ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၁/၁ စာ. ၁၆-၂၂
  • နူးညံ့စွာထောက်ထားကြင်နာလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နူးညံ့စွာထောက်ထားကြင်နာလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ခါနှင့်မျှမတူသော ထောက်ထားကြင်နာမှုတင်ပြသည့်လုပ်ငန်း
  • ဥပဓိရုပ်သစ်၏အစိတ်အပိုင်း
  • မနာလိုခြင်း—ထောက်ထားကြင်နာခြင်းအတွက် အဟန့်အတားတစ်ခု
  • ထောက်ထားကြင်နာမှုကိုဟန့်တားသည့် အခြားအရာများ
  • ဖျားနာသူများကို ထောက်ထားကြင်နာခြင်း
  • အားနည်းသူများကိုထောက်ထားကြင်နာခြင်း
  • “ကြင်နာသနား” ခြင်း ရှိကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ‘ငါတို့ဘုရားသခင်၏ ယုယသနားကြင်နာခြင်း’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ယေဟောဝါရဲ့ သနားစာနာမှုကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ယေဟောဝါသည် စာနာမှုဖြင့်အုပ်ချုပ်တော်မူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၁/၁ စာ. ၁၆-၂၂

နူးညံ့စွာထောက်ထားကြင်နာလော့

“(ထောက်ထားကြင်နာမှုရှိသော၊ ကဘ) သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း . . . တို့ကို ယူတင်ဝတ်ဆောင်ကြလော့။” —ကောလောသဲ ၃:၁၂။

၁။ ယနေ့ ထောက်ထားကြင်နာမှု အလွန်အမင်းလိုအပ်ရခြင်းမှာ အဘယ်ကြောင့်နည်း။

သမိုင်းတွင် တစ်ခါမျှမကြုံဖူးသည့်အတိုင်းအတာဖြင့် လူများစွာတို့သည် ထောက်ထားကြင်နာမှုရှိအကူအညီ လိုအပ်နေကြသည်။ ဖျားနာခြင်း၊ ငတ်မွတ်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ရာဇဝတ်မှု၊ စစ်ပွဲများ၊ မင်းမဲ့ဝါဒနှင့် သဘာဝဘေးဒဏ်များကြောင့် လူသန်းပေါင်းများစွာတို့သည် အကူအညီလိုအပ်နေကြသည်။ သို့သော် သာ၍ကြီးကျယ်သည့် ပြဿနာတစ်ရပ်ရှိပြီး ယင်းမှာ လူသားတို့၏ စိတ်ပျက်ဖွယ်ကောင်းသည့် ဝိညာဏဖြစ်အင်ဖြစ်သည်။ မိမိ၏အချိန် တစ်ခဏသာရှိတော့ကြောင်း သိသောစာတန်သည် “လောကတစ်နိုင်ငံလုံးကို လှည့်ဖြား” လျက်ရှိသည်။ (ဗျာဒိတ် ၁၂:၉၊ ၁၂) သို့နှင့် အထူးသဖြင့် စစ်မှန်သောခရစ်ယာန်အသင်းတော်၏ ပြင်ပတွင်ရှိသူတို့သည် အသက်ဆုံးရှုံးမည့်အန္တရာယ် ကြုံနေကြရပြီး လာမည့် ဘုရားသခင့်တရားစီရင်ရာနေ့တွင် တရားစီရင်ခံရသူများအတွက် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ မည်သည့်မျှော်လင့်ချက်ကိုမျှ သမ္မာကျမ်းစာတွင် မတွေ့ရချေ။—မဿဲ ၂၅:၃၁-၃၃၊ ၄၁၊ ၄၆; ၂ သက်သာလောနိတ် ၁:၆-၉။

၂။ ယေဟောဝါသည် ဆိုးသွမ်းသူများအားဖျက်ဆီးရန် အဘယ်ကြောင့် ဆိုင်းငံ့ထားတော်မူသနည်း။

၂ သို့သော် ယေဟောဝါသည် ဤဆုံးခန်းကာလအထိ ကျေးဇူးကန်းသူများနှင့် ဆိုးယုတ်သူများကို သည်းခံမှုနှင့် ထောက်ထားကြင်နာမှု ဆက်၍တင်ပြလာခဲ့သည်။ (မဿဲ ၅:၄၅; လုကာ ၆:၃၅၊ ၃၆) သစ္စာမဲ့သောဣသရေလလူမျိုးအပေါ် တရားစီရင်ရန် ဆိုင်းငံ့ထားခဲ့သည့် ထပ်တူအကြောင်းကြောင့်ပင် ယင်းသို့ပြုတော်မူခြင်းဖြစ်သည်။ “အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ငါအသက်ရှင်သည်အတိုင်း ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလအမျိုးသားတို့ သင်တို့လိုက်သောလမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း။”—ယေဇကျေလ ၃၃:၁၁။

၃။ မိမိ၏လူမဟုတ်သူများအပေါ် ယေဟောဝါ၏ထောက်ထားကြင်နာမှုနှင့်ပတ်သက်၍ မည်သည့်ပုံသက်သေကို ကျွန်ုပ်တို့ရရှိကြပြီး ယင်းမှ မည်သည့်အရာကို ကျွန်ုပ်တို့သင်ယူရသနည်း။

၃ ယေဟောဝါသည် ဆိုးသွမ်းသော နိနေဝေမြို့သားများအပေါ်လည်း ထောက်ထားကြင်နာမှု တင်ပြတော်မူခဲ့သည်။ ကျရောက်လာတော့မည့်ဖျက်ဆီးခြင်းအကြောင်း သူတို့အားသတိပေးရန် မိမိ၏ပရောဖက်ယောနကို ယေဟောဝါစေလွှတ်ခဲ့သည်။ သူတို့သည် ယောန၏ဟောပြောခြင်းကို အပြုသဘောဖြင့်တုံ့ပြန်ကြပြီး နောင်တယူခဲ့ကြသည်။ ယင်းက ထိုအချိန်ရှိ၎င်းမြို့ကို ဖျက်ဆီးခြင်းမှဆိုင်းငံ့ထားရန် ထောက်ထားကြင်နာမှုရှိသော ယေဟောဝါဘုရားသခင်အား လှုံ့ဆော်ခဲ့သည်။ (ယောန ၃:၁၀; ၄:၁၁) ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ရှိနိုင်သော နိနေဝေမြို့သားများအား ဘုရားသခင်သနားတော်မူခဲ့လျှင် ထာဝရဖျက်ဆီးခြင်းသို့ ဦးတည်နေကြသော ယနေ့လူသားများကို ယေဟောဝါမည်မျှပို၍ ထောက်ထားကြင်နာတော်မူမည်နည်း!—လုကာ ၁၁:၃၂။

