ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ—ပွာတီရီကို
ကာရစ်ဘီယံပင်လယ်နှင့် အတ္တလန်တိတ်သမုဒ္ဒရာ စပ်ကြားတွင် အပူပိုင်းဒေသ၊ စိမ်းလန်းစိုပြည်သော ပွာတီရီကိုကျွန်းရှိသည်။ ၁၄၉၃ ခုနှစ်က စပိန်နိုင်ငံပိုင်အဖြစ် ခရစ္စတိုဖာ ကိုလံဘတ်စ်က ယင်းကို သိမ်းမြန်းခဲ့ပြီး နှစ်ခြင်းဆရာယောဟန်ကိုအမှတ်ရသောအားဖြင့် စံယွာန်ဘော်တီးစတာဟု အမည်ပေးခဲ့သည်။ ယင်း၏ အကြီးဆုံးမြို့ကို ပွာတီရီကို သို့မဟုတ် “ကြွယ်ဝသောဆိပ်ကမ်း” ဟူ၍ ကြာမြင့်စွာကတည်းကခေါ်ခဲ့ကြသည်။ နောက်များမကြာမီ ကျွန်းတစ်ကျွန်းလုံးကို ဤအမည်ပေးကြပြီး မြို့မူကား စံယွာန်ဟု အမည်တွင်လေသည်။
ပွာတီရီကိုသည် နည်းမျိုးစုံဖြင့် ချမ်းသာကြွယ်ဝသောဆိပ်ကမ်းဖြစ်ခဲ့ပြီ။ စပိန်အစိုးရလက်အောက်ရှိ အစောပိုင်းနှစ်များအတွင်း ဤနေရာမှ ရွှေကို တွင်တွင်ကြီး တင်ပို့ခဲ့သည်။ ယခု ဤကျွန်းပေါ်မှ ကြံ၊ ကော်ဖီ၊ ငှက်ပျောသီးနှင့် ရှောက်၊ သံပရာမျိုးဝင် အသီးများကို နိုင်ငံခြားသို့ တင်ပို့သော်လည်း ယနေ့ နိုင်ငံ့စီးပွားမှာ အများအားဖြင့် ကုန်စည်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်လုပ်ငန်းများဖြစ်သည်။ သို့ရာတွင် ပွာတီရီကိုနိုင်ငံသည် ထိုထက်အဓိပ္ပာယ်လေးနက်သောနည်းလမ်းဖက်မှ ကြွယ်ဝသောဆိပ်ကမ်းနိုင်ငံတစ်ခု ဖြစ်ချေပြီ။
ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း စတင်ဟောပြောခဲ့သည်။ ယနေ့ ပွာတီရီကိုနိုင်ငံတွင် သတင်းကောင်းဟောပြောသော ကြေညာသူပေါင်း ၂၅,၀၀၀ ကျော်ရှိသည်။ ၁၉၉၃ ခုနှစ်တွင် ကင်းမျှော်စင်အသင်း၏ ဤဌာနခွဲရုံးအမှုထမ်းများ အရေအတွက်သည် ၂၃ ယောက်မှ ၁၀၀ ကျော်သို့ တိုးများလာသည်။ ထိုသို့ တိုးများလာရန်လိုအပ်ရခြင်းမှာ ဤဌာနခွဲမှ ကျမ်းစာစာပေများကို စပိန်စကားသို့ ဘာသာပြန်ရာတွင် ကွပ်ကဲပေးဖို့အတွက်ဖြစ်သည်။ ဤသို့အားဖြင့် ယင်းစာပေများကို ကမ္ဘာချီရှိ စပိန်စကားပြောဆိုသူ ၃၅၀,၀၀၀,၀၀၀ ခန့်အသုံးပြုနိုင်ကြမည်ဖြစ်သည်။
လယ်ကွင်းအသစ်တစ်ခု
