သင်သည် ဘုရားသခင့်ရှေ့တော်၌ အဖိုးထိုက်လှပေစွ!
“အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထို့ကြောင့် ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။” —ယေရမိ ၃၁:၃။
၁ မိမိအချိန်က သာမညလူများအပေါ် ယေရှု၏သဘောထားသည် ဖာရိရှဲတို့၏သဘောထားနှင့် မည်သို့ခြားနားသနည်း။
ယင်းကို ကိုယ်တော့်မျက်လုံးတော်ထဲတွင် သူတို့တွေ့မြင်နိုင်သည်။ ဤလူသားယေရှုသည် သူတို့၏ဘာသာရေးခေါင်းဆောင်များနှင့် လုံးဝမတူချေ; ကိုယ်တော်သည် ဂရုစိုက်တော်မူသည်။ ဤသူတို့သည် “ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်” သောကြောင့် သူတို့ကို ကိုယ်တော်သနားတော်မူသည်။ (မဿဲ ၉:၃၆) သူတို့၏ဘာသာရေးခေါင်းဆောင်များသည် မေတ္တာကရုဏာရှင်ဘုရားသခင်ကို ကိုယ်စားပြုသော မေတ္တာရှိသိုးထိန်းများဖြစ်သည်ဟု ဆိုကြသည်။ ဆိုသကဲ့သို့မဟုတ်ဘဲ သူတို့သည် သာမညလူများကို အောက်တန်းကျသောလူတန်းစား—ကျိန်ခြင်းကိုလည်း ခံရသောသူများအဖြစ် အထင်အမြင်သေးကြသည်!a (ယောဟန် ၇:၄၇-၄၉; ယေဇကျေလ ၃၄:၄ နှိုင်းယှဉ်။) တစ်ဖက်စောင်းနင်းဆန်ပြီး ကျမ်းစာနှင့်မညီညွတ်သော ထိုအမြင်မျိုးသည် မိမိလူများအပေါ် ယေဟောဝါ၏ရှုမြင်ပုံနှင့် အခြားကြီးခြားသည်မှာ ရှင်းနေပါသည်။ မိမိ၏လူမျိုးဣသရေလကို ကိုယ်တော်ဤသို့မိန့်တော်မူသည်– “အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။”—ယေရမိ ၃၁:၃။
၂။ ဘုရားသခင့်အမြင်တွင် မိမိတန်ဖိုးမရှိဟု ယောဘမြင်လာအောင် သူ့အဖော်သုံးဦးက မည်သို့ကြိုးစားသနည်း။
၂ ယေဟောဝါချစ်တော်မူသောသိုးများသည် မိမိတို့ကိုယ်ကို တန်ဖိုးမရှိဟု ယူမှတ်ရလေအောင် ကြိုးစားသောသူများထဲတွင် ဖာရိရှဲတို့သည် ဦးဆုံးသောသူများမဟုတ်ကြပါ။ ယောဘကိစ္စကို စဉ်းစားကြည့်ပါ။ ယေဟောဝါ၏အမြင်တွင် သူသည် ဖြောင့်မတ်၍ အပြစ်ကင်းသော်လည်း “နှစ်သိမ့်သူ” သုံးဦးတို့က ယောဘသည် သူသေဆုံးလျှင် အသက်ရှင်ခဲ့ကြောင်း မည်သည့်အထောက်အထားမျှ ကျန်ရစ်လိမ့်မည်မဟုတ်သော စာရိတ္တယိုယွင်း၍ ဆိုးညစ်သည့်အယူဖောက်ပြန်သူဖြစ်သည်ဟု ထိကပါးရိကပါးပြောဆိုကြသည်။ ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်များကိုပင် မယုံကြည်၊ ကောင်းကင်ဘုံကိုလည်း စင်ကြယ်သည်ဟု မယူမှတ်သည်ဖြစ်ရာ ယောဘလုပ်သည့် မည်သည့်ဖြောင့်မတ်မှုကိုမဆို ဘုရားသခင်တန်ဖိုးထားမည်မဟုတ်ကြောင်း သူတို့အဆိုပြုကြသည်!—ယောဘ ၁:၈; ၄:၁၈; ၁၅:၁၅၊ ၁၆; ၁၈:၁၇-၁၉; ၂၂:၃။
၃။ မိမိတို့သည် တန်ဖိုးမရှိသူများ၊ မေတ္တာထားစရာမကောင်းသူများဟု ယနေ့လူများ လက်ခံယုံကြည်လာအောင် မည်သည့်နည်းများကို စာတန်သုံးသနည်း။
၃ ယနေ့ စာတန်သည် ထို ‘စဉ်းလဲသောလုပ်ရပ်’ များကို သုံးမြဲသုံးပြီး လူများအား မိမိတို့ကိုယ်ကို မေတ္တာထားခြင်းမခံရသူ၊ တန်ဖိုးမရှိသူဟု လက်ခံယုံကြည်လာအောင် ကြိုးစားသည်။ (ဧဖက် ၆:၁၁၊ ကဘ အောက်ခြေမှတ်ချက်) မိမိတို့၏မာန်မာနနှင့် ဝင့်ဝါထောင်လွှားမှုကို အာရုံစိုက်စေခြင်းအားဖြင့် လူများကို သူလှည့်စားလေ့ရှိသည်။ (၂ ကောရိန္သု ၁၁:၃) သို့သော် အားနည်းသူများ၏ ကိုယ့်သိက္ခာကိုယ်လေးစားမှုကို ချိုးဖဲ့ဖျက်ဆီးရန်လည်း သူနှစ်သက်သည်။ အထူးသဖြင့် ဤ “နောက်ဆုံးသောကာလ” တွင် ယင်းသို့ဖြစ်နေသည်။ ယနေ့ လူများစွာတို့သည် “ပကတိချစ်ခင်စုံမက်ခြင်း” ကင်းမဲ့သော အိမ်ထောင်တွင် ကြီးပြင်းလာကြသည်; လူများစွာတို့သည် ပြင်းထန်သူ၊ တစ်ကိုယ်ကောင်းဆန်သူ၊ ခေါင်းမာသူများနှင့် နေ့စဉ်ဆက်ဆံနေကြရသည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ) နှစ်ရှည်လများ မတရားညှဉ်းဆဲမှု၊ လူမျိုးရေးပဋိပက္ခ၊ မုန်းတီးမှု၊ အလွဲသုံးစားမှုတို့က မိမိတို့သည် တန်ဖိုးမရှိ၊ မေတ္တာထားဖွယ်ကောင်းသူများမဟုတ်ဟု ထိုသို့သောသူများအား ယုံကြည်ယူမှတ်စေသည်။ လူတစ်ဦး ဤသို့စာရေးခဲ့သည်– “တစ်ဦးတစ်ယောက်ကိုကျွန်တော်ချစ်တယ် သို့မဟုတ် တစ်ဦးတစ်ယောက်ရဲ့ ချစ်ခြင်းခံရတယ်လို့ ကျွန်တော်မခံစားရဘူး။ ဘုရားသခင်က ကျွန်တော့်ကို လုံးဝဂရုစိုက်တယ်ဆိုတာယုံကြည်ဖို့သိပ်ခက်တယ်။”
