လက်မလျှော့ကြနှင့်!
“သင်တို့သည် ပန်းလျနွမ်းနယ်မှုမရှိပါက ရာသီချိန်ရောက်လျှင် အသီးအနှံကိုရိတ်သိမ်းရမည်ဖြစ်သောကြောင့် ကောင်းမှုပြုရာတွင် လက်မလျှော့ကြနှင့်။”—ဂလာတိ ၆:၉၊ ကဘ။
၁၊ ၂။ (က) ခြင်္သေ့တစ်ကောင်သည် အဘယ်နည်းများဖြင့် အမဲလိုက်သနည်း။ (ခ) မာရ်နတ်သည် မည်သူတို့ကို ဖမ်းဆီးဝါးမျိုရန် အထူးစိတ်ဝင်စားသနည်း။
ခြင်္သေ့တစ်ကောင်သည် နည်းအမျိုးမျိုးဖြင့် အမဲလိုက်တတ်သည်။ တစ်ခါတစ်ရံ မိမိ၏သားကောင်ကို စမ်းရေပေါက်များတွင် သို့မဟုတ် အသွားအလာများသော လမ်းကြောင်းများတစ်လျှောက်တွင် ချောင်းမြောင်းမည်။ သို့သော်၊ တစ်ခါတစ်ရံတွင် ခြင်္သေ့သည် “အခြေအနေတစ်ခု—ဥပမာ အိပ်ပျော်နေသော မြင်းကျားကလေးတစ်ကောင်နှင့် ကြုံကြိုက်ဖို့” အတွက် သက်သက်သာသာ အခွင့်ကောင်းချောင်းတတ်ကြောင်း တောရိုင်းတိရစ္ဆာန်ဓလေ့စာပန်းချီ စာအုပ်တွင် ဆိုထားသည်။
၂ ကျွန်ုပ်တို့၏ “ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” ဟု တမန်တော်ပေတရု ရှင်းပြသည်။ (၁ ပေတရု ၅:၈) မိမိ၏ကျန်ကြွင်းနေသောအချိန်သည် တိုတောင်းလှကြောင်းသိရှိကာ စာတန်သည် လူသားများ ယေဟောဝါ၏အမှုတော်ကို မဆောင်ရွက်စေရန် ယခင်ကထက် သာ၍အားသွန်ခွန်စိုက် ဖိနှိပ်နေသည်။ သို့ရာတွင် ဤ “ဟောက်သောခြင်္သေ့” သည် ယေဟောဝါ၏ကျေးကျွန်များကို ဖမ်းဆီးဝါးမျိုရန် အထူးစိတ်ဝင်စားသည်။ (ဗျာဒိတ် ၁၂:၁၂၊ ၁၇) သူ၏အမဲလိုက်နည်းများသည် တိရစ္ဆာန်လောကရှိ ခြင်္သေ့များနှင့် အလားသဏ္ဌာန်တူသည်။ မည်သို့တူသနည်း။
၃၊ ၄။ (က) စာတန်သည် ယေဟောဝါ၏ကျေးကျွန်များကို ဖမ်းဆီးဝါးမျိုရာတွင် မည်သည့်နည်းများကို အသုံးပြုသနည်း။ (ခ) “ခဲယဉ်းသောကာလ” ဖြစ်သောကြောင့် အဘယ်မေးခွန်းများ ပေါ်လာသနည်း။
၃ ရံဖန်ရံခါ စာတန်သည် ချောင်းမြောင်းတိုက်ခိုက်နည်း—ယေဟောဝါ၏အမှုတော်ထမ်းရွက်ခြင်းကို ရပ်တန့်သွားရလေအောင် ကျွန်ုပ်တို့သမာဓိကို ချိုးဖောက်စေရန် ကြံရွယ်ထားသည့် နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် အတိုက်အခံတို့ကို စမ်းကြည့်သည်။ (၂ တိမောသေ ၃:၁၂) သို့သော် အခြားအချိန်များတွင် မာရ်နတ်သည် ခြင်္သေ့ကဲ့သို့ အခြေအနေတစ်ခုကို သက်သက်သာသာ အခွင့်ကောင်းချောင်းတတ်သည်။ သူသည် ကျွန်ုပ်တို့စိတ်ပျက်လက်ပျက်ဖြစ်သည်အထိ သို့မဟုတ် ခြေကုန်လက်ပန်းကျသွားသည်အထိ စောင့်ဆိုင်းနေပြီးနောက် ကျွန်ုပ်တို့၏စိတ်ဓာတ်ကျမှုကို အခွင့်ကောင်းယူကာ ကျွန်ုပ်တို့လက်လျှော့လိုက်ဖို့ သူကြိုးစားသည်။ ကျွန်ုပ်တို့သည် အမဲဖြစ်မသွားရပါ!
