ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၅/၁၅ စာ. ၁၅-၂၀
  • အသိပညာထွန်းလင်းမှုများ—အကြီးစားနှင့် အသေးစား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသိပညာထွန်းလင်းမှုများ—အကြီးစားနှင့် အသေးစား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သစ္စာနှင့်သတိပညာရှိသောကျွန်”
  • ခေတ်သစ်အချိန်တွင် စောစောပိုင်းအသိပညာအလင်း ထွန်းလင်းခြင်း
  • အလင်းထွန်းလင်းမှုကိုတိုးပွားစေခြင်း
  • ခရစ္စမတ်—ဗာဗုလုန်အားလပ်ရက်
  • အမည်သစ်
  • သင်္ကာယနကင်းခြင်းနှင့် “လူအုပ်ကြီး”
  • လက်ဝါးကပ်တိုင် —ခရစ်ယာန်အမှတ်လက္ခဏာတစ်ခုမဟုတ်
  • တည်ကြည်ပြီး သတိပညာရှိသော “ကျွန်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • “သစ္စာနှင့် သတိပညာရှိသော ကျွန်ကား ဧကန်စင်စစ် မည်သူနည်း”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • တမန်တော်များအချိန်က အသိပညာထွန်းလင်းမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • အသိပညာထွန်းလင်းမှုများ —အကြီးစားနှင့် အသေးစား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၅/၁၅ စာ. ၁၅-၂၀

အသိပညာထွန်းလင်းမှုများ—အကြီးစားနှင့် အသေးစား အပိုင်း တစ်

“ဖြောင့်မတ်သောသူတို့၏လမ်းသည် နေ့ဘက်သို့လုံးလုံးရောက်သည်အထိ တိုး၍လင်းလာသော တောက်ပသည့်အလင်းကဲ့သို့ဖြစ်၏။”—သု. ၄:၁၈၊ ကဘ။

၁ အဘယ်ကြောင့် သမ္မာတရားသည် တဖြည်းဖြည်းချင်းထင်ရှားဖော်ပြခံရသနည်း။

နယပုံပြင်ကျမ်း ၄:၁၈ နှင့်အညီ အသိပညာထွန်းလင်းခြင်းအားဖြင့် ဝိညာဏဆိုင်ရာသမ္မာတရား တဖြည်းဖြည်းချင်းတိုးတက်ထင်ရှားလာမှုသည် မြင့်မြတ်သောဉာဏ်ပညာတော်၏ သက်သေဖြစ်သည်။ ရှေ့ဆောင်းပါးတွင် ဤကျမ်းချက်သည် တမန်တော်များအချိန်တွင် မည်သို့ပြည့်စုံခဲ့ကြောင်း ကျွန်ုပ်တို့တွေ့ရသည်။ ကျမ်းဆိုင်ရာသမ္မာတရားသည် တစ်ကြိမ်တည်းတွင် အစုလိုက်အပြုံလိုက်ထင်ရှားဖော်ပြခြင်းခံရပါက မဝေခွဲနိုင်ခြင်းနှင့် ရှုပ်ထွေးခြင်းကိုဖြစ်ပေါ်စေမည်—မှောင်မဲနေသောဂူတစ်ခုအတွင်းမှ တောက်ပသည့်နေအလင်းသို့ ထွက်လာသောအခါ ဖြစ်ပေါ်သည့်အကျိုးဆက်နှင့်တူပေမည်။ ထို့အပြင် တဖြည်းဖြည်းထင်ရှားလာသော သမ္မာတရားသည် ခရစ်ယာန်တို့၏ယုံကြည်ခြင်းကို စဉ်ဆက်မပြတ်အားပေးခိုင်ခံ့စေသည်။ ယင်းက သူတို့၏မျှော်လင့်ချက်ကို ပိုမိုတောက်ပစေပြီး သူတို့ကျော်ဖြတ်ရမည့်လမ်းခရီးကို ပိုမိုရှင်းလင်းစေသည်။

“သစ္စာနှင့်သတိပညာရှိသောကျွန်”

၂။ မိမိ၏နောက်တော်လိုက်များအား ဝိညာဏအလင်းယူဆောင်ပေးရန် မည်သူများကိုအသုံးချမည်ဟု ယေရှုဖော်ပြခဲ့သနည်း။ ထိုအသုံးခံများတွင် မည်သူများပါဝင်သနည်း။

၂ တမန်တော်များအချိန်တွင် ယေရှုခရစ်သည် မိမိ၏နောက်တော်လိုက်များအား ဦးဆုံးအကြိမ်အသိပညာအလင်းဖြာပေးရန်အတွက် သာမန်ထက်ထူးကဲသောနည်းများကို အသုံးပြုရန် ရွေးချယ်ခဲ့သည်။ ယင်းအတွက် သာဓကနှစ်ခုရှိသည်– စီ.အီး. ၃၃ ခု၊ ပင်တေကုတ္တေပွဲနေ့နှင့် စီ.အီး. ၃၆ ခုတွင် ကော်နေလိ၏ပြောင်းလဲခြင်းတို့ဖြစ်သည်။ နောက်ပိုင်းတွင် ခရစ်တော်သည် ဤသို့ကြိုပြောထားသည့်အတိုင်း လူသားကိုယ်စားလှယ်ကို အသုံးပြုရန် ရွေးချယ်ခဲ့သည်– “အိမ်သူအိမ်သားတို့အပေါ်တွင် ထိုက်သင့်ရာအခါ စားနပ်ရိက္ခာကိုဝေပေးရန် အရှင်ခန့်ထား၍ သစ္စာနှင့်သတိပညာရှိသောကျွန်ကား အဘယ်သူနည်း။” (မဿဲ ၂၄:၄၅-၄၇၊ သမ) ထိုကျွန်သည် ပင်တေကုတ္တေပွဲနေ့တွင် ခရစ်ယာန်အသင်းတော်စတင်သည့်အချိန်မှ သခင်ဖြစ်သူယေရှုခရစ် စစ်ဆေးရန်ပြန်လည်ရောက်ရှိချိန်အထိ ဝိညာဏအစာများကို ဝေပေးရမည်ဖြစ်သောကြောင့် လူတစ်ဦးကိုသာဆိုလိုခြင်းမဖြစ်နိုင်ပါ။ ဤသစ္စာနှင့်သတိပညာရှိသောကျွန်အတန်းအစားတွင် ပေးထားသောအချိန်အတွင်း အုပ်စုတစ်စုအနေနှင့် မြေကြီးပေါ်ရှိဘိသိက်ခံခရစ်ယာန်အားလုံး ပါဝင်ကြောင်း အဖြစ်မှန်များကတင်ပြသည်။

