လူငယ်တို့—မည်သူ့သွန်သင်မှုကို သင်တို့လိုက်လျှောက်ကြသနည်း
“လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ခွာ၍ . . . နတ်ဆိုးတို့၏သွန်သင်ချက်များကို ဂရုစိုက်ကြလိမ့်မည်။” —၁ တိမောသေ ၄:၁၊ ကဘ။
၁ (က) လူငယ်များအတွက် မည်သည့်ရွေးချယ်စရာရှိသနည်း။ (ခ) ယေဟောဝါမည်သို့သွန်သင်သနည်း။
ဤတွင် လူငယ်များအားမေးလိုက်သည့်မေးခွန်းမှာ မည်သူ့သွန်သင်မှုကို သင်တို့လိုက်လျှောက်ကြသနည်း။ ယင်းက အသင်လူငယ်များတွင် ရွေးချယ်စရာရှိကြောင်း တင်ပြသည်။ ရွေးချယ်စရာကား မြင့်မြတ်သည့်သွန်သင်ခြင်းကို တုံ့ပြန်လုပ်ဆောင်ခြင်းနှင့် နတ်ဆိုးတို့၏သွန်သင်ချက်များကို လိုက်လျှောက်ခြင်းတို့ဖြစ်သည်။ ယေဟောဝါသည် မိမိ၏နှုတ်ကပါဌ်တော်အားဖြင့်လည်းကောင်း၊ မြေကြီးပေါ်တွင် မိမိ၏ကိုယ်စားလှယ်များအဖြစ် အသုံးပြုသောလူများ၏ ဓမ္မအမှုဆောင်ခြင်းအားဖြင့်လည်းကောင်း သွန်သင်တော်မူသည်။ (ဟေရှာယ ၅၄:၁၃; တမန်တော် ၈:၂၆-၃၉; မဿဲ ၂၄:၄၅-၄၇) သို့သော် နတ်ဆိုးများလည်း သွန်သင်မှုပြုသည်ကို သင်အံ့သြပေမည်လော။
၂။ ဤအချိန်တွင် နတ်ဆိုးများ၏သွန်သင်ချက်များကို အဘယ်ကြောင့် အထူးသဖြင့် သတိထားရန်အရေးကြီးသနည်း။
၂ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “နောင်ကာလ၌ . . . လူအချို့တို့သည် ယုံကြည်ခြင်းတရားမှရွေ့လျော့၍ လှည့်ဖြားတတ်သောဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဆိုးတို့၏သြဝါဒများ [သွန်သင်ချက်များ၊ ကဘ] ၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။” (၁ တိမောသေ ၄:၁၊ သမ္မာ) ကျွန်ုပ်တို့သည် စာတန်နှင့်သူ၏နတ်ဆိုးများ အထူးအလုပ်များနေကြသည့် “နောက်ဆုံးသောနေ့ရက်များ” အတွင်း အသက်ရှင်နေကြရသည်ဖြစ်ရာ မည်သူ့သွန်သင်မှုကို သင်တို့လိုက်လျှောက်ကြသနည်း ဟူသည့်မေးခွန်းကို ကျွန်ုပ်တို့အဘယ်ကြောင့်မေးရကြောင်းကို သင်သဘောပေါက်သလော။ (၂ တိမောသေ ၃:၁-၅၊ သမ္မာ; ဗျာဒိတ် ၁၂:၇-၁၂) စာတန်နှင့်သူ၏နတ်ဆိုးများသည် အလွန်စဉ်းလဲပြီး သူတို့စစ်ဆင်သည့် နည်းစနစ်များသည် အလွန်လိမ္မာပါးနပ်သဖြင့် ဤမေးခွန်းကို သင်တို့ဂရုတစိုက်ဆင်ခြင်သုံးသပ်ရန် အရေးကြီးလှပေသည်။—၂ ကောရိန္သု ၁၁:၁၄၊ ၁၅။
နတ်ဆိုးများနှင့် သူတို့၏သွန်သင်ချက်များ
၃။ နတ်ဆိုးများကား မည်သူများနည်း၊ သူတို့၏ရည်ရွယ်ချက်ကား အဘယ်နည်း၊ ယင်းကိုအထမြောက်ရန် သူတို့မည်သို့ကြိုးစားလုပ်ဆောင်ကြသနည်း။
၃ နတ်ဆိုးများသည် တစ်ချိန်က ယေဟောဝါ၏ကောင်းကင်တမန်များ ဖြစ်ကြသော်လည်း မိမိတို့၏ဖန်ဆင်းရှင်ကို ပုန်ကန်သောကြောင့် စာတန်၏တပ်ဖွဲ့ဝင်များ ဖြစ်သွားကြသည်။ (မဿဲ ၁၂:၂၄) သူတို့၏ရည်ရွယ်ချက်မှာ လူတို့ကိုဖျက်ဆီးပြီး ဘုရားသခင်အားဝတ်ပြုခြင်းမှ လွဲဖယ်သွားစေရန်ဖြစ်သည်။ ယင်းကိုပြီးမြောက်စေရန် နတ်ဆိုးများသည် ယေဟောဝါပြစ်တင်ရှုတ်ချသည့် တစ်ကိုယ်ကောင်းဆန်သော၊ စာရိတ္တယိုယွင်းသော ဘဝပုံစံများကို အားပေးအားမြှောက်ပြုရန် လူသားသွန်သင်သူများကို အသုံးပြုကြသည်။ (၂ ပေတရု ၂:၁၊ ၁၂-၁၅ နှိုင်းယှဉ်။) တစ်ချိန်က သစ္စာရှိကောင်းကင်တမန်များသည် အဘယ်နည်းဖြင့် နတ်ဆိုးများဖြစ်လာသည်ကို ပြန်လည်သုံးသပ်ခြင်းက သူတို့၏သွန်သင်ချက်များနှင့် ယင်းတို့က အားပေးအားမြှောက်ပြုသည့်ဘဝပုံစံကို ခွဲခြားသိမြင်နိုင်ရန် သင့်အားအကူအညီပေးမည်။
