ဘုရားသခင့်ကျေးကျွန်များ—စည်းစနစ်ကျနပြီး ပျော်ရွှင်သောလူမျိုး
“မိမိဘုရားသခင်အဖြစ် ယေဟောဝါကို ကိုးကွယ်သောလူမျိုးသည် ပျော်ရွှင်ခြင်းရှိ၏!”—ဆာလံ ၁၄၄:၁၅၊ ကဘ။
၁၊ ၂။ (က) ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်များအတွက် အဘယ်ကြောင့် စံနှုန်းများကို ချမှတ်ပေးပိုင်ခွင့်ရှိတော်မူသနည်း။ (ခ) ကျွန်ုပ်တို့အထူးတုပရမည့် ယေဟောဝါ၏ဂုဏ်တော်နှစ်ခုကား အဘယ်နည်း။
ယေဟောဝါသည် စကြဝဠာကို ပိုင်သအုပ်စိုးသောအရှင်၊ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၊ ဖန်ဆင်းတော်မူရှင် ဖြစ်တော်မူ၏။ (ကမ္ဘာဦး ၁:၁; ဆာလံ ၁၀၀:၃) ထို့ကြောင့် ကိုယ်တော်၏ကျေးကျွန်များအတွက် အကောင်းဆုံးအရာကို သိတော်မူသည်အတိုင်း အမူအကျင့်နှင့်ပတ်သက်သောစံနှုန်းကို ချမှတ်ပေးပိုင်တော်မူသည်။ (ဆာလံ ၁၄၃:၈) ကိုယ်တော်သည် သူတို့လိုက်စရာ စံနမူနာရှင်ချုပ်ဖြစ်တော်မူ၍ ကိုယ်တော်၏အရည်အချင်းများကို သူတို့တုပရန်လိုသည်။ “သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့” ဟုတမန်တော်တစ်ပါးက ရေးသားခဲ့သည်။—ဧဖက် ၅:၁။
၂ ကျွန်ုပ်တို့တုပရမည့် ဘုရားသခင်၏ဂုဏ်တော်တစ်ခုမှာ စည်းစနစ်ကျနမှုနှင့်စပ်ဆိုင်ပေသည်။ ‘ဘုရားသခင်သည် စည်းမဲ့ကမ်းမဲ့ပြုမူတော်မမူ။’ (၁ ကောရိန္သု ၁၄:၃၃၊ သတင်းကောင်း) ဘုရားသခင့်ဖန်ဆင်းထားရာများကို စိစစ်သုံးသပ်သောအခါ ကိုယ်တော်သည် စကြဝဠာတစ်ခွင်တွင် စည်းစနစ်အကျနဆုံးပုဂ္ဂိုလ်ဖြစ်တော်မူကြောင်း အသိအမှတ်မပြုဘဲ မနေနိုင်ပါ။ ကျေးကျွန်တော်များအား အတုယူစေလိုတော်မူသည့် ဘုရားသခင်၏ အခြားဂုဏ်တော်တစ်ပါးမှာ ကိုယ်တော်၏ ပျော်ရွှင်မှုပင် ဖြစ်သည်။ အကြောင်းမှာ ကိုယ်တော်သည် “ပျော်ရွှင်သောဘုရား” ဖြစ်တော်မူ၏။ (၁ တိမောသေ ၁:၁၁၊ ကဘ) ဤသို့ဖြင့် ကိုယ်တော်၏စည်းစနစ်ကျနမှုဆိုင်ရာစွမ်းရည်သည် ပျော်ရွှင်ခြင်းနှင့် ဟန်ချက်ညီလျက်ရှိပေသည်။ အရည်အချင်းတစ်ခုကို အထိခိုက်ခံပြီး အခြားတစ်ခုကို အထူးအရေးပါစေတော်မမူချေ။
၃။ ကြယ်အတိပြီးသောကောင်းကင်သည် ဘုရားသခင်၏ စနစ်တကျဖွဲ့စည်းနိုင်စွမ်းကို မည်သို့တင်ပြသနည်း။
၃ ယေဟောဝါသည် စည်းစနစ်ကျမှုရှိသောဘုရားသခင် ဖြစ်တော်မူကြောင်းကို ကိုယ်တော့်လက်ရာတော် အကြီးဆုံးမှအသေးဆုံးအထိ သာဓကပြသပေသည်။ ဥပမာ၊ မျက်မြင်ရစကြဝဠာကို သုံးသပ်ကြည့်ပါ။ ယင်းတွင် ကြယ်တာရာများ ကုဋေထောင်ပေါင်းများစွာပါဝင်သည်။ ယင်းတို့သည် အစီအစဉ်တကျမရှိဘဲ ပြန့်ကျဲနေကြသည်မဟုတ်ပေ။ ရူပနက္ခတ္တဗေဒပညာရှင် ဂျော့ဂျ် ဂရီးစတိုင်းက “ကြယ်တာရာများ၏ အဖွဲ့အစည်းတွင် စနစ်ပုံစံရှိသည်” ဟုစိစစ်သုံးသပ်သည်။ ယင်းတို့ကို ဂလက်ဆီများဟုခေါ်သော အုပ်စုများအဖြစ် ဖွဲ့စည်းထားသည်။ ဂလက်ဆီအချို့တွင် ကြယ်ကုဋေကုဋာရှိသည်။ ဤကဲ့သို့သော ဂလက်ဆီများလည်း ကုဋေကုဋာရှိ၏ဟု ခန့်မှန်းကြ၏! ဂလက်ဆီများကိုလည်း အဖွဲ့လိုက် စီစဉ်ထားပြန်သည်။ အရေအတွက် (အနည်းအကျဉ်းမှ ထောင်ချီ) လိုက် ဂလက်ဆီကြယ်ပြွတ်များအဖြစ်သို့ တစ်ဖန်ဖွဲ့စည်းထား၏။ ဤဂလက်ဆီကြယ်ပြွတ်များကို ထိုထက်ကြီးမားသော ဧရာမဂလက်ဆီကြယ်ပြွတ်များအဖြစ်သို့ပင် စည်းစနစ်ကျစွာဖွဲ့စည်းစီစဉ်ထားသည်ဟု ဆိုကြသည်။—ဆာလံ ၁၉:၁; ဟေရှာယ ၄၀:၂၅၊ ၂၆။