တစ်ခါနှင့်မျှမတူသော ထောက်ထားကြင်နာမှုတင်ပြသည့်လုပ်ငန်း

၄။ ယနေ့လူများအပေါ် ထောက်ထားကြင်နာမှုကို ယေဟောဝါမည်သို့တင်ပြသနည်း။

၄ ယေဟောဝါသည် မိမိ၏ထောက်ထားကြင်နာတတ်သည့် ဥပဓိရုပ်တော်နှင့်အညီ မိမိ၏သက်သေများအား ‘နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်း’ ဖြင့် မိမိတို့၏အိမ်နီးနားချင်းများထံ ဆက်၍လည်ပတ်နေရန် တာဝန်ပေးထားသည်။ (မဿဲ ၂၄:၁၄) လူများသည် ဤအသက်ကယ်လုပ်ငန်းကို လေးလေးစားစားတုံ့ပြန်သောအခါ ဘုရားနိုင်ငံတော်သတင်းကို နားလည်သဘောပေါက်အောင် သူတို့၏နှလုံးများကို ဘုရားသခင်ဖွင့်ပေးသည်။ (မဿဲ ၁၁:၂၅; တမန်တော် ၁၆:၁၄) ခရစ်ယာန်စစ်များသည် မိမိတို့၏ဘုရားသခင်ကို တုပသောအားဖြင့် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်ခြင်း၊ ဖြစ်နိုင်လျှင် ကျမ်းစာသင်အံမှုဖြင့် ကူညီပေးခြင်းတို့ဖြင့် နူးညံ့စွာထောက်ထားကြင်နာမှုကို တင်ပြကြသည်။ သို့နှင့် ၁၉၉၃ ခုနှစ်တွင် နိုင်ငံပေါင်း ၂၃၁ နိုင်ငံမှ လေးသန်းခွဲကျော်သော ယေဟောဝါသက်သေတို့သည် တစ်အိမ်တက်ဆင်းဟောပြောခြင်း၊ အိမ်နီးချင်းများနှင့် ကျမ်းစာသင်အံမှုပြုခြင်းတို့အတွက် နာရီသန်းတစ်ထောင်ကျော် အသုံးပြုခဲ့ကြသည်။ ထို့နောက် ထိုစိတ်ဝင်စားသူလူသစ်များသည် မိမိတို့၏အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီး ကိုယ်တော့်နှစ်ခြင်းခံသက်သေများအဝင် ဖြစ်လာကြသည်။ သို့အားဖြင့် သူတို့လည်း နိဂုံးချုပ်တော့မည့်စာတန့်လောကတွင် အနှောင်အဖွဲ့မိနေဆဲဖြစ်သော တပည့်တော်ဖြစ်လာနိုင်ဖွယ်ရှိသူများ၏ အကျိုးအလိုငှာ တစ်ခါနှင့်မျှမတူသော ထောက်ထားကြင်နာမှုပြသည့်လုပ်ငန်းကို တာဝန်ယူလိုက်ကြသည်။—မဿဲ ၂၈:၁၉၊ ၂၀; ယောဟန် ၁၄:၁၂။

၅။ ဘုရားရေးရာထောက်ထားကြင်နာမှုသည် အကန့်အသတ်ကုန်ဆုံးသောအခါ ဘုရားသခင်အားနာမည်ဖျက်သော ဘာသာရေးများ မည်သို့ဖြစ်ပျက်မည်နည်း။

၅ မကြာမီ ယေဟောဝါသည် “စစ်သူရဲ” အဖြစ် လုပ်ဆောင်တော့မည်ဖြစ်သည်။ (ထွက်မြောက်ရာ ၁၅:၃) မိမိ၏နာမတော်နှင့် မိမိ၏လူမျိုးကို ထောက်ထားသောအားဖြင့် ဆိုးသွမ်းမှုအားလုံးကို သုတ်သင်ပစ်ပြီး ဖြောင့်မတ်သောကမ္ဘာသစ်တစ်ခုကို တည်ထောင်တော်မူမည်။ (၂ ပေတရု ၃:၁၃) ဘုရားသခင့်အမျက်တော်နေ့ကို ဦးစွာရင်ဆိုင်ရမည့်သူများမှာ ခရစ်ယာန်ဘောင်ချာ့ချ်များဖြစ်သည်။ ယေရုရှလင်မြို့ရှိ မိမိ၏ဗိမာန်တော်ကိုပင် ဗာဗုလုန်မင်း၏လက်မှ လွတ်ခွင့်မပေးသောဘုရားသခင်သည် မိမိအားနာမည်ဖျက်သည့် ဘာသာရေးများကိုလည်း လွတ်မြောက်ခွင့်ပေးမည်မဟုတ်။ ယူအဲန်အဖွဲ့ဝင်များ၏စိတ်တွင် ခရစ်ယာန်ဘောင်နှင့် အခြားမှောက်မှားသောဘာသာရေးများအား ဖျက်ဆီးလိုစိတ်ကို ဘုရားသခင်ထည့်သွင်းပေးမည်။ (ဗျာဒိတ် ၁၇:၁၆၊ ၁၇) “ထို့ကြောင့်ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်” ဟု ယေဟောဝါကြေညာတော်မူသည်။—ယေဇကျေလ ၉:၅၊ ၁၀။

၆။ ယေဟောဝါသက်သေများသည် ထောက်ထားကြင်နာမှုပြရန် မည်သည့်နည်းများအားဖြင့် လှုံ့ဆော်ခံရသနည်း။