၄။ (က) နောဧအချိန်က နာမခံသည့်ကောင်းကင်တမန်များသည် အဘယ်ကြောင့် မြေကြီးပေါ်သို့ဆင်းလာကြသနည်း။ (ခ) ရေလွှမ်းမိုးသောအခါ ဆိုးသွမ်းသည့်ကောင်းကင်တမန်များနှင့် သူတို့၏ကလေးများ ဘာဖြစ်သွားကြသနည်း။
၄ နောဧအချိန်က ကောင်းကင်တမန်အချို့တို့သည် လှပသည့်လူ့သမီးများကို အလွန်တပ်မက်စွဲလမ်းသဖြင့် ထိုနာမ်ဝိညာဉ်သတ္တဝါတို့သည် မြေကြီးသို့ဆင်းလာရန် ကောင်းကင်ရှိမိမိတို့၏ရာထူးကို စွန့်ခဲ့ကြသည်။ လူမိန်းမများနှင့် လိင်မှုပေါင်းစည်းသဖြင့် နက်ဖလင်ခေါ် နှစ်မျိုးစပ်ကပြားကလေးများ မွေးဖွားလာသည်။ နာမ်ဝိညာဉ်သတ္တဝါများအတွက် လူသားများနှင့်ပေါင်းဖော်ခြင်းသည် သဘာဝမဟုတ်သဖြင့် ထိုမိန်းမများနှင့် နာခံမှုမရှိသောကောင်းကင်တမန်များ ပြုလုပ်သည့်အရာသည် နောက်ပိုင်း သောဒုံမြို့ရှိ ယောက်ျားနှင့် ယောက်ျားကလေးများ ပြုကျင့်ကြသည့် လိင်တူမေထုန်နည်းတူ မှားသည်။ (ကမ္ဘာဦး ၆:၁-၄; ၁၉:၄-၁၁; ယုဒ ၆၊ ၇) ရေလွှမ်းမိုးသောအခါ ကောင်းကင်တမန်များ၏ မိန်းမများသည် သူတို့၏နှစ်မျိုးစပ်ကပြားကလေးများနှင့်အတူ သေကျေပျက်စီးခဲ့သော်လည်း ဆိုးညစ်သည့်ကောင်းကင်တမန်များသည် ရုပ်အသွင်ယူထားသည့် မိမိတို့၏ခန္ဓာကိုယ်ကို စွန့်ခဲ့ပြီး ကောင်းကင်သို့ပြန်တက်ကာ စာတန်မာရ်နတ်၏ နတ်ဆိုးအပေါင်းအသင်းများ ဖြစ်သွားကြသည်။—၂ ပေတရု ၂:၄။
၅။ နတ်ဆိုးများသည် မည်သို့သောသတ္တဝါများဖြစ်ပြီး သူတို့သည် ဘုရားသခင့်ပညတ်တော်များကို မည်သို့မှောက်လှန်ကြသနည်း။
၅ ဤသမိုင်းနောက်ခံအရ နတ်ဆိုးများသည် အမှန်အားဖြင့် မည်ကဲ့သို့သောသတ္တဝါများဖြစ်ကြောင်းကို သင်တွေ့သလော။ ၎င်းတို့သည် ဤလိင်ရူးထနေသည့်လောက၏ နောက်ကွယ်တွင် ကြိုးကိုင်ချယ်လှယ်နေသော လိင်ဖောက်ပြန်သူများဖြစ်ကြသည်။ သူတို့သည် လူသားများကဲ့သို့သောရုပ်ခန္ဓာကို တစ်ဖန်ပြန်ယူမရအောင် ကန့်သတ်ထားခြင်းခံရသော်လည်း စာရိတ္တဖောက်ပြန်အောင် သူတို့လုပ်နိုင်သော မြေကြီးပေါ်ရှိလူများက လိင်မှုကိစ္စဖောက်ပြားသည်ကို သူတို့ကအရသာခံကြသည်။ (ဧဖက် ၆:၁၁၊ ၁၂) နတ်ဆိုးများက စင်ကြယ်ခြင်းနှင့် စာရိတ္တကောင်းမွန်ခြင်းဆိုင်ရာ ယေဟောဝါ၏ပညတ်တော်များသည် မလိုအပ်ဘဲ ချုပ်ချယ်မှုဖြစ်သည်ဟု ထင်မြင်စေခြင်းအားဖြင့် ဖောက်လှဲဖောက်ပြန်ဖြစ်အောင်ပြုရန် ကြိုးစားကြသည်။ ဤဆိုးသွမ်းသည့်ကောင်းကင်တမန်များသည် လိင်ဆိုင်ရာစာရိတ္တယိုယွင်းမှုကို ဘဝအတွက် ပုံမှန်ဖြစ်သော၊ ပျော်ရွှင်ကျေနပ်စရာကောင်းသောနည်းအဖြစ် ထောက်ခံအားပေးကြသည်။
တိုးပွားနေသည့်နတ်ဆိုးသွန်သင်ချက်များ
၆။ နတ်ဆိုးများသည် သူတို့၏သွန်သင်ချက်များကို စဉ်းလဲသည့်နည်းဖြင့် တိုးပွားအောင်လုပ်ခြင်းကို အဘယ်ကြောင့် ကျွန်ုပ်တို့မအံ့သြသင့်သနည်း။
၆ နတ်ဆိုးများသည် မိမိတို့၏သွန်သင်ချက်များကို စဉ်းလဲသည့်နည်းဖြင့် တိုးပွားအောင်လုပ်မည်ဟူသည့်အချက်ကို ကျွန်ုပ်တို့မအံ့သြသင့်ပါ။ အကြောင်းမှာ ယင်းသည် သူတို့၏ခေါင်းဆောင်စာတန်မာရ်နတ်က ဧဝကိုလှည့်ဖြားရာတွင် အသုံးပြုခဲ့သည့်နည်းစနစ်ဖြစ်သည်။ အကူအညီပေးလိုဟန်ဖြင့် သူမအားစကားပြောခဲ့သည်ကို ပြန်သတိရပါ။ “သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို မစားရဟု ဧကန်စင်စစ်ဘုရားသခင်မိန့်တော်မူသလော” ဟု စာတန်မေးခဲ့သည်။ ထို့နောက် တားမြစ်ထားသည့်အသီးကိုစားလျှင် အကျိုးခံစားရမည်ဟု ဧဝကိုပြောခြင်းအားဖြင့် ဘုရားသခင်၏သွန်သင်ချက်ကို ဖောက်လှဲဖောက်ပြန်ဖြစ်အောင် လိမ္မာပါးနပ်စွာကြိုးစားခဲ့သည်။ “ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့” ဟု မာရ်နတ်ကကတိပေးသည်။ (ကမ္ဘာဦး ၃:၁-၅) ထို့ကြောင့် ဧဝသည် ဘုရားသခင်ကိုမနာခံရန် မြူဆွယ်ခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်းခံခဲ့ရသည်။—၂ ကောရိန္သု ၁၁:၃; ၁ တိမောသေ ၂:၁၃၊ ၁၄။
