ဝိညာဏဘောင်တွင်ရှိ အစိုးရသူများ
ဤလောကကို မည်သူအစိုးရသနည်း။ လူထက်ကြီးမြင့်သောကွပ်ကဲမှုတစ်မျိုးတစ်မည် ရှိသလော။ သို့မဟုတ် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ လူတို့ကို ဘုရားသခင်ပစ်ထားပြီလော။ ဤမေးခွန်းများ၏အဖြေကိုရရှိနိုင်ရန် ယေရှုခရစ်တော် မြေကြီးပေါ် ဓမ္မအမှုဆောင်ရွက်ခဲ့ချိန်က အဖြစ်အပျက်တစ်ခုကို ဦးဆုံး သုံးသပ်ကြည့်ကြစို့။
ယေရှုသည် နှစ်ခြင်းခံပြီး မကြာမီအချိန်တွင်ပင် စာတန်မာရ်နတ်အမည်ရှိသော မျက်မြင်မရသတ္တဝါတစ်ပါး၏ စုံစမ်းခြင်းကို ခံခဲ့ရသည်။ စုံစမ်းသွေးဆောင်မှုတစ်ခုကို သမ္မာကျမ်းစာက ဤသို့ကိုးကားတင်ပြသည်– “တစ်ဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသောတောင်ပေါ်သို့ ဆောင်သွား၍ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်” ၏။ (မဿဲ ၄:၈) ထိုနောက် စာတန်က ယေရှုအား ဤသို့ပြောဆိုသည်– “ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူအား ပေးရသည်ဖြစ်၍ ကိုယ်တော်အား ပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ဥစ္စာဖြစ်လိမ့်မည်။”—လုကာ ၄:၆၊ ၇။
တိုင်းနိုင်ငံရှိရှိသမျှ သို့မဟုတ် အစိုးရရှိရှိသမျှတို့ကို မိမိအစိုးရခွင့်ရှိသည်ဟု စာတန်အဆိုပြုခဲ့သည်။ ဤအဆိုပြုချက်ကို ယေရှုငြင်းပယ်သလော။ မငြင်းပယ်ပါ။ ထိုသို့ပြုမည့်အစား အခြားတစ်ချိန်၌ စာတန်အား “ဤလောကကိုအစိုးရသောမင်း” ဟူ၍ရည်ညွှန်းခြင်းအားဖြင့် သူ၏အဆိုကို ထောက်ခံတော်မူခဲ့သည်။—ယောဟန် ၁၄:၃၀။
သမ္မာကျမ်းစာအရ စာတန်သည် တန်ခိုးကြီးမားသည့်နတ်ဆိုးတစ်ပါးဖြစ်သည်။ ခရစ်ယာန်တမန်တော်ပေါလုက စာတန်ကို “နတ်ဆိုးတို့” နှင့်ဆက်စပ်ဖော်ပြပြီး သူတို့အား “လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့” ဟူ၍ခေါ်ဆိုထားသည်။ (ဧဖက် ၆:၁၁၊ ၁၂) ထို့ပြင် တမန်တော်ယောဟန်က “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်” ဟုဆိုသည်။ (၁ ယောဟန် ၅:၁၉) စာတန်သည် “ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား” နေသည်ဟု