ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၃/၁၅ စာ. ၁၀-၁၅
  • ယေဟောဝါ ရည်ရွယ်ချက်ရှိသောဘုရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ ရည်ရွယ်ချက်ရှိသောဘုရား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရည်ရွယ်ချက်ရှိသောဘုရား
  • တိုး၍ထင်ရှားဖော်ပြခဲ့
  • အသိပညာထွန်းလင်းမှု
  • လူအများစုက မသိလိုကြ
  • လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အလင်းဆောင်သူများ —အဘယ်ရည်ရွယ်ချက်အတွက်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “ကြည့်ရှုလော့! ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”
    “ကြည့်ရှုလော့ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”
  • လောကအလင်း၏နောက်သို့ မည်သူတို့လိုက်လျှောက်နေကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၃/၁၅ စာ. ၁၀-၁၅

ယေဟောဝါ ရည်ရွယ်ချက်ရှိသောဘုရား

“ငါကြံစည်သည်အတိုင်းဖြစ်၍ ငါစီရင်ချက်လည်းတည်ရလိမ့်မည်။”—ဟေရှာယ ၁၄:၂၄။

၁၊ ၂။ ဘဝရည်ရွယ်ချက်နှင့်ပတ်သက်၍ လူအများမည်သို့ပြောဆိုကြသနည်း။

နေရာတိုင်းရှိလူများ ဤသို့မေးကြသည်– “ဘဝရဲ့ရည်ရွယ်ချက်က ဘာလဲ။” အနောက်တိုင်းရှိ နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဤသို့ဖော်ပြသည်– “တစ်ခါမျှမကြုံဖူးသည့်လူအမြောက်အမြားက ‘ငါတို့ဘယ်သူတွေလဲ၊ ငါတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ’ ဟုမေးလာကြသည်။” သတင်းစာတစ်စောင်က ဘဝရည်ရွယ်ချက်ကားအဘယ်နည်းဟူသော မေးခွန်းနှင့်ပတ်သက်၍ လူငယ်များအားတီးခေါက်ကြည့်ရာ ယေဘုယျအဖြေမှာ “နှလုံးအလိုဆန္ဒရှိတာအကုန်လုပ်။” “ရသမျှအချိန်တိုင်းမှာ ရသမျှအခွင့်အရေးကိုယူ”၊ “ကြိုက်သလိုပျော်အောင်နေ။” “ကလေးတွေမွေးမယ်၊ ပျော်ပျော်နေမယ်။ နောက်ပြီးရင် သေမယ်။” ဘဝဟူသည် ဤမျှသာဖြစ်သည်ဟု လူအများစုကယူဆကြသည်။ မြေကြီးပေါ်တွင် တာရှည်သည့်ရည်ရွယ်ချက်တစ်စုံတစ်ခုကို မည်သူတစ်ဦးတစ်ယောက်မျှ မပြောဆိုကြချေ။

၂ ကော်န်ဖြူးရှန်းကျမ်းပညာရှင်တစ်ဦး ဤသို့ပြောခဲ့သည်– “ဘဝ၏အပြီးသတ်အဓိပ္ပာယ်ကို သာမန်လူသားအဖြစ်အနေတွင် တွေ့ရှိနိုင်သည်။” ယင်းအဆိုအရ လူတို့သည် ဆက်လက်မွေးဖွား၍ အသက် ၇၀၊ ၈၀ ထိနေနိုင်ရန် ကြိုးစားရုန်းကန်ပြီးနောက် သေဆုံးကာ ထာဝရမတည်ရှိတော့သည့်အဖြစ်သို့ ရောက်သွားကြရသည်။ ဆင့်ကဲသိပ္ပံပညာရှင်တစ်ဦး ဤသို့ပြောသည်– “‘သာ၍အဆင့်မြင့်’ သည့်အဖြေကို ကျွန်ုပ်တို့ရော်ရမ်းတမ်းတကောင်းတမ်းတပေမည်—သို့သော် ယင်းအဖြေမရှိပါပေ။” ထိုဆင့်ကဲဝါဒီများအတွက် ဘဝဟူသည် ဆက်လက်ရှင်သန်ရန် ကြိုးစားရုန်းကန်ပြီး သေခြင်းဖြင့်နိဂုံးချုပ်သည့်အရာသာဖြစ်သည်။ ထိုသို့သောတွေးခေါ်ယူဆမှုများသည် ဘဝတွင်ရည်ရွယ်ချက်ကင်းမဲ့သည့်အမြင်ကိုသာ ပေးသည်။

၃၊ ၄။ ကမ္ဘာ့အခြေအနေသည် ဘဝအပေါ် လူသားများ၏ရှုမြင်ယူမှတ်ပုံကို မည်သို့အကျိုးသက်ရောက်သနည်း။

