အဘယ်ကြောင့်ခွင့်လွှတ်လိုစိတ်ရှိသင့်သနည်း
ဂျူးအမျိုးသား ကျမ်းပညာရှင်နှင့်စာရေးဆရာဖြစ်သူ ဂျိုးဇက်ဖ်ဂျေးကပ်ဘ်ဇ်က ခွင့်လွှတ်ခြင်းကို “ကိုယ်ကျင့်တရားဆိုင်ရာသင်ခန်းစာများထဲတွင် အဆင့်အမြင့်ဆုံးနှင့် အခက်ခဲဆုံး” ဟု ဖော်ပြခဲ့ဖူးသည်။ အလွန်မှန်ပါသည်၊ “ခင်ဗျားကိုကျွန်တော်ခွင့်လွှတ်ပါတယ်” ဟုပြောရန် လူများစွာတို့အတွက် အလွန်ခက်ခဲလှသည်။
ခွင့်လွှတ်ခြင်းသည် ငွေနှင့်အလားတူသည်။ ယင်းကို အခြားသူများအပေါ် လွပ်လပ်စွာနှင့် ကရုဏာသက်စွာအသုံးပြုနိုင်သကဲ့သို့ စေးနှဲစွာစုဆောင်းသိမ်းဆည်းထားနိုင်သည်။ ပထမတစ်နည်းမှာ ဘုရားသခင်၏နည်းလမ်းဖြစ်သည်။ ခွင့်လွှတ်ခြင်းနှင့်ပတ်သက်လာလျှင် ရက်ရက်ရောရောသုံးသည့် အလေ့အထကို ကျွန်ုပ်တို့ပြုစုပျိုးထောင်သင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းသို့ပြုရန် ဘုရားသခင်တိုက်တွန်းတော်မူသောကြောင့်နှင့် ခွင့်မလွှတ်တတ်သော လက်စားချေလိုသည့်သဘောသည် အခြေအနေပိုမိုဆိုးရွားအောင်သာ ဖြစ်စေသောကြောင့်ဖြစ်သည်။
“ငါဒေါသထွက်တာမဟုတ်ဘူး။ ကလဲ့စားချေတာ!” ဟုပြောဆိုသည်ကို မကြာခဏကြားရလေ့ရှိသည်။ ဝမ်းနည်းစရာကား ယင်းအဆိုသည် ယနေ့လူများစွာတို့အတွက် လမ်းညွှန်မူဝါဒဖြစ်နေခြင်းဖြစ်သည်။ ဥပမာ၊ အမျိုးသမီးတစ်ဦးသည် သူမ၏ယောင်းမဖြစ်သူနှင့် ခုနစ်နှစ်ကျော်စကားမပြောဘဲ နေလာရခြင်းမှာ သူမအပြောအရ “သူကျွန်မကို မတော်မတရားပြုလွန်းအားကြီးလို့ သူ့ကိုကျွန်မ ဘယ်တော့မှခွင့်မလွှတ်နိုင်ဘူး” ဟူ၍ဖြစ်သည်။ သို့သော် ပြစ်မှားသူထံမှ တောင်းပန်စကားကို မရမကဖျစ်ညှစ်ထုတ်ရန် သို့မဟုတ် သူအားဒဏ်ခတ်ရန် ထိုသို့ စကားမပြောဘဲဆန္ဒပြခြင်းကို ကိရိယာတစ်ခုအဖြစ်အသုံးပြုခြင်းက လက်စားချေလိုသည့်ဆန္ဒကို ပြေပျောက်စေနိုင်ခဲလှသည်။ ယင်းထက် ပဋိပက္ခကိုပို၍တာရှည်စေပြီး အငြိုးထားသည့်စိတ်ကို အစိုင်အခဲဖြစ်လာစေသည်။ ဤသို့ ယောက်ယက်ခတ်နေသောစိတ်သည် အတောမသတ်လျှင် လက်စားချေလိုစိတ်၏ အားကြီးသည့်ချုပ်ကိုင်မှုက ဆက်ဆံရေးနှင့် ကျန်းမာရေးကို ပျက်စီးစေနိုင်သည်။
ခွင့်မလွှတ်တတ်သောသဘော၏အန္တရာယ်
