သမာဓိစောင့်သိ၍အသက်ရှင်လော့!
‘ဘုရားသခင်ကိုကျိန်ဆဲ၍သေလော့!’ ကျွန်ုပ်တို့၏မဂ္ဂဇင်းမျက်နှာဖုံးက ဤစကားများဖြင့် ယောဘအားထိပါးပြောဆိုသော သူ၏မိန်းမကို သရုပ်ဖော်ထားသည်။ ယင်းသည် လွန်ခဲ့သည့်နှစ်ပေါင်း ၃,၆၀၀ ခန့်ကဖြစ်သည်။ သို့သော် ဘုရားသခင်၏ သစ္စာရှိကျေးကျွန်အား ယင်းသို့ နှုတ်ဖြင့်တိုက်ခိုက်ခြင်းသည် ယနေ့အထိ လူသားများရင်ဆိုင်ရသော ပြဿနာတစ်ရပ်ကို ပေါ်လွင်ထင်ရှားစေသည်။ သစ္စာရှိယောဘသည် ကြီးမားသည့်ဆုံးရှုံးမှု—သူ၏တိရစ္ဆာန်များ၊ သူ၏အိမ်နှင့် သူ၏သားသမီးဆယ်ယောက် ဆုံးရှုံးခြင်းကို ကြုံခဲ့ရသည်။ သူ၏ကိုယ်ခန္ဓာတွင် အလွန်ဆိုးရွားသည့်ရောဂါ၏ ဖိစီးဒဏ်ခံနေရခြင်းက သူ၏ခံနိုင်ရည်ကို အဆုံးစွန်အထိစမ်းသပ်မှုဖြစ်နေသည်။ အကြောင်းရင်းကား အဘယ်နည်း။ ဘုရားသခင်နှင့်လူတို့၏ မဟာရန်သူကြီးစာတန်မာရ်နတ်က လူသည် ပြင်းထန်သည့်စမ်းသပ်မှုအောက်တွင် ဘုရားသခင်အပေါ် သမာဓိမစောင့်သိနိုင်ဟူသော စိန်ခေါ်ချက်နှင့်အညီ လိုက်လံလုပ်ဆောင်သောကြောင့်ဖြစ်သည်။—ယောဘ ၁:၁၁၊ ၁၂; ၂:၄၊ ၅၊ ၉၊ ၁၀။
ယနေ့လည်း ယောဘအချိန်ကကဲ့သို့ “လောကတစ်ခုလုံးသည် ဆိုးညစ်သူ [စာတန်မာရ်နတ်] ၏တန်ခိုးဩဇာအောက်တွင် ရှိနေသည်။” (၁ ယောဟန် ၅:၁၉၊ ကဘ) အမှန်အားဖြင့် ယင်းသည် ယနေ့အတွက် ပို၍မှန်ကန်ရခြင်းမှာ ယခု “ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိ” သူသည် ကောင်းကင်မှ မြေကြီးသို့ပစ်ချခံလိုက်ရသောကြောင့် ဖြစ်သည်။ (ဗျာဒိတ် ၁၂:၉) ယင်းက ကျွန်ုပ်တို့အချိန်တွင် လူသားများအားထိခိုက်သော ပြင်းထန်သည့်ဆင်းရဲဒုက္ခများ၏ အကြောင်းရင်းဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်က ဤ ၂၀ ရာစုနှစ်အဆုံးပိုင်းအထိတိုင် ဆက်လက်တည်ရှိလာသည့် “ဒုက္ခဆင်းရဲခြင်း၏အစအဦး” ကို မှတ်သားဖော်ပြသည်။—မဿဲ ၂၄:၇၊ ၈။
ရက်စက်၍ယုတ်ညံ့သော ဤလောကတွင် လူသားခံနိုင်ရည်အတိုင်းအဆကုန်သည်အထိ ခံရပြီဟုသင်ခံစားရဖူးသလော။ ‘ဘဝတွင် ရည်ရွယ်ချက်တစ်စုံတစ်ခုရှိပါ၏လော’ ဟု သင်စဉ်းစားဖူးသလော။ ယောဘသည် ထိုနည်းတူ ခံစားခဲ့ရဖွယ်ရှိသော်လည်း အမှားများရှိသည့်ကြားက ဘုရားသခင်အားယုံကြည်ခြင်းမပျက်ခဲ့ပါ။ သူ၏စိတ်ပိုင်းဖြတ်ချက်ကို ဤသို့ဖော်ပြသည်– “ငါသည် သေသည့်တိုင်အောင် ငါ၏သမာဓိကို ငါ့ကိုယ်မှမကွာစေ!” ဘုရားသခင်သည် ‘သူ၏သမာဓိကို သိလာရမည်’ ဖြစ်ကြောင်း သူယုံကြည်စိတ်ချသည်။—ယောဘ ၂၇:၅; ၃၁:၆၊ ကဘ။