၄၊ ၅။ ကမ္ဘာ့သက်ရှိများအလယ်တွင် စည်းစနစ်ကျနမှုရှိခြင်း၏ ဥပမာအချို့ကို တင်ပြပါ။
၄ မျက်မြင်ရကောင်းကင်၌သာမက သက်ရှိများ ကုဋေကုဋာရှိကြသည့် ကမ္ဘာ့နေရာတကာတွင်လည်း ဘုရားသခင့်ဖန်ဆင်းရာများ၏ ခမ်းနားထည်ဝါသောစည်းစနစ်ကျနမှုကို တွေ့မြင်ရသည်။ ယင်းတို့နှင့်ပတ်သက်၍ သုတေသနပြုသူတို့သည် “ရုပ်ပိုင်းလောကဓာတ်၏ ခန့်ညားထည်ဝါမှုနှင့် ရှုပ်ထွေးနက်နဲလှသည့် ဖွဲ့စည်းတည်ဆောက်ပုံ” ကြောင့် “မိန်းမောတွေဝေ” ကြကြောင်း ရူပဗေဒပါမောက္ခ ပေါလ်ဒေးဗစ်က ရေးသားခဲ့သည်။—ဆာလံ ၁၀၄:၂၄။
၅ သက်ရှိသမျှအရာတို့တွင် တွေ့မြင်ရသော “ရှုပ်ထွေးနက်နဲလှသည့် ဖွဲ့စည်းတည်ဆောက်ပုံ” နှင့်စပ်လျဉ်းသည့် ဥပမာအချို့ကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ နဗ်ကြောခွဲစိတ်ဆရာဝန် ဂျိုးစက်ဖ် အဲဗဲန်းစ်က လူ့ဦးနှောက်နှင့် ကျောရိုးနဗ်ကြော အဖွဲ့အစည်းအကြောင်း ဤသို့ဆိုသည်– “အလွန်စည်းစနစ်ကျနခြင်းကို အမှန်အတိုင်းတွေ့ရှိရခြင်းသည် မိန်းမောလုမတတ်ဖြစ်ချေပြီ။” အဏုကြည့် သက်ရှိဆဲလ်နှင့်ပတ်သက်၍ ဗက်တီးရီးယား ဗေဒပညာရှင် အိပ်ချ်. ဂျေ. ရှောနစီက ဤသို့ဆိုသည်– “အဏုဇီဝဗေဒဆိုင်ရာလောက၏ ရှုပ်ထွေးသိမ်မွေ့၍ တင့်တယ်လှပသော စည်းစနစ်ကျမှုသည် အလွန်အံ့ချီးဖွယ်ကောင်းစွာ တည်ဆောက်ထားသဖြင့် ထူးကဲမြင့်မြတ်လှသည့် စီရင်ပြဋ္ဌာန်းမှု၏ အစိတ်အပိုင်းဖြစ်ပုံရှိသည်။” မော်လီကျူး ဇီဝဗေဒပညာရှင် မိုက်ကယ်လ် ဒဲန်တင်က ဆဲလ်တစ်ခုအတွင်းရှိ မျိုးရိုးဗီဇဖြစ်စဉ် (DNA) အကြောင်း ဤသို့ဆိုသည်– “ယင်းသည် အမှန်ပင် အစွမ်းထက်မြက်လှသဖြင့် . . . ကမ္ဘာဂြိုဟ်ပေါ် ရှိခဲ့ဖူးသမျှ ဇီဝရုပ်မျိုးစု ရှိရှိသမျှ၏ ဒီဇိုင်းပုံစံကို အတိအကျဖော်ပြရန် . . . လိုအပ်သောအချက်အလက်အားလုံးကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနေရာတွင် ထည့်သွင်းနိုင်ရုံမက ရေးသားခဲ့ဖူးသမျှစာအုပ်တိုင်းပါ အချက်အလက်အားလုံးကိုပင် ထည့်ပေးရန် နေရာကြွင်းကျန်ဦးမည်ဖြစ်သည်။”—ဆာလံ ၁၃၉:၁၆ ရှု။
၆၊ ၇။ နာမ်ဝိညာဉ်သတ္တဝါများအလယ်တွင် အဘယ်စည်းစနစ်ကျနမှုကို တွေ့ရှိရသနည်း။ ၎င်းတို့သည် မိမိတို့၏ဖန်ဆင်းရှင်ကို မည်သို့ထောမနာပြုသနည်း။
၆ ရုပ်ပိုင်းဆိုင်ရာဖန်ဆင်းခြင်းများကိုသာ ယေဟောဝါစည်းစနစ်ကျနစေသည်မဟုတ် ကောင်းကင်ဘုံတွင်ရှိသော နာမ်ဝိညာဉ်သတ္တဝါများကိုပါ ကိုယ်တော်စည်းစနစ်ကျနစေတော်မူသည်။ ကောင်းကင်တမန် ‘ကုဋေသင်္ချေမက ယေဟောဝါရှေ့တော်၌ ခစား၍နေကြသည်’ ဟု ဒံယေလ ၇:၁၀ ကဖော်ပြသည်။ တန်ခိုးကြီးမားသော နာမ်ဝိညာဉ်သတ္တဝါ သန်းတစ်ရာခစားနေကြရာ ကိုယ်စီကိုယ်င သက်ဆိုင်ရာလုပ်ငန်းကို တာဝန်ယူထမ်းဆောင်နေကြသတည်း! ဤမျှအံ့မခန်းဖွယ် များပြားသော အရေအတွက်အား စည်းစနစ်ကျနစေရန် လိုအပ်သည့် ကျွမ်းကျင်လိမ္မာမှုကို စဉ်းစားလိုက်လျှင် ကြံစည်မရနိုင်သည့်တိုင် ဖြစ်ချေသည်။ လျော်ကန်စွာဖြင့် သမ္မာကျမ်းစာက ဤသို့ဆို၏– “တန်ခိုးကြီး၍ နှုတ်ကပါဌ်တော်အသံကို နားထောင်လျက် အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ . . . နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူသမျှတို့ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။”—ဆာလံ ၁၀၃:၂၀၊ ၂၁; ဗျာဒိတ် ၅:၁၁။