၄ သို့တိုင် ကျွန်ုပ်တို့သည် လူ့သမိုင်းတစ်လျှောက်တွင် ဘေးကျပ်နံကျပ်အဖြစ်ဆုံးအချိန်၌ အသက်ရှင်နေရကြသည်။ ဤ “ခဲယဉ်းသောကာလ” တွင် ကျွန်ုပ်တို့အများစုသည် စိတ်ပျက်လက်ပျက်ဖြစ် သို့မဟုတ် စိတ်ဖိစီးမှုခံစားရသောအခါရှိပေမည်။ (၂ တိမောသေ ၃:၁) သို့ဆိုလျှင် ကျွန်ုပ်တို့သည် မာရ်နတ်အတွက် အမဲဖြစ်သည့်အထိ ခြေကုန်လက်ပန်းကျခြင်းကို မည်သို့ရှောင်ရှားနိုင်မည်နည်း။ မှန်ပါသည်၊ “သင်တို့သည် ပန်းလျနွမ်းနယ်မှုမရှိပါက ရာသီချိန်ရောက်လျှင် အသီးအနှံကို ရိတ်သိမ်းရမည်ဖြစ်သောကြောင့် လက်မလျှော့ကြနှင့်” ဟူသော တမန်တော်ပေါလု၏ ဤမှုတ်သွင်းခံသြဝါဒကို ကျွန်ုပ်တို့ မည်သို့လိုက်လျှောက်နိုင်ကြမည်နည်း။—ဂလာတိ ၆:၉၊ ကဘ။
အခြားသူများက ကျွန်ုပ်တို့ကို စိတ်ပျက်စေသည့်အခါ
၅။ အဘယ်အရာက ဒါဝိဒ်ကို ခြေကုန်လက်ပန်းကျစေသနည်း။ သို့သော် သူအဘယ်အရာကို မပြုဘဲနေသနည်း။
၅ ကျမ်းစာခေတ်တွင် ယေဟောဝါ၏သစ္စာအရှိဆုံးကျေးကျွန်များပင် စိတ်ဖိစီးမှုခံစားခဲ့ကြရပေမည်။ “အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညဉ့်လုံးမျှော၍ အိပ်ရာကိုလည်းမွန်းစေပါ၏။ ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက် . . . ပါ၏” ဟု ဆာလံဆရာဒါဝိဒ် ရေးသားခဲ့သည်။ ဒါဝိဒ်ဤကဲ့သို့ အဘယ်ကြောင့်ခံစားခဲ့ရသနည်း။ “ရန်သူများကြောင့်” ဟု သူရှင်းပြခဲ့သည်။ အခြားသူများ၏ ထိခိုက်နစ်နာစေသောအပြုအမူများက ဒါဝိဒ်ကိုမျက်ရည်ဖြိုင်ဖြိုင်ကျသည့်အထိ နှလုံးနာကျင်ခြင်းမျိုးကို ဖြစ်စေခဲ့သည်။ သို့သော် ဒါဝိဒ်သည် လူများက သူ့ကိုပြုမူဆက်ဆံပုံကြောင့် ယေဟောဝါထံတော်မှ လွဲမသွားခဲ့ပါ။—ဆာလံ ၆:၆-၉။
၆။ (က) အခြားသူများ၏ စကားများ သို့မဟုတ် အပြုအမူများက ကျွန်ုပ်တို့ကို မည်သို့ထိခိုက်ကောင်းထိခိုက်မည်နည်း။ (ခ) အချို့သူများသည် မိမိတို့ကိုယ်ကို မာရ်နတ်အတွက်အမဲ မည်သို့ဖြစ်စေသနည်း။
၆ အလားတူစွာ အခြားသူများ၏ စကားများနှင့် အပြုအမူများသည် ကျွန်ုပ်တို့ နှလုံးအလွန်နာကျင်ကာ မခံမရပ်နိုင်အောင်ဖြစ်သွားစေပေမည်။ “သန်လျက်နှင့်ထိုးသကဲ့သို့ မစဉ်းစားဘဲ ပြောဆိုတတ်သောသူ ရှိ၏” ဟု နယပုံပြင် ၁၂:၁၈ (သမ) ကဆိုသည်။ မစဉ်းစားတတ်သူမှာ ခရစ်ယာန်ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ယောက်ဖြစ်လျှင် ‘ထိုးလိုက်သည့်ဒဏ်ချက်’ သည် ပို၍နက်သွားနိုင်သည်။ လူ့ဝသီအရ ဗွေယူစရာဖြစ်နေပေမည်။ နာကြည်းစရာကိုတေးထားကောင်းတေးထားမည်။ အထူးသဖြင့် ကျွန်ုပ်တို့သည် မကြင်မနာ သို့မဟုတ် မမျှမတဆက်ဆံခံရသည်ဟု ခံစားရပါက ထိုသို့ဖြစ်တတ်သည်။ ကျွန်ုပ်တို့သည် ပြစ်မှားသူကို စကားပြောဖို့ အခက်တွေ့ကောင်းတွေ့ပေမည်; ကျွန်ုပ်တို့သည် သူ သို့မဟုတ် သူမကို တမင်တကာပင် ရှောင်ကောင်းရှောင်နေပေမည်။ နာကြည်းမှုကြောင့် စိတ်ဖိစီးခံရသူအချို့တို့သည် ခရစ်ယာန်စည်းဝေးများကို လက်လွှတ်လာကြသည်။ ဝမ်းနည်းစရာမှာ ထိုသို့အားဖြင့်သူတို့သည် အမဲအဖြစ် မိမိတို့ကို အခွင့်ကောင်းယူလိုက်ရန် “မာရ်နတ်ကို အခွင့်” ပေးလိုက်ကြသည်။—ဧဖက် ၄:၂၇။
၇။ (က) အခြားသူများက ကျွန်ုပ်တို့ကို စိတ်ပျက်လက်ပျက်ဖြစ်စေသည့်အခါ သို့မဟုတ် ထိခိုက်နာကြည်းစေသည့်အခါ မာရ်နတ်၏လက်ခုပ်ထဲရောက်မသွားရန် မည်သို့ရှောင်ရှားနိုင်သနည်း။ (ခ) ကျွန်ုပ်တို့သည် နာကြည်းမှုကို အဘယ်ကြောင့်ဖယ်ထုတ်ပစ်လိုက်သင့်သနည်း။
၇ ကျွန်ုပ်တို့ကို အခြားသူများက စိတ်ပျက်လက်ပျက်ဖြစ်စေသောအခါ သို့မဟုတ် ထိခိုက်နာကြည်းစေသောအခါတွင် မာရ်နတ်၏လက်ခုပ်ထဲရောက်မသွားရန် မည်သို့ရှောင်နိုင်သနည်း။ ကျွန်ုပ်တို့သည် နာကြည်းမှုကို တေးမထားမိအောင်ကြိုးစားရမည်။ တေးထားမည့်အစား ငြိမ်သက်မှုရရန် အဦးပြုလုပ်ဆောင်ပါ သို့မဟုတ် ကိစ္စရပ်များကို အမြန်ဆုံးပြေလည်စေရန် လုပ်ဆောင်ပါ။ (ဧဖက် ၄:၂၆) ကောလောသဲ ၃:၁၃ က ကျွန်ုပ်တို့ကို ဤသို့တိုက်တွန်းထားသည်– “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။” အထူးသဖြင့် ပြစ်မှားသူသည် အမှားကိုဝန်ခံကာ စစ်မှန်သောဝမ်းနည်းမှုတင်ပြသောအခါ ခွင့်လွှတ်ခြင်းသည် အလွန်လျောက်ပတ်ပေသည်။ (ဆာလံ ၃၂:၃-၅ နှင့် နယပုံပြင် ၂၈:၁၃ နှိုင်းယှဉ်။) သို့သော် ခွင့်လွှတ်ခြင်းမည်သည် အခြားသူများကျူးလွန်ခဲ့သည့် အမှားများကို လျစ်လျူရှုခြင်း သို့မဟုတ် ပေါ့ပေါ့တန်တန် သဘောထားလိုက်ခြင်းမဟုတ်ကြောင်း စိတ်တွင်စွဲမှတ်ထားပါက အကူအညီဖြစ်သည်။ ခွင့်လွှတ်ခြင်းမည်သည် နာကြည်းမှုကို ဖယ်ထုတ်လိုက်ခြင်းနှင့် ပတ်သက်နေသည်။ နာကြည်းမှုသည် လေးလံသည့်ဝန်ထုပ်ကြီးကို ထမ်းထားခြင်းဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့၏အတွေးကို လွှမ်းမိုးနိုင်ပြီး ပျော်ရွှင်မှုကင်းမဲ့စေနိုင်သည်။ ကျွန်ုပ်တို့၏ကျန်းမာရေးကိုပင် ထိခိုက်စေနိုင်သည်။ ဆန့်ကျင်ဘက်အနေနှင့် လျောက်ပတ်သည့်နေရာတွင် ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့ကို အကျိုးဖြစ်ထွန်းစေသည်။ ဒါဝိဒ်ကဲ့သို့ ကျွန်ုပ်တို့သည် အခြားလူသားများက မိမိတို့ကို ပြောဆိုသည့်စကား သို့မဟုတ် ပြုမူဆက်ဆံမှုတို့ကြောင့် လက်လျှော့ကာ ယေဟောဝါထံတော်မှ လွဲသွားခြင်း ဘယ်တော့မျှမဖြစ်ကြပါစေနှင့်!
