ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၆/၁ စာ. ၈-၁၂
  • မှန်သောဘာသာကို သင်တွေ့ရှိပြီလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မှန်သောဘာသာကို သင်တွေ့ရှိပြီလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်ရှုထောင့်ကို ကျွန်ုပ်တို့မည်သို့သိနိုင်မည်နည်း
  • သမ္မာကျမ်းစာကိုအသုံးပြုသူတိုင်း မှန်ကန်သလော
  • မှန်သောဘာသာကို ခွဲခြားဖော်ပြသည့် အမှတ်အသားများ
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • စစ်မှန်တဲ့ဘာသာကို ဘယ်လို ရှာတွေ့နိုင်မလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မှန်သောဘာသာကို ခွဲခြားသိမြင်ခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘာသာတရား
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၆/၁ စာ. ၈-၁၂

မှန်သောဘာသာကို သင်တွေ့ရှိပြီလော

“ငါတို့ခမည်းတော်နှင့်ဘုရားသခင်၏ရှုထောင့်မှ သန့်ရှင်း၍မညစ်ညူးသည့် ဝတ်ပြုမှုပုံစံကား ဤသို့။”—ယာကုပ် ၁:၂၇၊ ကဘ။

၁၊ ၂။ (က) လူများစွာတို့၏အထင်တွင် မိမိတို့ဘာသာသည် အမှန်ဖြစ်မဖြစ် မည်သည့်အရာက အဆုံးအဖြတ်ပေးသနည်း။(ခ) ဘာသာတရားနှင့်ပတ်သက်၍ ဆုံးဖြတ်ရာတွင် မည်သည့်အရာကို လေးလေးနက်နက်စဉ်းစားဆင်ခြင်သင့်သနည်း။

လူများစွာတို့သည် ဘာသာရေးအတွက် မိမိတို့ဘဝ၏ အစိတ်အပိုင်းအနည်းငယ်မျှကိုသာ ပေး၍ ကျေနပ်သောခေတ်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြရသည်။ ဘာသာရေးဝတ်ပြုပွဲများကို သူတို့ တက်ရောက်ကောင်းတက်ရောက်မည် ဖြစ်သော်လည်း မှန်မှန်တက်ရောက်သူကား နည်းပါသည်။ လူအများစုသည် အခြားဘာသာများမှားပြီး မိမိတို့ဘာသာမှန်သည်ဟု မယူမှတ်ကြချေ။ ကိုယ့်ဘာသာသည် ကိုယ့်အတွက်အမှန်ဖြစ်သည်ဟုသာ သူတို့ယူမှတ်ကြပေမည်။

၂ ထို့ကြောင့် မှန်သောဘာသာကို သင်ရှာတွေ့ပြီလော ဟူသည့်မေးခွန်းသည် သင်နှစ်သက်သည့်ဘာသာတစ်ခုကို သင်ရှာတွေ့ပြီလောဟုသာ ဆိုလိုသလော။ သင်နှစ်သက်သည့်အချက်ကို ဘာကဆုံးဖြတ်ပေးသနည်း။ သင့်မိသားစုကလော။ သင့်အပေါင်းအသင်းများကလော။ သင့်ကိုယ်ပိုင်အယူအဆကလော။ ဤကိစ္စနှင့်ပတ်သက်သည့် ဘုရားသခင့်ရှုထောင့်ကို မည်မျှလေးလေးနက်နက် သင်စဉ်းစားဖူးသနည်း။

ဘုရားသခင့်ရှုထောင့်ကို ကျွန်ုပ်တို့မည်သို့သိနိုင်မည်နည်း

၃။ (က) ဘုရားသခင်၏ရှုထောင့်ကိုသိနိုင်ရန် မည်သည့်အရာကိုရရှိထားရမည်နည်း။ (ခ) သမ္မာကျမ်းစာသည် ဘုရားသခင်ထံမှဖြစ်ကြောင်း ကျွန်ုပ်တို့တစ်ဦးချင်း အဘယ်ကြောင့်ယုံကြည်သည်နှင့်ပတ်သက်၍ မည်သည့်မေးခွန်းများကို ကျွန်ုပ်တို့မေးသင့်သနည်း။

၃ ဘုရားသခင်ကိုယ်တော်တိုင်၏ ယူမှတ်ပုံကို ကျွန်ုပ်တို့သိရှိနိုင်ရန် ကိုယ်တော့်ထံမှ ထင်ရှားဖော်ပြချက်များရှိရပေမည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏မှုတ်သွင်းခြင်းခံရသည်ဟု သက်သေထူသော ရှေးအကျဆုံးစာအုပ်ဖြစ်သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) သို့သော် ဤစာအုပ်သည် အခြားစာအုပ်အားလုံးနှင့် အခြားကြီးခြားနားလျက် လူသားအားလုံးအတွက် ဘုရားသခင့်သတင်းစကားပါရှိသည်ဟု မှန်ကန်စွာပြောနိုင်မည်လော။ ထိုမေးခွန်းကို သင်မည်သို့ဖြေဆိုမည်နည်း။ အဘယ်ကြောင့် ထိုသို့ဖြေရသနည်း။ သင့်မိဘများက ထိုအမြင်ရှိသောကြောင့်လော။ သင့်အပေါင်းအသင်းများ၏ သဘောထားကြောင့်လော။ အထောက်အထားကို သင်ကိုယ်တိုင်ဆန်းစစ်ဖူးသလော။ အောက်ပါအထောက်အထားလေးခုကို မူတည်၍ ယခုဆန်းစစ်ကြည့်ပါလေ။

၄။ ရနိုင်သည့်အတိုင်းအတာနှင့်ပတ်သက်၍ အခြားစာအုပ်မဟုတ်ဘဲ သမ္မာကျမ်းစာသာလျှင် ဘုရားသခင်ထံမှစာအုပ်ဖြစ်ကြောင်း မည်သည့်အချက်ကဖော်ပြသနည်း။