၇ ယေဟောဝါ၏လက်ရာတော်များသည် အလွန်ကြီးကျယ်ခန့်ညားစွာ စည်းစနစ်ကျနပြီး အစွမ်းထက်မြက်ပါသည်တကား! ကောင်းကင်ဘုံရှိ တန်ခိုးကြီးမားသော နာမ်ဝိညာဉ်သတ္တဝါများက ကြောက်ရွံ့ရိုသေ၊ ရိုကျိုးစွာဖြင့် ဤသို့မြွက်ဆိုခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ– “အိုယေဟောဝါဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။”—ဗျာဒိတ် ၄:၁၁၊ ကဘ။
၈။ ယေဟောဝါသည် ကမ္ဘာပေါ်ရှိ ကျေးကျွန်များကို စည်းစနစ်ကျနစွာ ဖွဲ့စည်းထားတော်မူကြောင်း အဘယ်ဥပမာများက ဖော်ပြသနည်း။
၈ ယေဟောဝါသည် ကမ္ဘာပေါ်ရှိ ကျေးကျွန်များကိုလည်း စည်းစနစ်ကျနစွာ ဖွဲ့စည်းထားတော်မူသည်။ ဘီ.စီ.အီး. ၂၃၇၀ ခုနှစ်က နောဧခေတ်တွင် ရေလွှမ်းမိုးစေခဲ့သောအခါ နောဧနှင့် အခြားသူခုနစ်ဦးသည် မိသားစုအဖွဲ့အဖြစ် ရေလွှမ်းမိုးဘေးကို ကျော်လွှားခဲ့သည်။ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ် ထွက်မြောက်ခဲ့ချိန်တွင် အီဂျစ်ချုပ်နှောင်မှုအောက်မှ သန်းပေါင်းများစွာသော မိမိ၏လူမျိုးကို ယေဟောဝါကယ်နုတ်တော်မူပြီးနောက် သူတို့၏နေ့စဉ်လုပ်ငန်းဆောင်တာနှင့် ဝတ်ပြုရေးတွင် စည်းစနစ်ကျနစေရန် အသေးစိတ်အချက်အလက်များပါသည့် ပညတ္တိကျမ်းကို ပေးတော်မူခဲ့သည်။ ထို့နောက် ကတိထားရာပြည်တွင် ဗိမာန်တော်၌ အမှုထမ်းစေရန် ထောင်ပေါင်းများစွာသောသူတို့ကို စနစ်တကျဖွဲ့စည်းစီစဉ်တော်မူခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၃:၄၊ ၅) ပထမရာစုတွင် မြင့်မြတ်သောညွှန်ကြားမှုအတိုင်း ခရစ်ယာန်အသင်းတော်များကို စနစ်တကျဖွဲ့စည်းခဲ့သည်– “ဓမ္မဆရာ၏အမှုကိုပြုတတ်မည်အကြောင်း၊ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလို့ငှာ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။”—ဧဖက် ၄:၁၁၊ ၁၂။
ခေတ်သစ်ကျေးကျွန်များလည်း စည်းစနစ်ကျနသည်
၉၊ ၁၀။ ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသည် မိမိ၏လူမျိုးကို မည်သို့စည်းစနစ်ကျနစွာဖွဲ့စည်းထားတော်မူသနည်း။
၉ ထိုနည်းထပ်တူ လက်ရှိဘုရားတရားမဲ့သော အစီအစဉ်စနစ်ကို အဆုံးမတိုင်စေမီ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်းတည်းဟူသော ကျွန်ုပ်တို့ခေတ်တွင် ကိုယ်တော်ဆောင်ရွက်စေလိုသည့် လုပ်ငန်းကို ထိထိရောက်ရောက် ပြီးစီးစေရန် မျက်မှောက်ခေတ်ကျေးကျွန်များကို ယေဟောဝါ စနစ်တကျဖွဲ့စည်းထားတော်မူသည်။ (မဿဲ ၂၄:၁၄) ဤကမ္ဘာချီလုပ်ငန်းတွင် အဘယ်အရာပါဝင်ပြီး စည်းစနစ်ကျနဖို့ရန် မည်မျှအရေးကြီးကြောင်းကို သုံးသပ်ကြည့်ကြစို့။ သမ္မာကျမ်းစာမှ အမှန်တရားကို သူတစ်ပါးအား သွန်သင်ပေးရန် ယောက်ျား၊ မိန်းမနှင့်ကလေးသူငယ် သန်းပေါင်းများစွာတို့ကို လေ့ကျင့်ပေးနေတော်မူသည်။ ဤလေ့ကျင့်မှုကို ထောက်မကူညီသည့်အနေနှင့် သမ္မာကျမ်းစာနှင့် သမ္မာကျမ်းစာအခြေခံသော စာပေစာတမ်း မြောက်မြားစွာတို့ကို ပုံနှိပ်ပါသည်။ စဉ်းစားကြည့်လေ၊ ယခုကင်းမျှော်စင်မဂ္ဂဇင်းထုတ်တိုင်း ၁၁၈ ဘာသာစကားဖြင့် ၁၆ သန်းကျော်ပုံနှိပ်နေရပြီး နိုးလော့!မဂ္ဂဇင်းကို ၇၃ ဘာသာစကားဖြင့် ၁၃ သန်းခန့် ပုံနှိပ်နေပြီ။ ယေဟောဝါ၏ကျေးကျွန်ရှိရှိသမျှနီးပါးတို့သည် တစ်ကြိမ်တည်းတွင် အကြောင်းတစ်မျိုးတည်းကို ဖတ်ရှုလေ့လာနိုင်ရန်ထုတ်ဝေသည့် မဂ္ဂဇင်းစာစောင်အားလုံးနီးပါးကို တစ်ပြိုင်နက်တည်းပုံနှိပ်ပါသည်။
