‘မဖြောင့်မတ်သော စည်းစိမ်ဥစ္စာ အားဖြင့် မိတ်ဆွေဖွဲ့ကြလော့’
“မဖြောင့်မတ်သော စည်းစိမ်ဥစ္စာများအားဖြင့် မိမိအတွက် မိတ်ဆွေဖွဲ့ကြလော့။ . . . အသေးငယ်ဆုံးသောအရာ၌ သစ္စာရှိသောသူသည် များစွာသောအရာ၌လည်း သစ္စာရှိ၏။”—လုကာ ၁၆:၉၊ ၁၀၊ ကဘ။
၁။ မောရှေနှင့် ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည်မှ လွတ်မြောက်လာပြီးနောက် ယေဟောဝါအား မည်သို့ချီးမွမ်းခဲ့ကြသနည်း။
အံ့ဖွယ်နည်းဖြင့် ကယ်မခံရခြင်း—ယုံကြည်ခြင်းကို မည်မျှအားရှိစေသည့်အဖြစ်ပါတကား! အီဂျစ်ပြည်မှ ဣသရေလလူမျိုး လွတ်မြောက်လာရခြင်းသည် အနန္တတန်ခိုးရှင် ယေဟောဝါကြောင့်သာ ဖြစ်သည်။ မောရှေနှင့် ဣသရေလလူမျိုးတို့ ဤသို့သီချင်းသီဆိုခဲ့ကြသည်မှာ အဆန်းမဟုတ်ပေ– “ထာဝရဘုရား [ဂျား၊ ကဘ] သည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သောဘုရားသခင် ဖြစ်တော်မူ၍ ထောမနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ဘုရားသခင်ဖြစ်တော်မူ၍ ငါချီးမြှောက်ပါမည်။”—ထွက်မြောက်ရာ ၁၅:၁၊ ၂; တရားဟောရာ ၂၉:၂။
၂။ ယေဟောဝါ၏လူများသည် အီဂျစ်ပြည်မှ ထွက်သောအခါ မိမိတို့နှင့်အတူ မည်သည့်အရာများကို ယူသွားကြသနည်း။
၂ ဣသရေလလူမျိုးတို့၏ ပူပူနွေးနွေးရထားသော လွတ်လပ်မှုနှင့် အီဂျစ်ပြည်တွင်ရှိခဲ့သောအခြေအနေတို့ မည်မျှကွာခြားလိုက်သည်ဖြစ်ခြင်း! ယခုသူတို့သည် ယေဟောဝါအား အနှောင့်အယှက်မရှိ ဝတ်ပြုနိုင်ကြပြီ။ အီဂျစ်ပြည်မှလည်း လက်ချည်းသက်သက် ထွက်လာကြခြင်းမဟုတ်ချေ။ မောရှေ ဤသို့ပြန်ပြောပြသည်– “ရွှေထည်၊ ငွေထည်၊ အဝတ်ထည်များကို အီဂျစ်လူတို့ထံ ဣသရေလအမျိုးသားတို့ တောင်းတိုင်းရစေရန် ထာဝရဘုရားသည် ထိုလူမျိုးရှေ့ မျက်နှာသာရစေတော်မူသဖြင့် အီဂျစ်လူတို့ဥစ္စာများကို သိမ်းသွားကြကုန်၏။” (ထွက်မြောက်ရာကျမ်း ၁၂:၃၅၊ ၃၆၊ သမ) သို့သော် ဤအီဂျစ်စည်းစိမ်ဥစ္စာများကို သူတို့ မည်သို့အသုံးပြုကြသနည်း။ ယင်းက ‘ယေဟောဝါအား ချီးမြှောက်ရာ’ ရောက်ပါသလော။ သူတို့၏ပုံသက်သေမှ ကျွန်ုပ်တို့မည်သည့်အရာကို သင်ယူရရှိသနည်း။—၁ ကောရိန္သု ၁၀:၁၁ နှိုင်းယှဉ်။
“ယေဟောဝါ၏အလှူပစ္စည်း”
၃။ မှောက်မှားသောဝတ်ပြုရေးအတွက် ဣသရေလလူမျိုးတို့ ရွှေကိုအသုံးပြုခြင်းက ယေဟောဝါအား မည်သို့တုံ့ပြန်ရန်လှုံ့ဆော်သနည်း။
၃ မောရှေသည် ဣသရေလလူမျိုးအတွက် ဘုရားသခင်၏ ညွှန်ကြားချက်များကို သိနာတောင်ပေါ်တွင် သွားယူသည့်ခရီး၌ ကြာသည့်ရက်ပေါင်း ၄၀ အတွင်း အောက်တွင်စောင့်၍ ကျန်ခဲ့သည့်လူများသည် ဂနာမငြိမ်ဖြစ်နေကြသည်။ သူတို့၏ ရွှေနားဆွဲများကို ဆွဲဖြတ်ပစ်ပြီး သူတို့ဝတ်ပြုရန်အတွက် အရုပ်တစ်ခုကို အာရုန်အားလုပ်ခိုင်းကြ၏။ သူတို့အတွက် ယဇ်ပလ္လင်ကိုပါ အာရုန်ဆောက်လုပ်ပေးပြီး နောက်တစ်နေ့နံနက်စောစောတွင် ထိုနေရာ၌ သူတို့ယဇ်ပူဇော်ကြ၏။ သူတို့၏ရွှေကို ထိုသို့အသုံးပြုခြင်းသည် သူတို့အား ကယ်လွှတ်သောအရှင်၏ ချစ်ခင်နှစ်သက်မှုကိုရစေသလော။ လုံးဝမရစေပါတကား! မောရှေအား ယေဟောဝါဤသို့မိန့်တော်မူသည်– “ငါ့ကိုရှိစေတော့။ ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကိုဖျက်ဆီးမည်။” ပုန်ကန်သည့်အဖွဲ့ခေါင်းဆောင်များသည် ဘုရားသခင့်ဒဏ်ခတ်ခြင်းကိုခံရ၍ သေကြသော်လည်း မောရှေတောင်းပန်သောကြောင့်သာလျှင် ထိုလူမျိုး လွတ်မြောက်ခဲ့သည်။—ထွက်မြောက်ရာ ၃၂:၁-၆၊ ၁၀-၁၄၊ ၃၀-၃၅။
