ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၆/၁၅ စာ. ၁၇-၂၂
  • ကျန်းခံ့သောသွန်သင်ခြင်းကို သင့်ဘဝလမ်းစဉ်ဖြစ်စေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျန်းခံ့သောသွန်သင်ခြင်းကို သင့်ဘဝလမ်းစဉ်ဖြစ်စေပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျန်းခံ့သော ဘဝလမ်းစဉ်
  • အသက်ကြီးရင့်သော ယောက်ျားတို့အတွက် ဩဝါဒ
  • အသက်ကြီးရင့်သောမိန်းမတို့အတွက်
  • အသက်ပျိုသောမိန်းမများအတွက်
  • အသက်ပျိုသောယောက်ျားများအတွက်
  • အစေခံကျွန်တို့အတွက်
  • သန့်စင်ထားသော လူမျိုးတစ်မျိုး
  • ယုံကြည်ခြင်းတွင်ကျန်းခံ့လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • အမှန်တရားကို မှန်ကန်စွာကိုင်တွယ်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • အမျိုးသမီးတွေကို ဂုဏ်တင်ထိုက်တယ်လို့ ဘုရားသခင်ရှုမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • “သခင်ဘုရား၏အမှုတော်၌ ကြိုးစားသောအမျိုးသမီးများ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၆/၁၅ စာ. ၁၇-၂၂

ကျန်းခံ့သောသွန်သင်ခြင်းကို သင့်ဘဝလမ်းစဉ်ဖြစ်စေပါ

“ဘုရားဝတ်၌မွေ့လျော်ခြင်းမူကား . . . အရာရာ၌ အကျိုးကို ပေးတတ်သည်။”—၁ တိမောသေ ၄:၈။

၁၊ ၂။ မိမိတို့၏ကျန်းမာရေးအတွက် အဘယ်အတိုင်းအတာအထိ လူတို့ စိုးရိမ်တတ်ကြသနည်း။ အဘယ်အကျိုးဖြစ်ထွန်းသနည်း။

ဘဝတွင် တန်ဖိုးအရှိဆုံးပစ္စည်းများအနက် ကျန်းမာရေးကောင်းခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်ဟု လူအများအလွယ်တကူသဘောတူ ကြမည်။ ကျန်းမာရေးအတွက် အချိန်နှင့်ငွေများစွာ အကုန်ခံကာ လိုအပ်လာလျှင် လိုအပ်သလို သင့်လျော်သောဆေးဝါးကုသမှုရရှိရေးသေချာရန်လုပ်ဆောင်ထားကြပါသည်။ ဥပမာ၊ အမေရိကန်နိုင်ငံတွင် မကြာမီနှစ်အတွက် နှစ်ပတ်လည်ကျန်းမာရေးစောင့်ရှောက်မှုစရိတ်မှာ ဒေါ်လာဘီလီယံ ၉၀၀ ကျော်ရှိခဲ့သည်။ ယင်းသည် ထိုနိုင်ငံရှိ ယောက်ျား၊ မိန်းမ နှင့် ကလေးတစ်ဦးစီအတွက် တစ်နှစ်လျှင် ဒေါ်လာ ၃,၀၀၀ ကျော်ကျသင့်၍ အခြားဖွံ့ဖြိုးသောနိုင်ငံများရှိ တစ်ဦးစီ၏စရိတ်သည်လည်း ယင်းထက်မနည်းပေ။

၂ အချိန်သော်လည်းကောင်း၊ ခွန်အားသော်လည်းကောင်း၊ ငွေသော်လည်းကောင်း အကုန်ခံခြင်းက အဘယ်အကျိုးကို ဖြစ်ထွန်းစေခဲ့ပြီနည်း။ ခြုံငုံကြည့်သော် သမိုင်းတွင်ယနေ့ ဆေးဝါးဆိုင်ရာ ကိရိယာများနှင့်လိုအပ်ရာများသည် တစ်ချိန်တစ်ခါနှင့်မျှမတူအောင် ပိုမိုတိုးတက်များပြားနေသည်ကို မည်သူမျှ ငြင်းဆိုမည်မဟုတ်ပါ။ သို့ဖြစ်၍ပင် ယင်းကြောင့် အလိုအလျောက်ကျန်းမာလာစရာအကြောင်းမရှိပါ။ အမှန်မှာ၊ အမေရိကန်နိုင်ငံအတွက် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တစ်ခုကို အဆိုတင်သွင်းရန် အကြမ်းဖျင်းဖော်ပြရာတွင် သမ္မတက “ဤနိုင်ငံ၏ အကြမ်းဖက်မှုစရိတ်သည် အဆမတန်ပိုများ” သည့်အပြင် အမေရိကန်နိုင်ငံသားများသည် အခြားမည်သည့်ဖွံ့ဖြိုးသောနိုင်ငံထက်မဆို “အေအိုင်ဒီအက်စ်ရှိသူများ၊ ဆေးလိပ်သောက်သူများ၊ အလွန်အကျွံ အရက်သောက်သူများ၊ ဆယ်ကျော်သက် ကိုယ်ဝန်ရသူများ၊ မွေးစကလေး၏ အလေးချိန် စံမမီနှုန်းများ ပိုများ” ကြောင်း တင်ပြပါသည်။ သူ၏ကောက်ချက်ကား အဘယ်နည်း။ “လူမျိုးတစ်မျိုးအနေနှင့် တကယ်ကျန်းခံ့လိုကြမည်ဆိုလျှင် ဘဝပုံစံကို ပြောင်းလဲကြဖို့လိုပြီ။”—ဂလာတိ ၆:၇၊ ၈။