၁၀ ထို့ပြင် မှန်မှန်စည်းဝေးခြင်းအားဖြင့် သမ္မာကျမ်းစာမှ ညွှန်ကြားမှုကို ရရှိနိုင်ရန် ကမ္ဘာတစ်ဝန်း ယေဟောဝါသက်သေများ၏ အသင်းတော်ပေါင်း ၇၃,၀၀၀ ကျော်ကို စနစ်တကျ ဖွဲ့စည်းထားပါသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ယင်းထက်ကြီးမားသောအစုအဝေးများဖြစ်သည့် တိုက်နယ်စည်းဝေးနှင့် ခရိုင်စည်းဝေးများ ထောင်နှင့်ချီ၍လည်း နှစ်စဉ်ကျင်းပပါသည်။ ကမ္ဘာတစ်ဝန်း အကြီးအကျယ်ဆောက်လုပ်နေသည့် သစ်လွင်သော သို့မဟုတ် ကောင်းသည်ထက်ကောင်းအောင် ပြုပြင်သော နိုင်ငံတော်ခန်းမများ၊ အစည်းအဝေးပွဲခန်းမများ၊ ဗေသလအိမ်များနှင့် သမ္မာကျမ်းစာ စာပေများကို ပုံနှိပ်ဖို့အတွက် အထောက်အကူပြုအဆောက်အအုံများကိုလည်း ဆောက်လုပ်နေပါသည်။ သမ္မာကျမ်းစာသင်ကြားပေးသူများအတွက် အဆင့်မြင့်သင်တန်းများဖြစ်သော သာသနာပြုများအတွက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းနှင့် ရှေ့ဆောင်လုပ်ငန်းတော်ကျောင်းများကိုလည်း ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးတွင် ကျင်းပနေပါသည်။
၁၁။ ယခုပင် စည်းစနစ်ကျနစွာ ဖွဲ့စည်းစီစဉ်ခြင်းကို သင်ယူခြင်းမှ အနာဂတ်အတွက် အဘယ်အကျိုးကျေးဇူးရနိုင်မည်နည်း။
၁၁ အမှုတော်ဆောင်သော ကောင်းကင်တမန်များအကူအညီဖြင့် ယေဟောဝါသည် ကမ္ဘာပေါ်ရှိ မိမိ၏လူမျိုးတော်အား ‘မိမိ၏တာဝန်ရှိသမျှကို ကျေပွန်စွာ ထမ်းဆောင်’ စေရန် ကောင်းစွာစနစ်တကျဖွဲ့စည်းထားတော်မူပြီတကား! (၂ တိမောသေ ၄:၅၊ သတင်းကောင်း; ဟေဗြဲ ၁:၁၃၊ ၁၄; ဗျာဒိတ် ၁၄:၆) ယခုပင်လျှင် စည်းစနစ်ကျနစွာ ဖွဲ့စည်းတတ်ရန် ကိုယ်တော်၏ကျေးကျွန်များအား သွန်သင်တော်မူခြင်းအားဖြင့် ဘုရားသခင်သည် အခြားအရာတစ်ခုကို ဖြစ်မြောက်စေတော်မူသည်။ ဤအစီအစဉ်စနစ်၏အဆုံးကို ကိုယ်တော်၏ကျေးကျွန်များ ကပ်ကျော်ကြသည့်အခါ ကမ္ဘာသစ်တွင် အသက်တာအစပြုရန် ဖွဲ့စည်းပြီးသားဖြစ်ဖို့ကောင်းစွာ ပြင်ဆင်ပေးထားသည်။ ထိုအခါ ယေဟောဝါ၏ညွှန်ကြားမှုအောက် စည်းစနစ်ကျနစွာဖြင့် ကမ္ဘာချီပရဒိသုကို သူတို့စတင်ပြုစုပျိုးထောင်ကြမည်ဖြစ်သည်။ ထို့အပြင် သေခြင်းမှထမြောက်လာမည့်သူ သန်းပေါင်းများစွာတို့အား အသက်ရှင်ရေးနှင့်ပတ်သက်သော ဘုရားသခင်၏ အသေးစိတ်တောင်းဆိုချက်များကို သွန်သင်ပေးနိုင်ရန်လည်း ကောင်းစွာပြင်ဆင်ပေးခံကြရမည်ဖြစ်သည်။—ဟေရှာယ ၁၁:၉; ၅၄:၁၃; တမန်တော် ၂၄:၁၅; ဗျာဒိတ် ၂၀:၁၂၊ ၁၃။
စည်းစနစ်ကျနလျက်ပင် ပျော်ရွှင်
၁၂၊ ၁၃။ ယေဟောဝါသည် မိမိ၏လူမျိုးအား ပျော်ရွှင်စေလိုတော်မူသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၂ ယေဟောဝါသည် ထူးကဲသောလုပ်သားတစ်ဦး၊ ခမ်းနားထည်ဝါစွာ ဖွဲ့စည်းစီမံသောသူဖြစ်လျက်ပင် ကိုယ်တော်သည် အေးတိအေးစက်၊ စည်းကမ်းတင်းကျပ် သို့မဟုတ် ယန္တရားဆန်တော်မမူပါ။ ယင်းအစား ကိုယ်တော်သည် ကျွန်ုပ်တို့၏ ပျော်ရွှင်မှုကို လိုလားသည့် အလွန်ဖော်ရွေပျော်ရွှင်တတ်သောပုဂ္ဂိုလ် ဖြစ်တော်မူ၏။ ကိုယ်တော်သည် “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူ” သည်ဟု ၁ ပေတရု ၅:၇ ကဆိုသည်။ ကိုယ်တော်၏ကျေးကျွန်များအား သတိနှင့်ကြည့်ရှုပြီး ပျော်ရွှင်စေလိုတော်မူကြောင်း