ဗျာဒိတ်ကျမ်းက ဆိုသည်။ (ဗျာဒိတ် ၁၂:၉) စာတန်ကို “မိမိတန်ခိုးနှင့် မိမိပလ္လင်ကိုလည်းကောင်း၊ ကြီးစွာသောအာဏာစက်ကိုလည်းကောင်း” ဤလောကအုပ်ချုပ်ရေးစနစ်၌အပ်ပေးသောနဂါးအဖြစ်လည်း ဗျာဒိတ်ကျမ်းက ပုံဆောင်စကားအားဖြင့် သရုပ်ဖော်ပြထားသည်။—ဗျာဒိတ် ၁၃:၂။
လူတို့ကို ဒုက္ခရောက်စေရန် ဆိုးသွမ်းယုတ်မာသည့်တန်ခိုးသြဇာလွှမ်းမိုးချုပ်ကိုင်နေကြောင်း ကမ္ဘာ့ဖြစ်ရပ်များကလည်း သက်သေထူသည်။ အခြားမည်သည့်အကြောင်းကြောင့် လူ့အစိုးရများသည် ငြိမ်းချမ်းရေးရရန် ကြိုးစားလျက်ကယ် မအောင်မြင်ရသနည်း။ အခြားမည်သည့်အရာက လူတို့အား တစ်ဦးကိုတစ်ဦးမုန်းတီးပြီး သတ်ဖြတ်စေသနည်း။ ပြည်တွင်းစစ်တစ်ခုဖြစ်စဉ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် သေကျေမှုတို့ကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရသူ မျက်မြင်သက်သေတစ်ဦးက ဤသို့ပြောပြသည်– “ဒီလို အဖြစ်မျိုးဘယ်လိုလို့ဖြစ်နိုင်သလဲဆိုတာသိကိုမသိဘူး။ ဒါဟာ မုန်းတီးစိတ်သက်သက်တော့ မကဘူး။ လူတွေ တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးပစ်ဖို့ နတ်ဆိုးတိုက်တွန်းလို့ပဲဖြစ်ရမယ်။”
ဘုရားသခင်ကိုဆန့်ကျင်သော တကယ့်ပုဂ္ဂိုလ်တစ်ပါး
ယနေ့ လူအများတို့သည် စာတန်မာရ်နတ်ရှိသည်ဟု မယုံချင်ကြချေ။ သို့တိုင် အချို့အထင်ရှိသကဲ့သို့ သူသည် လူအားလုံး၌ရှိသော မကောင်းသည့်စိတ်မျှမဟုတ်ပါ။ သမ္မာကျမ်းစာနှင့် ကမ္ဘာ့အဖြစ်အပျက်များတင်ပြသည့်အတိုင်း သူသည် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ ထို့ပြင် စာတန်သည် ယေဟောဝါဘုရားသခင်ကို လားလားကြီးဆန့်ကျင်နေသည်။ စာတန်သည် ဘုရားသခင်နှင့် အဘယ်နည်းဖြင့်မျှ တန်းတူညီတူမဖြစ်နိုင်သည်ကား အမှန်တကယ်ပင်ဖြစ်သည်။ ယေဟောဝါသည် အနန္တတန်ခိုးရှင် ဖန်ဆင်းသောသခင်ဖြစ်တော်မူသောကြောင့် ကိုယ်တော်သည် ဖန်ဆင်းရာအားလုံးတို့၏ ပိုင်သအုပ်စိုးရှင်ဖြစ်တော်မူသည်။—ဗျာဒိတ် ၄:၁၁။