၃ လူ့အသက်သည် မြားမြောင်လှသည့်ဝမ်းနည်းပူဆွေးဒုက္ခများနှင့် ပြည့်နှက်နေသည်ကိုကြည့်ကာ လူများစွာတို့က ဘဝတွင်ရည်ရွယ်ချက်ရှိသည်ဟူသောအချက်ကို သံသယဖြစ်ကြသည်။ ကျွန်ုပ်တို့ခေတ်တွင် လူများသည် စက်မှုလက်မှုနှင့်သိပ္ပံဆိုင်ရာ တိုးတက်အောင်မြင်မှုများရရှိသည်ဆိုဦးတော့၊ သန်းတစ်ထောင်ခန့်ရှိသော ကမ္ဘာတစ်ဝန်းရှိလူများသည် အသည်းအသန်ဖျားနာနေကြသည် သို့မဟုတ် အာဟာရချို့တဲ့နေကြသည်။ ထိုကဲ့သို့သောအကြောင်းများကြောင့် နှစ်စဉ် ကလေးငယ်သန်းပေါင်းများစွာ သေဆုံးကြရသည်။ ထို့အပြင်၊ ဤ ၂၀ ရာစုအတွင်း စစ်ကြောင့်သေဆုံးသူသည် ယင်းမတိုင်မီ လွန်ခဲ့သည့်နှစ်ပေါင်းလေးရာအတွင်းက စစ်ကြောင့်သေဆုံးသူစုစုပေါင်း၏ လေးဆရှိသည်။ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးအလွဲသုံးမှု၊ မိသားစုပြိုကွဲမှု၊ အေအိုင်ဒီအက်စ်နှင့် လိင်ကြောင့်ပြန့်ပွားသောအခြားရောဂါများ—မကောင်းမှုများ၏စာရင်းသည် တိုးပွားလျက်ရှိသည်။ ထိုပြဿနာများကို ကမ္ဘာ့ခေါင်းဆောင်များဖြေရှင်း၍မရပါ။

၄ ထိုအခြေအနေများနှင့်စပ်လျဉ်း၍ လူအများ၏ယုံကြည်ချက်ကို လူတစ်ဦးဤသို့တင်ပြသည်– “ဘဝသည် မည်သည့်ရည်ရွယ်ချက်မျှမရှိ။ ဤမကောင်းသည့်အရာများအားလုံး ဆက်၍ဖြစ်ပွားနေလျှင် ဘဝသည် အဓိပ္ပာယ်မရှိလှပါ။” သက်ကြီးရွယ်အိုတစ်ဦးကလည်း ဤသို့ပြောသည်– “ကျွန်တော်ဘာကြောင့် ဒီမှာရောက်နေရတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုမေးလာတာကြာပြီ။ ရည်ရွယ်ချက်တစ်ခုသာရှိခဲ့လျှင် ဘာမျှမပူပါဘူး။” လူများစွာတို့သည် နာကျင်မှုနှင့်ဆင်းရဲဒုက္ခမြားမြောင်သည့် ကမ္ဘာ့အခြေအနေကို အဘယ်ကြောင့်ဘုရားသခင်ခွင့်ပြုထားကြောင်း မသိရှိခြင်းက သူတို့အတွက် စစ်မှန်သောမျှော်လင့်ချက်မရှိသည့်အနာဂတ်ကို ဖြစ်စေသည်။

၅။ ဤလောကရှိဘာသာတရားများသည် ဘဝရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှုပ်ထွေးမှုကိုထပ်၍ဖြည့်စွက်ပေးခြင်းသာ အဘယ်ကြောင့်ဖြစ်သနည်း။

၅ ဘာသာရေးခေါင်းဆောင်များပင် ဘဝ၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ အယူကွဲပြားပြီး မသေချာမရေရာဖြစ်နေကြသည်။ လန်ဒန်မြို့ရှိ စိန့်ပေါလ်ဂိုဏ်းအုပ်ဘုရားကျောင်းမှ ဂိုဏ်းအုပ်ဖြစ်ခဲ့ဖူးသူတစ်ဦးက ဤသို့ဆိုသည်– “ကျွန်ုပ်၏အသက်တာတွင် ဘဝ၏ရည်ရွယ်ချက်ကိုရှာတွေ့ရန် အပတ်တကုတ်ကြိုးစားခဲ့သည်။ . . . ကျွန်ုပ်မတွေ့ခဲ့ပါ။” သေသောအခါ လူကောင်းများကောင်းကင်သို့သွားပြီး လူဆိုးများသည် မီးတောက်ငရဲသို့ ထာဝရသွားရောက်ကြရသည်ဟု ဓမ္မဆရာများစွာတို့ သွန်သင်သည်တော့မှန်ပါသည်။ သို့သော် ဤအယူအဆက မြေကြီးပေါ်ရှိလူသားများအား ဆက်၍အနှောင့်အယှက်ပြုမြဲဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် လူသားများအား ကောင်းကင်တွင်ထားလိုသည့်ရည်ရွယ်ချက်ရှိခဲ့ပါမူ ဤမျှများပြားသည့်ဆင်းရဲဒုက္ခမှကင်းလွတ်ရန် အစကတည်းက ကောင်းကင်တမန်များနည်းတူ ကောင်းကင်သတ္တဝါများအဖြစ် အဘယ်ကြောင့်မဖန်ဆင်းခဲ့သနည်း။ မြေကြီးပေါ်ရှိဘဝ၏ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ရှုပ်ထွေးမှုများ သို့မဟုတ် ရည်ရွယ်ချက်တစ်ခုခုရှိသည်ကိုယုံကြည်ရန် ငြင်းဆန်ခြင်းတို့သည် သမားရိုးကျဖြစ်နေသည်။