ကျွန်ုပ်တို့မှားယွင်းသွားသောအခါ
၈။ (က) အချို့သူများသည် အထူးသဖြင့်အပြစ်ရှိသည်ဟု ရံဖန်ရံခါ အဘယ်ကြောင့်ခံစားကြရသနည်း။ (ခ) ကျွန်ုပ်တို့ကိုယ်ကို လက်လျှော့လိုက်သည့်အထိ မလုံမလဲသည့်စိတ် လွှမ်းမိုးခံရခြင်းသည် မည်သည့်အန္တရာယ်ရှိသနည်း။
၈ “ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏” ဟု ယာကုပ် ၃:၂ ကဆိုသည်။ ကျွန်ုပ်တို့မှားသွားလျှင် အပြစ်ရှိသည်ဟုခံစားရခြင်းသည် ဓမ္မတာပင်ဖြစ်သည်။ (ဆာလံ ၃၈:၃-၈) ကျွန်ုပ်တို့သည် သွေးသားအားနည်းမှုကို တိုက်လှန်နေရပြီး အချိန်တန်ပေါ်လာသည့် အဟန့်အတားများကို တွေ့ကြုံရသည့်အခါများတွင် အပြစ်ရှိသည်ဟုခံစားရခြင်းသည် အထူးသဖြင့်ပြင်းထန်နိုင်သည်။a ယင်းတို့ကိုတွန်းလှန်နေရသည့် ခရစ်ယာန်တစ်ဦးက ဤသို့ရှင်းပြသည်– “ကျွန်မ ဆက်ပြီးအသက်မရှင်ချင်တော့ဘူး၊ ကျွန်မကျူးလွန်ခဲ့တာဟာ ခွင့်မလွှတ်နိုင်တဲ့အပြစ်လား၊ ခွင့်လွှတ်နိုင်တဲ့အပြစ်လားဆိုတာ မသိတော့ဘူးရှင်။ အဲ့ဒါဟာ ဘယ်နည်းနဲ့မဆိုကျွန်မအတွက် သိပ်နောက်ကျသွားပုံရတဲ့အတွက်ကြောင့် ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ကျွန်မဘာမှမလုပ်တာပဲကောင်းမှာပါလို့ ခံစားခဲ့ရပါတယ်။” မိမိတို့ကိုယ်ကိုလက်လျှော့လိုက်သည့်အထိ မလုံမလဲဖြစ်သည့်စိတ်၏လွှမ်းမိုးမှုကို ကျွန်ုပ်တို့ခံလိုက်ရသောအခါ စာတန်ကို လမ်းဖွင့်ပေးလိုက်ရာကျကာ—သူသည် ယင်းကို အလျင်အမြန်အခွင့်ကောင်းယူပေမည်! (၂ ကောရိန္သု ၂:၅-၇၊ ၁၁) လိုအပ်သည့်အချက်မှာ အပြစ်နှင့်ပတ်သက်သော သာ၍မျှတသည့်အမြင်ဖြစ်ပေမည်။
၉။ ဘုရားသခင့်ကရုဏာတော်ကို ကျွန်ုပ်တို့အဘယ်ကြောင့် ယုံကြည်စိတ်ချသင့်သနည်း။
၉ ကျွန်ုပ်တို့ အပြစ်ပြုမိသည့်အခါ အပြစ်သံဝေဂအတော်အတန် ခံစားရခြင်းသည် သင့်လျော်ပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ခရစ်ယာန်တစ်ဦးက မိမိသည် ဘုရားသခင့်ကရုဏာတော်နှင့် ဘယ်တော့မျှမထိုက်တန်တော့ပါဟု ခံစားရတတ်သောကြောင့် မလုံမလဲဖြစ်သည့်စိတ်မှပေါ်ပေါက်လာသော ခံစားချက်များသည် စွဲမြဲနေသည်။ သို့တိုင် ကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့လှိုက်လှဲစွာအာမခံထားသည်– “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။” (၁ ယောဟန် ၁:၉) ကျွန်ုပ်တို့ကိစ္စတွင် ဘုရားသခင်ထိုသို့ပြုတော်မူမည်မဟုတ်ဟု ယုံကြည်ရန် ခိုင်လုံသည့်အကြောင်းတစ်ခုခု ရှိပါသလော။ မိမိ၏နှုတ်ကပါဌ်တော်တွင် ကိုယ်တော်သည် “ခွင့်လွှတ်ရန်အသင့်ရှိ” သောအရှင်ဖြစ်တော်မူကြောင်း ယေဟောဝါမိန့်တော်မူထားသည်ကို သတိရပါ။ (ဆာလံ ၈၆:၅၊ ကဘ; ၁၃၀:၃၊ ၄) ကိုယ်တော်သည် မုသာမသုံးနိုင်သောကြောင့် ကျွန်ုပ်တို့သည် နောင်တရသောနှလုံးဖြင့် ကိုယ်တော်ထံတော်ပါးသို့ ခစားလျှင် မိမိ၏နှုတ်တော်ထွက်ကတိတော်များအတိုင်း လုပ်ဆောင်တော်မူမည်။—တိတု ၁:၂။
၁၀။ အသွေးအသားအားနည်းမှုကို တိုက်လှန်နေရခြင်းနှင့်ပတ်သက်၍ အစောပိုင်း ကင်းမျှော်စင်က နှလုံးနွေးထွေးစေသော အဘယ်ထပ်ဆင့်ယုံကြည်စိတ်ချမှုကို ဖော်ပြခဲ့သနည်း။
