မျက်စိများနှင့် နှလုံးတို့ကို ဆုလာဘ်တော်ပေါ်တွင် ဆက်၍စူးစိုက်ထားခြင်း
အီးဒစ်သ် မိုက်ကယ်ပြောပြသည်
၁၉၃၀ ပြည့်လွန်နှစ်ကျော်ကျော်အချိန် ယေဟောဝါသက်သေတစ်ဦး လာရောက်လည်ပတ်တုန်းက ကျွန်မတို့ဟာ အမေရိကန်နိုင်ငံ မစ်ဇူရီပြည်နယ် စိန့်လူးဝစ္စမြို့ပြင်နားမှာ နေထိုင်ကြပါတယ်။ အဲ့ဒီအချိန်မှာ အဝတ်လှမ်းကြိုးပြတ်သွားတာကြောင့် ဖြူဖွေးနေတဲ့ အမေ့အဝတ်တွေဟာ ဖုန်ထဲကျသွားတဲ့အချိန်ပေါ့။ အမေဟာ ဝေငှတဲ့စာအုပ်တွေကို လက်ခံထားလိုက်ပြီး အဲ့ဒီအမျိုးသမီးထွက်သွားတာနဲ့ စာအုပ်စင်ပေါ်တင်ထားလိုက်တာ မေ့မေ့ပျောက်ပျောက်ပါပဲ။
အဲဒီအချိန်ဟာ စီးပွားရေးပျက်ကပ်ဆိုက်နေတဲ့အချိန်ဖြစ်တော့ အဖေလည်း အလုပ်ပြုတ်သွားတယ်။ တစ်နေ့တော့ အိမ်ထဲမှာ ဖတ်စရာတစ်ခုခုရှိသလားလို့ အဖေကမေးလိုက်တယ်။ အမေက အဲ့ဒီစာအုပ်တွေရှိတယ်လို့ ပြောလိုက်တယ်။ အဖေဟာ အဲ့ဒီစာအုပ်တွေကို စဖတ်ပြီးတော့ သိပ်မကြာမီမှာပဲ “အမေကြီးရေ ဒါဟာသမ္မာတရားပဲဟေ့!” လို့ ထုတ်ပြောလိုက်တယ်။
. . . အဖေက သူနဲ့အတူထိုင်ပြီး ကျမ်းချက်တွေကိုရှာဖတ်ကြည့်ဖို့ အမေ့ကို အတင်းခေါ်တယ်။ အမေထိုင်ပြီးလိုက်ကြည့်တဲ့အခါ သူလည်းလက်ခံသွားတယ်။ အဲဒီနောက် သက်သေခံတွေကို စပြီးရှာတော့ သူတို့ဟာ စိန့်လူးဝစ္စမြို့လယ်နားက အခပေးငှားရမ်းထားတဲ့ခန်းမတစ်ခုမှာ စည်းဝေးကြကြောင်း သိသွားကြတယ်။ အဲ့ဒီခန်းမကို ကပွဲတွေနဲ့ အခြားကိစ္စတွေအတွက်လည်း အသုံးပြုတယ်။
အဖေနဲ့အမေက သုံးနှစ်သမီးလောက်သာရှိသေးတဲ့ ကျွန်မကို သူတို့နဲ့တစ်ပါတည်းခေါ်သွားတယ်။ ခန်းမကို တွေ့ပေမဲ့လည်း ကပွဲလုပ်နေတယ်လေ။ အဖေဟာ အစည်းအဝေးစမဲ့အချိန်ကို စုံစမ်းပြီး အဲ့ဒီအချိန်ကျမှကျွန်မတို့ပြန်သွားကြတယ်။ ကျွန်မတို့နေတဲ့နေရာအနီးမှာကျင်းပတဲ့ အပတ်စဉ်ကျမ်းစာလေ့လာမှုသင်တန်းကိုလည်း စပြီးတက်ကြတယ်။ အဲ့ဒီသင်တန်းကို ကျွန်မတို့ဆီဦးဆုံးလာတဲ့ အမျိုးသမီးအိမ်မှာ လုပ်တယ်။ “ရှင်တို့ရဲ့ချာတိတ်လေးတွေကိုကော ဘာလို့မခေါ်လာတာလဲ” လို့ သူမကမေးတယ်။ သူတို့မှာ ဖိနပ်မရှိလို့လို့ပြောရမှာကို အမေကရှက်နေလေရဲ့။ နောက်ဆုံး အမေပြောလိုက်တဲ့အခါ ဖိနပ်တွေရလာတယ်။ ဒါနဲ့ ကျွန်မရဲ့မောင်တွေကျွန်မတို့နဲ့အတူ အစည်းအဝေးတွေ စတက်ကြတယ်။
ကျွန်မတို့အိမ်အနီးအနား ဟောပြောရမယ့်ရပ်ကွက်တစ်ခုကို အမေ့ကိုပေးလိုက်တော့ အမေဟာ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုကို စတော့တာပဲ။ ကျွန်မလည်း အမေ့နောက်ကကပ်ပြီး လိုက်သွားတယ်။ အမေကားမမောင်းတတ်ခင်တုန်းကဆိုရင် စိန့်လူးဝစ္စမြို့မှာ ကျင်းပတဲ့အစည်းအဝေးဆီကို ရောက်တဲ့ဘတ်စကားကို စီးဖို့ တစ်မိုင်လောက်လမ်းလျှောက်ကြရတယ်။ ဆီးနှင်းတွေအကြီးအကျယ်ကျနေတဲ့အချိန်မှာတောင် ကျွန်မတို့ဟာ အစည်းအဝေးတွေကို ဘယ်တော့မှ အလွတ်မခံခဲ့ကြဘူး။