၃။ ကျွန်အတန်းအစားတွင် ပထမဆုံးအဖွဲ့ဝင်များ၌ မည်သူများပါဝင်ကြသနည်း။

၃ သစ္စာနှင့်သတိပညာရှိသောကျွန်အတန်းအစားတွင် ဦးဆုံးအဖွဲ့ဝင်များအနေနှင့် မည်သူများပါဝင်သနည်း။ တစ်ဦးမှာ “ငါ၏သိုးတို့ကိုကျွေးမွေးလော့” ဟူသော ယေရှု၏အမိန့်တော်ကို လိုက်နာခဲ့သူ တမန်တော်ပေတရုဖြစ်သည်။ (ယောဟန် ၂၁:၁၇) သစ္စာနှင့်သတိပညာရှိသောကျွန်အတန်းအစား၏ ကနဦးအဖွဲ့ဝင်များတွင် မိမိအမည်ဖြင့် ခရစ်ဝင်ကျမ်းရေးသားသော မဿဲ၊ မှုတ်သွင်းခံစာစောင်များကို ရေးသားသော ပေါလု၊ ယာကုပ်နှင့် ယုဒတို့ပါဝင်သည်။ ဗျာဒိတ်ကျမ်းကိုမှတ်တမ်းတင်သူနှင့် သူ၏ခရစ်ဝင်ကျမ်း၊ သူ၏စာများကိုရေးသားသူ တမန်တော်ယောဟန်သည်လည်း သစ္စာနှင့်သတိပညာရှိသောကျွန်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဤလူများသည် ယေရှု၏တာဝန်ပေးချက်နှင့်အညီ ကျမ်းစာစောင်များကို ရေးသားခြင်းဖြစ်သည်။

၄။ “အိမ်သူအိမ်သားတို့” ကား မည်သူများနည်း။

၄ မြေကြီးပေါ်တွင် မည်သည့်အရပ်၌ပင်နေပါစေ အုပ်စုတစ်စုဖြစ်သည့် ဘိသိက်ခံအားလုံးသည်ကျွန်အတန်းအစားအဝင်ဖြစ်လျှင် “အိမ်သူအိမ်သားတို့” ကား မည်သူများနည်း။ သူတို့သည် ထိုဘိသိက်ခံများပင်ဖြစ်သည်၊ သို့ရာတွင် ခြားနားသည့်ရှုထောင့်—တစ်ဦးချင်းအရ—သုံးသပ်ခြင်းဖြစ်သည်။ မှန်ပါသည်၊ တစ်ဦးစီအနေနှင့် “ကျွန်” သို့မဟုတ် “အိမ်သူအိမ်သား” ဖြစ်ခြင်းသည် ဝိညာဏအစာဝေငှခြင်း သို့မဟုတ် စားသုံးခြင်းအပေါ်တွင်မူတည်သည်။ ပုံတင်ပြရလျှင်– ၂ ပေတရု ၃:၁၅၊ ၁၆ ပါမှတ်တမ်းအရ တမန်တော်ပေတရုသည် ပေါလု၏စာများကို ရည်ညွှန်းထားသည်။ ယင်းတို့ကိုဖတ်ရှုစဉ် ပေတရုသည် ကျွန်အတန်းအစား၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူပေါလုက ကျွေးမွေးသောဝိညာဏအစာများကို စားသုံးသည့် အိမ်သူအိမ်သားတစ်ဦးဖြစ်ပေမည်။

၅။ (က) တမန်တော်များအချိန်နောက်ပိုင်း ရာစုနှစ်များတစ်လျှောက် ကျွန်၌မည်ကဲ့သို့ဖြစ်ပျက်သနည်း။ (ခ) ၁၉ ရာစု၏ ရာစုဝက်ဒုတိယအချိန်ပိုင်းတွင် မည်သည့်တိုးတက်ဖြစ်ပေါ်မှုဖြစ်သနည်း။

၅ ဤကိစ္စတွင် အနှစ်တစ်ထောင်ဘုရားသခင့်နိုင်ငံတော်ချဉ်းကပ်နေပြီ [လိပ်] စာအုပ်က ဤသို့ဖော်ပြသည်– “သခင်ယေရှုခရစ်၏ တမန်တော်များသေဆုံးချိန်နောက်ပိုင်း ရာစုနှစ်များတစ်လျှောက် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ မည်သို့ရပ်တည်ခဲ့ပြီး အမှုဆောင်ခဲ့သည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့တွင် တိကျသောသမိုင်းမှတ်တမ်းမရှိပါ။ ‘ကျွန်’ အတန်းအစားလူမျိုးဆက်တစ်ဆက်သည် ယင်းကိုဆက်ခံသော နောက်လူမျိုးဆက်ကို ကျွေးမွေးခဲ့ကြောင်းထင်ရှားသည်။ (၂ တိမောသေ ၂:၂) သို့သော် ဆယ့်ကိုးရာစု၏ ရာစုဝက်ဒုတိယအချိန်ပိုင်းတွင် သမ္မာကျမ်းစာ၏ ဝိညာဏအစာများကို မြတ်နိုးပြီး ယင်းတို့ကို စားသုံးလိုစိတ်ရှိသော ဘုရားသခင်ကိုကြောက်ရွံ့သည့်လူများ ရှိလာသည် . . . ထိုသူတို့အတွက် . . . ကျမ်းစာလေ့လာမှုသင်တန်းများ ဖွဲ့စည်းတည်ရှိလာပြီး သန့်ရှင်းမြင့်မြတ်သည့် ကျမ်းစာစောင်များ၏ အခြေခံသမ္မာတရားများကို သိနားလည်ခြင်းတွင် တိုးတက်ခဲ့သည်။ ဤကျမ်းစာကျောင်းသားများထဲမှ စိတ်ရင်းမှန်ရှိသော ကိုယ်ကျိုးမဖက်သူများသည် ဝိညာဏအစာ၏ အရေးကြီးသည့်ဤအစိတ်အပိုင်းကို အခြားသူများအား ဝေမျှပေးရန် စိတ်အားထက်သန်ကြသည်။ သူတို့သည် ‘အိမ်သူအိမ်သားတို့’ ကို ‘အချိန်တန်အစာ’ ဝေငှပေးရန် ခန့်အပ်ခံရသည့် ‘ကျွန်’ ၏ သစ္စာရှိစိတ်ဓာတ်ရှိသူများဖြစ်ကြသည်။ ထိုအချိန်သည် အချိန်သင့်အခါသင့်ဖြစ်ကြောင်းနှင့် အစာကိုဝေငှပေးကမ်းရန် အကောင်းဆုံးနည်းလမ်းကား အဘယ်နည်းဖြစ်သည်ကို ပိုင်းခြားသိရှိခြင်းအားဖြင့် သူတို့သည် ‘သတိပညာရှိ’ ကြသည်။ ယင်းသို့ ဝေငှပေးရန် သူတို့ကြိုးစားကြသည်။”—စာမျက်နှာ ၃၄၄-၅။a