ကျန်းခံ့သော ဘဝလမ်းစဉ်

၃။ ရှေးဂရိယဉ်ကျေးမှုကို ထောက်ရှု၍ ပေါလုသည် အဘယ်သြဝါဒကို ပေးခဲ့သနည်း။

၃ ပထမရာစုတွင် ဂရိလူမျိုးတို့သည် ကိုယ်လက်ကြံ့ခိုင်မှု၊ အချိုးအဆစ်ကျနမှုနှင့် ပြေးခုန်ပစ် အားကစားယှဉ်ပြိုင်မှုများအတွက် ဘဝကိုပေးဆက်ကြကြောင်း နာမည်ကျော်ကြားသည်။ ဤနောက်ခံကိုဆန့်ကျင်လျက် တမန်တော်ပေါလုသည် မှုတ်သွင်းခံခြင်းအားဖြင့် လူငယ်တိမောသေအား ဤသို့ရေးသားခဲ့သည်– “ကိုယ်ကာယကို ဆုံးမခြင်းသည် များစွာသောအကျိုးကို မပေးတတ်။ ဘုရားဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောင်ဘဝနှင့်စပ်ဆိုင်သော ကတိတော်ကို ရသည်။” (၁ တိမောသေ ၄:၈) ဤနည်းဖြင့် ယနေ့ လူအများ အသိအမှတ်ပြုနေကြသည့် ဆေးဝါးဆိုင်ရာ သို့မဟုတ် ကျန်းမာရေးကောင်းဖို့အတွက် ပြင်ဆင်ချက်ဆိုင်ရာ အစီအစဉ်များသည် တကယ်ကျန်းခံ့သော ဘဝလမ်းစဉ်ကို အာမမခံကြောင်း ပေါလုတင်ပြနေခြင်းဖြစ်သည်။ သို့သော် ဝိညာဉ်ရေးတိုးတက်ဖွံ့ဖြိုးမှုကို ပြုစုပေးခြင်းနှင့် ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် မရှိမဖြစ်ကြောင်း ပေါလုအသေအချာ မှာကြားပါသည်။

၄။ ဘုရားဝတ်၌မွေ့လျော်ခြင်းအကျိုးများကား အဘယ်နည်း။

၄ ဤသို့သောလမ်းစဉ်သည် “ယခုဘဝ” အတွက် အကျိုးရှိရခြင်းမှာ ဘုရားတရားမဲ့သူများ၊ သို့မဟုတ် “ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်” သူများ သူတို့ကိုယ်တိုင်အပေါ် သက်ရောက်စေသည့် ဘေးဥပဒ်ဖြစ်စေသောအရာများမှ အကာအကွယ်ပေးသည့်အတွက် ဖြစ်သည်။ (၂ တိမောသေ ၃:၅; သု. ၂၃:၂၉၊ ၃၀; လုကာ ၁၅:၁၁-၁၆; ၁ ကောရိန္သု ၆:၁၈; ၁ တိမောသေ ၆:၉၊ ၁၀) ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် မိမိတို့ဘဝကို ပုံသွင်းခံသောသူများသည် ဘုရားသခင်၏ ပညတ်နှင့် တောင်းဆိုချက်များကို သင့်လျော်မှန်ကန်စွာ တန်ဖိုးထားလေးစားသည်။ ယင်းက ကျန်းခံ့သောသွန်သင်ခြင်းကို မိမိတို့၏ဘဝလမ်းစဉ်ဖြစ်ရန်လှုံ့ဆော်ပါသည်။ ယင်းလမ်းစဉ်က သူတို့အား ဝိညာဉ်ရေးဘက်လည်းကောင်း၊ ကာယရေးဘက်လည်းကောင်း ကျန်းမာမှု၊ ရောင့်ရဲတင်းတိမ်မှုနှင့် ပျော်ရွှင်မှု ရှိစေသည်။ ထို့ပြင် သူတို့သည် “မှန်သောအသက်ကို ဝင်စားလိုသောငှာ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းဖူးခြင်းတို့ကို ပြု” စုနေကြပါသည်။—၁ တိမောသေ ၆:၁၉။

၅။ တိတုထံ ပေါလုရေးသော စာစောင်၏ဒုတိယအခန်းတွင် အဘယ်သွန်သင်ချက်များ ပေးခဲ့သနည်း။

၅ ဘုရားသခင့် ကျန်းခံ့သောသွန်သင်ခြင်း၏ လမ်းပြမှုကို လိုက်လျှောက်သော ဘဝလမ်းစဉ်သည် ယခုနှင့်နောင်တွင် ဤသို့သောကောင်းချီးများကို ခံစားစေသဖြင့် ဘုရားသခင်၏ကျန်းခံ့သောသွန်သင်ခြင်းကို အဘယ်နည်းဖြင့် ကျွန်ုပ်တို့၏ဘဝလမ်းစဉ် ဖြစ်စေနိုင်ကြောင်း လက်တွေ့ကျကျ သိရှိထားရန် လိုအပ်သည်။ တိတုထံ တမန်တော်ပေါလုရေးသားသောစာစောင်တွင် အဖြေပါသည်။ “ကျန်းခံ့ရေးဒေသနာနှင့် ထိုက်လျော်စွာ ဆုံးမ” ရန် တိတုအား မှာကြားထားသည့် ထိုစာစောင်၏ ဒုတိယအခန်းကို အထူးဂရုပြုကြမည်။ ကျွန်ုပ်တို့အားလုံး ကြီးသည်ငယ်သည်မရွေး၊ ယောက်ျား၊ မိန်းမမဆို ဤ “ကျန်းခံ့ရေးဒေသနာ” မှ အကျိုးခံစားနိုင်ပါသည်။—တိတု ၁:၄၊ ၅; ၂:၁၊ သမ။