၄။ “ယေဟောဝါအတွက်အလှူပစ္စည်း” သည် မည်သည့်အရာဖြစ်ပြီး ယင်းကို မည်သူများ လှူဒါန်းကြသနည်း။
၄ နောက်ပိုင်းတွင် ဣသရေလလူမျိုးတို့သည် သူတို့၏စည်းစိမ်ဥစ္စာကို ယေဟောဝါ မုချ နှစ်သက်တော်မူသည့်နည်းအတိုင်း အသုံးပြုရန် အခွင့်အရေးရခဲ့ကြသည်။ သူတို့သည် “ယေဟောဝါအတွက် အလှူပစ္စည်း”aကို စုသိမ်းကြသည်။ အလှူဥစ္စာများတွင် တဲတော်ဆောက်လုပ်ရန်နှင့် မွမ်းမံတန်ဆာဆင်ရန်အတွက် ရွှေ၊ ငွေ၊ ကြေးနီ၊ အပြာရောင်ချည်မျှင်၊ ဆေးဆိုးထားသောအထည်အမျိုးမျိုး၊ သိုးသားရေများ၊ ဖျံသားရေများနှင့် နန်းလုံးကြိုင်သစ်များ ပါဝင်ကြသည်။ မှတ်တမ်းက ပေးလှူသူများ၏ စိတ်နေသဘောထားကို ကျွန်ုပ်တို့အား အာရုံစိုက်စေသည်။ “စေတနာစိတ်ရှိ သူတိုင်း ယင်းကို ယေဟောဝါ၏အလှူပစ္စည်းအဖြစ် ဆောင်ခဲ့ကြစေ။” (ထွက်မြောက်ရာ ၃၅:၅-၉၊ ကဘ) ဣသရေလလူမျိုးတို့သည် သောက်သောက်လဲ တုံ့ပြန်ခဲ့ကြသည်။ သို့နှင့် ကျမ်းပညာရှင်တစ်ဦး၏အဆိုအရ တဲတော်သည် “အလွန်လှပတင့်တယ်ပြီး ခန့်ညားထည်ဝါ” ခဲ့သည်။
ဗိမာန်တော်အတွက် အလှူပစ္စည်းများ
၅၊ ၆။ ဒါဝိဒ်သည် ဗိမာန်တော်အတွက် မိမိ၏စည်းစိမ်ဥစ္စာကိုမည်သို့ အသုံးပြုပြီး အခြားသူများမည်သို့တုံ့ပြန်ကြသနည်း။
၅ ဣသရေလလူမျိုးတို့၏ဘုရင် ရှောလမုန်သည် ယေဟောဝါဝတ်ပြုရေးအတွက် အတည်တကျဖြစ်သည့်အိမ်တော်ကို ဆောက်လုပ်ရန် ညွှန်ကြားခဲ့သော်လည်း သူ့ခမည်းတော် ဒါဝိဒ်က ယင်းအတွက် ကျယ်ပြန့်သောပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။ ဒါဝိဒ်သည် မြောက်မြားစွာသော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်နှင့် ကျောက်မျက်ရတနာများကို စုဆောင်းထားခဲ့သည်။ ဒါဝိဒ်က မိမိ၏လူများအား ဤသို့ပြောခဲ့သည်။ “ငါ၏ဘုရားသခင်အိမ်တော်၌ ငါ့စိတ်နှလုံးစွဲလမ်းသောကြောင့် ထိုသန့်ရှင်းသောအိမ်အဖို့ ပြင်ဆင်သောဥစ္စာမှတစ်ပါး ကိုယ့်ဥစ္စာထဲမှ ဩဖိရရွှေ အခွက်သုံးသောင်းနှင့် ကျောက်ထရံတို့ကို မွမ်းမံစရာဖို့ ငွေစင်ခုနစ်သောင်းတို့ကို ငါ၏ဘုရားသခင်အိမ်တော်အဖို့ ငါပေး၏။” ရက်ရက်ရောရော ပေးလှူကြရန် အခြားသူများအားလည်း ဒါဝိဒ်တိုက်တွန်းသည်။ တုံ့ပြန်မှုကား အလျှံပယ်ပင်– နောက်ထပ်ရွှေ၊ ငွေ၊ ကြေးနီ၊ သံနှင့် ကျောက်မျက်ရတနာများတည်း။ လူများသည် “စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောရှိ၍ ထာဝရဘုရားအားပူဇော်” ခဲ့ကြသည်။—၁ ရာဇဝင်ချုပ် ၂၂:၅; ၂၉:၁-၉။
၆ ထိုသို့ စေတနာအလျောက် ထည့်ဝင်လှူဒါန်းမှုများအားဖြင့် ဣသရေလလူမျိုးတို့သည် ယေဟောဝါဝတ်ပြုရေးကို လှိုက်လှိုက်လှဲလှဲလေးမြတ်ကြောင်း တင်ပြခဲ့ကြသည်။ ဒါဝိဒ် ဤသို့နှိမ့်ချစွာဆုတောင်းခဲ့သည်– “ကြည်ညိုသောစိတ်နှင့် ဤမျှလောက်ပူဇော်နိုင်အောင် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့သည် အဘယ်သို့သောသူဖြစ်ပါသနည်း။” အဘယ်ကြောင့်နည်း။ “ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ဥစ္စာထဲကသာ ကိုယ်တော်အားပူဇော်ပါ၏။ . . . အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းသဘော၊ ကြည်ညိုသောစိတ်ရှိသည်နှင့် ဤဘဏ္ဍာရှိသမျှကို ပူဇော်ပါ၏။”—၁ ရာဇဝင်ချုပ် ၂၉:၁၄၊ ၁၇။