၄ ရနိုင်သည့်အတိုင်းအတာ– ဘုရားသခင်ထံမှလာပြီး လူသားတစ်ရပ်လုံးအတွက်ဖြစ်သော သတင်းတစ်ခုကို လူသားများရရှိနိုင်သင့်ပေသည်။ သမ္မာကျမ်းစာသည် ယင်းသို့ဖြစ်သလော။ ဤအချက်ကို ဆင်ခြင်ကြည့်ပါ– ယခုအခါ သမ္မာကျမ်းစာကို တစ်အုပ်လုံးဖြစ်စေ၊ အစိတ်အပိုင်းလိုက်ဖြစ်စေ ဘာသာစကား ၂,၀၀၀ ကျော်ဖြင့် ထုတ်ဝေထားပြီးဖြစ်သည်။ အမေရိကန်ကျမ်းစာအသင်း၏အဆိုအရ လွန်ခဲ့သည့်ဆယ်နှစ်နီးပါးခန့်က သမ္မာကျမ်းစာကို ဘာသာပြန်ထားသည့်အတိုင်းအတာသည် ၉၈ ရာခိုင်နှုန်းခန့်သော ကမ္ဘာ့လူဦးရေကို သမ္မာကျမ်းစာရရှိရန် ဖြစ်စေနိုင်သည်။ ဂျင်းနစ်စ် ကမ္ဘာ့စံချိန်များစာအုပ် စာအုပ်ဖော်ပြချက်အရ သမ္မာကျမ်းစာသည် “ကမ္ဘာ့အဖြန့်ဝေရဆုံးစာအုပ်” ဖြစ်သည်မှာ ရှင်းနေပါသည်။ ဤသည်ကား အားလုံးသော လူအမျိုး၊ လူအနွယ်၊ ဘာသာစကားအုပ်စုများအတွက် ရည်ရွယ်သည့် ဘုရားသခင်ထံမှသတင်းစကားအဖြစ် ကျွန်ုပ်တို့မျှော်လင့်မည့်စာအုပ်ပင်ဖြစ်သည်။ (ဗျာဒိတ် ၁၄:၆ နှိုင်းယှဉ်။) ကမ္ဘာတွင် ဤကဲ့သို့မှတ်တမ်းတင်လောက်သော မည်သည့်စာအုပ်မျှမရှိချေ။

၅။ သမ္မာကျမ်းစာ၏ သမိုင်းဆိုင်ရာအခြေအမြစ်သည် အဘယ်ကြောင့်ထူးခြားထင်ရှားသနည်း။

၅ သမိုင်းဖြစ်ရပ်မှန်– သမ္မာကျမ်းစာဆိုင်ရာအတ္ထုပ္ပတ္တိများကို ဂရုတစိုက်စစ်ဆေးခြင်းက သမ္မာကျမ်းစာသည် သန့်ရှင်းသည်ဟုဆိုသော အခြားမည်သည့်စာပေနှင့်မျှမတူ ထူးခြားကြောင်း နောက်တစ်နည်းအားဖြင့် ထင်ရှားသည်။ သမ္မာကျမ်းစာတွင် သက်သေမထူနိုင်သော ပုံပြင်ဒဏ္ဍာရီများမဟုတ်ဘဲ သမိုင်းနှင့်ကိုက်ညီသော အဖြစ်မှန်များပါဝင်သည်။ တရားရုံးတစ်ခုတွင် သက်သေအတွက် မည်သည့်အရာလိုသည်ကို ခွဲခြမ်းစိတ်ဖြာလေ့လာရာတွင် အကျွမ်းတဝင်ရှိသော ရှေ့နေတစ်ဦးဖြစ်သူ အာဝန်လင်တန်က ဤသို့ပြောခဲ့သည်– “စိတ်ကူးယဉ်အချစ်ဇာတ်လမ်းများ၊ ပုံပြင်ဒဏ္ဍာရီများနှင့် မမှန်သောသက်သေများတို့သည် ဝေးကွာသောဒေသရှိအဖြစ်အပျက်များနှင့် မတိကျသောအချိန်များကို ဂရုတစိုက်ထည့်သွင်းသော်လည်း . . . သမ္မာကျမ်းစာအတ္ထုပ္ပတ္တိများမူ အကြောင်းအရာနှင့်သက်ဆိုင်သည့် အတိကျဆုံးသောနေ့စွဲနှင့် နေရာဒေသတို့ကို ကျွန်ုပ်တို့အားဖော်ပြသည်။” (ဥပမာများအနေနှင့် ၃ ဓမ္မရာဇဝင် ၁၄:၂၅; ဟေရှာယ ၃၆:၁; လုကာ ၃:၁၊ ၂ ကိုရှု။) အဖြစ်မှန်ကို ရှောင်ကွင်းလို၍မဟုတ်ဘဲ အမှန်တရားလိုလားသောကြောင့် ဘာသာတရားသို့ဦးလှည့်လာသူများအတွက် ယင်းသည် အရေးတကြီးစဉ်းစားရမည့် အချက်တစ်ခုဖြစ်သည်။

၆။ (က) ဘဝပြဿနာရှိသူတစ်ဦးအား သမ္မာကျမ်းစာက မည်သို့အမှန်ကူညီသနည်း။ (ခ) ခက်ခဲသည့်ဘဝဖြစ်ရပ်မှန်များကို လူတစ်ဦးဖြေရှင်းနိုင်ရန် သမ္မာကျမ်းစာက မည်သည့်နည်းသုံးနည်းဖြင့် အကူအညီပေးသနည်း။

