“ပျက်စီးတတ်သောအစာကိုရခြင်းငှာ မကြိုးစားကြနှင့်”
ဒေးဗစ်လန်းစထရမ် ပြောပြသည်
ညီလေးအဲလ်ဝုဒ်နဲ့ကျွန်တော် လေထဲ ပေ ၃၀ ကျော်အမြင့်မှာ ရောက်နေကြပြီး ကင်းမျှော်စင် စက်ရုံအဆောက်အအုံမှာ ဆိုင်းဘုတ်အသစ်တစ်ခုကို ရေးဆွဲနေကြပါတယ်။ အနှစ် ၄၀ ကျော် ကြာပြီးတဲ့နောက် အဲ့ဒီဆိုင်းဘုတ်ဟာ ခုလိုဆက်ပြီး တိုက်တွန်းနေဆဲပါပဲ– “ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ပါ။” အပတ်စဉ် ထောင်နဲ့ချီတဲ့လူတွေဟာ နာမည်ကျော်ဘရွတ်ကလင်တံတားပေါ် ကားမောင်းသွားရင်း အဲ့ဒီဆိုင်းဘုတ်ကို တွေ့မြင်ကြပါတယ်။
ကျွန်တော်ရဲ့ ကလေးဘဝကို ပြန်မှတ်မိတာတွေကတော့ မိသားစုလျှော်ဖွပ်တဲ့နေ့ အပါအဝင်ပေါ့။ မနက် ၅ နာရီဆိုရင် အမေ အိပ်ရာကထပြီး ကျွန်တော်တို့မိသားစုကြီးရဲ့ အဝတ်အစားတွေကို လျှော်နေမယ်။ အဖေကတော့ အလုပ်သွားဖို့အသင့်ပြင်နေမယ်။ တစ်ချိန်တည်းမှာ အကြိတ်အနယ်ဆွေးနွေးကြမယ်။ လူဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက တစ်နည်းနည်းနဲ့ ဆင့်ကဲဆင့်ကဲဖြစ်လာတယ်လို့ အဖေက အချေအတင်ပြောမယ်။ အမေကတော့ လူတွေဟာ ဘုရားသခင်တိုက်ရိုက်ဖန်ဆင်းလို့ဖြစ်လာတယ်ဆိုတာကို သက်သေပြဖို့ ကျမ်းစာထဲကနေ ကိုးကားတယ်။
ကျွန်တော် ခုနစ်နှစ်သာသာပဲရှိသေးပေမဲ့ အမေ့မှာ သမ္မာတရားရှိထားတယ်ဆိုတာကို သိတယ်။ အဖေ့ကို ကျွန်တော်အလွန်ချစ်ပေမဲ့လည်း သူ့ရဲ့ယုံကြည်ချက်ဟာ အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေတာကို သိမြင်နိုင်ပါတယ်။ နှစ်တွေအလီလီကြာညောင်းပြီးတဲ့နောက် အမေအလွန်မြတ်နိုးတဲ့ ကျမ်းစာကို လူတွေဖတ်ကြဖို့ တိုက်တွန်းတဲ့ ဆိုင်းဘုတ်တစ်ခုကို သားတော်မောင်နှစ်ယောက်က ရေးဆွဲတဲ့အကြောင်း သိလိုက်ရမယ်ဆိုရင် အမေဝမ်းသာလိုက်မယ့်ဖြစ်ခြင်း!
ကျွန်တော့်အကြောင်းတွေတောင် လွန်သွားပြီ။ ဒီအခွင့်ထူးတဲ့အလုပ်ကို ကျွန်တော်ဘယ်လိုလုပ်ခွင့် ရလာသလဲ။ ကျွန်တော်မမွေးမီ သုံးနှစ်အလိုဖြစ်တဲ့ ၁၉၀၆ ခုနှစ်ဆီကို နောက်ကြောင်းပြန်သွားဖို့လိုပါတယ်။
အမေရဲ့ သစ္စာရှိတဲ့စံနမူနာ
အဲဒီတုန်းက ကြင်စဦးဖြစ်တဲ့ အမေနဲ့အဖေတို့ဟာ အရီဇိုးနားမှာ တဲလေးနဲ့နေတဲ့အချိန်ပေါ့။ အဲ့ဒီတုန်းက ယေဟောဝါသက်သေတွေကို ခေါ်တဲ့အမည်ဖြစ်တဲ့ ကျမ်းစာကျောင်းသားတစ်ယောက်က ချားလ်တေဇ်ရပ်စယ်ရေးသားတဲ့ ကျမ်းစာစောင်များမှ လေ့လာစရာများ စာအုပ်တွေကို အစုံလိုက် အမေဆီမှာ လာပြီးဝေငှသွားတယ်။ အမေဟာ အဲ့ဒီစာအုပ်တွေကို တစ်ညလုံးမအိပ်ဘဲ ဖတ်တယ်၊ မကြာခင်မှာပဲ သူရှာနေတဲ့သမ္မာတရားဟာ ဒါပါပဲဆိုတာကို သိမြင်ခဲ့တယ်။ အဖေအလုပ်သွားရှာရာက ပြန်အလာကို အမေ မစောင့်နိုင်ဘဲဖြစ်နေတယ်။
အဖေလည်း ချာ့ချ်တွေရဲ့သွန်သင်ချက်တွေကို မကျေမနပ်ဖြစ်နေလို့ ကျမ်းစာသမ္မာတရားတွေကို တစ်ခဏတော့လက်ခံလိုက်သေးတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ဘာသာရေးမှာ အဖေက သူ့လမ်းသူလျှောက်ပြီး အမေ့ကိုနှောင့်ယှက်ခဲ့သေးတယ်။ ဒါပေမဲ့ အမေဟာ သားသမီးတွေရဲ့ ကာယရေးနဲ့ဝိညာဉ်ရေးကို ဂရုမစိုက်ဘဲ တစ်ခါမှမနေခဲ့ဘူး။