၇။ အာမုတ်အချိန်မှ မည်သည့်သတိပေးသင်ခန်းစာကို ကျွန်ုပ်တို့ရရှိသနည်း။
၇ သို့သော် ဣသရေလလူမျိုးစုများသည် သူတို့၏စိတ်နှင့်နှလုံးထဲတွင် ယေဟောဝါဝတ်ပြုရေးကို ဆက်၍ဦးစားထားရန် ပျက်ကွက်ခဲ့ကြသည်။ ဘီ.စီ.အီး. ကိုးရာစုရောက်သော် ကွဲပြားသည့်ဣသရေလလူမျိုးသည် ဝိညာဉ်ရေးကို ဂရုမစိုက်သည့်အပြစ် ရှိလာကြသည်။ မြောက်ပိုင်းဆယ်နွယ်နိုင်ငံရှိ ဣသရေလလူမျိုးတို့အား အာမုတ်အားဖြင့် ယေဟောဝါ ဤသို့မိန့်တော်မူသည်– “ဇိအုန်မြို့၌ ငြိမ်ဝပ်စွာနေသောသူ၊ ရှမာရိတောင်ပေါ်မှာ စိုးရိမ်ခြင်းနှင့် ကင်းလွတ်လျက်နေသော . . . သူတို့သည် အမင်္ဂလာရှိကြ၏။” သူတို့သည် “ဆင်စွယ်ခုတင်ပေါ်မှာအိပ်၍ မွေ့ရာပေါ်မှာလျောင်းခြင်း၊ သိုးစုထဲက သိုးသငယ်တို့ကိုလည်းကောင်း၊ နွားတင်းကုပ်ထဲက နွားသငယ်တို့ကိုလည်းကောင်း ယူ၍စားခြင်း၊ . . . စပျစ်ရည်ကို ဖလားနှင့်သောက်” ခြင်းတို့ကိုပြုကြကြောင်း ယေဟောဝါဖော်ပြတော်မူသည်။ သို့သော် သူတို့၏စည်းစိမ်ချမ်းသာသည် အကာအကွယ်မပေးခဲ့ပါ။ ဘုရားသခင် ဤသို့သတိပေးခဲ့သည်– “ထိုသူတို့သည် အဦးဆုံး သိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည်။ လျောင်း၍နေသော သူတို့၏ပွဲသည်လည်း ကွယ်ပျောက်ရလိမ့်မည်။” ဘီ.စီ.အီး. ၇၄၀ ခုနှစ်တွင် ဣသရေလလူမျိုးတို့သည် အာရှုရိတို့၏လက်ချက်ဖြင့် ဒုက္ခရောက်တော့သည်။ (အာမုတ် ၆:၁၊ ၄၊ ၆၊ ၇) အတန်ကြာလေသော် တောင်ပိုင်းယုဒနိုင်ငံသည်လည်း ရုပ်ဝါဒလိုက်စားမှု၏ သားကောင်ဖြစ်ခဲ့သည်။—ယေရမိ ၅:၂၆-၂၉။
ခရစ်ယာန်ခေတ်တွင် စည်းစိမ်ဥစ္စာများကို တော်လျော်စွာအသုံးပြုခြင်း
၈။ ဥစ္စာအင်ခွင်ကိုအသုံးပြုရာတွင် ယောသပ်နှင့်မာရိတို့သည် မည်သည့်ပုံသက်သေကောင်းကို တင်ပြကြသနည်း။
၈ ဆန့်ကျင်ဘက်အနေနှင့် နောက်ပိုင်းအချိန်တွင် ဘုရားသခင့်ကျေးကျွန်များ၏ အတော်အတန်ဆင်းရဲနွမ်းပါးမှုက ဘုရားသခင့်ဝတ်ပြုရေးတွင် ဇွဲနပဲတင်ပြခြင်းမှ သူတို့အား မတားဆီးနိုင်ခဲ့ပါ။ ဥပမာ၊ ယောသပ်နှင့်မာရိတို့ကို ကြည့်ပါ။ ကဲသာသြဂုတ္တု၏အမိန့်ကို နာခံသောအားဖြင့် သူတို့မိသားစု၏ဇာတိဖြစ်သော ဗက်လင်မြို့သို့ ခရီးထွက်ခဲ့ကြသည်။ (လုကာ ၂:၄၊ ၅) ထိုတွင် ယေရှုကိုမွေးဖွားခဲ့သည်။ အရက်လေးဆယ်ကြာသောအခါ ယောသပ်နှင့်မာရိတို့သည် ပညတ်တရားအရ စင်ကြယ်ခြင်းယဇ်ကိုပူဇော်ရန် အနီးအနားရှိ ယေရုရှလင်မြို့ဗိမာန်တော်သို့ သွားရောက်ကြသည်။ ငှက်ကလေးနှစ်ကောင်ကို မာရိ ပူဇော်ခြင်းက ရုပ်ပစ္စည်းဘက်တွင် ဆင်းရဲသော သူတို့၏အခြေအနေကိုဖော်ပြသည်။ သူမသော်လည်းကောင်း၊ ယောသပ်သော်လည်းကောင်း ဆင်းရဲနွမ်းပါးမှုကို ခုတုံးမလုပ်ခဲ့ကြ။ ယင်းအစား သူတို့သည် အနည်းငယ်မျှသော သူတို့၏ပစ္စည်းဥစ္စာကို နာခံမှုရှိစွာ အသုံးပြုခဲ့ကြသည်။—ဝတ်ပြုရာ ၁၂:၈; လုကာ ၂:၂၂-၂၄။
၉-၁၁။ (က) မဿဲ ၂၂:၂၁ ပါ ယေရှု၏စကားများက ငွေကိုမည်သို့သုံးရမည်နှင့်ပတ်သက်၍ မည်သည့်လမ်းညွှန်မှုကို ပေးသနည်း။ (ခ) မုဆိုးမ၏ အနည်းငယ်သောအလှူသည် အဘယ်ကြောင့်အကျိုးမဲ့ မဖြစ်သွားသနည်း။
