ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၀/၁၅ စာ. ၄-၇
  • သေလွန်သူများ၏ အခြေအနေကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေလွန်သူများ၏ အခြေအနေကား အဘယ်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူကို သေဖို့ရန် မရည်ရွယ်ထား
  • အဘယ်ကတိတော်နည်း
  • နာမ်ဝိညာဉ်ဘုံမှ ဆက်သွယ်မှုများ
  • သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာရှိတော်မူသောဘုရားသခင် ယေဟောဝါ
  • သေလွန်ပြီးသော ကျွန်ုပ်တို့ချစ်ရသူများ ဘာဖြစ်သွားကြသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • သေလွန်သူကို ကြောက်ရွံ့သင့်သလော
    နိုးလော့!—၂၀၀၉
  • တမလွန်ဘဝ—မည်သို့မည်ပုံ၊ မည်သည့်နေရာ၊ မည်သည့်အခါတွင်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သင်၌မသေနိုင်သေဝိညာဉ် [စပီးရစ်]ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၀/၁၅ စာ. ၄-၇

သေလွန်သူများ၏ အခြေအနေကား အဘယ်နည်း

သေလွန်သူကို ကြောက်ရွံ့ခြင်းသည် ကွယ်လွန်သူ၏ ဝိညာဉ်သည်မသေသေးဟူသော အယူအဆပေါ် အခြေပြုသည်။ ဤအယူအဆ မှားယွင်းသည်ဟု သမ္မာကျမ်းစာက ရှင်းလင်းပြတ်သားစွာ သွန်သင်မည်ဆိုလျှင် သေလွန်သူများသည် သင့်အား ဒုက္ခပေးနိုင်မနိုင် ဟူသောအမေး ပေါ်ပေါက်လာစရာအကြောင်းမရှိတော့ချေ။ သို့ဖြစ်သောကြောင့် သမ္မာကျမ်းစာက မည်သို့သွန်သင်သနည်း။

သေလွန်သူများ၏အခြေအနေအကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့ဆိုသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။ သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတစ်ပါးနှင့် ရောနှော၍ မဆိုင်ရ။”—ဒေသနာ ၉:၅၊ ၆။

သို့ဖြစ်သောကြောင့် သေလွန်သူသည် သင့်အား ကူညီနိုင်မည်လော၊ သို့မဟုတ် ဒုက္ခပေးနိုင်မည်လော။ မပေးနိုင်ဟူ၍ ကျမ်းစာက ဆိုသည်။ သေလွန်သူသည် ဘာကိုမျှမသိ တိတ်ဆိတ်ငြိမ်ဆိမ်လျက်သာရှိ၏။ အသက်ရှင်သောသူများနှင့် အဆက်အသွယ်မပြုနိုင်၊ ချစ်ခြင်း၊ မုန်းခြင်း အစရှိသော စိတ်ထားမျိုးကို မထင်ရှားပြနိုင်၊ မည်သည့်အမှုကိုမျှလည်း မဆောင်ရွက်နိုင်ချေ။ ယင်းတို့ကို ကြောက်ရွံ့စရာအကြောင်း လုံးဝမရှိပါ။

အချို့က ‘ရုပ်ခန္ဓာ သေတဲ့အကြောင်းကို ပြောနေရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ရုပ်ခန္ဓာသေတဲ့အခါ ဆက်အသက်မရှင်တော့ဘူးဆိုတာမဟုတ်ဘူး။ ရုပ်ခန္ဓာထဲကနေ ဝိညာဉ်ကို လွှတ်ပေးလိုက်တာပဲဖြစ်တယ်။ အဲ့ဒီဝိညာဉ်က အသက်ရှင်တဲ့လူကို ကူညီပေးနိုင်တာ၊ ဒါမှမဟုတ် ဒုက္ခပေးနိုင်တာ’ ဟုဆိုပေမည်။ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတို့က ထိုသို့ယူမှတ်ကြ၏။