ရည်ရွယ်ချက်ရှိသောဘုရား

၆၊ ၇။ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အားသမ္မာကျမ်းစာကဘာပြောသနည်း။

၆ သို့သော် သမိုင်းတွင် အများဆုံးဖြန့်ဝေရသောစာအုပ်ဖြစ်သည့် သမ္မာကျမ်းစာက စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ယေဟောဝါသည် ရည်ရွယ်ချက်ရှိသောဘုရားဖြစ်ကြောင်း ကျွန်ုပ်တို့အားဖော်ပြသည်။ မြေကြီးပေါ်ရှိလူသားများအတွက် ရေရှည်ဖြစ်သော၊ အမှန်အားဖြင့် ထာဝရပင်ဖြစ်သော ရည်ရွယ်ချက်တစ်ခု ကိုယ်တော်၌ရှိကြောင်း ၎င်းက၊ ကျွန်ုပ်တို့အားဖော်ပြသည်။ တစ်စုံတစ်ခုကို ယေဟောဝါရည်ရွယ်တော်မူလျှင် မလွဲဧကန်ပြည့်စုံလိမ့်မည်။ ဘုရားသခင်ပြောသည်မှာ မိုးရေသည် အပင်ပေါက်စေသကဲ့သို့ “ငါ၏နှုတ်ကပါဌ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကိုပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်” ဟူ၍ဖြစ်သည်။ (ဟေရှာယ ၅၅:၁၀၊ ၁၁) ယေဟောဝါသည် မိမိပြောသမျှကို ပြည့်စုံစေမည်ဖြစ်ပြီး “ဖြစ်” လာမည်။—ဟေရှာယ ၁၄:၂၄။

၇ အနန္တတန်ခိုးရှင်သည် မိမိ၏ကတိတော်များကိုစောင့်စည်းမည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ အကြောင်းမှာ ဘုရားသခင်သည် “မုသားမသုံးနိုင်” သောကြောင့်ဖြစ်သည်။ (တိတု ၁:၂; ဟေဗြဲ ၆:၁၈) တစ်စုံတစ်ခုလုပ်မည်ဟု ကိုယ်တော်ကျွန်ုပ်တို့အားပြောသောအခါ ကိုယ်တော့်နှုတ်ကပါဌ်တော်သည် ယင်းဖြစ်မြောက်လာရန် အာမခံပေးသည်။ ယင်းသည် ပြီးပြည့်စုံသည်နှင့်မခြားဖြစ်သည်။ ကိုယ်တော်ဤသို့ကြေညာတော်မူသည်– “ငါသည်ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။ အဦးဆုံးမှစ၍ အဆုံးတိုင်အောင် ရှေးကာလမှစ၍ မဖြစ်သေးသောအမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက် ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟုဆိုလျက် . . . ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်းစီရင်မည်။”—ဟေရှာယ ၄၆:၉-၁၁။

၈။ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့်သိလိုသောသူသည် ကိုယ်တော်ကိုရှာတွေ့နိုင်မည်လော။

၈ ထို့အပြင် ယေဟောဝါသည် “အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ” တော်မူသည်။ (၂ ပေတရု ၃:၉) ထိုအကြောင်းကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ မိမိအားဂရုမစိုက်ခြင်းကို ကိုယ်တော်မလိုလားပါ။ အာဇရိအမည်ရှိပရောဖက်တစ်ဦး ဤသို့ပြောခဲ့သည်– “ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင် သင်တို့ကိုစွန့်တော်မူမည်။” (၂ ရာဇဝင်ချုပ် ၁၅:၁၊ ၂) ထို့ကြောင့် ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်တို့ကို စိတ်ရင်းမှန်ဖြင့်သိလိုသူများသည် ကိုယ်တော်ကိုကြိုးစားရှာဖွေပါက မုချသိရှိနိုင်ကြမည်။

၉၊ ၁၀။ (က) ဘုရားသခင်အကြောင်းသိလိုသူများအတွက် မည်သည့်အရာကိုပေးထားသနည်း။ (ခ) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ရှာဖွေခြင်းက ကျွန်ုပ်တို့အား ဘာကိုပြုစေနိုင်သနည်း။

၉ မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။ ဘုရားသခင်ကို အမှန်ရှာဖွေသူများအတွက် မိမိ၏နှုတ်ကပါဌ်တော်သမ္မာကျမ်းစာကို ကိုယ်တော်ပေးထားသည်။ စကြဝဠာကိုဖန်ဆင်းရာတွင် အသုံးပြုသော လှုပ်ရှားတတ်သည့်စွမ်းအားပင်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်သည် မိမိ၏ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့သိအပ်ရာများကို ရေးချစေရန် သစ္စာရှိလူသားများကို ညွှန်ကြားတော်မူသည်။ ဥပမာ၊ ကျမ်းစာပရောဖက်ပြုချက်နှင့်ပတ်သက်၍ တမန်တော်ပေတရုဤသို့ပြောခဲ့သည်– “အနာဂတ္တိစကားသည် လူအလိုအားဖြင့်ဖြစ်ဖူးသည်မဟုတ်။ ဘုရားသခင်၏သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏။” (၂ ပေတရု ၁:၂၁) အလားတူ တမန်တော်ပေါလုဤသို့ကြေညာခဲ့သည်– “ကျမ်းစာရှိသမျှသည် ဘုရားသခင် ဝိညာဉ်တော်မှုတ်သွင်းထား၍ ဘုရားသခင်၏လူကို အစွမ်းသတ္တိအပြည့်အဝရှိစေရန်၊ ကောင်းသောအလုပ်တိုင်းအတွက် စုံလင်စွာပြင်ဆင်လေ့ကျင့်ပေးရန်၊ သင်ကြားခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်အောင်ဆုံးမခြင်းများ၌ အကျိုးရှိ၏။”—၂ တိမောသေ ၃:၁၆၊ ၁၇၊ ကဘ; ၁ သက်သာလောနိတ် ၂:၁၃။