၆ လက်တွေ့ကျခြင်း– ကျမ်းစာကိုလေးလေးနက်နက်စစ်ဆေးသူများက သမ္မာကျမ်းစာ၏ ပညတ်များနှင့်စည်းမျဉ်းများသည် မိမိတို့ မတရားအမြတ်ထုတ်ခံရစေရန် ရည်ရွယ်ထားခြင်းမဟုတ်ကြောင်း မကြာမီ သဘောပေါက်လာကြသည်။ သို့ဖြစ်မည့်အစား ယင်းတို့ကိုနီးကပ်စွာလိုက်လျှောက်သူများ၏ အကျိုးဖြစ်ထွန်းစေသည့် အသက်တာနည်းလမ်းတစ်မျိုးကို ယင်းတို့က လမ်းညွှန်ပေးသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) စိတ်ဓာတ်ကျဆင်းနေသူများအား ယင်းကပေးသည့်နှစ်သိမ့်မှုသည် အနှစ်သာရနှင့်အခြေအမြစ်မရှိသော အတွေးအခေါ်များပေါ်အခြေပြုခြင်း မဟုတ်ပါ။ ယင်းသည် ခက်ခဲသည့်ဘဝဖြစ်ရပ်မှန်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် လူများကိုကူညီသည်။ မည်သို့အားဖြင့်နည်း။ နည်းသုံးနည်းအားဖြင့်ဖြစ်သည်– (၁) အခက်အခဲများကို မည်သို့ရင်ဆိုင်ဖြေရှင်းရမည်နှင့်ပတ်သက်၍ ကောင်းသောအကြံဉာဏ်များပေးခြင်း (၂) ယခု မိမိ၏ကျေးကျွန်များအား ဘုရားသခင်၏ မေတ္တာပါကူညီထောက်ပံ့မှုကို မည်သို့ရရှိနိုင်ကြောင်းရှင်းပြခြင်းနှင့် (၃) ဘုရားသခင်သည် မိမိအားဝတ်ပြုပြီး မိမိ၏ကတိတော်များအပေါ် ယုံကြည်စိတ်ချကြောင်း အခိုင်အမာတင်ပြသူများအတွက် စီစဉ်ပေးထားသည့် အံ့မခန်းဖွယ်အနာဂတ်ကို ထင်ရှားဖော်ပြခြင်းများအားဖြင့် ဖြစ်သည်။

၇။ (က) အောက်ချေမှတ်ချက်ပါ ရည်ညွှန်းကျမ်းချက်များကိုသုံး၍ ယနေ့လူများနှင့်ပတ်သက်သည့် အဓိကပြဿနာတစ်ခုကို သမ္မာကျမ်းစာမည်သို့အဖြေပေးကြောင်း ရှင်းပြပါ။ (ခ) သမ္မာကျမ်းစာ၏သြဝါဒများသည် ပြင်းထန်သည့်ဘဝမုန်တိုင်းမှ ကျွန်ုပ်တို့အား မည်သို့ကာကွယ်ပေးကြောင်း သို့မဟုတ် ရင်ဆိုင်ကျော်လွှားနိုင်ရန် မည်သို့အကူအညီပေးကြောင်း တင်ပြပါ။

၇ အာဏာစက်ကိုငြင်းဆန်ပြီး ပေါက်လွှတ်အသက်တာကို လိုက်စားသူများဘောင်တွင် သမ္မာကျမ်းစာ၏သြဝါဒများကို လူကြိုက်များလေ့မရှိသော်လည်း ထိုအသက်တာမျိုးသည် စစ်မှန်သောပျော်ရွှင်မှုကို မဖြစ်စေကြောင်း လူများစွာတို့သိလာကြသည်။ (ဂလာတိ ၆:၇၊ ၈) သမ္မာကျမ်းစာက သန္ဓေသားဖျက်ချခြင်း၊ ကွာရှင်းခြင်းနှင့် လိင်တူဆက်ဆံခြင်းတို့နှင့်ပတ်သက်၍ တဲ့တိုးအဖြေပေးထားသည်။ ယင်း၏သြဝါဒများသည် မူးယစ်ဆေးဝါးနှင့်အရက်အလွဲသုံးခြင်း၊ မသန့်ရှင်းသည့်သွေးနှင့် စည်းလွတ်ဝါးလွတ်လိင်ဆက်ဆံခြင်းတို့မှရရှိသည့် အေအိုင်ဒီအက်စ်ရောဂါမှ ကာကွယ်မှုပေးသည်။ ပျော်ရွှင်သောမိသားစုများ မည်သို့ဖြစ်နိုင်ကြောင်းကို ယင်းကဖော်ပြသည်။ သွေးသားရင်းချာတို့၏ စွန့်ပယ်ခံရခြင်း၊ အသဲအသန်ဖျားနာခြင်း၊ ချစ်ရသူတစ်ဦးသေဆုံးခြင်းတို့အပါအဝင် အပြင်းထန်ဆုံးသောဘဝမုန်တိုင်းကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အကူအညီဖြစ်စေသည့်အဖြေများကို ယင်းကပေးထားသည်။ ကျွန်ုပ်တို့အသက်တာသည် ဝမ်းနည်းပူဆွေးမှုအစား အဓိပ္ပာယ်နှင့်ပြည့်ဝစေရန် ယင်းက ကျွန်ုပ်တို့၏ဦးစားထားသည့်အရာများကို စဉ်းစားဆင်ခြင်ရန် အကူအညီပေးသည်။a

၈၊ ၉။ (က) သမ္မာကျမ်းစာမှုတ်သွင်းခံရသည့် အထောက်အထားအဖြစ် မည်သည့်ပရောဖက်ပြုချက်က သင့်စိတ်ကိုထိမိစွဲမြဲစေသနည်း။ (ခ) သမ္မာကျမ်းစာပါ ပရောဖက်ပြုချက်များသည် ယင်းတို့၏အခြေအမြစ်နှင့်ပတ်သက်၍ မည်သို့သက်သေထူသနည်း။

၈ ပရောဖက်ပြုချက်များ– သမ္မာကျမ်းစာသည် ပရောဖက်ပြုချက်စာအုပ်အဖြစ် ထူးခြားသော၊ အနာဂတ်တွင်ဘာဖြစ်မည်ကို အသေးစိတ်ကြိုတင်ပြောထားသော စာအုပ်ဖြစ်သည်။ ယင်းသည် ရှေးတုရုမြို့ပျက်စီးခြင်း၊ ဗာဗုလုန်မြို့ပြိုလဲခြင်း၊ ယေရုရှလင်မြို့ပြန်လည်တည်ဆောက်ခြင်း၊ မေဒိ-ပေရသိနှင့် ဂရိနိုင်ငံတို့၏ ဘုရင်များ ပေါ်ထွန်းခြင်းနှင့်ကျဆုံးခြင်းတို့အပြင် ယေရှု၏ဘဝတွင် မြောက်မြားစွာသောအဖြစ်အပျက်များကို ကြိုတင်ဖော်ပြထားသည်။ ဤရာစုအတွင်းဖြစ်ပျက်လာသည့် ကမ္ဘာ့အခြေအနေအသေးစိတ်ကိုလည်း ကြိုတင်ဖော်ပြထားပြီး ၎င်းတို့၏ ထူးခြားထင်ရှားရာများကို ရှင်းပြထားသည်။ လူ့အုပ်ချုပ်ရှင်များဖြေရှင်းရန် လက်လှမ်းမမီသည့်ပြဿနာများကို မည်သို့ဖြေရှင်းမည့်အကြောင်းဖော်ပြပြီး လူသားများအတွက် အဓွန့်ရှည်သည့်ငြိမ်းချမ်းရေးနှင့် စစ်မှန်သည့်လုံခြုံမှုတို့ကို ယူဆောင်ပေးမည့်အုပ်ချုပ်သူကို မှတ်သားဖော်ပြပေးသည်။ b—ဟေရှာယ ၉:၆၊ ၇; ၁၁:၁-၅၊ ၉; ၅၃:၄-၆။

