စာရှုသူများထံမှ မေးခွန်းလွှာ
တမန်တော်ပေါလုက မိမိသည် “နောက်၌ရှိသောအရာကို မေ့ပစ်ပြီးလျှင် ရှေ့ ၌ရှိသောအရာသို့ ရောက်ခြင်းငှာ အစွမ်းကုန်ကြိုးစား” ကြောင်း ပြောသောအခါ သူဘာကိုဆိုလိုသနည်း။ (ဖိလိပ္ပိ ၃:၁၃၊ သတင်းကောင်း) လူတစ်ဦးသည် တစ်ခုခုကို တမင်တကာ မေ့ပစ်နိုင်ပါသလော။
မမေ့ပစ်နိုင်ပါ၊ အများအားဖြင့် ကျွန်ုပ်တို့၏စိတ်ထဲတွင် မှတ်ထားသည့်အရာတစ်ခုကို တမင်တကာ ဖယ်ထုတ်ပစ်၍မရနိုင်ပါ။ ကျွန်ုပ်တို့သည် မိမိတို့သတိရလိုသည့်အရာများစွာကို မေ့ကြပြီး မေ့ပစ်လိုက်လိုသည့်အရာများစွာကို သတိရကြသည်မှာ အဖြစ်မှန်ပင်ဖြစ်သည်။ သို့ဆိုလျှင် ဖိလိပ္ပိ ၃:၁၃ ပါစကားများကို ပေါလုရေးသားခဲ့စဉ်က သူဘာကိုဆိုလိုခဲ့သနည်း။ ကျမ်းချက်၏အထက်အောက်စကားများက နားလည်ရန် ကျွန်ုပ်တို့ကို ထောက်ကူသည်။
ဖိလိပ္ပိ အခန်းကြီး ၃ တွင် ပေါလုက သူတွင် “ဇာတိ၌ကိုးစားစရာအကြောင်းရှိ” ကြောင်း ဖော်ပြထားသည်။ အပြစ်ဆိုစရာမရှိသော သူ၏ဂျူးလူမျိုးအဖြစ်နောက်ခံနှင့် ပညတ်တရားဘက်တွင် သူ၏ဇွဲနှင့်ပတ်သက်ပြီး ပြောနေခြင်းဖြစ်သည်—ယင်းတို့သည် ဣသရေလလူမျိုးတွင် အခွင့်အရေးများစွာ ရရှိစေနိုင်သည့်အရာများဖြစ်သည်။ (ဖိလိပ္ပိ ၃:၄-၆; တမန်တော် ၂၂:၃-၅) သို့တိုင်၊ သူသည် ဤအခွင့်အရေးများကိုကျောခိုင်းခဲ့ပြီး ပစ္စည်းတစ်ခုကို လက်လွှတ်အဆုံးရှုံးခံလိုက်သကဲ့သို့ ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ သူသည် သာ၍ကောင်းသောအရာတစ်ခု—‘ခရစ်တော်ယေရှုကို သိကျွမ်းခြင်း၏ အလွန်အကဲထူးမြတ်မှု’ ကို တွေ့ရှိထားသောကြောင့်ပင်တည်း။—ဖိလိပ္ပိ ၃:၇၊ ၈၊ သမ္မာ။
ပေါလု၏ အဓိကပန်းတိုင်မှာ လောကတွင် ရာထူးရာခံများရဖို့မဟုတ်ဘဲ ‘သေခြင်းမှ စောစောထမြောက်ခွင့်’ ရရန်ဖြစ်သည်။ (ဖိလိပ္ပိ ၃:၁၁၊ ၁၂၊ ကဘ) ထို့ကြောင့် သူဤသို့ရေးသည်– “နောက်၌ရှိသောအရာကို မေ့ပစ်ပြီးလျှင် ရှေ့ ၌ရှိသောအရာသို့ရောက်ခြင်းငှာ အစွမ်းကုန်ကြိုးစား၏။ သို့ဖြစ်၍ ငါသည် ဆုကိုရရန်ပန်းတိုင်သို့ ရှေ့ ရှုလျက်ပြေး၏။ ထိုဆုကား အထက်အရပ်၌ အသက်ရှင်ရေးအတွက် ခရစ်တော်ယေရှုအားဖြင့် ထာဝရဘုရားဖိတ်ခေါ်တော်မူခြင်းပင်ဖြစ်သတည်း။” (ဖိလိပ္ပိ ၃:၁၃၊ ၁၄၊ သတင်းကောင်း) “နောက်၌ရှိသောအရာကို မေ့ပစ်” ကြောင်း ပေါလုပြောသောအခါတွင် သူ့စိတ်ထဲတွင်ရှိသည့် “နောက်၌ရှိသောအရာ” ကို