လူတို့အတွက် ပြုစုစီမံထားသမျှက ထင်ရှားစေသည်။ ဥပမာအနေနှင့် စုံလင်သော လူယောက်ျား၊ လူမိန်းမကို ဘုရားသခင်ဖန်ဆင်းသောအခါ သူတို့အား သာယာပျော်မွေ့ဖွယ်ကောင်းသောပရဒိသုတွင် နေရာချထားတော်မူသည်။ (ကမ္ဘာဦး ၁:၂၆-၃၁; ၂:၈၊ ၉) သူတို့သည် အပျော်တကာ့အပျော်ဆုံး အခြေအနေတွင် ရှိနိုင်ကြရန် လိုလေသေးမရှိ ပေးထားတော်မူသည်။ သို့သော် ပုန်ကန်မှုကြောင့် ယင်းတို့အားလုံးကို သူတို့ဆုံးရှုံးလေသည်။ သူတို့၏အပြစ်ကြောင့် ကျွန်ုပ်တို့သည် မစုံလင်မှုနှင့်သေခြင်းကို အမွေခံခဲ့ရသည်။—ရောမ ၃:၂၃; ၅:၁၂။
၁၃ ယခု မစုံလင်ကြသော်လည်း ဘုရားသခင်ပြုလုပ်ထားရာတို့မှ လူသားများသည် ပျော်ရွှင်နိုင်ပါသေးသည်။ ကျွန်ုပ်တို့အား ပျော်ရွှင်မှုပေးသောအရာ မြောက်မြားစွာရှိပါသည်။—ခန့်ညားသော တောင်များ; တင့်တယ်လှပသော မြစ်ချောင်းအင်းအိုင်များ၊ သမုဒ္ဒရာနှင့် ပင်လယ်ကမ်းခြေများ; သင်းရနံ့မွှေးပျံ့သော ရောင်စုံပန်းမန်များ နှင့် မကုန်နိုင်မခန်းနိုင်သော ကောက်ပဲသီးနှံအဖုံဖုံ; ရသာစုံလင်သော စားစရာအလျှံပယ်; ဘယ်တော့မျှရှုမငြီးနိုင်သည့် နေဝင်ဆည်းဆာများ; ညအခါ အာရုံစူးစိုက် စေ့စေ့ကြည့်ရှုသော ကြယ်အတိပြီးသည့် ကောင်းကင်; များပြားမျိုးစုံလှသည့် တိရစ္ဆာန်လောကနှင့် ကိုးရိုးကားယားနိုင်သည့် ဆော့ကစားပုံများဖြင့်ယင်းတို့၏ချစ်စဖွယ်သားပေါက်များ; စိတ်ကိုလှုံ့ဆော်ပေးသော တေးသံသာ; စိတ်ဝင်စားဖွယ်ဖြစ်ပြီး အကျိုးပြုသောလုပ်ငန်း; မိတ်ဆွေကောင်းများ စသည်တို့ရှိကြသည်။ ဤအရာများကို ပြုစုစီမံထားတော်မူသောအရှင်သည် သူတစ်ပါးအား ပျော်ရွှင်စေခြင်းဖြင့် ကိုယ်တိုင် ပျော်ရွှင်တတ်သောအရှင် ဖြစ်တော်မူကြောင်း ထင်ရှားပေသည်။
၁၄။ ယေဟောဝါကို တုပရာတွင် အဘယ်သို့ဟန်ချက်ညီညီဖြစ်ဖို့ရန် ကိုယ်တော်တောင်းဆိုသနည်း။
၁၄ သို့ဖြစ်သောကြောင့် စည်းစနစ်ကျနပြီး ကျွမ်းကျင်မှုရှိထားရုံထက်မက ယေဟောဝါအလိုရှိတော်မူသည်။ ကိုယ်တော်တိုင် ပျော်ရွှင်သည့်နည်းတူ မိမိ၏ကျေးကျွန်များကိုလည်း ပျော်ရွှင်စေလိုတော်မူသည်။ မိမိ၏ပျော်ရွှင်ခြင်းကို စတေးပြီး စည်းစနစ်ကျနဖို့ရန် တစ်ယူသန်ဆန်ဆန် ပြုစေလိုတော်မမူချေ။ ဘုရားသခင်နည်းတူ ကိုယ်တော်၏ကျေးကျွန်များသည် စည်းစနစ်ကျနမှုဆိုင်ရာ ကျွမ်းကျင်မှုများကို ပျော်ရွှင်မှုနှင့်အတူ ဟန်ချက်ညီစေရမည်။ အကြောင်းမူကား ကိုယ်တော်၏တန်ခိုးပါသော သန့်ရှင်းသောဝိညာဉ်တော်ရှိရာအရပ်တွင် ပျော်ရွှင်ခြင်းရှိပေသည်။ အမှန်တကယ်ပင်ဘုရားသခင်၏လူမျိုးတော်အပေါ် လှုပ်ရှားသော သန့်ရှင်းသောဝိညာဉ်တော်၏ ဒုတိယအသီးသည် “ပျော်ရွှင်ခြင်း” ဖြစ်ကြောင်း ဂလာတိ ၅:၂၂ (ကဘ) ကတင်ပြပေသည်။
ချစ်ခြင်းမေတ္တာသည် ပျော်ရွှင်ခြင်းကို ဖြစ်ပွားစေ
၁၅။ ကျွန်ုပ်တို့ပျော်ရွှင်ခြင်းရှိရန် ချစ်ခြင်းမေတ္တာသည် မည်မျှအရေးကြီးသနည်း။