၉ ထူးခြားထင်ရှားသည်မှာ ဘုရားအဖြစ်မှန်ကို စမ်းသပ်ခံသည့်အနေနှင့် သမ္မာကျမ်းစာသည် အနာဂတ်ကို တိကျမှန်ကန်စွာ ကြိုတင်ဟောပြောနိုင်သော အရည်အချင်းကို တင်ပြသည်။ (ဟေရှာယ ၄၁:၁–၄၆:၁၃) ယင်းကိုပြုလုပ်နိုင်သူ သို့မဟုတ် ပြုလုပ်ရန် အခြားသူများအား မှုတ်သွင်းနိုင်သူသည် သက်မဲ့အရုပ်တစ်ခုသက်သက်မဟုတ်ပါ။ ဘုရားတရားကြည်ညိုလွန်းသူတစ်ဦးမျှလည်း မဟုတ်ပါ။ သူသည် စစ်မှန်သောဘုရားဖြစ်ပြီး ထိုပရောဖက်ပြုချက်များပါရှိသည့်စာအုပ်သည် သူ၏နှုတ်ကပါဌ်တော်ပင်ဖြစ်သည်။—၁ သက်သာလောနိတ် ၂:၁၃။

သမ္မာကျမ်းစာကိုအသုံးပြုသူတိုင်း မှန်ကန်သလော

၁၀၊ ၁၁။ ယေရှုဖော်ပြသည့်အတိုင်း ဓမ္မဆရာတစ်ဦးသည် သမ္မာကျမ်းစာကိုအသုံးပြုမည်ဖြစ်သော်လည်း သူထောက်ခံသည့်ဘာသာတရားကို မည်သည့်အရာက အချည်းနှီးဖြစ်စေသနည်း။

၁၀ သမ္မာကျမ်းစာကို အသုံးပြုပါသည်ဟုဆိုသော ဘာသာရေးအုပ်စုအားလုံးသည် မှန်သောဘာသာတရားကို သွန်သင်သည်ဟု မှတ်ချက်ချခြင်းသည် ဆင်ခြင်တုံတရားနှင့်—သာ၍အရေးကြီးသည်ကား ကျမ်းစာနှင့်—ညီညွတ်သလော။ သမ္မာကျမ်းစာကိုကိုင်သူ သို့မဟုတ် ကိုးကားသူတိုင်း ဘာသာမှန်ကိုကျင့်သုံးသူလော။

၁၁ ဓမ္မဆရာများစွာတို့သည် သမ္မာကျမ်းစာရှိကြသော်လည်း သူတို့သည် ကိုယ့်ကိုယ်ကိုချီးမြှောက်ဂုဏ်တင်ရန်အတွက် ဘာသာတရားကို အသုံးပြုကြသည်။ သူတို့သည် စင်ကြယ်သည့်အမှန်တရားကို ထုံးတမ်းစဉ်လာများနှင့် လူ့အတွေးအခေါ်များဖြင့် ရောနှောပစ်သည်။ သူတို့၏ဝတ်ပြုရေးသည် ဘုရားသခင်လက်ခံနိုင်ဖွယ်ဖြစ်ပါသလော။ ထိုအတိုင်းပြုခဲ့ကြသော ပထမရာစုယေရုရှလင်မြို့ရှိ ဘာသာရေးခေါင်းဆောင်များအား ယေရှုက ပရောဖက်ဟေရှာယအားဖြင့်ဖော်ပြသည့် ယေဟောဝါ၏ကြေညာချက်ကို ဆီလျော်စွာသုံး၍ သူတို့အားရည်ညွှန်းပြောဆိုခဲ့သည်– “ဤလူမျိုးသည် နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏။” (မဿဲ ၁၅:၈၊ ၉; ၂၃:၅-၁၀) ထိုဘာသာရေးအမျိုးအစားသည် မှန်သောဘာသာမဟုတ်သည်မှာ ရှင်းနေပါသည်။

၁၂၊ ၁၃။ (က) ချာ့ချ်အသင်းသားများ၏ အကျင့်အကြံက သူတို့၏ဘာသာသည် မှန်မမှန်ပိုင်းဖြတ်ရန် လူတစ်ဦးအား မည်သို့အကူအညီဖြစ်စေနိုင်သနည်း။ (ခ) ဘုရားသခင်လက်မခံသူများကို ကျွန်ုပ်တို့အပေါင်းအသင်းများအဖြစ် ရွေးချယ်လျှင် ကျွန်ုပ်တို့၏ဝတ်ပြုရေးကို ကိုယ်တော်မည်သို့ယူမှတ်မည်နည်း။ (၂ ရာဇဝင်ချုပ် ၁၉:၂)