၁၉၃၄ ခုနှစ်မှာ အမေနဲ့အဖေတို့ နှစ်ခြင်းခံကြတယ်။ ကျွန်မလည်းနှစ်ခြင်းခံချင်တဲ့အတွက် အသက်ကြီးတဲ့သက်သေခံတစ်ယောက်က ကျွန်မနဲ့အဲ့ဒီအကြောင်းပြောအောင် အမေပြောပေးတဲ့အထိ ဆက်ပြီးအပူကပ်ခဲ့တယ်။ သူက ကျွန်မနားလည်နိုင်တဲ့နည်းနဲ့ မေးခွန်းတွေအများကြီးမေးတယ်။ အဲ့ဒီနောက် ကျွန်မ နှစ်ခြင်းခံမှာကို မတားသင့်ဘူး အဲ့လိုတားလိုက်မယ်ဆိုရင် ကျွန်မရဲ့ဝိညာဉ်ရေးတိုးတက်မှုကို ထိခိုက်သွားနိုင်တယ်လို့ သူက ကျွန်မမိဘတွေကို ပြောလိုက်တယ်လေ။ ဒီလိုနဲ့အဲ့ဒီနှစ်နွေမှာပဲ ကျွန်မနှစ်ခြင်းခံလိုက်တယ်၊ အဲ့ဒီတုန်းက ကျွန်မ ခြောက်နှစ်ပဲရှိသေးတယ်။
အိမ်ထောင်နဲ့ ပျော်ရွှင်မှု [လိပ်] စာအုပ်ငယ်ကို ကျွန်မသိပ်ကြိုက်လွန်းလို့ တစ်ချိန်လုံး ကျွန်မနဲ့အတူထားတယ်၊ အိပ်နေတဲ့အချိန်မှာ အဲ့ဒါကို ခေါင်းအုံးအောက်မှာ ထားတဲ့အထိပဲ။ အဲ့ဒီစာအုပ်ကို ကျွန်မအလွတ်ရတဲ့အထိ ဖတ်ပြပေးဖို့ အမေ့ကို ခဏခဏပူဆာတယ်။ အဲ့ဒီစာအုပ်ရဲ့နောက်ကျောဖုံးက ပရဒိသုထဲမှာ ခြင်္သေ့တစ်ကောင်နဲ့အတူ မိန်းကလေးတစ်ယောက်ရဲ့ပုံပါတယ်။ အဲ့ဒီမိန်းကလေးဟာ ကျွန်မပဲလို့ ကျွန်မပြောတယ်။ ဘုရားသခင့်ကမ္ဘာသစ်မှရမယ့် အသက်ဆုကို မျက်ခြည်မပြတ်စေဖို့ အဲ့ဒီပုံက ကျွန်မကို ထောက်ကူခဲ့ပါတယ်။
ကျွန်မဟာသိပ်ရှက်တတ်ပြီး တုန်တုန်ရီရီတောင်ဖြစ်တတ်ပေမဲ့လည်း အသင်းတော် ကင်းမျှော်စင် သင်တန်းမှာ မေးခွန်းတွေကို အမြဲအဖြေပေးတယ်။
ဝမ်းနည်းစရာကတော့ အဖေဟာ အလုပ်ပြုတ်သွားမှာကို ကြောက်ပြီး သက်သေခံတွေနဲ့ အပေါင်းအသင်းဖြတ်လိုက်တယ်။ ကျွန်မရဲ့မောင်တွေလည်း အလားတူဖြတ်လိုက်ကြတယ်။
အချိန်ပြည့်ဓမ္မအမှု
အမေ့အသိ ရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်တွေဟာ ကျွန်မတို့အိမ်နောက်မြေကွက်လပ်မှာ သူတို့ရဲ့စခန်းချယာဉ်ကို ရပ်ထားတယ်။ ကျောင်းပိတ်တဲ့အခါမှာ ကျွန်မဟာ သူတို့နဲ့အတူ ဓမ္မအမှုမှာ ပါဝင်တယ်။ မကြာမီမှာပဲ ကျွန်မဟာ ရှေ့ဆောင်လုပ်ချင်လာတယ်။ ကျွန်မမှာ ကျောင်းပညာရေးပိုပြီးရှိထားသင့်တယ်လို့အဖေက ယူဆတဲ့အတွက် ရှေ့ဆောင်လုပ်ဖို့ကို ကန့်ကွက်တယ်။ ကျွန်မကို ရှေ့ဆောင်လုပ်ခွင့်ပေးဖို့ အမေက အဖေ့ကို နောက်ဆုံးမှာ လက်ခံလောက်အောင်ပြောခဲ့တယ်။ ဒီလိုနဲ့ ၁၉၄၃ ခုနှစ်ဇွန်လ ကျွန်မအသက် ၁၄ နှစ်အရွယ်မှာ အချိန်ပြည့်ဓမ္မအမှုကို စတင်ခဲ့တယ်။ အိမ်အသုံးစရိတ်ကို ထောက်ပံ့နိုင်ဖို့ အချိန်ပိုင်းအပြင်အလုပ်ကို ကျွန်မလုပ်ရတယ်၊ တစ်ခါတလေဆိုရင် အချိန်အပြည့်လုပ်ရတယ်။ ဒါပေမဲ့လည်း ဟောပြောခြင်းလုပ်ငန်းမှာ လစဉ်နာရီ ၁၅၀ ပန်းတိုင်ကို ပြည့်မီခဲ့တယ်။
အချိန်တန်တော့ အသက် ၁၇ နှစ်အရွယ်၊ ၁၉၄၃ ဇန်နဝါရီလကနေ ရှေ့ဆောင်စလုပ်ခဲ့တဲ့ ဒေါရ်သီခရေဒင်အမည်ရှိ ရှေ့ဆောင်အဖော်အဖက်တစ်ယောက်ကို တွေ့ရှိခဲ့တယ်။ သူမဟာ ချာ့ချ်ဘာသာရေးထက်သန်သူတစ်ယောက်ဖြစ်ပေမဲ့လည်း ခြောက်လကျမ်းစာသင်ပြီးတဲ့နောက်မှာ နှစ်ခြင်းခံခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာကြာ သူမဟာ ကျွန်မအတွက် အဓိကအားပေးမှုနဲ့ ခွန်အားဖြစ်ခဲ့သလို ကျွန်မဟာလည်း သူ့အတွက် အဓိကအားပေးမှုနဲ့ ခွန်အားဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ဟာ ညီအစ်မအရင်းတွေထက်တောင် ပိုရင်းနှီးလာကြပါတယ်။