၁၀ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ကျွန်ုပ်တို့အား “အစွမ်းသတ္တိ အပြည့်အဝရှိစေရန်၊ စုံလင်စွာ ပြင်ဆင်လေ့ကျင့်ပေးရန်” တတ်နိုင်သည်။ ယင်းက ဘုရားသခင်မည်သူဖြစ်ကြောင်း၊ ကိုယ်တော့်ရည်ရွယ်ချက်သည် အဘယ်အရာဖြစ်ကြောင်းနှင့် မိမိကျေးကျွန်များအား ကိုယ်တော်ဘာကိုတောင်းဆိုကြောင်းတို့ကို လူတစ်ဦးအား သေချာစွာသိရှိစေသည်။ ယင်းကို ဘုရားသခင်ပြုစုသည့်စာအုပ်တွင် တွေ့ရှိနိုင်သည်။ ယင်းသည် ဘုရားသခင်၏ တိကျမှန်ကန်သောအသိပညာကို ရှာဖွေရယူနိုင်သည့် တစ်ခုတည်းသောအခြေအမြစ်ဖြစ်သည်။ (သု. ၂:၁-၅; ယောဟန် ၁၇:၃) ထိုသို့ပြုခြင်းအားဖြင့် ကျွန်ုပ်တို့သည် “သူတစ်ပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်းငှာ လှည့်ဖြားပြောဆိုသဖြင့် ငါတို့သည့် ခပ်သိမ်းသောသြဝါဒလေတိုက်၍ ဖရိုဖရဲဖြစ်သွားသောသူငယ်မဖြစ်” ဘဲနေမည်။ (ဧဖက် ၄:၁၃၊ ၁၄) ဆာလံဆရာက သင့်လျော်သည့်အမြင်ကို ဤသို့ဖော်ပြသည်– “[ဘုရားသခင်၏] နှုတ်ကပါဌ်တော်သည် အကျွန်ုပ်ခြေရှေ့ မှာမီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။”—ဆာလံ ၁၁၉:၁၀၅။

တိုး၍ထင်ရှားဖော်ပြခဲ့

၁၁။ ယေဟောဝါသည် မိမိရည်ရွယ်ချက်များကို လူသားများအား မည်သို့ထင်ရှားဖော်ပြလာခဲ့သနည်း။

၁၁ လူ့မိသားစုစတင်ကတည်းက ဘုရားသခင်သည် ဤကမ္ဘာနှင့် ယင်းအပေါ်နေထိုင်သူလူသားများနှင့်ပတ်သက်သည့် မိမိရည်ရွယ်ချက်ကို ထင်ရှားဖော်ပြလာခဲ့သည်။ (ကမ္ဘာဦး ၁:၂၆-၃၀) သို့သော် ကျွန်ုပ်တို့၏ကနဦးမိဘများသည် ဘုရားသခင်၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို ငြင်းဆန်ခဲ့သောအခါ လူသားများသည် ဝိညာဏမှောင်မိုက်နှင့်သေခြင်းထဲသို့ ကျဆင်းခဲ့ရသည်။ (ရောမ ၅:၁၂) သို့သော် မိမိအားဝတ်ပြုလိုသူများရှိကြောင်း ယေဟောဝါသိရှိတော်မူသည်။ ထို့ကြောင့် ယေဟောဝါသည် နှစ်ရာစုများတစ်လျှောက် မိမိ၏ကျေးကျွန်များအား မိမိ၏ရည်ရွယ်ချက်များကို တိုး၍ထင်ရှားဖော်ပြလာခဲ့သည်။ ကိုယ်တော်ဆက်ဆံခဲ့သည့်သူများထဲမှ အချို့မှာ ဧနောက် (ကမ္ဘာဦး ၅:၂၄; ယုဒ ၁၄၊ ၁၅)၊ နောဧ (ကမ္ဘာဦး ၆:၉၊ ၁၃)၊ အာဗြဟံ (ကမ္ဘာဦး ၁၂:၁-၃) နှင့် မောရှေ (ထွက်မြောက်ရာ ၃၁:၁၈; ၃၄:၂၇၊ ၂၈) တို့ဖြစ်ကြသည်။ ဘုရားသခင်၏ပရောဖက်အာမုတ် ဤသို့ရေးသားခဲ့သည်– “အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အားမဖော်ပြဘဲ အဘယ်အမှုကိုမျှစီရင်တော်မမူ။”—အာမုတ် ၃:၇; ဒံယေလ ၂:၂၇၊ ၂၈။