၄၊ ၅။ (က) မိမိသည်တန်ဖိုးမရှိဟူသောအယူအဆသည် အဘယ်ကြောင့် ကျမ်းစာနှင့်ဆန့်ကျင်သနည်း။ (ခ) ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုမှန်သမျှ တန်ဖိုးမရှိဟု ယူဆခြင်း၏ အန္တရာယ်ရှိအကျိုးဆက်တစ်ခုကား အဘယ်နည်း။
၄ မိမိကိုယ်ကို တန်ဖိုးမရှိဟူသော အယူအဆသည် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရား၏ အချက်အချာဖြစ်သော ရွေးနုတ်ဖိုးဆိုင်ရာသွန်သင်ချက်ကို ထိုးနှက်သည်။ (ယောဟန် ၃:၁၆) ထာဝရအသက်ရှင်ခွင့်ကို ကျွန်ုပ်တို့အားဝယ်ပေးရန်အတွက် ဘုရားသခင်သည် ဤမျှကြီးမားသောတန်ဖိုး—မိမိသားတော်ရင်း၏ အဖိုးထိုက်သည့်အသက်—ကို ပေးသည်ဆိုလျှင် ကျွန်ုပ်တို့ကို ကိုယ်တော်ချစ်သည်မှာ သေချာသည်; ကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့တွင် အဖိုးထိုက်ရမည်မှာ သေချာသည်!
၅ ထို့အပြင် ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှုမှန်သမျှသည် မည်သည့်တန်ဖိုးမျှမရှိဘဲ ဘုရားသခင်မနှစ်သက်ရာကို လုပ်နေသည်ဟု ခံစားနေရခြင်းသည် မည်မျှစိတ်ဆင်းရဲဖွယ်ပါတကား! (သု. ၂၄:၁၀ နှိုင်းယှဉ်။) ဖြစ်နိုင်သည့်နေရာတိုင်းတွင် ဘုရားသခင့်အမှုတော်ကို တိုးတက်ထမ်းဆောင်ရန် ကျွန်ုပ်တို့အားအကူအညီဖြစ်စေဖို့ စိတ်ရင်းမှန်ဖြင့်အားပေးခြင်းပင်လျှင် ယင်းသို့ အပြုသဘောမဆောင်သည့်အမြင်ကြောင့် အချို့သူများအတွက် အပြစ်တင်ခြင်းကဲ့သို့ ဖြစ်နိုင်သည်။ မိမိတို့လုပ်လေသမျှသည် ကျေနပ်စရာမကောင်းဟု ကျွန်ုပ်တို့၏အတွင်းသဘောခံစားချက်ကို ယင်းက ပဲ့တင်ရိုက်ခတ်နေနိုင်ဖွယ်ရှိသည်။
၆။ မိမိကိုယ်ကို အလွန်အမင်း အပျက်သဘောအမြင်ရှိခြင်း၏ အကောင်းဆုံးကုစားရာကား အဘယ်နည်း။
၆ ယင်းသို့ အပြုသဘောမဆောင်သည့် ခံစားချက်ကို သင်ခံစားနေရလျှင် စိတ်မပျက်ပါနှင့်။ ကျွန်ုပ်တို့အများစုသည် တစ်ခါတစ်ရံ မိမိကိုယ်ကို မဆင်မခြင်အပြစ်တင်တတ်ကြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် “ပဲ့ပြင်တည့်မတ်” ရန်နှင့် “စွဲမြဲခိုင်မာသည့်အရာများကိုဖြိုဖျက်နိုင်” ရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားသည်ကိုသတိရပါ။ (၂ တိမောသေ ၃:၁၆; ၂ ကောရိန္သု ၁၀:၄၊ ကဘ) တမန်တော်ယောဟန် ဤသို့ရေးသားခဲ့သည်– “ထိုသို့ချစ်လျှင် ကိုယ်တိုင် သမ္မာတရားနှင့်ဆိုင်သည်ကို ကိုယ်သိရ၍ ဘုရားသခင်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြလိမ့်မည်။ အကြောင်းမူကား ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင် ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်ဖြစ်၍ အလုံးစုံတို့ကိုသိတော်မူသည်ကို ငါတို့သိကြ၏။” (၁ ယောဟန် ၃:၁၉၊ ၂၀) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါအတွက် အဖိုးထိုက်ကြောင်း သမ္မာကျမ်းစာသွန်သင်သည့် အချက်သုံးချက်ကို ဆင်ခြင်သုံးသပ်ကြည့်ကြစို့။
သင့်ကိုယေဟောဝါတန်ဖိုးထား
၇။ ဘုရားသခင်ရှေ့မိမိတို့၏တန်ဖိုးနှင့်ပတ်သက်၍ ခရစ်ယာန်အားလုံးကို ယေရှုမည်သို့သင်ပေးသနည်း။
၇ ပထမအနေနှင့် ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင်၏အမြင်တွင် တန်ဖိုးရှိသည်ဟု သမ္မာကျမ်းစာက တိုက်ရိုက်သွန်သင်ထားသည်။ ယေရှုဤသို့ပြောသည်– “စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တစ်ကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။” (လုကာ ၁၂:၆၊ ၇) ထိုအချိန်က အစားအစာအဖြစ်ရောင်းချသော ငှက်များအထဲတွင် စာငှက်သည် ဈေးအပေါဆုံးဖြစ်သော်လည်း ထိုငှက်တစ်ကောင်မျှ မိမိဖန်ဆင်းရှင်၏လျစ်လျူရှုထားခြင်းကို မခံရပါ။ သို့အားဖြင့် အဆမတန်ကွာခြားမှုတစ်ခုအတွက် အခြေခံအုတ်မြစ်ချမှတ်ခံရသည်– လူသားများ—အဆမတန်သာလွန်မြင့်မြတ်သူများ—နှင့်ပတ်သက်၍ ဘုရားသခင်သည် အလုံးစုံသိရှိတော်မူသည်။ ကျွန်ုပ်တို့ခေါင်းပေါ်ရှိ ဆံပင်တစ်ချောင်းစီ ရေတွက်ခြင်းခံထားရသည့်အလားပင်!