၁၀ သင်သည် အားနည်းမှုတစ်ခုကို တိုက်လှန်နေရပြီး အကျင့်ဆိုးကိုပြန်ပြန်ပြုမိပါက ဘာလုပ်သင့်သနည်း။ လက်မလျှော့ပါနှင့်! အကျင့်ဆိုးကိုပြန်ပြန်ပြုမိခြင်းသည် သင်ရနှင့်ပြီးသား တိုးတက်မှုကို လုံးဝမချေဖျက်ပစ်ပါ။ ဤဂျာနယ်၏ ၁၉၅၄၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ်က နှလုံးနွေးထွေးစေသော ဤအာမခံချက်ကို ပေးခဲ့သည်– “ကျွန်ုပ်တို့သည် ဘဝပုံစံဟောင်းတွင် မိမိတို့သိထားသည်ထက် သာ၍အမြစ်စွဲနေသည့် ဆိုးရွားသောအကျင့်တစ်ခုကြောင့် အကြိမ်ကြိမ် ထိမိလဲကာ ကျရှုံးခြင်းဖြစ် [ကောင်းဖြစ်] ကြမည်။ . . . စိတ်မပျက်လေနှင့်။ သင်သည် ခွင့်မလွှတ်နိုင်သည့် အပြစ်ကိုကျူးလွန်ခဲ့ပြီဟူ၍ ကောက်ချက်မချလိုက်လေနှင့်။ စာတန်သည် သင့်ကို ဤသို့ပင် တွေးယူစေလိုသည်။ သင်သည် ယူကျုံးမရဖြစ်ကာ စိတ်အနှောင့်အယှက်ဖြစ်နေခြင်းကိုယ်နှိုက်က သင့်အခြေအနေသိပ်မဆိုးသေးကြောင်း သက်သေဖြစ်သည်။ ဘုရားသခင်ထံ နှိမ့်ချစွာနှင့် စိတ်အားထက်သန်စွာပြန်လှည့်လာဖို့အတွက် ဘယ်တော့မျှခြေကုန်လက်ပန်းကျမသွားဘဲ၊ ကိုယ်တော်၏ခွင့်လွှတ်မှု၊ ဆေးကြောသန့်စင်ပေးမှုနှင့် အထောက်အမတို့ကို ကြိုးစားရယူပါ။ ထပ်တူအားနည်းချက်ကို အကြိမ်မည်မျှလုပ်မိပါစေ ဒုက္ခရောက်ချိန်တွင် ကလေးတစ်ယောက်က မိမိ၏ဖခင်ကိုချဉ်းကပ်သကဲ့သို့ ကိုယ်တော်ကိုချဉ်းကပ်ပါ။ ကိုယ်တော်၏မခံစားထိုက်သောကြင်နာမှုကြောင့် ယေဟောဝါသည် သင့်အား သနားကရုဏာရှိရှိဖြင့် အကူအညီပေးတော်မူမည်။ သင်သည် စိတ်ရိုးမှန်ပါက ကိုယ်တော်သည် သင့်အား ကြည်လင်သည့်သြတ္တပ္ပစိတ်ကို မုချပေးသနားတော်မူမည်။”
ကျွန်ုပ်တို့သည် မဖြစ်စလောက်လုပ်ဆောင်သည်ဟု ခံစားရသောအခါ
၁၁။ (က) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြေညာခြင်းတွင် ပါဝင်မှုကို ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။ (ခ) ဓမ္မအမှုတွင်ပါဝင်ခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်တချို့တွန်းလှန်ရသည့် ခံစားချက်များကား အဘယ်နည်း။
၁၁ ဘုရားသခင့်နိုင်ငံတော်ကြေညာခြင်းသည် ခရစ်ယာန်တစ်ဦး၏အသက်တာတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်ပြီး ယင်းတွင်ပါဝင်ခြင်းသည် ရွှင်လန်းမှုကိုဖြစ်စေသည်။ (ဆာလံ ၄၀:၈) သို့သော် အချို့ခရစ်ယာန်များသည် ဓမ္မအမှုတွင် များစွာမလုပ်ဆောင်နိုင်သောကြောင့် အပြစ်ရှိသည်ဟု အလွန်ခံစားကြရသည်။ ဤကဲ့သို့သော မလုံမလဲဖြစ်သည့်စိတ်သည် ကျွန်ုပ်တို့၏ ရွှင်လန်းမှုကိုပင် လုံးပါးပါးသွားစေနိုင်ပြီး မိမိတို့သည် မဖြစ်စလောက်လေးသာလုပ်နေကြောင်း ယေဟောဝါယူမှတ်သည်ဟု တွေးကာ လက်လျှော့လိုက်စေနိုင်သည်။ အချို့သောသူများ တွန်းလှန်နေရသည့် ခံစားချက်များကို သုံးသပ်ကြည့်ပါ။
“ဆင်းရဲတာဟာ အချိန်ဘယ်လောက်စားတယ်ဆိုတာ ရှင်တို့သိသလား” ဟု မိမိခင်ပွန်းနှင့်အတူ သားသမီးသုံးယောက်ကို တာဝန်ယူကျွေးမွေးနေရသည့် ခရစ်ယာန်ညီအစ်မတစ်ဦး ရေးသားခဲ့သည်။ “ကျွန်မဟာ ဖြစ်နိုင်တဲ့နေရာတိုင်း စုဆောင်းချွေတာရတယ်။ တစ်ပတ်နွမ်းဆိုင်တွေ၊ လက်ကျန်ကုန်အရောင်းဆိုင်တွေကို လိုက်ရှာတဲ့နေရာ ဒါမှမဟုတ် အဝတ်ချုပ်တဲ့နေရာမှာ အချိန်အကုန်ခံရတယ်လေ။ ဒါ့အပြင် [လျှော့ဈေးအစားအစာ] ကူပွန်လုပ်ငန်း—အဲဒါတွေကို ဖြတ်တာ၊ ဖိုင်သွင်းတာနဲ့ အရောင်းအဝယ်လုပ်တဲ့နေရာမှာ တစ်ပတ်ကို တစ်နာရီနှစ်နာရီဆိုသလို အချိန်အသုံးပြုရတယ်။ အဲ့ဒီအချိန်တွေကို လယ်ကွင်းလုပ်ငန်းမှာ အသုံးပြုသင့်တယ်လို့ တစ်ခါတလေမှာတွေးမိပြီး အဲ့ဒါတွေလုပ်နေရတာကို အပြစ်ရှိတယ်လို့ သိပ်ခံစားရတယ်။”
“ကျွန်မဟာ ယေဟောဝါကို တကယ်တမ်းကျတော့ သိပ်မချစ်ပါဘူးလို့ တွေးမိတယ်” ဟု သားသမီးလေးယောက်နှင့် မယုံကြည်သူလင်သားရှိ ညီအစ်မတစ်ဦး ရှင်းပြသည်။ “ဒါကြောင့် ယေဟောဝါရဲ့အမှုဆောင်ခြင်းမှာ ကြိုးစားပြီးလုပ်တယ်။ ခက်ခက်ခဲခဲကြိုးစားပေမဲ့လည်း ကျေနပ်လောက်တဲ့အထိလုပ်ခဲ့တယ်လို့ တစ်ခါမှ မခံစားခဲ့ရဘူးရှင်။ ကြည့်လေ၊ ကိုယ့်ကိုကိုယ်လေးစားမှု ခံစားချက်မျိုးမှ မရှိတော့ ကျွန်မရဲ့အမှုဆောင်ခြင်းကို ယေဟောဝါက ဘယ်လိုလုပ်ပြီး လက်ခံနိုင်မလဲဆိုတာ မတွေးနိုင်တော့ဘူးပေါ့။”