အမေဟာ တစ်နေကုန်ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး ကျွန်တော်တို့အတွက် ကျမ်းပိုဒ်တွေဖတ်ပြပေးဖို့နဲ့ ဝိညာဏရတနာတချို့ ကျွန်တော်တို့ကို ဝေမျှပေးဖို့အတွက် ညတိုင်းအောက်ထပ်ဆင်းဆင်းလာတာကို ကျွန်တော်ဘယ်တော့မှမမေ့ဘူးဗျာ။ အဖေလည်း အလုပ်ကြိုးစားတဲ့သူတစ်ယောက်ပါ။ ကျွန်တော်ကြီးပြင်းလာတဲ့အခါ ဆေးသုတ်တဲ့ပညာကို သူသင်ပေးတယ်။ ဟုတ်ပါတယ်၊ အဖေဟာ ကျွန်တော့်ကို အလုပ်လုပ်ဖို့သင်ပေးတယ်။ ဒါပေမဲ့ အမေကျတော့ ယေရှုသွန်သင်ပေးတဲ့အတိုင်း ‘မပျက်စီးတတ်တဲ့အစာကို ရဖို့အတွက်’ လုပ်ကိုင်တတ်ဖို့ သင်ပေးခဲ့ပါတယ်။—ယောဟန် ၆:၂၇။
နောက်ဆုံးမှာတော့ ကျွန်တော်တို့မိသားစုဟာ စီအဲတဲလ်မြို့အရှေ့ဘက် မိုင် ၁၁၀ လောက်အကွာ ဝါရှင်တန်ပြည်နယ်မှာရှိတဲ့ အဲလဲန်ဇဘာ့ဂ်မြို့လေးမှာ အခြေချခဲ့တယ်။ ကလေးများဖြစ်တဲ့ကျွန်တော်တို့ဟာ အမေနဲ့အတူ ကျမ်းစာကျောင်းသားများရဲ့ အစည်းအဝေးတွေကို စပြီးတက်တုန်းက ကိုယ်ပိုင်အိမ်တွေမှာ စည်းဝေးကြတယ်။ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုမှာ ပါဝင်ဖို့လိုတဲ့အကြောင်း အလေးပေးပြောလာတဲ့အခါကျတော့ အမျိုးသားတစ်ယောက်မကျန် ကျွန်တော်တို့ရဲ့သင်အံမှုအုပ်စုကို စွန့်သွားကြတော့တယ်။ ဒါပေမဲ့ အမေကတော့ မယိမ်းယိုင်ခဲ့ဘူး။ အဲ့ဒါက ယေဟောဝါအဖွဲ့အစည်းရဲ့ ညွှန်ကြားချက်ကို အမြဲတမ်းယုံကြည်စိတ်ချဖို့ ကျွန်တော့်ကို ထာဝစဉ်စွဲမှတ်သွားစေခဲ့တယ်။
ဒီလိုနဲ့ပဲ အဖေနဲ့အမေတို့မှာ သားသမီး ကိုးယောက်ရလာတယ်။ တတိယမြောက်ကလေးဖြစ်တဲ့ ကျွန်တော့်ကို ၁၉၀၉၊ အောက်တိုဘာ ၁ ရက်နေ့မှာ မွေးဖွားခဲ့တယ်။ ကျွန်တော်တို့ထဲက ခြောက်ယောက်ဟာ အမေရဲ့စံနမူနာကောင်းကို တုပခဲ့ပြီး ဇွဲရှိတဲ့ယေဟောဝါသက်သေတွေဖြစ်လာကြတယ်။
ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်း
ကျွန်တော့်ရဲ့ဆယ်ကျော်သက်နှောင်းပိုင်းမှာ ကိုယ့်ကိုယ်ကို ယေဟောဝါထံဆက်ကပ်အပ်နှံပြီး ၁၉၂၇ ခုနှစ်မှာ အဲဒါရဲ့အထိမ်းအမှတ်အနေနဲ့ ရေမှာနှစ်ခြင်းယူခဲ့ပါတယ်။ စီအဲတဲလ်မြို့မှာရှိတဲ့ နဂိုက နှစ်ခြင်းဘုရားရှိခိုးကျောင်းဖြစ်ခဲ့ဖူးတဲ့ အဆောက်အအုံဟောင်းတစ်ခုထဲမှာ နှစ်ခြင်းခံခဲ့တယ်။ အဲဒီဘုရားရှိခိုးကျောင်းမျှော်စင်ဟောင်းကို ဖြုတ်ထားတဲ့အတွက် ကျွန်တော်ဝမ်းသာတယ်။ ကျွန်တော်တို့ကို ဝတ်ရုံရှည်အနက်တွေပေးဝတ်ပြီး မြေအောက်ခန်းရှိ ရေကန်ထဲ တွဲပို့ပေးကြတယ်။ အဲ့လိုလုပ်တာဟာ ဈာပနအခမ်းအနားကိုသွားနေသလိုပဲဗျာ။
လအနည်းငယ်ကြာတော့ စီအဲတဲလ်မြို့ကို ထပ်ပြီးရောက်တယ်၊ အဲ့ဒီအချိန်မှာပဲ အိမ်ပေါက်စေ့ သက်သေခံခြင်းကို ပထမအကြိမ် မြည်းစမ်းခွင့်ရခဲ့တယ်။ ဦးဆောင်တဲ့သူတစ်ဦးက ကျွန်တော့်ကို “ခင်ဗျားက ဒီဘက်အခြမ်းသွား၊ ကျွန်တော်က ဟိုဘက်အခြမ်းသွားမယ်” ဆိုပြီး ညွှန်ကြားလိုက်တယ်။ ကြောက်ကြောက်လန့်လန့်ဖြစ်နေတဲ့ကြားက သိပ်သဘောကောင်းတဲ့ အမျိုးသမီးတစ်ယောက်ကို စာအုပ်ငယ် နှစ်စုံဝေငှခဲ့ရတယ်။ အဲလဲန်ဇဘာ့ဂ်မြို့ကို ကျွန်တော်ပြန်ရောက်တဲ့အခါ အိမ်ပေါက်စေ့ ဓမ္မအမှုကို ဆက်လုပ်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း အနှစ် ၇၀ နီးပါးကြာပြီဖြစ်တဲ့ အခုအချိန်မှာ အဲ့ဒီအမှုဆောင်လုပ်ငန်းဟာ ကျွန်တော့်ကို အကြီးအကျယ်ရွှင်လန်းမှုပေးတုန်းပါပဲ။