၆ ယေဟောဝါသက်သေများသည် အချိန်ရှိစဉ်အခါ ဘုရားသခင်၏ ကယ်တင်ခြင်းသတင်းကို ဇွဲရှိရှိဟောပြောခြင်းဖြင့် အိမ်နီးချင်းတို့အား ထောက်ထားကြင်နာမှုကို ဆက်လက်ပြသနေကြသည်။ ပုံမှန်အားဖြင့် ဖြစ်နိုင်သည့်အခါတွင် ရုပ်ပိုင်းဆိုင်ရာလိုအပ်မှုရှိသူများကိုလည်း သူတို့ကူညီကြသည်။ ဤကိစ္စတွင် သူတို့ဦးစားပေးတာဝန်မှာ မိသားစုရင်းချာများ၊ ယုံကြည်ခြင်းနှင့်ပတ်သက်နေသူများ၏ လိုအပ်ရာများကို အကူအညီပေးရန်ဖြစ်သည်။ (ဂလာတိ ၆:၁၀; ၁ တိမောသေ ၅:၄၊ ၈) ဘေးဒဏ်အမျိုးမျိုးခံစားရသော မိမိတို့နှင့်ယုံကြည်ခြင်းတူသူများအား ယေဟောဝါသက်သေများက မြောက်မြားစွာသော ကယ်ဆယ်ရေးပစ္စည်းများပို့ပေးသည့် အစီအစဉ်များသည် ထောက်ထားကြင်နာမှုဆိုင်ရာ ထိမိသည့်ပုံသက်သေများဖြစ်သည်။ သို့သော် ခရစ်ယာန်များသည် နူးညံ့သည့်ထောက်ထားကြင်နာမှုကို တင်ပြရန် အကျဉ်းအကျပ်ကျရောက်ချိန်ကို စောင့်စရာမလိုပါ။ သူတို့သည် အခြေအနေ ကောင်းတစ်ချီ ဆိုးတစ်လှည့်ကြုံတွေ့ရသော နေ့စဉ်အသက်တာတွင် ဤအရည်အချင်းကို ချက်ချင်းတင်ပြကြသည်။

ဥပဓိရုပ်သစ်၏အစိတ်အပိုင်း

၇။ (က) ကောလောသဲ ၃:၈-၁၃ တွင် ထောက်ထားကြင်နာမှုသည် ဥပဓိရုပ်သစ်နှင့် မည်သို့ဆက်စပ်မှုရှိသနည်း။ (ခ) နူးညံ့သည့်ထောက်ထားကြင်နာမှုက ခရစ်ယာန်များအတွက် မည်သည့်အရာပြုလုပ်ရန် လွယ်ကူစေသနည်း။

၇ ကျွန်ုပ်တို့၏ အပြစ်ပြုလိုသည့်သဘောသဘာဝနှင့် စာတန့်လောက၏ ဆိုးသောသြဇာလွှမ်းမိုးမှုများသည် နူးညံ့သည့်ထောက်ထားကြင်နာမှုကို တင်ပြရန်အတွက် အတားအဆီးဖြစ်သည်မှာ မှန်ပေသည်။ ထို့ကြောင့် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား “အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားကိုသုံးခြင်း” တို့ကို ပယ်ရှားပစ်ရန် တိုက်တွန်းထားသည်။ ယင်းတို့အစား ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖြစ်သော ‘ဥပဓိရုပ်သစ်ကို ဆင်မြန်း’ ကြရန် သွန်သင်ခံရကြသည်။ ဦးဆုံးအနေနှင့် ကျွန်ုပ်တို့သည် “(ထောက်ထားကြင်နာမှုရှိသော၊ ကဘ) သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြ” ရန် မိန့်ကြားခံရကြသည်။ ထို့နောက် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ထိုအရည်အချင်းများကို ထင်ရှားပြနိုင်ရန်လက်တွေ့ကျသည့် နည်းလမ်းကိုပေးသည်။ “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။” ကျွန်ုပ်တို့သည် ညီအစ်ကိုများအပေါ် ‘ထောက်ထားကြင်နာမှုရှိသည့် ချစ်ခင်တွယ်တာ’ စိတ်ကို ပျိုးထောင်ပါက ခွင့်လွှတ်နိုင်ရန် သာ၍လွယ်ကူပေမည်။—ကောလောသဲ ၃:၈-၁၃။

၈။ ခွင့်လွှတ်တတ်သည့်သဘောရှိရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၈ အခြားတစ်ဖက်တွင် ထောက်ထားကြင်နာစွာခွင့်လွှတ်ရန် ပျက်ကွက်ခြင်းသည် ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ဘေးသင့်စေသည်။ ယင်းကို ခွင့်မလွှတ်သောကျွန်အကြောင်း မိမိ၏ပုံဥပမာတွင် ယေရှုထိရောက်စွာတင်ပြထားသည်။ ထိုကျွန်အား သူ၏သခင်က “ကြွေးရှိသမျှကို မဆပ်မီတိုင်အောင်” ထောင်ချလိုက်သည်။ ထိုကျွန်သည် ယင်းသို့ပြုမူခံရရန် သင့်တော်သည့်အကြောင်းမှာ ကရုဏာပြရန်တောင်းဆိုသော မိမိ၏ကျွန်ချင်းတစ်ယောက်အား ထောက်ထားကြင်နာမှုပြရန် ဆိုးဆိုးဝါးဝါးပျက်ကွက်သောကြောင့် ဖြစ်သည်။ ယေရှုက ပုံဥပမာကို ဤသို့နိဂုံးချုပ်သည်– “သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက်အပြစ်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတ္တံ့။”—မဿဲ ၁၈:၃၄၊ ၃၅။

၉။ နူးညံ့သည့်ထောက်ထားကြင်နာမှုသည် ဥပဓိရုပ်သစ်၏ အရေးအကြီးဆုံးကဏ္ဍနှင့် မည်သို့ပတ်သက်သနည်း။

၉ နူးညံ့စွာထောက်ထားကြင်နာမှုပြခြင်းသည် မေတ္တာ၏အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်။ မေတ္တာသည် ခရစ်ယာန်စစ်များ၏ ထူးခြားထင်ရှားသည့် အမှတ်လက္ခဏာဖြစ်သည်။ (ယောဟန် ၁၃:၃၅) ထို့ကြောင့် ဥပဓိရုပ်သစ်ဆိုင်ရာ ကျမ်းစာမှတ်သားဖော်ပြချက်က ဤသို့နိဂုံးချုပ်သည်– “စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၄။

မနာလိုခြင်း—ထောက်ထားကြင်နာခြင်းအတွက် အဟန့်အတားတစ်ခု

၁၀။ (က) ကျွန်ုပ်တို့၏နှလုံးတွင် မနာလိုမှုအမြစ်တွယ်ရန် မည်သည့်အရာကဖြစ်စေနိုင်သနည်း။ (ခ) မနာလိုမှုမှ မည်သည့်ဆိုးကျိုးပေါ်ပေါက်နိုင်သနည်း။