အသက်ကြီးရင့်သော ယောက်ျားတို့အတွက် ဩဝါဒ

၆။ “အသက်ကြီးရင့်သောယောက်ျားများ” အား အဘယ်သြဝါဒကို ပေါလုပေးခဲ့သနည်း။ ထိုသို့ပြောဆိုခြင်းသည် အဘယ်ကြောင့် ကြင်နာမှုပြရာဖြစ်သနည်း။

၆ ဦးဆုံးအနေနှင့် အသင်းတော်ရှိ အသက်ကြီးသောယောက်ျားများအတွက် ဆုံးမသြဝါဒကို ပေါလုပေးခဲ့သည်။ တိတု ၂:၂ ကိုကျေးဇူးပြု၍ ဖတ်ပါ။ “အသက်ကြီးရင့်သောယောက်ျားတို့” သည် အဖွဲ့လိုက် ဂုဏ်တင်ချီးမွမ်းခံရ၍ ယုံကြည်ခြင်းနှင့် သစ္စာရှိခြင်း ပုံသက်သေကောင်းများအဖြစ် လေးစားတန်ဖိုးထားခံကြရသည်။ (ဝတ်ပြုရာ ၁၉:၃၂; သု. ၁၆:၃၁) ယင်းကြောင့် အလွန်အမင်းအရေးမကြီးလှသည့်ကိစ္စများနှင့်စပ်လျဉ်း၍ အကြီးအကဲများကို အခြားသူများသည် ဩဝါဒပေးခြင်း၊ သို့မဟုတ် အကြံပေးခြင်းကို မပြုဝံ့ကြပါ။ (ယောဘ ၃၂:၆၊ ၇; ၁ တိမောသေ ၅:၁) ထို့ကြောင့် အကြီးအကဲများကို ပေါလုဦးစွာသြဝါဒပေးခြင်းသည် ကြင်နာမှုပြရာရောက်သည်။ သူတို့သည်လည်း ပေါလု၏စကားကို နှလုံးပိုက်ကျုံး၍ ပေါလုနည်းတူ အတုယူလောက်သူများဖြစ်ကြရန် သေချာသင့်ပါသည်။—၁ ကောရိန္သု ၁၁:၁; ဖိလိပ္ပိ ၃:၁၇။

၇၊ ၈။ (က) “သမ္မာသတိရှိခြင်း” တွင် အဘယ်အရာပါဝင်သနည်း။ (ခ) “အလေးအနက်သဘောထား” ခြင်းကို “လျောက်ပတ်စွာကျင့်” ခြင်းနှင့် အဘယ်ကြောင့် ဟန်ချက်ညီစေရမည်နည်း။

၇ အသက်ကြီးရင့်သော ခရစ်ယာန်ယောက်ျားများသည် ဦးဆုံး “သမ္မာသတိရှိသောသူ” ဖြစ်ကြရမည်ဖြစ်သည်။ မူရင်းစကားလုံးသည် သောက်စားခြင်းအကျင့် (“အသောက်မကြူးခြင်း” နိုင်ငံတော်ကြားညှပ်) ကိုရည်ညွှန်းမည်ဖြစ်သော်လည်း သတိရှိခြင်း၊ ခေါင်းရှင်းခြင်း၊ သို့မဟုတ် စိတ်မပျံ့လွင့်ခြင်းသဘောကိုလည်း ဖော်ပြသည်။ (၂ တိမောသေ ၄:၅; ၁ ပေတရု ၁:၁၃) သို့ဖြစ်သောကြောင့် အကြီးအကဲသည် သောက်စားသည့်အခါဖြစ်စေ၊ အခြားကိစ္စများတွင်ဖြစ်စေ တော်သင့်ရုံဖြစ်ရမည်၊ အလွန်အကျွံ သို့မဟုတ် တစ်ဖက်စောင်းနင်း ပြုမူသည့်အကျင့် မရှိသင့်ပါ။

၈ ထို့နောက် သူတို့သည် “အလေးအနက်သဘောထား” ၍ “လျောက်ပတ်စွာကျင့်သောသူ” များလည်း ဖြစ်ရမည်။ အလေးအနက်သဘောထားခြင်း သို့မဟုတ် ဂုဏ်ကျက်သရေရှိခြင်း၊ ကြည်ညိုလေးစားခံထိုက်ခြင်း၊ ရိုသေခံထိုက်ခြင်းငှာ များသောအားဖြင့် အသက်အရွယ်ကြီးရင့်လာခြင်းနှင့် ဒွန်တွဲလာပါသည်။ သို့သော် အချို့သူများမူကား အလွန်အမင်းအလေးအနက်သဘောထားကာ လူငယ်တို့၏ သွက်လက်သောလမ်းစဉ်များကို သည်းမခံနိုင်ဘဲ ဖြစ်လာပေမည်။ (သု. ၂၀:၂၉) ယင်းကြောင့် “အလေးအနက်သဘောထားခြင်း” ကို “လျောက်ပတ်စွာကျင့်ခြင်း” နှင့်မျှတစေရမည်ဖြစ်သည်။ အသက်ကြီးသူသည် အသက်အရွယ်နှင့်အညီ အလေးအနက်သဘောထားရမည်။ တစ်ပြိုင်တည်းတွင် မျှတမှုရှိပြီး သူတို့၏ခံစားချက်များနှင့် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်သူဖြစ်ရမည်။

၉။ အသက်ကြီးသောယောက်ျားများသည် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အထူးသဖြင့် သည်းခံခြင်း၌ အဘယ်ကြောင့်စိတ်သန်သောသူများ ဖြစ်ကြရမည်နည်း။