၁၂ ဘာသာရေးတစ်ခု၏သွန်သင်ချက်များသည် ယင်း၏အမာခံအသင်းသားများ၏ အသက်တာတွင်တင်ပြကြသည့်အတိုင်း ပုပ်ပျက်သောအသီးကိုသီးစေသည်ဆိုလျှင် မည်သို့နည်း။ မိမိ၏တောင်ပေါ်ဒေသနာတော်တွင် ယေရှုဤသို့ဖြေကြားခဲ့သည်– “မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။ . . . သူတို့၏အကျင့် [အသီး၊ ကဘ] ကိုထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။ . . . ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။” (မဿဲ ၇:၁၅-၁၇) အမှားပြုခြင်းကြောင့် တစ်ဦးချင်းအလိုက် ပဲ့ပြင်ခံရရန်လိုမည်မှာ မှန်ပါသည်။ သို့သော် ဓမ္မဆရာများပင်အပါအဝင်ဖြစ်သည့် အသင်းသားများသည် မတရားမေထုန်နှင့်သူ့မယားပြစ်မှားခြင်း၊ ရန်ဖြစ်ခြင်း၊ သောက်ကြူးခြင်း၊ လောဘကြီးခြင်း၊ လိမ်လည်ခြင်း၊ နတ်ဆိုးအတတ်၊ ရုပ်ပုံကိုးကွယ်ခြင်း—ဤအရာများမှ တစ်ခုခု သို့မဟုတ် အားလုံး—ကိုကျူးလွန်ကြပါလျက်နှင့် မည်သည့်ဆုံးမမှုကိုမျှမခံရ၊ ယင်းတို့ကိုဆက်၍ပြုကျင့်နေသူများသည် အသင်းမှပယ်ထုတ်ခြင်းမခံရလျှင်မူကား အခြေအနေသည်တစ်မျိုးဖြစ်သည်။ ထိုသို့ပြုကျင့်သူများကို အသင်းတော်မှနှင်ထုတ်ရမည်; ဘုရားသခင့်နိုင်ငံတော်တွင် ထိုသူတို့အတွက် နေရာမရှိဟု သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။ (ဂလာတိ ၅:၁၉-၂၁) သူတို့၏ဝတ်ပြုရေးကို ဘုရားသခင်မနှစ်သက်သကဲ့သို့ ကိုယ်တော်လက်မခံသူများကို ကျွန်ုပ်တို့အပေါင်းအသင်းများအဖြစ် ရွေးချယ်လျှင် ကျွန်ုပ်တို့၏ဝတ်ပြုရေးကိုလည်း ကိုယ်တော်နှစ်သက်မည်မဟုတ်။—၁ ကောရိန္သု ၅:၁၁-၁၃; ၆:၉၊ ၁၀; ဗျာဒိတ်၂၁:၈။

၁၃ သမ္မာကျမ်းစာကို မိမိတို့အသုံးပြုသည်ဟုဆိုသည့်အဖွဲ့တိုင်း ကျမ်းစာဖော်ပြထားသည့်ဘာသာမှန်ကို မကျင့်သုံးသည်မှာ ရှင်းနေပါသည်။ သို့ဆိုလျှင် သမ္မာကျမ်းစာက မှန်သောဘာသာကို ခွဲခြားဖော်ပြသည့်အမှတ်အသားများ မည်သို့ချမှတ်ထားပေးသနည်း။

မှန်သောဘာသာကို ခွဲခြားဖော်ပြသည့် အမှတ်အသားများ

၁၄။ (က) မှန်သောဘာသာ၏ သွန်သင်ချက်အားလုံးသည် မည်သည့်အရာပေါ်တွင် အခြေပြုသနည်း။ (ခ) ဘုရားသခင်၊ ဝိညာဉ်စိုးလ်တို့နှင့်ပတ်သက်သည့် ခရစ်ယာန်ဘောင်၏သွန်သင်ချက်များသည် ဤစမ်းသပ်မှုကို မည်သို့အောင်မြင်နိုင်မည်နည်း။

၁၄ ယင်း၏သွန်သင်ချက်များသည် မှုတ်သွင်းခံကျမ်းစာပေါ်တွင် အခိုင်အမာအခြေပြုထားသည်။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှာ ပြင်ဆင်သောသူဖြစ်မည့်အကြောင်း ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။” (၂ တိမောသေ ၃:၁၆၊ ၁၇) သို့သော် ခရစ်ယာန်ဘောင်၏ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို သမ္မာကျမ်းစာ၏မည်သည့်နေရာတွင် ဖော်ပြထားသနည်း။ ဓမ္မဆရာများသွန်သင်သည့်အတိုင်း လူသည် သေသောအခါ ရုပ်ခန္ဓာမှခွဲထွက်၍ ဆက်အသက်ရှင်သည့် ဝိညာဉ်စိုးလ်တစ်ခုရှိကြောင်း ကျမ်းစာ၏မည်သည့်နေရာတွင် သွန်သင်ထားသနည်း။ ထိုသွန်သင်ချက်များကို သင့်ကျမ်းစာမှဖွင့်ပြပေးရန် ဓမ္မဆရာတစ်ဦးဦးအား သင်တောင်းဆိုဖူးသလော။ ဗြိတိန်စွယ်စုံကျမ်းသစ် က ဤသို့ဖော်ပြထားသည်– “သုံးပါးပေါင်းတစ်ဆူဟူသော စကားလုံးသော်လည်းကောင်း၊ အသေအချာရှင်းပြထားသည့် ၎င်းအယူအဆသော်လည်းကောင်း ဓမ္မသစ်ကျမ်းတွင်မပါချေ။” (၁၉၉၂၊ မိုက်ခရိုပီးဒီးယား၊ အတွဲ ၁၁၊ စာမျက်နှာ ၉၂၈) ကက်သလစ်စွယ်စုံကျမ်းသစ် က ဤသို့ဝန်ခံထားသည်– “ထိုသို့သောသဘောထားမျိုး သို့မဟုတ် အမြင်မျိုးနှင့် နီးစပ်သောသွန်သင်ချက်တစ်ခုကိုမျှ တမန်တော်များသင်ပြခဲ့ခြင်းမရှိ။” (၁၉၆၇၊ အတွဲ ၁၄၊ စာမျက်နှာ ၂၉၉) လူသေသောအခါ ခန္ဓာကိုယ်မှခွဲထွက်သွားသည်ဟူသော ဝိညာဉ်စိုးလ်အယူဝါဒနှင့်ပတ်သက်၍မူ ဂရိအတွေးအခေါ်ပညာ၏ အယူအဆများမှ မိမိတို့ငှားယူခဲ့ကြောင်း ချာ့ချ်ကျမ်းပညာရှင်များက ဝန်ခံကြသည်။ မည်သို့ဆိုစေ မှန်သောဘာသာသည် လူ့အတွေးအခေါ်အတွက်ကြောင့် သမ္မာကျမ်းစာ၏အမှန်တရားများကို ဥပေက္ခာမပြုချေ။—ကမ္ဘာဦး ၂:၇; တရားဟောရာ ၆:၄; ယေဇကျေလ ၁၈:၄; ယောဟန် ၁၄:၂၈။