၉ နောက်ပိုင်းတွင် ဖာရိရှဲများနှင့် ဟေရုဒ်၏ နောက်လိုက်အဖွဲ့သားများသည် ယေရှုအား ချောက်တွန်းလို၍ ဤသို့ပြောကြသည်– “သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း။ ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော၊ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါ။” ယေရှု၏အဖြေက ကိုယ်တော့်ပိုင်းခြားသိမြင်တတ်သည့် ဉာဏ်ပညာကို ပေါ်လွင်စေသည်။ မိမိအားသူတို့ပေးသည့် ငွေတစ်ပြားကိုပြပြီး ယေရှုဤသို့မေးတော်မူသည်– “ဤပုံဤလိပ်စာကား အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာဖြစ်သနည်း။” သူတို့က “ကဲသာဘုရင်၏ပုံ၊ လိပ်စာ” ဟု ပြန်ဖြေကြ၏။ ကိုယ်တော်ဤသို့ ပညာရှိစွာ နိဂုံးချုပ်တော်မူသည်– “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့။” (မဿဲ ၂၂:၁၇-၂၁) ငွေဒ င်္ဂါးကိုထုတ်လုပ်သော အာဏာပိုင်များသည် အခွန်ဆက်ခြင်းကိုလိုလားကြောင်း ယေရှုသိသည်။ သို့ရာတွင် ခရစ်ယာန်စစ်များသည် “ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြ” ရန် ကြိုးစားကြောင်းကိုလည်း မိမိ၏နောက်တော်လိုက်များနှင့် ရန်သူများကိုပါ နားလည်သဘောပေါက်ရန် ထိုတွင် ကိုယ်တော်အကူအညီပေးခြင်းဖြစ်သည်။ ယင်းတွင် မိမိ၏ ရုပ်ပစ္စည်းဥစ္စာကို တော်လျော်မှန်ကန်စွာ အသုံးပြုခြင်းပါဝင်သည်။
၁၀ ဗိမာန်တော်ထဲတွင် ယေရှုတွေ့မြင်ခဲ့သည့်အဖြစ်အပျက်တစ်ခုက ယင်းကိုဖော်ပြသည်။ ‘မုဆိုးမတို့၏အိမ်ကို လုယူသိမ်းစား’ ကြသော လောဘကြီးသည့် ကျမ်းတတ်များကို ပြစ်တင်ပြီးခါစ ရှိသေးသည်။ လုကာက ဤသို့မှတ်တမ်းပေးသည်။ “ထို့နောက် ကိုယ်တော်သည်မျှော်ကြည့်၍ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။ ဆင်းရဲသောမုဆိုးမတစ်ယောက်သည်လည်း ကြေးနီဒ င်္ဂါးနှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင် ‘ငါအမှန်ဆိုသည်ကား ထိုဆင်းရဲသောမုဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ၍သွင်းချပြီ။ အကြောင်းမူကား ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ ဘုရားသခင်၏အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီ’ ဟု မိန့်တော်မူ၏။” (လုကာ ၂၀:၄၆၊ ၄၇; ၂၁:၁-၄) ဗိမာန်တော်သည် ကျောက်မျက်ရတနာများဖြင့် တန်ဆာဆင်ထားကြောင်း အချို့သောလူများက ဖော်ပြပြောဆိုကြသောအခါ ယေရှုဤသို့ပြန်ပြောတော်မူသည်– “ဤအရာများကို သင်တို့ယခုမြင်ရကြ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာတစ်ခုမျှ မတည်မနေရသောအချိန်ကာလ ရောက်လိမ့်မည်။” (လုကာ ၂၁:၅၊ ၆) ထိုမုဆိုးမ၏ အနည်းငယ်မျှသောအလှူသည် အကျိုးမဲ့ဖြစ်သွားသလော။ လုံးဝမဖြစ်ပါ။ ထိုအချိန်က ယေဟောဝါတည်ထောင်ထားသည့် အစီအစဉ်ကို သူမထောက်ခံ အားပေးနေခြင်းဖြစ်သည်။
၁၁ မိမိ၏ စစ်မှန်သောနောက်တော်လိုက်များအား ယေရှု ဤသို့မိန့်တော်မူသည်– “အဘယ်အစေခံမျှ သခင်နှစ်ဦး၏အစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏အစေကိုလည်းကောင်း မခံနိုင်ကြ။” (လုကာ ၁၆:၁၃) သို့နှင့် ကျွန်ုပ်တို့၏ ငွေကြေးဆိုင်ရာ ဥစ္စာအင်ခွင်ကို အသုံးပြုရာတွင် မျှတမှုရှိကြောင်း မည်သို့တင်ပြနိုင်သနည်း။
သစ္စာရှိ ဘဏ္ဍာစိုးများ