ဥပမာ၊ မာဒါကက်စကာကျွန်းတွင် အသက်ရှင်ခြင်းသည် တစ်နေရာမှ အခြားတစ်နေရာသို့ ကူးပြောင်းခြင်းမျှဖြစ်သည်ဟု ယူဆကြသည်။ ထို့ကြောင့် ဈာပနကိစ္စ သို့မဟုတ် အလောင်းကို ပြန်ဖော်ခြင်း ကိစ္စတို့သည် ထိမ်းမြားမင်္ဂလာပွဲထက် အရေးကြီးသည်ဟု ယူမှတ်ကြ၏။ လူတစ်ဦးသည် ဘိုးဘေးများထံမှလာ၍ ထိုသူကွယ်လွန်သည့်အခါ ယင်းတို့ထံ ပြန်ရောက်သွားသည်ဟု ထင်မှတ်ကြသည်။ ယင်းကြောင့် အသက်ရှင်သောသူများ၏ အိမ်တို့ကို ပျက်စီးယိုယွင်းတတ်သော သစ်သားနှင့် နေလှန်းအုတ်တို့ဖြင့် ဆောက်လုပ်ပြီး ကွယ်လွန်သူတို့၏ “အိမ်များ” တည်းဟူသော သင်္ချိုင်းများကိုမူကား များသောအားဖြင့် ပိုခမ်းနားကြီးကျယ်၊ ခိုင်ခန့်စွာ ဆောက်ထားလေ့ရှိသည်။ အလောင်းကို ပြန်ဖော်ချိန်တွင် မိသားစုနှင့် မိတ်ဆွေသင်္ဂဟများသည် ကောင်းချီးရကြမည်ဟု သူတို့ယူမှတ်ကြသည်။ အမျိုးသမီးများဆိုလျှင် ကွယ်လွန်သူဆွေမျိုး၏အရိုးကို တို့ထိလိုက်ပါက သားသမီးဖြစ်ထွန်းလိမ့်မည်ဟု ယူဆကြသည်။ သို့သော် ဤတွင်တစ်ဖန် ဘုရားသခင့်နှုတ်ကပါဌ်တော်က မည်သို့ဆိုသနည်း။

လူကို သေဖို့ရန် မရည်ရွယ်ထား

အသက်ရှင်ရန် လူကို ယေဟောဝါဘုရားသခင် ဖန်ဆင်းထားပြီး သေခြင်းတရားကိုမူကား နားမထောင်ခြင်း၏အကျိုးအပြစ်အဖြစ် ကိုယ်တော်မိန့်မြွက်တော်မူခဲ့ခြင်းသည် စိတ်ဝင်စားစရာဖြစ်သည်။ (ကမ္ဘာဦး ၂:၁၇) ဝမ်းနည်းစရာမှာ ပထမလူယောက်ျားနှင့်မိန်းမတို့သည် အပြစ်ပြုခဲ့ကြရာ ယင်းကြောင့် သေခြင်းသို့ရောက်စေသော အပြစ်တရားကို လူအပေါင်းတို့ အမွေရရှိခဲ့ကြလေသည်။ (ရောမ ၅:၁၂) ထို့ကြောင့် ပထမလူမောင်နှံစုံသည် စကားနားမထောင်ခဲ့သောအချိန်ကတည်းက သေခြင်းတရားသည် အလွန်ဝမ်းနည်းဖွယ်ကောင်းသော ဓမ္မတာတစ်ရပ်ပင်ဖြစ်လာပေသည်။ သေခြင်းတရားသည် နိဂုံးအဆုံးဖြစ်သည်ဟု သန်းပေါင်းများစွာသောသူတို့ လက်ခံရန် ခဲယဉ်းရခြင်းသည် ကျွန်ုပ်တို့အား အသက်ရှင်ဖို့ရန် ဖန်ဆင်းထားတော်မူသည့်အကြောင်းက တစ်စိတ်တစ်ပိုင်းအားဖြင့် ဖြေရှင်းပါသည်။