၁၅။ (က) ဝတ်ပြုရမည့်တစ်ဦးတည်းသောအရှင်ကို သမ္မာကျမ်းစာက မည်သို့မှတ်သားဖော်ပြသနည်း။ (ခ) မှန်သောဝတ်ပြုသူများသည် ယေဟောဝါအားအကျွမ်းတဝင်ဖြစ်ခြင်းကို မည်သို့ယူမှတ်သနည်း။

၁၅ မှန်သောဘာသာသည် ဘုရားမှန်တစ်ဆူတည်းဖြစ်တော်မူသော ယေဟောဝါအားသာ ဝတ်ပြုခြင်းကို အားပေးထောက်ခံသည်။ (တရားဟောရာ ၄:၃၅; ယောဟန် ၁၇:၃) တရားဟောရာ ၅:၉ ကိုအဓိပ္ပာယ်ရှင်းပြရာတွင် ယေရှုဤသို့အခိုင်အမာဖော်ပြခဲ့သည်– “သင်၏ဘုရားသခင်ယေဟောဝါရှင်ကို ကိုးကွယ်ရမည်။ ထိုအရှင်ကိုသာလျှင် ရိုသေသမှုဝတ်ပြုရမည်။” (မဿဲ ၄:၁၀၊ ကဘ) ယင်းအချက်နှင့်အညီ ယေရှုသည် ခမည်းတော်၏နာမတော်ကို တပည့်တော်များအား ဖော်ပြသိရှိစေခဲ့သည်။ (ယောဟန် ၁၇:၂၆) သင့်ဘာသာတရားသည် ယေဟောဝါကိုဝတ်ပြုရန် သင့်အားသွန်သင်ပေးသလော။ ထိုအမည်ဖြင့်ဖော်ပြခံရသောပုဂ္ဂိုလ်နှင့် ယုံကြည်စိတ်ချစွာ သင်ရင်းနှီးကျွမ်းဝင်နိုင်ရန်—ကိုယ်တော့်ရည်ရွယ်ချက်များ၊ ကိုယ်တော့်လုပ်ရပ်များ၊ ကိုယ်တော့်အရည်အချင်းများ—ကို သင်သိရှိပြီးပြီလော။ သင့်ဘာသာသည် မှန်သောဘာသာဖြစ်ပါမူ အဖြေမှာ ဟုတ်ကဲ့ဖြစ်သည်။—လုကာ ၁၀:၂၂; ၁ ယောဟန် ၅:၁၄။

၁၆။ မှန်သောဘာသာကိုကျင့်သုံးသူများအတွက် ခရစ်တော်ကိုယုံကြည်ခြင်းသည် မည်သို့အဓိပ္ပာယ်ရှိသနည်း။

၁၆ ဘုရားသခင်နှစ်သက်သည့်ဝတ်ပြုရေး၏ အရေးကြီးသည့်အစိတ်အပိုင်းမှာ ကိုယ်တော့်သားတော်ယေရှုခရစ်ကို ယုံကြည်ခြင်းဖြစ်သည်။ (ယောဟန် ၃:၃၆; တမန်တော် ၄:၁၂) ယင်းသို့ဆိုရာ၌ ကိုယ်တော်အသက်ရှင်ခဲ့ကြောင်း သို့မဟုတ် ကိုယ်တော်သည် ထင်ရှားကျော်ကြားခဲ့သည့်ပုဂ္ဂိုလ်ဖြစ်ကြောင်းကို ယုံကြည်ခြင်းသက်သက်မျှမကပါ။ ယေရှု၏ စုံလင်သည့်လူ့အသက်ပူဇော်သက္ကာ၏ တန်ဖိုးနှင့်ပတ်သက်၍ ကျမ်းစာသွန်သင်သည့်အချက်ကို လေးမြတ်တန်ဖိုးထားခြင်းနှင့် ကောင်းကင်ဘုရင်အဖြစ် ကိုယ်တော့်လက်ရှိရာထူးကို အသိအမှတ်ပြုခြင်းတို့ ပါဝင်သည်။ (ဆာလံ ၂:၆-၈; ယောဟန် ၃:၁၆; ဗျာဒိတ် ၁၂:၁၀) မှန်သောဘာသာကို လိုက်စားသူများနှင့် သင်ပေါင်းသင်းနေလျှင် သူတို့သည် နေ့စဉ်အသက်တာတွင် ယေရှုကိုနာခံရန်၊ ကိုယ်တော့်ပုံသက်သေကို တုပရန်၊ တပည့်တော်များအား ကိုယ်တော်အပ်နှင်းခဲ့သည့်လုပ်ငန်းကို တစ်ဦးချင်းဇွဲရှိရှိပါဝင်လုပ်ဆောင်ရန် အားတက်သရောကြိုးစားကြကြောင်း သင်သိရှိသည်။ (မဿဲ ၂၈:၁၉၊ ၂၀; ယောဟန် ၁၅:၁၄; ၁ ပေတရု ၂:၂၁) သင်နှင့်အတူဝတ်ပြုသူချင်းတို့သည် ထိုသို့မဟုတ်ပါမူ အခြားနေရာတွင်သင်ရှာဖို့လိုသည်။

၁၇။ မှန်သောဝတ်ပြုသူများသည် လောကီအညစ်အကြေးနှင့်ကင်းစင်ရန် အဘယ်ကြောင့်ဂရုစိုက်ရပြီး ယင်းတွင် မည်သည့်အရာများပါဝင်သနည်း။

