ယေဟောဝါ၏အလိုတော်ကို သူတို့ထမ်းဆောင်ခဲ့ကြ
ယေရှု၏ခွဲခွာခါနီးနှုတ်ဆက်စကားကို အလေးဂရုပြုခြင်း
စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့ညနေတွင် ယေရှုခရစ်နှင့် ကိုယ်တော်၏သစ္စာရှိတမန်တော် ၁၁ ပါးတို့သည် ယေရုရှလင်မြို့အထက်ခန်းမရှိ စားပွဲတစ်ခုတွင် လျောင်းနေကြသည်။ မိမိအသတ်ခံရတော့မည်ကို သိထားကာ သူတို့အား ကိုယ်တော်ဤသို့မိန့်မြွက်ခဲ့သည်– “ငါသည် သင်တို့နှင့်အတူခဏသာနေရ၏။” (ယောဟန် ၁၃:၃၃) အမှန်မှာ ယုဒရှကာရုတ်သည် ယေရှုကို သတ်ပစ်လိုသည့် ဆိုးညစ်သောလူများနှင့် ပူးပေါင်းကြံစည်ရန် ထွက်သွားနှင့်ပြီ။
အရေးပေါ်အခြေအနေကို ယေရှုသိသလောက် ထိုအထက်ခန်းမရှိမည်သူမျှ မသိခဲ့ပါ။ မိမိသည် ဒုက္ခခံရတော့မည်ဖြစ်ကြောင်း ကိုယ်တော်ကောင်းကောင်းသိတော်မူသည်။ မိမိ၏တမန်တော်များသည် ထိုညတွင်ပင် မိမိကိုစွန့်ပြေးကြမည်ကိုလည်း ယေရှုသိတော်မူသည်။ (မဿဲ ၂၆:၃၁; ဇာခရိ ၁၃:၇) ကိုယ်တော်မသေမီ တမန်တော်များနှင့် စကားပြောဆိုရန် ယေရှု၏နောက်ဆုံးအခွင့်အရေးဖြစ်သောကြောင့် ကိုယ်တော်၏နှုတ်ဆက်စကားသည် အရေးအကြီးဆုံးကိစ္စများကို အာရုံစိုက်စေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အသေအချာသိနိုင်သည်။
“ငါ့ကို အောက်မေ့ဖို့ရာဤသို့ပြုကြလော့”
ယေရှုသည် ဂျူးပသခါပွဲကို အစားထိုးမည့် ပွဲတော်အသစ်တစ်ခုကို မိမိ၏သစ္စာရှိတမန်တော်များနှင့်အတူ အစပြုကျင်းပခဲ့သည်။ တမန်တော်ပေါလုက ယင်းကို “သခင်ဘုရား၏ပွဲတော်” ဟုခေါ်ခဲ့သည်။ (၁ ကောရိန္သု ၁၁:၂၀) တဆေးမပါသောမုန့်ကိုယူကာ ယေရှုဆုတောင်းခဲ့သည်။ ထို့နောက် မုန့်ကိုဖဲ့၍ မိမိ၏တမန်တော်တို့ကို ပေးတော်မူခဲ့သည်။ “ယူ၍စားကြလော့၊ ဤကား ငါ့ကိုယ်ခန္ဓာတည်း” ဟုကိုယ်တော်မိန့်တော်မူခဲ့သည်။ ထို့နောက်စပျစ်ရည်ခွက်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းကာ တမန်တော်များကို ပေးပြီး ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့ရှိသမျှသောက်ကြလော့၊ ဤကား အပြစ်ပြေလွတ်စေရန်၊ လူများအဖို့သွန်းသော ‘ပဋိညာဉ်တော်ဆိုင်ရာ ငါ့အသွေး’ တည်း။”—မဿဲ ၂၆:၂၆-၂၈၊ သမ။
ဤအဖြစ်အပျက်၏ထူးခြားချက်ကား အဘယ်နည်း။ ယေရှုမိန့်မြွက်တော်မူခဲ့သည့်အတိုင်း မုန့်သည် ကိုယ်တော်၏အပြစ်မဲ့သော ခန္ဓာကိုယ်ကို ကိုယ်စားပြုသည်။ (ဟေဗြဲ ၇:၂၆; ၁ ပေတရု ၂:၂၂၊ ၂၄) စပျစ်ရည်သည် အပြစ်များကို ခွင့်လွှတ်ပေးရန် စွမ်းဆောင်နိုင်သည့် ယေရှုသွန်းတော်မူသောအသွေးကို အမှတ်သညာပြုသည်။ ကိုယ်တော်ပူဇော်လိုက်သောအသွေးက နောက်ဆုံးတွင် ယေရှုနှင့်အတူ ကောင်းကင်၌အုပ်ချုပ်ကြမည့် ၁၄၄,၀၀၀ သောလူသားများနှင့်ယေဟောဝါဘုရားသခင်အကြားဖွဲ့သော ပဋိညာဉ်သစ်ကိုလည်း အတည်ဖြစ်စေသည်။ (ဟေဗြဲ ၉:၁၄; ၁၂:၂၂-၂၄; ဗျာဒိတ် ၁၄:၁) ဤပွဲတော်တွင် ပါဝင်သုံးဆောင်ရန် မိမိ၏တမန်တော်များကို ဖိတ်ခေါ်လိုက်ခြင်းအားဖြင့် သူတို့သည် ကောင်းကင်နိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူတွဲဖက်ပါဝင်ရကြမည်ဖြစ်ကြောင်း ယေရှုဖော်ပြတော်မူခဲ့သည်။
ဤအမှတ်တရအထိမ်းအမှတ်ပွဲတော်နှင့်စပ်လျဉ်း၍ ယေရှုက “ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုမိန့်မှာတော်မူခဲ့သည်။ (လုကာ ၂၂:၁၉) မှန်ပါသည်၊ သခင့်ညစာစားပွဲသည် ပသခါပွဲကဲ့သို့ပင် နှစ်ပတ်လည်ပွဲတစ်ခုဖြစ်မည်။ ပသခါပွဲက အီဂျစ်ပြည်တွင် ကျွန်ဘဝမှဣသရေလလူမျိုးများ လွတ်မြောက်ခဲ့သည်ကို အမှတ်တရဖြစ်စေသော်လည်း သခင့်ညစာစားပွဲကမူ သာ၍ကြီးမားသောလွတ်မြောက်မှု—အပြစ်နှင့်သေခြင်း၏ကျွန်သပေါက်ဘဝမှ ရွေးနုတ်ကယ်တင်ခံရသော လူသားများကို အာရုံစိုက်ပါမည်။ (၁ ကောရိန္သု ၅:၇; ဧဖက် ၁:၇) ထို့အပြင် ထိုအထိမ်းအမှတ် မုန့်နှင့် စပျစ်ရည်ကို ပါဝင်သုံးဆောင်သူများသည် ဘုရားသခင့် ကောင်းကင်နိုင်ငံတော်တွင် ဘုရင်နှင့် ယဇ်ပုရောဟိတ်များအဖြစ် သူတို့၏အနာဂတ်အခွင့်ထူးများကို အမှတ်ရစေသည်။—ဗျာဒိတ် ၂၀:၆။
ယေရှုခရစ်၏သေခြင်းသည် လူ့သမိုင်းတွင် အမှန်ပင် အရေးအကြီးဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။ ယေရှုပြုတော်မူခဲ့သောအရာများကို လေးမြတ်တန်ဖိုးထားသူများသည် သခင့်ညစာစားပွဲနှင့်စပ်လျဉ်း၍ ကိုယ်တော်၏ဤမိန့်မှာတော်မူချက်ကို နာခံကြသည်– “ငါ့ကို အောက်မေ့ဖို့ရာဤသို့ပြုကြလော့။” ယေဟောဝါသက်သေများသည် နိသန်လ ၁၄ ရက်နှင့် ကိုက်ညီသည့်နေ့စွဲတွင် ယေရှု၏သေခြင်းကို နှစ်စဉ်အမှတ်တရအထိမ်းအမှတ်ပွဲခံကြသည်။ ၁၉၉၆ တွင် ဤနေ့စွဲသည် ဧပြီ ၂ ရက်နေ့ နေဝင်ပြီးနောက်အချိန်တွင် ကျရောက်ပါသည်။ သင့်ဒေသရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် တက်ရောက်ပါရန် လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။
‘ငါသည် သင်တို့ကို ပညတ်သစ်ပေး၏’
ယေရှုသည် သခင့်ညစာစားပွဲကို အစပြုကျင်းပသည့်အပြင် မိမိ၏တမန်တော်များအား နှုတ်ဆက်သြဝါဒစကားများ မိန့်မြွက်တော်မူခဲ့သည်။ သူတို့သည် ကောင်းကောင်းလေ့ကျင့်မှုရထားလင့်ကစား သင်ယူစရာများစွာရှိသေးသည်။ ယေရှုနှင့်ပတ်သက်၍၊ သူတို့ကိုယ်တိုင်နှင့်ပတ်သက်၍၊ အနာဂတ်နှင့်ပတ်သက်၍ ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို သူတို့အပြည့်အဝပိုင်းခြားသိမြင်ခြင်း မရှိခဲ့ကြပါ။ သို့သော် ယေရှုသည် ဤအချိန်တွင် ထိုကိစ္စရပ်အားလုံးကို