သမ္မာကျမ်းစာမှတ်တမ်းအရ စကားနားမထောင်လျှင် သေရမည်ဟူသော ဘုရားသခင်၏ သတိပေးချက်ကို စာတန်သည် ဆန့်ကျင်ပြောဆိုခြင်းအားဖြင့် သေခြင်းနှင့်စပ်လျဉ်း၍ ပထမလူမောင်နှံစုံအား ထင်ယောင်ထင်မှားဖြစ်စေရန် လှည့်ဖြားခဲ့ကြောင်း သိရှိရသည်။ (ကမ္ဘာဦး ၃:၄) သို့သော် အချိန်လွန်လာသော် ဘုရားသခင် မိန့်တော်မူခဲ့သည့်အတိုင်းပင် လူတို့သည် ကွယ်လွန်သွားကြကြောင်း ထင်ရှားလာသည်။ သို့ဖြစ်၍ ရာစုနှစ်ပေါင်းတစ်လျှောက် အခြားမုသားတစ်ခုနှင့် စာတန်သည် ထပ်မံတန်ပြန်ခဲ့သည်။ ယင်းကား ခန္ဓာကိုယ်သေသော်လည်း လူ့အစိတ်အပိုင်းဖြစ်သော ဝိညာဉ်တစ်မျိုးတစ်မည်သည် အသက်ဆက်ရှင်နေသည်ဟူ၍ဖြစ်သည်။ ဤသို့လှည့်ဖြားခြင်းသည် “မုသာ၏အဘ” ဟုယေရှုဖော်ညွှန်းခဲ့သော စာတန်မာရ်နတ်နှင့်တော်သင့်လှပေသည်။ (ယောဟန် ၈:၄၄) တစ်ဖက်မှကြည့်သော် သေခြင်းတရားနှင့်စပ်လျဉ်း၍ ဘုရားသခင်၏ တုံ့ပြန်မှုမူကား အားရှိစရာကတိတော်ပင်ဖြစ်သည်။

အဘယ်ကတိတော်နည်း

လူများစွာ ထမြောက်လာမည် ဟူသောကတိတော်ပင်တည်း။ “ရှင်ပြန်ထမြောက်ခြင်း” ဟူ၍ပြန်ဆိုထားသည့် ဂရိစကားလုံးမှာ အနာစတာစစ္စ ဖြစ်သည်။ စာသားအတိုင်းဆိုလျှင် “တစ်ဖန်ပြန်ထလာခြင်း” ဟူ၍ အဓိပ္ပာယ်ရှိပြီး သေခြင်းမှ ပြန်ထမြောက်ခြင်းကို ဆိုလိုပါသည်။ မှန်သည်၊ သေဆုံးသည့်အခါ လူသည် အစဉ်အနားယူသည်မှန်သော်လည်း ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ထိုသူ့အား ပြန်ထမြောက်စေနိုင်တော်မူ၏။ လူသည် အသက်ဆုံးရှုံးရသော်လည်း ဘုရားသခင်သည် သူ့အား အသက်ကိုပြန်ပေးနိုင်ပါသည်။ ဘုရားသခင်၏သားတော် ယေရှုခရစ်က “သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့” ဟုမိန့်တော်မူသည်။ (ယောဟန် ၅:၂၈၊ ၂၉) “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ ရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍ . . . ဘုရားသခင်ကို အမှီပြု၍ မျှော်လင့်” ထားကြောင်း တမန်တော်ပေါလုပြောပြခဲ့သည်။ (တမန်တော် ၂၄:၁၅) ခရစ်ယာန်ခေတ်မတိုင်မီက ဘုရားသခင်အား သစ္စာရှိသော ကျေးကျွန်ဖြစ်သူ ယောဘကလည်း ရှင်ပြန်ထမြောက်ရန် မျှော်လင့်ချက်ရှိကြောင်း တင်ပြခဲ့သည်– “လူသည် သေလျှင် အသက် ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောက်မီ၊ ပင်ပန်းစွာ အမှုထမ်းရသောနေ့ရက်ကာလပတ်လုံး သည်းခံလျက် နေပါမည်။ အကျွန်ုပ်ကို [ဘုရားသခင်] ခေါ်တော်မူပါ။ အကျွန်ုပ် ပြန်လျှောက်ပါမည်။”—ယောဘ ၁၄:၁၄၊ ၁၅။