ဘုရားသခင်သည် ကိုယ်တော်တိုင်ကိုဆန့်ကျင်သော ယုတ်မာသည့်သတ္တဝါတစ်ပါးကို ဖန်ဆင်းတော်မမူပါ။ ယင်းအစား ကောင်းကင်တမန်များဖြစ်သော “ဘုရားသခင်၏သားများ” မှ တစ်ပါးသည် ယေဟောဝါပိုင်သတော်မူသည့် ကိုးကွယ်မှုကို လိုချင်တပ်မက်လာသည်။ (ယောဘ ၃၈:၇; ယာကုပ် ၁:၁၄၊ ၁၅) ယင်းတပ်မက်စိတ်က သူ့အား ဘုရားသခင်ကိုဘက်ကန်ဖို့ အစပျိုးပေးခဲ့သည်။ တော်လှန်ပုန်ကန်ခြင်းအားဖြင့် ဤနာမ်ဝိညာဉ်သတ္တဝါသည် မိမိကိုယ်ကို စာတန် (“တော်လှန်သူ” အဓိပ္ပာယ်ရှိ) နှင့် မာရ်နတ် (“ရှုတ်ချဂုဏ်ဖျက်သူ” အဓိပ္ပာယ်ရှိ) ဖြစ်စေခဲ့သည်။ ယင်းတို့အားလုံးကိုဆင်ခြင်သုံးသပ်ရာတွင် ဘုရားသခင်သည် စာတန်အား ဤလောကကိုအစိုးရခွင့် အဘယ်ကြောင့်ပေးခဲ့ရသနည်းဟု သင်အံ့သြနေမည်။
စာတန်အား အစိုးရခွင့်ကို ပေးခဲ့ရသည့်အကြောင်း
လောကကိုအစိုးရခြင်းနှင့်ပတ်သက်၍ ယေရှုအား စာတန်ပြောဆိုခဲ့သောစကားကို သတိရပါသလော။ “ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ . . . ကိုယ်တော်အား ပေးပါမည်” ဟုစာတန်ပြောခဲ့သည်။ (လုကာ ၄:၆) ထိုစကားများက ဘုရားသခင်ခွင့်ပြု၍သာ စာတန်မာရ်နတ်သည် အာဏာပြနိုင်ကြောင်း ဖော်ပြသည်။ သို့သော် စာတန်ကို ဘုရားသခင်အဘယ်ကြောင့်သည်းခံနေတော်မူသနည်း။
ထိုမေးခွန်း၏အဖြေသည် လောကကိုအစိုးရသောမင်းအဖြစ် စာတန်စတင်လုပ်ကိုင်ခဲ့သော ဧဒင်ဥယျာဉ်၌ ဖြစ်ပျက်သည့်အမှုများနှင့် ဆက်စပ်နေသည်။ ထိုတွင် ဘုရားသခင်သည် ပထမလူယောက်ျားနှင့်လူမိန်းမ၊ အာဒံနှင့်ဧဝအား ကောင်းသောအရာတစ်ခုခုကို မရစေလိုသည့်အတွက် ကိုယ်တော်၏အုပ်ချုပ်မှုသည် မကောင်းနိုင်ဟု စာတန်အထင်ရှိစေခဲ့သည်။ ဘုရားသခင်တားမြစ်ထားသောအသီးကို သူတို့စားကြမည်ဆိုလျှင် သူတို့လွတ်လပ်လိမ့်မည်ဟု စာတန်ပြောသည်။ အာဒံနှင့်ဧဝတို့သည် ယေဟောဝါ၏စကား နားထောင်နေစရာမလို၊ လွတ်လပ်မည်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်နှင့်ပင် သူတို့တူနိုင်ကြမည်ဆိုပါသည်တကား!—ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၁-၅။