တစ်နည်းနည်းနှင့် ဖျောက်ဖျက်ပစ်လိုက်သည်ဟု မဆိုလိုပါ။ သူ စီကာပတ်ကုံးပြောပြပြီးခါမျှဖြစ်သောကြောင့် ယင်းတို့ကို သူသတိရနေဆဲဖြစ်ကြောင်း ထင်ရှားသည်။ ထို့အပြင် မူရင်းဂရိတွင် ပြီးစီးသွားသောလုပ်ရပ်ကိုမဟုတ်ဘဲ၊ ပြုဆဲလုပ်ရပ်တစ်ခုကို ရည်ညွှန်းသည့် ကြိယာသဏ္ဌာန်ကို သူအသုံးပြုသည်။ သူက “မေ့သွားပြီ” ဟုမဆိုဘဲ “မေ့” သည်ဟုဆိုထားသည်။
“မေ့” ဟူသည့်စကားလုံး (အက်ပီလန်သားနိုမိုင်) ကို ပြန်ဆိုထားသည့် ဂရိစကားလုံးတွင် “အမှုမထားဘဲနေသည်” သို့မဟုတ် “လျစ်လျူရှုသည်” စသည်ဖြင့် အနည်းငယ်စီ ခြားနားသည့်အဓိပ္ပာယ်များရှိကြသည်။ (ဟောစ်တ် ဘတ်ဇ်နှင့် ဂယ်ဟတ်ရှနေးဒါးတို့တည်းဖြတ်သည့်) ဓမ္မသစ်ကျမ်း အနက်ဖွင့်အဘိဓာန် အရ ဖိလိပ္ပိ ၃:၁၃ ပါသော “မေ့” ဟူသည့်အဓိပ္ပာယ်မှာ ဤအဓိပ္ပာယ်ပင်ဖြစ်သည်။ ပေါလုသည် မိမိစွန့်လွှတ်ခဲ့သည့်အရာများကို တစ်ချိန်လုံးစဉ်းစားမနေခဲ့ပါ။ ယင်းတို့ကို စာမဖွဲ့လောက်သည့်အရာအဖြစ် ရှုမြင်ရန် သဘောပေါက်ခဲ့သည်။ ယင်းတို့သည် ကောင်းကင်မျှော်လင့်ချက်နှင့် နှိုင်းစာကြည့်လျှင် “အမှိုက်သရိုက်” ကဲ့သို့ဖြစ်သွားသည်။—ဖိလိပ္ပိ ၃:၈၊ သတင်းကောင်း။
ပေါလု၏စကားများကို ယနေ့ ကျွန်ုပ်တို့မည်သို့ကျင့်သုံးနိုင်သနည်း။ အမှန်မှာ၊ ခရစ်ယာန်တစ်ဦးသည် ဘုရားသခင့်အမှုတော်ဆောင်ရန် ပေါလုကဲ့သို့ စွန့်လွှတ်မှုများပြုခဲ့ရပေမည်။ သူသည် အချိန်ပြည့်လုပ်ငန်းအတွက် ဝင်ငွေကောင်းသောအလုပ်တစ်ခုကို လက်လွှတ်ခဲ့ပေမည်။ သူသည် ကြွယ်ဝသောမိသားစုမှဖြစ်၍ သူ့မိသားစုက သမ္မာတရားကို မကြိုက်သောကြောင့် သူ့ကို ငွေကြေးအထောက်အပံ့ ဖြတ်တောက်လိုက်ပေမည်။ ဤစွန့်လွှတ်မှုများသည် ချီးမွမ်းစရာဖြစ်သည်၊ သို့သော် ယင်းတို့ကို တစ်ချိန်လုံးစဉ်းစားနေဖို့မဟုတ်ပါ။ ခရစ်ယာန်တစ်ဦးသည် သူ့အတွက်အသင့်စောင့်နေသည့် ဂုဏ်ကျက်သရေရှိသော အနာဂတ်ရှိသောကြောင့် ‘နောက်၌ရှိသောအရာတို့’ ကို မေ့ပစ်လိုက်ပြီး ယင်းနှင့်ပတ်သက်၍ မစဉ်းစားတော့ပါ။—လုကာ ၉:၆၂။