၁၂။ ယေရှုသည် ဘုရားသခင့်ရည်ရွယ်ချက်များအပေါ် မည်သည့်နည်းဖြင့် အလင်းပိုမိုထွန်းလင်းပေးသနည်း။

၁၂ ဧဒင်တွင်ပုန်ကန်မှုပြီးနောက် နှစ်ပေါင်း ၄,၀၀၀ ခန့်အကြာ ဘုရားသခင့်သားတော်ယေရှုခရစ် မြေကြီးပေါ်ရှိစဉ်က ယေဟောဝါ၏ရည်ရွယ်တော်မူချက်များစွာတို့သည် အသေးစိတ်ထင်ရှားပြသခံခဲ့ရပြီးဖြစ်သည်။ ယင်းသည် မြေကြီးကိုအုပ်စိုးမည့်ကောင်းကင်နိုင်ငံတော် တည်ထောင်ရန်ဟူသော ဘုရားသခင့်ရည်ရွယ်ချက်နှင့် အထူးသဖြင့်သက်ဆိုင်သည်။ (ဒံယေလ ၂:၄၄) ယေရှုသည် ဘုရားသခင့်နိုင်ငံတော်ကို မိမိဟောပြောခြင်း၏ အဓိကခေါင်းစဉ်အဖြစ်ထားခဲ့သည်။ (မဿဲ ၄:၁၇; ၆:၁၀) ဘုရားသခင့်နိုင်ငံတော်အောက်တွင် မြေကြီးနှင့်လူသားများဆိုင်ရာ ဘုရားသခင့်မူလရည်ရွယ်ချက်များသည် ပြည့်စုံလာမည်ဖြစ်ကြောင်း ကိုယ်တော်နှင့်တပည့်တော်များက သွန်သင်ခဲ့ကြသည်။ မြေကြီးသည် စုံလင်၍ထာဝစဉ်အသက်ရှင်မည့်လူသားများ မှီတင်းနေထိုင်သည့် ပရဒိသုအသွင်သို့ ပြောင်းလဲခံရမည်။ (ဆာလံ ၃၇:၂၉; မဿဲ ၅:၅; လုကာ ၂၃:၄၃; ၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၄) ထို့အပြင် ယေရှုနှင့်တပည့်တော်များသည် ဘုရားသခင့်တန်ခိုးတော်နှင့် ထူးဆန်းအံ့ဩဖွယ်ရာများကိုတင်ပြခြင်းအားဖြင့် ထိုကမ္ဘာသစ်တွင်ဖြစ်လာမည့်အရာများကို သရုပ်ဖော်ပြသွားသည်။—မဿဲ ၁၀:၁၊ ၈; ၁၅:၃၀၊ ၃၁; ယောဟန် ၁၁:၂၅-၄၄။

၁၃။ စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် လူသားများအားဘုရားသခင်ဆက်ဆံခြင်းနှင့်ပတ်သက်၍ မည်သည့်အပြောင်းအလဲဖြစ်ခဲ့သနည်း။

၁၃ စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့၊ ယေရှုသေဆုံးပြီး ရက်ပေါင်း ၅၀ အကြာတွင် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်နောက်လိုက်များ၏အသင်းတော်ပေါ်သို့ သွန်းလောင်းခံခဲ့ရသည်။ ယင်းက ယေဟောဝါပဋိညာဉ်ပြုထားသည့်လူများအဖြစ် သစ္စာမဲ့သောဣသရေလလူမျိုးများအား အစားထိုးသည်။ (မဿဲ ၂၁:၄၃; ၂၇:၅၁; တမန်တော် ၂:၁-၄) ထိုအခြေအနေ၌ ဝိညာဉ်တော်သွန်းလောင်းခြင်းက ဘုရားသခင်သည် ထိုအချိန်မှစ၍ မိမိ၏ရည်ရွယ်ချက်များကို ဤကိုယ်စားလှယ်အဖွဲ့သစ်အားဖြင့် ထင်ရှားဖော်ပြမည်ဖြစ်ကြောင်း အထောက်အထားတစ်ခုဖြစ်သည်။ (ဧဖက် ၃:၁၀) စီ.အီး. ပထမရာစုအတွင်းက ခရစ်ယာန်အသင်းတော်၏ အဖွဲ့အစည်းဆိုင်ရာအခြေခံကို တည်ထောင်ခဲ့သည်။—၁ ကောရိန္သု ၁၂:၂၇-၃၁; ဧဖက် ၄:၁၁၊ ၁၂။

၁၄။ သမ္မာတရားကိုရှာဖွေသူများသည် စစ်မှန်သောခရစ်ယာန်အသင်းတော်ကို မည်သည့်နည်းဖြင့်ခွဲခြားသတ်မှတ်နိုင်သနည်း။