ဤသို့လိမ်လည်ပြီး ဧဝအားသွေးဆောင်ကာ သူမမှတစ်ဆင့် အာဒံအား ဘုရားသခင့်ပညတ်ကို ချိုးဖောက်ရန်မြှူဆွယ်ခြင်းဖြင့် စာတန်သည် ပထမလူမောင်နှံစုံကို မိမိ၏ဦးစီးဦးဆောင်မှုနှင့် ချုပ်ကိုင်မှုအောက် ရောက်စေခဲ့သည်။ ဤနည်းဖြင့် ယေဟောဝါကိုဆန့်ကျင်သော မာရ်နတ်သည် သူတို့၏ဘုရားဖြစ်လာလေသည်။ သို့သော် လွတ်မြောက်မည့်အစား အာဒံနှင့်ဧဝသည် စာတန်သာမက အပြစ်နှင့်သေခြင်း၏ကျွန်ပါဖြစ်သွားလေသည်။—ရောမ ၆:၁၆; ဟေဗြဲ ၂:၁၄၊ ၁၅။
ယေဟောဝါ၏စုံလင်သော တရားမျှတမှုနှင့်အညီ ကိုယ်တော်သည် စာတန်နှင့် သူ၏နောက်လိုက်အသစ်နှစ်ဦးကိုပါ ချက်ချင်းဖျက်ဆီးနိုင်တော်မူသည်။ (တရားဟောရာ ၃၂:၄) သို့တိုင် ဖြေရှင်းစရာ ကျင့်စဉ်နှင့်ဆိုင်သောပြဿနာတစ်ရပ် ပေါ်ပေါက်နေသည်။ ယေဟောဝါ၏ အုပ်စိုးပုံအုပ်စိုးနည်းသည် မတရားပါဟူ၍ စာတန်အန်တုပြောဆိုသည်။ ဘုရားသခင်ထံမှ ကင်းကွာနေခြင်းအားဖြင့် ဘေးဒုက္ခသာရောက်မည်ဖြစ်ကြောင်းကို သက်သေထင်ရှားစေရန် ဉာဏ်ပညာတော်နှင့်အညီ ကိုယ်တော်အချိန်ပေးတော်မူခဲ့သည်။ ယေဟောဝါသည် ပုန်ကန်သူများအား ခေတ္တအသက်ဆက်ရှင်ခွင့်ပေးပြီး အာဒံနှင့်ဧဝတို့ကို မျိုးဆက်ရစေတော်မူသည်။—ကမ္ဘာဦး ၃:၁၄-၁၉။
အာဒံ၏မျိုးဆက် အများစုသည် ယေဟောဝါ၏အုပ်ချုပ်မှုကို မလိုလားကြသော်လည်း ဘုရားသခင်ကို ကိုးကွယ်သူများနှင့် ကိုယ်တော်ပြုမူစီရင်ပုံက ယင်းသည် အမှန်တကယ်သာလွန်ကောင်းမွန်ကြောင်း သက်သေထင်ရှားနေပါသည်။ ယေဟောဝါ၏အခွင့်အာဏာကို လျော်ကန်စွာအသိအမှတ်ပြုခြင်းက ပျော်ရွှင်မှုနှင့် လုံခြုံမှုအစစ်အမှန်ရရှိစေသည်။ တစ်ဖက်မှကြည့်ပြန်လျှင် စာတန့်ဩဇာအောက်ရှိ လူ့အုပ်ချုပ်မှုသည် ဆင်းရဲဒုက္ခရောက်စေပြီး လုံခြုံမှုကင်းမဲ့သည်။ မှန်ပါသည်၊ “လူသည်တစ်ဦးပေါ်တစ်ဦးအကျိုးနစ်နာအောင် အုပ်စိုးလာခဲ့ကြ၏။” (ဒေသနာ ၈:၉၊ ကဘ) စာတန်၏လက်၌ရှိသော ဤလောကအုပ်ချုပ်မှုအောက်တွင် လူသားတို့သည် စစ်မှန်သောလုံခြုံမှုနှင့် မြဲမြံသောပျော်ရွှင်မှုကိုမတွေ့ရကြပေ။ သို့ရာတွင် အကောင်းဘက် မျှော်လင့်နိုင်စရာအကြောင်းရှိသည်။
စာတန်၏အချိန် တစ်ခဏသာရှိ!