၇။ နတ်ဆိုးတို့၏ စဉ်းလဲသည့်သွန်သင်ချက်များက အဘယ်အကျိုးသက်ရောက်စေခဲ့ပြီး ယင်းက မည်သည့်သတိပေးချက်ကိုဖြစ်စေသနည်း။
၇ မကြာသေးမီအချိန်များအတွင်း လူများစွာတို့သည် ဖြားယောင်းသွေးဆောင်ခံခဲ့ကြရသည်။ တစ်ချိန်က လိင်စာရိတ္တယိုယွင်းမှုကို ကဲ့ရဲ့ရှုတ်ချသူများအတွက် ယင်းကိုလက်ခံစရာဖြစ်လာအောင် နတ်ဆိုးများက အလွန်စဉ်းလဲစွာအားပေးအားမြှောက်ပြုကြသည်။ ဥပမာ၊ အမေရိကန်နိုင်ငံရှိ နာမည်ကြီးပင်တိုင်သတင်းဆောင်းပါးရှင်တစ်ဦးက လက်မထပ်ရသေးသူများ မှားယွင်းခြင်းနှင့်ပတ်သက်၍ စာတစ်စောင်ကိုဖြေကြားရာတွင် သူမဤသို့ရေးခဲ့သည်– “ဒီကိစ္စမှာ ကျွန်မသဘောထားပြောင်းလဲမယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး။ ဒါပေမဲ့ ခုတော့ လက်ထပ်တဲ့ကိစ္စကို အလေးအနက်ထားတဲ့စုံတွဲတွေဟာ သူတို့လိုက်ဖက်ညီမညီစမ်းသပ်ဖို့ သီတင်းအဆုံးပိုင်းရက်အနည်းငယ် အတူတကွခရီးထွက်သင့်တယ်။” ထို့နောက် သူမဤသို့ဆက်ပြောသည်– “ကျွန်မအဲဒီလိုရေးတာ ကိုယ့်ကိုယ်ကိုမယုံနိုင်အောင်ပါဘဲ!” မတရားမေထုန်ကို အားပေးထောက်ခံမိသည်ကိုပင် သူမမယုံနိုင်သော်လည်း သူမထိုသို့ပြုခဲ့သည်ပင်! ဘုရားသခင်ပြစ်တင်ရှုတ်ချထားသော အကျင့်အကြံများအပေါ် ကျွန်ုပ်တို့၏အမြင်ကို နတ်ဆိုးတို့၏သွန်သင်ချက်များက ဩဇာမလွှမ်းမိုးအောင် ကျွန်ုပ်တို့သတိထားရမည်မှာ ရှင်းနေပါသည်။—ရောမ ၁:၂၆၊ ၂၇; ဧဖက် ၅:၅၊ ၁၀-၁၂။
၈။ (က) “လောက” ဟူသောဝေါဟာရကို သမ္မာကျမ်းစာတွင် မည်သို့အသုံးပြုသနည်း။ (ခ) လောကကို မည်သူအုပ်ချုပ်ပြီး ယေရှု၏နောက်တော်လိုက်များသည် လောကကို မည်သို့ယူမှတ်သင့်သနည်း။
၈ စာတန်သည် “ဤလောက၏မင်း” ဖြစ်သည်ကို ကျွန်ုပ်တို့ဘယ်တော့မျှမမေ့သင့်။ စင်စစ် တမန်တော်ယောဟန်က “လောကတစ်ခုလုံးသည် ဆိုးညစ်သူ၏တန်ခိုးဩဇာအောက်တွင် ရောက်နေသည်” ဟုပြောခဲ့သည်။ (ယောဟန် ၁၂:၃၁; ၁ ယောဟန် ၅:၁၉၊ ကဘ) ယေရှုက တစ်ခါတစ်ရံ လူသားတစ်ရပ်လုံးကိုရည်ညွှန်း၍ “လောက” ဟူသောဝေါဟာရကို သုံးခဲ့သည်တော့မှန်ပါသည်။ (မဿဲ ၂၆:၁၃; ယောဟန် ၃:၁၆; ၁၂:၄၆) သို့သော် ခရစ်ယာန်စစ်တို့၏အသင်းတော်ပြင်ပရှိ လူ့ဘောင်အဖွဲ့အစည်းအားလုံးကို ရည်ညွှန်း၍ “လောက” ဟူသည့်ဝေါဟာရကို သုံးခြင်းက ပိုများသည်။ ဥပမာ၊ ယေရှုက မိမိ၏နောက်တော်လိုက်များသည် “ဤလောက (မဖြောင့်မတ်သည့်လူ့ဘောင်) နှင့်မစပ်ဆိုင်” ရကြောင်းနှင့် ယင်းသို့မစပ်ဆိုင်သောကြောင့် လောကသည် သူတို့ကိုမုန်းတီးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ (ယောဟန် ၁၅:၁၉; ၁၇:၁၄-၁၆) စာတန်အုပ်စိုးသည့် ဤလောကနှင့် မိတ်သဟာယဖြစ်ခြင်းကိုရှောင်ရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို သတိပေးထားပြန်သေးသည်။—ယာကုပ် ၄:၄။
၉၊ ၁၀။ (က) လောကရှိမည်သည့်အရာများက မတော်လျော်သည့်လိင်ဆန္ဒကို နှိုးဆွသနည်း။ (ခ) လောကဖျော်ဖြေမှုများ၏ နောက်ကွယ်တွင်ရှိသူသည် သွန်သင်လျက်ရှိကြောင်း မည်သို့အားဖြင့်သတ်မှတ်ဖော်ပြနိုင်မည်နည်း။