၁၂-၁၄။ (က) ခရစ်ယာန်များသည် မည်သည့်ဥစ္စာအင်ခွင်၏ ဘဏ္ဍာစိုးများ ဖြစ်ကြသနည်း။ (ခ) ယနေ့ ယေဟောဝါ၏လူများသည် မည်သည့်ထင်ပေါ်သောနည်းများဖြင့် မိမိတို့၏ဘဏ္ဍာစိုးလုပ်ငန်းကို သစ္စာရှိစွာလုပ်ဆောင်ကြသနည်း။ (ဂ) ယနေ့ ဘုရားသခင့်လုပ်ငန်းတော်အတွက် ငွေကြေးအထောက်အပံ့ မည်သည့်နေရာမှလာသနည်း။
၁၂ ကျွန်ုပ်တို့၏အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံသောအခါ အမှန်အားဖြင့် ကျွန်ုပ်တို့တွင် ရှိရှိသမျှသောဥစ္စာအင်ခွင်အားလုံးတို့ကို ကိုယ်တော်ပိုင်ဆိုင်သည်ဟု ပြောခြင်းဖြစ်သည်။ သို့ဆိုလျှင် ကျွန်ုပ်တို့၌ရှိသောအရာများကို မည်သို့အသုံးပြုသင့်သနည်း။ ကင်းမျှော်စင်အသင်း၏ ပထမဥက္ကဋ္ဌဖြစ်သူ ညီအစ်ကိုစီ.တီ. ရပ်စယ်လ်သည် အသင်းတော်ရှိ ခရစ်ယာန်လုပ်ငန်းတော်အကြောင်း ဆွေးနွေးစဉ်က ဤသို့ရေးသားခဲ့သည်– “တစ်ဦးစီသည် မိမိ၏အချိန်၊ ဩဇာအာဏာ၊ ငွေစသည်တို့၏ ဘဏ္ဍာစိုးအဖြစ် သခင်ခန့်အပ်ထားသူများဟု မိမိကိုယ်ကိုယူမှတ်ပြီး ထိုအစွမ်းအစများကို မိမိတို့အရည်အချင်းရှိသရွေ့ သခင့်ဘုန်းတော် ထင်ရှားရေးအတွက် အသုံးပြုရန် ကြိုးစားကြရမည်။—အသစ်သောဖန်ဆင်းခြင်း၊ စာမျက်နှာ ၃၄၅။
၁၃ “ဘဏ္ဍာစိုး မည်သည်ကား သစ္စာရှိရမည်” ဟု ၁ ကောရိန္သု ၄:၂ ကဖော်ပြထားသည်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုအနေနှင့် ယေဟောဝါသက်သေများသည် မိမိတို့၏သွန်သင်မှုအရည်အချင်းကို ဂရုတစိုက်ပြုစုပျိုးထောင်ခြင်း မိမိတို့၏အချိန်ကို ခရစ်ယာန်ဓမ္မအမှုတွင်အတတ်နိုင်ဆုံးအသုံးပြုခြင်းအားဖြင့် အထက်တွင်ဖော်ပြထားချက်နှင့်ညီညွတ်ရန် ကြိုးစားကြသည်။ ထို့အပြင် ဒေသန္တရဆောက်လုပ်ရေးကော်မတီ၏ လမ်းညွှန်မှုအောက်တွင် စေတနာ့ဝန်ထမ်းအဖွဲ့များသည် မိမိတို့၏အချိန်၊ ခွန်အားနှင့် အတတ်ပညာများကို ဝတ်ပြုရေးအတွက် အစည်းအဝေးခန်းမများ ဆောက်လုပ်ခြင်း၌ စိတ်အားထက်သန်စွာ ပေးဆက်ကြသည်။ ယင်းတို့အားလုံးကို ယေဟောဝါ အလွန်ကျေနပ်နှစ်သက်တော်မူသည်။
၁၄ ဤမျှကြီးကျယ်သည့် သွန်သင်ခြင်း လှုပ်ရှားဆောင်ရွက်မှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ငွေကြေးအထောက်အပံ့ မည်သည့်နေရာမှ လာသနည်း။ တဲတော်ဆောက်လုပ်သည့်အချိန်ကကဲ့သို့ပင် စိတ်စေတနာရှိသူများထံမှ ဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးချင်းကော ပါဝင်ကြပါသလော။ ငွေကြေးဆိုင်ရာ စည်းစိမ်ဥစ္စာများကို ကျွန်ုပ်တို့အသုံးပြုပုံက ယေဟောဝါ၏လုပ်ငန်းတော်သည် ကျွန်ုပ်တို့အတွက် ထိပ်တန်းအရေးကြီးသည့်အရာဖြစ်ကြောင်း ဖော်ပြသလော။ ငွေရေးကြေးရေးတွင် ကျွန်ုပ်တို့သည် သစ္စာရှိဘဏ္ဍာစိုးများ ဖြစ်ကြစို့။
ရက်ရောခြင်း အစီအစဉ်တစ်ရပ်
၁၅၊ ၁၆။ (က) ပေါလုအချိန်က ခရစ်ယာန်များသည် မည်သည့်နည်းဖြင့် ရက်ရောမှုကိုတင်ပြကြသနည်း။ (ခ) ယခုကျွန်ုပ်တို့၏ဆွေးနွေးမှုကို မည်သို့ယူမှတ်သင့်သနည်း။