၁၉၄၅ ခုနှစ်ဆန်းမှာ အသင်းတော်မရှိတဲ့ မစ်ဇူရီပြည်နယ်အတွင်း မြို့ငယ်လေးတွေမှာ ကျွန်မတို့အတူတူရှေ့ဆောင်လုပ်ကြတယ်။ ဘောင်းလင်းဂရီးန်မြို့မှာ အစည်းအဝေးခန်းမတစ်ခုကို စီစဉ်ကြတယ်; အမေက ကျွန်မတို့ကို လာပြီးအကူအညီပေးတယ်။ အဲ့ဒီနောက် မြို့ထဲမှာရှိတဲ့အိမ်အားလုံးကိုသွားပြီး ကျွန်မတို့စီစဉ်ထားတဲ့ စိန့်လူးဝစ္စက ညီအစ်ကိုတွေ လာပေးမယ့် လူထုဟောပြောချက်ကို လာနားထောင်ကြဖို့လူတွေကို အပတ်တိုင်းဖိတ်ခေါ်တယ်။ ကျွန်မတို့ဆီမှာ အပတ်စဉ်တက်ရောက်သူက အယောက် ၄၀ နဲ့ ၅၀ ကြားမှာရှိတယ်။ နောက်ပိုင်းမှာ လူဝီဇီယားနားပြည်နယ်မှာလည်း မေဆွန်းနစ်ဗိမာန်ကို ကျွန်မတို့ ငှားရမ်းပြီး အဲ့လိုပဲလုပ်ခဲ့ကြတယ်။ အဲ့ဒီခန်းမတွေရဲ့ငှားရမ်းခကို ကာမိစေဖို့ အလှူငွေပုံးတွေကို စီစဉ်လိုက်တော့ အပတ်စဉ်ကုန်ကျစရိတ်တွေအားလုံး ရလာတာပေါ့။
နောက်တော့ မစ်ဇူရီပြည်နယ် မက္ကစီကိုမြို့ကို သွားပြီး အဲ့ဒီမှာ မျက်နှာစာတန်းဆိုင်ခန်းတွဲတစ်ခုကို ငှားရမ်းခဲ့တယ်။ အဲ့ဒီနေရာကို အသင်းတော်ငယ်လေးအတွက် အသုံးပြုဖို့ စီစဉ်လိုက်တယ်။ အဲ့ဒီအဆောက်အအုံမှာရှိတဲ့ ကပ်လျက်အခန်းတွေမှာ ကျွန်မတို့နေကြတယ်။ မက္ကစီကိုမှာ လူထုဟောပြောပွဲအတွက် အစီအစဉ်ကိုလည်း ကျွန်မတို့အကူအညီပေးခဲ့တယ်။ အဲ့ဒီနောက် ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ ဂျက်ဖာစင်မြို့ကို သွားကြတယ်၊ အဲ့ဒီမြို့မှာ အလုပ်ဆင်းရက်နံနက်တိုင်း ပြည်သူ့အရာရှိတွေကို သူတို့ရဲ့ရုံးခန်းတွေမှာ အဆက်အသွယ်လုပ်တယ်။ ကျွန်မတို့အတွက် အမေနဲ့မခြားတဲ့ စတယ်လာဝေလီနဲ့အတူ ဘုရားသခင့်နိုင်ငံတော်ခန်းမရဲ့ အပေါ်ထပ်က အခန်းတစ်ခန်းမှာ ကျွန်မတို့နေကြတယ်။
အဲ့ဒီမြို့ကနေ ကျွန်မတို့သုံးယောက်ဟာ ကပ်လျက်တည်ရှိနေတဲ့ ဖက်စ်တပ်စ်မြို့နဲ့ ခရစ္စတယ်လ်မြို့တို့ကို သွားကြတယ်။ စိတ်ဝင်စားသူမိသားစုရဲ့အိမ်နောက်ဖေးက အိမ်တစ်ဖြစ်လဲ ကြက်ခြံလေးမှာ ကျွန်မတို့နေကြတယ်။ နှစ်ခြင်းခံပြီးတဲ့ အမျိုးသားမရှိတဲ့အတွက်ကြောင့် အစည်းအဝေးတွေအားလုံးကို ကျွန်မတို့ကပဲ ဦးဆောင်တယ်။ အချိန်ပိုင်းအလုပ်အနေနဲ့ အလှပြင်ပစ္စည်းတွေကို ရောင်းတယ်။ ကျွန်မတို့ဟာ ရုပ်ပစ္စည်းအရ ချို့တဲ့ကြပါတယ်။ တကယ်ပြောရရင် ကျွန်မတို့ရဲ့ရှူးဖိနပ်တွေက အပေါက်တွေကို မဖာထေးနိုင်တော့တဲ့အတွက် မနက်တိုင်း ကတ်ထူပြားအသစ်ကို အထဲမှာထည့်ရတယ်၊ ညတိုင်း ကျွန်မတို့ရဲ့ တစ်ထည်တည်းသော အဝတ်ကို လျှော်ရတယ်။
၁၉၄၈ ခုနှစ် အစောပိုင်း ကျွန်မအသက် ၁၉ နှစ်အရွယ်မှာ ဒေါရ်သီနဲ့ ကျွန်မတို့ဟာ ကင်းမျှော်စင် သမ္မာကျမ်းစာအသင်းရဲ့ ၁၂ ကြိမ်မြောက် ဂိလဒ်သာသနာပြုကျောင်းအတွက် ဖိတ်ခေါ်စာကို ရရှိခဲ့ပါတယ်။ သင်တန်းကာလ ငါးလပြီးတဲ့နောက် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သင်တန်းသား တစ်ရာဟာ ဘွဲ့ရခဲ့ကြတယ်။ သိပ်ပျော်စရာကောင်းတဲ့ အချိန်ပေါ့။ ကျွန်မရဲ့မိဘတွေဟာကာလီဖိုးနီးယားကို ပြောင်းသွားပြီးဖြစ်တဲ့အတွက် အမေဟာ တက်ရောက်ဖို့ အဲ့ဒီကနေတောက်လျှောက်လာရတယ်။
ကျွန်မတို့တာဝန်အကြောင်း တစေ့တစောင်း