၉ တမန်တော်ယောဟန် ဤသို့တိုက်တွန်းခဲ့သည်– “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။” သူဤသို့လည်းပြောသေးသည်– “လောက၌ရှိသမျှတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။” (၁ ယောဟန် ၂:၁၅၊ ၁၆) ယင်းကိုစဉ်းစားကြည့်ပါ။ ယနေ့လောကတွင် မှားယွင်းသောအလိုဆန္ဒများ၊ ဆိုကြပါစို့ တရားမဝင်လိင်ဆက်ဆံခြင်းကို လှုံ့ဆော်သော မည်သည့်အရာရှိသနည်း။ (၁ သက်သာလောနိတ် ၄:၃-၅) လောကရှိ တေးဂီတအများစုကော မည်သို့နည်း။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ စုံစမ်းစစ်ဆေးရေးရဲအရာရှိတစ်ဦး ဤသို့ပြောသည်– “အခြေခံအားဖြင့် တေးဂီတတွေဟာ မိဘစကားနားထောင်စရာမလိုကြောင်း၊ ကိုယ့်ဘဝကို ကိုယ်ထင်ရာစိုင်းနိုင်ကြောင်းတွေကို သင်ပေးတယ်။” ထိုတေးဂီတမျိုးက ပံ့ပိုးပေးသည့် သွန်သင်ချက်များ၏ ပင်ရင်းအမြစ်ကို သင်အမှတ်ရပါသလော။
၁၀ စင်စစ် ဧဝအားစာတန်ပြောခဲ့သည်ကို ပြန်သတိရပါ– ‘မင်းတို့လက်လွတ်ဆုံးရှုံးနေပြီ။ ကိုယ်ကြိုက်သလို အသက်ရှင်ပါလား။ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာမကောင်းဘူးဆိုတာ ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်။ ဘုရားစကားနားထောင်စရာမလိုဘူး။’ (ကမ္ဘာဦး ၃:၁-၅) ယင်းသည် လောကရှိ တေးဂီတအများစုတို့တွင် တွေ့ရသော အကြောင်းအရာမျိုးပင် မဟုတ်ပေလော။ သို့သော် နတ်ဆိုးများသည် တေးဂီတအားဖြင့်သာ သွန်သင်သည်မဟုတ်။ စီးပွားရေးဆန်သော ရုပ်မြင်သံကြားအစီအစဉ်များ၊ ရုပ်ရှင်နှင့် ဗီဒီယိုများအားဖြင့်လည်း သွန်သင်သည်။ မည်သို့အားဖြင့်နည်း။ စာရိတ္တဆိုင်ရာ ဘုရားသခင့်သွန်သင်ချက်များသည် ဖိနှိပ်ချုပ်ချယ်သည့်အရာများဖြစ်ပုံပေါက်စေသည့် ဖျော်ဖြေမှုများကို လောကရှိဆက်သွယ်ရေးစနစ်များက တင်ဆက်သည်။ ယင်းတို့သည် မတရားမေထုန်ကို အသားပေးပြီး နှစ်သက်စရာအဖြစ် ဖော်ပြခြင်းအားဖြင့် ယင်းကိုအားပေးထောက်ခံသည်။
၁၁။ ရုပ်မြင်သံကြားသည် စာရိတ္တရေးအရ မည်သည့်အရာကို သင်ပေးလေ့ရှိသနည်း။
၁၁ ယူအက်စ်သတင်းနှင့်ကမ္ဘာ့အစီရင်ခံစာ မဂ္ဂဇင်းက ဤသို့ဖော်ပြသည်– “၁၉၉၁ ခုနှစ်တွင် [ယူ.အက်စ်.] အသံလွှင့်ဌာနသုံးခုတို့သည် လူကြည့်များချိန်အတွင်း ဖောက်ပြန်ခြင်းဆိုင်ရာအဖြစ်အပျက် ၁၀,၀၀၀ ကျော်ကို တင်ဆက်ခဲ့ကြသည်။ အခန်းတိုင်းသည် အိမ်ထောင်သည်များစပ်ကြား ဖောက်ပြန်မှုကို တင်ဆက်ခြင်းဖြစ်ပြီး ၁၄ ခန်းက အိမ်ထောင်မပြုဘဲ ဖောက်ပြန်ခြင်းကို တင်ဆက်ခဲ့သည်။” တရားမဝင်ဖောက်ပြန်မှုကို တစ်နှစ်အတွင်း လူကြည့်များသည့်အချိန်များတွင် အကြိမ်ပေါင်း ၉,၀၀၀ တင်ဆက်ခြင်းဖြင့် တီဗွီသည် မည်သည့်အရာကိုသွန်သင်နေသည်ဟု သင်ပြောမည်နည်း။ “ရုပ်မြင်သံကြားလူကြည့်များသည့်အချိန်တွင်ဖောက်ပြန်မှုကိစ္စ– ၁၉၇၉ နှင့် ၁၉၈၉ ခြားနားချက်” မှတ်တမ်း၏ တွဲဖက်မှတ်တမ်းပြုစုသူ ဘယ်ရီအက်စ်စပိုလ်စကီးက ဤသို့ဖော်ပြသည်– “မြီးကောင်ပေါက်လူငယ်တစ်ဦးသည် လူများလော်လည်နေခြင်း သို့မဟုတ် ကွင်းကွင်းကွက်ကွက်ပြုကျင့်နေခြင်းကို နှစ်ချီကြည့်နေလျှင် နှစ်များတစ်လျှောက်ကြည့်ခဲ့သော ဤထောင်ချီသောပြကွက်များက ဖောက်ပြန်မှုသည် သာယာမှုပေးကြောင်း—မည်သည့်အကျိုးဆက်ကိုမျှလည်း မခံရကြောင်း သူတို့အားသင်ပေးလိမ့်မည်။” ဤကိစ္စနှင့်ပတ်သက်၍ စောဒကတက်စရာမရှိပါ– ဥပဒေသများမရှိ၊ မတရားမေထုန်သည် လက်ခံနိုင်စရာဖြစ်သည်၊ ဘုရားသခင်ပြစ်တင်ရှုတ်ချသော ဘဝပုံစံဖြင့်နေထိုင်ခြင်းသည် ဆိုးကျိုးမသက်ရောက်နိုင်ဟု လောက၏ဖျော်ဖြေမှုများက လူငယ်များကို သင်ပေးသည်။—၁ ကောရိန္သု ၆:၁၈; ဧဖက် ၅:၃-၅။