ခေတ်သစ်အချိန်တွင် စောစောပိုင်းအသိပညာအလင်း ထွန်းလင်းခြင်း

၆။ သမ္မာတရားသည် တဖြည်းဖြည်းချင်းလှစ်ဟဖော်ပြခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖြစ်မှန်က အထင်အရှားပေါ်လွင်သနည်း။

၆ တဖြည်းဖြည်းတိုးပွားလာသည့် ဤဝိညာဏအလင်းကိုပေးရန် ယေဟောဝါအသုံးပြုခံရသူများနှင့် ပတ်သက်သော အထူးပေါ်လွင်ထင်ရှားသည့် အချက်တစ်ချက်မှာ ထိုသူတို့သည် မိမိတို့ကိုယ်ကို ဂုဏ်မဖော်ခြင်းဖြစ်သည်။ ကင်းမျှော်စင်အသင်း၏ ပထမဆုံးဥက္ကဋ္ဌဖြစ်သူ စီ. တီ. ရပ်စယ်လ်၏ သဘောထားမှာ သခင်သည် မိမိတို့၏ သာမညအရည်အသွေးများကို အသုံးပြုရန်နှစ်သက်သည်ဟူ၍ဖြစ်သည်။ မိမိ၏ရန်သူများကသုံးတတ်သော ဂုဏ်ဖော်ညွှန်းသည့်ဂုဏ်ပုဒ်နှင့်ပတ်သက်၍ ညီအစ်ကိုရပ်စယ်လ်က မိမိသည် “ရပ်စယ်လ်နောက်လိုက်” တစ်စုံတစ်ယောက်ကိုမျှ မတွေ့ဖူးကြောင်း၊ “ရပ်စယ်လ်အယူဝါဒ” ကဲ့သို့သောအရာလည်း မရှိကြောင်း ကြေညာခဲ့သည်။ ဂုဏ်ဖော်စရာအားလုံးသည် ဘုရားသခင်အတွက်သာဖြစ်သည်။

၇။ မိမိတို့သည် သစ္စာနှင့်သတိပညာရှိသောကျွန်အတန်းအစားနှင့် အမှန်ပင်ဆက်နွှယ်နေကြောင်း ညီအစ်ကိုရပ်စယ်လ်နှင့် သူ၏လုပ်ဖော်ဆောင်ဖက်များက မည်သည့်အထောက်အထားတင်ပြကြသနည်း။

၇ ရလဒ်ကိုသုံးသပ်ခြင်းအားဖြင့် ညီအစ်ကိုရပ်စယ်လ်နှင့် သူ၏အပေါင်းအဖော်များ၏ ကြိုးစားအားထုတ်မှုများကို ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်က လမ်းညွှန်နေကြောင်း စိတ်ချနိုင်သည်။ သူတို့သည် သစ္စာနှင့်သတိပညာရှိသောကျွန်ဖြစ်ကြောင်း အထောက်အထား ပြသကြသည်။ သမ္မာကျမ်းစာသည် ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်ဖြစ်ကြောင်းနှင့် ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို မိမိတို့ယုံကြည်ပါသည်ဟု ထိုအချိန်က ဓမ္မဆရာများစွာတို့ဆိုကြသော်လည်း သူတို့သည် သုံးပါးပေါင်းတစ်ဆူ၊ လူ့စိုးလ်မသေနိုင်ခြင်းနှင့် ထာဝရညှဉ်းဆဲခြင်းတို့ကဲ့သို့သော မှောက်မှားသောဗာဗုလုန်အယူဝါဒများကို သဘောတူထောက်ခံကြသည်။ ယေရှု၏ကတိတော်နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်၏ အကူအညီအားဖြင့် ညီအစ်ကိုရပ်စယ်လ်နှင့် သူ၏အပေါင်းအဖော်များ၏ နှိမ့်ချသောကြိုးပမ်းမှုက သမ္မာတရားကို တစ်ခါနှင့်မျှမတူအောင် ထွန်းလင်းနိုင်စေခဲ့ကြသည်။ (ယောဟန် ၁၆:၁၃) မိမိတို့သည် သခင်၏အိမ်သူအိမ်သားများကို ဝိညာဏအစာဝေငှပေးရန် တာဝန်ရထားကြသည့် သစ္စာနှင့်သတိပညာရှိသောကျွန်၏ အစိတ်အပိုင်းအမှန်ပင်ဖြစ်ကြောင်း ထိုဘိသိက်ခံကျမ်းစာကျောင်းသားများ သက်သေထူကြသည်။ သူတို့၏ကြိုးပမ်းမှုသည် ဘိသိက်ခံများကို စုသိမ်းခြင်းတွင် ကြီးစွာသောအထောက်အကူဖြစ်ခဲ့သည်။

၈။ ယေဟောဝါ၊ သမ္မာကျမ်းစာ၊ ယေရှုခရစ်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့ဆိုင်ရာ မည်သည့်အခြေခံအမှန်တရားများကို ကျမ်းစာကျောင်းသားများ ရှင်းလင်းစွာသိနားလည်လာကြသနည်း။