ဘွဲ့ရ နှစ်ဆယ့်ရှစ်ယောက်ဟာ အီတလီမှာ တာဝန်ချခြင်းခံရတယ်—ဒေါရ်သီနဲ့ကျွန်မအပါအဝင် ခြောက်ယောက်က မီလန်မြို့မှာ တာဝန်ချခြင်းခံရပါတယ်။ ၁၉၄၉ ခုနှစ် မတ်လ ၄ ရက်နေ့မှာ အီတာလျန်သင်္ဘော ဗူလ်ကာနီယာကိုစီးပြီး နယူးယောက်မြို့ကနေ ထွက်ခွာခဲ့ကြတယ်။ ခရီးစဉ်ဟာ ၁၁ ရက်ကြာပြီး ပင်လယ်လှိုင်းထန်တဲ့အတွက် ကျွန်မတို့အများစုဟာ လှိုင်းမူးကြပါတယ်။ ညီအစ်ကို ဘင်နတီက ဂျီနိုအာပင်လယ်သင်္ဘောဆိပ်မှာ ကျွန်မတို့ကို လာကြိုပြီး မီလန်မြို့ကို ရထားနဲ့ ပြန်ခေါ်သွားပါတယ်။
မီလန်မြို့ သာသာနာပြုအိမ်ကို ကျွန်မတို့ရောက်တဲ့အခါမှာ ကျွန်မတို့ရဲ့အခန်းတိုင်းမှာ အီတာလျန်မိန်းမငယ်လေးက ပန်းတွေလာထားပေးတာကို တွေ့ရပါတယ်။ နှစ်တွေကြာပြီးတဲ့နောက် မာရီးယာ မေရာဖီးနာလို့ခေါ်တဲ့ အဲ့ဒီမိန်းကလေးဟာ ဂိလဒ်ကျောင်းတက်ပြီး အီတလီကို ပြန်ရောက်လာတော့ သူနဲ့ကျွန်မဟာ သာသနာပြုအိမ်မှာ အတူတူအမှုဆောင်ရတယ်လေ!
မီလန်မြို့ကို ကျွန်မတို့ရောက်ပြီးနောက်မနက်မှာ ရေချိုးခန်းပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တယ်။ အနောက်လမ်းမှာ ဗုံးဒဏ်ခံထားရတဲ့ အခန်းတွဲအဆောက်အအုံအကြီးကြီးတစ်ခုရှိတယ်။ အမေရိကန်ဗုံးကြဲလေယာဉ်တစ်စင်းက ဗုံးတစ်လုံးဟာ မတော်တဆကျသွားပြီး အဲ့ဒီမှာနေတဲ့ မိသားစု ၈၀ စလုံး အသက်ဆုံးသွားတယ်။ အခြားတစ်ကြိမ်မှာလည်း ဗုံးတစ်လုံးဟာ ပစ်မှတ်စက်ရုံတစ်ရုံကို လွဲချော်သွားပြီး ကျောင်းတစ်ကျောင်းကို သွားထိတဲ့အတွက် ကလေး ၅၀၀ သေသွားတယ်။ . . . ။
ပြည်သူတွေဟာ စစ်ကိုငြီးငွေ့နေကြတယ်။ နောက်စစ်တစ်ပွဲသာစဖြစ်ရင်တော့ ဗုံးခိုကျင်းထဲကို မသွားတော့ဘဲ အိမ်မှာပဲနေ၊ ဓာတ်ငွေ့ဖွင့်ပြီး သေလိုက်တော့မယ်လို့ လူများစွာပြောကြပါတယ်။ ကျွန်မတို့ဟာ အမေရိကန်ပြည်ထောင်စုကိုပဲဖြစ်ဖြစ်၊ လူတွေတည်ထောင်တဲ့ တခြားအစိုးရတစ်ခုခုကိုပဲဖြစ်ဖြစ် ကိုယ်စားပြုဖို့ ဒီကိုရောက်လာတာမဟုတ်ဘဲ သူတို့ကဖြစ်စေတဲ့ စစ်ပွဲတွေနဲ့ ဒုက္ခသုက္ခရှိရှိသမျှကို ပပျောက်အဆုံးတိုင်စေမယ့် ဘုရားသခင့်နိုင်ငံတော်ကို ကိုယ်စားပြုဖို့ ရောက်လာခြင်းဖြစ်ကြောင်း သူတို့ကို ယုံကြည်စိတ်ချစေပါတယ်။
မီလန်မြို့ကြီးမှာ ဦးရေ ၂၀ ဝန်းကျင်လောက်သာရှိတဲ့ တစ်ခုတည်းသောအသင်းတော်ဟာ သာသနာပြုအိမ်မှာပဲ စည်းဝေးကြတယ်။ ဟောပြောရမယ့်ရပ်ကွက်တွေကို အစီအစဉ်ချမှတ်ထားတာမရှိသေးတဲ့အတွက်ကြောင့် ကြီးမားတဲ့ အခန်းတွဲအဆောက်အအုံကြီးတစ်ခုမှာ ကျွန်မတို့စပြီးသက်သေခံကြတယ်။ ဦးဆုံးဝင်တဲ့အိမ်မှာ ဇနီးဖြစ်သူကို ချာ့ချ်ကနေထွက်စေချင်တဲ့ မစ္စတာ ဂျန်ဒီနော့တီကို ကျွန်မတို့တွေ့ခဲ့ကြတယ်။ ကျွန်မတို့ရဲ့စာအုပ်တစ်အုပ်ကိုလည်း ယူထားတယ်။ မစ္စစ်ဂျန်ဒီနော့တီဟာ စိတ်ရိုးဖြောင့်တဲ့ အမျိုးသမီးတစ်ယောက်ပဲ၊ မေးခွန်းတွေအများပြီးမေးတယ်။ “အီတာလျန်စကားကို ရှင်တို့သင်ယူရင် ကျွန်မသိပ်ဝမ်းသာမှာပဲ၊ ဒါမှ ရှင်တို့က ကျွန်မကို ကျမ်းစာသင်ပေးနိုင်မှာ” ဟု ပြောခဲ့သည်။