၁၂။ လောကဖျော်ဖြေမှုသည် အထူးသဖြင့် ခရစ်ယာန်လူငယ်များအတွက် အဘယ်ကြောင့်အန္တရာယ်ရှိသနည်း။
၁၂ လောက၏ တေးဂီတ၊ ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်မြင်သံကြားတို့သည် လူငယ်များအားဆွဲဆောင်ရန် ကြံစည်ထုတ်လုပ်ထားသည့်အရာများဖြစ်ကြသည်။ ယင်းတို့သည် ဖောက်ပြန်ယိုယွင်းသည့် နတ်ဆိုးတို့၏သွန်သင်ချက်များကို ပြန့်ပွားစေပါသည်တကား! သို့သော် ယင်းသည် အံ့ဩစရာလော။ စဉ်းစားကြည့်ပါ။ ဗာဗုလုန်ဘာသာနှင့် သားရဲတို့သည် စာတန့်လောက၏ အစိတ်အပိုင်းများဖြစ်ကြလျှင်—အတိအလင်းဖြစ်နေကြသည်မှန်လျှင်—လောကကဖြစ်ပွားစေသောဖျော်ဖြေမှုများသည် နတ်ဆိုးသြဇာကင်းသည်ဟုယူဆခြင်းက အဓိပ္ပာယ်ရှိပါမည်လော။ အသင်လူငယ်များသည် အထူးသဖြင့် “သင့်ပတ်လည်ရှိလောကက သင့်ကို မရမကပုံသွင်းခြင်းကို ခွင့်ပြု” မိခြင်းမဖြစ်ရန် သတိပြုရမည်။—ရောမ ၁၂:၂၊ ဂျေ. ဘီ. ဖီလစ် ပြုစုသော၊ ခေတ်အင်္ဂလိပ်စကားဖြင့် ဓမ္မသစ်ကျမ်း။
ကိုယ့်ကိုယ်ကိုဆန်းစစ်
၁၃။ ကိုယ့်ကိုယ်ကို မည်သည့်ဆန်းစစ်မှုပြုသင့်သနည်း။
၁၃ မည်သည့်သွန်သင်ချက်များကို သင်လိုက်လျှောက်နေသည်ဟူသောကိစ္စသည် သင့်အပြောအဆိုအားဖြင့်သာမဟုတ် သင့်လုပ်ရပ်အားဖြင့်လည်း ပေါ်လွင်သည်။ (ရောမ ၆:၁၆) ထို့ကြောင့် သင့်ကိုယ်ကို ဤသို့မေးပါ၊ ‘ကျွန်ုပ်၏ဦးတည်ချက်နှင့်ဘဝပုံစံသည် လောကဝါဒဖြန့်ချိမှုလမ်းကြောင်းများမှ ကျွန်ုပ်သိရှိရသည့်အရာများ၏ အလွန်အကျွံသြဇာလွှမ်းမိုးမှုကို ခံနေရပါသလော။ နတ်ဆိုးသွန်သင်ချက်များကို ကျွန်ုပ်၏ဘဝထဲသို့ ချဉ်းနင်းဝင်ရောက်လာခွင့်ပြုသလော။ ထိုမေးခွန်းများကိုဖြေဆိုရန် အကူအညီဖြစ်ဖို့ သင့်ကျမ်းစာလေ့လာမှု၊ ခရစ်ယာန်အစည်းအဝေးများတက်ခြင်း၊ အခြားသူများအား ဘုရားသခင့်နိုင်ငံတော်အကြောင်းပြောခြင်းနှင့် တီဗွီကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ သင့်စိတ်ကြိုက်အားကစားတွင်ပါဝင်ခြင်း၊ သို့မဟုတ် အလားတူလုပ်ရပ်များတွင် ပါဝင်ခြင်းတို့၌ သင်အသုံးပြုသည့် အချိန်နှင့်ခွန်အားတို့ကို နှိုင်းယှဉ်ကြည့်ပါလေ။ အလွန်ပင်—သင့်အသက်ကိုယ်နှိုက်သည်—အရေးပေါ်ဖြစ်နေသဖြင့် ကိုယ့်ကိုယ်ကို ရိုးရိုးသားသားဆန်းစစ်ပါ။—၂ ကောရိန္သု ၁၃:၅။
၁၄။ ကျွန်ုပ်တို့၏ဝိညာဏကျန်းမာမှုကို မည်သည့်အရာက ထိခိုက်စေနိုင်ပြီး မည်သည့်ယုတ္တိတန်သောသဘောထားကို ကျွန်ုပ်တို့နှလုံးသွင်းထားရမည်နည်း။
၁၄ သင်စားလိုက်သည့် ကာယအစားအစာသည် သင့်ကာယကျန်းမာမှုကို အကျိုးသက်ရောက်ကြောင်း သင်ကောင်းစွာသိပေသည်။ အလားတူပင် သင့်ဝိညာဏကျန်းမာမှုသည်လည်း သင့်စိတ်နှင့်နှလုံးကို သင်ကျွေးသောအရာများ၏ အကျိုးသက်ရောက်မှုကို ခံရသည်။ (၁ ပေတရု ၂:၁၊ ၂) သင်အမှန်စိတ်ဝင်စားရာများနှင့်ပတ်သက်၍ သင့်ကိုယ်ကိုသင်လှည့်စားနိုင်သော်လည်း ကျွန်ုပ်တို့၏တရားသူကြီးယေရှုခရစ်ကို သင်မလှည့်စားနိုင်ပါ။ (ယောဟန် ၅:၃၀) ထို့ကြောင့် သင့်ကိုယ်ကို ဤသို့မေးပါ၊ ‘ယေရှုသာမြေကြီးပေါ်မှာရှိရင် ငါနားထောင်တဲ့တေးဂီတနဲ့ ကြည့်တဲ့အရာတွေကို ကိုယ်တော်ရောက်လာပြီး ကြားမယ်၊ ဒါမှမဟုတ် မြင်မယ်ဆိုရင် ငါ့စိတ်အနှောင့်အယှက်ဖြစ်မလား။’ ယုတ္တိတန်သည့်အဖြစ်မှန်ကား ယေရှုသည် ကျွန်ုပ်တို့၏လုပ်ရပ်များကို ကြည့်နေပြီးသိတော်မူသည်။—ဗျာဒိတ် ၃:၁၅။