၈ ယေဟောဝါသည် ထိုကနဦးကျမ်းစာကျောင်းသားများအား ဝိညာဉ်တော်အားဖြင့် ဤမျှကြီးမားသည့်အသိပညာထွန်းလင်းပေးခြင်းကို တွေ့မြင်ရခြင်းသည် ထူးခြားလှသည်။ ဦးဆုံးအနေနှင့် သူတို့သည် ဖန်ဆင်းရှင်ရှိကြောင်းနှင့် ကိုယ်တော်၌ ယေဟောဝါတည်းဟူသော ပြိုင်ဘက်ကင်းသည့်နာမတော်ရှိကြောင်းတို့ကို အခိုင်အမာသက်သေထူကြသည်။ (ဆာလံ ၈၃:၁၈; ရောမ ၁:၂၀) ယေဟောဝါ၌ အခြေခံဂုဏ်ရည်တော်လေးပါး—တန်ခိုးတော်၊ တရားမျှတခြင်း၊ ဉာဏ်ပညာနှင့် မေတ္တာ တို့ရှိကြောင်း သူတို့သိမြင်ကြသည်။ (ကမ္ဘာဦး ၁၇:၁; တရားဟောရာ ၃၂:၄; ရောမ ၁၁:၃၃; ၁ ယောဟန် ၄:၈) သမ္မာကျမ်းစာသည် ဘုရားသခင်၏ မှုတ်သွင်းခံနှုတ်ကပါဌ်တော်ဖြစ်၍ သမ္မာတရားဖြစ်ကြောင်းကို ထိုဘိသိက်ခံခရစ်ယာန်များက သက်သေထူကြသည်။ (ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆၊ ၁၇) ထို့အပြင် ဘုရားသခင့်သားတော်ယေရှုခရစ်သည် ဖန်ဆင်းခံရပြီး မိမိအသက်ကို လူသားအားလုံးအတွက် ရွေးဖိုးအဖြစ်ပေးခဲ့ကြောင်း သူတို့ယုံကြည်ကြသည်။ (မဿဲ ၂၀:၂၈; ကောလောသဲ ၁:၁၅) သန့်ရှင်းသောဝိညာဉ်တော်သည် သုံးပါးပေါင်းတစ်ဆူ၏ တတိယပုဂ္ဂိုလ်လုံးဝမဟုတ်ဘဲ ဘုရားသခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်သည်။—တမန်တော် ၂:၁၇။

၉။ (က) သမ္မာကျမ်းစာဖော်ပြထားသည့် လူ့ပကတိအခြေအနေ၊ လူ့ကြမ္မာတို့နှင့်ပတ်သက်သော မည်သည့်အမှန်တရားများကို ကျမ်းစာကျောင်းသားများ ရှင်းလင်းစွာသိနားလည်လာကြသနည်း။ (ခ) ယေဟောဝါ၏ကျေးကျွန်များသည် အခြားမည်သည့်သမ္မာတရားများကို ရှင်းလင်းစွာသိမြင်လာကြသေးသနည်း။

၉ လူတွင် မသေနိုင်သောစိုးလ်တစ်ခုမရှိဘဲ လူသည် သေနိုင်သောစိုးလ်တစ်ခုဖြစ်ကြောင်းကို ကျမ်းစာကျောင်းသားများ ရှင်းလင်းစွာသိခဲ့ရသည်။ “အပြစ်တရား၏အခကား သေခြင်း” ဖြစ်ပြီး ထာဝရညှဉ်းဆဲခြင်းမဟုတ်ကြောင်း၊ မီးတောက်လောင်နေသောငရဲကဲ့သို့သော နေရာမျိုးမရှိကြောင်းတို့ကို သူတို့သဘောပေါက်လာကြသည်။ (ရောမ ၅:၁၂; ၆:၂၃; ကမ္ဘာဦး ၂:၇; ယေဇကျေလ ၁၈:၄) ဆင့်ကဲသီအိုရီသည် ကျမ်းစာနှင့်မညီသည်သာမက အမှန်တရားနှင့်ဆိုင်သော အခြေအမြစ်လုံးဝမရှိကြောင်း သူတို့ရှင်းလင်းစွာသိလာကြသည်။ (ကမ္ဘာဦးအခန်းကြီး ၁ နှင့် ၂) သမ္မာကျမ်းစာက မျှော်လင့်ချက်နှစ်ခု—ခရစ်တော်၏ခြေရာနင်းသူ ဘိသိက်ခံ ၁၄၄,၀၀၀ တို့အတွက် ကောင်းကင်နှင့် “အခြားသိုးတို့” မှ မရေမတွက်နိုင်သော “လူအုပ်ကြီး” အတွက် ပရဒိသုမြေကြီးတို့ဖြစ်ကြောင်းကိုလည်း သူတို့ပိုင်းခြားနားလည်ခဲ့ကြသည်။ (ဗျာဒိတ် ၇:၉; ၁၄:၁; ယောဟန် ၁၀:၁၆) မြေကြီးသည် အစဉ်အမြဲတည်ပြီး ဘာသာတရားများစွာတို့က သွန်သင်သကဲ့သို့ မီးလောင်ကျွမ်းခြင်းခံရမည်မဟုတ်ကြောင်းကို ကနဦးကျမ်းစာကျောင်းသားများ သိလာကြသည်။ (ဒေသနာ ၁:၄; လုကာ ၂၃:၄၃) ခရစ်တော်ပြန်ကြွလာခြင်းသည် မျက်မြင်မရဖြစ်ပြီး လူမျိုးများကိုတရားစီရင်၍ မြေကြီးပရဒိသုတစ်ခုကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်းကိုလည်း သူတို့သိလာကြသည်။—တမန်တော် ၁၀:၄၂; ရောမ ၈:၁၉-၂၁; ၁ ပေတရု ၃:၁၈။

၁၀။ နှစ်ခြင်း၊ ဓမ္မဆရာ—သာမညလူတန်းစား အဆင့်ခွဲခြင်း၊ ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့ခြင်းတို့နှင့်ပတ်သက်သော မည်သည့်သမ္မာတရားကို ကျမ်းစာကျောင်းသားများ သိရှိလာကြသနည်း။