၁၄ ယနေ့ သမ္မာတရားရှာဖွေသူတို့သည် စစ်မှန်သည့်ခရစ်ယာန်အသင်းတော်ကို ဘုရားသခင်၏ကနဦးအရည်အချင်းဖြစ်သည့် မေတ္တာကို တစ်သမတ်တည်းတင်ပြမှုဖြင့် ခွဲခြားသိမြင်နိုင်သည်။ (၁ ယောဟန် ၄:၈၊ ၁၆) အမှန်ပင်၊ ညီအစ်ကိုမေတ္တာသည် ခရစ်ယာန်စစ်များ၏ ထူးခြားထင်ရှားသောအမှတ်လက္ခဏာဖြစ်သည်။ ယေရှုဤသို့ပြောခဲ့သည်– “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” “ငါ့ပညတ်ဟူမူကား ငါသည်သင်တို့ကိုချစ်သည့်နည်းတူ သင်တို့သည် အချင်းချင်းချစ်ကြလော့။” (ယောဟန် ၁၃:၃၅; ၁၅:၁၂) ယေရှုက မိမိအားကြားနာနေသူများကို ဤသို့သတိပေးခဲ့သည်– “သင်တို့သည် ငါပညတ်သမျှကိုကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။” (ယောဟန် ၁၅:၁၄) ထို့ကြောင့် ဘုရားသခင်၏ကျေးကျွန်စစ်များသည် မေတ္တာပညတ်ဖြင့် အသက်ရှင် သူများဖြစ်ကြသည်။ သူတို့သည် အပြောသက်သက်မဟုတ်ပါ၊ အကြောင်းမှာ “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်” သောကြောင့်တည်း။—ယာကုပ် ၂:၂၆။

အသိပညာထွန်းလင်းမှု

၁၅။ ဘုရားသခင်၏ကျေးကျွန်များသည် မည်သည့်အရာကို စိတ်ချနိုင်သနည်း။

၁၅ အချိန်များကုန်လွန်လာသည်နှင့်အမျှ ခရစ်ယာန်အသင်းတော်စစ်သည် ဘုရားသခင့်ရည်ရွယ်ချက်များနှင့်ပတ်သက်၍ တိုးတက်သိရှိလာမည်ဖြစ်ကြောင်း ယေရှုကြိုပြောခဲ့သည်။ မိမိ၏နောက်တော်လိုက်များအား ကိုယ်တော်ဤသို့ကတိပြုခဲ့သည်– “ခမည်းတော်သည် ငါ့အတွက်ကြောင့်စေလွှတ်တော်မူသော ဥပဇ္စျာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူမည်။” (ယောဟန် ၁၄:၂၆) ဤသို့လည်းမိန့်တော်မူခဲ့သေးသည်– “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” (မဿဲ ၂၈:၂၀) ထို့ကြောင့် ဘုရားသခင်နှင့်ကိုယ်တော့်ရည်ရွယ်ချက်များဆိုင်ရာ အမှန်တရားနှင့်ပတ်သက်သောအသိပညာထွန်းလင်းခြင်းသည် ဘုရားသခင်၏လူများတွင် တိုးပွားနေသည်။ မှန်ပါသည်၊ “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။”—သု. ၄:၁၈။

၁၆။ ကျွန်ုပ်တို့၏ ဝိညာဏထွန်းလင်းသိမြင်မှုက ဘုရားသခင်၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အဘယ်နေရာတွင်ရောက်နေကြောင်း မည်သို့ဖော်ပြသနည်း။

၁၆ ယနေ့ ထိုဝိညာဏအလင်းသည် ခါတိုင်းထက်ပို၍ထွန်းလင်းနေသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် များစွာသောကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံပြီး သို့မဟုတ် ပြည့်စုံရန်နီးကပ်နေသည့်အချိန်တွင် အသက်ရှင်နေရသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤဆိုးသွမ်းသောအစီအစဉ်စနစ်၏ “နောက်ဆုံးကာလ” တွင်အသက်ရှင်နေကြောင်း ယင်းကဖော်ပြသည်။ ယင်းသည် “အစီအစဉ်စနစ်၏ဆုံးခန်းကာလ” ဟု ခေါ်သောအချိန်ပိုင်းဖြစ်သည်; ယင်းနောက်တွင် ဘုရားသခင်၏ကမ္ဘာသစ်လိုက်ပါလာမည်။ (၂ တိမောသေ ၃:၁-၅၊ ၁၃၊ ကဘ။ မဿဲ ၂၄:၃-၁၃၊ ကဘ) ဒံယေလကြိုပြောထားသည့်အတိုင်း ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်သည် မကြာမီ “[ယခုတည်ရှိသည့်] နိုင်ငံရှိသမျှကိုချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၄၄။