မြေကြီးပေါ်တွင် စာတန်သြဇာလွှမ်းမိုးနိုင်ချိန်သည် ခေတ္တခဏသာဖြစ်သည်။ ယေဟောဝါသည် စာတန့်အုပ်ချုပ်မှုကို ကြာရှည်သည်းခံနေတော်မူလိမ့်မည်မဟုတ်ပါ! မကြာမီ မာရ်နတ်သည် မလှုပ်မရှားနိုင်ဖြစ်ရတော့မည်။ ဤလောကကို အစိုးရသောမင်းအသစ်တစ်ပါး၊ ဘုရားသခင်ကိုယ်တော်တိုင် ရွေးချယ်တော်မူသည့် ဖြောင့်မတ်သောဘုရင်တစ်ပါး အုပ်ချုပ်လိမ့်မည်။ ထိုရှင်ဘုရင်သည် ယေရှုခရစ်တော်ဖြစ်သည်။ ကောင်းကင်တွင် ကိုယ်တော်နန်းထိုင်ခြင်းနှင့်ပတ်သက်၍ ဗျာဒိတ်ကျမ်းက ဤသို့ဆိုသည်– “လောကီနိုင်ငံသည် ငါတို့အရှင် [ယေဟောဝါ] ၏နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်လေပြီ။” (ဗျာဒိတ် ၁၁:၁၅၊ ကဘ) ဤအမှုသည် ၁၉၁၄ ခုနှစ်တွင် ဖြစ်ပျက်ခဲ့ကြောင်း ကျမ်းစာသက္ကရာဇ်စဉ်နှင့်တကွ ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံခြင်းတို့က သက်သေထူသည်။—မဿဲ ၂၄:၃၊ ၆၊ ၇။
ယေရှုနန်းထိုင်ပြီး မကြာမီအချိန်တွင် မည်သို့ဖြစ်ပျက်ခဲ့ကြောင်းကိုလည်း သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလ [ယေရှုခရစ်တော်] နှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါး [စာတန်မာရ်နတ်] ကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ ချလိုက်ကြ၏။”—ဗျာဒိတ် ၁၂:၇-၉။
ကောင်းကင်မှ စာတန်နှင်ထုတ်ခံရခြင်း၏ အကျိုးကျေးဇူးကား အဘယ်နည်း။ ကောင်းကင်သားတို့သည် အားရ ရွှင်လန်းနိုင်ကြမည်။ သို့သော် မြေကြီးသားတို့ကော၊ မည်သို့ဖြစ်မည်နည်း။ “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏” ဟုဗျာဒိတ် ၁၂:၁၂ ကဆိုသည်။ “အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ။” ကောင်းကင်မှ စာတန်ကိုနှင်ချခြင်းက မြေကြီးအတွက် အမင်္ဂလာအမှန်ဖြစ်ချေပြီ။ ကိုလံဘီယာ ကမ္ဘာ့သမိုင်းစာအုပ်က ဤသို့ဆိုသည်– “၁၉၁၄–၁၉၁၈ လေးနှစ်တာစစ်ပွဲ၏ ဘေးဒုက္ခကြီးက . . . လူ့ယဉ်ကျေးမှုသည်မိမိ၏မိုက်မဲမှု၊ သို့မဟုတ် မိမိ၏ဆိုးရွားစွာလုပ်လိုသောစိတ်မှ ကာကွယ်မပေးနိုင်ကြောင်း အနောက်တိုင်းလောကအား သိရှိနားလည်စေသည်။ အမှန်မှာ အနောက်တိုင်း၏စိတ်ပိုင်းစွမ်းအားသည် ထိုအစိတ်စိတ်အမြွှာမြွှာပြိုကွဲမှုမှစ၍ တစ်ခါမျှနာလန်မထူနိုင်တော့ပါ။”