၁၀ ကျမ်းစာနှင့်ညီသောနှစ်ခြင်းသည် ကလေးသူငယ်များကို ရေဖျန်းခြင်းကိစ္စမဟုတ်ဘဲ မဿဲ ၂၈:၁၉၊ ၂၀ ပါ ယေရှု၏အမိန့်တော်နှင့်အညီ သွန်သင်ခံရပြီးသော ယုံကြည်သူများကို ရေတွင်လုံးလုံးနှစ်မြုပ်ခြင်းဖြစ်သည်ဟု ကျမ်းစာကျောင်းသားများက သိခဲ့ကြသည်။ ဓမ္မဆရာ—သာမန်အသင်းသား အတန်းအစားခွဲခြားခြင်းအတွက် ကျမ်းစာနှင့်ညီညွတ်သောအခြေအမြစ်မရှိကြောင်း သူတို့သိလာကြသည်။ (မဿဲ ၂၃:၈-၁၀) ယင်းနှင့်ဆန့်ကျင်လျက် ခရစ်ယာန်အားလုံးတို့သည် သတင်းကောင်းဟောပြောသူများဖြစ်ကြရမည်။ (တမန်တော် ၁:၈) ခရစ်တော်၏သေခြင်းကိုသတိရအောက်မေ့ပွဲကို နိသန်လ ၁၄ ရက်နေ့တွင် နှစ်စဉ်တစ်နှစ်တစ်ခါသာကျင်းပသင့်ကြောင်း ကျမ်းစာကျောင်းသားများ ကောင်းစွာသဘောပေါက်နားလည်ခဲ့ကြသည်။ ထို့အပြင် အီစတာသည် ဗာဗုလုန်ဆိုင်ရာအားလပ်ရက်ဖြစ်ကြောင်း သူတို့သိလာကြသည်။ ထပ်ဆင့်၍ ထိုဘိသိက်ခံများသည် မိမိတို့၏လုပ်ငန်းကို ဘုရားသခင်ထောက်ပံ့နေကြောင်း အလွန်ယုံကြည်စိတ်ချလွန်းလှရကား သူတို့သည် တစ်ခါမျှအလှူငွေမကောက်ခံခဲ့ပါ။ (မဿဲ ၁၀:၈) ခရစ်ယာန်များသည် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်အသီးများကို ပြုစုပျိုးထောင်ခြင်းပါဝင်သော သမ္မာကျမ်းစာ၏ စည်းမျဉ်းမူများနှင့်အညီ အသက်ရှင်ရမည်ဖြစ်ကြောင်း စောစောကတည်းက သူတို့နားလည်ထားကြသည်။—ဂလာတိ ၅:၂၂၊ ၂၃။

အလင်းထွန်းလင်းမှုကိုတိုးပွားစေခြင်း

၁၁။ ခရစ်ယာန်တာဝန်ဝတ္တရားနှင့် သိုးနှင့်ဆိတ်ဆိုင်ရာ ယေရှု၏ပုံဥပမာတို့အပေါ် မည်သည့်အသိပညာအလင်းထွန်းလင်းသနည်း။

၁၁ အထူးသဖြင့် ၁၉၁၉ ခုမှစ၍ ယေဟောဝါ၏ကျေးကျွန်များသည် တိုးပွားထွန်းလင်းသောအလင်းအားဖြင့် ကောင်းချီးခံစားခဲ့ကြရသည်။ ၁၉၂၂ ခု၌ စီဒါပွိုင့်စည်းဝေးပွဲကြီးတွင် ကင်းမျှော်စင်အသင်း၏ ဒုတိယမြောက်ဥက္ကဋ္ဌ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်က ယေဟောဝါကျေးကျွန်များ၏ အဓိကတာဝန်မှာ “ဘုရင်နှင့် သူ၏ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ”! ရန်ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစေခဲ့သည်။ နောက်တစ်နှစ်၌ပင် သိုးနှင့်ဆိတ်ဆိုင်ရာပုံဥပမာအပေါ် အသိပညာထွန်းလင်းတောက်ပခဲ့သည်။ ထိုပရောဖက်ပြုချက်သည် ယခင်ကယူဆထားသည့်အတိုင်း အနာဂတ်အနှစ်တစ်ထောင်ကာလအတွင်းတွင်မဟုတ်ဘဲ သခင်ဘုရား၏နေ့ရက်ဖြစ်သော ယခုအချိန်တွင် ပြည့်စုံရမည်ဖြစ်သည်။ အနှစ်တစ်ထောင်ကာလအတွင်း ခရစ်တော်၏ညီတော်များသည် ဖျားနာမှု၊ ထောင်သွင်းအကျဉ်းချမှုများကို ခံရကြမည်မဟုတ်တော့။ ထို့အပြင် အနှစ်တစ်ထောင်ကုန်ဆုံးသောအခါ ယေရှုခရစ်မဟုတ်ဘဲ ယေဟောဝါဘုရားသခင်က တရားစီရင်မည်ဖြစ်သည်။—မဿဲ ၂၅:၃၁-၄၆။

၁၂။ အာမဂေဒုန်နှင့်ပတ်သက်၍ မည်သည့်အသိပညာအလင်းထွန်းလင်းသနည်း။

၁၂ ၁၉၂၆ ခုနှစ်ရောက်သောအခါ တောက်ပသောအသိပညာထွန်းလင်းမှု နောက်တစ်ခုက အာမဂေဒုန်စစ်ပွဲသည် တစ်ချိန်က ကျမ်းစာကျောင်းသားများ ထင်သကဲ့သို့ လူမှုတော်လှန်ရေးစစ်ပွဲဖြစ်မည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ သို့ဖြစ်မည့်အစား ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို လူသားအားလုံးယုံကြည်လက်ခံလာရန် မိမိ၏တန်ခိုးတော်ကို အလွန်ရှင်းလင်းပြတ်သားစွာ ထင်ရှားပြသမည့် စစ်ပွဲဖြစ်မည်။—ဗျာဒိတ် ၁၆:၁၄-၁၆; ၁၉:၁၇-၂၁။

ခရစ္စမတ်—ဗာဗုလုန်အားလပ်ရက်

၁၃။ (က) ခရစ္စမတ်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ မည်သည့်အသိပညာအလင်းထွန်းလင်းသနည်း။ (ခ) မွေးနေ့ပွဲကို အဘယ်ကြောင့်မကျင်းပကြတော့သနည်း။ (အောက်ခြေမှတ်ချက်ပါ)