၁၀ ကျွန်ုပ်တို့လူသားများ၏ အပြစ်ပြုလိုသောသဘောသဘာဝကြောင့် မနာလိုသောခံစားချက်များသည် ကျွန်ုပ်တို့၏နှလုံးသားတွင်အလွယ်တကူအမြစ်တွယ်လာနိုင်သည်။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးထံတွင် ကျွန်ုပ်တို့၌မရှိသော မွေးရာပါအရည်အချင်းများ သို့မဟုတ် ရုပ်ပစ္စည်းသာလွန်ခြင်းဖြင့် ကောင်းချီးခံစားရပေမည်။ သို့မဟုတ် တစ်ဦးတစ်ယောက်သည် ဝိညာဉ်ရေးအရ အထူးကောင်းချီးများ သို့မဟုတ် အခွင့်ထူးများကို ရရှိကောင်းရရှိမည်။ ထိုသို့သောသူကို ကျွန်ုပ်တို့မနာလိုဖြစ်နေပါက သူတို့အား ထောက်ထားကြင်နာစွာ ကျွန်ုပ်တို့ဆက်ဆံနိုင်ပါမည်လော။ မဖြစ်နိုင်ပါ။ ယင်းအစား မနာလိုသည့်ခံစားချက်များသည် အဆုံးတွင် အပြစ်တင်စကားများ၊ ကြင်နာမှုကင်းမဲ့သည့်လုပ်ရပ်များအားဖြင့် ကိုယ်တိုင်ထင်ရှားလာသည်။ အကြောင်းမှာ လူနှင့်ပတ်သက်၍ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။” (လုကာ ၆:၄၅) အချို့တို့က ထိုပြစ်တင်ဝေဖန်မှုတွင် ပါဝင်လာကြပေမည်။ သို့အားဖြင့် ဘုရားသခင်လူတို့၏ မိသားစုတစ်ခု သို့မဟုတ် အသင်းတော်တစ်ခုအတွင်း ငြိမ်သက်ခြင်းပြိုကွဲနိုင်သည်။

၁၁။ ယောသပ်၏အစ်ကိုဆယ်ယောက်တို့သည် မည်သည့်နည်းဖြင့် ထောက်ထားကြင်နာမှုကို မိမိတို့နှလုံးထဲမှပထုတ်ကြပြီး မည်သည့်ရလဒ်ဖြစ်ပေါ်ခဲ့သနည်း။

၁၁ မိသားစုကြီးတစ်ခုတွင် ဖြစ်ပျက်သည့်အကြောင်းအရာကို စဉ်းစားကြည့်ပါ။ ယာကုပ်၏သားကြီးဆယ်ယောက်တို့သည် မိမိတို့၏ညီဖြစ်သူယောသပ်အပေါ် မနာလိုစိတ်ဝင်ခဲ့ကြသည်။ ရလဒ်အနေနှင့် “မေတ္တာစကားကို သူ့အားမပြောနိုင်ကြ။” နောက်ပိုင်းတွင် ယောသပ်သည် ယေဟောဝါ၏မျက်နှာသာတော်ရကြောင်း သက်သေထူသော ဘုရားသခင်ထံမှအိပ်မက်များအားဖြင့် ကောင်းချီးရခဲ့သည်။ ယင်းက သူ့ကို သူ့အစ်ကိုများ “သာ၍မုန်း” စေသည်။ မနာလိုခြင်းကို သူတို့၏နှလုံးထဲမှ မနုတ်ပစ်သောကြောင့် ထောက်ထားကြင်နာမှုအတွက် နေရာမရှိတော့ဘဲ ကြီးလေးသည့်အပြစ်သို့ ဦးတည်သွားသည်။—ကမ္ဘာဦး ၃၇:၄၊ ၅၊ ၁၁။

၁၂၊ ၁၃။ ကျွန်ုပ်တို့နှလုံးတွင် မနာလိုသည့်ခံစားချက်ဝင်ရောက်လာပါက ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။

၁၂ ယောသပ်အား ကျွန်အဖြစ် ရက်ရက်စက်စက်ရောင်းလိုက်ကြသည်။ သူတို့၏အပြစ်ကို ဖုံးရန်ကြိုးစားသည့်အနေနှင့် ယောသပ်သည် သားရဲတစ်ကောင်၏သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း ဖခင်ဖြစ်သူအား အယုံသွင်းခဲ့ကြသည်။ နှစ်များကြာပြီးသော် ငတ်မွတ်ခေါင်းပါးခြင်းကြောင့် အစားအစာဝယ်ရန် အီဂျစ်ပြည်သို့ မသွားမဖြစ်သွားရသောအခါ သူတို့၏အပြစ်ပေါ်လာသည်။ ယောသပ်ဖြစ်သည်ကို သူတို့မမှတ်မိသော ရိက္ခာဝန်က သူတို့အား သူလျှိုလုပ်သည်ဟုစွပ်စွဲပြီး သူတို့၏ညီအငယ်ဆုံးဖြစ်သည့် ဗင်ယာမိန်ကို မခေါ်လာမချင်း မိမိထံမှ နောက်ထပ်အကူအညီမရနိုင်ကြောင်း ပြောလိုက်သည်။ ဤအချိန်တွင် ဗင်ယာမိန်သည် ဖခင်၏အချစ်တော်ဖြစ်နေပြီး ယာကုပ်က သူ့အားလွှတ်လိုမည်မဟုတ်ကြောင်း သူတို့သိကြသည်။

၁၃ ထို့ကြောင့် ယောသပ်ရှေ့ရပ်နေစဉ် သူတို့၏သြတ္တပ္ပစိတ်က ဤသို့ဝန်ခံရန်လှုံ့ဆော်သည်– “ငါတို့သည် ညီ [ယောသပ်] ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ သူ့စိတ်ဆင်းရဲခြင်းကို ငါတို့သည်မြင်လျက်နှင့် နားမထောင်ဘဲနေကြ၏။ ထို့ကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခုရောက်လာပြီ။” (ကမ္ဘာဦး ၄၂:၂၁) ထောက်ထားကြင်နာမှုရှိသော်လည်း တည်ကြည်ခိုင်မာသည့် ဆက်ဆံမှုအားဖြင့် ယောသပ်သည် သူ့အစ်ကိုများအား စစ်မှန်သောနောင်တကိုသက်သေထူရန် ကူညီပေးခဲ့သည်။ ထို့နောက် သူမည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောပြပြီး သူတို့အား ရှောရှောရှူရှူပင်ခွင့်လွှတ်ခဲ့သည်။ မိသားစု စည်းလုံးညီညွတ်မှု ပြန်လည်ရခဲ့သည်။ (ကမ္ဘာဦး ၄၅:၄-၈) ခရစ်ယာန်များဖြစ်သောကျွန်ုပ်တို့သည် ယင်းမှသင်ခန်းစာရယူသင့်သည်။ မနာလိုခြင်း၏ဆိုးကျိုးကို သိသောအားဖြင့် မနာလိုစိတ်နေရာတွင် ‘နူးညံ့တွယ်တာသည့် ထောက်ထားကြင်နာမှု’ ကို အစားထိုးပေးရန် ယေဟောဝါထံ ဆုတောင်းသင့်သည်။