ကမ္ဘာ့ဌာနချုပ်တွင် အမှုဆောင်ခြင်း
သိပ်မကြာမီမှာပဲ ကင်းမျှော်စင်အသင်းရဲ့ ကမ္ဘာ့ဌာနချုပ်ဖြစ်တဲ့ ဘရွတ်ကလင်ဗေသလအိမ်မှာအမှုထမ်းတဲ့ ညီအစ်ကိုတစ်ယောက်က အဲ့ဒီမှာ စေတနာ့ဝန်ထမ်းလုပ်ဖို့ ကျွန်တော့်ကို တိုက်တွန်းခဲ့တယ်။ ကျွန်တော်တို့အဲဒီလိုပြောဆိုပြီးနောက် မကြာခင်မှာပဲ ဗေသလအိမ်မှာ အကူအညီလိုနေကြောင်း ကြေညာချက်တစ်ခုကို ကင်းမျှော်စင် မဂ္ဂဇင်းထဲမှာ တွေ့လိုက်ရတယ်။ ဒါနဲ့ ကျွန်တော်လျှောက်လွှာတင်လိုက်တယ်။ ၁၉၃၀၊ မတ်လ ၁၀ ရက်နေ့မှာ ဘရွတ်ကလင်၊ နယူးယောက် ဗေသလမှာအလုပ်ဝင်ရမယ်လို့ သတင်းရလို့ ရွှင်လန်းလိုက်ရတာကို ကျွန်တော်ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဒီလိုနဲ့ပဲ ‘မပျက်စီးတတ်တဲ့အစာ’ အတွက် လုပ်ကိုင်တဲ့ ကျွန်တော့်ရဲ့အချိန်ပြည့်အလုပ်ကို အစပြုလိုက်တယ်။
ကျွန်တော်ဟာဆေးသုတ်သူအဖြစ် အတွေ့အကြုံရှိထားတဲ့အတွက် တစ်ခုခုကို ဆေးသုတ်ဖို့ တာဝန်ပေးခံရမယ်လို့ ထင်ပါလိမ့်မယ်။ အဲ့ဒီလိုမဟုတ်ဘဲ ကျွန်တော့်ရဲ့ပထမဆုံးအလုပ်ဟာ စာအုပ်ချုပ်တဲ့အလုပ်ဖြစ်တယ်။ အဲ့ဒီအလုပ်ဟာ သိပ်ကိုငြီးငွေ့စရာကောင်းပေမဲ့လည်း အဲဒါကို ခြောက်နှစ်ကျော် လုပ်ဆောင်ခဲ့တယ်။ တိုက်သင်္ဘောအိုကြီးလို့ ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ ပတ်လည်ပုံနှိပ်စက်ကြီးကနေ ကျွန်တော်တို့ရှိတဲ့အောက်ထပ်ကို ရွေ့လျားစက်ခါးပတ်နဲ့ စာအုပ်ငယ်တွေရောက်လာတယ်။ တိုက်သင်္ဘောကြီးဆီက စာအုပ်ငယ်တွေရောက်တာနဲ့ ကျွန်တော်တို့ အလျင်မီအောင် ချုပ်နိုင်ဖို့ကြိုးစားကြတာပျော်စရာကြီးပါပဲ။
အဲ့ဒီနောက် ဓာတ်စက်တွေထုတ်လုပ်တဲ့ဌာနပါအပါအဝင် ဌာနတစ်ခုပြီးတစ်ခုမှာ အလုပ်လုပ်ခဲ့ရပါတယ်။ အသံသွင်းထားတဲ့ ကျမ်းစာသတင်းတရားတွေကို အိမ်တံခါးဝတွေမှာ ဖွင့်ပြဖို့ အဲ့ဒီဓာတ်စက်တွေကို အသုံးပြုခဲ့ကြတယ်။ ဒေါင်လိုက်ဓာတ်စက်တစ်မျိုးကို ကျွန်တော်တို့ဌာနမှာရှိတဲ့ စေတနာ့ဝန်ထမ်းများက ပုံစံပြုထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီဓာတ်စက်ဟာ ကြိုတင်အသံသွင်းထားတဲ့ သတင်းတရားတွေကို ဖွင့်နိုင်ရုံမကဘူး စာအုပ်ငယ်တွေနဲ့ အသားညှပ်ပေါင်မုန့်လိုအရာကို သယ်သွားဖို့အတွက်လည်း သီးခြားအကန့်ပါတယ်။ ကျွန်တော်ဟာ ၁၉၄၀ ပြည့်နှစ်က မစ်ရှီဂန်ပြည်နယ် ဒက်ထရွိုက်မြို့မှာကျင်းပတဲ့ ခရိုင်စည်းဝေးကြီးမှာ အဲ့ဒီကိရိယာသစ်အသုံးပြုနည်းကို သရုပ်ပြပေးခွင့်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ဟာ စက်များကိုသာ ကြံဆထုတ်လုပ်ခဲ့တာမဟုတ်ပါဘူး။ အရေးကြီးတဲ့ ဝိညာဉ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်ခဲ့ကြတယ်။ ဥပမာအနေနဲ့ ယေဟောဝါသက်သေတွေဟာ လက်ဝါးကပ်တိုင်နဲ့ သရဖူအမှတ်အသားပါတဲ့ရင်ထိုးကို တပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ယေရှုဟာ လက်ဝါးကပ်တိုင်ပေါ်မှာမဟုတ်ဘဲ တိုင်ဖြောင့်တစ်ချောင်းပေါ်မှာ အသတ်ခံခဲ့ရကြောင်း အဲ့ဒီအချိန်မှာ နားလည်လာကြတယ်။ (တမန်တော် ၅:၃၀) ဒါနဲ့ပဲ အဲ့ဒီရင်ထိုးတပ်တာကို ရပ်တန်းကရပ်ပစ်ခဲ့ကြတယ်။ ရင်ထိုးဆီကချိတ်ကို ဖယ်ရှားဖို့ ကျွန်တော့်ရဲ့အခွင့်အရေးပါပဲ။ နောက်ပိုင်းမှာ အဲ့ဒီရွှေကို အရည်ကြိုပြီး ရောင်းပစ်လိုက်တယ်။
ကျွန်တော်တို့ဟာ အပတ်စဉ် ငါးရက်ခွဲအလုပ်ဇယားအတိုင်း လက်မလည်နိုင်အောင်လုပ်ကြရပေမဲ့လည်း သီတင်းပတ်ရဲ့အဆုံးပိုင်း ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်ကြပါတယ်။ တစ်နေ့ ဘရွတ်ကလင်မှာ ကျွန်တော်တို့ ၁၆ ယောက် အဖမ်းခံရပြီး ထောင်သွင်းအကျဉ်းချခံခဲ့ကြရတယ်။ ဘာကြောင့်ဖြစ်မလဲ။ ဒီလိုလေ၊ ဘာသာတရားမှန်သမျှဟာ မှားယွင်းတဲ့ဘာသာပါပဲဆိုပြီး အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ ယူမှတ်ထားကြတယ်။ ဒါ့ကြောင့် တစ်ဖက်မှာ “ဘာသာတရားသည် ထောင်ချောက်တစ်ခုနှင့် မသမာနည်းဖြင့်စီးပွားရှာမှုတစ်ခုဖြစ်သည်” လို့ရေးထားပြီး နောက်တစ်ဖက်မှာတော့ “ဘုရားသခင်နှင့် ခရစ်တော်ဘုရင်ထံ အမှုဆောင်ကြ” လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကျွန်တော်တို့ သယ်ဆောင်ခဲ့ကြတယ်။ အဲ့ဒီဆိုင်းဘုတ်တွေကို သယ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အကျဉ်းချခံရခြင်းဖြစ်ပါတယ်၊ ဒါပေမဲ့ ကင်းမျှော်စင်အသင်းရဲ့ရှေ့နေ ဟေဒင် ကာဗင်တန်က ကျွန်တော်တို့ကို အာမခံနဲ့ထုတ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ လွတ်လွတ်လပ်လပ်ဝတ်ပြုခွင့်နဲ့ပတ်သက်တဲ့ ကိစ္စအမြောက်အမြားကို အမေရိကန်ပြည်ထောင်စုရဲ့ တရားရုံးချုပ်မှာ တရားဆိုင်နေရပြီး တရားနိုင်တဲ့သတင်းတွေကို ဗေသလအိမ်ကနေ ကျွန်တော်တို့ တိုက်ရိုက်ကြားနေရတော့ ဘဝင်လှိုက်စရာပဲဗျာ။
နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ဆေးသုတ်အတွေ့အကြုံကို အသုံးချရတဲ့ အလုပ်တွေမှာ တာဝန်ရခဲ့တယ်။ နယူးယောက်မြို့တော်ရဲ့ ရပ်ကွက်ငါးခုထဲက တစ်ခုဖြစ်တဲ့ စတက်တင်ကျွန်းမှာ ကျွန်တော်တို့ရဲ့ ဒဘယ်လျူဘီဘီအာရ် ရေဒီယိုအသံလွှင့်ဌာနရှိတယ်။ အသံလွှင့်ဌာနရဲ့ ရေဒီယိုအသံလွှင့်မျှော်စင်တွေဟာ ပေ ၂၀၀ ကျော်မြင့်တယ်၊ မျှော်စင်တွေကို ဝါယာကြိုး သုံးစုံနဲ့ဆိုင်းထားတယ်။ အဖော်တစ်ယောက်က အပေါ်ကိုဆွဲတင်ထားပေးတဲ့ သုံးပေရှည်ပြီး ရှစ်လက်မကျယ်တဲ့ ပျဉ်ပြားပေါ်မှာ ကျွန်တော်ထိုင်တယ်။ မြေပြင်အမြင့်မှာရှိတဲ့ အဲ့ဒီထိုင်စရာကျဉ်းကျဉ်းလေးမှာထိုင်ပြီး ဆိုင်းကြိုးတွေနဲ့ မျှော်စင်တွေကို ကျွန်တော် ဆေးသုတ်တယ်။ အဲ့ဒီအလုပ်ကိုလုပ်နေတုန်း အကြီးအကျယ်ဆုမတောင်းကြဘူးလားလို့ တချို့သူတွေက ကျွန်တော့်ကို မေးခဲ့ကြတယ်ဗျာ!