၁၇၊ ၁၈။ မည်သည့်ကြီးမြတ်သောပရောဖက်ပြုချက်များ ယခုပြည့်စုံနေသနည်း။

၁၇ ယခုပြည့်စုံပြီးသောပရောဖက်ပြုချက်များထဲတွင် မဿဲအခန်းကြီး ၂၄၊ အခန်းငယ် ၁၄ တွင်မှတ်တမ်းတင်ထားသည့်အချက်လည်း ပါဝင်သည်။ ယင်းကို ယေရှုဤသို့ပြောခဲ့သည်– “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” ကမ္ဘာ့ဒေသတိုင်းတွင် ဘုရားနိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းသည် သန်းနှင့်ချီသည့် ယေဟောဝါသက်သေများအားဖြင့် ပြီးမြောက်လျက်ရှိသည်။ နှစ်စဉ် ထောင်ပေါင်းများစွာသောလူများသည် သူတို့နှင့်ပူးပေါင်းလာနေကြသည်။ ယင်းက ဟေရှာယ ၂:၂၊ ၃ ပါပရောဖက်ပြုချက်နှင့်အညီဖြစ်သည်။ ထိုတွင်ဖော်ပြထားသည်မှာ ဆိုးညစ်သောဤအစီအစဉ်စနစ်၏ “နောက်ဆုံးသောကာလ၌” လူမျိုးများစွာတို့မှ လူများသည် ယေဟောဝါ၏စစ်မှန်သောဝတ်ပြုရေးထဲသို့ ဝင်လာကြမည်ဖြစ်ပြီး ကိုယ်တော်က သူတို့အား ‘လမ်းခရီးတော်တို့ကို ပြသသွန်သင်ပြီး သူတို့ကလည်း ကိုယ်တော့်ခြေတော်ရာသို့ လိုက်သွားကြမည်။’

၁၈ ဟေရှာယအခန်းကြီး ၆၀၊ အခန်းငယ် ၈ တွင်ဖော်ပြထားသည့်အတိုင်း ဤလူသစ်များသည် “မိုးတိမ်ကဲ့သို့” အစုလိုက်အပြုံလိုက် ယေဟောဝါ၏ဝတ်ပြုရေးထဲသို့ ဝင်ရောက်လာကြသည်။ အခန်းငယ် ၂၂ ဆက်ပြောသည်မှာ ဤသို့– “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။” ထိုအချိန်သည် ယခုပင်ဖြစ်ကြောင်း အထောက်အထားများက ဖော်ပြသည်။ ယေဟောဝါသက်သေများနှင့် ပေါင်းသင်းခြင်းဖြင့် စစ်မှန်သောခရစ်ယာန်အသင်းတော်နှင့် မိမိတို့ဆက်သွယ်ပူးပေါင်းမိကြောင်းကို လူသစ်များယုံကြည်စိတ်ချနိုင်သည်။

၁၉။ ယေဟောဝါသက်သေများနှင့် ပေါင်းသင်းနေကြသော လူသစ်များသည် စစ်မှန်သောခရစ်ယာန်အသင်းတော်ထဲသို့ လာနေကြသည်ဟု အဘယ်ကြောင့်ကျွန်ုပ်တို့ပြောကြသနည်း။

၁၉ အဘယ်ကြောင့် ဤသို့အတပ်ပြောနိုင်သနည်း။ အကြောင်းမှာ ဤလူသစ်များသည် ယေဟောဝါ၏အဖွဲ့အစည်းအတွင်း ရှိနှင့်သူသန်းပေါင်းများစွာတို့နှင့်အတူ မိမိတို့၏အသက်တာကို ဘုရားသခင်ထံဆက်ကပ်အပ်နှံထားပြီး ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်နေကြသောကြောင့်ဖြစ်သည်။ ယင်းတို့တွင် ဘုရားရေးရာမေတ္တာပညတ်နှင့်အညီ နေထိုင်ခြင်းပါဝင်၏။ အထောက်အထားတစ်ခုအနေနှင့် ဤခရစ်ယာန်များသည် ‘သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ခဲ့ကြပြီ . . . စစ်အတတ်ကိုလည်း ဘယ်တော့မျှနောက်တစ်ဖန်မသင်ကြတော့ပါ။’ (ဟေရှာယ ၂:၄) ဘုရားသခင်၏ကျေးကျွန်များသည် မေတ္တာကိုကျင့်သုံးကြသောကြောင့် ကမ္ဘာတစ်ခွင်လုံးရှိယေဟောဝါသက်သေများ ထိုအတိုင်းပြုကြသည်။ ယင်းက သူတို့အချင်းချင်း သို့မဟုတ် အခြားသူတစ်ယောက်ယောက်ကို ဆန့်ကျင်ရန် လက်နက်ကိုင်ဆောင်ခြင်းကို မည်သည့်အခါမျှမလုပ်နိုင်ကြောင်းကို ဆိုလိုသည်။ ဤနည်းဖြင့် သူတို့သည် လောကဘာသာရေးများနှင့်မတူ—တစ်မူထူးကြသည်။ (ယောဟန် ၁၃:၃၄၊ ၃၅; ၁ ယောဟန် ၃:၁၀-၁၂၊ ၁၅) ကွဲပြားနေသည့်လူမျိုးရေးရာများတွင် သူတို့မပါဝင်ကြပါ။ အကြောင်းမှာ သူတို့သည် “စည်းလုံးခြင်း၏စုံလင်သောအနှောင်အဖွဲ့” ဖြစ်သည့် မေတ္တာအားဖြင့် ကျစ်လစ်ခိုင်မာစွာတည်ဆောက်ထားသည့် ကမ္ဘာချီညီအစ်ကိုများအဖြစ် ဖွဲ့စည်းပါဝင်ထားကြသောကြောင့်ဖြစ်သည်။—ကောလောသဲ ၃:၁၄၊ ကဘ; မဿဲ ၂၃:၈; ၁ ယောဟန် ၄:၂၀၊ ၂၁။

လူအများစုက မသိလိုကြ

၂၀၊ ၂၁။ လူအများစုသည် အဘယ်ကြောင့်ဝိညာဏမှောင်မိုက်ထဲတွင် ရှိနေရသနည်း။ (၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၅:၁၉)