သူတို့အခန်းရဲ့မျက်နှာကြက်တွေဟာ သိပ်မြင့်ပြီး မီးရောင်ကသိပ်မှိန်တဲ့အတွက်ကြောင့် ညဘက်မှာ ကျမ်းစာဖတ်ရင် မီးနဲ့နီးအောင်လို့ စားပွဲပေါ်မှာ သူမရဲ့ထိုင်ခုံကိုဆင့်ပြီး ထိုင်ရတယ်။ “ရှင်တို့နဲ့ကျွန်မကျမ်းစာသင်ရင် ချာ့ချ်ကို သွားလို့ရသေးလား” လို့ သူမကမေးတယ်။ ဒါကတော့ သူနဲ့ပဲဆိုင်ကြောင်း ကျွန်မတို့ကပြောလိုက်တယ်။ တနင်္ဂနွေနေ့ နံနက်တွေမှာ ချာ့ချ်ကို သွားပြီး မွန်းလွဲပိုင်းတွေမှာ ကျွန်မတို့အစည်းအဝေးတွေကို လာတက်တယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူမက “ကျွန်မ ချာ့ချ်ကို ဘယ်တော့မှ မသွားတော့ဘူး” လို့ပြောတယ်။
“ဘာဖြစ်လို့လဲ” လို့ကျွန်မတို့ကမေးတယ်။
“အကြောင်းကတော့ သူတို့ဟာ ကျမ်းစာကို မသင်ပေးဘူး၊ နောက်ပြီး ရှင်တို့နဲ့အတူကျမ်းစာလေ့လာရာကနေ သမ္မာတရားကို တွေ့သွားလို့ပဲ။” သူမဟာ နှစ်ခြင်းခံပြီး နေ့စဉ်ချာ့ချ်ကို သွားတဲ့ အမျိုးသမီးများစွာနဲ့ သင်အံမှုလုပ်ပါတယ်။ အကယ်၍ကျွန်မတို့ကသာ ချာ့ချ်မသွားရဘူးလို့ပြောခဲ့မယ်ဆိုရင် သင်အံခြင်းကို ရပ်လိုက်ပြီး သမ္မာတရားကို ဘယ်တော့မှ သိလာမှာမဟုတ်ဘူးလို့ နောက်ပိုင်းမှာ သူမပြန်ပြောပြပါတယ်။
အသစ်သောတာဝန်များ
ဒီလိုနဲ့ အခြားသာသနာပြုလေးယောက်နဲ့အတူ ဒေါရ်သီနဲ့ကျွန်မတို့ဟာ အဲ့ဒီအချိန်က အင်္ဂလိပ်နဲ့ အမေရိကန်စစ်တပ်တွေက သိမ်းပိုက်ထားတဲ့ အီတလီရဲ့မြို့တစ်မြို့ဖြစ်တဲ့ ထရီယက်စ်မှာ တာဝန်ကျပြန်တယ်။ သက်သေခံ ဆယ်ယောက်လောက်ပဲရှိပေမဲ့ အရေအတွက် တိုးလာတယ်။ ထရီယက်စ်မြို့မှာ သုံးနှစ် ဟောပြောခဲ့ပြီး ကျွန်မတို့ထွက်လာတဲ့အချိန်မှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၄၀ ရှိပြီး သူတို့ထဲက ၁၀ ယောက်ကရှေ့ဆောင်တွေဖြစ်နေကြတယ်။
ကျွန်မတို့တာဝန်ကျတဲ့ နောက်တစ်နေရာကတော့ ဗရိုးနားမှာဖြစ်ပါတယ်၊ အဲ့ဒီမှာ အသင်းတော်မရှိဘူး။ ချာ့ချ်က လောကီအာဏာပိုင်တွေကို တွန်းအားပေးတဲ့အခါမှာ ကျွန်မတို့ မောင်းထုတ်ခံလိုက်ရတယ်။ ဒေါရ်သီနဲ့ ကျွန်မဟာ ရောမမြို့မှာ တာဝန်ချခြင်းခံရတယ်။ အဲ့ဒီမှာ ကျွန်မတို့ဟာ ပရိဘောဂအစုံပါတဲ့ အခန်းတစ်ခန်းကို ငှားလိုက်ပြီး ဗာတီကင်နဲ့ နီးတဲ့ရပ်ကွက်မှာ အမှုဆောင်ကြတယ်။ ကျွန်မတို့အဲ့ဒီမှာရှိနေတုန်း ဒေါရ်သီဟာ ဂျွန် ချီမစ်လစ်နဲ့လက်ထပ်ဖို့ လက်ဘနွန်ကို သွားလိုက်တယ်။ ၁၂ နှစ်လောက်အတူတူနေခဲ့တာဆိုတော့ သူ့ကို ကျွန်မသိပ်လွမ်းဆွတ်တာပေါ့ရှင်။
၁၉၅၅ ခုနှစ်ကျတော့ ရောမမြို့ရဲ့ နောက်ရပ်ကွက်တစ်ခုမှာရှိတဲ့ သာသာနာပြုအိမ်အသစ်တစ်လုံးကို နယူးအက်ပီယင်ဝေးလို့ခေါ်တဲ့ လမ်းမှာ ဖွင့်ခဲ့တယ်။ အဲဒီအိမ်မှာရှိတဲ့သူ လေးယောက်ထဲက တစ်ယောက်ကတော့ မီလန်မြို့ကို ကျွန်မတို့ရောက်တဲ့ညမှာ ကျွန်မတို့အခန်းမှာ ပန်းတွေထားပေးတဲ့ မိန်းကလေးဖြစ်တဲ့ မာရီးယာ မေရာဖီးနာဖြစ်ပါတယ်။ မြို့ရဲ့အဲ့ဒီဒေသမှာ အသင်းတော်သစ်တစ်ခုဖြစ်လာတယ်။ အဲ့ဒီနွေရာသီမှာ ရောမမြို့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးပြီးသွားတဲ့အခါ ဂျာမနီနိုင်ငံ နျူရင်ဘတ်မြို့မှာကျင်းပတဲ့ စည်းဝေးကြီးကို တက်ရောက်ခွင့်ရခဲ့တယ်။ ဟစ်တလာအစိုးရရဲ့လက်အောက်မှ အကြီးအကျယ်ခံရပ်ခဲ့ရတဲ့သူတွေကို တွေ့ဆုံရခြင်းဟာ ဘဝင်လှိုက်စရာပါပဲ!
