားတောင်းဆိုထားသည်ထက် ကျော်လွန်၍ပြုလုပ်ခဲ့ပေသည်။ ကိုယ်တော်သည် ခမည်းတော်၏နှလုံးနှင့် နီးကပ်သောအမှုအရာများကို ပြုမူဆောင်ရွက်လျက် ယင်းသို့ ပြုခြင်းကို အားရနှစ်ခြိုက်ခဲ့လေသည်။

ယေရှု၏ဘဝတစ်ခုလုံးသည် ဘုရားသခင်၏အလိုတော်မှာမည်သည့်အရာဖြစ်ကြောင်း၊ ဘုရားသခင်ထံမှကောင်းချီးခံစားရန် အဘယ်အရာများပြုလုပ်ရကြောင်းတို့ကို အခြားသူများအားသင်ကြားပြသခြင်းလုပ်ငန်းတွင် ဗဟိုပြုလည်ပတ်ခဲ့ပေသည်။ ကိုယ်တော်သည် အချိန်ပြည့်ဟောပြောသူနှင့်သွန်သင်သူဖြစ်ပြီး ထိုလုပ်ငန်း၌ကိုယ်တော်သည် လွန်စွာအားရဝမ်းမြောက်တော်မူခဲ့လေသည်။ သို့ ဖြစ်ရာ ကျွန်ုပ်တို့သည် ယေဟောဝါ၏လုပ်ငန်းတော်ကို တိုး၍ဆောင်ရွက်လေလေ၊ ပျော်ရွှင်မှုတိုး၍ခံစားကြရလေလေဖြစ်သည်။ အသင်ကော အသင်၏ရွှင်လန်းဝမ်းမြောက်မှုအလျှံပယ်ဖြစ်လာအောင် ဟောပြောခြင်းလုပ်ငန်းတွင် အချိန်ပြည့်ပါဝင်အသုံးတော်ခံနိုင်မည်လော။

ဘုရားသခင်၏အလိုတော်ကိုဆောင်ရာမှ ရရှိသောပျော်ရွှင်မှုကို ထိန်းသိမ်းနိုင်ရန် နောက်ထပ်အထောက်အကူတစ်ရပ်မှာ အနာဂတ်မြင်ကွင်းကို ကြည်လင်စွာထိန်းသိမ်းထားခြင်းပင်ဖြစ်သည်။ ၎င်းမှာ ယေရှုပြုတော်မူခဲ့သည့်အရာပင်ဖြစ်သည်။ “ထိုသခင်သည် မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံ . . .တော်မူ၏။” ကိုယ်တော်အတွက်ဝမ်းမြောက်မှုဆိုသည်မှာ ဘုရားသခင်ထံအဆုံးတိုင်အောင်သစ္စာစောင့်ခြင်းအားဖြင့် ခမည်းတော်၏လက်ယာတော်ဘက်တွင် ဘုရင်အဖြစ်စိုးစံခြင်းဆုကျေးဇူးကို ဆွတ်ခူးခြင်းတွင် တည်မှီလျက်ရှိခဲ့လေသည်။—ဟေဗြဲ ၁၂:၂။

ဘုရားသခင်၏အလိုတော်ကို ဆက်လက်လုပ်ဆောင်သူများအတွက် ခံစားရမည့်အနာဂတ်ဝမ်းမြောက်မှုကို စိတ်ကူးကြည့်ပါလေ။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရန် ကြိုးစားသူများအား ဒုက္ခပင်ဖြစ်စေသည့်အထိ မိမိတို့၏အတ္တအလိုကိုသာ ခေါင်းမာမာနှင့်လိုက်စားသောသူတို့၏ပျက်စီးခြင်းကို သူတို့သည် တွေ့ မြင်ခွင့်ရကြမည်ဖြစ်သည်။ (၂ သက်သာလောနိတ် ၁:၇၊ ၈) ချစ်ရသူများပြန်လည်ထမြောက်လာကြပြီး ဘုရားသခင်၏ရည်ရွယ်ချက်ကို သင်ကြားဆည်းပူးရန်နှင့်ဆောက်ရွက်ရန် အခွင့်အရေးကောင်းရရှိကြမည်ကို တွေးကြည့်ပါလေ။ သို့မဟုတ် မြေကြီးကို ပရဒိသုအဖြစ်ပြန်လည်ထူထောင်မည့် ဘုရားသခင်၏ရည်ရွယ်ချက်ကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ နောက်ဆုံးအနေနှင့် ဘုရားသခင့်အလိုတော်၏ အတိုက်အခံသမားဖြစ်သူစာတန်အား အပြီးအပိုင်ဖျက်ဆီးပစ်ရာမှ ပေါ်ထွက်လာမည့်လွတ်မြောက်မှုကို စိတ်ကူးကြည့်ပါလေ။

မှန်ပေသည်၊ ယနေ့ ဘုရားသခင်၏အလိုတော်ကိုဆောင်ခြင်းက လက်ရှိပစ္စုပ္ပန်ကာလတွင် ဝမ်းမြောက်ရွှင်လန်းမှုများစွာ ပေးစွမ်းနိုင်သလို အနာဂတ်တွင်လည်း အဆုံးမရှိသောပျော်ရွှင်မှုကို ဖြစ်စေနိုင်ပေသည်။ ဟောပြောခြင်းလုပ်ငန်းတွင် မည်သို့သောတုံ့ပြန်မှုမျိုးကို ကျွန်ုပ်တို့ရရှိသည်ဖြစ်စေ မိမိခမည်းတော်၏အလိုတော်ကိုဆောင်ရာ၌ နှစ်ထောင်းအားရတော်မူခဲ့သော ယေရှုခရစ်၏စံနမူနာကို အတုယူကြစို့လေ။

[အောက်ခြေမှတ်ချက်များ]

a ဆာလံ ၄၀:၈ အောက်ခြေမှတ်ချက်ကိုကြည့်ပါ။ (ကဘ)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