ထောက်ထားကြင်နာမှုကိုဟန့်တားသည့် အခြားအရာများ

၁၄။ အကြမ်းဖက်မှုနှင့်ပတ်သက်၍ မလိုလားအပ်စွာ မိမိကိုယ်ကိုအကာအကွယ်မဲ့ထားခြင်းကို အဘယ်ကြောင့်ကျွန်ုပ်တို့ရှောင်သင့်သနည်း။

၁၄ ထောက်ထားကြင်နာမှုရှိရန် ဟန့်တားသည့် နောက်အရာတစ်ခုသည် အကြမ်းဖက်မှုနှင့်ပတ်သက်၍ မလိုလားအပ်စွာ မိမိကိုယ်ကိုအကာအကွယ်မဲ့ထားခြင်းမှ ပေါ်ပေါက်လာနိုင်သည်။ အကြမ်းဖက်ခြင်းကို သရုပ်ဖော်သော အားကစားနှင့် ဖြေဖျော်မှုများသည် အကြမ်းဖက်သတ်ဖြတ်လိုစိတ်ကို တိုးမြှင့်ပေးသည်။ ကျမ်းစာခေတ်က ရောမနိုင်ငံရှိ အရီနာကွင်းများတွင်ကျင်းပသည့် အသေခံဓားခုတ်ပြိုင်ပွဲများနှင့် အခြားနည်းဖြင့်လူကိုညှဉ်းဆဲခြင်းတို့ကို တိတ္ထိလူမျိုးများသည် မှန်မှန်ကြည့်ရှုကြသည်။ သမိုင်းဆရာတစ်ဦး၏အဆိုအရ ထိုသို့သောဖျော်ဖြေမှုများသည် “လူသားကို ရက်စက်ကြမ်းကြုတ်သည့်သတ္တဝါများနှင့် ခြားနားစေသည့် ကိုယ်ချင်းစာနာမှုအာရုံကြောကို ထိခိုက်ဖျက်ဆီးသည်။” ယနေ့ခေတ်သစ်လောကရှိ ဖျော်ဖြေမှုများစွာတို့သည်လည်း အလားတူအာနိသင်ရှိကြသည်။ နူးညံ့စွာထောက်ထားကြင်နာရန် ကြိုးစားနေကြသော ခရစ်ယာန်များသည် စာပေများ၊ ရုပ်ရှင်များနှင့် ရုပ်မြင်သံကြားအစီအစဉ်များကို အလွန်စိစိစစ်စစ်ရွေးချယ်ဖို့လိုသည်။ သူတို့သည် ဆာလံ ၁၁:၅ (သမ္မာ) ပါစကားများကို ပညာရှိစွာနှလုံးသွင်းကြသည်– “ကြမ်းကြုတ်ခြင်းနှစ်သက်သောသူကို [ယေဟောဝါ] မုန်းတော်မူ၏။”

၁၅။ (က) လူတစ်ဦးသည် ထောက်ထားကြင်နာမှုအလွန်အကျွံကင်းမဲ့ခြင်းကို မည်သို့တင်ပြနိုင်သနည်း။ (ခ) ခရစ်ယာန်စစ်များသည် ယုံကြည်သူချင်းနှင့်အိမ်နီးချင်းတို့၏ လိုအပ်ချက်များကို မည်သို့တုံ့ပြန်ကြသနည်း။

၁၅ ကိုယ်သာပဓာနသမားများသည်လည်း ထောက်ထားကြင်နာစိတ်ကင်းမဲ့ဖွယ်ရှိသည်။ တမန်တော်ယောဟန်ရှင်းပြသကဲ့သို့ ယင်းသည်အရေးကြီးသည်– “အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင် မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍ သနားခြင်းကရုဏာစိတ်ကို ချုပ်တည်း၏၊ ထိုသူ၌ ဘုရားသခင်၏မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း။” (၁ ယောဟန် ၃:၁၇) ယေရှု၏ ကိုယ်နှင့်စပ်ဆိုင်သူစိတ်ဓာတ်ရှိ ရှမာရိလူမျိုးပုံဥပမာတွင် ပါဝင်သော ကိုယ်ကိုယ်ကိုဖြောင့်မတ်သည်ဟု ယူမှတ်သည့် ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့လည်း အလားတူ ထောက်ထားကြင်နာမှုကင်းမဲ့ခြင်းကို တင်ပြကြသည်။ သေလုမြောပါးဖြစ်နေသော မိမိတို့၏ဂျူးညီအစ်ကို၏ အခြေအနေကိုမြင်သောအခါ ထိုသူတို့သည် လမ်း၏အခြားတစ်ဖက်သို့ကူးသွားကြပြီး ကိုယ့်ခရီးကိုယ်ဆက်ကြသည်။ (လုကာ ၁၀:၃၁၊ ၃၂) သူတို့နှင့်မတူဘဲ ထောက်ထားကြင်နာတတ်သည့် ခရစ်ယာန်များသည် သူတို့၏ညီအစ်ကိုများ၏ ရုပ်ပိုင်းနှင့်ဝိညာဏပိုင်းဆိုင်ရာ လိုအပ်ချက်များကို မဖင့်မနွှဲဖြည့်စွက်ပေးကြသည်။ သူတို့သည် ယေရှု၏ပုံဥပမာထဲမှ ရှမာရိလူနည်းတူ သူစိမ်းတစ်ရံဆံများ၏ လိုအပ်ချက်များကိုလည်း ကြောင့်ကြပေးကြသည်။ သို့နှင့် သူတို့သည် မိမိတို့၏အချိန်၊ ခွန်အားနှင့် ပစ္စည်းဥစ္စာတို့ကို တပည့်ဖြစ်စေခြင်းလုပ်ငန်း တိုးတက်စေရေးအတွက် ဝမ်းမြောက်ဝမ်းသာပေးကမ်းကြသည်။ ဤနည်းအားဖြင့် လူသန်းပေါင်းများစွာ ကယ်တင်ခံရရေးတွင် သူတို့ပါဝင်ကြသည်။—၁ တိမောသေ ၄:၁၆။