အမေရိကန်ပြည်ထောင်စုသို့ ပြန်ခြင်း
၁၉၅၆ ခုနှစ်မှာ ကျန်းမာရေးပြဿနာကြောင့် ဆေးခွင့်ယူပြီး အမေရိကန်ပြည်ထောင်စုကိုပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မဟာ အခုအချိန်မှာနဲ့ ကိုယ်တော်ရဲ့ကမ္ဘာသစ်မှာ အဆုံးမရှိ ယေဟောဝါရဲ့အမှုတော်ကိုဆောင်ခြင်းမှရမယ့် ဆုလာဘ်ကို ဘယ်တော့မှ မျက်ခြည်အပြတ်မခံခဲ့ဘူး။ ကျွန်မဟာ အီတလီကိုပြန်ဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ ဘရွတ်ကလင်၊ နယူးယောက်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်နေတဲ့ အော်ရ်ဗလ်မိုက်ကယ်နဲ့ ဆုံစည်းခဲ့တယ်။ ၁၉၅၈ ခုနှစ် နယူးယောက်မြို့ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးအပြီးမှာ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်။
အဲ့ဒီနောက်မကြာခင်မှာပဲ ဗာဂျီးနီးယားပြည်နယ်၊ ဖရန့်လွိုင်ရယ်မြို့ကို ပြောင်းပြီး အဲ့ဒီမှာ အသင်းတော်ငယ်လေးနဲ့အတူ အမှုဆောင်ကြတယ်။ ကျွန်မတို့ဟာ နိုင်ငံတော်ခန်းမနောက်မှာရှိတဲ့ အခန်းငယ်လေးမှာ နေကြတယ်။ နောက်ဆုံး ၁၉၆၀ ပြည့်နှစ် မတ်လမှာ ကျွန်မတို့ရဲ့အကြွေးတွေကို ဆပ်နိုင်ဖို့အတွက် ဘရွတ်ကလင်ကို ပြန်လာပြီး အပြင်အလုပ်ရှာဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်မတို့ဟာ အချိန်ပြည့်လုပ်ငန်းတော်မှာ ဆက်မြဲနိုင်အောင် ဘဏ်တစ်ခုစီမှာ ညသန့်ရှင်းရေးအလုပ်ကို လုပ်ခဲ့ကြတယ်။
ဘရွတ်ကလင်မှာ ကျွန်မတို့ရှိနေတုန်း အဖေဆုံးသွားတယ်၊ ကျွန်မခင်ပွန်းရဲ့ အမေလည်း လေနည်းနည်းဖြတ်သွားတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ မိခင်တွေနဲ့နီးတဲ့ အိုရီဂင်ပြည်နယ်ကိုပြောင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်မတို့နှစ်ယောက်စလုံး အချိန်ပိုင်းအပြင်အလုပ်ကို ရရှိကြပြီး အဲ့ဒီမှာပဲ ရှေ့ဆောင်ဓမ္မအမှုဆက်လုပ်ကြတယ်။ ၁၉၆၄ ခုနှစ်ဆောင်းဦးရာသီမှာ ကျွန်မတို့ဟာ မိခင်တွေနဲ့အတူ ပဲင်စီလ်ဘေးနီးယားပြည်နယ် ပစ်တ်စ်ဘာ့ဂ်မြို့မှာလုပ်မဲ့ ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံကို ဖြတ်မောင်းသွားကြတယ်။
ကျွန်မတို့ ရို့ဒ်ကျွန်းမှာအလည်အပတ်သွားနေစဉ်အတွင်း ဘုရားသခင်နိုင်ငံတော်ကြေညာသူတွေ အကြီးအကျယ်လိုအပ်နေတဲ့ ပြည်နယ်မြို့တော် ပရိုဗိဒင့်စ်မြို့ကို ပြောင်းရွှေ့ဖို့ တိုက်နယ်ကြီးကြပ်မှူး အာလင်မိုင်ယာနဲ့သူ့ဇနီးက ကျွန်မတို့ကို တိုက်တွန်းတယ်။ ကျွန်မတို့ရဲ့မိခင်တွေက အဲ့ဒီတာဝန်အသစ်ကို လက်ခံလိုက်ဖို့ ကျွန်မတို့ကို တိုက်တွန်းတယ်။ ဒါကြောင့် အိုရီဂင်ကို ပြန်တဲ့အခါမှာ ကျွန်မတို့ရဲ့အိမ်တွင်းပစ္စည်းတော်တော်များကို ရောင်းထုတ်လိုက်ပြီး အဲ့ဒီကိုပြောင်းသွားတယ်။
ဂိလဒ်ကျောင်းသို့ တစ်ကျော့ပြန်
၁၉၆၅ ခုနှစ်နွေရာသီအတွင်း ရန်ကီးအားကစားကွင်းမှာကျင်းပတဲ့ စည်းဝေးကြီးကို ကျွန်မတို့ တက်ရောက်ခဲ့ကြတယ်။ အဲ့ဒီမှာ အိမ်ထောင်သည်မောင်နှံအနေနဲ့ ဂိလဒ်ကျောင်းတက်ဖို့ လျှောက်ခဲ့တယ်။ တစ်လလောက်ကြာတဲ့အခါ လျှောက်လွှာတွေကို အံ့အားသင့်စွာရရှိခဲ့တယ်၊ ဒါကြောင့် ရက် ၃၀ နဲ့ ပြန်လာခဲ့ရတယ်။ အမေက ကျန်းမာရေးမကောင်းတော့ ဝေးလံတဲ့နိုင်ငံကို သွားရရင် ဘယ်လိုလုပ်မလဲလို့ စိုးရိမ်မိတယ်။ ဒါပေမဲ့ အမေက ကျွန်မကို ခုလိုအားပေးတယ်– “အဲ့ဒီလျှောက်လွှာတွေကို ဖြည့်လိုက်ပါ။ ယေဟောဝါကမ်းလှမ်းတော်မူတဲ့ ဘယ်လုပ်ငန်းတော်အခွင့်အရေးကိုမဆို အမြဲလက်ခံသင့်တယ်ဆိုတာ သမီးသိပါတယ်!”