၁၃ ထိုမှမကြာမီ ကျမ်းစာကျောင်းသားများသည် ခရစ္စမတ်ကျင်းပခြင်းကို ရပ်ဆိုင်းရန် အသိပညာအလင်းရခဲ့ကြသည်။ ထိုအချိန်မတိုင်မီက ကျမ်းစာကျောင်းသားများသည် ခရစ္စမတ်ကို ကမ္ဘာတစ်ဝန်းတွင်ကျင်းပကြပြီး ဘရွတ်ကလင်ဌာနချုပ်တွင် ယင်းကိုကျင်းပချိန်၌ အလွန်ရွှင်မြူးဖွယ်အခါသမယဖြစ်သည်။ သို့သော် ဒီဇင်ဘာလ ၂၅ ရက်တွင်ပွဲလုပ်ခြင်းသည် အမှန်အားဖြင့် ဗာဗုလုန်ဆန်ပြီး အယူဖောက်ပြန်သောခရစ်ယာန်ဘောင်က ဘာသာခြားများကို အလွယ်တကူပြောင်းလဲစေရန်အတွက် ရွေးချယ်ထားသောနေ့ဖြစ်ကြောင်း သိမြင်နားလည်လာကြသည်။ ထို့အပြင် ဆောင်းရာသီတွင် ယေရှုမွေးဖွားခြင်းမဖြစ်နိုင်ကြောင်း သိရှိလာကြသည်၊အကြောင်းမှာ ယေရှုမွေးဖွားသောအချိန်၌ သိုးထိန်းများသည် ကွင်းပြင်တွင်သိုးများကိုကျောင်းနေကြသည်—ဒီဇင်ဘာလအကုန်ပိုင်း၏ ညဘက်တွင်ယင်းကို သူတို့ပြုလုပ်မည်မဟုတ်ချေ။ (လုကာ ၂:၈) သို့အစားယေရှုသည် အောက်တိုဘာ ၁ ရက်ခန့်တွင်မွေးဖွားကြောင်း ကျမ်းစာကဖော်ပြသည်။ ယေရှုမွေးဖွားပြီးနောက် နှစ်နှစ်ခန့်အကြာတွင် ယေရှုထံသို့သွားသော ပညာရှိဆိုသူများသည် တိတ္ထိမာဂုများဖြစ်ကြောင်း ကျမ်းစာကျောင်းသားများ သိနားလည်လာခဲ့ရသည်။b

အမည်သစ်

၁၄။ ကျမ်းစာကျောင်းသားများဟူသောအမည်သည် ယေဟောဝါ၏လူများအတွက် အဘယ်ကြောင့် အံဝင်ခွင်ကျမဖြစ်သနည်း။

၁၄ ၁၉၃၁ ခုနှစ်တွင် ထိုကျမ်းစာကျောင်းသားများအား ကျမ်းစာနှင့်ညီညွတ်သော လျောက်ပတ်သည့်အမည်ကို သမ္မာတရားအလင်းက လှစ်ဟဖော်ပြခဲ့သည်။ ယေဟောဝါ၏လူများက မိမိတို့သည် ရပ်စယ်လ်နောက်လိုက်များ၊ အနှစ်တစ်ထောင်မျှော်သူများနှင့် “ငရဲမရှိသူများ” ကဲ့သို့သော အခြားသူများက အလွဲသမုတ်သည့်အမည်ကို လက်ခံ၍မဖြစ်ကြောင်း သဘောပေါက်လာကြသည်။c သို့သော် မိမိတို့ကိုယ်တိုင်ယူထားသော—အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားများ—အမည်သည်လည်း မိမိတို့နှင့်အံဝင်ခွင်ကျမဖြစ်ကြောင်း သိနားလည်လာကြသည်။ သူတို့သည် ကျမ်းစာကျောင်းသားမျှသာမဟုတ်ပါ။ ထို့အပြင် ဤကျမ်းစာကျောင်းသားများနှင့် စိုးစဉ်းမျှမတူသော အခြားကျမ်းစာကျောင်းသားမြောက်မြားစွာရှိသည်။

၁၅။ ကျမ်းစာကျောင်းသားများသည် ၁၉၃၁ ခုနှစ်တွင် မည်သည့်အမည်ကို ခံယူလိုက်ကြသနည်း။ ယင်းသည် အဘယ်ကြောင့် လျောက်ပတ်သနည်း။

၁၅ ကျမ်းစာကျောင်းသားများသည် အမည်သစ်မည်သို့ရလာကြသနည်း။ ကင်းမျှော်စင် သည် ယေဟောဝါ၏နာမတော်ကို နှစ်ပေါင်းများစွာကြာ ထင်ပေါ်ကျော်ကြားလာစေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျမ်းစာကျောင်းသားများသည် ဟေရှာယ ၄၃:၁၀ တွင်တွေ့ရသောအမည်ကို ခံယူရန် အသင့်လျော်ဆုံးဖြစ်သည်– “ထာဝရဘုရား [“ယေဟောဝါ”၊ ကဘ] မိန့်တော်မူသည်ကား သင်တို့သည် ငါ့ကိုသိမှတ်ယုံကြည်၍ ငါသည်မှန်ပြီဟုနားလည်မည်အကြောင်း ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန် ဖြစ်ကြ၏။ ငါ့ရှေ့ မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ်၊ ငါ့နောက်မှာလည်း အဘယ်ဘုရားသခင်မျှမရှိရာ။”

သင်္ကာယနကင်းခြင်းနှင့် “လူအုပ်ကြီး”

၁၆။ မူလအနေအထားသို့ ပြန်လည်ရောက်ရှိခြင်းဆိုင်ရာ ပရောဖက်ပြုချက်များသည် ပါလက်စတိုင်းသို့ပြန်လာသော ဇာတိဂျူးများနှင့် အဘယ်ကြောင့်မသက်ဆိုင်သနည်း။ သို့သော် မည်သူများနှင့် သက်ဆိုင်သနည်း။

၁၆ ကင်းမျှော်စင်အသင်းက ၁၉၃၂ ခုတွင်ထုတ်ဝေသော သင်္ကာယနကင်းခြင်း [လိပ်] အမည်ရှိစာအုပ်၏ ဒုတိယတွဲတွင် ဟေရှာယ၊ ယေရမိ၊ ယေဇကျေလနှင့် အခြားပရောဖက်များမှတ်တမ်းတင်ထားသော မူရင်းအခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းဆိုင်ရာ ပရောဖက်ပြုချက်များသည် မယုံကြည်မှုနှင့် နိုင်ငံရေးဦးတည်ချက်များဖြင့် ပါလက်စတိုင်းသို့ ပြန်လာကြသော ဇာတိဂျူးများနှင့် (တစ်ချိန်ကထင်မှတ်သကဲ့သို့) မသက်ဆိုင်ကြောင်း အသိပညာအလင်းထင်ရှားခဲ့သည်။ ဗာဗုလုန်သုံ့ပန်းအဖြစ်မှ ဂျူးလူမျိုးတို့ပြန်လည်ရောက်ရှိလာသော ဘီ.စီ.အီး. ၅၃၇ ခုနှစ်က အသေးစားပြည့်စုံခဲ့သော မူရင်းအခြေအနေသို့ပြန်လည်ရောက်ရှိခြင်းဆိုင်ရာ ပရောဖက်ပြုချက်များသည် ၁၉၁၉ ခုနှစ်ကစတင်သော ဝိညာဏဣသရေလတို့၏ လွတ်မြောက်ခြင်းနှင့် မူရင်းအခြေသို့ပြန်လည်ရောက်ရှိခြင်းတို့အားဖြင့် အကြီးစားပြည့်စုံခဲ့ပြီး ယနေ့ ယေဟောဝါ၏ ကျေးကျွန်စစ်များ မွေ့လျော်သော ဝိညာဏပရဒိသုဆိုင်ရာ ကောင်းကျိုးချမ်းသာကို ပေါ်ပေါက်စေသည်။