၉ နောက်ဆုံးအနေနှင့် အသက်ကြီးသောယောက်ျားများသည် “ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၌ စိတ်သန်သောသူ” ဖြစ်ကြရမည်။ ပေါလု၏စာစောင်များတွင် ယုံကြည်ခြင်းနှင့်ချစ်ခြင်းကို မျှော်လင့်ခြင်းနှင့် ကြိမ်ဖန်များစွာ တွဲဖက်ထားပါသည်။ (၁ ကောရိန္သု ၁၃:၁၃; ၁ သက်သာလောနိတ် ၁:၃; ၅:၈) ဤတွင် “မျှော်လင့်ခြင်း” ကို “သည်းခံခြင်း” နှင့် သူအစားထိုးခဲ့သည်။ အသက်အရွယ်ကြီးရင့်လာသည့်အလျောက် လက်မြှောက်အရှုံးပေးတတ်သောသဘော လွယ်လင့်တကူ ဝင်လာတတ်၍ ဖြစ်ကောင်းဖြစ်ပေမည်။ (ဒေသနာ ၁၂:၁) သို့ရာတွင် ယေရှုညွှန်ပြခဲ့သည့်အတိုင်းပင် “အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (မဿဲ ၂၄:၁၃) ထို့ပြင် အသက်ကြီးရင့်သူများသည် အခြားသူများ အတုယူလောက်သောပုံသက်သေများ ဖြစ်ရခြင်းကား သူတို့၏အသက်အရွယ်၊ သို့မဟုတ် အတွေ့အကြုံကြောင့်သာမဟုတ်ဘဲ သူတို့၏ကြံ့ခိုင်သော ဝိညာဏအရည်အချင်းများ—ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့ကြောင့် ဖြစ်သည်။

အသက်ကြီးရင့်သောမိန်းမတို့အတွက်

၁၀။ အသင်းတော်ရှိ “အသက်ကြီးရင့်သောမိန်းမများ” အား အဘယ်သြဝါဒကို ပေါလုပေးခဲ့သနည်း။

၁၀ ထို့နောက် အသင်းတော်ရှိ အသက်ကြီးရင့်သောမိန်းမများဘက်သို့ ပေါလုအာရုံလှည့်လိုက်သည်။ တိတု ၂:၃ ကိုကျေးဇူးပြု၍ ဖတ်ပါ။ “အသက်ကြီးရင့်သောမိန်းမတို့သည်” အသင်းတော်ရှိအမျိုးသမီးများတွင် ဝါရင့်အသင်းသားများဖြစ်ကြပြီး “အသက်ကြီးသောယောက်ျားတို့” ၏ဇနီးသည်များအပါအဝင် အခြားအသင်းသားများ၏ မိခင်များနှင့် ဖွားအေများပါဝင်ပါသည်။ ထိုသို့ဖြစ်၍ သူတို့သည် ကောင်းကျိုး သို့မဟုတ် ဆိုးကျိုးအတွက် အတော်အတန်သြဇာရှိနိုင်ပါသည်။ ယင်းကြောင့်လည်း ပေါလုက “ထိုးနည်းတူ” ဟူသောစကားဖြင့် နိဒါန်းပျိုးခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ “အသက်ကြီးရင့်သောမိန်းမတို့” လည်း အသင်းတော်၌ မိမိတို့ကဏ္ဍကိုဖြည့်စွက်နိုင်ရန် နေထိုင်သွားရမည့် တာဝန်ဝတ္တရားများရှိလေသည်။

၁၁။ ဓမ္မအမှုနှင့် ထိုက်တန်သော ကျင့်ကြံပြုမူမှုကား အဘယ်နည်း။

၁၁ ဦးဆုံး၊ အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့် ထိုက်တန်သောသူ” ဖြစ်ရမည်ဟု ပေါလုပြောသည်။ “ကျင့်ကြံပြုမူရာ” သည်တစ်ဦးတစ်ယောက်၏ အတွင်းစိတ်သဘော၊ သူ၏ဥပဓိရုပ်ဆိုင်ရာ အပြင်ပန်းဖော်ပြချက်ဖြစ်၍ သူ၏အပြုအမူ၊ အသွင်အပြင်တွင် ထင်ရှားပေါ်လွင်သည်။ (မဿဲ ၁၂:၃၄၊ ၃၅) ထို့ကြောင့် အသက်ကြီးရင့်သော ခရစ်ယာန်မိန်းမ၏ သဘောထား သို့မဟုတ် ဥပဓိရုပ်သည် မည်သို့ဖြစ်သင့်သနည်း။ စကားတစ်ခွန်းတည်းနှင့်ဆိုလျှင် “ဓမ္မအမှုနှင့်ထိုက်တန်” ရမည်ဖြစ်သည်။ ယင်းကို “ဘုရားသခင်ထံ ဆက်ကပ်ထားသည့်ပုဂ္ဂိုလ်များ၊ အပြုအမူများ သို့မဟုတ် အရာများနှင့်ထိုက်တန်သည့်အရာ” အဓိပ္ပာယ်ရှိသော ဂရိစကားလုံးမှ ပြန်ဆိုထားခြင်းဖြစ်သည်။ အသင်းတော်ရှိ အထူးသဖြင့် အသက်ပျိုသောမိန်းမများကို သူတို့သြဇာလွှမ်းမိုးနိုင်ခြင်းကိုထောက်၍ ဤသြဝါဒသည် အမှန်တကယ်ပင် လျောက်ပတ်ပေသည်။—၁ တိမောသေ ၂:၉၊ ၁၀။