နတ်ဆိုးတို့၏သွန်သင်ချက်များကိုတွန်းလှန်
၁၅။ အဘယ်ကြောင့် ခရစ်ယာန်များသည် နတ်ဆိုးတို့၏သွန်သင်ချက်များကို အပြင်းအထန်တိုက်လှန်ရမည်နည်း။
၁၅ မိမိတို့၏သွန်သင်ချက်များကို လူငယ်များလိုက်လျှောက်ရန် နတ်ဆိုးတို့၏အားထုတ်ခြင်းဆိုင်ရာဖိစီးမှုသည် အလွန်ကြီးမားသည်။ ဤနာမ်ဝိညာဉ်ဆိုးများသည် လတ်တလောပျော်ပိုက်စေသည့်အသက်တာ—ပျော်ရွှင်ကြည်နူးမှုနှင့် သာယာမှုကို ပေးဟန်ရှိသည်။ ရှေးအချိန်က မောရှေသည် ဘုရားသခင်ကိုနှစ်သက်စေရန် “အပြစ်နှင့်ဆိုင်သောပျော်မွေ့ရာများကို ခဏခံစားခြင်း” တည်းဟူသော ဖာရောဘုရင်၏ ထင်ပေါ်ကျော်ကြားသည့်အိမ်သားအဖြစ်ကို ငြင်းပယ်ခဲ့သည်။ (ဟေဗြဲ ၁၁:၂၄-၂၇၊ သမ္မာ) နတ်ဆိုးများပေးကမ်းသည့်အရာများကို ငြင်းပယ်ရန်မလွယ်ကူသောကြောင့် မှန်ရာကိုလုပ်ရန် သင်အပြင်းအထန်တိုက်လှန်ရမည်။ ယင်းအချက် အထူးသဖြင့်မှန်ကန်ရခြင်းမှာ ကျွန်ုပ်တို့သည် အပြစ်ကိုအမွေခံထားရပြီး ကျွန်ုပ်တို့၏နှလုံးသည် မကောင်းမှုပြုရန် တောင့်တမှုပြင်းပြလေ့ရှိသောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၈:၂၁; ရောမ ၅:၁၂) အပြစ်သို့တိမ်းယိမ်းလွယ်သည့်သဘောကြောင့် တမန်တော်ပေါလုပင်လျှင် မိမိကိုယ်ကို ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့ရပြီး တစ်ကိုယ်ကောင်းဆန်သည့် သွေးသားဆန္ဒများက မိမိကိုယ်ကိုမင်းမူခွင့်မပြုချေ။—၁ ကောရိန္သု ၉:၂၇; ရောမ ၇:၂၁-၂၃။
၁၆။ လူငယ်များသည် စာရိတ္တယိုယွင်းသည့်အကျင့်အကြံများတွင် ပါဝင်ရန်ဖိအားပေးခံရခြင်းကို မည်သို့တွန်းလှန်နိုင်မည်နည်း။
၁၆ ‘လူများသည့်ဘက်သို့လိုက်၍ မတရားသဖြင့်ပြု’ ရန် သင်သွေးဆောင်ခံရနိုင်သော်လည်း သင့်ရွယ်တူများက သူတို့၏လမ်းမှားကိုသင်လိုက်လျှောက်စေရန် ဖိအားပေးခြင်းကို သင်တွန်းလှန်နိုင်ဖို့ ဘုရားသခင်သင့်အားကူညီနိုင်သည်။ (ထွက်မြောက်ရာ ၂၃:၂; ၁ ကောရိန္သု ၁၀:၁၃) သို့သော် သင်သည် ဘုရားသခင့်ညွှန်ကြားမှုများကို နားထောင်ပြီး ကိုယ်တော့်စကားတော်များကို သင့်နှလုံးထဲတွင် သိုဝှက်ထားရမည်။ (ဆာလံ ၁၁၉:၉၊ ၁၁) လူငယ်များသည် တသီးတခြားနေပါက လိင်ဆန္ဒရမ္မက်များပေါ်ပေါက်လာပြီး ဘုရားသခင့်ပညတ်တော်ကို ချိုးဖောက်မိနိုင်ကြောင်းကို သင်ကောင်းကောင်းသိထားရန်လိုသည်။ “ကျွန်မနဲ့ကျွန်မရည်းစား နှစ်ယောက်ထဲအတူရှိနေတဲ့အခါ ကျွန်မကိုယ်ခန္ဓာလုပ်ချင်တာက တစ်မျိုး၊ ကျွန်မဦးနှောက်က လုပ်ဖို့ပြောတာတစ်မျိုး” ဟု လူငယ်တစ်ဦးဝန်ခံသည်။ ထို့ကြောင့် သင့်အတိုင်းအတာကို အသိအမှတ်ပြုပြီး သင့်နှလုံးသည် လှည့်စားတတ်ကြောင်း သဘောပေါက်ပါ။ (ယေရမိ ၁၇:၉) တသီးတခြားမနေပါနှင့်။ (သု. ၁၈:၁၊ ကဘ) ချစ်ခင်စုံမက်မှုတင်ပြသည့်အပြုအမူများကို အကန့်အသတ်များထားရှိပါ။ အထူးသဖြင့်အရေးကြီးသည်မှာ ယေဟောဝါကိုချစ်ပြီး ကိုယ်တော့်ပညတ်တော်များကို နှစ်နှစ်ကာကာလေးစားသူများနှင့် ရင်းရင်းနှီးနှီးပေါင်းသင်းပါ။—ဆာလံ ၁၁၉:၆၃; သု. ၁၃:၂၀; ၁ ကောရိန္သု ၁၅:၃၃။
၁၇။ နတ်ဆိုးတို့၏သွန်သင်ချက်များကို တွန်းလှန်နိုင်ရန်ခွန်အားရှိဖို့ ခရစ်ယာန်လူငယ်များအား မည်သည့်အရာက အကူအညီပေးနိုင်သနည်း။