လူတစ်ဦးခွင့်လွှတ်လိုစိတ်မရှိသောအခါ ဖြစ်ပေါ်လာသောဆန့်ကျင်မှုက စိတ်ဒုက္ခရောက်စေသည်။ တစ်ဖန် စိတ်ဒုက္ခက အကြီးအကျယ်ဖျားနာမှုကို ဖြစ်ပေါ်စေနိုင်သည်။ ဒေါက်တာ ဝီလျန်အက်စ်စက်ဒလာ ဤသို့ရေးသားခဲ့သည်– “လူသားတို့၏ရောဂါဝေဒနာများ၏ ရာခိုင်နှုန်းအများစုကို ပူပန်မှု၊ ကြောက်ရွံ့မှု၊ ဆန့်ကျင်ဘက်ဖြစ်မှု . . . အကျိုးမပေးသည့်စဉ်းစားတွေးတောမှု၊ အနေအထိုင်မစင်ကြယ်မှုတို့အပေါ် တိုက်ရိုက်ခြေရာကောက်နိုင်ကြောင်း ဆရာဝန်တစ်ဦးလောက် အခြားမည်သူမျှ ပြည့်ပြည့်ဝဝနားမလည်ကြချေ။” သို့သော် စိတ်ပိုင်းဆိုင်ရာ ယောက်ယက်ခတ်ခြင်းသည် အမှန်အားဖြင့် မည်မျှဘေးအန္တရာယ်ဖြစ်စေနိုင်သနည်း။ ဆေးပညာစာအုပ်တစ်အုပ်က အဖြေပေးထားသည်– “စာရင်းဇယားများအရ . . . ဆရာဝန်တစ်ဦးထံသွားသော လူနာသုံးပုံနှစ်ပုံတို့သည် စိတ်ပိုင်းဆိုင်ရာဖိစီးမှုက ဖြစ်ပေါ်စေသော သို့မဟုတ် တိုး၍ဆိုးဝါးစေသော ရောဂါလက္ခဏာများကိုတွေ့ရကြောင်း ဖော်ပြထားသည်။”
မှန်ပါသည်၊ နာကြည်းခြင်း၊ အခဲမကြေဖြစ်ခြင်း၊ အာဃာတထားခြင်းတို့သည် မုချဘေးဖြစ်စေနိုင်သည်။ ထိုသို့ယိုယွင်းစေသည့် စိတ်လှုပ်ရှားမှုများသည် ကားတစ်စင်း၏ကိုယ်ထည်ကို တဖြည်းဖြည်းစားသွားသော သံချေးနှင့်တူသည်။ ထိုကားသည် အပေါ်ယံအားဖြင့် လှပနေနိုင်သော်လည်း အတွင်း၌ပျက်စီးယိုယွင်းလာနေသည်။
ထို့ထက်အရေးကြီးသည်ကား ကရုဏာပြရန်အကြောင်းရှိလျက်နှင့် ခွင့်လွှတ်ရန်ငြင်းဆန်ခြင်းသည်လည်း ကျွန်ုပ်တို့အား ဝိညာဉ်ရေးအရ အန္တရာယ်ဖြစ်စေနိုင်သည်။ ယေဟောဝါ၏အမြင်တွင် ကျွန်ုပ်တို့သည် ယေရှု၏ပုံဥပမာထဲမှကျွန်နှင့် တူသွားနိုင်သည်။ ထိုကျွန်အမြောက်အမြားတင်နေသော အကြွေးများကို သခင်ကပလပ်ပေးလိုက်သည်။ သို့သော် သူ၏ကျွန်ချင်းက အနည်းငယ်မျှသောအကြွေးကို ပလပ်ပေးရန်တောင်းပန်သောအခါ သူသည် ကြမ်းတမ်းစွာပြုမူပြီး ခွင့်မလွှတ်ဘဲနေသည်။ ကျွန်ုပ်တို့လည်း ထိုနည်းတူ ခွင့်လွှတ်လိုစိတ်မရှိပါက ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ရန် ယေဟောဝါငြင်းဆန်လိမ့်မည်ဖြစ်ကြောင်း ယေရှုရှင်းပြခဲ့သည်။ (မဿဲ ၁၈:၂၁-၃၅) ထို့ကြောင့် ကျွန်ုပ်တို့ခွင့်လွှတ်လိုစိတ်မရှိလျှင် ကျွန်ုပ်တို့၏ ဘုရားရှေ့စင်ကြယ်သောသြတ္တပ္ပစိတ်နှင့် အနာဂတ်မျှော်လင့်ချက်ပင် ပျောက်ဆုံးသွားနိုင်ပါသည်တကား! (၂ တိမောသေ ၁:၃ နှိုင်းယှဉ်။) သို့ဆိုလျှင် ကျွန်ုပ်တို့ဘာလုပ်နိုင်သနည်း။