၈။ ကျွန်ုပ်တို့ဦးခေါင်းရှိဆံပင်များကို ယေဟောဝါရေတွက်နိုင်ခြင်းသည် အဘယ်ကြောင့် ယုတ္တိတန်သနည်း။
၈ ဆံပင်များ ရေတွက်ခြင်းခံထားရသည် ဟုတ်ပါစ။ ယေရှု၏ ဤသရုပ်ဖော်ရှင်းပြချက်သည် မဖြစ်နိုင်ဟုသင်သံသယဖြစ်ပါက ဤအချက်ကိုစဉ်းစားကြည့်ပါ– ဘုရားသခင်သည် မိမိ၏သစ္စာရှိကျေးကျွန်များကို ရှင်ပြန်ထမြောက်စေနိုင်သည်—သူတို့၏ ရှုပ်ထွေးလှသော မျိုးရိုးဗီဇအစီအစဉ်များ၊ သူတို့သက်တမ်းတစ်လျှောက်လုံးကို ပြန်လည်မှတ်မိနိုင်သောမှတ်ဉာဏ်နှင့် တွေ့ကြုံခံစားမှုများအပါအဝင် အသေးစိတ်အချက်အလက်များကို ပြန်လည်ဖန်ဆင်းပေးနိုင်သည်အထိ စေ့စပ်စုံလင်စွာသတိရတော်မူသည်။ ယင်းနှင့်စာကြည့်လျှင် (သာမန်ဦးခေါင်းတွင် ၁၀၀,၀၀၀ ခန့်အထိပေါက်သော) ကျွန်ုပ်တို့၏ဆံပင်ကိုရေတွက်ခြင်းသည် ကလေးကလားဖြစ်သွားသည်ပင်!—လုကာ ၂၀:၃၇၊ ၃၈။
ကျွန်ုပ်တို့၌ မည်သည့်အရာကို ယေဟောဝါမြင်တော်မူသနည်း
၉။ (က) ယေဟောဝါတန်ဖိုးထားသော အရည်အသွေးအချို့ကား အဘယ်နည်း။ (ခ) ထိုအရည်အသွေးများသည် ကိုယ်တော့်အတွက် အဖိုးထိုက်သည်ဟု အဘယ်ကြောင့်သင်ထင်သနည်း။
၉ ဒုတိယအချက်မှာ ယေဟောဝါသည် ကျွန်ုပ်တို့ကို တန်ဖိုးထားတော်မူကြောင်း သမ္မာကျမ်းစာသင်ပေးသည်။ ရိုးရိုးကလေးပြောရလျှင် ကျွန်ုပ်တို့၏ ကောင်းသောအရည်အချင်းများနှင့် ကြိုးစားအားထုတ်မှုများကို ကိုယ်တော်နှစ်သက်တော်မူသည်။ ဒါဝိဒ်မင်းကြီးက မိမိ၏သားတော်ရှောလမုန်အား ဤသို့မိန့်ဆိုခဲ့သည်– “ထာဝရဘုရားသည် ခပ်သိမ်းသောစိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။” (၁ ရာဇဝင်ချုပ် ၂၈:၉) ဘုရားသခင်သည် အကြမ်းဖက်မှု၊ မုန်းတီးမှုပြည့်နှက်နေသော ဤလောကအတွင်းရှိ သန်းထောင်ပေါင်းများစွာသော လူတို့၏နှလုံးကို စစ်ကြောရာတွင် ငြိမ်သက်ခြင်း၊ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတို့ကို ချစ်မြတ်နိုးသောနှလုံးအား ရှာတွေ့သောအခါ ကိုယ်တော်မည်မျှ ဝမ်းသာကျေနပ်လိုက်မည်ဖြစ်ခြင်း! (ယောဟန် ၁:၄၇; ၁ ပေတရု ၃:၄ နှိုင်းယှဉ်။) ကိုယ်တော်အားချစ်ခြင်းဖြင့် ပြည့်လျှံနေသော၊ ကိုယ်တော်အကြောင်းသင်ယူရန် ကြိုးစားပြီး ယင်းသို့သိသည့်အရာကို အခြားသူများအားဝေမျှသောနှလုံးကို ဘုရားသခင်ရှာတွေ့ပါက မည်သို့ဖြစ်မည်နည်း။ ယေဟောဝါသည် မိမိအကြောင်း အခြားသူများနှင့်ပြောဆိုသောသူများကို နားထောင်တော်မူကာ “ယေဟောဝါကိုကြောက်ရွံ့ပြီး နာမတော်ကို အောက်မေ့သောသူ” အားလုံးအတွက် “သတိရအောက်မေ့ရာစာစောင်” ရှိတော်မူကြောင်း မာလခိ ၃:၁၆ (ကဘ) တွင် ကျွန်ုပ်တို့အား ကိုယ်တော်ဖော်ပြထားသည်။ ထိုကဲ့သို့သောအရည်အသွေးများသည် ကိုယ်တော့်အတွက် အဖိုးထိုက်လှပါတကား!