ရှင်ပြန်ထမြောက်လာမည်ဟူသော ရှင်းလင်းပြတ်သားသည့် ကတိတော်ကား သေလွန်သူများသည် နာမ်ဝိညာဉ်သဏ္ဌာန်ဖြင့် အသက်ရှင်နေဆဲရှိသည်ဟူသောအယူအဆ မှားယွင်းကြောင်းကို သက်သေထူသည်မဟုတ်လော။ ကွယ်လွန်သူတို့သည် အသက်ရှင်နေပြီး ကောင်းကင် သို့မဟုတ် နာမ်ဝိညာဉ်လောကတစ်ခုခုတွင် တည်ရှိနေမည်ဆိုလျှင် ရှင်ပြန်ထမြောက်ခြင်း၌ အဘယ်ရည်ရွယ်ချက်ရှိမည်နည်း။ သူတို့သည် အကျိုးခံစားနှင့်ပြီးသား၊ သို့မဟုတ် သူ့ကံကြမ္မာသူ ခံစားနှင့်ပြီးသား ဖြစ်နေမည်မဟုတ်ပေလော။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေ့လာကြည့်သည့်အခါ လူသေများသည် အမှန်စင်စစ် သေဆုံးနေပြီး၊ အဘယ်အရာကိုမျှမသိဘဲ ကျွန်ုပ်တို့၏မေတ္တာရှင် ခမည်းတော် ယေဟောဝါ ကတိထားတော်မူသည့် ပရဒိသုကမ္ဘာသစ်တွင် ရှင်ပြန်ထမြောက်လာမည့်အချိန်အထိ အိပ်ပျော်လျက်သာနေကြကြောင်း သိရှိရသည်။ သို့သော် သေခြင်းတရားသည် ရုပ်ခန္ဓာနှင့် နာမ်ဝိညာဉ်ကို ခွဲခြားခြင်းမဟုတ်၊ နာမ်ဝိညာဉ်သည်လည်း ဆက်အသက်မရှင်လျှင် နာမ်ဝိညာဉ်လောကမှ အဆက်အသွယ်ရဟန်ရှိသည့် အဖြစ်အပျက်များကော မည်သို့နည်း။

နာမ်ဝိညာဉ်ဘုံမှ ဆက်သွယ်မှုများ

နာမ်ဝိညာဉ်ဘုံမှ ရရှိဟန်ရှိသည့် အဆက်အသွယ်များအကြောင်း ကြိမ်ဖန်များစွာ ကြားသိကြရသည်။ ယင်းတို့၏ မူလအစကား အဘယ်နည်း။ “စာတန်ပင်လျှင် အလင်း၏ ကောင်းကင်တမန်အသွင်ကို ယူဆောင်နိုင်ပေသည်။ သို့ဖြစ်၍ သူ၏တပည့်များသည် အမှန်တရားကို ဟောပြောကြေညာသူများသဖွယ် အယောင်ဆောင်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ” ဟုသမ္မာကျမ်းစာက သတိပေးသည်။ (၂ ကောရိန္သု ၁၁:၁၄၊ ၁၅၊ သတင်းကောင်း) မှန်ပါ၏၊ လူကို သာ၍လွယ်ကူစွာ လှည့်ဖြားပြီးလမ်းမှားစေရန် နတ်ဆိုး (ပုန်ကန်ခဲ့သော ကောင်းကင်သား) များသည် တစ်ခါတစ်ရံ အကူအညီပေးဟန်ဆောင်လျက် အသက်ရှင်သောသူတို့နှင့် အဆက်အသွယ်ပြုခဲ့ကြပြီ။