ခွင့်လွှတ်တတ်ရန်သင်ယူပါ
စစ်မှန်သောခွင့်လွှတ်ခြင်းသည် နှလုံးသားမှပေါက်ဖွားလာရာဖြစ်သည်။ ယင်းတွင် ပြစ်မှားသူ၏အမှားများကို ခွင့်လွှတ်ခြင်းနှင့် လက်စားချေလိုသည့်ဆန္ဒကို စွန့်လွှတ်ခြင်းတို့ပါဝင်သည်။ သို့ပြုခြင်းဖြင့် နောက်ဆုံးတရားစီရင်ခြင်းနှင့် ဖြစ်နိုင်စရာရှိသည့်ပြစ်ဒဏ်ပေးခြင်းတို့ကို ယေဟောဝါထံလွှဲအပ်ရာရောက်သည်။—ရောမ ၁၂:၁၉။
သို့သော် “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ” သဖြင့် ခွင့်လွှတ်သင့်သည့်အခါ၌ပင် ခွင့်လွှတ်လိုစိတ်အမြဲမရှိကြောင်း သတိပြုရမည်။ (ယေရမိ ၁၇:၉) ယေရှုကိုယ်တော်တိုင် ဤသို့မိန့်တော်မူခဲ့သည်– “မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲကထွက်လာ [သည်။]”—မဿဲ ၁၅:၁၉။
ဝမ်းသာစရာကား မှန်ရာကိုလုပ်ရန် ကျွန်ုပ်တို့၏နှလုံးကို လေ့ကျင့်ပေးနိုင်ခြင်းဖြစ်သည်။ သို့သော် ကျွန်ုပ်တို့လိုအပ်သည့်လေ့ကျင့်မှုသည် သာ၍မြင့်မားသည့်အခြေအမြစ်မှ လာရမည်။ ကျွန်ုပ်တို့ချည်းမပြုလုပ်နိုင်ပါ။ (ယေရမိ ၁၀:၂၃) ဘုရားသခင့်မှုတ်သွင်းခံဆာလံဆရာတစ်ဦး ယင်းအချက်ကိုသတိပြုမိပြီး ဘုရားသခင့်လမ်းညွှန်မှုအတွက် ဆုတောင်းခဲ့သည်။ ဆုတောင်းချက်တွင် ဘုရားသခင်အား ဤသို့တိုးလျှိုးအသနားခံခဲ့သည်– “အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။ ပေးတော်မူသောသြဝါဒလမ်းကို အကျွန်ုပ်နားလည်စေတော်မူပါ။”—ဆာလံ ၁၁၉:၂၆၊ ၂၇။
အခြားဆာလံကျမ်းတစ်ပုဒ်အရ ရှေးဣသရေလလူမျိုး၏ဘုရင်ဒါဝိဒ်သည် ယေဟောဝါ၏ ‘ဩဝါဒလမ်းကိုနားလည်’ ခဲ့သည်။ ယင်းကို သူကိုယ်တိုင်တွေ့ကြုံရပြီး ယင်းမှသင်ခန်းစာရခဲ့သည်။ ထို့ကြောင့် သူဤသို့ပြောနိုင်ခဲ့ခြင်းဖြစ်သည်– “ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍ ကရုဏာကြွယ်ဝသောသဘောရှိတော်မူ၏။ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။”—ဆာလံ ၁၀၃:၈၊ ၁၃။