၁၂။ လျှာကို အဘယ်နည်းဖြင့်အလွဲသုံးစားပြုခြင်းကို အားလုံး ရှောင်သင့်သနည်း။

၁၂ ဆက်လက်၍ မလုပ်သင့်ရာနှစ်ခုကို ဖော်ပြသည်– “မချောစားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကြူးတတ်သောသူ” ဖြစ်ရမည်။ ယင်းတို့နှစ်ခုကို တွဲဖက်ဖော်ပြထားခြင်းသည် စိတ်ဝင်စားစရာပင်ဖြစ်သည်။ “ရှေးခေတ်က အဖျော်ယမကာအဖြစ် စပျစ်ရည်ကိုသာ အသုံးပြုလေ့ရှိခဲ့ရာ အသက်ကြီးရင့်သောမိန်းမများသည် သူတို့၏စပျစ်ရည်ပါတီပွဲလေးများတွင် အချင်းချင်းနာမည်ကိုဖျက်တတ်ကြပါသည်” ဟုပါမောက္ခအီး. အက်ဖ်. စကော့တ်ဆိုသည်။ ယောက်ျားများထက် မိန်းမများသည် အများအားဖြင့် လူတို့ကိုစိတ်ဝင်စားတတ်ကြခြင်းသည် ချီးမွမ်းစရာဖြစ်သည်။ သို့ဖြစ်သော်လည်း စိတ်ဝင်စားမှုမှ အတင်းပြောဆိုမှုနှင့် အထူးသဖြင့် သောက်စားထားသည့်အခါ လျှာကိုမထိမ်းသိန်းနိုင်လျှင် အသရေဖျက်မှုအထိ ဖြစ်သွားနိုင်ပါသည်။ (သု. ၂၃:၃၃) ကျန်းခံ့သောဘဝလမ်းစဉ်ကို လိုက်လျှောက်နေသူ၊ ယောက်ျား၊ မိန်းမအားလုံးတို့သည် ဤကျော့ကွင်းကို ကောင်းစွာသတိထားရသည်ကား အမှန်တကယ်ပင်ဖြစ်သည်။

၁၃။ အသက်ကြီးရင့်သောမိန်းမများသည် အဘယ်နည်းများဖြင့် သင်ပေးသူများ ဖြစ်နိုင်သနည်း။

၁၃ ရရှိသောအချိန်ကို တည်ဆောက်မှုပေးသောနည်းလမ်းအတွက် အသုံးပြုရန် အသက်ကြီးသောမိန်းမများသည် “ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ” များဖြစ်ရန် တိုက်တွန်းခံကြရသည်။ အခြားတစ်နေရာတွင် မိန်းမတို့သည် အသင်းတော်၌ သွန်သင်သူများမဖြစ်ရဟု ရှင်းလင်းပြတ်သားသော ညွှန်ကြားချက် ပေါလုပေးခဲ့သည်။ (၁ ကောရိန္သု ၁၄:၃၄; ၁ တိမောသေ ၂:၁၂) သို့ရာတွင် ယင်းက မိမိတို့အိမ်တွင်းနှင့် လူထုရှေ့ တန်ဖိုးရှိအသိပညာ ဝေမျှခြင်းကို ပိတ်ပင်မထားပါ။ (၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅) အသင်းတော်ရှိ အသက်ပျိုသောမိန်းမတို့အတွက် ခရစ်ယာန်ပုံသက်သေကောင်း တင်ပြခြင်းအားဖြင့်လည်း သူတို့အကျိုးများစွာပြုနိုင်ကြောင်း နောက်ဆက်တွဲအခန်းငယ်များက ဖော်ပြသည်။

အသက်ပျိုသောမိန်းမများအတွက်

၁၄။ အသက်ပျိုသောမိန်းမများသည် မိမိတို့တာဝန်ကို ဆောင်ရွက်ရာတွင် မျှတသောသဘောရှိကြောင်း မည်သို့တင်ပြနိုင်သနည်း။

၁၄ အသက်ကြီးသောမိန်းမများသည် “ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ” များဖြစ်ကြရန် အားပေးရာတွင် အသက်ပျိုသောမိန်းမများကို ပေါလုအထူးဖော်ပြသည်။ တိတု ၂:၄၊ ၅ ကိုကျေးဇူးပြု၍ ဖတ်ပါ။ အိမ်တွင်းမှုနှင့်ပတ်သက်သောကိစ္စများကို အများဆုံးသွန်သင်ပေးစဉ် အသက်ပျိုသောခရစ်ယာန်အမျိုးသမီးများသည် တစ်ဖက်ကမ်းလွန်၍ ရုပ်ပစ္စည်းဆိုင်ရာပူပန်မှုများကို သူတို့၏အသက်တာအပေါ်လွှမ်းမိုးခွင့်ပြုကြဖို့မဟုတ်ပါ။ ထိုသို့ဖြစ်မည့်အစား “ဘုရားသခင့်နှုတ်ကပါဌ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့်ကင်းလွတ်စိမ့်သောငှာ” သူတို့သည် “လျောက်ပတ်စွာကျင့်သောသူ၊ (ကဘ) စင်ကြယ်သောသူ၊ . . . ကောင်းမွန်သောသူ” များဖြစ်ကြပြီး ထိုထက်မက ခရစ်ယာန်ဦးစီးမှုအစီအစဉ်ကို ထောက်ခံအားပေးရန် အသင့်ရှိသူများ ဖြစ်ကြရမည်။