၁၅ သမ္မာကျမ်းစာက “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုဆိုထားခြင်းသည် အလွန်စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ (၁ ယောဟန် ၄:၈၊ ၁၆) “ဘုရားသခင်သည် စည်းစနစ်ကျနခြင်းဖြစ်၏” ဟု တစ်ခါမျှမဆိုပါ။ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏ အဓိကအရည်အချင်းဖြစ်သည်။ ယင်းကို ကိုယ်တော်၏ကျေးကျွန်များ တုပရမည်။ ယင်းကြောင့် ဂလာတိ ၅:၂၂ (ကဘ) တွင်စာရင်းတင်ပြထားသော ဘုရားသခင်၏ ပထမဆုံးဝိညာဉ်အသီးသည် “ချစ်ခြင်း” ဖြစ်ပြီး နောက်တစ်ခုမှာ “ပျော်ရွှင်ခြင်း” ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာသည် ပျော်ရွှင်ခြင်းကို ဖြစ်ပွားစေ၏။ သူတစ်ပါးနှင့် ဆက်ဆံရာတွင် ယေဟောဝါ၏ချစ်ခြင်းမေတ္တာကို တုပသည့်အခါ ပျော်ရွှင်ခြင်းရှိစေသည်။ အကြောင်းမူကား ချစ်ခင်တတ်သောသူများသည် ပျော်ရွှင်သောသူများ ဖြစ်ကြ၏။
၁၆။ ချစ်ခြင်းမေတ္တာ၏အရေးကြီးမှုကို ယေရှုမည်သို့ဖော်ပြတော်မူသနည်း။
၁၆ ဘုရားရေးရာချစ်ခြင်းကို တုပခြင်းသည် မည်မျှအရေးကြီးကြောင်း ယေရှု၏သွန်သင်ချက်တွင် ပေါ်လွင်ထင်ရှား၏။ ကိုယ်တော်က “ငါ့ခမည်းတော်သည် ငါ့အား နည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၈:၂၈) ယေရှုအား အဘယ်အကြောင်းကို သွန်သင်ထားတော်မူသဖြင့် ကိုယ်တော်က သူတစ်ပါးအား ထပ်ဆင့်သွန်သင်ပေးတော်မူသနည်း။ အကြီးမြတ်ဆုံးသောပညတ်နှစ်ခုမှာ ဘုရားသခင်ကိုချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်ခြင်းဖြစ်သည်။ (မဿဲ ၂၂:၃၆-၃၉) ဤသို့သောချစ်ခြင်းမေတ္တာကို ယေရှု သာဓကပြ၍ ထင်ရှားစေတော်မူခဲ့သည်။ ကိုယ်တော်က “ငါသည် ခမည်းတော်ကိုချစ်သည်” ဟုမိန့်တော်မူသည်အတိုင်း သေသည့်တိုင်အောင် ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ခြင်းအားဖြင့် ထင်ရှားပြတော်မူခဲ့သည်။ လူတို့ကိုချစ်ကြောင်းကိုလည်း သူတို့အတွက် အသေခံခြင်းအားဖြင့် တင်ပြတော်မူသည်။ ဧဖက်မြို့ရှိ ခရစ်ယာန်များအား တမန်တော်ပေါလုက ‘ခရစ်တော်သည် သင်တို့ကိုချစ်တော်မူသောအားဖြင့် . . . ကိုယ်ကိုကိုယ် . . . စွန့်တော်မူသည်’ ဟုပြောသည်။ (ယောဟန် ၁၄:၃၁; ဧဖက် ၅:၂) သို့ဖြစ်သောကြောင့် ယေရှုက နောက်တော်လိုက်များအား ဤသို့မိန့်တော်မူခဲ့ခြင်းဖြစ်သည်– “ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်း ချစ်ကြလော့။”—ယောဟန် ၁၅:၁၂၊ ၁၃။
၁၇။ သူတစ်ပါးအား ချစ်ခြင်းမေတ္တာပြခြင်းသည် အမှန်အရေးကြီးကြောင်း ပေါလုမည်သို့ဖော်ပြသနည်း။
၁၇ ဘုရားရေးရာချစ်ခြင်းသည် မည်မျှအရေးကြီးကြောင်း ဤသို့ပြောဆိုခြင်းအားဖြင့် ပေါလုဖော်ပြခဲ့သည်– “ငါသည် လူဘာသာစကားကိုလည်းကောင်း၊ ကောင်းကင်တမန်ဘာသာစကားကိုလည်းကောင်း ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့လည်းကောင်း၊ တီးသံကိုသာပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။ ပရောဖက်ဉာဏ်ကို ငါရ၍ နက်နဲသောအရာရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကိုတတ်သော်လည်းကောင်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်လည်းကောင်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်၏။ သူတစ်ပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှာ အပ်သော်လည်း၊ မေတ္တာမရှိလျှင် ငါ၌အကျိုးမရှိ။ . . . ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။”—၁ ကောရိန္သု ၁၃:၁-၃၊ ၁၃။
၁၈။ ပျော်ရွှင်ခြင်းတိုးပွားရန် ယေဟောဝါထံတော်မှ အဘယ်အရာကို ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း။