ဤလှည့်ဖြားပုံ လှည့်ဖြားနည်းအကြောင်းကို တမန်တော်ပေါလုက ဤသို့ထပ်ဆင့်သတိပေးသည်– “လူအချို့တို့သည် မုသားပြောဆိုသည့် ဝိညာဉ်များ၏ စကားကို နားထောင်လျက် နတ်မိစ္ဆာတို့၏ ဩဝါဒကို လိုက်နာကာ မိမိတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ကြလိမ့်မည်။” (၁ တိမောသေ ၄:၁) ထို့ကြောင့် ကွယ်လွန်သူများထံမှဖြစ်သည်ဟု ဆိုကြသော မည်သည့်တုံ့ပြန်မှုမျိုးကိုမဆို “အမှန်တရားကို ဟောပြောကြေညာသူများ” အဖြစ် ဟန်ဆောင်ပြီး ဘာသာရေးဆိုင်ရာ မုသားစကားကို အားပေးအားမြှောက်ပြု၍ ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ သမ္မာတရားလမ်းမှ လူတို့အား သွေဖည်သွားစေကာ အယူသီးမှုများ၏ကျွန်များဖြစ်စေတတ်သော နတ်ဆိုးများထံမှပင်ဖြစ်ပေမည်။

ကွယ်လွန်သူတို့သည် မည်သည့်အရာကိုမျှ မပြောဆိုနိုင်၊ မလုပ်ကိုင်နိုင်၊ မခံစားနိုင်ကြောင်းကို ထောက်ခံသည့်အနေနှင့် ဆာလံ ၁၄၆:၃၊ ၄ ကဤသို့ဆိုသည်– “မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။ သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။” “ထွက်” သွားသည့် အရာကား အဘယ်နည်း။ အသက်ရှူခြင်းအားဖြင့် တည်ရှိသော လူ၏အသက်စွမ်းအားဖြစ်သည်။ ထို့ကြောင့် ကွယ်လွန်သူသည် အသက်ဆက်မရှူတော့သည့်အခါ သူ၏အာရုံများလည်း အလုပ်မလုပ်တော့ပေ။ အဘယ်အရာကိုမျှ လုံးဝမသိသော အခြေအနေသို့ သူရောက်ရှိသွားလေသည်။ ထို့ကြောင့် သူသည် အသက်ရှင်သောသူကို လုံးဝမချုပ်ကိုင်နိုင်ပါ။

ယင်းကြောင့် လူသားသေသကဲ့သို့ တိရစ္ဆာန်သေသည်ဟု သမ္မာကျမ်းစာက နှိုင်းယှဉ်ထားရခြင်းဖြစ်သည်။ သေသည့်အခါ အလုံးစုံတို့သည် အဘယ်အရာကိုမျှမသိ၊ မြေမှုန့်ထဲကဖြစ်၍ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏ဟု ဆိုသည်။ ဒေသနာ ၃:၁၉၊ ၂၀ ကဤသို့ဆိုသည်– “လူသားတွေ့ကြုံသောအမှုကို တိရစ္ဆာန်တွေ့ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တစ်ပါးတည်းသောအမှုကို တွေ့ကြုံလျက် တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တစ်မျိုးတည်းရှိကြ၏။ သို့ဖြစ်၍ လူသည် တိရစ္ဆာန်ထက် ထူးမြတ်သောအကြောင်း မရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။ အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲက ဖြစ်သည်နှင့်အညီ မြေမှုန့်ထဲသို့ ပြန်သွားတတ်၏။”