၁၅။ အသင်းတော်များရှိ အသက်ပျိုသောမိန်းမများစွာကို အဘယ်ကြောင့် ချီးကျူးထိုက်သနည်း။

၁၅ ယနေ့ မိသားစုဖြစ်အင်သည် ပေါလုခေတ်နှင့် အလွန်ခြားနားသည်။ မိသားစုအများသည် ယုံကြည်ခြင်းတွင်ကွဲပြားကြသည်။ အချို့တွင်မူကား ကြင်ဖော်မဲ့မိဘသာရှိသည်။ ရိုးရာထုံးစံအရဖြစ်သော မိသားစုများဟု ဆိုသည့်အိမ်ထောင်များတွင်ပင် အိမ်တွင်းရေးကို အချိန်ပြည့်လုပ်ကိုင်သော ဇနီးဖြစ်သူ၊ သို့မဟုတ် မိခင်အလွန်နည်းသည်။ ယင်းတို့က အသက်ပျိုသောခရစ်ယာန်မိန်းမများအတွက် ကြီးလေးသော ဖိအားနှင့်တာဝန်ဝတ္တရားဖြစ်စေသော်လည်း ယင်းကြောင့် သူတို့၏ ကျမ်းပေးတာဝန်များမှ လွတ်ငြိမ်းစေသည်မဟုတ်ပါ။ ထိုကြောင့် သစ္စာရှိအသက်ပျိုသောမိန်းမ မြောက်မြားစွာတို့သည် သူတို့၏တာဝန်များနှင့် ဘုရားသခင့်နိုင်ငံတော်မှုရေးကိစ္စများကို ရှေ့ဦးထားရန် ကြိုးစားနေကြသည်ကို တွေ့ရှိရခြင်းသည် အလွန်ဝမ်းသာစရာပင်ဖြစ်သည်။ အချို့ဆိုလျှင် အရန် သို့မဟုတ် မှန်မှန်ရှေ့ဆောင်များအနေနှင့် အချိန်ပြည့်ဓမ္မအမှုကိုပင် ဆောင်ရွက်နိုင်ကြပါသည်။ (မဿဲ ၆:၃၃) သူတို့ကို အမှန်တကယ်ပင် ချီးကျူးထိုက်ပေသည်!

အသက်ပျိုသောယောက်ျားများအတွက်

၁၆။ အသက်ပျိုသော ယောက်ျားများအား ပေါလု အဘယ်သြဝါဒပေးခဲ့သနည်း။ ယင်းသည် အဘယ်ကြောင့် အခန့်သင့်ဖြစ်သနည်း။

၁၆ ထို့နောက် တိတုအပါအဝင် အသက်ပျိုသောယောက်ျားများအတွက် ဩဝါဒကို ပေါလုပေးပါသည်။ တိတု ၂:၆-၈ ကိုကျေးဇူးပြု၍ ဖတ်ပါ။ ယနေ့လူငယ်များစွာတို့၏ တာဝန်မသိတတ်၍ ပျက်စီးသောလမ်းစဉ်—ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် အရက်အလွဲသုံးခြင်း၊ မတရားမေထုန်ပြုခြင်းနှင့် ကြမ်းတမ်းသောအားကစားခြင်း၊ ယုတ်ညံ့သောတေးဂီတနှင့် အပန်းဖြေမှု အစရှိသည့် အခြားလောကီဆန်သော ဝါသနာများ—ကိုထောက်ရှုလျှင် ယင်းသြဝါဒသည် ကျန်းခံ့၍ ကျေနပ်ဖွယ် ဘဝလမ်းစဉ်ကို လိုက်လျှောက်လိုသော ခရစ်ယာန်လူငယ်များအတွက် အမှန်တကယ်ပင် အခန့်သင့်အကြံဉာဏ်ဖြစ်ပါသည်။

၁၇။ အသက်ပျိုသော ယောက်ျားတစ်ဦးသည် “လျောက်ပတ်စွာကျင့်သောသူ” “ကောင်းသောအကျင့်တို့၏ပုံသက်သေကို ကိုယ်တိုင်ပြ” သောသူ မည်သို့ဖြစ်လာနိုင်သနည်း။

၁၇ ဤလောကရှိ လူငယ်များနှင့်မတူဘဲ အသက်ပျိုသောခရစ်ယာန်ယောက်ျားတစ်ဦးသည် “လျောက်ပတ်စွာကျင့်သောသူ၊ (ကဘ) အရာရာ၌ ကောင်းသောအကျင့်တို့၏ပုံသက်သေကို ကိုယ်တိုင်ပြ” သောသူဖြစ်သင့်သည်။ လေ့လာရုံလေ့လာသူမဟုတ်ဘဲ “ကိုယ့်အာရုံများကိုအသုံးပြုသဖြင့် ကောင်းမကောင်းကိုပိုင်းခြားသိမြင်တတ်သော” သူများသည် လျောက်ပတ်စွာကျင့်ကြံသည့် ရင့်ကျက်သောသဘောကို ရရှိထားကြောင်း ပေါလုရှင်းပြပါသည်။ (ဟေဗြဲ ၅:၁၄၊ ကဘ) အတ္တဆန်သောဝါသနာများကို လိုက်စားခြင်း၌ ခွန်အားစိုက်ထုတ်နေမည့်အစား ခရစ်ယာန်အသင်းတော်ရှိ တာဝန်များစွာကို အပြည့်အဝထမ်းဆောင်ခြင်း၌ မိမိတို့ အချိန်နှင့်ခွန်အားကို အသုံးပြုကြသော အသက်ပျိုသည့်လူငယ်များကို တွေ့ရှိရခြင်းသည် အလွန်ဝမ်းသာစရာပင်ဖြစ်သည်! ယင်းသို့ပြုခြင်းဖြင့် သူတို့သည် တိတုနည်းတူ ခရစ်ယာန်အသင်းတော်တွင် “ကောင်းသောအကျင့်တို့၏ပုံသက်သေ” ဖြစ်လာနိုင်ကြသည်။—၁ တိမောသေ ၄:၁၂။

၁၈။ ဆုံးမသြဝါဒပေးသောအခါ မိစ္ဆာဒိဌိနှင့်ကင်းခြင်း၊ ပြုမူကျင့်ကြံပုံတွင် တည်ကြည်ခြင်း၊ စင်ကြယ်သောတရားစကားကို ပြောခြင်းတို့ကား အဘယ်နည်း။