ကျွန်တော်မေ့မရတဲ့ နွေရာသီလုပ်ငန်းတစ်ခုကတော့ စက်ရုံအဆောက်အအုံရဲ့ ပြတင်းပေါက်တွေကို ဆေးကြောပြီး အဲ့ဒီပြတင်းပေါက်တွေရဲ့ တံခါးခုံတွေကို ဆေးသုတ်ခြင်းဖြစ်ပါတယ်။ အဲ့ဒီအလုပ်ကို ကျွန်တော်တို့က နွေရာသီအားလပ်ရက်လို့ခေါ်တယ်။ ကျွန်တော်တို့ဟာ ရှစ်ထပ်ရှိတဲ့အဆောက်အအုံကို သစ်သားငြမ်းဆင်ပြီး စက်သီးကြိုးနဲ့ အတက်အဆင်းလုပ်ကြတယ်။
အားပေးထောက်မသောမိသားစု
၁၉၃၂ ခုနှစ်မှာ အဖေဆုံးသွားတယ်၊ ဒီတော့ အိမ်ပြန်ပြီး အမေကို စောင့်ရှောက်ရင်ကောင်းမလားဆိုပြီး ကျွန်တော်တွေးမိတယ်။ ဒါနဲ့ တစ်နေ့၊ နေ့လယ်စာမစားမီ အသင်းရဲ့ဥက္ကဋ္ဌ ညီအစ်ကို ရပ်သဖော့ဒ် ထိုင်တဲ့ စားပွဲဦးစီးတဲ့နေရာမှာ စာတိုလေးတစ်စောင်ရေးပြီး တင်ထားလိုက်တယ်။ အဲ့ဒီထဲမှာ ကျွန်တော်သူနဲ့စကားပြောလိုကြောင်း ရေးထားတယ်။ သူက ကျွန်တော့်စိုးရိမ်မှုတွေကိုရယ်၊ အိမ်မှာ ကျွန်တော့်ရဲ့ညီ၊ ညီမတွေရှိတယ်ဆိုတာကိုရယ် စုံစမ်းသိရှိတဲ့အခါမှာ ကျွန်တော့်ကို “ဗေသလအိမ်မှာနေပြီး သခင်ရဲ့အလုပ်ကို လုပ်ဆောင်လိုသလား” လို့မေးတယ်။
“တကယ်ကို လုပ်ချင်ပါတယ်” လို့ ကျွန်တော်ပြန်ဖြေတယ်။
ဒါကြောင့် ကျွန်တော်ရဲ့ဆုံးဖြတ်ချက်အတိုင်းနေဖို့ကို အမေသဘောတူမတူသိရအောင် အမေ့ဆီကို စာရေးဖို့ ကျွန်တော်ကို သူအကြံပေးတယ်။ သူအကြံပေးတဲ့အတိုင်းကျွန်တော်ရေးခဲ့တယ်၊ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို လုံးလုံးသဘောတူကြောင်း အမေကစာပြန်ခဲ့တယ်။ ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ကြင်နာမှုနဲ့ အကြံဉာဏ်ကို ကျွန်တော် တကယ်ကျေးဇူးတင်လေးစားတယ်။
ဗေသလမှာ အမှုဆောင်တဲ့နှစ်ပေါင်းများစွာအတွင်း ကျွန်တော့်ရဲ့မိသားစုဆီကို စာမှန်မှန်ရေးပြီး ယေဟောဝါကို ဝတ်ပြုဖို့အမေက ကျွန်တော့်ကို အားပေးခဲ့သလို သူတို့ကိုလည်း ကျွန်တော်အားပေးတိုက်တွန်းခဲ့တယ်။ ၁၉၃၇ ခုနှစ် ဇူလိုင်လမှာ အမေဆုံးသွားတယ်။ အမေဟာ မိသားစုအတွက် တကယ့်လှုံ့ဆော်အားပေးသူပါပဲဗျာ! ကျွန်တော့်အကိုနဲ့အမဖြစ်တဲ့ ပေါလ်နဲ့ အက်စတာ၊ ညီမလေး လိုးအစ္စ တို့ပဲ သက်သေခံတွေဖြစ်မလာကြဘူး။ ဒါပေမဲ့ ပေါလ်ဟာ ကျွန်တော်တို့ရဲ့အလုပ်ကို သဘောကျပြီး ကျွန်တော်တို့ရဲ့ဦးဆုံး ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်ဖို့ မြေကွက်တွေပေးခဲ့ပါတယ်။
၁၉၃၆ ခုနှစ်မှာ ကျွန်တော့်ရဲ့ညီမ အီဗာဟာ ရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့်ဟောပြောသူတစ်ဦး ဖြစ်လာပါတယ်။ အဲ့ဒီနှစ်မှာပဲ ရာ့ဖ် တောမတ်စ်နဲ့ အိမ်ထောင်ကျပြီး ၁၉၃၉ ခုနှစ်မှာ ယေဟောဝါသက်သေများရဲ့ အသင်းတော်တွေမှာ နယ်လှည့်လုပ်ငန်းလုပ်ဆောင်ဖို့ သူတို့တာဝန်ပေးခြင်းခံရပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ဟာ မက္ကဆီကိုကို ပြောင်းသွားပြီး အဲ့ဒီမှာ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို ၂၅ နှစ်ကြာထမ်းဆောင်ခဲ့ပါတယ်။