ဖျားနာသူများကို ထောက်ထားကြင်နာခြင်း

၁၆။ ဖျားနာခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် မည်သည့်ကန့်သတ်မှုကို ကျွန်ုပ်တို့တွေ့ကြုံကြရသနည်း။

၁၆ ဖျားနာခြင်းသည် သေခြင်းကိုရင်ဆိုင်နေကြရသော မစုံလင်သည့်လူသားများ၏ ဘဝပေးအကြောင်းဖြစ်သည်။ ယင်းကို ခရစ်ယာန်များလည်း မလွတ်ကင်းကြချေ။ သူတို့အများစုသည် ဆေးပညာဝန်ထမ်းများမဟုတ်ကြပါ၊ ခရစ်တော်နှင့် တမန်တော်များထံမှ တန်ခိုးခံစားရသော ကနဦးခရစ်ယာန်အချို့ကဲ့သို့လည်း အံ့သြဖွယ်ရာများကို မလုပ်နိုင်ကြပါ။ ခရစ်တော်၏တမန်တော်များနှင့် သူတို့နှင့်အနီးကပ်ပေါင်းသင်းသူများ သေဆုံးခြင်းနှင့်အတူ ထိုအံ့ဖွယ်တန်ခိုးတို့သည်လည်း ပပျောက်ကုန်သည်။ ထို့ကြောင့် ဦးနှောက်ချို့ယွင်းခြင်း၊ သွေးလေချောက်ချား၍ အထင်အမြင်မှားခြင်းတို့ပါဝင်သည့် ကာယရေးဖျားနာသူများအား ကျွန်ုပ်တို့အကူအညီပေးနိုင်စွမ်းမှာ အကန့်အသတ်ဖြင့်သာဖြစ်သည်။—တမန်တော် ၈:၁၃၊ ၁၈; ၁ ကောရိန္သု ၁၃:၈။

၁၇။ ဖျားနာပြီး ပူပင်သောကရောက်နေသော ယောဘ ဆက်ဆံခံရသည့်နည်းမှ ကျွန်ုပ်တို့မည်သည့်သင်ခန်းစာရယူနိုင်သနည်း။

၁၇ ဖျားနာခြင်းနှင့်အတူ စိတ်ဓာတ်ကျဆင်းခြင်းလိုက်ပါလာတတ်သည်။ ဥပမာ၊ ဘုရားကိုကြောက်ရွံ့သည့် ယောဘသည် ပြင်းထန်စွာဖျားနာခြင်းနှင့် သူ့အပေါ်စာတန်သက်ရောက်စေသည့် ဘေးဒုက္ခများကြောင့် အလွန်စိတ်ဓာတ်ကျဆင်းခဲ့သည်။ (ယောဘ ၁:၁၈၊ ၁၉; ၂:၇; ၃:၃၊ ၁၁-၁၃) မိမိအား နူးညံ့စွာထောက်ထားကြင်နာမှုရှိရှိဆက်ဆံပြီး “နှစ်သိမ့်စကားပြောဆို” မည့်မိတ်ဆွေများကို သူအလိုရှိခဲ့သည်။ (၁ သက်သာလောနိတ် ၅:၁၄၊ ကဘ) သို့ဖြစ်မည့်အစား အမည်ခံနှစ်သိမ့်ပေးသူသုံးဦး သူ့ထံသို့လာပြီး သူ့အား အဆောတလျင် တလွဲကောက်ချက်ချကြသည်။ သူတို့က ဤဆင်းရဲဒုက္ခများသည် ယောဘ၏အမှားတစ်ခုခုကြောင့်ဖြစ်သည်ဟု ပြောဆိုခြင်းအားဖြင့် သူ၏စိတ်ဓာတ်ကျဆင်းမှုကို သာ၍တိုးမြှင့်ပေးသည်။ ခရစ်ယာန်များသည် ယုံကြည်သူချင်းတို့ ဖျားနာနေစဉ် သို့မဟုတ် စိတ်ဓာတ်ကျဆင်းနေစဉ် နူးညံ့စွာထောက်ထားကြင်နာသောအားဖြင့် ထိုကဲ့သို့သောညွှတ်ကွင်းထဲသို့ကျရောက်ခြင်းကို ရှောင်ရှားကြရမည်။ တစ်ခါတစ်ရံ ထိုကဲ့သို့သောသူများ အဓိကလိုအပ်သည်မှာ ထောက်ထားစာနာမှုဖြင့် နားထောင်ပေးမည့်၊ နားလည်မှုတင်ပြမည့်၊ ကျမ်းဆိုင်ရာအကြံဉာဏ်များပေးမည့် အကြီးအကဲများ သို့မဟုတ် အခြားပါရမီရင့်ကျက်သောခရစ်ယာန်များ၏ ကြင်နာမှုပါသောလည်ပတ်ခြင်းဖြစ်သည်။—ရောမ ၁၂:၁၅; ယာကုပ် ၁:၁၉။

အားနည်းသူများကိုထောက်ထားကြင်နာခြင်း

၁၈၊ ၁၉။ (က) အကြီးအကဲများသည် အားနည်းသူ သို့မဟုတ် အပြစ်ပြုသူတို့ကို မည်သို့ဆက်ဆံသင့်သနည်း။ (ခ) တရားရေးကော်မတီဖွဲ့ရန် လိုအပ်သည့်အခါ၌ပင် အကြီးအကဲများသည် အပြစ်ပြုမိသူအား နူးညံ့သည့်ထောက်ထားကြင်နာမှုဖြင့် ဆက်ဆံရန်အဘယ့်ကြောင့် အရေးကြီး သနည်း။