၁၈ ယေဟောဝါ၏ချစ်ခြင်းမေတ္တာတော်ကို ကျွန်ုပ်တို့တုပကြမည်ဆိုလျှင် ပြစ်မှားမိသည့်တိုင် ကိုယ်တော်၏ချစ်ခြင်းကို ကျွန်ုပ်တို့မှီခိုအားထားနိုင်သည်။ အကြောင်းမူကား၊ ကိုယ်တော်သည် “ချစ်သနားခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူ” သည်။ (ထွက်မြောက်ရာ ၃၄:၆) ပြစ်မှားမိသည့်အခါ စစ်မှန်သောနောင်တယူမည်ဆိုလျှင် ယင်းတို့ကို ဘုရားသခင်တေးထားတော်မူမည်မဟုတ်ဘဲ ချစ်ခြင်းကိုရှေ့ထားပြီး ခွင့်လွှတ်တော်မူမည်။ (ဆာလံ ၁၀၃:၁-၃) မှန်ပါ၏၊ ယေဟောဝါသည် “အလွန်သနားစုံမက်တော်မူ” ၏။ (ယာကုပ် ၅:၁၁) ယင်းကိုသိထားကြခြင်းက ပျော်ရွှင်စေသည်။
ခြွင်းချက်ဖြင့် ယခုပျော်ရွှင်
၁၉၊ ၂၀။ (က) ခြွင်းချက်မရှိ ပျော်ရွှင်မှုကို ယခု အဘယ်ကြောင့်မရနိုင်သနည်း။ (ခ) ဤအချိန်အခါတွင် ခြွင်းချက်အားဖြင့် ပျော်ရွှင်နိုင်ကြောင်းကို သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။
၁၉ သို့ရာတွင် ဖျားနာခြင်း၊ သေခြင်းကို ကျွန်ုပ်တို့ကြုံတွေ့နေရသောဤရာဇဝတ်မှုပြည့်နှက်ပြီး အဓမ္မမှု၊ စာရိတ္တယိုယွင်းမှုများသည့် စာတန်လက်အောက်ရှိလောက၏ နောက်ဆုံးကာလတွင် အသက်ရှင်နေကြရရာ ယနေ့တွင် ပျော်ရွှင်ခြင်း ရှိနိုင်ကြမည်လော။ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ကြိုတင်ဟောထားသည့် “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည် အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်” ဟူသည့်အတိုင်း ကမ္ဘာသစ်တွင်ရှိမည့် ပျော်ရွှင်ခြင်းတမျှ ယခုပျော်ရွှင်နိုင်ရန် မမျှော်လင့်နိုင်ကြပေ။—ဟေရှာယ ၆၅:၁၇၊ ၁၈။
၂၀ ဘုရားသခင့်ကျေးကျွန်များသည် ကိုယ်တော်၏အလိုတော်ကိုသိပြီး ကိုယ်တော်၏ ပရဒိသုကမ္ဘာသစ်တွင် မကြာမီရရှိမည့် အံ့မခန်းဖွယ်ကောင်းချီးများနှင့်စပ်လျဉ်းသော တိကျမှန်ကန်သောအသိပညာရှိထားကြသောကြောင့် ယခု သူတို့သည် ခြွင်းချက်ဖြင့် ပျော်ရွှင်နိုင်ကြပါသည်။ (ယောဟန် ၁၇:၃; ဗျာဒိတ် ၂၁:၄) ယင်းကြောင့်လည်း သမ္မာကျမ်းစာက ဤသို့ဆိုနိုင်ခြင်း ဖြစ်သည်– “အိုကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ၊ ကိုယ်တော်၌ ခိုလှုံသောသူသည် ပျော်ရွှင်၏၊” “ယေဟောဝါကို ကြောက်ရွံ့သောသူ၊ လမ်းခရီးတော်သို့လိုက်သွားသောသူ အားလုံးတို့သည် ပျော်ရွှင်ကြ၏၊” “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် ဝမ်းမြောက်ရွှင်လန်းကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် မြေကြီးကိုအမွေရကြလတ္တံ့။” (ဆာလံ ၈၄:၁၂၊ ကဘ; ၁၂၈:၁၊ ကဘ; မဿဲ ၅:၅၊ ကဘ) သို့ဖြစ်၍ ကျွန်ုပ်တို့ရင်ဆိုင်နေရသော လက်ရှိခဲယဉ်းသောအခြေအနေများကြားတွင်ပင် ပျော်ရွှင်မှု အတော်အတန်ရှိနိုင်ပါသည်။ အဖြစ်ဆိုးများ ကြုံရသည့်တိုင် ယေဟောဝါကိုမသိ၊ ထာဝရအသက်မျှော်လင့်ချက်မရှိသူကဲ့သို့ ကျွန်ုပ်တို့ဝမ်းနည်းကြမည်မဟုတ်ပါ။—၁ သက်သာလောနိတ် ၄:၁၃။
၂၁။ မိမိကိုယ်ကို ပေးဆက်ခြင်းက ယေဟောဝါ၏ကျေးကျွန်များ ပျော်ရွှင်မှုကို မည်သို့တိုးပွားစေသနည်း။