၁၇ သင့်ဝိညာဉ်ရေးခွန်အားအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ခရစ်ယာန်စာပေများကို ဂရုတစိုက်လေ့လာခြင်းသည် သင့်အားအကူအညီဖြစ်စေမည်။ ဥပမာ၊ လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်နှင့် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်၏ “မှန်ရာကိုလုပ်ရန်တိုက်လှန်ခြင်း” အခန်းတို့ဖြစ်သည်။ ကျမ်းဆိုင်ရာလမ်းညွှန်မှုကို သင့်စိတ်နှင့်နှလုံးထဲသို့ နက်ရှိုင်းစွာစိမ့်ဝင်ခွင့်ပြုလျှင် ယင်းကသင့်ကိုအားရှိစေမည်။ နတ်ဆိုးများကြိုးကိုင်ထားသည့်ဤလောကတွင် မှန်ရာကိုလုပ်ခြင်းသည်မလွယ်ကူ ဟူသည့်အဖြစ်မှန်ကို သင်ဘယ်တော့မျှမေ့ထား၍မရပါ။ ထို့ကြောင့် အပြင်းအထန်တိုက်လှန်ပါ။ (လုကာ ၁၃:၂၄) သင့်ဝိညာဏခွန်အားကို တိုးပွားစေပါ။ အားနည်း၍ ကြောက်တတ်သည့် လူအများနောက်သို့လိုက်သောသူတို့ကို အတုမယူပါနှင့်။
မြင့်မြတ်သောသွန်သင်ခြင်းမှရသည့်အကျိုးကျေးဇူး
၁၈။မြင့်မြတ်သောသွန်သင်မှုကို လိုက်လျှောက်ခြင်း၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။
၁၈ ယေဟောဝါ၏သွန်သင်မှုကို လိုက်လျှောက်ခြင်းဖြင့် မည်သည့်တန်ဖိုးရှိအရာတစ်စုံတစ်ခုကိုမျှ သင်လက်လွတ်ဆုံးရှုံးမည်မဟုတ်ကြောင်းကိုလည်း သတိရပါ။ ကိုယ်တော်သင့်ကို အမှန်ချစ်တော်မူပြီး ထိုအကြောင်းကြောင့်လည်း “သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်” နေခြင်းဖြစ်သည်။ (ဟေရှာယ ၄၈:၁၇) ထို့ကြောင့် ယေဟောဝါ၏သွန်သင်မှုကို လိုက်လျှောက်ခြင်းဖြင့် ပျက်ပြားနေသည့်သြတ္တပ္ပစိတ်ကြောင့် ပူဆွေးသောကရောက်ရခြင်း၊ ကိုယ့်ကိုယ်ကိုအရိုအသေတန်ခြင်း၊ မလိုလားအပ်သည့်ကိုယ်ဝန်ရခြင်း၊ လိင်ကြောင့်ကူးစက်သည့်ရောဂါများ သို့မဟုတ် အလားတူအဖြစ်ဆိုးများကို ရှောင်ရှားပါ။ စမ်းသပ်မှုအောက်တွင် လူသည် ဘုရားသခင်ကို သစ္စာမတည်ဟူသည့် စာတန်၏စိန်ခေါ်မှုကို ယေဟောဝါပြန်ချေပနိုင်ရန် မိမိ၏ကျေးကျွန်များက ဖြစ်စေသောအခါ ကိုယ်တော်ဝမ်းမြောက်တော်မူသည်။ (ယောဘ ၁:၆-၁၂) ယေဟောဝါအားသစ္စာစောင့်သိခြင်းအားဖြင့် ကိုယ်တော့်နှလုံးတော်ကို သင်ရွှင်လန်းစေလျှင် ဤလောကကိုတရားစီရင်သောအခါ သင်လွတ်မြောက်ပြီး ကိုယ်တော့်ပညတ်တော်များကို မလေးမခန့်ဆန့်ကျင်သူအားလုံး ဖျက်ဆီးခံရမည်။—သု. ၂၇:၁၁; ၁ ကောရိန္သု ၆:၉၊ ၁၀; ၁ ယောဟန် ၂:၁၇။
၁၉။ ယေဟောဝါ့သွန်သင်ခြင်း၏ အကျိုးကျေးဇူးများကို ကျေးဇူးတင်လေးမြတ်သည့်သူများနှင့် ပေါင်းသင်းခြင်း၏တန်ဖိုးကား အဘယ်နည်း။
၁၉ မိမိတို့အား ယေဟောဝါပြုလုပ်ထားပေးသည့်အရာများကို ကျေးဇူးတင်လေးမြတ်သည့်သူများနှင့် သင်ရင်းရင်းနှီးနှီးပေါင်းဖော်လျှင် သူတို့၏တွေ့ကြုံမှုမှ သင်ခန်းစာယူနိုင်သည်။ ယခင်က ဆေးစွဲပြီး စာရိတ္တယိုယွင်းမှုပြုကျင့်သူတစ်ဦး ဤသို့ရှင်းပြသည်– “ယေဟောဝါရဲ့စကားကို ကျွန်မသာနားမထောင်ခဲ့ရင် ခုဆိုကျွန်မသေပြီ။ ကျွန်မလက်ထပ်မဲ့သူလည်း အေအိုင်ဒီအက်စ်နဲ့သေသွားတယ်။ အရင်ကျွန်မရင်းနှီးခဲ့တဲ့ လောကမိတ်ဆွေဟောင်းတွေအားလုံး အေအိုင်ဒီအက်စ်ရောဂါနဲ့ တချို့သေကြ၊ တချို့သေမဲ့ဆဲဆဲဖြစ်နေကြတယ်။ လမ်းပေါ်မှာ သူတို့ကို ကျွန်မမကြာခဏတွေ့တယ်။ ကျွန်မတို့ကသာလိုက်လျှောက်ရင် ကိုယ်တော့်လူတွေကိုအုပ်ထိန်းပြီး ကျွန်မတို့ကိုသန့်ရှင်းအောင်လုပ်ပေးမဲ့ ကိုယ်တော့်ရဲ့ပညတ်တော်တွေအတွက် ယေဟောဝါကို နေ့တိုင်းကျွန်မကျေးဇူးတင်မိတယ်။ ကျွန်မအသက်တာမှာ အဲဒီလောက် ပျော်ရွှင်ကျေနပ်ပြီး လုံခြုံမှုရှိတာ တစ်ခါမှမရှိခဲ့ဖူးဘူး။” မှန်ပါသည်၊ ယေဟောဝါ၏သွန်သင်မှုကို လိုက်လျှောက်ခြင်းသည် ကျွန်ုပ်တို့အား အမြဲအကျိုးဖြစ်ထွန်းစေသည်!