အချိန်ပြည့်လုပ်ငန်းမှ နားဖို့လိုကြောင်းတွေ့ရှိခဲ့သည့် ခရစ်ယာန်တစ်ဦးက ဤသို့ဆိုသည်– “ယေဟောဝါရဲ့အချိန်ပြည့်လုပ်ငန်းတော်မှာ အမှုထမ်းဖို့ ကျွန်မတာဝန်ခံထားတာဟာ ပျက်ကွက်နေတယ်ဆိုတဲ့အဖြစ်ကို ဆက်ပြီးမခံရပ်နိုင်တော့ဘူးရှင်။ ကျွန်မဘယ်လောက်စိတ်ပျက်လက်ပျက်ဖြစ်တယ်ဆိုတာ ရှင်တို့မသိနိုင်ဘူး! အခုသတိရပြီး ကျွန်မငိုမိတယ်။”
၁၂။ အချို့ခရစ်ယာန်များသည် ဓမ္မအမှုတွင် များစွာမလုပ်နိုင်ခြင်းနှင့်ပတ်သက်၍ အပြစ်ရှိသည်ဟု အဘယ်ကြောင့် အလွန်ခံစားကြရသနည်း။
၁၂ ယေဟောဝါ၏အမှုတော်ကို အပြည့်ဝဆုံးထမ်းဆောင်လိုခြင်းသည် ဓမ္မတာပင်ဖြစ်သည်။ (ဆာလံ ၈၆:၁၂) သို့သော် အချို့သူများသည် များစွာမလုပ်နိုင်သည့်အတွက် အပြစ်ရှိသည်ဟု အဘယ်ကြောင့် အလွန်ခံစားကြရသနည်း။ အချို့သူများအတွက် ဘဝတွင် မနှစ်မြို့ဖွယ်အတွေ့အကြုံများမှ ရရှိလာဖွယ်ရှိသော မိမိတန်ဖိုးမရှိဟူသည့် ယေဘုယျခံစားချက်နှင့် ဆက်နွှယ်နေပုံပေါက်သည်။ အခြားကိစ္စများတွင်မူ၊ မလျော်ကန်သည့်မလုံမလဲဖြစ်သည့်စိတ်သည် ယေဟောဝါက ကျွန်ုပ်အားမျှော်လင့်သည့်အရာနှင့်ပတ်သက်ပြီး လက်တွေ့မကျသောရှုမြင်ပုံမှ ပေါ်ပေါက်လာပေမည်။ “အားကုန်လုပ်တာမဟုတ်ရင်တော့ အလုပ်ကောင်းကောင်းလုပ်တာမဖြစ်နိုင်ဘူးလို့ကျွန်မခံစားရတယ်” ဟု ခရစ်ယာန်တစ်ဦး ဝန်ခံခဲ့သည်။ ရလဒ်အနေနှင့် သူမသည် မိမိအတွက် အလွန့်အလွန်မြင့်မားသော စံနှုန်းများကို ချမှတ်ခဲ့ရာ—သို့နှင့် ယင်းတို့ကို လိုက်မမီနိုင်သည့်အခါ အပြစ်ရှိသည်ဟု သာ၍ပင်ခံစားခဲ့ရသည်။
၁၃။ ယေဟောဝါသည် ကျွန်ုပ်တို့ထံမှ အဘယ်အရာကိုမျှော်လင့်သနည်း။
၁၃ ယေဟောဝါသည် ကျွန်ုပ်တို့ထံမှ အဘယ်အရာကို မျှော်လင့်သနည်း။ ရိုးရိုးလေးဆိုရလျှင် ယေဟောဝါသည် မိမိကို စိုးလ်အပြည့်ဖြင့် အမှုဆောင်ရန်၊ ကျွန်ုပ်တို့၏အခြေအနေကခွင့်ပြုသ၍ လုပ်ဆောင်ရန်မျှော်လင့်တော်မူသည်။ (ကောလောသဲ ၃:၂၃) သို့ရာတွင် ကျွန်ုပ်တို့လုပ်လိုသည့်အရာနှင့် ကျွန်ုပ်တို့အမှန်တကယ်လုပ်နိုင်သည့်အရာကြားတွင် အကြီးအကျယ်ကွာဟမှုရှိနိုင်သည်။ ကျွန်ုပ်တို့သည် အသက်အရွယ်၊ ကျန်းမာရေး၊ ကာယပိုင်းခံနိုင်ရည် သို့မဟုတ် မိသားစုတာဝန်များကဲ့သို့သော အကြောင်းများကြောင့် အကန့်အသတ်နှင့်ဖြစ်နေပေမည်။ မည်သို့ပင်ဖြစ်ပါစေ ကျွန်ုပ်တို့တတ်နိုင်သမျှလုပ်ဆောင်သောအခါ ယေဟောဝါကို ကျွန်ုပ်တို့အမှုဆောင်ခြင်းသည် စိုးလ်အပြည့်ဖြစ်ကြောင်း စိတ်ချသေချာနိုင်သည်—ယင်းသည် တစ်ဦးတစ်ယောက်၏ ကျန်းမာရေးနှင့် အခြေအနေများက အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်ဖို့ခွင့်ပြုသည့် စိုးလ်အပြည့်လုပ်ဆောင်မှုထက် ပိုခြင်းလျော့ခြင်းမရှိပါ။—မဿဲ ၁၃:၁၈-၂၃။
၁၄။ သင်သည် သင့်ထံမှ အမှန်အတိုင်းမျှော်လင့်နိုင်သည့်အရာကို ဆုံးဖြတ်သတ်မှတ်ရာတွင် အကူအညီလိုပါက ဘာလုပ်သင့်သနည်း။