လူတို့သည် ကွယ်လွန်သူများနှင့် အဆက်အသွယ်ပြုနိုင်သည်၊ ယင်းအားဖြင့် ကောင်းကျိုးဆိုးကျိုးခံစားရသည်ဟု ထင်မှတ်ရန် နတ်ဆိုးများက လူတို့အား ကြိုးစားလှည့်ဖြားနေကြောင်းကို ယေဟောဝါဘုရားသခင် သိတော်မူသဖြင့် မိမိ၏ရှေးဣသရေလလူမျိုးအား ဤသို့သတိပေးတော်မူခဲ့သည်– “သင်တို့တွင် . . . ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသောအတတ်ကို ပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့် ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစ်စုံတစ်ယောက်မျှ မရှိရ။ ထိုသို့ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။”—တရားဟောရာ ၁၈:၁၀-၁၂။

ကွယ်လွန်သူတို့သည် ကျွန်ုပ်တို့အား ဒုက္ခပေးနိုင်သည် ဟူသောအယူအဆသည် ဘုရားသခင့်ထံတော်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း ထင်ရှားပါသည်။ ကိုယ်တော်သည် သမ္မာတရား၏ဘုရားသခင် ဖြစ်တော်မူသည်။ (ဆာလံ ၃၁:၅; ယောဟန် ၁၇:၁၇) ကိုယ်တော့်အား “ဝိညာဉ်တော်တန်ခိုးအားဖြင့် မှန်ကန်စွာ” ဝတ်ပြုကိုးကွယ်သော သမ္မာတရားမြတ်နိုးသူများအတွက် အလွန်အံ့သြဖွယ်ကောင်းသောအနာဂတ်ကို သိုမှီးထားတော်မူသည်။—ယောဟန် ၄:၂၃၊ ၂၄၊ သတင်းကောင်း။

သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာရှိတော်မူသောဘုရားသခင် ယေဟောဝါ

“မုသာမသုံးနိုင်သော” ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာရှင် ကောင်းကင်ခမည်းတော်သည် ကတိပြုထားတော်မူပြီ– ကွယ်လွန်ခဲ့၍ သင်္ချိုင်းတွင် မြှုပ်နှံခံရသော သန်းကုဋေချီသည့် လူအပေါင်းတို့သည် ဖြောင့်မတ်ခြင်းတရားတည်ရာ ကမ္ဘာသစ်တွင် ထာဝရအသက်ရခွင့်ရှိသည့် မျှော်လင့်ချက်ဖြင့် ရှင်ပြန်ထမြောက်လာကြလိမ့်မည်တကား! (တိတု ၁:၁၊ ၂; ယောဟန် ၅:၂၈) ယေဟောဝါသည် ကိုယ်တော်၏ဖန်ဆင်းရာ လူသား၏အကျိုးကို အလွန်စိတ်ဝင်စားတော်မူ၍ သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းတို့ကို ပပျောက်စေလိုတော်မူကြောင်း ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ဤချစ်ခြင်းမေတ္တာပါ ကတိတော်က ဖော်ပြပါသည်။ ထို့ကြောင့် ကွယ်လွန်သူများကို ကြောက်ရွံ့နေစရာအကြောင်း မရှိပါ။ သူတို့အတွက်သော်လည်းကောင်း၊ သူတို့၏အလားအလာအတွက်သော်လည်းကောင်း ရတက်မအေး ဖြစ်နေစရာမလိုပါ။ (ဟေရှာယ ၂၅:၈၊ ၉; ဗျာဒိတ် ၂၁:၃၊ ၄) ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာရှင်၊ တရားမျှတသောဘုရားသခင် ယေဟောဝါသည် သူတို့ကို ရှင်ပြန်ထမြောက်စေနိုင်တော်မူလျက် သေခြင်းတရား၏ ဝမ်းနည်းကြေကွဲမှုကို အတောသတ်တော်မူလိမ့်မည်။