ဘုရင်ဒါဝိဒ်ပြုခဲ့သကဲ့သို့ ကျွန်ုပ်တို့ပြုရန်လိုသည်။ ဘုရားသခင်နှင့် ကိုယ်တော့်သားတော်တို့၏ ခွင့်လွှတ်ခြင်းဆိုင်ရာ စုံလင်သည့်ပုံသက်သေတို့ကို စိတ်အားထက်သန်စွာလေ့လာသင့်သည်။ သို့အားဖြင့် ကျွန်ုပ်တို့သည် နှလုံးထဲမှခွင့်လွှတ်တတ်ရန် သင်ယူနိုင်သည်။
သို့သော် အချို့ဤသို့မေးကောင်းမေးကြမည်– ကြီးလေးသောအပြစ်များကော မည်သို့နည်း။ အပြစ်အားလုံးကို ခွင့်လွှတ်ရမည်လော။
မျှတမှုရှိရန်ကြိုးစားပါ
လူတစ်ဦးသည် အလွန်အကျွံမှားလျှင် ထိခိုက်နစ်နာမှုသည် ကြီးကျယ်နိုင်သည်။ ကြီးလေးသောအပြစ်ပြုခြင်း၏ အပြစ်မဲ့သားကောင်ဖြစ်ရသူတစ်ဦးရှိလျှင် ယင်းအချက်ပို၍မှန်ကန်သည်။ ‘ကျွန်တော့်ကို ပက်ပက်စက်စက်သစ္စာဖောက်သွားပြီး ထိခိုက်နစ်နာစေတဲ့သူကို ကျွန်တော်ဘယ်လိုခွင့်လွှတ်နိုင်မှာလဲ’ ဟု အချို့စဉ်းစားမိပေမည်။ နှင်ထုတ်ထိုက်သော ကြီးလေးသည့်အပြစ်ကိစ္စတွင် အမှားဒဏ်ခံရသူသည် မဿဲ ၁၈:၁၅-၁၇ ပါသြဝါဒကို ကျင့်သုံးရန်လိုပေမည်။
မည်သည့်ကိစ္စ၌မဆို ပြစ်မှားသူအပေါ်တွင် အများဆုံးမူတည်နိုင်သည်။ မှားယွင်းသည့်လုပ်ရပ်နောက်ပိုင်း၌ စစ်မှန်သောနောင်တ၏ လက္ခဏာတစ်စုံတစ်ခုရှိသလော။ အပြစ်ပြုသူသည် ပြောင်းလဲပြီး စစ်မှန်သည့်တိုးတက်ကောင်းမွန်မှုရအောင် အားထုတ်သလော။ ယေဟောဝါ၏အမြင်တွင် ထိုသို့သောနောင်တသည် အလွန်ဆိုးရွားသောအပြစ်ပြုခြင်းကိစ္စ၌ပင် ခွင့်လွှတ်မှုရရန်သော့ချက်ဖြစ်သည်။ ဥပမာ၊ ဣသရေလရာဇဝင်တွင် အဆိုးဆုံးသောမင်းများထဲမှ တစ်ဦးဖြစ်သူ မနာရှေကို ယေဟောဝါခွင့်လွှတ်ခဲ့သည်။ မည်သည့်အခြေအမြစ်အားဖြင့်နည်း။ နောက်ဆုံးတွင် မနာရှေသည် မိမိကိုယ်ကိုနှိမ့်ချပြီး မိမိ၏ဆိုးညစ်သည့်လုပ်ရပ်များကို နောင်တရသောကြောင့် ဘုရားသခင်ထိုသို့ပြုခြင်းဖြစ်သည်။—၂ ရာဇဝင်ချုပ် ၃၃:၁၂၊ ၁၃။
သမ္မာကျမ်းစာတွင် စစ်မှန်သောနောင်တသည် စစ်မှန်သည့် သဘောထားပြောင်းလဲခြင်း၊ ကျူးလွန်ခဲ့သည့်အမှားများအတွက် လှိုက်လှိုက်လှဲလှဲဝမ်းနည်းပူဆွေးခြင်းတို့ ပါဝင်သည်။ နောင်တသည် သင့်လျော်ပြီး ဖြစ်နိုင်သည့်အခါတိုင်း အပြစ်ပြုခံရသူအား ပြန်လည်အလျော်ပေးရန် ကြိုးစားအားထုတ်ခြင်းနှင့် တွဲဖက်သည်။ (လုကာ ၁၉:၇-၁၀; ၂ ကောရိန္သု ၇:၁၁) ထိုကဲ့သို့သောနောင်တမရှိလျှင် ယေဟောဝါခွင့်လွှတ်မည်မဟုတ်။ a ထို့အပြင် တစ်ချိန်က ဝိညာဉ်ရေးအသိပညာရှိခဲ့သော်လည်း ယခု စိတ်လိုကိုယ်လျောက် နောင်တမယူဘဲ ထပ်ခါထပ်ခါအမှားကျူးလွန်သူကို ခရစ်ယာန်များခွင့်လွှတ်ရန် ယေဟောဝါမမျှော်လင့်ချေ။ (ဟေဗြဲ ၁၀:၂၆-၃၁) လွန်လွန်ကျူးကျူးဖြစ်သည့်ကိစ္စများတွင် ခွင့်လွှတ်ရန်ပင်မသင့်လျော်ဘဲနေမည်။—ဆာလံ ၁၃၉:၂၁၊ ၂၂; ယေဇကျေလ ၁၈:၃၀-၃၂။
ခွင့်လွှတ်နိုင်သည်ဖြစ်စေ၊ မလွှတ်နိုင်သည်ဖြစ်စေ ကြီးလေးသောအပြစ်ပြုခံရသူသည် အခြားသောမေးခွန်းတစ်ခုကို စဉ်းစားလိုပေမည်– ကျွန်ုပ်သည် ပြဿနာလုံးလုံးဖြေရှင်းမှုမရမချင်း စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန်သောကမွှေနှောက်ခြင်း၊ အလွန်အမင်းနာကြည်းခြင်းနှင့် ဒေါသထွက်ခြင်းတို့ဖြင့် ဆက်နေရမည်လော။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ မိမိ၏ဗိုလ်ချုပ်ယွာဘသည် “မိမိ [ယွာဘ] ထက်သာ၍ ဖြောင့်မတ်ကောင်းမြတ်သောသူ” နှစ်ဦးဖြစ်ကြသည့် အာဗနာနှင့် အာမသတို့ကို သတ်သောအခါ ဘုရင်ဒါဝိဒ်သည် အပြင်းအထန်စိတ်ထိခိုက်ရသည်။ (၃ ဓမ္မရာဇဝင် ၂:၃၂) ဒါဝိဒ်သည် မခံချိမခံသာဒေါသဖြစ်ခြင်းကို ယေဟောဝါထံဆုတောင်းပြီး မလွဲဧကန်ဖွင့်ပြောခဲ့သည်။ နောက်ပိုင်းတွင် ဒါဝိဒ်၏ ပြင်းထန်သည့်ခံစားချက်အရှိန်အဟုန်သည် လျော့ပါးသွားခဲ့ဖွယ်ရှိသည်။ သူ့အသက်တာကုန်ဆုံးသည့်အထိ ဒေါသစိတ်၏စိုးမိုးခြင်းကို သူမခံစားရပါ။ ဒါဝိဒ်သည် ယွာဘနှင့်ပင် အတူဆက်အလုပ်လုပ်သော်လည်း နောင်တမယူသည့်ထိုလူသတ်သမားကို သူလုံးဝခွင့်မလွှတ်ခဲ့ချေ။ အဆုံးတွင် တရားအတိုင်းစီရင်ရန် ဒါဝိဒ်သေချာစွာစီမံခဲ့သည်။—၂ ဓမ္မရာဇဝင် ၃:၂၈-၃၉; ၃ ဓမ္မရာဇဝင် ၂:၅၊ ၆။
အခြားသူ၏ ကြီးလေးသောအပြစ်ကြောင့် ထိခိုက်နစ်နာသူများအနေနှင့် သူတို့၏ ကနဦးဒေါသပြေငြိမ်းရန် အချိန်နှင့်ကြိုးစားအားထုတ်မှုအတော်အတန်လိုအပ်ပေမည်။ ပြစ်မှားသူက မိမိ၏အပြစ်ကိုဝန်ခံပြီး နောင်တယူလျှင် ပြန်လည်သင့်မြတ်အောင်ကြိုးစားခြင်းသည် များစွာလွယ်ကူနိုင်သည်။ သို့သော် အပြစ်ပြုသူ၏လမ်းစဉ် မည်သို့ပင်ရှိစေကာမူ အပြစ်၏အကျိုးဆက်ကိုခံရသော အပြစ်မရှိသူသည် ယေဟောဝါ၏တရားမျှတမှုနှင့် ဉာဏ်ပညာတော်ဆိုင်ရာ အသိပညာအားဖြင့်နှင့် ခရစ်ယာန်အသင်းတော်တွင် နှစ်သိမ့်မှုနှင့်စိတ်သက်သာမှုကို ရယူနိုင်သင့်သည်။