၁၅ မာကေဒေါနိနှင့် အခါယပြည်တို့ရှိ ခရစ်ယာန်များ၏ ရက်ရောသည့်စိတ်ဓာတ်အကြောင်း တမန်တော်ပေါလု ရေးသားခဲ့သည်။ (ရောမ ၁၅:၂၆) သူတို့ကိုယ်တိုင် ဒုက္ခရောက်နေကြသော်လည်း ညီအစ်ကိုများကို အကူအညီပေးရန် ရက်ရက်ရောရောလှူဒါန်းကြသည်။ မိမိတို့တွင် ပိုလျှံသည့်အရာများကို အခြားသူတို့၏လိုအပ်ချက်များအား ဖြည့်စွက်ပေးရန်အတွက် လှူဒါန်းကြခြင်းဖြင့် အလားတူရက်ရက်ရောရောပေးကမ်းရန် ကောရိန္သုခရစ်ယာန်များအား တမန်တော်ပေါလုက တိုက်တွန်းအားပေးခဲ့သည်။ ပေါလုအတင်းအကြပ်တောင်းဆိုသည်ဟု မည်သူမျှမစွပ်စွဲနိုင်ပါ။ သူဤသို့ရေးသားခဲ့သည်– “အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်ကိုသာ ရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။ လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။”—၂ ကောရိန္သု ၈:၁-၃၊ ၁၄; ၉:၅-၇၊ ၁၃။
၁၆ ယနေ့ ကမ္ဘာချီဘုရားနိုင်ငံတော်လုပ်ငန်းအတွက် ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် စိတ်ဝင်စားသူများ ရက်ရက်ရောရော ထည့်ဝင်လှူဒါန်းမှုများက ထိုအခွင့်ထူးကို သူတို့အလွန်လေးမြတ်ကြကြောင်း သာဓကတင်ပြသည်။ သို့သော် ကောရိန္သုမြို့သားများအား ပေါလုသတိပေးခဲ့သကဲ့သို့ ဤဆွေးနွေးချက်ကို ကျွန်ုပ်တို့အတွက် သတိပေးချက်အဖြစ် ယူမှတ်လျှင်ကောင်းပေသည်။
၁၇။ ပေးကမ်းရာတွင် အဘယ်အစီအစဉ်ကို လိုက်လျှောက်ရန် ပေါလုအားပေးခဲ့ပြီး ယင်းကို ယနေ့အသုံးပြုနိုင်သလော။
၁၇ ပေးကမ်းရာတွင် အစီအစဉ်တစ်ခုအတိုင်း လိုက်လျှောက်ကြရန် ညီအစ်ကိုများအား ပေါလုတိုက်တွန်းခဲ့သည်။ သူက “ခုနစ်ရက်တွင် ပထမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း မိမိတို့ဥစ္စာတစ်ဖို့ကိုထုတ်၍ စုထားကြလော့” ဟုပြောခဲ့သည်။ (၁ ကောရိန္သု ၁၆:၁၊ ၂) ယင်းက အသင်းတော်မှတစ်ဆင့်ဖြစ်စေ၊ အနီးဆုံးသော ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးသို့ တိုက်ရိုက်ဖြစ်စေ လှူဒါန်းခြင်းတွင် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏သားသမီးများအတွက် ပုံသက်သေဖြစ်နိုင်သည်။ အာဖရိကအရှေ့ဘက်ရှိ မြို့တစ်မြို့တွင် တာဝန်ကျသော သာသနာပြုမောင်နှံတစ်စုံသည် သူတို့နှင့်အတူ ကျမ်းစာလေ့လာမှုတွင်ပါဝင်ရန် စိတ်ဝင်စားသူများအား ခေါ်ဖိတ်ကြသည်။ ပထမဆုံးအစည်းအဝေးအပြီးတွင် သာသနာပြုများသည် အမြော်အမြင်ရှိရှိဖြင့် “ဘုရားနိုင်ငံတော်ခန်းမအတွက် အလှူငွေ” ဟု မှတ်သားဖော်ပြထားသော သေတ္တာထဲသို့ ပိုက်ဆံအနည်းငယ် ထည့်လိုက်ကြသည်။ အခြားတက်ရောက်သူများလည်း ထိုအတိုင်း လိုက်လုပ်ကြသည်။ နောက်ပိုင်း ဤလူသစ်များသည် ခရစ်ယာန်အသင်းတော်တစ်ခုအဖြစ်သို့ ဖွဲ့စည်းလာကြပြီးနောက် တိုက်နယ်ကြီးကြပ်မှူး သူတို့ထံလည်ပတ်ပြီး သူတို့အလှူငွေ မှန်မှန်ထည့်ဝင်ခြင်းကို မှတ်ချက်ချသွားသည်။—ဆာလံ ၅၀:၁၀၊ ၁၄၊ ၂၃။
၁၈။ ဒုက္ခရောက်နေသော ကျွန်ုပ်တို့၏ညီအစ်ကိုများအား မည်သည့်နည်းဖြင့် အကူအညီပေးနိုင်သနည်း။
၁၈ သဘာဝဘေးဒဏ်ခံရသောသူများနှင့် စစ်ဖြစ်နေသည့်ဒေသရှိသူများအား ကူညီရန်အတွက် ကျွန်ုပ်တို့၏ဥစ္စာအင်ခွင်ကို အသုံးပြုဖို့အခွင့်အရေးလည်း ရရှိထားကြသည်။ စီးပွားရေးနှင့်နိုင်ငံရေးကမောက်ကမဖြစ်နေသော အရှေ့ဥရောပသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့သည့်အကြောင်း ဖတ်ရသောအခါ ကျွန်ုပ်တို့မည်မျှဘဝင်လှိုက်ခဲ့သည်ဖြစ်ခြင်း! လှူဒါန်းသော ငွေနှင့်ကုန်ပစ္စည်း နှစ်ရပ်စလုံးတို့က ညီအစ်ကိုများ၏ ရက်ရောမှုနှင့် အရေးမလှသောခရစ်ယာန်များနှင့်အတူ စည်းလုံးညီညွတ်မှုရှိခြင်းကို ဖော်ပြသည်။b—၂ ကောရိန္သု ၈:၁၃၊ ၁၄။