၁၉၃၉ ခုနှစ်မှာ ကျွန်တော့်ရဲ့ညီမတွေဖြစ်တဲ့ အဲလစ္စနဲ့ ဖရန်စစ္စတို့လည်း ရှေ့ဆောင်လုပ်ငန်းကို ဝင်ရောက်ခဲ့ကြတယ်။ ၁၉၄၁ ခုနှစ်က စိန့်လူးဝစ္စမှာကျင်းပတဲ့ ခရိုင်စည်းဝေးကြီးမှာ အဲလစ္စကကျွန်တော် ပါဝင်ကူညီထုတ်လုပ်ခဲ့တဲ့ ဓာတ်စက်ကိရိယာအသုံးပြုနည်းကို ကောင်တာနောက်ကနေသရုပ်ပြနေတာ တွေ့ရတော့ ပျော်လိုက်တာ မပြောပါနဲ့တော့! အဲလစ္စဟာ မိသားစုတာဝန်တွေကြောင့် ရှေ့ဆောင်လုပ်ငန်းကို ပြတ်တောင်းပြတ်တောင်းလုပ်ရပေမဲ့လည်း အချိန်ပြည့်ဓမ္မအမှုမှာ သူပါဝင်ခဲ့တဲ့အချိန် စုစုပေါင်း အနှစ် ၄၀ ကျော်တယ်။ ဖရန်စ္စကတော့ ၁၉၄၄ ခုနှစ်မှာ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းကို တက်ခဲ့ပြီး ပွာတိုရီကိုမှာ သာသနာပြုအနေနဲ့ အခိုက်အတန့် အမှုဆောင်ခဲ့တယ်။
မိသားစုထဲမှာ အငယ်ဆုံးနှစ်ယောက်ဖြစ်တဲ့ ဂျိုဝလ်နဲ့ အဲလ်ဝုဒ်တို့ဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေရဲ့အစောပိုင်းကျတော့ မွန်တာနားမှာ ရှေ့ဆောင်တွေဖြစ်လာတယ်။ ဂျိုဝလ်ဟာ သစ္စာရှိသက်သေခံတစ်ဦးအဖြစ် ဆက်လက်တည်မြဲခဲ့ပြီး အခုအခါမှာ ဓမ္မအမှုထမ်းတစ်ဦးအဖြစ် အမှုဆောင်နေပါတယ်။ အဲလ်ဝုဒ်ဟာ ၁၉၄၄ ခုနှစ်မှာ ကျွန်တော်နဲ့အတူ ဗေသလလုပ်ငန်းမှာ ပါဝင်လာတဲ့အတွက် ကျွန်တော်အရမ်းပျော်ခဲ့ရတယ်။ ကျွန်တော်အိမ်ကနေထွက်လာတုန်းက သူ့အသက် ငါးနှစ်တောင်မပြည့်သေးဘူး။ စောစောကဖော်ပြခဲ့တဲ့အတိုင်း ကျွန်တော်တို့နှစ်ယောက် စက်ရုံအဆောက်အအုံပေါ်က “ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ပါ” ဆိုတဲ့ဆိုင်းဘုတ်ကို ရေးဆွဲခဲ့ကြတယ်။ နှစ်များစွာတစ်လျှောက် ဒီဆိုင်းဘုတ်ကို မြင်တဲ့လူဘယ်နှစ်ယောက်ဟာ ကျမ်းစာကို ဖတ်ဖို့ တိုက်တွန်းခံရကြပြီလဲဆိုတာကို ကျွန်တော်မကြာမကြာစဉ်းစားကြည့်မိတယ်။
အဲလ်ဝုဒ်ဟာ အင်မ်မာ ဖလိုက်နဲ့အိမ်ထောင်ပြုလိုက်တဲ့ ၁၉၅၆ ခုနှစ်အထိ ဗေသလမှာ အမှုထမ်းခဲ့ပါတယ်။ အဲလ်ဝုဒ်နဲ့ အင်မ်မာတို့ဟာ အချိန်ပြည့်ဓမ္မအမှုမှာ နှစ်ပေါင်းများစွာအမှုဆောင်ပြီး ကင်ညာ၊ အာဖရိကနဲ့ စပိန်နိုင်ငံတွေမှာ ခဏလောက်အမှုဆောင်ခဲ့သေးတယ်။ အဲလ်ဝုဒ်ဟာ ကင်ဆာရောဂါဖိစီးခံရပြီး ၁၉၇၈ ခုနှစ်လည်းရောက်ရော စပိန်နိုင်ငံမှာ ဆုံးသွားရှာတယ်။ အင်မ်မာဟာ အခုအထိ စပိန်နိုင်ငံမှာ ရှေ့ဆောင်ဆက်လုပ်နေတုန်းပဲ။
အိမ်ထောင်ပြုပြီး သားသမီးရခြင်း
၁၉၅၃ စက်တင်ဘာလမှာ ကျွန်တော်တက်နေတဲ့ ဘရွတ်ကလင် စယ်န်တာအသင်းတော်က ရှေ့ဆောင်တစ်ယောက်ဖြစ်တဲ့ အဲလစ္စရိဗ္ဗာရာကို လက်ထပ်ဖို့ ဗေသလကနေထွက်လိုက်တယ်။ ကျွန်တော်ဟာ ကောင်းကင်မျှော်လင့်ချက်ရှိတဲ့သူတစ်ဦးဆိုတာကို အဲလစ္စကို အသိပေးခဲ့တယ်၊ ဒါပေမဲ့ သူလေးက ကျွန်တော့်ကို လက်ထပ်ချင်နေတုန်းပဲဗျာ။—ဖိလိပ္ပိ ၃:၁၄။