၁၇၊ ၁၈။ (က) အချိန်တန်သော် ယေဟောဝါ၏အဓိကရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်ကြောင်း အသိပညာအလင်းထွန်းလင်းခဲ့သနည်း။ (ခ) ၁၉၃၅ ခုနှစ်တွင် ဗျာဒိတ် ၇:၉-၁၇ နှင့်ပတ်သက်သော မည်သည့်အသိပညာအလင်းထွန်းလင်းခဲ့သနည်း။

၁၇ ယေဟောဝါ၏ အဓိကရည်ရွယ်ချက်မှာ လူသားများ၏ကယ်တင်ခြင်းမဟုတ်ဘဲ မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့် သင်္ကာယနကင်းရှင်းရေးဖြစ်ကြောင်း အသိပညာအလင်းက ထင်ရှားပြခဲ့သည်။ သမ္မာကျမ်းစာ၏ အဓိကအကျဆုံးခေါင်းစဉ်မှာ ရွေးနုတ်ခြင်းမဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်ဖြစ်သည်။ အကြောင်းမှာ ယင်းက ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းစေမည်ဖြစ်သည်။ ယင်းသည် အသိပညာအလင်းထွန်းလင်းခြင်းပါတကား! ဆက်ကပ်အပ်နှံထားသောခရစ်ယာန်များသည် ကောင်းကင်သို့ရောက်ရန် အဓိကအာရုံစိုက်ခြင်းမရှိတော့ချေ။

၁၈ ၁၉၃၅ ရောက်သောအခါ ဗျာဒိတ် ၇:၉-၁၇ တွင်ဖော်ပြထားသော လူအုပ်ကြီးသည် ကောင်းကင်သွားမည့် ဒုတိယတန်းစားဝင်များမဟုတ်ကြောင်း တောက်ပသော အသိပညာအလင်းထွန်းလင်းခဲ့သည်။ ထိုအခန်းငယ်တွင် ဖော်ပြထားသူတို့သည် ယေရှုခရစ်နှင့်အတူ ဘုရင်များနှင့်ယဇ်ပုရောဟိတ်များအဖြစ် အုပ်ချုပ်မည့်ပလ္လင်များပေါ်တွင် မထိုင်ရဘဲ ထိုပလ္လင်များရှေ့တွင် ရပ်နေကြရမည့် အပြည့်အဝသစ္စာမစောင့်သော ဘိသိက်ခံအချို့ ဖြစ်သည်ဟု ယူမှတ်ခဲ့သည်။ သို့သော် တစ်ဝက်တစ်ပျက်သစ္စာစောင့်ခြင်းကဲ့သို့သောအရာသည် လုံးဝမရှိနိုင်ချေ။ လူတစ်ဦးသည် သစ္စာရှိလျှင်ရှိ၊ မရှိလျှင်မရှိဖြစ်မည်။ ထို့ကြောင့် ဤပရောဖက်ပြုချက်သည် လူမျိုးများထဲမှ ယခုစုသိမ်းခံနေရပြီး မြေကြီးမျှော်လင့်ချက်ရှိသော အရေအတွက်မရှိသည့်လူအုပ်ကြီးကို ရည်ညွှန်းကြောင်း သိလာရသည်။ သူတို့သည် မဿဲ ၂၅:၃၁-၄၆ ပါ ‘သိုးများ’ နှင့် ယောဟန် ၁၀:၁၆ ပါ ‘အခြားသိုးများ’ ဖြစ်ကြသည်။

လက်ဝါးကပ်တိုင် —ခရစ်ယာန်အမှတ်လက္ခဏာတစ်ခုမဟုတ်

၁၉၊ ၂၀။ လက်ဝါးကပ်တိုင်သည် အဘယ်ကြောင့် စစ်မှန်သောခရစ်ယာန်အမှတ်လက္ခဏာတစ်ခု မဖြစ်နိုင်သနည်း။

၁၉ ကျမ်းစာကျောင်းသားများသည် လက်ဝါးကပ်တိုင်ကို ခရစ်ယာန်အမှတ်လက္ခဏာတစ်ခုအဖြစ် နှစ်ပေါင်းများစွာကြာ ထင်ရှားပေါ်လွင်စေခဲ့ကြသည်။ သူတို့တွင် “လက်ဝါးကပ်တိုင်နှင့်သရဖူ” တံဆိပ်ရင်ထိုးပင် ရှိကြသည်။ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း အရ ယေရှုက မိမိ၏နောက်တော်လိုက်များအား မိမိတို့၏ “လက်ဝါးကပ်တိုင်” ကိုထမ်းရန် ခိုင်းထားသောကြောင့် ကိုယ်တော်သည် လက်ဝါးကပ်တိုင်တစ်ခုပေါ်တွင် အသတ်ခံခဲ့ရကြောင်း လူများစွာတို့ယုံကြည်လာကြသည်။ (မဿဲ ၁၆:၂၄; ၂၇:၃၂) ထိုအမှတ်အသားသည် ဆယ်စုနှစ်များစွာကြာသည်အထိ ကင်းမျှော်စင် မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ပါလာခဲ့သည်။