၁၄ သို့ဆိုလျှင် သင့်ထံမှ အမှန်အတိုင်းမျှော်လင့်နိုင်သည့်အရာကို မည်သို့ဆုံးဖြတ်သတ်မှတ်နိုင်သနည်း။ သင့်အရည်အသွေး၊ သင့်အတိုင်းအတာနှင့် သင့်မိသားစုတာဝန်များကို သိထားသည့် အကြီးအကဲ သို့မဟုတ် အတွေ့အကြုံများသော ညီအစ်မတစ်ဦးဖြစ်ကောင်းဖြစ်မည့် ယုံကြည်စိတ်ချရသော၊ ရင့်ကျက်သောမိတ်ဆွေတစ်ဦးနှင့် သင်ရင်ဖွင့်ဆွေးနွေးလိုပေမည်။ (သု. ၁၅:၂၂) ဘုရားသခင့်အမြင်တွင် ပုဂ္ဂိုလ်တစ်ဦးအနေနှင့် သင့်တန်ဖိုးကို လယ်ကွင်းဓမ္မအမှု၌ မည်မျှလုပ်ဆောင်သည်ဟူသည့်အရာဖြင့် မတိုင်းတာကြောင်းသတိရပါ။ ယေဟောဝါ၏ကျေးကျွန်အားလုံးသည် ကိုယ်တော့်အတွက် တန်ဖိုးရှိသည်။ (ဟဂ္ဂဲ ၂:၇; မာလခိ ၃:၁၆၊ ၁၇) ဟောပြောခြင်းလုပ်ငန်းတွင် သင်လုပ်ဆောင်သည့်အတိုင်းအတာသည် အခြားသူများ၏အတိုင်းအတာထက် နည်းမည် သို့မဟုတ် များမည်ဖြစ်သော်လည်း ယင်းသည် သင်အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်းဖြစ်ကြောင်းထင်ဟပ်နေသ၍ ယေဟောဝါရှင် ကျေနပ်နေတော်မူသည်။ သင်အပြစ်ရှိသည်ဟု ခံစားရရန် မလိုအပ်ပါ။—ဂလာတိ ၆:၄။
ကျွန်ုပ်တို့ထံမှ များစွာတောင်းဆိုသောအခါ
၁၅။ အသင်းတော်အကြီးအကဲများကို အဘယ်နည်းများဖြင့် များစွာတောင်းဆိုထားသနည်း။
၁၅ “အကြင်သူ၌ များစွာသောဥစ္စာကို အပ်နှင်း၏။ ထိုသူကို များစွာတောင်းလိမ့်မည်” ဟု ယေရှုမိန့်တော်မူခဲ့သည်။ (လုကာ ၁၂:၄၈) အမှန်မှာ အသင်းတော်အကြီးအကဲများအဖြစ် တာဝန်ထမ်းရွက်သောသူများထံမှ ‘များစွာတောင်းဆိုထား’ သည်။ ပေါလုကဲ့သို့ သူတို့သည် အသင်းတော်၏အကျိုးအလို့ငှာ မိမိတို့ကိုယ်ကို သာ၍အသုံးတော်ခံကြသည်။ (၂ ကောရိန္သု ၁၂:၁၅) သူတို့တွင် ဟောပြောချက်များအတွက်ပြင်ဆင်ရ၊ သိုးထိန်းလည်ပတ်မှုလုပ်ရ၊ တရားရေးရာကိစ္စများကိုကိုင်တွယ်ရကြသည်—မိမိတို့၏မိသားစုများကို လျစ်လျူရှုမထားဘဲ ယင်းတို့အားလုံးကို လုပ်ကိုင်ကြသည်။ (၁ တိမောသေ ၃:၄၊ ၅) အချို့အကြီးအကဲများသည် ဘုရားသခင့်နိုင်ငံတော်ခန်းမများဆောက်လုပ်ရေးတွင် ကူညီခြင်း၊ ဆေးရုံဆက်သွယ်ရေးကော်မတီတွင် ပါဝင်ထမ်းဆောင်ခြင်းနှင့် စည်းဝေးများနှင့် စည်းဝေးကြီးများတွင် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ခြင်းတို့တွင်လည်း အလုပ်များနေကြသည်။ အလုပ်ကြိုးစားသော ချစ်ခင်ဖွယ်ကောင်းသည့်အမျိုးသားများသည် ဤကဲ့သို့သောတာဝန်များကို အားသွန်ခွန်စိုက်လုပ်ဆောင်နေရင်း ခြေကုန်လက်ပန်းကျသွားခြင်းကို မည်သို့ရှောင်ရှားနိုင်သနည်း။
၁၆။ (က) ယေသရောက မောရှေအား အဘယ်လက်တွေ့ကျဖြေရှင်းနည်းပေးခဲ့သနည်း။ (ခ) အဘယ်အရည်အသွေးက အကြီးအကဲတစ်ဦးကို အခြားသူများနှင့် သင့်တော်သောတာဝန်များ ခွဲဝေထမ်းဆောင်နိုင်စေမည်နည်း။
၁၆ ကျိုးနွံပြီး နှိမ့်ချမှုရှိသောအမျိုးသား မောရှေသည် အခြားသူများ၏ပြဿနာများကို ကိုင်တွယ်ရာတွင် သူကိုယ်တိုင်ခြေကုန်လက်ပန်းကျနေသောအခါ သူ၏ယောက္ခမဖြစ်သူ ယေသရောက သူ့အား လက်တွေ့ကျဖြေရှင်းနည်းပေးခဲ့သည်– အရည်အချင်းရှိ အခြားအမျိုးသားများကို တာဝန်တချို့ခွဲဝေပေးရန်ဖြစ်သည်။ (ထွက်မြောက်ရာ ၁၈:၁၇-၂၆; တောလည်ရာ ၁၂:၃) “စိတ်နှိမ့်ချ [“ကျိုးနွံ၊” ကဘ] သောသူတို့၌ကား ပညာရှိ၏” ဟု နယပုံပြင် ၁၁:၂ ကဆိုသည်။ ကျိုးနွံခြင်းမည်သည် သင်၏အတိုင်းအတာများကို အသိအမှတ်ပြုလက်ခံခြင်းဖြစ်သည်။ ကျိုးနွံသောအမျိုးသားတစ်ယောက်သည် အခြားသူများအား တာဝန်လွှဲအပ်ရန် အင်တင်တင်လုပ်နေမည်မဟုတ်သကဲ့သို့ အခြားအရည်အချင်းရှိအမျိုးသားများနှင့်အတူ သင့်လျော်သောတာဝန်များကို ခွဲဝေထမ်းဆောင်ခြင်းက တစ်နည်းနည်းဖြင့် မိမိအခွင့်အာဏာကို ဆုံးရှုံးသွားစေမည်ဟုလည်း မစိုးရိမ်ပါ။b (တောလည်ရာ ၁၁:၁၆၊ ၁၇၊ ၂၆-၂၉) ယင်းအစား သူတို့တိုးတက်ရန်အကူအညီပေးဖို့အတွက် လိုလိုလားလားရှိမည်ဖြစ်သည်။—၁ တိမောသေ ၄:၁၅။