၁၈ အကြီးအကဲများသည် အထူးသဖြင့် နူးညံ့စွာထောက်ထားကြင်နာရမည်။ (တမန်တော် ၂၀:၂၉၊ ၃၅) “အားရှိသောငါတို့သည် . . . အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်” ဟုကျမ်းစာက မှာကြားထားသည်။ (ရောမ ၁၅:၁) မစုံလင်ကြခြင်းကြောင့် ကျွန်ုပ်တို့အားလုံးမှားတတ်ကြသည်။ (ယာကုပ် ၃:၂) “သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကို ပြုမိ” သူနှင့် ဆက်ဆံရာတွင် နူးညံ့ခြင်းလိုအပ်သည်။ (ဂလာတိ ၆:၁) အကြီးအကဲများသည် ဘုရားသခင်၏ပညတ်တော်ကို ကျင့်သုံးရာတွင် အကျိုးသင့်အကြောင်းသင့်မရှိသော ကိုယ့်ကိုယ်ကို ဖြောင့်မတ်သည်ဟုထင်သည့် ဖာရိရှဲများနှင့် မည်သည့်အခါမျှမတူလိုကြပါ။

၁၉ ယင်းနှင့်ခြားနားလျက် အကြီးအကဲများသည် ယေဟောဝါနှင့် ယေရှုခရစ်တို့၏ နူးညံ့စွာထောက်ထားကြင်နာမှုရှိ ပုံသက်သေကို လိုက်လျှောက်ကြသည်။ သူတို့၏အဓိကအလုပ်မှာ ဘုရားသခင်၏သိုးများအား ကျွေးမွေးရန်၊ အားပေးရန်နှင့် လန်းဆန်းစေရန်ဖြစ်သည်။ (ဟေရှာယ ၃၂:၁၊ ၂) သူတို့သည် အကြောင်းကိစ္စများကို ဥပဒေအမြောက်အမြားဖြင့် ထိန်းချုပ်ရန်ကြိုးစားမည့်အစား ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ ကောင်းမွန်သည့်မူများကို အားထားကြသည်။ သို့အားဖြင့် အကြီးအကဲတို့၏လုပ်ဆောင်မှုသည် တည်ဆောက်မှုပေးရန်၊ သူတို့ညီအစ်ကိုများ၏နှလုံးထဲတွင် ရွှင်လန်းမှုနှင့် ယေဟောဝါ၏ကောင်းမြတ်ခြင်းကို ကျေးဇူးတင်လေးမြတ်မှုတို့ ဖြစ်ပေါ်လာစေရန်အတွက် ဖြစ်သင့်သည်။ ယုံကြည်ဖက်တစ်ဦးသည် အမှားအယွင်းကလေးတစ်ခုပြုမိပါက အကြီးအကဲတစ်ဦးသည် အခြားသူများကြားနိုင်သည့်နေရာတွင် သူ့အားပဲ့ပြင်ခြင်းကို ရှောင်လေ့ရှိသည်။ ပြောဆိုရန်လိုအပ်ပါက ထိုသူအား လူများမကြားနိုင်သည့်နေရာသို့ ခေါ်ထုတ်ပြီး ပြဿနာကိုဆွေးနွေးရန် နူးညံ့သည့်ထောက်ထားကြင်နာမှုက အကြီးအကဲအားလှုံ့ဆော်ပေမည်။ (မဿဲ ၁၈:၁၅ နှိုင်းယှဉ်။) တစ်စုံတစ်ယောက်အား ဖျောင်းဖျရန်မည်မျှပင်ခက်ခဲပါစေ အကြီးအကဲ၏ချဉ်းကပ်ပုံသည် သည်းခံမှု၊ နားလည်မှုနှင့် အကူအညီဖြစ်စေသောသဘောများ ပါဝင်သင့်သည်။ သူသည် ထိုသို့သောသူအား အသင်းတော်မှထုတ်ပစ်ရန် အကြောင်းရှာလိုမည်မဟုတ်ပေ။ တရားရေးကော်မတီဖွဲ့ရန် လိုအပ်လာသည့်အခါ၌ပင် ကြီးလေးသောအပြစ်၌ ပါဝင်သူနှင့်ဆက်ဆံရာတွင် အကြီးအကဲများသည် နူးညံ့သည့်ထောက်ထားကြင်နာမှုကို တင်ပြပေလိမ့်မည်။ သူတို့၏ဖြေးညင်းခြင်းက ထိုသူအား နောင်တရစေနိုင်ပေမည်။—၂ တိမောသေ ၂:၂၄-၂၆။

၂၀။ စိတ်လှုပ်ရှားမှုကို ထုတ်ဖော်တင်ပြသည့် ထောက်ထားကြင်နာမှုပြခြင်းသည် မည်သည့်အခါတွင် မသင့်လျော်သနည်း။ အဘယ်ကြောင့်နည်း။

၂၀ သို့သော် ယေဟောဝါ၏ကျေးကျွန်တစ်ဦးသည် ထောက်ထားကြင်နာမှုမပြနိုင်သော အချိန်တော့ရှိသည်။ (တရားဟောရာ ၁၃:၆-၉ နှိုင်းယှဉ်။) နှင်ထုတ်ခြင်းခံထားရသော ရင်းနှီးသည့်မိတ်ဆွေတစ်ဦး သို့မဟုတ် ဆွေမျိုးသားချင်းတစ်ဦးနှင့် “မပေါင်းဖော်ရ” ခြင်းသည် ခရစ်ယာန်တစ်ဦးအတွက် စမ်းသပ်မှုတစ်ခု အမှန်ဖြစ်နိုင်သည်။ ထိုကိစ္စမျိုးတွင် သနားသည့်ခံစားချက်သို့ မတိမ်းယိမ်းမိရန် အရေးကြီးသည်။ (၁ ကောရိန္သု ၅:၁၁-၁၃) ထိုသို့သောခိုင်မာမှုသည် အမှားပြုသူအား နောင်တရရန်ကိုပင် အားပေးနိုင်သည်။ ထို့အပြင် လိင်ခြားသူနှင့်ဆက်ဆံရာတွင် လိင်ဆိုင်ရာစာရိတ္တယိုယွင်းမှုသို့ ဦးတည်နိုင်သည့် မတော်လျော်သော ထောက်ထားကြင်နာမှုပြသည့်လုပ်ရပ်များကို ရှောင်ရမည်။

၂၁။ အခြားမည်သည့်ကဏ္ဍများတွင် ထောက်ထားကြင်နာမှုပြရန်လိုအပ်ပြီး အကျိုးကျေးဇူးကား အဘယ်နည်း။