ဘုရားသခင်၏သားတော်ရင်းယေရှုခရစ်သည်လည်း ဤမြေကြီးပေါ်တွင်ရှိခဲ့စဉ်က စုံစမ်းမှုများကို ခံရပ်ခဲ့ရသည်။ စာတန်သည် ယေရှုကို နည်းမျိုးစုံဖြင့်တိုက်ခိုက်ခဲ့သည်။ စုံစမ်းခံရသည့်တောင်ပေါ်တွင် ယေရှု၏ကာယရေးလိုအပ်ချက်များကို အခွင့်ကောင်းယူပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်အပေါ် ကိုယ်တော်၏ယုံကြည်အားထားမှုကို စုံစမ်းခဲ့သည်။ (မဿဲ ၄:၁-၁၁) အယူဖောက်ပြန်သော ကျမ်းတတ်များ၊ ဖာရိရှဲများနှင့် သူတို့၏လှည့်ဖြားခြင်းခံရသူများက ကိုယ်တော်အားနှိပ်စက်ညှဉ်းပန်းခြင်း၊ ဘုရားကိုစော်ကားသည်ဟု ကိုယ်တော်အားစွပ်စွဲခြင်း၊ ကိုယ်တော်အားလုပ်ကြံသတ်ဖြတ်ရန် ကြိတ်ကြံစည်ခြင်းတို့အားဖြင့် စာတန်သည် ယေရှုကို စိတ်ဒုက္ခရောက်စေခဲ့သည်။ (လုကာ ၅:၂၁; ယောဟန် ၅:၁၆-၁၈; ၁၀:၃၆-၃၉; ၁၁:၅၇) ထိုသူတို့သည် အတုအယောင်နှစ်သိမ့်သူသုံးဦးတို့က ယောဘကိုပြုခဲ့သည်ထက် ယေရှုကို သာ၍ဆိုးရွားစွာ ပြုခဲ့ကြသည်။—ယောဘ ၁၆:၂; ၁၉:၁၊ ၂။
ဤစမ်းသပ်မှုများ၏ အပြင်းထန်ဆုံးအပိုင်းသို့ နီးကပ်လာသောအချိန် ဂေသရှေမန်ဥယျာဉ်၌ရှိနေစဉ် တပည့်တော်များအား ယေရှု ဤသို့မိန့်တော်မူခဲ့သည်– “ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။” ထို့နောက် “ပျပ်ဝပ်၍ ‘အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော’ ဟု ဆုတောင်းတော်မူ၏။” နောက်ဆုံး ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် ဆာလံ ၂၂:၁ ပြည့်စုံသည့်အနေနှင့် ယေရှုဤသို့ကြွေးကြော်ခဲ့သည်– “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း။” သို့သော် လက်စသတ်သောအခါ ဘုရားသခင်သည် ယေရှုကို မစွန့်ပစ်ခဲ့ချေ။ အကြောင်းမှာ ယေရှုသည် ဘုရားသခင်အပေါ် ပြည့်ဝစုံလင်စွာ သမာဓိစောင့်သိခဲ့သောကြောင့်ဖြစ်ပြီး ယင်းက ခရစ်ယာန်စစ်များလိုက်လျှောက်ရန် စံနမူနာတစ်ရပ်ဖြစ်ခဲ့သည်။ ယေဟောဝါသည် ယေရှုအား ရှင်ပြန်ထမြောက်စေပြီး ကောင်းကင်ရှိအမြင့်ဆုံးနေရာတွင် ချီးမြှောက်တော်မူခြင်းအားဖြင့် သူ၏သမာဓိစောင့်သိမှုကို ဆုချတော်မူခဲ့သည်။ (မဿဲ ၂၆:၃၈၊ ၃၉; ၂၇:၄၆; တမန်တော် ၂:၃၂-၃၆; ၅:၃၀; ၁ ပေတရု ၂:၂၁) အလားတူသမာဓိစောင့်သိသူအားလုံးတို့အား ဘုရားသခင်ဆုချတော်မူမည်။