ဌာနခွဲရုံးကလည်း ဤသို့သတင်းပေးသည်– “ဘုရားသခင့်နိုင်ငံတော်သတင်းကို နားပင်းသူများထံ ရောက်ရှိစေရန် ကျွန်ုပ်တို့ကြိုးစားခဲ့သောကြောင့် ပွာတီရီကိုတွင် လယ်ကွင်းအသစ်တစ်ခု ရရှိနိုင်ခဲ့သည်။ ညီအစ်မတစ်ဦးက အောက်ပါတွေ့ ကြုံမှုကို ပြောပြသည်–
‘နားပင်းသူများကြားမှာ ကျွန်မအမှုဆောင်နေတဲ့အခါ ကလေးငယ်နှစ်ယောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဆီ ရောက်သွားတယ်။ ကျွန်မဟာ သက်သေခံတစ်ယောက်ဖြစ်မှန်း သူသိတာနဲ့တစ်ပြိုင်နက် နားမကြားသူဖြစ်တဲ့ သူ့ခင်ပွန်းက ယေဟောဝါသက်သေများကို မကြိုက်လို့ဆိုပြီး ကျွန်မကို ငြင်းဆိုလိုက်တယ်။
“‘လအနည်းငယ်ကြာတော့ ဒီအမျိုးသမီးကိုယ်တိုင် သက်သေခံများနဲ့ ကျမ်းစာလေ့လာနေတဲ့ သူ့သူငယ်ချင်းတစ်ယောက်ဆီသွားပြီး သင်အံမှုမှာ ပါဝင်လိုက်တော့ အရမ်းခွန်အားရသွားတယ်။ ဒါနဲ့ အဲ့ဒီအမျိုးသမီးဆီကို ကျွန်မနောက်တစ်ကြိမ်ပြန်သွားတဲ့အခါ သူမက သူ့ခင်ပွန်းဟာ ယေဟောဝါသက်သေများကို မကြိုက်တဲ့အကြောင်း ပြန်ပြောပြတယ်။ ဒါပေမဲ့ သူမကိုယ်တိုင် ကျမ်းစာကို နားလည်ချင်ကြောင်း၊ သူမရဲ့ချာ့ချ်မှာ ကျမ်းစာမသင်ပေးလို့ စိတ်ကုန်နေကြောင်း ပြောပြတယ်။ ဒါနဲ့ ဝေစာကိုအသုံးပြုပြီး သင်အံမှုစလိုက်တယ်။ တစ်နေ့ကျတော့ သူမရဲ့ခင်ပွန်းရှိမယ့်အချိန် စနေနေ့မှာ ပြန်လာခိုင်းတယ်။ “ကျွန်မတို့ကို သူမကြိုက်ဘူးဆို” လို့ကျွန်မမေးလိုက်တော့ သူမက “သူသိချင်တာတွေရှိလို့” ဆိုပြီးပြောတယ်။
“‘နောက်နေ့ကျတော့ သူတို့နှစ်ယောက်စလုံး ကျွန်မတံခါးကို လာခေါက်ကြပါလေရော! သူ့ယောက်ျား သိချင်တာတွေများလို့ နားပင်းသူတွေအတွက် ကျွန်မတို့ရဲ့စည်းဝေးတွေကိုတက်ဖို့ ဖိတ်လိုက်တယ်။ ကျွန်မမရောက်ခင် သူရောက်နှင့်ပြီး အဲ့ဒီနေ့ကစ စည်းဝေးတစ်ခါမှ မပျက်ကွက်ဘူး။ တခြားနားပင်းသူတွေကို အခုသူဟောပြောနေပြီ၊ စည်းဝေးပွဲကြီးတစ်ခု တက်ပြီးပြီ၊ အဲ့ဒီအပြင် နှစ်ခြင်းယူနိုင်မဲ့နေ့ကို စောင့်မျှော်နေတယ်။”