၂၁ နူးညံ့သည့်ထောက်ထားကြင်နာမှုကို တင်ပြရန်လိုအပ်သည့် ကဏ္ဍများစွာကို ဆွေးနွေးရန် ဤနေရာတွင်မဆံ့ပါ—သက်ကြီးရွယ်အိုများ၊ ပူဆွေးသောကရောက်သူများ၊ မယုံကြည်သောအိမ်ထောင်ဖက်၏ နှိပ်စက်ညှဉ်းပန်းခံရသူများနှင့် ဆက်ဆံရာတွင်ဖြစ်သည်။ အလုပ်ကြိုးစားသောအကြီးအကဲများသည်လည်း အလားတူ နူးညံ့သည့်ထောက်ထားကြင်နာမှုဖြင့် ဆက်ဆံခံရသင့်သည်။ (၁ တိမောသေ ၅:၁၇) သူတို့ကိုလေးစားပြီး အထောက်အမပေးပါ။ (ဟေဗြဲ ၁၃:၇၊ ၁၇) “သင်တို့အပေါင်းသည် . . . စိတ်ကြင်နာခြင်း၊ [နူးညံ့သည့်ထောက်ထားကြင်နာခြင်း၊ ကဘ] . . . ရှိကြလော့” ဟု တမန်တော်ပေတရုရေးသားခဲ့သည်။ (၁ ပေတရု ၃:၈) ယင်းကိုတောင်းဆိုသည့်အခြေအနေတိုင်းတွင် ယင်းအတိုင်းပြုမူကျင့်ကြံခြင်းအားဖြင့် ကျွန်ုပ်တို့သည် အသင်းတော်တွင် စည်းလုံးမှုနှင့်ပျော်ရွှင်မှုကို တိုးပွားစေပြီး အပြင်လူများကို သမ္မာတရားအတွင်းသို့ ခေါ်ဆောင်လာကြသည်။ အချုပ်ဆိုရလျှင် ကျွန်ုပ်တို့၏ နူးညံ့စွာထောက်ထားကြင်နာတတ်သောဖခင် ယေဟောဝါအား ချီးမွမ်းဂုဏ်တင်ကြသည်။

ပြန်လည်စစ်ဆေးရန်မေးခွန်းများ

◻ ယေဟောဝါသည် အပြစ်ရှိလူသားများအား ထောက်ထားကြင်နာမှုမည်သို့ပြသနည်း။

◻ နူးညံ့စွာထောက်ထားကြင်နာရန် အဘယ်ကြောင့်အရေးကြီးသနည်း။

◻ ကျွန်ုပ်တို့၏နူးညံ့သည့်ထောက်ထားကြင်နာမှုကို အဟန့်အတားဖြစ်စေသည့်အရာအချို့ကား အဘယ်နည်း။

◻ ဖျားနာသူများနှင့် စိတ်ဓာတ်ကျဆင်းသူများကို ကျွန်ုပ်တို့မည်သို့ဆက်ဆံသင့်သနည်း။

◻ မည်သူများသည် အထူးသဖြင့် နူးညံ့သည့်ထောက်ထားကြင်နာမှုလိုအပ်ပြီး အဘယ်ကြောင့်နည်း။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

ထောက်ထားကြင်နာမှုမရှိသောဖာရိရှဲများ

အနားယူရာဥပုသ်နေ့သည် ဘုရားသခင့်လူများအတွက် ကာယနှင့်ဝိညာဏကောင်းချီးဖြစ်ရန် ရည်ရွယ်သည်။ သို့သော် ဂျူးဘာသာရေးခေါင်းဆောင်များက ဘုရားသခင်၏ဥပုသ်ပညတ်ကို ကဲ့ရဲ့ရှုတ်ချဖွယ်ဖြစ်စေသည့် စည်းမျဉ်းများစွာထုတ်ကြပြီး လူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြသည်။ ဥပမာ၊ တစ်ဦးတစ်ယောက်သည် မတော်တဆမှုကြုံရလျှင် သို့မဟုတ် ဖျားနာလျှင် သေရေးရှင်ရေးမဟုတ်ပါက ဥပုသ်နေ့တွင် အကူအညီမရယူနိုင်ပါ။

ဖာရိရှဲဂိုဏ်းတစ်ခုသည် ဥပုသ်ပညတ်ကို အဓိပ္ပာယ်ကောက်ရာတွင် ဤသို့ပြောသည့်အထိ အလွန်တင်းကျပ်လွန်းသည်– “ဥပုသ်နေ့တွင် ပူဆွေးသူများကို မနှစ်သိမ့်သောသူ၊ ဖျားနာသူထံသို့ မလည်ပတ်သောသူ။” အချို့ဘာသာရေးခေါင်းဆောင်များက ဥပုသ်နေ့တွင် ထိုသို့လည်ပတ်ခြင်းကို ခွင့်ပြုကြသော်လည်း “မျက်ရည်မကျရ” ဟု စည်းကမ်းချက်ထုတ်ကြသည်။

သို့ဖြင့် တရားမျှတခြင်း၊ မေတ္တာနှင့်ကရုဏာတို့ကဲ့သို့သော ပညတ်တော်၏ သာ၍အရေးကြီးသည့်တောင်းဆိုချက်များကို လျစ်လျူရှုခြင်းကြောင့် ဂျူးဘာသာရေးခေါင်းဆောင်များအား ယေရှုတော်မှန်စွာပြစ်တင်ရှုတ်ချတော်မူသည်။ ဖာရိရှဲများအား ကိုယ်တော်ဤသို့ပြောခြင်းသည် အဆန်းမဟုတ်ပါ– “မိမိတို့အဆက်ဆက်ခံသောနည်းဥပဒေသအားဖြင့် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ပယ်ကြ၏။”—မာကု ၇:၈၊ ၁၃; မဿဲ ၂၃:၂၃; လုကာ ၁၁:၄၂။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

နိုင်ငံပေါင်း ၂၃၁ နိုင်ငံတွင် ယေဟောဝါသက်သေများသည် လူတို့၏အိမ်များ၊ လမ်းများနှင့် အကျဉ်းထောင်များ၌ပင် တစ်ခါနှင့်မျှမတူသော ထောက်ထားကြင်နာမှုတင်ပြသည့်လုပ်ငန်းကို လုပ်ကိုင်နေကြသည်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ရုပ်မြင်သံကြားတွင်ကဲ့သို့သော အကြမ်းဖက်မှုများတွင် မိမိကိုယ်ကိုအကာ အကွယ်မဲ့ထားခြင်းသည် နူးညံ့စွာထောက်ထားကြင်နာခြင်းကို လှိုက်စားသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