၁၇။ (က) အသင်းတော်သားများသည် အကြီးအကဲများ၏ဝန်ကို မည်သို့ပေါ့ပါးစေနိုင်သနည်း။ (ခ) အဘယ်အနစ်နာခံစွန့်လွှတ်မှုများကို အကြီးအကဲများ၏ဇနီးများ ပြုကြပြီး ဤအရာများအတွက် သူတို့ကို ကျွန်ုပ်တို့ကျေးဇူးမတင်ဘဲမနေကြောင်း မည်သို့တင်ပြနိုင်သနည်း။
၁၇ အသင်းတော်သားများသည် အကြီးအကဲများ၏ဝန်ကို ပေါ့ပါးစေရန် လုပ်ပေးနိုင်သည့်အရာများစွာရှိသည်။ အကြီးအကဲများတွင် သူတို့၏မိသားစုများကို ပြုစုဂရုစိုက်ရန်တာဝန်ရှိကြောင်း နားလည်ထားခြင်းဖြင့် အခြားသူများသည် အကြီးအကဲများ၏ အချိန်နှင့်အာရုံစိုက်မှုကို မတန်တဆတောင်းဆိုမည်မဟုတ်ပါ။ အကြီးအကဲတို့၏ဇနီးသည်များသည် မိမိတို့ခင်ပွန်းသည်၏အချိန်ကို အသင်းတော်အား ခွဲဝေပေးခြင်းဖြင့် ကြည်ကြည်ဖြူဖြူအနစ်နာခံစွန့်လွှတ်မှုများအတွက် သူတို့ကျေးဇူးမတင်ဘဲ နေကြမည်မဟုတ်ပါ။ ခင်ပွန်းဖြစ်သူက အကြီးအကဲတစ်ဦးအဖြစ်အမှုတော်ထမ်းနေသည့် ကလေးသုံးယောက်ရှိမိခင်တစ်ဦး ဤသို့ရှင်းပြသည်– “ကျွန်မရဲ့ခင်ပွန်းဟာ အကြီးအကဲတစ်ယောက်အဖြစ် အမှုထမ်းနိုင်ဖို့အတွက် အိမ်ထောင်မှာ အပိုတာဝန်တွေကို ကြည်ကြည်ဖြူဖြူလုပ်ဆောင်တာနဲ့ပတ်သက်ပြီး ကျွန်မတစ်ခါမှမညည်းညူခဲ့ဘူး။ သူရဲ့အမှုဆောင်ခြင်းကြောင့် ကျွန်မတို့ရဲ့မိသားစုအပေါ်မှာ ယေဟောဝါရဲ့ကောင်းချီးတွေ ကြွယ်ဝစွာသက်ရောက်တယ်ဆိုတာ ကျွန်မသိတယ်၊ ပြီးတော့ သူပေးဆက်ရတာတွေနဲ့ပတ်သက်လို့လည်း ကျွန်မငြူစူခြင်းမရှိဘူး။ ဒါပေမဲ့လည်း တကယ်ကျတော့ ခင်ပွန်းသည်က အလုပ်ရှုပ်တဲ့အတွက် ကျွန်မဟာ အခြားအရာတွေထက် သစ်ရွက်တွေကို ထွန်ခြစ်နဲ့ဆွဲခြင်း၊ သားသမီးတွေကို ဆုံးမပဲ့ပြင်ခြင်းတွေ ပိုပြီးလုပ်ရလေ့ရှိတယ်။” ဝမ်းနည်းစရာမှာ အချို့သူများသည် သူမ၏အပိုတာဝန်များကို နားလည်ပေးမည့်အစား “ညီအစ်မ ဘာကြောင့် ရှေ့ဆောင်မလုပ်တာလဲ” ကဲ့သို့သော မစာမနာဝေဖန်ပြောဆိုမှုကို ဤညီအစ်မတွေ့ကြုံခဲ့ရသည်။ (သု. ၁၂:၁၈) သူတစ်ပါးမလုပ်နိုင်သည့်အရာအတွက် ပြစ်တင်ဝေဖန်မည့်အစား သူတို့လုပ်ဆောင်သည့်အရာအတွက် ချီးမွမ်းပေးလျှင် မည်မျှသာ၍ကောင်းလိုက်မည်ဖြစ်ခြင်း!—သု. ၁၆:၂၄; ၂၅:၁၁။
အဆုံးမရောက်သေးရကား
၁၈၊ ၁၉။ (က) ယခုအချိန်သည် ထာဝရအသက်ပြေးပွဲတွင် အပြေးရပ်လိုက်ရမည့်အချိန် အဘယ်ကြောင့်မဟုတ်သနည်း။ (ခ) တမန်တော်ပေါလုသည် အဘယ်အချိန်သင့်အခါသင့်အကြံပေးစကားကို ယေရုရှလင်မြို့ရှိခရစ်ယာန်များအား ပေးခဲ့သနည်း။
၁၈ အပြေးသမားတစ်ယောက်သည် ရှည်လျားသည့်ပြေးလမ်း၏အဆုံး နီးကပ်လာသည်ကို သိလျှင် လက်မလျှော့လိုက်ပါ။ သူ၏ခန္ဓာကိုယ်သည် ခံနိုင်ရည်အစွမ်း အဆုံးစွန်ရောက်—အားအင်ကုန်ခန်း၊ အလွန်ပူလောင်လာကာ အရည်ဓာတ်ခန်းခြောက်လာခြင်း—ရှိလာမည်ဖြစ်သော်လည်း ပန်းဝင်ဖို့နီးလာသောကြောင့် အပြေးရပ်လိုက်ရန် အချိန်မဟုတ်ပါ။ အလားတူစွာ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် အသက်ဆုအတွက် ပြေးပွဲဝင်နေကြပြီး ပန်းဝင်မျဉ်းသို့ရောက်ရန် အလွန်နီးနေသည်။ ယခုအချိန်သည် ကျွန်ုပ်တို့အတွက် အပြေးရပ်လိုက်မည့် အချိန်မဟုတ်ပါလေ!—၁ ကောရိန္သု ၉:၂၄; ဖိလိပ္ပိ ၂:၁၆; ၃:၁၃၊ ၁၄၊ နှိုင်းယှဉ်။