ဤလူမျိုးဆက်၏ အမင်္ဂလာများကို အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားသောစိတ်ဓာတ်ထက်မကသည့်အရာများက မှတ်သားဖော်ပြသည်။ ယေရှုက ဤသို့ပရောဖက်ပြုခဲ့သည်– “လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။” (မဿဲ ၂၄:၇၊ ၈; လုကာ ၂၁:၁၁) ထို့ပြင် စာတန့်အစီအစဉ်စနစ်၏ ‘နောက်ဆုံးနေ့ရက်များ’ တွင် များစွာသောသူတို့သည် “ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ . . . မိဘစကားကို နားမထောင်သောသူ၊ . . . ရန်ငြိုးဖွဲ့သောသူ” များဖြစ်ကြလိမ့်မည်ဟု သမ္မာကျမ်းစာကဆိုသည်။ လူတို့သည် “ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ” များလည်းဖြစ်ကြပေမည်။—၂ တိမောသေ ၃:၁-၅။
စစ်မှုများ၊ ကာလနာများ၊ အစာခေါင်းပါးမှုများ၊ မြေလှုပ်ခြင်းများနှင့် စာရိတ္တစံနှုန်းများ ကျဆင်းသည်ထက်ကျဆင်းခြင်း—ယင်းအမှုအားလုံးတို့သည် ၁၉၁၄ ခုနှစ်ကတည်းက သမ္မာကျမ်းစာကြိုတင်ဟောထားသည့်အတိုင်းပင် တစ်ချိန်တစ်ခါနှင့်မျှမတူ အကြီးအကျယ်ဖြစ်ပျက်နေပါသည်။ ဘုရားသခင်ကိုလည်းကောင်း၊ လူတို့ကိုလည်းကောင်း အမျက်ဒေါသပြင်းထန်စွာထွက်နေသော ရန်သူကြီး—စာတန်မာရ်နတ်—သည် ကောင်းကင်မှနှင်ချခံရပြီး ယခုဤမြေကြီးပေါ်တွင်သာ ဒေါသပြနိုင်ကြောင်း ယင်းအဖြစ်အပျက်များက ထင်ရှားပြသည်။ သို့သော် စာတန်သည် ကြာမြင့်စွာ ဆက်လှုပ်ရှားနိုင်တော့မည်မဟုတ်ဟူ၍လည်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ စာတန်တွင် “ကာလတစ်ခဏသာ” ကျန်ရှိတော့သည်။ ယင်းကား သူချုပ်ကိုင်ထားသော ကမ္ဘာ့စနစ်ကို ဘုရားသခင်ဖျက်ဆီးမည့်အာမဂေဒုန်အထိသာဖြစ်သည်။
ထိုအခါ စာတန်မည်သို့ဖြစ်သွားမည်နည်း။ တမန်တော်ယောဟန်က ဤသို့ရေးသားသည်– “တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့်သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော နဂါးကိုကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင် အနက်ဆုံးသောတွင်းထဲသို့ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။” (ဗျာဒိတ် ၂၀:၁-၃) ဒုက္ခဆင်းရဲခံနေရသောလူသားတို့သည် သက်သာရာရတော့မည်ပါတကား!
ဘုရားသခင့်နိုင်ငံတော်အစိုးရအောက် ဝမ်းမြောက်ရွှင်လန်းခြင်း
စာတန် အနှောင့်အယှက်မပေးနိုင်တော့သည့်အတွက် ယေရှုခရစ်တော်စိုးစံသော ဘုရားသခင့်နိုင်ငံတော်သည် လူ့မှုရေးရာကိစ္စအပေါင်းတို့ကို အပြည့်အဝတာဝန်ယူဆောင်ရွက်ပါလိမ့်မည်။ မြေကြီးပေါ်တွင် အစိုးရအဖွဲ့ မြောက်မြားစွာရှိမည့်အစား ကမ္ဘာဂြိုဟ်တစ်ဝန်းကိုအစိုးရသော ကောင်းကင်အစိုးရတစ်ခုတည်းသာ ကျန်ရှိလိမ့်မည်။ စစ်မှုသည် အတိတ်တွင်ကျန်ခဲ့ပြီး နေရာအနှံ့အပြား ငြိမ်းချမ်းသာယာလိမ့်မည်။ ဘုရားသခင့်နိုင်ငံတော်အစိုးရအောက်တွင် ညီရင်းအစ်ကိုမေတ္တာဖြင့် လူအပေါင်းတို့သည် အတူတကွနေထိုင်ကြလိမ့်မည်။—ဆာလံ ၇၂:၇၊ ၈; ၁၃၃:၁; ဒံယေလ ၂:၄၄။