၂၁ အခြားသူများ၊ အထူးသဖြင့် စာတန့်လောက၌ပြုလုပ်နေသော “စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေးသောသူတို့” အား သမ္မာကျမ်းစာ အမှန်တရားကို အချိန်ကုန်ခံ၊ ခွန်အားနှင့်ငွေအင်အား စိုက်ထုတ်ပြီး သွန်သင်ပေးကြသောကြောင့်လည်း ယေဟောဝါ၏ကျေးကျွန်များသည် ပျော်ရွှင်နိုင်ကြသည်။ (ယေဇကျေလ ၉:၄) သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ဆင်းရဲသောသူကို စာနာသောသူသည် ပျော်ရွှင်၏; ဒုက္ခရောက်သောနေ့တွင် ယေဟောဝါသည် သူ့အား လွတ်မြောက်စေမည်။ ယေဟောဝါကိုယ်တော်တိုင် သူ့အား စောင့်ရှောက်၍ အသက်ချမ်းသာပေးတော်မူမည်။ ကမ္ဘာပေါ်တွင် ပျော်ရွှင်ခွင့်ရလိမ့်မည်။” (ဆာလံ ၄၁:၁၊ ၂၊ ကဘ) ယေရှုမိန့်တော်မူသကဲ့သို့ပင် “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။”—တမန်တော် ၂၀:၃၅၊ ကဘ။
၂၂။ (က) ပျော်ရွှင်မှုနှင့်ပတ်သက်၍ ဘုရားသခင့်ကျေးကျွန်များနှင့် ကိုယ်တော်အား ဝတ်မပြုသူများကို နှိုင်းယှဉ်ပြပါ။ (ခ) အဘယ်အထူးအကြောင်းကြောင့် ကျွန်ုပ်တို့ပျော်ရွှင်ရန်မျှော်လင့်သင့်သနည်း။
၂၂ ဘုရားသခင့်ကျေးကျွန်များသည် မျက်မှောက်အချိန်တွင် အပျော်တကာ့အပျော်ဆုံး ပျော်ရွှင်မှု မရနိုင်ကြသည်မှန်သော်လည်း ဘုရားသခင့်အမှုတော်ကို မထမ်းဆောင်သူများ၌မရှိသော ပျော်ရွှင်မှုမျိုးရရှိနိုင်သည်။ ယေဟောဝါက ဤသို့ကြွေးကြော်တော်မူသည်– “ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းသောစိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသောနှလုံးနှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။” (ဟေရှာယ ၆၅:၁၄) ထို့ပြင် ဘုရားသခင့်အမှုတော်ထမ်းဆောင်သူများသည် ယခုပင် ပျော်ရွှင်နိုင်စရာ အကြောင်းထူးရှိသည်။—“ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ်နာခံသူတို့အား ပေးတော်မူသော” ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို သူတို့ရရှိထားပြီ။ (တမန်တော် ၅:၃၂၊ ကဘ) ဘုရားသခင့်ဝိညာဉ်တော်ရှိရာအရပ်တွင် ပျော်ရွှင်မှုရှိကြောင်းကို သတိရပါ။—ဂလာတိ ၅:၂၂။
၂၃။ နောက်သင်တန်းတွင် ကျွန်ုပ်တို့ အဘယ်အကြောင်း လေ့လာကြမည်နည်း။
၂၃ ယနေ့ ဘုရားသခင့်ကျေးကျွန်အဖွဲ့အစည်းတွင် အသင်းတော်၌ ဦးစီးဦးဆောင်သူ၊ ‘အသက်ကြီးသူများ’ ဖြစ်သော အကြီးအကဲများသည် အရေးကြီးကဏ္ဍတွင် အမှုထမ်းကာ ယေဟောဝါ၏လူများအား ပျော်ရွှင်မှု တိုးပွားစေကြသည်။ (တိတု ၁:၅) ဤသူတို့သည် မိမိတို့၏တာဝန်ကိုလည်းကောင်း၊ မိမိတို့၏ ဝိညာဏညီအစ်ကိုညီအစ်မများနှင့် ဆက်ဆံရေးကိုသော်လည်းကောင်း မည်သို့ယူမှတ်သင့်သနည်း။ နောက်ဆက်တွဲဆောင်းပါးက ယင်းကို ဆွေးနွေးတင်ပြလိမ့်မည်။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ယေဟောဝါသည် စည်းစနစ်ကျနသောအရှင်ဖြစ်တော်မူကြောင်း ဖန်ဆင်းခြင်းက မည်သို့သက်သေထူသနည်း။
◻ အတိတ်နှင့်မျက်မှောက်ကာလတွင် ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်များကို မည်သို့စနစ်တကျဖွဲ့စည်းထားတော်မူသနည်း။
◻ ယေဟောဝါသည် ကျွန်ုပ်တို့အား မည်သို့ဟန်ချက်ညီညီ ဖြစ်စေလိုတော်မူသနည်း။
◻ ကျွန်ုပ်တို့ပျော်ရွှင်ခြင်းရှိရန် ချစ်ခြင်းမေတ္တာသည် မည်မျှအရေးကြီးသနည်း။
◻ ကျွန်ုပ်တို့အချိန်တွင် မည်သို့သောပျော်ရွှင်မှုကိုမျှော်လင့်နိုင်သနည်း။
[Picture Credit Line on page 10]
အပေါ်–Courtesy of ROE/Anglo-Australian Observatory, photograph by David Malin