ကတိတော်နှင့်အညီ ဖြောင့်မတ်ခြင်းတရားတည်ရာ ထိုကမ္ဘာသစ်တွင် မြေကြီး၏ အခြေအနေသည် မည်သို့ဖြစ်မည့်အကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာက အများအပြားဖော်ပြထားသည်။ (ဆာလံ ၃၇:၂၉; ၂ ပေတရု ၃:၁၃) ထိုအချိန်အခါသည် ငြိမ်းချမ်းသာယာ၍ လူလူချင်း ချစ်ခြင်းမေတ္တာ ရှိကြမည့်အချိန်အခါ ဖြစ်လိမ့်မည်။ (ဆာလံ ၇၂:၇; ဟေရှာယ ၉:၇; ၁၁:၆-၉; မိက္ခာ ၄:၃၊ ၄) လူတိုင်းလူတိုင်း လုံခြုံမှုရှိမည့် အိမ်ကြီးအိမ်ကောင်းများတွင် နေထိုင်ကြပြီး ပျော်ရွှင်စရာအလုပ်အကိုင်များ လုပ်ကိုင်ကြလိမ့်မည်။ (ဟေရှာယ ၆၅:၂၁-၂၃) လူအားလုံး စားသုံးဖို့ စားကောင်းသောက်ဖွယ် အလျှံပယ်ရှိလိမ့်မည်။ (ဆာလံ ၆၇:၆; ၇၂:၁၆) လူတိုင်း ကျန်းမာကြလိမ့်မည်။ (ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆) တမန်တော်များနှင့် အရေအတွက်အကန့်အသတ်ရှိ အခြားသူတို့သည် ယေရှုနှင့်အတူ ကောင်းကင်မှ အုပ်ချုပ်မည်ဟုဖော်ပြထားသော်လည်း ကွယ်လွန်ခဲ့သော အခြားသူများ၏ဝိညာဉ်များအတွက် ကောင်းကင်တွင် ကောင်းမွန်သောအခြေအနေရှိကြောင်းကိုကား သမ္မာကျမ်းစာ လုံးဝမဖော်ပြပါ။ (ဗျာဒိတ် ၅:၉၊ ၁၀; ၂၀:၆) ကွယ်လွန်ခဲ့သော သန်းပေါင်းများစွာသောသူတို့သည် သေဆုံးကြပြီးနောက် ဆက်အသက်ရှင်နေကြမည်ဆိုလျှင် ယင်းသည် ထူးဆန်းနေပေမည်။

သို့သော် သမ္မာကျမ်းစာ၏ ရှင်းလင်းပြတ်သားသော သွန်သင်ချက်ကို သိရှိထားသောအခါ ယင်းသည် မထူးဆန်းချေ– သေလွန်သူတို့သည် သက်ရှိစိုးလ်များအဖြစ် ဆက်လက်အသက်မရှင်ချေ။ သင့်ကို ဒုက္ခမပေးနိုင်ပါ။ အောက်မေ့ရာ သင်္ချိုင်းများမှာရှိသူတို့သည် အနားယူနေကြရုံသာဖြစ်သည်။ ဘုရားသခင် သတ်မှတ်ထားသည့် ရှင်ပြန်ထမြောက်လာမည့်နေ့ရက်အထိ အဘယ်အရာကိုမျှမသိဘဲ ရှိနေကြ၏။ (ဒေသနာ ၉:၁၀; ယောဟန် ၁၁:၁၁-၁၄၊ ၃၈-၄၄) ထို့ကြောင့် ကျွန်ုပ်တို့၏မျှော်လင့်ချက်များ၊ ကျွန်ုပ်တို့၏ရည်မှန်းချက်များသည် ဘုရားသခင့်အပေါ် မူတည်သည်။ “ကယ်တင်တော်မူခြင်းကျေးဇူးကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။”—ဟေရှာယ ၂၅:၉။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင့်နှုတ်ကပါဌ်တော် ရှင်းလင်းပြတ်သားစွာ ဖော်ပြသည့်အတိုင်းပင် ကွယ်လွန်သူတို့သည် ရှင်ပြန်ထမြောက်ချိန်အထိ လုံးဝမလှုပ်မရှားဘဲရှိနေသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