မှန်မှန်ကန်ကန်ရွေးချယ်ပါ
၂၀၊ ၂၁။ (က) လူငယ်များသည် မည်သည့်ရွေးချယ်စရာနှစ်ခုရှိသနည်း။ (ခ) မြင့်မြတ်သောသွန်သင်မှုကို လိုက်လျှောက်ခြင်းက မည်သည့်အဒွန့်ရှည်သောအကျိုးကို ရရှိစေမည်နည်း။
၂၀ အသင်လူငယ်များကို ကျွန်ုပ်တို့ဤသို့တိုက်တွန်းပါသည်– ယေဟောဝါကိုဝတ်ပြုခြင်းအားဖြင့် မှန်ကန်သည့်ရွေးချယ်မှုပြုပါ။ ထို့နောက် ထိုဆုံးဖြတ်ချက်နှင့်အညီ စွဲစွဲမြဲမြဲလိုက်လျှောက်နိုင်ရန် သန္နိဋ္ဌာန်ချမှတ်ပါ။ (ယောရှု ၂၄:၁၅) အမှန်သော် နှစ်ခုထဲမှ တစ်ခုကိုသာ သင်ရွေးချယ်နိုင်သည်။ ကျယ်ပြောပြန့်ပြူးသောလမ်း—ကိုယ့်အကြိုက်လိုက်လုပ်ရန် လွယ်ကူသည့်လမ်းတစ်ခုရှိသည်ဟု ယေရှုပြောသည်။ ထိုလမ်းသည် သေခြင်း၊ ပျက်စီးခြင်းသို့ပို့ဆောင်သည်။ အခြားလမ်းတစ်ခုမူ ကျဉ်းမြောင်းသည်။ ယင်းသည် ဤလျော့ရဲပြီး နတ်ဆိုးထိန်းချုပ်ထားသည့်လောကအတွင်းတွင် လျှောက်ရန်ခက်ခဲသည့်လမ်းဖြစ်သည်။ သို့သော် ထိုလမ်းအတိုင်းလျှောက်သွားသူအား အဆုံးတွင် ဘုရားသခင်၏ ထူးမြတ်သောကမ္ဘာသစ်သို့ ပို့ဆောင်ပေးမည့်လမ်းဖြစ်သည်။ (မဿဲ ၇:၁၃၊ ၁၄) မည်သည့်လမ်းကို သင်လျှောက်မည်နည်း။ မည်သူ၏သွန်သင်ခြင်းကို သင်လိုက်နာမည်နည်း။
၂၁ ယေဟောဝါက သင့်အားရွေးချယ်ခွင့်ပေးထားသည်။ မိမိအားဝတ်ပြုရန် ကိုယ်တော်သင့်အား အတင်းအကျပ်မပြုပါ။ ‘အသက်ရှင်ခြင်းနှင့်သေခြင်းတို့ကို သင့်ရှေ့၌ငါထားသည်’ ဟု ဘုရားသခင်၏ပရောဖက် မောရှေပြောပြီးနောက် ဤသို့တိုက်တွန်းသည်– “အသက်တရားကိုရွေးယူလော့။” ဤရွေးချယ်မှုကို ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်ပြီး ကိုယ်တော်ကိုဆည်းကပ်မှီဝဲ’ ခြင်းဖြင့် ပြုလုပ်နိုင်သည်။ (တရားဟောရာ ၂၉:၂; ၃၀:၁၉၊ ၂၀) သင်သည် မြင့်မြတ်သောသွန်သင်မှုကို လိုက်လျှောက်ရန် ပညာရှိစွာရွေးချယ်ပြီး ဘုန်းကျက်သရေထည်ဝါသည့် ဘုရားသခင့်ကမ္ဘာသစ်တွင် အဆုံးမရှိသည့်အသက်တာကို မွေ့လျော်နိုင်ပါစေ။
သင်ရှင်းပြနိုင်သလော
◻ နတ်ဆိုးများသည် မည်သူများဖြစ်ပြီး သူတို့ဘာကိုသွန်သင်သနည်း။
◻ ယနေ့ နတ်ဆိုးများသည် သူတို့၏သွန်သင်ချက်များကို တိုးပွားအောင် မည်သို့လုပ်သနည်း။
◻ နတ်ဆိုးတို့၏သွန်သင်ချက်များကို တွန်းလှန်ရန် မည်သို့ဖြစ်နိုင်မည်နည်း။
◻ ယေဟောဝါ၏သွန်သင်မှုကို လိုက်လျှောက်ခြင်း၏ အကျိုးကျေးဇူးများကား အဘယ်နည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ရေလွှမ်းမိုးခြင်းမတိုင်မီက နာခံမှုမရှိသည့်ကောင်းကင်တမန်များနှင့် သူတို့၏ကလေးများသည် အဓမ္မမှုနှင့် စာရိတ္တပျက်ပြားမှုတို့ကို တိုးပွားစေခဲ့သည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
သင့်စိတ်ကြိုက်တေးဂီတကို ယေရှုကြားလျှင် သင်စိတ်အနှောင့်အယှက်ဖြစ်မည်လော