၁၈ “ဆုံးမသြဝါဒပေးသောအခါ မိစ္ဆာဒိဌိနှင့်ကင်းခြင်း၊ တည်ကြည်ခြင်း၊ အပြစ်တင်ဖွယ်မရှိ၊ စင်ကြယ်သောတရားစကားကို ဟောပြောခြင်းတို့ကိုပြု” သင့်သည်ဟု အသက်ပျိုသောယောက်ျားများအား သတိပေးထားသည်။ “မိစ္ဆာဒိဌိနှင့်ကင်း” သောဆုံးမသြဝါဒသည် ဘုရားသခင့်နှုတ်ကပါဌ်တော်အပေါ် စွဲမြဲစွာအခြေပြုရမည်; သို့ဖြစ်၍ အသက်ပျိုသောယောက်ျားတို့သည် ကျမ်းစာကို အပတ်တကုတ်လေ့လာသူများ ဖြစ်ကြရမည်။ အသက်ကြီးရင့်သော ယောက်ျားများကဲ့သို့ပင် အသက်ပျိုသောယောက်ျားတို့သည်လည်း တည်ကြည်ကြရမည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ဓမ္မအမှုဆောင်တစ်ဦးဖြစ်ခြင်းသည် ကြီးလေးသောတာဝန်ဖြစ်ကြောင်း အသိအမှတ်ပြုကာ “ဧဝံဂေလိတရားနှင့်အထိုက်အလျောက်” ပြုမူကျင့်ကြံကြရမည်။ (ဖိလိပ္ပိ ၁:၂၇) အလားတူစွာ အတိုက်အခံပြုသူများက အပြစ်တင်စရာမရှိစေခြင်းငှာ “အပြစ်တင်ဖွယ်မရှိ စင်ကြယ်သော” စကားကို ပြောဆိုနေရမည်။—၂ ကောရိန္သု ၆:၃; ၁ ပေတရု ၂:၁၂၊ ၁၅။

အစေခံကျွန်တို့အတွက်

၁၉၊ ၂၀။ သူတစ်ပါး၏လုပ်ငန်းကို လုပ်ကိုင်ပေးရသူများသည် အဘယ်နည်းဖြင့် “အရှင်ဘုရားသခင်၏ ဩဝါဒကို အရာရာ၌ တန်ဆာဆင်” နိုင်မည်နည်း။

၁၉ နောက်ဆုံးအနေနှင့် အခြားသူများ၏လုပ်ငန်းတွင် ဝင်လုပ်နေသူများအား ပေါလုသြဝါဒပေးပါသည်။ တိတု ၂:၉၊ ၁၀ ကိုကျေးဇူးပြု၍ ဖတ်ပါ။ ယနေ့ ကျွန်ုပ်တို့အများအပြားသည် အစေခံကျွန်များ မဟုတ်ကြပါ။ သို့သော် သူတစ်ပါး၏ လုပ်ငန်းခွင်တွင် အလုပ်ဝင်လုပ်သူ၊ အလုပ်သမား မြောက်မြားစွာရှိသည်။ ထို့ကြောင့် ပေါလုတင်ပြခဲ့သော ဤမူများသည် ယနေ့လည်း ကောင်းစွာသက်ဆိုင်နေပါသည်။

၂၀ “အရာရာ၌ သခင်၏အလိုသို့လိုက်” ရန်ခရစ်ယာန်အလုပ်သမားများသည် သူတို့၏အလုပ်ရှင်နှင့် ကြီးကြပ်သူများကို အမှန်တကယ်ရိုသေလေးစားကြရမည်။ (ကောလောသဲ ၃:၂၂) ရိုးသားသောအလုပ်သမားများအနေနှင့် အလုပ်ရှင် ရသင့်ရထိုက်သော တစ်နေ့တာလုပ်ငန်းကို အပြည့်အဝဆောင်ရွက်သူများဖြစ်ကြောင်း နာမည်ကောင်းရှိသူများ ဖြစ်ကြရမည်။ အလုပ်ခွင်ရှိ အခြားသူများ၏အပြုအမူသည် မည်သို့ပင်ရှိစေကာမူ သူတို့သည် မြင့်မားသောခရစ်ယာန်စံချိန်အတိုင်း ပြုမူကျင့်ကြံနေကြရမည်။ ယင်းသို့ပြုရခြင်းသည် “အရှင်ဘုရားသခင်၏ ဩဝါဒကို အရာရာ၌ တန်ဆာဆင်ခြင်းငှာ” ဖြစ်သည်။ သက်သေခံ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် အလုပ်သမားများ၏ ကောင်းသောအကျင့်ကို တွေ့မြင်သူများသည် သမ္မာတရားကို လက်သင့်ခံသည့်ဝမ်းသာစရာသတင်းများကို မကြာခဏကြားသိနေကြရပါသည်တကား! ယင်းသည် လုပ်ငန်းခွင်တွင်ပင် ကျန်းခံ့သောသွန်သင်ခြင်းကို လိုက်နာသူများအပေါ် ယေဟောဝါပေးသနားသည့်ဆုကျေးဇူးဖြစ်သည်။—ဧဖက် ၆:၇၊ ၈။

သန့်စင်ထားသော လူမျိုးတစ်မျိုး

၂၁။ ကျန်းခံ့သောသွန်သင်ခြင်းကို ယေဟောဝါ အဘယ်ကြောင့်ပေးထားတော်မူသနည်း။ ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။