၁၉ ပထမရာစုရှိ ခရစ်ယာန်များသည် အလားတူအခြေအနေကို ရင်ဆိုင်ခဲ့ရသည်။ စီ.အီး. ၆၁ ခန့်တွင် တမန်တော်ပေါလုသည် ယေရုရှလင်မြို့ရှိခရစ်ယာန်များထံသို့ စာရေးခဲ့သည်။ အချိန်ကား ကုန်ဆုံးလျက်ရှိသည်—အယူဖောက်ပြန်သော ဂျူးအစီအစဉ်စနစ်ဖြစ်သည့် ဆိုးသွမ်းသော ‘လူမျိုးဆက်’ သည် ‘ကုန်လွန်’ လုပြီ။ အထူးသဖြင့် ယေရုရှလင်မြို့ရှိ ခရစ်ယာန်များသည် နိုးနိုးကြားကြားနှင့် သစ္စာရှိရှိနေခဲ့ရသည်; စစ်တပ်များဝိုင်းရံထားသည်ကို သူတို့မြင်ရသောအခါ ထိုမြို့မှထွက်ပြေးဖို့ လိုမည်ဖြစ်သည်။ (လုကာ ၂၁:၂၀-၂၄၊ ၃၂) သို့နှင့် ပေါလု၏မှုတ်သွင်းခံအကြံပေးစကားသည် အချိန်သင့်အခါသင့်ဖြစ်သည်– ‘သင်တို့၏စိုးလ်သည် မောဟိုက်အားကုန်ခြင်း မရှိကြစေနှင့်။’ (ဟေဗြဲ ၁၂:၃၊ ကဘ) ဤတွင် တမန်တော်ပေါလုသည် ကွင်းကွင်းကွက်ကွက်ပေါ်သော ဤကြိယာနှစ်ခုကို အသုံးပြုခဲ့သည်– “မောဟိုက်သည်”၊ (ကာမ်နိုး) “အားကုန်သည်” (အီကလီးယို မိုင်း)။ ကျမ်းပညာရှင်တစ်ဦး၏အဆိုအရ ဤဂရိစကားလုံးများကို “တာဝင်ပြီးနောက်ပိုင်း ပင်ပန်းနွမ်းနယ်ကာ ခြေကုန်လက်ပန်းကျသွားသည့် အပြေးသမားများနှင့်ပတ်သက်၍ အရစ္စတိုတယ်လ်က အသုံးပြုထားသည်။” [ပေါလု၏စာကို] ဖတ်ရှုသူများသည် ပြေးပွဲဝင်နေဆဲပင်ဖြစ်သည်။ သူတို့သည် လမ်းခုလတ်တွင် လက်မလျှော့ကြရပါ။ သူတို့သည် နုံးခွေလာခြင်းကြောင့် မောဟိုက်ကာယိုင်လဲသွားရန် မိမိတို့ကိုယ်ကို ခွင့်မပြုရပါ။ အခက်အခဲများကို ရင်ဆိုင်ရသည့်အခါတွင်လည်း မဆုတ်မနစ်သောဇွဲရှိရန် လိုအပ်သည်။
၂၀။ ပေါလု၏အကြံပေးစကားသည် ယနေ့ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အချိန်သင့်အခါသင့်ဖြစ်သနည်း။
၂၀ ပေါလု၏အကြံပေးစကားသည် ယနေ့ကျွန်ုပ်တို့အတွက် အလွန်အချိန်သင့်အခါသင့်ဖြစ်လှသည်တကား! တိုးပွားလာသည့်ဖိစီးမှုများကို ရင်ဆိုင်ရသဖြင့် ကျွန်ုပ်တို့သည် ခြေကုန်ခါနီးဖြစ်နေသည့် အားအင်ကုန်ခန်းနေသောအပြေးသမားတစ်ယောက်နှယ် ခံစားရသောအချိန်ဖြစ်ပေမည်။ သို့သော် ပန်းဝင်မျဉ်းသည် အလွန်နီးနေရာ ကျွန်ုပ်တို့ လက်မလျှော့ရပါ! (၂ ရာဇဝင်ချုပ် ၂၉:၁၁) ကျွန်ုပ်တို့၏ရန်သူကြီးဖြစ်သည့် “ဟောက်သောခြင်္သေ့” က ဤသို့ပင်ဖြစ်စေချင်သည်။ ကျေးဇူးတင်ရမည်မှာ ယေဟောဝါထံတော်တွင် “မောသောသူတို့အား ခွန်အား” ပေးသည့် ပြင်ဆင်ပေးချက်များရှိထားခြင်းဖြစ်သည်။ (ဟေရှာယ ၄၀:၂၉) ဤပြင်ဆင်ပေးချက်များနှင့် ယင်းတို့မှ ကျွန်ုပ်တို့အကျိုးရယူနိုင်ပုံတို့ကို နောက်ဆောင်းပါးတွင် ဆွေးနွေးမည်။
[အောက်ခြေမှတ်ချက်များ]
a ဥပမာ၊ တချို့သူများသည် ခက်ထန်သည့်ဒေါသကဲ့သို့သော နက်ရှိုင်းစွာအမြစ်တွယ်နေသည့် ပင်ကိုစရိုက်ကို ထိန်းချုပ်ရန် သို့မဟုတ် တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်းပြဿနာကို ရှောင်ရှားနိုင်ရန် တွန်းလှန်နေရပေမည်။—နိုးလော့! [လိပ်] မေ ၂၂၊ ၁၉၈၈၊ စာမျက်နှာ ၁၉-၂၁; နိုဝင်ဘာ ၈၊ ၁၉၈၁၊ စာမျက်နှာ ၁၆-၂၀; နှင့် နယူးယောက်မြို့ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသည့် လူငယ်များအမေး—တာသွားသည့်အဖြေ စာမျက်နှာ ၁၉၈-၂၁၁ တွင်ရှု။
b ၁၉၉၂၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၀-၃ ပါ “အကြီးအကဲများ—လွှဲအပ်ကြလေ” ဆောင်းပါးကို ရှု။
သင့်အဖြေကား အဘယ်နည်း
◻ အခြားသူများက ကျွန်ုပ်တို့ကို စိတ်ပျက်လက်ပျက်ဖြစ်စေသောအခါ သို့မဟုတ် ထိခိုက်နာကြည်းစေသောအခါ လက်လျှော့လိုက်ခြင်းကို မည်သို့ရှောင်နိုင်သနည်း။
◻ မလုံမလဲဖြစ်သည့်စိတ်နှင့်ပတ်သက်ပြီး အဘယ်မျှမျှတတရှိသောသဘောထားက အလျှော့ပေးလိုက်ခြင်းမှ ကျွန်ုပ်တို့ကို ကာကွယ်ပေးမည်နည်း။
◻ ယေဟောဝါသည် ကျွန်ုပ်တို့ထံမှ အဘယ်အရာမျှော်လင့်သနည်း။
◻ ကျိုးနွံမှုက ခရစ်ယာန်အကြီးအကဲကို ခြေကုန်လက်ပန်းကျခြင်းမှကာကွယ်ရန် မည်သို့အကူအညီပေးသနည်း။
◻ ဟေဗြဲ ၁၂:၃ ပါပေါလု၏အကြံပေးစကားသည် ယနေ့ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အချိန်သင့်အခါသင့်ဖြစ်သနည်း။