၁၀၊ ၁၁။ (က) မိမိတို့၏ ကောင်းသောအရည်အသွေးကို ယေဟောဝါတန်ဖိုးထားကြောင်း အထောက်အထားကို လူအချို့တို့က မည်သို့လျော့ပေါ့ယူမှတ်လာနိုင်ဖွယ်ရှိသနည်း။ (ခ) မည်သည့်အတိုင်းအတာဖြင့်မဆို ကောင်းသောအရည်အသွေးကို ယေဟောဝါတန်ဖိုးထားတော်မူကြောင်း အဘိယ၏အဖြစ်က မည်သို့ဖော်ပြသနည်း။
၁၀ သို့သော် ကိုယ်ကိုကိုယ်အပြစ်တင်သော စိတ်နှလုံးသည် ဘုရားသခင်၏အမြင်တွင် ကျွန်ုပ်တို့၏တန်ဖိုးဆိုင်ရာ ဤသို့သောအထောက်အထားကို ဆန့်ကျင်ဘက်ပြုပေမည်။ ‘ဒါပေမဲ့ အဲဒီအရည်အချင်းနဲ့ပတ်သက်ရင် ငါ့ထက်ပိုပုံသက်သေကောင်းတဲ့ သူတွေအများကြီးရှိတာပဲ။ သူတို့နဲ့ ငါ့ကိုယှဉ်လိုက်ရင် ယေဟောဝါ ဘယ်လောက်စိတ်ပျက်လိုက်မလဲနော်!’ ဟု ယင်းစိတ်သည် ကြိတ်၍ တီးတိုးအပြစ်တင်နေနိုင်သည်။ ယေဟောဝါသည် နှိုင်းယှဉ်မှုပြုတော်မမူသကဲ့သို့ စည်းမျဉ်းတင်းကြပ်တော်မမူ၊ လှေနံဓားထစ်ဝါဒကို ချမှတ်တော်မမူ။ (ဂလာတိ ၆:၄) ကိုယ်တော်သည် အလွန်နက်နဲသိမ်မွေ့စွာဖြင့် နှလုံးကို ထိုးထွင်းရှုမှတ်ပြီး အတိုင်းအတာအမျိုးမျိုးရှိသည့် အရည်အသွေးကောင်းများကို တန်ဖိုးထားတော်မူသည်။
၁၁ ဥပမာ၊ အယူဖောက်ပြန်သော ယေရောဗောင်မင်း၏ မင်းဆက်တစ်ဆက်လုံးသည် “နောက်ချေး” ကို အကုန်အစင်ကျုံးသွားသကဲ့သို့ သုတ်သင်ပယ်ရှင်းခြင်းခံရရန် ယေဟောဝါအမိန့်တော်ချမှတ်စဉ်က အဘိယအမည်ရှိသော ဘုရင့်သားတော်တစ်ဦးတည်းသာ လျောက်ပတ်စွာသင်္ဂြိုဟ်ခြင်းကိုခံရရန် မိန့်တော်မူခဲ့သည်။ အဘယ်ကြောင့်နည်း။ “ဣသရေလအမျိုး၏ဘုရားသခင် ယေဟောဝါ၏အမြင်တွင် ကောင်းသောအရာတစ်စုံတစ်ခုကို သူ၌တွေ့တော်မူ” သောကြောင့်ဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၁၄:၁၀၊ ၁၃၊ ကဘ) အဘိယသည် ယေဟောဝါအား သစ္စာရှိဝတ်ပြုသူတစ်ဦးဖြစ်သည်ဟု ယင်းကဆိုလိုပါသလော။ မဟုတ်ပါ၊ အကြောင်းမှာ ဆိုးညစ်သောအခြားအိမ်သားများကဲ့သို့ သူသေရသည်။ (တရားဟောရာ ၂၄:၁၆) သို့တစေ အဘိယ၏နှလုံး၌တွေ့ရသော “ကောင်းသောအရာတစ်စုံတစ်ခု” ကို ယေဟောဝါတန်ဖိုးထားတော်မူပြီး ယင်းနှင့်အညီပြုတော်မူသည်။ Matthew Henry’s Commentary on the Whole Bible စာအုပ်က ဤသို့မှတ်သားဖော်ပြသည်– “ကောင်းသောအရာ အချို့ သာရှိသော်လည်း ယင်းကိုတွေ့ရှိနိုင်သည်– ယင်းကိုရှာသောဘုရားသခင်သည် တွေ့တော်မူပြီး ယင်းသည် မည်မျှပင်သေးငယ်ပါစေ ကိုယ်တော်အား နှစ်သက်စေတော်မူသည်။” သင့်ထံတွင် ကောင်းသောအရည်အသွေး အနည်းငယ်မျှကိုသာ ဘုရားသခင်တွေ့စေကာမူ ကိုယ်တော်အားသစ္စာရှိစွာဝတ်ပြုရန် သင်ကြိုးစားအားထုတ်နေသရွေ့ ယင်းကို ကိုယ်တော်ကြီးပွားစေနိုင်သည်။
၁၂၊ ၁၃။ (က) ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုကို ယေဟောဝါတန်ဖိုးထားတော်မူကြောင်း ဆာလံ ၁၃၉:၃ က မည်သို့ဖော်ပြသနည်း။ (ခ) ကျွန်ုပ်တို့၏လုပ်ရပ်များကို ယေဟောဝါဆန်ကာချသည်ဟု မည်သည့်အဓိပ္ပာယ်ဖြင့် ပြောနိုင်သနည်း။
၁၂ ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများကို အလားတူသဘောဖြင့် ယေဟောဝါတန်ဖိုးထားတော်မူသည်။ ဆာလံ ၁၃၉:၁-၃ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစစ်ကြော၍ သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်းထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင်နားလည်တော်မူ၏။ အကျွန်ုပ်သွားသောလမ်းကိုလည်းကောင်း၊ အိပ်ရာကိုလည်းကောင်း စစ်ဆေး၍ အကျွန်ုပ်ကျင့်သောအကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏။” ထို့ကြောင့် ယေဟောဝါသည် ကျွန်ုပ်တို့လုပ်လေသမျှကို သိရှိတော်မူသည်။ သို့သော် ကိုယ်တော်သိရှိရုံမျှသာမဟုတ်ပါ။ ဟေဗြဲဘာသာစကားတွင် “အကျွန်ုပ်ကျင့်သောအကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏” ဟူသောစကားစုသည် “ကျွန်ုပ်အကျင့်အလုံးစုံကို တန်ဖိုးထားတော်မူ၏” သို့မဟုတ် “ကျွန်ုပ်အကျင့်အလုံးစုံကို ကိုယ်တော်မြတ်နိုးတော်မူ၏” ဟူသောအဓိပ္ပာယ်ကိုလည်း ဆောင်နိုင်သည်။ (မဿဲ ၆:၁၉၊ ၂၀ နှိုင်းယှဉ်။) ကျွန်ုပ်တို့သည် စုံလင်မှုမရှိ၊ အလွန်အပြစ်များလျက်နှင့် ကျွန်ုပ်တို့၏အကျင့်များကို ယေဟောဝါမည်သို့နှစ်သက်မြတ်နိုးတော်မူသနည်း။
၁၃ စိတ်ဝင်စားစရာကား မိမိခရီးသွားလာခြင်းနှင့် နားနေသည့်အချိန်ကို ယေဟောဝါ “စစ်ကြော” သည်ဟု ဒါဝိဒ်ပြောသောအခါ ဟေဗြဲစာသားအတိုင်းအဓိပ္ပာယ်မှာ “စစ်သည်” သို့မဟုတ် “လှေ့သည်” ဟူ၍ဖြစ်သည်။ ကိုးကားစာအုပ်တစ်အုပ်က ရှုမြင်ချက်ကို ဤသို့ထုတ်ဖော်ပြသည်– “အဖျင်းအားလုံးကို လှေ့ထုတ်ပစ်ပြီး အသီးအနှံအားလုံးကို ကျန်ရှိစေသည်—တန်ဖိုးရှိသည့်အရာအားလုံးကို စုသိမ်းသည် . . . ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဤတွင် ဘုရားသခင်ပုံဆောင်ပြောဆိုချက်အရ သူ့ကို စစ် သည်။ . . . ကိုယ်တော်သည် အဖျင်းဖြစ်သော သို့မဟုတ် တန်ဖိုးမရှိသော အရာအားလုံးကို လွင့်စင်စေတော်မူပြီး အစစ်အမှန်ဖြစ်၍ အနှစ်သာရရှိသောကျန်ရှိရာများကို ကိုယ်တော်ရှုမြင်တော်မူသည်။” ကိုယ်ကိုကိုယ်အပြစ်တင်သောစိတ်နှလုံးသည် ကျွန်ုပ်တို့၏အပြုအမူကို အထက်ပါနည်းဖြင့်ဆန့်ကျင်ဘက် ခွဲခြားစစ်ဆေးပြီး အတိတ်ကအမှားများအတွက် ကရုဏာမဲ့စွာအပြစ်တင်ကာ ကျွန်ုပ်တို့၏လုပ်ဆောင်အောင်မြင်မှုများကို အရေးမပါသောအရာအဖြစ် ပယ်ရှားပစ်ပေမည်။ သို့သော် ကျွန်ုပ်တို့သည် စိတ်ရင်းမှန်ဖြင့်နောင်တရပြီး အမှားများကိုပြန်မလုပ်မိရန် အင်တိုက်အားတိုက်ကြိုးစားလျှင် ကျွန်ုပ်တို့၏အပြစ်များကို ယေဟောဝါခွင့်လွှတ်တော်မူသည်။ (ဆာလံ ၁၀၃:၁၀-၁၄; တမန်တော် ၃:၁၉) ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဆန်ခါချတော်မူပြီး ကျွန်ုပ်တို့၏ကောင်းသောအလုပ်များကို သတိရတော်မူသည်။ အမှန်အားဖြင့် ကိုယ်တော်အား ကျွန်ုပ်တို့ဆက်လက်သစ္စာရှိနေသရွေ့ ယင်းတို့ကို ကိုယ်တော်အစဉ်သတိရတော်မူသည်။ ယင်းတို့ကိုမေ့ပစ်ခြင်းကို မဖြောင့်မတ်ခြင်းကဲ့သို့ ကိုယ်တော်မှတ်တော်မူပြီး ကိုယ်တော်သည် မဖြောင့်မတ်မှုကို ဘယ်တော့မျှပြုတော်မမူပါ!—ဟေဗြဲ ၆:၁၀။
၁၄။ ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို ဘုရားသခင်တန်ဖိုးထားကြောင်း မည်သည့်အရာက ဖော်ပြသနည်း။
၁၄ ဘုရားသခင်တန်ဖိုးထားသည့် ကောင်းသောအလုပ်အချို့ကား အဘယ်နည်း။ စင်စစ်၊ ကိုယ်တော့်သားတော် ယေရှုခရစ်အား ကျွန်ုပ်တို့တုပလုပ်ကိုင်သော မည်သည့်အလုပ်မဆိုဖြစ်သည်။ (၁ ပေတရု ၂:၂၁) အမှန်ပင် အလွန်အရေးကြီးသည့်အလုပ်တစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဖြန့်ဖြူးခြင်းဖြစ်သည်။ ရောမ ၁၀:၁၅ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူတို့၏ခြေတို့သည် အလွန်တင့်တယ်စွတကား!” ကျွန်ုပ်တို့၏သာမညခြေထောက်ကို သာမန်အားဖြင့် “တင့်တယ်သည်” ဟု ကျွန်ုပ်တို့ယူမှတ်မည်မဟုတ်သော်လည်း ဤတွင်ပေါလုသုံးသောဝေါဟာရသည် ဂရိစပ်ထွားဂျင့်ကျမ်း၌ ရေဗက္က၊ ရာခေလနှင့် ယောသပ်တို့အား ဖော်ပြရာတွင် သုံးသောဝေါဟာရပင်ဖြစ်သည်—သူတို့သုံးဦးသည် သူတို့၏တင့်တယ်လှပမှုကြောင့် မှတ်သားခံရသူများဖြစ်ကြသည်။ (ကမ္ဘာဦး ၂၆:၇; ၂၉:၁၇; ၃၉:၆) ထို့ကြောင့် ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၏ အမှုတော်ထမ်းဆောင်ခြင်းတွင် ပါဝင်ခြင်းသည် ကိုယ်တော့်အမြင်တွင် အလွန်လှပတင့်တယ်ပြီး အလွန်အဖိုးထိုက်လှပေသည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။
၁၅၊ ၁၆။ ယေဟောဝါသည် ကျွန်ုပ်တို့၏တည်ကြည်ခြင်းကို အဘယ်ကြောင့် တန်ဖိုးထားသနည်း။ ဆာလံ ၅၆:၈ ပါ ဘုရင်ဒါဝိဒ်၏စကားတို့က ဤအချက်ကို မည်သို့ထင်ရှားစေသနည်း။
၁၅ ဘုရားသခင်တန်ဖိုးထားသော အခြားအရည်အသွေးတစ်ခုမှာ ကျွန်ုပ်တို့၏တည်ကြည်ခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၃) ယေဟောဝါကိုသင်စွန့်ပစ်ရန် စာတန်အလိုရှိသည်ကို သတိရပါ။ ယေဟောဝါအား သင်သစ္စာစောင့်သိသော နေ့ရက်တစ်ရက်စီသည် စာတန်၏ကဲ့ရဲ့ရှုတ်ချမှုကို ပြန်လည်ချေပနိုင်ရန် သင်ကူညီပေးသောနေ့ရက်တစ်ရက်ပင်ဖြစ်သည်။ (သု. ၂၇:၁၁) တစ်ခါတစ်ရံ ကျွန်ုပ်တို့၏တည်ကြည်ခံရပ်ခြင်းသည် လွယ်ကူသည့်ကိစ္စမဟုတ်ပါ။ ကျန်းမာရေးမကောင်းခြင်း၊ ငွေရေးကြေးရေးဒုက္ခ၊ စိတ်ပိုင်းဆိုင်ရာဖိစီးမှုနှင့် အခြားသောအနှောင့်အယှက်များသည် နေ့စဉ်အသက်တာအတွက် စုံစမ်းခြင်းများဖြစ်စေနိုင်သည်။ ယင်းသို့သော စုံစမ်းခြင်းများကြားမှ တည်ကြည်ခံရပ်ခြင်းသည် ယေဟောဝါအတွက် အထူးသဖြင့်တန်ဖိုးရှိသည်။ ထို့ကြောင့် ဘုရင်ဒါဝိဒ်က ယေဟောဝါအား မိမိ၏မျက်ရည်များကို ပုံဆောင် “သားရေဘူး” တစ်ခုထဲတွင် သိမ်းထားပေးရန် တောင်းဆိုပြီး ယင်းတို့သည် “စာရင်းတော်၌ရှိပါသည်မဟုတ်လော” ဟု ယုံကြည်စိတ်ချစွာ မေးမြန်းခဲ့သည်။ (ဆာလံ ၅၆:၈) မှန်ပါသည်၊ ယေဟောဝါအား သစ္စာစောင့်သိရာတွင် ကျွန်ုပ်တို့ကျဆင်းရသည့်မျက်ရည်များနှင့် ခံစားရသည့်ဒုက္ခအားလုံးတို့ကို ကိုယ်တော်တန်ဖိုးထားပြီး သတိရတော်မူသည်။ ယင်းတို့သည်လည်း ကိုယ်တော့်အမြင်တွင် အဖိုးထိုက်ပေသည်။
၁၆ ကျွန်ုပ်တို့၏ ပိုမိုကောင်းမြတ်သောအရည်အသွေးများနှင့် ကြိုးစားအားထုတ်မှုများကြောင့် ကျွန်ုပ်တို့တစ်ဦးစီတွင် တန်ဖိုးရှိသည့်အရာများစွာတို့ကို ယေဟောဝါတွေ့မြင်တော်မူသည်မှာ ရှင်းနေပါသည်တကား! စာတန့်လောကက ကျွန်ုပ်တို့အား မည်သို့ပင်ဆက်ဆံပါစေ အဖိုးထိုက်ပြီး “လူမျိုးအပေါင်းတို့နှစ်သက်ဖွယ်သောအရာ” ၏ အစိတ်အပိုင်းအဖြစ် ကျွန်ုပ်တို့ကို ယေဟောဝါရှုမြင်တော်မူသည်။—ဟဂ္ဂဲ ၂:၇။
မိမိ၏မေတ္တာတော်ကိုတင်ပြရန် ယေဟောဝါပြုတော်မူခဲ့သည့်အရာ
၁၇။ ယေဟောဝါနှင့်ယေရှုတို့သည် ကျွန်ုပ်တို့တစ်ဦးချင်းကိုချစ်ကြောင်း ခရစ်တော်၏ရွေးဖိုးပူဇော်သကာက ကျွန်ုပ်တို့ကို အဘယ်ကြောင့် ယုံကြည်လက်ခံစေသင့်သနည်း။
၁၇ တတိယအနေနှင့် ယေဟောဝါသည် ကျွန်ုပ်တို့အပေါ်ထားရှိသည့် မေတ္တာကို သက်သေထူရန် များစွာလုပ်ဆောင်တော်မူခဲ့သည်။ ခရစ်တော်၏ရွေးဖိုးပူဇော်သကာသည် ကျွန်ုပ်တို့အသုံးမကျ၊ မေတ္တာထားဖွယ်မကောင်းဟူသော စာတန့်မုသာစကားကို အားအပါဆုံးပြန်လည်ချေပချက်ဖြစ်သည်။ ခရစ်တော်သည် နှက်တိုင်ပေါ်တွင် ပြင်းပြစွာဝေဒနာခံစားလျက် သေရခြင်းအပြင် ယေဟောဝါသည် မိမိချစ်မြတ်နိုးသောသားတော်၏ သေဆုံးခြင်းကို ကြည့်နေရခြင်းကြောင့် သာ၍ပြင်းထန်စွာခံစားရသည့်ဝေဒနာတို့သည် ကျွန်ုပ်တို့ကိုချစ်သည့် ကိုယ်တော်တို့၏မေတ္တာကို သက်သေထူသည်။ ထို့အပြင် ထိုမေတ္တာတော်သည် ကျွန်ုပ်တို့တစ်ဦးစီအပေါ် အကျိုးသက်ရောက်သည်။ ထိုအတိုင်း တမန်တော်ပေါလုရှုမြင်သည့်အတွက် သူဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏သားတော် . . . သည် ငါ့ကိုချစ်၍ ငါ့အဖို့ ကိုယ်ကိုစွန့်တော်မူ၏။”—ဂလာတိ ၂:၂၀။