ဌာနခွဲမှ မှတ်တမ်းက ဤသို့ဆက်ဆိုသည်– “ဤနှစ် ခရိုင်စည်းဝေးပွဲကြီးတွင် အစီအစဉ်တစ်ခုလုံးကို လက္ခဏာအမှတ်အသားဖြင့် တင်ဆက်ပေးခဲ့သည့်အတွက် နားမကြားသူများစွာသည် သူတို့၏မိသားစုများနှင့်အတူ စည်းဝေးတက်ခဲ့ကြသည်။ နိဂုံးချုပ်ဟောပြောချက်တွင် ဟောပြောသူက နားပင်းသူများအား သက်သေခံလုပ်ငန်းအကြောင်း ပြောပြ၍ ပရိသတ်တွင် နားပင်းသူ ၇၀ ခန့်ရှိကြောင်း ပြောသောအခါ အားရဝမ်းသာဖြစ်ခဲ့ကြသည်။ တဖြောင်းဖြောင်း လက်ခုပ်တီးကြသော်လည်း ဟောပြောသူ သတိပြုစေသည့်အတိုင်း နားပင်းသူများမူကား မကြားကြပါ။ သို့ဖြစ်၍ နားမကြားသူတို့အား ပရိသတ်သို့မျက်နှာမူစေပြီး ဟောပြောသူက ‘အသင်တို့ရဲ့ နားပင်းတဲ့ညီအစ်ကိုတွေ စည်းဝေးတက်ကြတာကို ဝမ်းသာကြပါသလား’ ဟုပြန်မေးပြီး လက်ဝှေ့ရမ်းပြခြင်းဖြင့် ဩဘာပေးရန် ပရိသတ်အား ပြောသည်။ လက်ဝှေ့ရမ်း၍ ဩဘာပေးသော ညီအစ်ကိုညီအစ်မပေါင်း ၁၁,၀၀၀ ကိုရှုစားရခြင်းသည် အမှန်တကယ် ဝမ်းသာစရာပင်။ ကျွန်ုပ်တို့၏ နားမကြားသော ညီအစ်ကိုညီအစ်မများလည်း ဝမ်းသာလုံးဆို့ဖြစ်ကြ၍ အလွန်ကြီးမားသော ညီအစ်ကိုများအသင်းအပင်းအဝင်ဖြစ်ရသည်ဟု ခံစားကြရသည်။ ဝမ်းသာလွန်း၍ မျက်ရည်ကျကြသူများလည်း မနည်းပါ။”
ပွာတီရီကိုနိုင်ငံတွင် ရိတ်သိမ်းခြင်းလုပ်ငန်း၌ ယေဟောဝါသက်သေများ ပါဝင်ကြစဉ် ဆက်လက်၍ ချမ်းသာကြွယ်ဝသော ဆိပ်ကမ်းဖြစ်ဖို့ရန် အကြောင်းရှိပါသေးသည်။ “လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာ” ဟု ဘုရားသခင်ခေါ်ဆိုထားသော ကိုယ်တော်၏ “သိုးတို့” သည် ယေဟောဝါ၏အိမ်ကို ဘုန်းနှင့်ပြည့်စုံစေရန် ဆက်ဝင်လာကြပါလိမ့်မည်။—ယောဟန် ၁၀:၁၆; ဟဂ္ဂဲ ၂:၇။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
နိုင်ငံအချက်အလက်များ
၁၉၉၄ လုပ်ငန်းတော်နှစ်
အများဆုံးသက်သေခံသူဦးရေ–၂၅,၄၂၈
အချိုး–သက်သေခံ ၁ လျှင် ၁၃၉
အောက်မေ့ပွဲတက်ရောက်သူဦးရေ–၆၀,၂၅၂
ပျမ်းမျှရှေ့ဆောင်ကြေညာသူများ–၂,၃၂၉
ပျမ်းမျှကျမ်းစာသင်အံမှုများ–၁၉,၀၁၂
နှစ်ခြင်းခံသူဦးရေ–၉၁၉
အသင်းတော်အရေအတွက်–၃၁၂
ဌာနခွဲရုံး–ဂူအေနာဗိုမြို့