၂၁ ပေါလုတင်ပြသည့် ကျန်းခံ့သောသွန်သင်ခြင်းသည် ကျွန်ုပ်တို့လိုသလိုလှန်လှောကြည့်ရှုရန် မူဝါဒဆိုင်ရာ ကျင့်ဝတ်ထုံးနည်း သို့မဟုတ် ကိုယ်ကျင့်တရားမျှသာမဟုတ်ပါ။ ယင်း၏ရည်ရွယ်ချက်ကို ပေါလုဆက်လက်ရှင်းပြပါသည်။ တိတု ၂:၁၁၊ ၁၂ ကိုကျေးဇူးပြု၍ ဖတ်ပါ။ ဤခဲယဉ်းဆိုးယုတ်သောကာလတွင် ရည်ရွယ်ချက်အပြည့်၊ ကျေနပ်မှုရှိရှိ နေထိုင်နိုင်ရန် ကျန်းခံ့သောသွန်သင်ခြင်းကို ယေဟောဝါဘုရားသခင်သည် မခံစားထိုက်သော မေတ္တာကရုဏာတော်ကြောင့် ကျွန်ုပ်တို့အား ပေးသနားထားတော်မူပြီ။ ကျန်းခံ့သောသွန်သင်ခြင်းကို သင့်ဘဝလမ်းစဉ်ဖြစ်စေရန် ယင်းကိုတလိုတလားလက်ခံနေပါသလော။ ထိုသို့ပြုလုပ်လျှင် အသင်ကယ်တင်ခြင်းရလိမ့်မည်။

၂၂၊ ၂၃။ ကျန်းခံ့သောသွန်သင်ခြင်းကို ကျွန်ုပ်တို့ဘဝလမ်းစဉ်ဖြစ်စေခြင်းအားဖြင့် အဘယ်ကောင်းချီးများကို ကျွန်ုပ်တို့ရိတ်သိမ်းရသနည်း။

၂၂ ထိုထက်ကား ကျန်းခံ့သောသွန်သင်ခြင်းကို ကျွန်ုပ်တို့၏ဘဝလမ်းစဉ်ဖြစ်စေခြင်းဖြင့် ယခုပင် အခွင့်ထူးရရှိစေ၍ အနာဂတ်တွင် ပျော်ရွှင်သာယာသောမျှော်လင့်ချက် ရှိစေလိမ့်မည်။ တိတု ၂:၁၃၊ ၁၄ ကိုကျေးဇူးပြု၍ ဖတ်ပါ။ ကျန်းခံ့သောသွန်သင်ခြင်းကို ကျွန်ုပ်တို့ဘဝလမ်းစဉ်ဖြစ်စေခြင်းသည် သန့်စင်ထားသောလူမျိုးတစ်မျိုးအနေနှင့် ဤယိုယွင်းပျက်ပြား၊ အသက်ငင်နေသောလောကကြီးနှင့် ကျွန်ုပ်တို့ လုံးဝမတူကြောင်း ခွဲခြားသတ်မှတ်ပေးသည်။ ပေါလု၏စကားများသည် သိနာတွင် ဣသရေလသားတို့အား မောရှေပြောဆိုခဲ့သောသတိပေးချက်များနှင့် ထပ်တူထပ်မျှဖြစ်သည်– “ထာဝရာဘုရားသည်လည်း ကတိထားတော်မူသမျှအတိုင်း သင်သည် ပညတ်တော်အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ အထူးသဖြင့် ကိုယ်တော်၏လူမျိုး ဖြစ်သည်ဟူ၍လည်းကောင်း၊ ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေကျော်စောကိတ္တိကို လွန်ကဲစေတော်မူမည်ဟူ၍လည်းကောင်း ကတိတော်ရှိသည်အတိုင်း သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်စေခြင်းငှာလည်းကောင်း ယနေ့ ဝန်ခံတော်မူပြီ။”—တရားဟောရာ ၂၆:၁၈၊ ၁၉။

၂၃ ကျန်းခံ့သောသွန်သင်ခြင်းကို ကျွန်ုပ်တို့ဘဝလမ်းစဉ်ဖြစ်စေခြင်းအားဖြင့် ယေဟောဝါ၏ သန့်စင်ထားသောလူမျိုးဖြစ်ခွင့်ရခြင်းကိုပင် အမြဲတန်ဖိုးထားကြပါစေ! ဘုရားတရားမဲ့မှုနှင့် လောကီတပ်မက်ခြင်းဟူသမျှကို ပယ်ရှားနိုင်ရန် အမြဲနိုးကြားနေပါ။ ဤနည်းဖြင့် ယနေ့ ယေဟောဝါ ဆောင်ရွက်စေတော်မူသော ကြီးမြတ်သည့်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်သူဖြစ်နိုင်ရန် အမြဲသန့်ရှင်းစင်ကြယ်နေပါ။—ကောလောသဲ ၁:၁၀။

သင်မှတ်မိသလော

◻ ဘုရားဝတ်၌မွေ့လျော်ခြင်းသည် အရာရာ၌ အဘယ်ကြောင့် အကျိုးပေးသနည်း။

◻ အသက်ကြီးရင့်သော ခရစ်ယာန်ယောက်ျား၊ မိန်းမများသည် ကျန်းခံ့သောသွန်သင်ခြင်းကို ဘဝလမ်းစဉ်အဖြစ် မည်သို့လိုက်နိုင်ကြမည်နည်း။

◻ အသင်းတော်ရှိ အသက်ပျိုသော ယောက်ျား၊ မိန်းမများအတွက် အဘယ်ကျန်းခံ့သောသွန်သင်ခြင်းကို ပေါလုပေးခဲ့သနည်း။

◻ ကျန်းခံ့သောသွန်သင်ခြင်းကို ကျွန်ုပ်တို့ဘဝလမ်းစဉ်ဖြစ်စေလျှင် အဘယ်အခွင့်အရေးနှင့် ကောင်းချီးကို ခံစားနိုင်မည်နည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယနေ့ များစွာသောသူတို့သည် တိတု ၂:၂-၄ ပါသြဝါဒကို ကျင့်သုံးနေကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