၁၈။ ယေဟောဝါသည် မည်သည့်သဘောဖြင့် ကျွန်ုပ်တို့ကို ယေရှုထံသို့သွေးဆောင်တော်မူသနည်း။
၁၈ ခရစ်တော်၏ပူဇော်သကာမှ အကျိုးရယူတတ်ရန် ကျွန်ုပ်တို့တစ်ဦးစီကို အကူအညီပေးခြင်းအားဖြင့် ယေဟောဝါသည် မိမိ၏မေတ္တာတော်ကို သက်သေထူတော်မူသည်။ ယောဟန် ၆:၄၄ တွင် ယေရှုဤသို့မိန့်တော်မူသည်– “ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင်။” ကျွန်ုပ်တို့တစ်ဦးချင်းထံသို့ ရောက်ရှိသော ဟောပြောခြင်းလုပ်ငန်းအားဖြင့်၊ ကျွန်ုပ်တို့၏အကန့်အသတ်နှင့် မစုံလင်မှုများကြားမှ ဝိညာဏသမ္မာတရားကို ကျွန်ုပ်တို့သိနားလည်ပြီး လက်တွေ့ကျင့်သုံးရန် အကူအညီပေးသည့် ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးချင်းကို မိမိ၏သားတော်နှင့် ထာဝရအသက်မျှော်လင့်ချက်ဆီသို့ သွေးဆောင်တော်မူသည်။ ဣသရေလလူမျိုးကို ယေဟောဝါမိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့ကိုလည်း ပြောနိုင်သည်– “အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထို့ကြောင့် ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။”—ယေရမိ ၃၁:၃။
၁၉။ အဘယ်ကြောင့် ဆုတောင်းခြင်းအခွင့်ထူးက ကျွန်ုပ်တို့တစ်ဦးချင်းအပေါ် ယေဟောဝါ၏မေတ္တာတော်ကို ယုံကြည်စိတ်ချစေသင့်သနည်း။
၁၉ ကျွန်ုပ်တို့သည် ဆုတောင်းနိုင်သည့်အခွင့်ထူးအားဖြင့် ယေဟောဝါ၏မေတ္တာတော်ကို အနီးကပ်ဆုံးခံစားရခြင်းလည်း ဖြစ်နိုင်သည်။ “မခြားမလပ်ဆုတောင်းပတ္ထနာပြု” ကြရန် ကျွန်ုပ်တို့တစ်ဦးစီကို ကိုယ်တော်ဖိတ်ခေါ်တော်မူသည်။ (၁ သက်သာလောနိတ် ၅:၁၇) ကိုယ်တော်နားညောင်းတော်မူပါသည်တကား! ကိုယ်တော်သည် “ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား” ဟုပင် အခေါ်ခံရသည်။ (ဆာလံ ၆၅:၂) ကိုယ်တော်သည် ဤရာထူးကို အခြားမည်သူ့အားမျှ လွှဲပြောင်းပေးခြင်းမရှိ၊ မိမိ၏သားတော်ရင်းကိုပင် မလွှဲပြောင်းပေးချေ။ စဉ်းစားကြည့်ပါလေ– လွတ်လပ်စွာပြောဆိုမှုဖြင့် မိမိကိုချဉ်းကပ်ဆုတောင်းရန် စကြဝဠာဖန်ဆင်းရှင်က ကျွန်ုပ်တို့အား တိုက်တွန်းတော်မူသည်။ ကိုယ်တော်ပြုမည်မဟုတ်သောအရာကိုပင် ပြုရန် သင့်အသနားခံခြင်းက ကိုယ်တော်အား လှုံ့ဆော်နိုင်သည်။—ဟေဗြဲ ၄:၁၆၊ ကဘ; ယာကုပ် ၅:၁၆; ဟေရှာယ ၃၈:၁-၁၆ ရှု။
၂၀။ ဘုရားသခင်၏မေတ္တာတော်သည် ကျွန်ုပ်တို့ကိုယ်ကိုအထင်ကြီးရန် သို့မဟုတ် အတ္တစွဲကြီးရန်အတွက် အကြောင်းပြချက် အဘယ်ကြောင့်မဖြစ်သင့်သနည်း။
၂၀ မျှတမှုရှိသောမည်သည့်ခရစ်ယာန်မဆို ဘုရားသခင်၏မေတ္တာတော်နှင့် တန်ဖိုးထားခြင်းဆိုင်ရာ ထိုသာဓကကို အခွင့်အရေးယူပြီး မိမိကိုယ်ကို အရှိထက်သာ၍ အထင်ကြီးမည်မဟုတ်ပေ။ ပေါလုဤသို့ရေးသားခဲ့သည်– “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက် လွန်၍မထင်ဘဲ ဘုရားသခင်သည် လူအသီးသီးတို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည်အကြောင်း ငါသည် ကိုယ်ခံရသောကျေးဇူးတော်ကို အမှီပြုလျက် သင်တို့တွင် ရှိသမျှသောသူတို့ကို မှာထား၏။” (ရောမ ၁၂:၃) ထို့ကြောင့် ကျွန်ုပ်တို့ကောင်းကင်ခမည်းတော်၏ မေတ္တာတော်ရိပ်ကိုခိုလှုံလျက်နေစဉ် သမ္မာသတိရှိပြီး ကိုယ်တော့်ချစ်ခင်ကြင်နာမှုသည် မခံစားထိုက်သောအရာဖြစ်ကြောင်း သတိရကြစို့။—လုကာ ၁၇:၁၀ နှိုင်းယှဉ်။