ယေရှုသည် မည်ကဲ့သို့သောအုပ်စိုးရှင်ဖြစ်မည်နည်း။ ကိုယ်တော်သည် မြေကြီးပေါ်ရှိစဉ်က လူတို့ကို အလွန်ချစ်ကြောင်း ဖော်ပြတော်မူသည်။ ယေရှုသည် ငတ်ပြတ်သူတို့အား သနားညှာတာစွာဖြင့် အစာကျွေးမွေးတော်မူခဲ့သည်။ ဖျားနာသူများ၏ရောဂါကို ကုသပေးသည်၊ မျက်စိကန်းသူများကို မြင်စေသည်၊ ဆွံ့အသူတို့ကို ကိုယ်တော်စကားပြောဆိုစေသည်၊ ခြေမစွမ်းသူတို့အား လှမ်းသွားစေတော်မူခဲ့သည်။ လူသေတို့ကိုပင် ယေရှု အသက်ပြန်ရှင်စေတော်မူခဲ့သည်တကား! (မဿဲ ၁၅:၃၀-၃၈; မာကု ၁:၃၄; လုကာ ၇:၁၁-၁၇) ထိုအံ့ဖွယ်အမှုများသည် ရှင်ဘုရင်အရာ၌ ကိုယ်တော်ပြုတော်မူမည့် အံ့မခန်းဖွယ်ရာများ၏ ပဏာမမြင်ကွင်းများဖြစ်သည်။ ဤသို့သောစေတနာပြည့်ဝသည့်ဘုရင်မင်းမြတ်တစ်ပါး ရရှိထားခြင်းသည် အမှန်တကယ်ပင် ဝမ်းသာစရာပါတကား!
ယေဟောဝါ၏ ပိုင်သအုပ်စိုးမှုကို လက်အောက်ခံသူများသည် ကောင်းချီးများအတောမသတ်ခံစားရလိမ့်မည်။ ကျမ်းစာက ဤသို့ကတိပြုသည်– “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။” (ဟေရှာယ ၃၅:၅၊ ၆) ထိုကြီးမြတ်တော်မူသော နေ့ရက်ကိုဖော်ညွှန်းကာ တမန်တော်ယောဟန်က ဤသို့ရေးသားသည်– “ကောင်းကင်မှ ကြီးသောအသံကား ‘ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။’”—ဗျာဒိတ် ၂၁:၃၊ ၄။
သားတော်ယေရှုခရစ်တော်အားဖြင့် ယေဟောဝါ၏အုပ်ချုပ်မှုအောက် ခံစားရမည့် နှစ်မြို့ဖွယ်ရာများသည် စာတန်မာရ်နတ်ကြီးစိုးသော လက်ရှိအစီအစဉ်စနစ်တွင် ကျွန်ုပ်တို့ခံစားခဲ့ဖူးမည့် အဘယ်ဆင်းရဲခြင်းထက်မဆို အတိုင်းထက်အလွန် ပြန်လည်အစားထိုးပေးပါလိမ့်မည်။ ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်တွင် ‘မည်သူတာဝန်ခံဖြစ်သနည်း’ ဟူ၍လူတို့သည် ဇဝေဇဝါဖြစ်ကြလိမ့်မည်မဟုတ်ပါ။ (၂ ပေတရု ၃:၁၃) နာခံမှုရှိလူသားတို့သည် ဝိညာဏဘောင်မှအစိုးရသော မေတ္တာရှင် ဘုရင်မင်းမြတ်များဖြစ်သူ ယေဟောဝါနှင့် ခရစ်တော်၏ မြေကြီးပိုင်နက်တွင် ပျော်ရွှင်လုံခြုံစွာ နေထိုင်ကြလိမ့်မည်။ ကိုယ်တော့်ပြည်တော်သားများအဝင်ဖြစ်ဖို့ရန် မျှော်လင့်ချက်ကိုပိုက်ကျုံးထားပါလေ။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
လူသားသည် ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးပိုင်နက်တွင် လုံခြုံမှုရှိကြလိမ့်မည်
[Picture Credit Line on page 4]
NASA photo