ပြေလည်သွားပြီ။ လျှောက်လွှာတွေကို ဖြည့်လိုက်ပြီး ပို့လိုက်တယ်။ ၁၉၆၆ ခု ဧပြီလ ၂၅ မှာစမဲ့ ၄၂ ကြိမ်မြောက် သင်တန်းအတွက် ဖိတ်ခေါ်ချက်ကို လက်ခံရရှိတော့ သိပ်အံ့သြသွားရတယ်! ဂိလဒ်ကျောင်းကို အဲ့ဒီတုန်းက ဘရွတ်ကလင် နယူးယောက်မြို့မှာ ထားတယ်။ ငါးလမပြည့်ခင် ၁၉၆၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက်မှာ ကျွန်မတို့ ၁၀၆ ယောက်ဟာ ဘွဲ့ရခဲ့ကြတယ်။
အာဂျင်တီးနားသို့ တာဝန်ကျ
ဘွဲ့ရပြီး နှစ်ရက်အကြာမှာ ပီရူးလေကြောင်းနဲ့ အာဂျင်တီးနားကို သွားကြပါတယ်။ ဗျူးနို့အေရီမြို့ကို ကျွန်မတို့ရောက်တဲ့အခါမှာ ဌာနခွဲကြီးကြပ်မှူး ချားလ်စ် အိုင်စင်ဟောင်ဝါက လေဆိပ်မှာ ကျွန်မတို့ကို လာကြိုတယ်။ အကောက်ခွန်ဌာနမှာ ကျွန်မတို့ကို သူအကူအညီပေးပြီးတဲ့နောက် ဌာနခွဲကို ခေါ်သွားတယ်။ ပစ္စည်းတွေကို ရှင်းလင်းပြီး နေရာချဖို့ တစ်ရက်နေကြတယ်; အဲ့ဒီနောက် စပိန်စကားပြောသင်တန်းကို ကျွန်မတို့ စတက်ခဲ့ကြတယ်။ ပထမလမှာ တစ်ရက်ကို ၁၁ နာရီ စပိန်စကားလေ့လာခဲ့တယ်။ ဒုတိယလမှာ ဘာသာစကားကို တစ်ရက်လေးနာရီ လေ့လာပြီး လယ်ကွင်းဓမ္မအမှုမှာ စတင်ပါဝင်ကြတယ်။
ဗျူးနို့အေရီမှာ ငါးလနေပြီးတဲ့နောက် မြောက်ဘက်ကို ရထားနဲ့ လေးနာရီလောက်သွားရတဲ့ ရိုစာရီယိုမြို့ကြီးမှာ တာဝန်ချခံရတယ်။ အဲ့ဒီမှာ ၁၅ လအမှုဆောင်ပြီးတဲ့နောက် မြောက်ဘက်ပိုကျပြီး ပူပြင်းခြောက်သွေ့တဲ့ ခရိုင်မှာရှိတဲ့မြို့တစ်မြို့ဖြစ်တဲ့ စင်တီယာဂို ဒီးလ်အက်စတာရိုမြို့ကို ကျွန်မတို့ အပို့ခံရတယ်။ အဲ့ဒီမြို့မှာ ကျွန်မတို့ရှိနေတုန်း ၁၉၇၃ ခုနှစ် ဇန်နဝါရီလမှာ အမေဆုံးသွားတယ်။ လေးနှစ်အတွင်း အမေနဲ့မတွေ့ဖြစ်ခဲ့ဘူးလေ။ ကျွန်မရဲ့ပူဆွေးသောကကို ဖြေသိမ့်ပေးတဲ့ အကူအညီကတော့ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အပြင် အမေ ကျွန်မကို လုပ်ခိုင်းချင်တဲ့ အလုပ်ကို လုပ်နေပါလားဆိုတဲ့ အသိစိတ်တို့ပဲဖြစ်ပါတယ်။—ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅။
စင်တီယာဂို ဒီးလ်အက်စတာရိုမြို့သားတွေဟာ ခင်ခင်မင်မင်ရှိပြီး ကျမ်းစာသင်အံမှုတွေကို စဖို့လွယ်တယ်။ ၁၉၆၈ ခု ကျွန်မတို့ ရောက်တဲ့အချိန်မှာ အစည်းအဝေးတက်ရောက်သူဟာ ၂၀ နဲ့ ၃၀ ကြားလောက်ရှိတယ်။ ဒါပေမဲ့ ရှစ်နှစ်ကြာပြီးတဲ့နောက် ကျွန်မတို့အသင်းတော်မှာ တစ်ရာကျော်ရှိလာတယ်။ ဒါ့အပြင် အနီးအနားမြို့တွေမှာ ကြေညာသူ ၂၅ ယောက်နဲ့ ၅၀ ကြားရှိတဲ့ အသင်းတော်သစ်နှစ်ခု ရှိလာတယ်။
အမေရိကန်ပြည်ထောင်စုသို့တစ်ဖန်ပြန်လာခြင်း
ကျန်းမာရေးပြဿနာကြောင့် ၁၉၇၆ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနာပြည်နယ်မှာရှိတဲ့ ဖာတီဗေးမြို့မှာ အထူးရှေ့ဆောင်များအဖြစ် ပြန်ပြီးတာဝန်ပေးခံခဲ့ရတယ်။ အဲ့ဒီမြို့မှာ ဗဟိုနဲ့ တောင်အမေရိက၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ပွာတီရီကိုနဲ့ စပိန်ကနေတောင်လာတဲ့ စပိန်စကားပြောတဲ့လူတွေအများကြီးရှိတယ်။ ကျမ်းစာသင်အံမှုအများကြီး ကျွန်မတို့ရကြပြီး အချိန်တန်တော့ စပိန်အသင်းတော်ကို စတည်ခဲ့တယ်။ အဲ့ဒီတာဝန်မှာ ရှစ်နှစ်နီးပါးလောက် လုပ်ခဲ့ကြတယ်။