၂၁။ မည်သည့်စာတန့်မုသားများကို ကျွန်ုပ်တို့အဆက်မပြတ်တွန်းလှန်ကြရမည်နည်း။ မည်သည့်ဘုရားရေးရာသမ္မာတရားကို ကျွန်ုပ်တို့အမြဲဆင်ခြင်သုံးသပ်ရမည်နည်း။
၂၁ အသက်ငင်နေသော ဤကမ္ဘာဟောင်းကြီးအတွင်း စာတန်တိုးတက်ဖြစ်ပေါ်စေသော အယူအဆအားလုံးကို ဆန့်ကျင်ရန် ကျွန်ုပ်တို့တစ်ဦးစီလုပ်နိုင်သောအရာမှန်သမျှကို အစွမ်းရှိသရွေ့လုပ်ဆောင်ကြစို့။ ထိုသို့လုပ်ဆောင်ခြင်းတွင် ကျွန်ုပ်တို့သည် တန်ဖိုးမရှိ၊ မေတ္တာထားခြင်းမခံရသူများဖြစ်သည်ဟူသော အယူအဆကို ငြင်းဆန်ခြင်းပါဝင်သည်။ သင်သည် ဘုရားသခင်၏ ကြီးမားသောမေတ္တာတော်ပင် မဖြေရှင်းနိုင်သည့် အလွန်စိတ်ပျက်ဖွယ်အဆီးအတားကြီးအဖြစ် ကိုယ့်ကိုယ်ကိုမြင်ရန် သို့မဟုတ် အရာခပ်သိမ်းကိုမြင်နိုင်သော ကိုယ်တော့်မျက်စိတော်ကပင် မမြင်နိုင်လောက်အောင် သင်၏ကောင်းသောအလုပ်များသည် အလွန်မထင်မရှားသကဲ့သို့ဖြစ်နေရန် သို့မဟုတ် ကိုယ်တော့်သားတော်၏သေခြင်းကပင် မဖုံးအုပ်ပေးနိုင်လောက်အောင် သင့်အပြစ် ကြီးမားနေသကဲ့သို့မြင်ရန် ဤစနစ်ရှိအသက်တာက သင့်ကိုသွန်သင်လျှင် သင်သည် မုသားကိုသွန်သင်ခံနေရခြင်းဖြစ်သည်။ ဤကဲ့သို့သောမုသားများကို ယင်းတို့နှင့်ထိုက်တန်သည့်အတိုင်း ရွံရှာမုန်းတီးမှုဖြင့် ငြင်းဆန်ပါလေ! ရောမ ၈:၃၈၊ ၃၉ ပါ တမန်တော်ပေါလု၏ မှုတ်သွင်းခံစကားများကို ကျွန်ုပ်တို့ အစဉ်အမြဲနှလုံးသွင်းကြစို့– “အကြောင်းမူကား သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည် ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။”
[အောက်ခြေမှတ်ချက်များ]
a အမှန်မှာ သူတို့သည် “အမ်ဟာအရက်စ်” (ဝါ) “မြေကြီးသားများ” စသော ရွံမုန်းသည့်အသုံးအနှုန်းဖြင့် ဆင်းရဲသားများကို ပထားကြသည်။ ကျမ်းပညာရှင်တစ်ဦး၏ အဆိုအရ ဤသူများကို တန်ဖိုးရှိရာများအပ်နှင်းခြင်း၊ သူတို့၏သက်သေခံချက်ကိုယုံစားခြင်း၊ သူတို့ကို ဧည့်အဖြစ်ဧည့်ခံခြင်း၊ သူတို့၏ဧည့်လုပ်ခြင်း၊ သူတို့ထံမှ ဝယ်ယူခြင်းတို့ကိုပင် မပြုသင့်ဟု ဖာရိရှဲတို့ သွန်သင်ကြသည်။ ကိုယ့်သမီးကို ဤသူတစ်ဦးဦးနှင့် ပေးစားခြင်းသည် သူမအားချုပ်နှောင်ပြီး သားရဲတစ်ကောင်ရှေ့ချခြင်းနှင့်တူသည်ဟု ဘာသာရေးခေါင်းဆောင်များက ပြောသည်။
သင်မည်သို့သဘောရသနည်း
◻ ကျွန်ုပ်တို့သည် တန်ဖိုးမရှိ၊ မေတ္တာပြခြင်းမခံရသူများဟု ယုံကြည်လက်ခံလာအောင် စာတန်အဘယ်ကြောင့်ကြိုးစားသနည်း။
◻ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးစီကို တန်ဖိုးထားတော်မူကြောင်း ကျွန်ုပ်တို့အား ယေရှုမည်သို့သင်ပေးသနည်း။
◻ ကျွန်ုပ်တို့၏ ကောင်းသောအရည်အချင်းများကို ယေဟောဝါဆုချတော်မူကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။
◻ ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများကို ယေဟောဝါတန်ဖိုးထားတော်မူကြောင်း မည်သို့သေချာနိုင်သနည်း။
◻ ကျွန်ုပ်တို့တစ်ဦးချင်းအား ယေဟောဝါချစ်ကြောင်း ကိုယ်တော်မည်သို့သက်သေထူတော်မူသနည်း။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ယေဟောဝါသည် မိမိ၏နာမတော်ကို အောက်မေ့သောသူများကို သတိပြုပြီး သတိရတော်မူသည်