ယေရှု၏သမာဓိက စာတန့်စိန်ခေါ်ချက်ကို အကြွင်းမဲ့ပြန်လည်ချေပစေနိုင်ရုံမျှမက ကိုယ်တော်၏ စုံလင်သည့်လူသားအသက်တာ ယဇ်ပူဇော်သက္ကာသည် ရွေးဖိုးကိုဖြစ်စေပြီး ယင်းကိုအခြေပြု၍ သမာဓိစောင့်သိသူလူသားများ ထာဝရအသက်ရနိုင်မည်ဖြစ်သည်။ (မဿဲ ၂၀:၂၈) ဦးစွာ ယေရှုသည် မိမိနှင့်အတူ ကောင်းကင်နိုင်ငံတော်တွင် အမွေခံရမည့် ဘိသိက်ခံ “သိုးစုငယ်” တစ်စုကို စုသိမ်းတော်မူသည်။ (လုကာ ၁၂:၃၂) ယင်းနောက် “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်ပြီး ယင်းမှထွက်လာကြကာ ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးနယ်ပယ်တွင် ထာဝရအသက်အမွေခံရန် “လူအုပ်ကြီးတစ်စု” စုသိမ်းခံရသည်။—ဗျာဒိတ် ၇:၉၊ ၁၄-၁၇၊ ကဘ။
သမာဓိစောင့်သိသော ယောဘသည် ငြိမ်းချမ်းသော “ကမ္ဘာသစ်” အဖွဲ့အစည်းအဝင်အဖြစ် ရှင်ပြန်ထမြောက်ခြင်းခံရမည့် သန်းပေါင်းများစွာသောလူတို့တွင် တစ်ယောက်အပါအဝင်ဖြစ်မည်။ (၂ ပေတရု ၃:၁၃; ယောဟန် ၅:၂၈၊ ၂၉) ကျွန်ုပ်တို့မဂ္ဂဇင်း၏ နောက်ကျောဖုံးတွင် ပုံဖော်ထားသကဲ့သို့ ယေဟောဝါသည် “ယောဘ၏ရှေ့ဖြစ်ဟန် . . . ထက် နောက်ဖြစ်ဟန်ကို သာ၍ကောင်းချီးပေးတော်မူ” သောအခါ ယောဘ၏သမာဓိဆုချခံခဲ့ရသည်။ သူသည် “နှုတ်ဖြင့်မျှမမှားယွင်း” သူအဖြစ် ဝိညာဏခွန်အားကို ရရှိခဲ့သည်။ ဘုရားသခင်သည် သူ့သက်တမ်းကို အနှစ် ၁၄၀ အထိ တိုး၍ရှည်စေခဲ့သည်။ ကိုယ်တော်သည် ယောဘအား ယခင်ရှိခဲ့ဖူးသည့်ရုပ်ပစ္စည်းထက် နှစ်ဆများသောအတိုင်းအတာကို ပေးခဲ့ပြီး ယောဘသည် “သားခုနစ်ယောက်နှင့် သမီးသုံးယောက်ကိုလည်း ရပြန်” ၍ သမီးတို့သည် ထိုဒေသတွင် အချောအလှဆုံးသူများအဖြစ် သတ်မှတ်ခံရကြသည်။ (ယောဘ ၂:၁၀; ၄၂:၁၂-၁၇) သို့သော် ယင်းကောင်းစားမှုအားလုံးတို့သည် “ကမ္ဘာသစ်” တွင် သမာဓိစောင့်သိသူများစံစားကြရမည့် ကောင်းချီးများ၏ နမူနာတစ်ရပ်မျှသာဖြစ်သည်။ နောက်စာမျက်နှာများတွင် ရှင်းပြထားသကဲ့သို့ အသင်လည်း ထိုရွှင်လန်းမှုတွင် ပါဝင်နိုင်ပါသည်တကား!
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ယေရှုသည် သမာဓိစောင့်သိသူတစ်ဦးအဖြစ် စုံလင်သောပုံသက်သေကို ချမှတ်တော်မူခဲ့သည်