ဒါပေမဲ့ ကျွန်မယောက္ခမမိန်းမသူက အသက်လည်းတော်တော်ကြီးပြီ၊ မစွမ်းမသန်လည်းဖြစ်နေတော့ ပိုပြီးအနီးကပ်ရှိနေဖို့ လိုလာတယ်။ သူမက အိုရီဂင်ပြည်နယ် ပေါ့တလန်မြို့မှာနေတယ်၊ ဒီလိုနဲ့ ပေါ့တလန်မြို့နဲ့ သိပ်မဝေးတဲ့ ဝါရှင်တန်ပြည်နယ် ဗန်ကူးဗားမြို့မှာရှိတဲ့ စပိန်အသင်းတော်မှာတာဝန်အသစ်ရရှိခဲ့ပါတယ်။ ကျွန်မတို့ရောက်တဲ့ ၁၉၈၃ ခုနှစ် ဒီဇင်ဘာမှာ အသင်းတော်ဟာ ငယ်ငယ်လေးဖြစ်ပေမဲ့လည်း လူသစ်တွေအများကြီးကို တွေ့နေရပြီလေ။
၁၉၉၆ ခုနှစ် ဇွန်မှာ အချိန်ပြည့်လုပ်ငန်းမှာ ကျွန်မဟာ ၅၄ နှစ်ရှိသွားပြီဖြစ်ပြီး ကျွန်မရဲ့ခင်ပွန်းကတော့ ၁၉၉၆ ခုနှစ် ဇန်နဝါရီမှာ ၅၅ နှစ်ပြည့်သွားပြီ။ အဲ့ဒီနှစ်တွေအတွင်းမှာ ရာနဲ့ချီတဲ့လူတွေ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော် သမ္မာတရားအသိပညာကို သိရှိလာစေဖို့နဲ့ သူတို့ရဲ့အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံဖို့ ကူညီပေးခွင့်ရခဲ့ပါတယ်။ အခုအခါမှာ သူတို့ထဲက များစွာဟာ အကြီးအကဲတွေ၊ အချိန်ပြည့်ဓမ္မအမှုဆောင်တွေအနေနဲ့ အမှုဆောင်နေကြပါတယ်။
သားသမီးမရှိလို့ ဆုံးရှုံးမှုခံစားရသလားလို့ တစ်ခါတလေမှာ အမေးခံရပါတယ်။ တကယ်တော့ ယေဟောဝါ ကျွန်မကို ဝိညာဏသားသမီးမြေးမြစ်တွေအများကြီး ကောင်းချီးပေးတော်မူခဲ့ပါတယ်။ မှန်ပါတယ်၊ ကျွန်မရဲ့အသက်တာဟာ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ပြည့်စုံကြွယ်ဝမှုများစွာရှိခဲ့ပါတယ်။ သူမရဲ့အသက်တာကို ဗိမာန်တော်လုပ်ငန်းမှာလုပ်ဆောင်ခဲ့ပြီး လုပ်ငန်းတော်ရဲ့မဟာအခွင့်အရေးကြောင့် သားသမီးမယူခဲ့တဲ့ ယေဖသရဲ့သမီးနဲ့ ကျွန်မကိုယ်ကိုကျွန်မ ပြန်ယှဉ်ကြည့်နိုင်ပါတယ်။—တရားသူကြီး ၁၁:၃၈-၄၀။
ကလေးမလေးအရွယ်ကတည်းက ယေဟောဝါထံ ကျွန်မဆက်ကပ်အပ်နှံခဲ့တာကို သတိရနေတုန်းပါပဲ။ အခုကျွန်မစိတ်ထဲမှာ ပရဒိသုရဲ့ရုပ်အသွင်ဟာ အဲ့ဒီတုန်းကလို ပီပြင်ထင်ရှားနေဆဲပါပဲ။ ကျွန်မရဲ့စက္ခုများနဲ့ နှလုံးတို့ကို ဘုရားသခင့်ကမ္ဘာသစ်မှာရမယ့် အဆုံးမရှိတဲ့အသက်ဆုပေါ်မှာပဲ စူးစိုက်ထားပါတယ်။ ဟုတ်ပါတယ်၊ ယေဟောဝါထံ အမှုဆောင်လိုတဲ့ ကျွန်မရဲ့ဆန္ဒဟာ အနှစ် ၅၀ လောက်သာမကဘဲ ဘုရားသခင့်နိုင်ငံတော်အုပ်စိုးမှုအောက်မှာ ထာဝရအမှုဆောင်ချင်ပါတယ်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၄၃ ခုနှစ်တွင် ကျွန်မပခုံးပေါ်တွင် လက်တင်ထားသည့် ဒေါရ်သီခရေဒင်နှင့် ရှေ့ဆောင်ရောင်းရင်းများ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၅၃ ခုနှစ်၌ အီတလီနိုင်ငံ ရောမမြို့တွင် သာသနာပြုရောင်းရင်းများနှင့်အတူ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ခင်ပွန်းသည်နှင့်အတူ