အပြစ်ပြုသူတစ်ဦးကို သင်ခွင့်လွှတ်လိုက်ခြင်းသည် အပြစ်ကို သင်ခွင့်ပြုခြင်းမမည်ကြောင်းကိုလည်း သတိရပါ။ ခရစ်ယာန်များအတွက် အပြစ်လွှတ်ခြင်းမည်သည် အမှုကိစ္စများကို ယေဟောဝါ၏လက်တော်သို့ ယုံကြည်စိတ်ချစွာလွှဲအပ်လိုက်ခြင်းဖြစ်သည်။ ကိုယ်တော်သည် စကြဝဠာတစ်ခွင်၌ အဖြောင့်မတ်ဆုံးသောတရားသူကြီးဖြစ်ပြီး တော်သင့်သည့်အချိန်တွင် တရားမျှတမှုကို ကိုယ်တော်စီရင်တော်မူမည်။ ယင်းတွင် စဉ်းလဲသော “မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူ” များအား တရားစီရင်ခြင်း ပါဝင်မည်။—ဟေဗြဲ ၁၃:၄။
ခွင့်လွှတ်ခြင်း၏အကျိုးကျေးဇူး
ဆာလံဆရာဒါဝိဒ် ဤသို့သီဆိုခဲ့သည်– “အိုဘုရားရှင်၊ ကိုယ်တော်သည် ကောင်းသောသဘော၊ အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံ၍ ကိုယ်တော့်ထံ ပတ္ထနာပြုသောသူအပေါင်းတို့အား ကရုဏာတော်ကြွယ်ဝပါ၏။” (ဆာလံ ၈၆:၅၊ သမ္မာ) သင်သည် ယေဟောဝါနည်းတူ “အပြစ်လွှတ်လိုသောသဘော” ရှိသလော။ အကျိုးကျေးဇူးကား များစွာရှိပေသည်။
ပထမတစ်ချက်အနေနှင့် အခြားသူများအားခွင့်လွှတ်ခြင်းသည် ကောင်းသောဆက်ဆံရေးကို တိုးတက်စေသည်။ သမ္မာကျမ်းစာက ခရစ်ယာန်များအား ဤသို့တိုက်တွန်းသည်– “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့။”—ဧဖက် ၄:၃၂။
ဒုတိယအချက်အနေနှင့် ခွင့်လွှတ်ခြင်းသည် ငြိမ်သက်ခြင်းကိုဖြစ်စေသည်။ လူသားချင်းစပ်ကြားငြိမ်သက်မှုကိုသာမက အတွင်းငြိမ်သက်မှုကိုပါဖြစ်စေသည်။—ရောမ ၁၄:၁၉; ကောလောသဲ ၃:၁၃-၁၅။
တတိယအချက်မှာ အခြားသူများကိုခွင့်လွှတ်ခြင်းက ကျွန်ုပ်တို့ကိုယ်နှိုက် ခွင့်လွှတ်ခံရဖို့လိုအပ်ကြောင်းကို သတိရရန် အကူအညီဖြစ်စေသည်။ မှန်ပါသည်၊ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။”—ရောမ ၃:၂၃။