ဗေသလမှာ ၂၃ နှစ်နေပြီးတဲ့နောက် အဲလစ္စနဲ့ကျွန်တော် ရှေ့ဆောင်လုပ်ငန်း ဆက်လုပ်နိုင်ဖို့ ဆေးသုတ်သမားတစ်ယောက်အဖြစ် လောကီလုပ်ငန်းကိုစလုပ်ခြင်းဟာ လုံးလုံးအပြောင်းအလဲကြီးပဲဗျာ။ ကျန်းမာရေးကြောင့် သူရှေ့ဆောင်နားလိုက်ရတဲ့အချိန်မှာတောင် အဲလစ္စဟာ အမြဲပဲထောက်မပေးခဲ့တယ်။ ၁၉၅၄ မှာ ကျွန်တော်တို့ရဲ့သားဦးလေးကို ကိုယ်ဝန်ရလာတယ်။ ကျွန်တော်တို့ရဲ့သားလေး ဂျွန်ဟာ ကျန်းကျန်းမာမာရှိပေမဲ့ သူ့ကို ခဲရာခဲဆစ်မွေးခဲ့ရတယ်။ အဲလစ္စဟာ ခွဲမွေးတဲ့အချိန်အတွင်း သွေးအများကြီးထွက်တဲ့အတွက်ကြောင့် ဆရာဝန်တွေက သူအသက်ရှင်မယ်လို့တောင်မထင်ဘူး။ တစ်ခါကျတော့ သူတို့ဟာ သွေးခုန်နှုန်းတောင်တိုင်းလို့မရတော့ဘူး။ ဒါပေမဲ့ အဲ့ဒီညမှာ သူအသက်ဆက်ခဲ့ပြီး တဖြည်းဖြည်းနဲ့ ကောင်းကောင်း နာလန်ပြန်ထူလာတယ်။
နှစ်အနည်းငယ် ကြာပြီးတဲ့နောက် အဲလစ္စရဲ့အဖေ ဆုံးသွားတော့ သူ့အမေနဲ့အတူနေဖို့ လောင်းအိုင်လန်ကို ကျွန်တော်တို့ပြောင်းခဲ့ကြပြန်တယ်။ ကျွန်တော်တို့မှာ ကားမရှိတော့ သွားရေးလာရေးအတွက် လမ်းလျှောက်တယ် ဒါမှမဟုတ် ဘတ်စကား၊ မြေအောက်ရထားတို့ကို သုံးတယ်။ ကျွန်တော်ဟာ အဲ့လိုနဲ့ပဲ ရှေ့ဆောင်လုပ်ငန်းမှာ ဆက်လက်ပါဝင်နိုင်ပြီး မိသားစုကိုလည်း ထောက်ပံ့နိုင်ခဲ့တယ်။ အချိန်ပြည့်ဓမ္မအမှုကနေရတဲ့ ရွှင်လန်းမှုတွေဟာ အနစ်နာခံလိုက်တဲ့အဘယ်အရာထက်မဆို ပိုပြီးအလေးသာပါတယ်။ အလားအလာကောင်းတဲ့ ဗေစ်ဘောနဲ့အသက်မွေးမှုကို စွန့်လွှတ်ပြီး သက်သေခံဖြစ်လာတဲ့ ဂျိုး နော်တော်လီ လိုပုဂ္ဂိုလ်မျိုးကို ကူညီပေးရခြင်းဟာ ကျွန်တော်ရရှိတဲ့ကောင်းချီးတွေထဲက တစ်ခုသာဖြစ်ပါတယ်။
၁၉၆၇ ကျတော့ နယူးယောက်ဒေသမှာ အခြေအနေတွေဟာ ပိုပြီးဆိုးလာတဲ့အတွက်ကြောင့် အဲလစ္စနဲ့ ဂျွန်ကို ခေါ်ပြီး ကျွန်တော့်ရဲ့မွေးရပ်ဖြစ်တဲ့ အဲလဲန်ဇဘာ့ဂ်မြို့မှာ ပြန်နေဖို့ ဆုံးဖြတ်ခဲ့တယ်။ ခုဆိုရင် အမေ့ရဲ့ မြေးတွေ၊ မြစ်တွေအများကြီး အချိန်ပြည့်ဓမ္မအမှုမှာ ပါဝင်နေတာကို တွေ့လိုက်ရတော့ ကျေနပ်ပီတိဖြစ်မိတယ်ဗျာ။ တချို့က ဗေသလမှာတောင် အမှုထမ်းကြတယ်။ ဂျွန်တို့လင်မယားနဲ့ သူတို့ကလေးတွေလည်း ယေဟောဝါရဲ့အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်နေကြတယ်။
ဝမ်းနည်းစရာကတော့ ၁၉၈၉ ခုနှစ်မှာ ကျွန်တော့်ရဲ့ချစ်လှစွာသောဇနီး အဲလစ္စ ဆုံးသွားရှာတယ်။ အချိန်ပြည့်ဓမ္မအမှုမှာ ဆက်ပြီးအလုပ်များနေတာဟာ အဲ့ဒီဆုံးရှုံးမှုကို ခံရပ်နိုင်ဖို့ အကူအညီဖြစ်စေခဲ့တယ်။ အခုအခါမှာ ကျွန်တော့်ညီမ အဲလစ္စနဲ့ ကျွန်တော်တို့ဟာ ရှေ့ဆောင်အတူတူလုပ်နေကြတယ်။ တစ်အိမ်ထဲမှာ အတူပြန်နေပြီး အရေးကြီးဆုံးလုပ်ငန်းမှာ ကျွန်တော်တို့ အလုပ်များနေကြခြင်းဟာ ဘယ်လောက်ကောင်းလိုက်သလဲ!