၁၇ မှန်သောဘာသာသည် နိုင်ငံရေးနှင့် လောကီအရှုပ်အထွေးများတွင် ပါဝင်ခြင်းဖြင့် အစွန်းအထင်းမခံပါ။ (ယာကုပ် ၁:၂၇) အဘယ်ကြောင့်နည်း။ မိမိ၏တပည့်တော်များနှင့်ပတ်သက်၍ ယေရှုဤသို့မိန့်တော်မူခဲ့သောကြောင့်ဖြစ်သည်– “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။” (ယောဟန် ၁၇:၁၆) ယေရှုသည် နိုင်ငံရေးတွင် ဝင်မစွက်ဖက်၊ ဇာတိပကတိလက်နက်ကို အားကိုးအားထားပြုခြင်းမှ မိမိ၏တပည့်တော်များအား တားမြစ်ခဲ့သည်။ (မဿဲ ၂၆:၅၂) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နှလုံးသွင်းထားသူများသည် ‘စစ်အတတ်ကို မသင်ကြ’ ပါ။ (ဟေရှာယ ၂:၂-၄) သင့်အနေနှင့် အမည်ခံအသင်းသားအဖြစ်ပင် ခံယူထားသော မည့်သည့်ဘာသာမဆိုသည် ထိုအချက်နှင့်မကိုက်ညီပါက ယင်းနှင့်အဆက်အသွယ်ဖြတ်တောက်ရန် အချိန်ကျရောက်လာပေပြီ။—ယာကုပ် ၄:၄; ဗျာဒိတ် ၁၈:၄၊ ၅။

၁၈။ (က) ယောဟန် ၁၃:၃၅ က မှန်သောဘာသာ၏ ထင်ရှားသည့်ဂုဏ်အင်္ဂါတစ်ခုအဖြစ် မည်သည့်အချက်ကို မှတ်သားဖော်ပြသနည်း။ (ခ) မည်သည့်အဖွဲ့သည် ယောဟန် ၁၃:၃၅ ကိုလိုက်နာကြောင်း ဆုံးဖြတ်နိုင်ရန်လူတစ်ဦးကို သင်မည်သို့ကူညီနိုင်မည်နည်း။

၁၈ မှန်သောဘာသာသည် တစ်ကိုယ်ကောင်းမဆန်သည့်မေတ္တာကို သွန်သင်၍ကျင့်သုံးသည်။ (ယောဟန် ၁၃:၃၅; ၁ ယောဟန် ၃:၁၀-၁၂) ထိုသို့သောမေတ္တာသည် ဟောပြောချက်တွင်သာပါဝင်သည်မဟုတ်ချေ။ ယင်းသည် အားလုံးသော လူမျိုး၊ စီးပွားရေးအဆင့်အတန်း၊ ဘာသာစကားနှင့် တိုင်းနိုင်ငံတို့မှ လူများကို စစ်မှန်သောညီအစ်ကိုစိတ်ဓာတ်ဖြင့် အမှန်ပင်ပေါင်းစည်းပေးသည်။ (ဗျာဒိတ် ၇:၉၊ ၁၀) ယင်းက ခရစ်ယာန်စစ်များကို သူတို့အားဝိုင်းရံထားသည့်လောကမှ သီးခြားဖြစ်စေသည်။ သင်မပြုရသေးပါက ယေဟောဝါသက်သေများ၏ ဘုရားနိုင်ငံတော်ခန်းမတွင် ကျင်းပသည့်အစည်းအဝေးများနှင့် ထိုထက်ပိုမိုကြီးကျယ်သည့် စည်းဝေးပွဲကြီးများကို တက်ကြည့်ပါ။ ဘုရားနိုင်ငံတော်ခန်းမတစ်လုံးကို သူတို့အတူတကွဝိုင်းဝန်းဆောက်လုပ်နေစဉ် သူတို့ကိုစောင့်ကြည့်နေပါ။ အသက်ကြီးသူများ (မုဆိုးမများပါဝင်) နှင့် လူငယ်များ (မိဘတစ်ဦးသာရှိသူများ သို့မဟုတ် လုံးဝမရှိသူများပါဝင်) အား သူတို့မည်သို့ဆက်ဆံသည်ကို အကဲခတ်ကြည့်ပါ။ (ယာကုပ် ၁:၂၇) သင်သတိပြုမိသည့်အရာများကို အခြားဘာသာများတွင် သင်တွေ့မြင်ရသည့်အရာများနှင့် နှိုင်းယှဉ်ကြည့်ပါ။ ထို့နောက် ‘မည်သူတို့သည် မှန်သောဘာသာကို ကျင့်သုံးနေကြသနည်း’ ဟု သင့်ကိုယ်ကိုမေးပါ။

၁၉။ (က) မှန်သောဘာသာက လူ့ပြဿနာများ၏ မည်သည့်ဖြေရှင်းနည်းကို ထောက်ခံသနည်း။ (ခ) မှန်သောဘာသာကို လိုက်လျှောက်သည့် အဖွဲ့ဝင်များသည် မည်သည့်အရာကို ပြုလုပ်နေသင့်သနည်း။

၁၉ မှန်သောဘာသာသည် ဘုရားသခင့်နိုင်ငံတော်ကို လူ့ပြဿနာများ၏ တည်မြဲသောဖြေရှင်းနည်းအဖြစ် ထောက်ခံသည်။ (ဒံယေလ ၂:၄၄; ၇:၁၃၊ ၁၄; ၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၄၊ ၅) မည်သည့်ခရစ်ယာန်ဘောင်ချာ့ချ်က ထိုသို့ပြုသနည်း။ ဓမ္မဆရာတစ်ဦးက ဘုရားသခင့်နိုင်ငံတော်အကြောင်းနှင့် ယင်းနိုင်ငံအကောင်အထည်ပေါ်လာမည့်အကြောင်း ဖော်ပြသည့်ကျမ်းချက်များအားရှင်းပြသည်ကို နောက်ဆုံးအကြိမ်မည်သည့်အခါက သင် ကြားခဲ့ရသနည်း။ သင့်အဖွဲ့အစည်းသည် အခြားသူများအား ဘုရားသခင့်နိုင်ငံတော်အကြောင်းပြောပြရန် သင့်ကိုအားပေးသလော၊ ယင်းသို့အားပေးပါက အသင်းသားအားလုံး ယင်းကိုပြုလုပ်ပါသလော။ ထိုသို့သောသက်သေခံခြင်းကို ယေရှုပြုလုပ်ခဲ့သည်; ကိုယ်တော့်ကနဦးတပည့်တော်များလည်း ယင်းသို့ပြုလုပ်ခဲ့သည်။ သင်လည်း ဤလုပ်ရပ်တွင်ပါဝင်ရန် အခွင့်အရေးရရှိနိုင်သည်။ ယင်းသည် ယနေ့ကမ္ဘာပေါ်ရှိအလုပ်တကာတို့တွင် အရေးကြီးဆုံးသောအလုပ်ဖြစ်သည်။—မဿဲ ၂၄:၁၄။