၂၀ ဘုရားသခင်၏လူမျိုးများတွင်ရှိ ဝိညာဏအလင်းသည် တိုး၍ထွန်းလင်းနေစဉ် ကမ္ဘာပေါ်ရှိ အခြားသူများမှာ တစ်ခါမျှမကြုံဖူးသည့်ဝိညာဏမှောင်မိုက်ထဲတွင် ရှိနေကြသည်။ သူတို့သည် ယေဟောဝါကိုလည်းကောင်း၊ ကိုယ်တော့်ရည်ရွယ်ချက်များကိုလည်းကောင်း မသိကြပါ။ ဘုရားသခင့်ပရောဖက်က ဤသို့ပြောရာတွင် ဤအချိန်ကိုရည်ညွှန်းခြင်းဖြစ်သည်– “ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကိုဖုံးလွှမ်းလိမ့်မည်။” (ဟေရှာယ ၆၀:၂) သို့ဖြစ်ရခြင်းမှာ သူတို့သည် ဘုရားသခင်အကြောင်း လေ့လာဆည်းပူးရန် စိတ်ရင်းမှန်ဖြင့်စိတ်ဝင်စားခြင်း၊ သို့မဟုတ် ကိုယ်တော့်စိတ်တော်ရွှင်လန်းစေရန် ကြိုးစားလိုခြင်းမရှိကြသောကြောင့်ဖြစ်သည်။ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “အပြစ်စီရင်ရခြင်းအကြောင်းကား အလင်းသည်ဤလောကသို့ဝင်၍ လူတို့သည် မကောင်းသောအကျင့်ကိုကျင့်သောကြောင့် အလင်းထက်မှောင်မိုက်ကို သာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း၍ မိမိတို့အကျင့်၌အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှာ အလင်းသို့မချဉ်းကပ်ကြ။”—ယောဟန် ၃:၁၉၊ ၂၀။

၂၁ ထိုသူများသည် ဘုရားသခင်၏အလိုတော်ကိုရှာဖွေရန် စစ်မှန်သည့်စိတ်ဝင်စားမှုမရှိကြပါ။ ယင်းအစား မိမိအလိုဆန္ဒကိုလုပ်ဆောင်ခြင်း၌သာ ဘဝကိုဗဟိုပြုထားကြသည်။ ဘုရားသခင်၏အလိုတော်ကို လျစ်လျူရှုခြင်းအားဖြင့် မိမိတို့ကိုယ်ကို အန္တရာယ်ရှိသည့်အနေအထားသို့ရောက်စေကြသည်။ အကြောင်းမှာ ကိုယ်တော့်နှုတ်ကပါဌ်တော်ဤသို့ကြေညာသည်– “တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်းသော်လည်း သူ၏ပတ္ထနာစကားသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။” (သု. ၂၈:၉) သူတို့ရွေးချယ်သည့်လမ်းစဉ်၏ရလဒ်ကို သူတို့ပြန်ခံစားရမည်။ တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်– “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။”—ဂလာတိ ၆:၇။

၂၂။ ဘုရားသခင်ကိုသိလိုကြသောလူအမြောက်အမြားသည် ယခုဘာလုပ်နေကြသနည်း။

၂၂ သို့တစေ ဘုရားသခင်၏အလိုတော်ကို အမှန်သိလိုသောသူ၊ ကိုယ်တော်ကို စိတ်ရင်းမှန်ဖြင့်ရှာသောသူ၊ ကိုယ်တော်ထံချဉ်းကပ်သောသူမြောက်မြားစွာရှိပါသည်။ “ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်” ဟု ယာကုပ် ၄:၈ တွင် ဆိုထားသည်။ ထိုကဲ့သို့သောသူများနှင့်ပတ်သက်၍ ယေရှုဤသို့ပြောထားသည်– “သမ္မာတရားကိုကျင့်သောသူမူကား မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှာ အလင်းသို့ချဉ်းကပ်သည်။” (ယောဟန် ၃:၂၁) အလင်းသို့ချဉ်းကပ်သူများအတွက် အံ့မခန်းဖွယ်အနာဂတ်ကို ဘုရားသခင်ရည်ရွယ်ထားတော်မူပါသည်တကား! နောက်ဆောင်းပါးက စိတ်အားတက်ကြွဖွယ်မျှော်လင့်ချက်အကြောင်း ဆွေးနွေးတင်ပြပါမည်။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ဘဝရည်ရွယ်ချက်နှင့်ပတ်သက်၍ လူအများမည်သို့ပြောဆိုကြသနည်း။

◻ ယေဟောဝါသည် ရည်ရွယ်ချက်ရှိသောဘုရားဖြစ်ကြောင်း မိမိကိုယ်ကို မည်သို့ထင်ရှားဖော်ပြသနည်း။

◻ စီ.အီး. ပထမရာစုတွင် မည်သည့်အသိပညာထွန်းလင်းမှုကြီး ဖြစ်ခဲ့သနည်း။

◻ ယနေ့ မှန်သောခရစ်ယာန်အသင်းတော်ကို မည်သို့မှတ်သားဖော်ပြနိုင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