နောက်ဆုံးအချက်အနေနှင့် အခြားသူများကိုခွင့်လွှတ်ခြင်းက ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင်ခွင့်လွှတ်ရန် လမ်းဖွင့်ပေးသည်။ ယေရှုဤသို့ပြောသည်– “သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။”—မဿဲ ၆:၁၄။
ယေရှုသေဆုံးမည့်မွန်းလွဲပိုင်းအချိန်တွင် ကိုယ်တော့်အတွေးတွင် နေရာယူနေမည့်အရာများစွာကို စဉ်းစားကြည့်ပါ။ တပည့်တော်များအတွက်၊ ဟောပြောခြင်းအတွက်၊ အထူးသဖြင့် ယေဟောဝါအပေါ် မိမိ၏သမာဓိအတွက် ကိုယ်တော်စိုးရိမ်ပူပန်သည်။ သို့သော် နှက်တိုင်ပေါ်တွင် ပြင်းပြသည့်ဝေဒနာကိုခံစားနေရလျက်နှင့်ပင် ကိုယ်တော်မည်သည့်စကားကို မိန့်တော်မူခဲ့သနည်း။ ကိုယ်တော်ပြောသည့်နောက်ဆုံးစကားများထဲတွင် “အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ” ဟုပါဝင်သည်။ (လုကာ ၂၃:၃၄) ကျွန်ုပ်တို့သည် အချင်းချင်းတို့အား နှလုံးသားမှခွင့်လွှတ်ခြင်းအားဖြင့် ယေရှု၏စုံလင်သောပုံသက်သေကို တုပနိုင်ကြသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ခွင့်မလွှတ်သောကျွန်ဆိုင်ရာ ယေရှု၏ပုံဥပမာ၏ဆိုလိုရင်းကို သင်သဘောပေါက်သလော
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အခြားသူများကိုခွင့်လွှတ်ခြင်းသည် ကောင်းသောဆက်ဆံရေးကိုတိုးတက်စေပြီး ပျော်ရွှင်မှုကိုဖြစ်စေ
[အောက်ခြေမှတ်ချက်များ]
a မည်သို့ဆိုစေ ခွင့်လွှတ်မှုကိုချင့်ချိန်ရာတွင် အခြားအကြောင်းအချက်များကိုလည်း ယေဟောဝါ ထည့်တွက်တော်မူသည်။ ဥပမာ၊ အမှားကျူးလွန်သူသည် ဘုရားသခင့်စံချိန်များကို မသိရှိပါက ထိုမသိရှိခြင်းက အပြစ်ဝန်ကိုပေါ့စေနိုင်သည်။ မိမိအား သေဒဏ်စီရင်သူများကို ခွင့်လွှတ်ရန် ခမည်းတော်အား ယေရှုတောင်းလျှောက်ခဲ့စဉ်က မိမိကိုသေခြင်းသို့ပို့ဆောင်သော ရောမစစ်သားများကို ကိုယ်တော်ပြောနေကြောင်း ထင်ရှားသည်။ သူတို့သည် အမှန်အားဖြင့် ကိုယ်တော်မည်သူဖြစ်ကြောင်းမသိ၍ ‘မိမိတို့ပြုသောအမှုကို မသိကြပါ။’ သို့သော် ထိုစီရင်ချက်၏နောက်ကွယ်တွင်ရှိသော ဘာသာရေးခေါင်းဆောင်များသည် သာ၍အပြစ်ကြီးလေးကြသည်—သူတို့များစွာလည်း အပြစ်လွှတ်ခြင်းခံရစရာအကြောင်းမရှိ။—ယောဟန် ၁၁:၄၅-၅၃; တမန်တော် ၁၇:၃၀ နှိုင်းယှဉ်။