၂၀။ မှန်သောဘာသာကို ခွဲခြားသိမြင်ခြင်းအပြင် ကျွန်ုပ်တို့ဘာလုပ်ရဦးမည်နည်း။

၂၀ ဘာသာတရားထောင်ပေါင်းများစွာရှိစေကာမူ မှန်သောဘာသာကို ခွဲခြားသိမြင်နိုင်ရန်အလို့ငှာ ရှုပ်ထွေးမှုများကိုကျော်လွှားနိုင်ရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား အလျင်အမြန်အကူအညီပေးသည်။ သို့သော် ခွဲခြားသိမြင်ခြင်းထက်မက သာ၍ပြုရန်လိုသည်။ ယင်းကိုကျင့်သုံးရန်အရေးကြီးသည်။ ယင်းတွင် မည်သည့်အရာများပါဝင်သည်ကို နောက်ဆောင်းပါးတွင် အကျယ်တဝင့်သုံးသပ်ကြမည်။

[အောက်ခြေမှတ်ချက်များ]

a သန္ဓေသားဖျက်ချခြင်း– တမန်တော် ၁၇:၂၈; ဆာလံ ၁၃၉:၁၊ ၁၆; ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃။ ကွာရှင်းခြင်း– မဿဲ ၁၉:၈၊ ၉; ရောမ ၇:၂၊ ၃။ လိင်တူမေထုန်– ရောမ ၁:၂၄-၂၇; ၁ ကောရိန္သု ၆:၉-၁၁။ မူးယစ်ဆေးဝါးနှင့်အရက်အလွဲသုံးခြင်း– ၂ ကောရိန္သု ၇:၁; လုကာ ၁၀:၂၅-၂၇; သု. ၂၃:၂၀၊ ၂၁; ဂလာတိ ၅:၁၉-၂၁။ သွေးနှင့် ပေါက်လွှတ်ပဲစားလိင်ဆက်ဆံခြင်း– တမန်တော် ၁၅:၂၈၊ ၂၉; သု. ၅:၁၅-၂၃; ယေရမိ ၅:၇-၉။ မိသားစု– ဧဖက် ၅:၂၂–၆:၄; ကောလောသဲ ၃:၁၈-၂၁; စွန့်ပယ်ခြင်း– ဆာလံ ၂၇:၁၀; မာလခိ ၂:၁၃-၁၆; ရောမ ၈:၃၅-၃၉။ ဖျားနာခြင်း– ဗျာဒိတ် ၂၁:၄၊ ၅; ၂၂:၁၊ ၂; တိတု ၁:၂; ဆာလံ ၂၃:၁-၄။ သေခြင်း– ဟေရှာယ ၂၅:၈; တမန်တော် ၂၄:၁၅; ဦးစားထားရာများ– မဿဲ ၆:၁၉-၃၄; လုကာ ၁၂:၁၆-၂၁; ၁ တိမောသေ ၆:၆-၁၂။

b ထိုကဲ့သို့သော ပရောဖက်ပြုချက်များနှင့် ပြည့်စုံချက်များအတွက် နမူနာများကို သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလော (လိပ်) စာအုပ် စာမျက်နှာ ၁၁၇-၆၁; နှင့် ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း (လိပ်) စာအုပ် စာမျက်နှာ ၆၀-၂၊ ၂၂၅-၃၂၊ ၂၃၄-၄၀။ ထိုစာအုပ်နှစ်အုပ်လုံးကို နယူးယောက်ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။

သင်မည်သို့ဖြေဆိုမည်နည်း

◻ မှန်သောဘာသာကို ခွဲခြားသိမှတ်ရာတွင် မည်သူ၏ရှုထောင့်သည် အရေးအကြီးဆုံးဖြစ်သနည်း။

◻ သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်ကြောင်း မည်သည့်အထောက်အထားလေးရပ်က ထောက်ပြသနည်း။

◻ သမ္မာကျမ်းစာကို အသုံးပြုသောဘာသာတိုင်းကို အဘယ်ကြောင့် ဘုရားသခင်လက်မခံသနည်း။

◻ တစ်ခုတည်းသောဘာသာမှန်ကို ခွဲခြားသိမြင်နိုင်သည့်အချက်ခြောက်ချက်ကား အဘယ်နည်း။

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]

ယေဟောဝါသက်သေများသည် . . .

◆ သူတို့၏သွန်သင်ချက်အားလုံးကို သမ္မာကျမ်းစာပေါ်တွင် အခြေပြုသည်။

◆ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်သည့် ယေဟောဝါကို ဝတ်ပြုကြသည်။

◆ ယေရှုခရစ်ကိုယုံကြည်ခြင်းနှင့်အညီ အသက်ရှင်နေထိုင်ကြသည်။

◆ နိုင်ငံရေးနှင့် လောကီအရှုပ်အထွေးများတွင် မပါဝင်ကြ။

◆ နေ့စဉ်အသက်တာတွင် တစ်ကိုယ်ကောင်းမဆန်သည့်မေတ္တာကို တင်ပြရန်ကြိုးစားကြသည်။

◆ ဘုရားသခင့်နိုင်ငံတော်ကို လူ့ပြဿနာများ၏ တည်မြဲသောဖြေရှင်းနည်းအဖြစ် ထောက်ခံကြသည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ—ယင်းတွင် လူသားအားလုံးအတွက် ဘုရားသခင်ထံမှသတင်းစကားပါကြောင်း မည်သည့်အရာကဖော်ပြသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