ပေါလု၏စကားများနောက်ကွယ်ရှိ မူကို အခြားနည်းဖြင့် ကျင့်သုံးနိုင်ဖွယ်ရှိသည်။ ဘုရားသခင်အကြောင်းမသိမီ မှားယွင်းသောအကျင့်အကြံရှိခဲ့သည့် ခရစ်ယာန်တစ်ယောက်နှင့်ပတ်သက်၍ကော အသို့နည်း။ (ကောလောသဲ ၃:၅-၇) သို့မဟုတ် သူသည် ခရစ်ယာန်တစ်ယောက်ဖြစ်လာပြီးနောက်ပိုင်းမှ ကြီးလေးသည့်အပြစ်တစ်ခုကို ပြုမိပြီး အသင်းတော်မှ ဆုံးမခြင်းခံခဲ့ရသည် ဆိုပါစို့။ (၂ ကောရိန္သု ၇:၈-၁၃; ယာကုပ် ၅:၁၅-၂၀) အမှန်မှာ၊ သူသည် အမှန်တကယ်နောင်တယူပြီး သူ၏လမ်းစဉ်များကို ပြောင်းလဲခဲ့ပါမူ သူသည် “ဆေးကြောသန့်ရှင်း” ခံရပြီးဖြစ်သည်။ (၁ ကောရိန္သု ၆:၉-၁၁) ဖြစ်ပျက်ခဲ့သည့်အရာသည် အတိတ်တွင်ကျန်ခဲ့ပြီ။ သူပြုခဲ့သည့်အမှုကို စာသားအတိုင်း ဘယ်တော့မျှမေ့နိုင်မည်မဟုတ်—သူသည် အပြစ်ကိုထပ်မလုပ်မိရန် ထိုအတွေ့အကြုံမှ သင်ခန်းစာယူခြင်းသည် ပညာရှိရာကျမည်အမှန်။ သို့သော် မိမိကိုယ်ကို တစ်ချိန်လုံးအပြစ်တင်မနေသည့်သဘောဖြင့် သူ ‘မေ့ပစ်လိုက်’ သည်။ (ဟေရှာယ ၆၅:၁၇ နှိုင်းယှဉ်။) ယေရှု၏ပူဇော်သကာပေါ်အခြေပြုကာ ခွင့်လွှတ်ခြင်းခံထားရသောကြောင့် အတိတ်ကို နောက်တွင်ထားလိုက်ရန် သူကြိုးစားသည်။
ဖိလိပ္ပိ ၃:၁၃၊ ၁၄ (သတင်းကောင်း) တွင် ပေါလုက မိမိကိုယ်ကို ပြိုင်ပွဲဝင်အပြေးသမားတစ်ယောက်ပုံဖော်ပြကာ ပန်းတိုင်သို့ရောက်ရန် “ရှေ့ ၌ရှိသောအရာသို့ရောက်ခြင်းငှာ အစွမ်းကုန်ကြိုးစား” နေကြောင်း ဖော်ပြသည်။ အပြေးသမားတစ်ယောက်သည် ရှေ့သို့သာ ကြည့်သည်၊ နောက်သို့ပြန်မလှည့်ကြည့်ပါ။ အလားတူစွာ ခရစ်ယာန်တစ်ဦးသည် နောက်တွင် ကျန်ခဲ့သည့်အရာများကို မကြည့်သင့်ဘဲ ရှေ့တွင်ရှိသည့် ကောင်းချီးများကို ကြည့်သင့်သည်။ ပေါလုက ဤသို့လည်းဆိုသည်– “သင်တို့သည် တစ်စုံတစ်ခုသောအရာ၌ သဘောခြားနားလျှင် ထိုအရာကိုပင် ဘုရားသခင်ဖော်ပြတော်မူလိမ့်မည်။” (ဖိလိပ္ပိ ၃:၁၅) ထို့ကြောင့် ဤရှုမြင်ပုံကို ပြုစုပျိုးထောင်ရာတွင် သင့်အား အကူအညီပေးရန် ဘုရားသခင်ထံ ဆုတောင်းပါ။ ကျမ်းစာတွင်တွေ့ရသည့် ဘုရားသခင်၏သဘောထားများကို သင့်စိတ်ထဲတွင်ပြည့်နေစေပါ။ (ဖိလိပ္ပိ ၄:၆-၉) သင့်အပေါ်ထားရှိသည့် ယေဟောဝါ၏မေတ္တာတော်နှင့် ယင်းကြောင့်သင်ခံစားရသည့် ကောင်းချီးများကို တွေးတောပါ။ (၁ ယောဟန် ၄:၉၊ ၁၀; ၁၇-၁၉) သို့နှင့် နောက်တွင်ကျန်ခဲ့သည့်အရာများကို စဉ်းစားမနေရန် ယေဟောဝါသည် သန့်ရှင်းသောဝိညာဉ်တော်မှတစ်ဆင့် သင့်ကို ထောက်မတော်မူလိမ့်မည်။ ပေါလုကဲ့သို့ သင်သည် ရှေ့တွင်ရှိသော ဂုဏ်ကျက်သရေရှိသည့် အနာဂတ်ကို ကြည့်ရှုမျှော်ကိုးပါလေ။—ဖိလိပ္ပိ ၃:၁၇။