၁၉။ အချိန်ပြည့်လုပ်ငန်းတော်တွင် ရှိနေသူများအား အကူအညီပေးရန် လက်တွေ့ကျသော မည်သည့်အရာများကို ကျွန်ုပ်တို့လုပ်နိုင်သနည်း။
၁၉ ရှေ့ဆောင်များ၊ နယ်လှည့်ကြီးကြပ်မှူးများ၊ သာသနာပြုများနှင့် ဗေသလစေတနာ့ဝန်ထမ်းများအဖြစ် အချိန်ပြည့်လုပ်ငန်းတော်တွင် ပါဝင်နေကြသော ညီအစ်ကိုညီအစ်မများ၏ လုပ်ဆောင်မှုကို ကျွန်ုပ်တို့အလွန်တန်ဖိုးထားကြသည် မဟုတ်ပေလော။ အခြေအနေခွင့်ပြုသ၍ သူတို့အား ရုပ်ပစ္စည်းအကူအညီတိုက်ရိုက် ပေးနိုင်ကောင်းပေးနိုင်ကြမည်။ ဥပမာ၊ သင့်အသင်းတော်သို့ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်သောအခါ သူ့အတွက် တည်းခိုစရာ၊ အစားအသောက် သို့မဟုတ် သူ့ခရီးစရိတ်တို့ကို သင်အကူအညီပေးနိုင်ပေမည်။ မိမိ၏ကျေးကျွန်များအား စောင့်ရှောက်စေလိုတော်မူသော ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ထိုရက်ရောမှုတစ်စုံတစ်ခုကိုမျှ သတိမပြုမိဘဲ နေမည်မဟုတ်ပါ။ (ဆာလံ ၃၇:၂၅) လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က အဆာပြေအစားအသောက်များကိုသာ ကျွေးမွေးနိုင်သော ညီအစ်ကိုတစ်ဦးက နယ်လှည့်ကြီးကြပ်မှူးနှင့်ဇနီးတို့အား သူ့အိမ်သို့ဖိတ်ခေါ်ခဲ့သည်။ ကြီးကြပ်မှူးဇနီးမောင်နှံက ညနေပိုင်းလယ်ကွင်းအမှုဆောင်ခြင်းသို့ ထွက်မည်ပြုသောအခါ ထိုညီအစ်ကိုက ဧည့်သည်တို့အား စာအိတ်တစ်အိတ်ပေးလိုက်သည်။ အထဲတွင် (အမေရိကန်တစ်ဒေါ်လာနှင့်ညီသည့်အတိုင်းအတာ) ငွေစက္ကူနှင့်အတူ လက်ရေးဖြင့် ဤသို့ရေးထားသည်– “လက်ဖက်ရည်တစ်ခွက်အတွက် သို့မဟုတ် ဓာတ်ဆီတစ်ဂါလံအတွက်။” ဤသို့ သေးနုတ်သောနည်းဖြင့် ကျေးဇူးတင်လေးမြတ်မှုကို ကောင်းစွာတင်ပြခြင်းပါတကား!
၂၀။ မည်သည့်အခွင့်အရေးနှင့်တာဝန်ကို ကျွန်ုပ်တို့မရှောင်လွှဲလိုကြသနည်း။
၂၀ ယေဟောဝါ၏လူများသည် ဝိညာဏနည်းအရ ကောင်းချီးခံစားကြရပါသည်တကား! စာအုပ်အသစ်များ၊ ကောင်းမြတ်သည့်သွန်သင်ချက်များနှင့် လက်တွေ့ကျအကြံဉာဏ်များရရှိသော တိုက်နယ်နှင့် ခရိုင်အစည်းအဝေးများတွင် ဝိညာဏစားသောက်ပွဲများကို ကျွန်ုပ်တို့စားသုံးကြရသည်။ ဝိညာဏကောင်းချီးများကို နှလုံးအပြည့် ကျေးဇူးတင်လေးမြတ်သောအားဖြင့် ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးပွားရေးအတွက် အလှူငွေများထည့်ဝင်နိုင်သည့် အခွင့်အရေးနှင့်တာဝန်ကို ကျွန်ုပ်တို့မမေ့ကြပါ။
‘မဖြောင့်မတ်သော စည်းစိမ်ဥစ္စာအားဖြင့် မိတ်ဆွေများဖွဲ့ကြလော့’
၂၁၊ ၂၂။ မကြာမီ “မဖြောင့်မတ်သောစည်းစိမ်ဥစ္စာ” အပေါ်ဖြစ်ပျက်လာမည့်အရာက ယခုပင် ကျွန်ုပ်တို့ဘာကိုလုပ်ရန် တောင်းဆိုသနည်း။
၂၁ အမှန်ပင်၊ ကျွန်ုပ်တို့၏အသက်တာတွင် ယေဟောဝါဝတ်ပြုရေးကို အရေးအကြီးဆုံးနေရာတွင်ထားနိုင်သည့် နည်းလမ်းမြောက်မြားစွာရှိသည့်မှာ အမှန်ပင်ဖြစ်ပြီး အထူးသဖြင့် ယေရှု၏ ဤအကြံပေးစကားကို လိုက်လျှောက်ခြင်းပါဝင်သည်– “မဖြောင့်မတ်သောစည်းစိမ်ဥစ္စာအားဖြင့် မိမိတို့အတွက် မိတ်ဆွေများဖွဲ့ကြလော့။ သို့မှသာ ယင်းတို့ပျက်စီးသောအခါ သူတို့သည် ထာဝရနေစရာအရပ်များတွင် သင့်ကိုလက်ခံလိမ့်မည်။”—လုကာ ၁၆:၉၊ ကဘ။