၂၀ ၁၉၃၆ ခုနှစ်က အသင်းမထုတ်ဝေသော စည်းစိမ်များ အမည်ရှိစာအုပ်တွင် ယေရှုခရစ်သည် လက်ဝါးကပ်တိုင်တွင်မဟုတ်ဘဲ တိုင်ဖြောင့် သို့မဟုတ် တစ်ချောင်းတိုင်တစ်တိုင်ပေါ်တွင် သေဒဏ်စီရင်ခံခဲ့ရကြောင်း ရှင်းလင်းတင်ပြထားသည်။ ကိုးကားချက်အခြေအမြစ်တစ်ခုအရ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း က “လက်ဝါးကပ်တိုင်” ဟု ဘာသာပြန်သော ဂရိဝေါဟာရ (စတောရော့စ်) သည် “မူလအားဖြင့် တစ်ဖြောင့်တည်းဖြစ်သော တုတ်ချွန် သို့မဟုတ် တိုင်ဟု အဓိပ္ပာယ်သက်ရောက်သည်။ [ယင်းကို] ခရစ်ယာန်သာသနာဆိုင်ရာ ကြက်ခြေခတ်ထားသော လက်တံနှစ်ခုပုံစံ လက်ဝါးကပ်တိုင်နှင့် ကွဲပြားရန်လိုသည်။ . . . ဒုတိယတစ်ခုမှာ ရှေးခါလဒဲပြည်တွင် မြစ်ဖျားခံပြီး တာမုဇနတ်ဘုရား၏ အမှတ်အသားအဖြစ် အသုံးပြုသည်။ ယင်းကို ကြည်ညိုမြတ်နိုးနေမည့်အစား ယေရှုသံမှိုနှက်သတ်ခြင်းခံရသော ကိရိယာကို ရွံမုန်းသည့်သဘောဖြင့် ရှုမြင်သင့်သည်။

၂၁။ နောက်ဆောင်းပါးတွင် မည်သည့်အချက်ကို သုံးသပ်မည်နည်း။

၂၁ ကြီးမားသော အသိပညာအလင်းထွန်းလင်းခြင်းဆိုင်ရာ အခြားသာဓကများနှင့် သေးငယ်သည်ဟုယူမှတ်နိုင်သော အခြားသာဓကများရှိသေးသည်။ ယင်းဆွေးနွေးခန်းကို ကျေးဇူးပြု၍ နောက်ဆောင်းပါးတွင်ကြည့်ပါ။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။

b ဖြစ်ဖူးသမျှတွင် အရေးအကြီးဆုံးသော မွေးဖွားခြင်းကို မကျင်းပသင့်ဟုဆိုလျှင် မည်သည့်မွေးနေ့ပွဲကိုမျှလည်း ကျွန်ုပ်တို့မကျင်းပသင့်ကြောင်း အချိန်တန်သော် ထင်ရှားလာသည်။ ထို့အပြင် ဣသရေလလူမျိုးသော်လည်းကောင်း၊ ကနဦးခရစ်ယာန်များသော်လည်းကောင်း မွေးနေ့မကျင်းပခဲ့ကြချေ။ သမ္မာကျမ်းစာက ဖာရောနှင့် ဟေရုဒ်အန္တိပတို့၏ မွေးနေ့ဖြစ်သည့် မွေးနေ့နှစ်ခုအကြောင်းကိုသာ ဖော်ပြထားသည်။ ထိုပွဲနှစ်ခုလုံးသည် သေဒဏ်စီရင်ခြင်းဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်။ မွေးနေ့ပွဲကျင်းပခြင်းသည် ဗာဗုလုန်မှဆင်းသက်လာပြီး မွေးနေ့ရှင်ကို ချီးမြှောက်သည့်သဘောဆောင်သောကြောင့် ယေဟောဝါသက်သေများသည် ထိုပွဲကိုမကျင်းပကြပါ။—ကမ္ဘာဦး ၄၀:၂၀-၂၂; မာကု ၆:၂၁-၂၈။

c ယင်းသည် ခရစ်ယာန်ဘောင်ဂိုဏ်းဂဏများစွာတို့ပြုတတ်သော အမှားအယွင်းတစ်ခုဖြစ်သည်။ လူသရန်သည် မာတင်လူသာ၏ရန်သူများက သူ၏နောက်လိုက်များကိုပေးသော၊ နောက်ပိုင်းတွင် သူတို့ခံယူလိုက်သော အလွဲအမည်ဖြစ်သည်။ အလားတူနှစ်ခြင်းသည် ရေတွင်နှစ်မြုပ်ခြင်းအားဖြင့်ဖြစ်သော နှစ်ခြင်းအကြောင်းကို ဟောပြောသူများအား အခြားသူများကပေးသော အလွဲအမည်ကိုခံယူခြင်းဖြစ်သည်။ ထိုနည်းတူ မက်သဒစ်သည် မက်သဒစ်မဟုတ်သူများကပေးသော အလွဲအမည်ကိုခံယူခြင်းဖြစ်သည်။ မိတ်ဆွေများအသင်းသည် မည်သည့်နည်းဖြင့် တတ်ယောင်ကားများဟု အခေါ်ခံလာရပုံနှင့်ပတ်သက်၍ ကမ္ဘာ့စာအုပ် စွယ်စုံကျမ်းက ဤသို့ဆိုသည်– “တတ်ယောင်ကား ဟူသောအမည်သည် မူလအားဖြင့် အင်္ဂလိပ်တရားသူကြီးတစ်ဦးကို ‘သခင်ဘုရား၏ နှုတ်ကပါဌ်တော်ကို ကြောက်ရွံ့တုန်လှုပ်ခြင်းရှိလော့’ ဟုပြောသော ဖော့က်စ် [အသင်းတည်ထောင်သူ] အား သရော်စော်ကားခေါ်သောအမည်ဖြစ်သည်။ တရားသူကြီးက ဖော့က်စ်အား ‘တတ်ယောင်ကား’ ဟုခေါ်သည်။”

သင်မှတ်မိသလော

◻ “သစ္စာနှင့်သတိပညာရှိသောကျွန်” ကား မည်သူနည်း။ “အိမ်သားတို့” ကား မည်သူများနည်း။

◻ ခေတ်သစ်အချိန်တွင် ကနဦးအသိပညာအလင်းထွန်းလင်းမှုအချို့ကား အဘယ်နည်း။

◻ ယေဟောဝါသက်သေများဟူသော အမည်သစ်သည် အဘယ်ကြောင့်လျောက်ပတ်သနည်း။

◻ ၁၉၃၅ ခုနှစ်တွင် မည်သည့်ထူးခြားထင်ရှားသောသမ္မာတရားများ လှစ်ဟဖော်ပြခံရသနည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

စီ. တီ. ရပ်စယ်လ်နှင့် သူ၏အပေါင်းအဖော်များသည် ဝိညာဏအလင်းကို ပြန့်ပွားစေခဲ့သော်လည်း ယေဟောဝါသည်သာ ချီးမွမ်းဂုဏ်တင်စရာဖြစ်ခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