၁၉၉၄ ခုနှစ် နွေဦးမှာ ၂၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ဗေသလကို သွားလည်ခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်က ကျွန်တော်နဲ့အတူအလုပ်လုပ်ခဲ့ကြတဲ့ ဒါဇင်နဲ့ချီတဲ့လူတွေကို ပြန်တွေ့လိုက်ရတော့ တကယ့်ကို ပျော်တယ်ဗျာ! ၁၉၃၀ ပြည့်နှစ်မှာ ကျွန်တော်ဗေသလကို စရောက်တုန်းက ဗေသလမိသားစုဝင် ၂၅၀ ပဲရှိသေးတယ်။ ခုဆိုရင် ဘရွတ်ကလင်ဗေသလမိသားစုမှာ အရေအတွက် ၃,၅၀၀ ရှိနေပြီလေ!
ဝိညာဉ်အစာထောက်ပံ့ခံရ
မနက်စောစောတိုင်းလိုလို ကျွန်တော့်အိမ်အနီးမှာရှိတဲ့ ယပ်ကမောမြစ်တစ်လျှောက် လမ်းလျှောက်ထွက်တယ်။ အဲ့ဒီကနေဆိုရင် ပေ ၁၄,၀၀၀ ကျော် မြင့်ပြီး ခန့်ညားထည်ဝါလှတဲ့ နှင်းတွေဖုံးလွှမ်းနေတဲ့ ရနီးယားတောင်ကို တွေ့မြင်နိုင်ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေ တကယ်ပေါတယ်ဗျာ။ တစ်ခါတလေဆိုရင် ရွှေသမင်ကို ကျွန်တော်တွေ့တယ်၊ တစ်ခါတုန်းကဆိုရင် အကြီးစားသမင်တစ်ကောင်ကိုတောင် တွေ့ခဲ့တယ်။
အဲ့လိုအေးအေးဆေးဆေးနဲ့ တစ်ယောက်ထဲရှိတဲ့အချိန်တွေမှာ ယေဟောဝါရဲ့အံ့ဖွယ်အထောက်အပံ့တွေကို စဉ်းစားတွေးတောမိတယ်။ ကျွန်တော်တို့ရဲ့ဘုရားသခင်ယေဟောဝါကို သစ္စာရှိရှိဆက်ပြီး အမှုဆောင်နိုင်တဲ့ခွန်အားရဖို့ ဆုတောင်းတယ်။ လမ်းလျှောက်နေရင်း သီချင်းဆိုတာလည်း ကျွန်တော်ကြိုက်တယ်။ အထူးသဖြင့် “ယေဟောဝါ၏စိတ်ပျော်ရွှင်စေ” သီချင်းပဲ။ စကားလုံးတချို့ကတော့ “လိုတော်ဆောင်ရန် ကတိပြုလေ၊ ဉာဏ်နှင့်မှုတော် ပြည့်စုံစေ၊ တို့ပါဝင်ရာ သိထားထိုခါ၊ မေတ္တာပျော်ရာ ဆောင်ရွက်ပေးမှာ” တို့ဖြစ်တယ်။
ယေဟောဝါရဲ့နှလုံးတော်ကို ရွှင်ပြုံးစေတဲ့ အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော်ဝမ်းသာမိတယ်။ ကတိတော်ရှိထားတဲ့ ကောင်းကင်ဆုကျေးဇူးကို ရရှိတဲ့အထိ အဲ့ဒီလုပ်ငန်းမှာ ဆက်ပြီးလုပ်ဆောင်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းမိတယ်ဗျာ။ မိမိတို့ရဲ့အသက်တာတွေကို ‘မပျက်စီးတတ်တဲ့အစာရဖို့ကြိုးစားရေး’ မှာ အသုံးပြုကြဖို့ ဒီဘဝဇာတ်ကြောင်းက အခြားသူတွေကို လှုံ့ဆော်မှုပေးပါစေလို့ ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်။—ယောဟန် ၆:၂၇။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အဲလ်ဝုဒ်ရေးဆွဲသည့် “ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ပါ” ဆိုင်းဘုတ်
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ဂရန့်စူးတာ၊ ဂျွန် ကူရ်ဇန်တို့နှင့်အတူ ၁၉၄၀ ပြည့်နှစ်ခရိုင်စည်းဝေးကြီးတွင် ဓာတ်စက်အသစ်ကို သရုပ်ပြနေစဉ်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၄၄ ခုနှစ်တွင် ကျွန်တော်တို့အားလုံးသည် အချိန်ပြည့်ဓမ္မအမှုဆောင်များဖြစ်ကြသည်– ဒေးဗစ်၊ အဲလစ္စ၊ ဂျိုဝလ်၊ အီဗာ၊ အဲလ်ဝုဒ်နှင့် ဖရန်စစ္စ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
သက်ရှိထင်ရှားနေသည့် သားချင်းများ။ ဝဲမှယာ– အဲလစ္စ၊ အီဗာ၊ ဂျိုဝလ်၊ ဒေးဗစ်နှင့် ဖရန်စစ္စ