၂၂ မဖြောင့်မတ်သောစည်းစိမ်ဥစ္စာ၏ ပျက်စီးမှုအကြောင်း ယေရှုပြောဆိုခဲ့သည်ကို သတိပြုပါ။ မှန်ပါသည်၊ လက်ရှိငွေကြေးစနစ်သည် လုံးဝအသုံးမဝင်တော့သည့် အချိန်တစ်ချိန်ရောက်လာမည်။ “သူတို့ငွေကို လမ်းသို့ပစ်၍ ရွှေကို ညစ်ညူးသောအရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရား အမျက်ထွက်တော်မူသောကာလ၌ သူတို့ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှာ မတတ်နိုင်” ဟု ယေဇကျေလ ပရောဖက်ပြုခဲ့သည်။ (ယေဇကျေလ ၇:၁၉) ယင်းအချိန်မတိုင်မချင်း ကျွန်ုပ်တို့၏ပစ္စည်းဥစ္စာများကို ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်ခြင်းတို့အားဖြင့်အသုံးပြုရမည်။ သို့အားဖြင့် ယေရှု၏သတိပေးစကားကို ဂရုမူရန်ပျက်ကွက်သဖြင့် ကျွန်ုပ်တို့နောင်တယူရသည့်အကြောင်း မရှိဘဲနေမည်– “မဖြောင့်မတ်သောစည်းစိမ်ဥစ္စာနှင့် ပတ်သက်၍ သင်တို့သည် သစ္စာရှိကြောင်း သက်သေမထူလျှင် မည်သူက မှန်သောအရာကို သင်တို့အား အပ်နှံမည်နည်း။ . . . သင်တို့သည် ဘုရားသခင်၏ကျေးကျွန်ဖြစ်လျက်နှင့် စည်းစိမ်ဥစ္စာတို့၏ ကျေးကျွန်မဖြစ်နိုင်ကြ။”—လုကာ ၁၆:၁၁-၁၃၊ ကဘ။
၂၃။ မည်သည့်အရာကို ကျွန်ုပ်တို့ပညာရှိရှိသုံးစွဲသင့်ပြီး ကျွန်ုပ်တို့အတွက်ဆုလာဘ်ကား အဘယ်နည်း။
၂၃ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး ယေဟောဝါ၏ဝတ်ပြုရေးကို ကျွန်ုပ်တို့၏အသက်တာတွင်ရှေးဦးထားရန် ဤသတိပေးချက်များကို အရေးတယူလိုက်လျှောက်ပြီး ကျွန်ုပ်တို့၏ဥစ္စာအင်ခွင်အားလုံးကို ပညာရှိရှိသုံးစွဲကြစို့။ သို့အားဖြင့် ငွေကြေးများပျက်စီးဆုံးရှုံးသောအခါ “ထာဝရနေစရာအရပ်များ” တွင် ကျွန်ုပ်တို့အား လက်ခံပြီး ကောင်းကင်နိုင်ငံတော်တွင်သော်လည်းကောင်း၊ ပရဒိသုမြေကြီးတွင်သော်လည်းကောင်း ထာဝရအသက်ရရန် အလားအလာဖြင့် ကတိပေးတော်မူသော ယေဟောဝါ၊ ယေရှုတို့နှင့် မိတ်သဟာယကို ကျွန်ုပ်တို့ထိန်းသိမ်းထားနိုင်ကြမည်တည်း။—လုကာ ၁၆:၉၊ ကဘ။
[အောက်ခြေမှတ်ချက်များ]
a “အလှူပစ္စည်း” ဟု ပြန်ဆိုသော ဟေဗြဲဝေါဟာရသည် စာသားအရ “မြင့်သော; ချီးမြှောက်သော; မြှင့်တင်သော” ဟူသည့်အဓိပ္ပာယ်ရသောကြိယာမှ ဆင်းသက်လာသည်။
b ၁၉၉၃ ခုနှစ်တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ [လိပ်] စာအုပ်၊ စာမျက်နှာ ၃၀၇-၁၅ ကိုရှု။
သင်မှတ်မိသလော
◻ တဲတော်ဆောက်လုပ်ရေးအတွက် လှူဒါန်းကြရန် ယေဟောဝါဖိတ်ခေါ်သောအခါ ဣသရေလလူများ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
◻ မုဆိုးမ၏အလှူသည် အဘယ်ကြောင့် အကျိုးမဲ့မဖြစ်သွားသနည်း။
◻ မိမိတို့၏ဥစ္စာအင်ခွင်ကို အသုံးပြုသည့်နည်းနှင့်ပတ်သက်၍ ခရစ်ယာန်များတွင် မည်သည့်တာဝန်ရှိသနည်း။
◻ ကျွန်ုပ်တို့၏ ငွေကြေးကိုအသုံးပြုခြင်းနှင့်ပတ်သက်၍ နောင်တရစရာအကြောင်းကို မည်သို့ရှောင်ကြဉ်နိုင်မည်နည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
မုဆိုးမ၏အလှူသည် နည်းသော်လည်း အကျိုးမဲ့မဖြစ်သွားပါ
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့၏အလှူများသည် ကမ္ဘာချီဘုရားနိုင်ငံတော်လုပ်ငန်းကို အထောက်အကူပြု