ရှင်းပြဖို့မကြိုးစားခဲ့ပါ။ (ယောဟန် ၁၄:၂၆; ၁၆:၁၂၊ ၁၃) ယင်းသို့ပြုတော်မူမည့်အစား အလွန်အရေးကြီးသည့်အရာတစ်ခုအကြောင်း မိန့်တော်မူခဲ့သည်။ “သင်တို့သည် အချင်းချင်းတစ်ယောက်ကို တစ်ယောက်ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏” ဟု ကိုယ်တော်မိန့်တော်မူပြီးနောက် ဆက်၍ “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟုမိန့်တော်မူသည်။”—ယောဟန် ၁၃:၃၄၊ ၃၅။
ယင်းသည် အဘယ်နည်းဖြင့် “ပညတ်သစ်” ဖြစ်သနည်း။ အမှန်မှာ မောရှေပညတ်က ဤသို့ ပညတ်ခဲ့သည်– “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။” (ဝတ်ပြုရာ ၁၉:၁၈) သို့ရာတွင် ယေရှုက မိမိ၏နောက်တော်လိုက်များထံမှ ခရစ်ယာန်ချင်းအကျိုးအလို့ငှာ မိမိအသက်ကို ပေးဆက်လိုက်ဖို့အထိတာသွားမည့် ကိုယ်ကျိုးစွန့်မေတ္တာကို တင်ပြရန် တောင်းဆိုတော်မူခဲ့သည်။ အမှန်မှာ၊ ‘မေတ္တာပညတ်’ သည် အလွန်ခက်ခဲမှုမရှိသော အခြေအနေများတွင်လည်း သက်ဆိုင်ပါသည်။ အခြေအနေအရပ်ရပ်တွင် ယေရှုခရစ်၏နောက်တော်လိုက်တစ်ဦးသည် အခြားသူများကို ဝိညာဉ်ရေးအရသော်လည်းကောင်း၊ အခြားနည်းဖြင့်သော်လည်းကောင်း အကူအညီပေးခြင်းဖြင့် မေတ္တာတင်ပြဖို့အတွက် အစပြုလုပ်ဆောင်ပါမည်။—ဂလာတိ ၆:၁၀။
ယေရှုမြေကြီးအသက်တာ၏ ထိုနောက်ဆုံးညတွင် မေတ္တာတော်က မိမိ၏တပည့်တော်များအကျိုးအတွက် ယေဟောဝါဘုရားသခင်ထံ ဆုတောင်းရန် ကိုယ်တော်ကို တိုက်တွန်းလှုံ့ဆော်ခဲ့သည်။ ကိုယ်တော့်ဆုတောင်းချက်တစ်စိတ်တစ်ပိုင်းကား ဤသို့– “ဤသူတို့မူကား ဤလောက၌ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏နာမ၌တည်စေတော်မူပါ။” (ယောဟန် ၁၇:၁၁) ယေရှုသည် မိမိ၏ခမည်းတော်ထံ ဤသို့အသနားခံရာတွင် မိမိ၏နောက်တော်လိုက်များ မေတ္တာဖြင့်စည်းလုံးနေဖို့အတွက် ဆုတောင်းတော်မူခဲ့ခြင်းသည် မှတ်သားစရာဖြစ်သည်။ (ယောဟန် ၁၇:၂၀-၂၃) သူတို့သည် ‘ယေရှုသူတို့ကို ချစ်သည့်နည်းတူ အချင်းချင်းချစ်ဖို့’ လိုသည်။—ယောဟန် ၁၅:၁၂။
ဤသစ္စာရှိတမန်တော်များသည် ယေရှု၏နှုတ်ဆက်စကားများကို အလေးဂရုပြုခဲ့ကြသည်။ ကျွန်ုပ်တို့လည်း ကိုယ်တော်၏မိန့်မှာချက်များကို လိုက်နာသင့်သည်။ ခက်ခဲသော ဤ ‘နောက်ဆုံးကာလ’ တွင် စစ်မှန်သောဝတ်ပြုသူများထဲတွင် မေတ္တာနှင့် စည်းလုံးမှုသည် ယခင်ကထက် ပို၍အရေးကြီးနေပါသည်။ (၂ တိမောသေ ၃:၁) အမှန်မှာ၊ ခရစ်ယာန်စစ်များသည် ယေရှု၏မိန့်မှာတော်မူချက်များကို နာခံကာ ညီရင်းအစ်ကိုမေတ္တာကို ပြသကြသည်။ ယင်းတွင် သခင့်ညစာစားပွဲကို ကျင်းပကြပါဟူသည့် ကိုယ်တော်၏မိန့်မှာချက်ကို နာခံခြင်းပါဝင်သည်။