ဘုရားသခင် အရေးယူလုပ်ဆောင်တော်မူသောအခါ အသင်ကယ်တင်ခံရလိမ့်မည်လော
“ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလိုငှာ ထိုကာလသည် တိုလိမ့်မည်။” —မဿဲ ၂၄:၂၂။
၁၊ ၂။ (က) ကျွန်ုပ်တို့၏အနာဂတ်ကို စိတ်ဝင်စားခြင်းသည် အဘယ်ကြောင့် သဘာဝပင်ဖြစ်သနည်း။ (ခ) ပုံမှန်စိတ်ဝင်စားမှုတွင် အဘယ်အရေးကြီးသည့်မေးခွန်းများ၌ ပါဝင်ပတ်သက်နေနိုင်သနည်း။
သင့်ကိုယ်သင်မည်မျှစိတ်ဝင်စားမှုရှိသနည်း။ ယနေ့ များစွာသောသူတို့သည် ကိုယ်ကျိုးအတွက်သာ အလွန်အမင်းကြည့်တတ်ခြင်းအားဖြင့် အတ္တသမားများဖြစ်နေကြသည်။ သို့သော် ကျွန်ုပ်တို့အပေါ်အကျိုးသက်ရောက်သည့်အရာများ၌ သင့်တော်လျောက်ပတ်စွာ စိတ်ဝင်စားခြင်းကို သမ္မာကျမ်းစာက အပြစ်မဆိုထားပါ။ (ဧဖက် ၅:၃၃) ၎င်း၌ ကျွန်ုပ်တို့၏အနာဂတ်ကို စိတ်ဝင်စားခြင်းပါဝင်လေသည်။ ထို့ကြောင့် သင်၏အနာဂတ်၌ ဘာဖြစ်မည်ကို သိလိုခြင်းသည် သဘာဝပင်ဖြစ်သည်။ အသင် စိတ်ဝင်စားမှုရှိသလော။
၂ ယေရှု၏တမန်တော်များသည် သူတို့၏အနာဂတ်အတွက် ထိုကဲ့သို့သောစိတ်ဝင်စားမှုမျိုး ရှိခဲ့ကြမည်ကို ကျွန်ုပ်တို့သေချာနိုင်သည်။ (မဿဲ ၁၉:၂၇) သူတို့ထဲမှ လေးဦးသည် ယေရှုနှင့်အတူ သံလွင်တောင်ပေါ်တွင်ရှိခဲ့စဉ်က ၎င်းသည် အဓိကအကြောင်းရင်းဖြစ်ခဲ့ပေမည်။ သူတို့က “အမှုအရာများသည် အဘယ်ကာလ၌ဖြစ်ပျက်ပါမည်နည်း။ ဤအမှုအရာများဖြစ်ပျက်ချိန်၌ အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း” ဟု မေးမြန်းခဲ့ကြသည်။ (မာကု ၁၃:၄၊ သတင်းကောင်း) အနာဂတ်၌ ပုံမှန်စိတ်ဝင်စားခြင်း—သူတို့နှင့် ကျွန်ုပ်တို့၏စိတ်ဝင်စားခြင်း—ကို ယေရှုလျစ်လျူမရှုပါ။ မိမိ၏နောက်တော်လိုက်များ၌ မည်သို့အကျိုးသက်ရောက်မည်၊ နောက်ဆုံးအကျိုးရလဒ်ကား အဘယ်အရာဖြစ်လိမ့်မည်တို့ကို အကြိမ်ကြိမ်ပင် ကိုယ်တော်အလေးအနက်ဖော်ပြခဲ့သည်။
၃။ ယေရှု၏ဖြေကြားချက်ကို ကျွန်ုပ်တို့၏အချိန်နှင့် အဘယ်ကြောင့် ဆက်စပ်ရသနည်း။
၃ ယေရှု၏ဖြေကြားချက်က ကျွန်ုပ်တို့၏အချိန်၌ အကြီးစားပြည့်စုံလာလိမ့်မည့် ပရောဖက်ပြုချက်တစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။ ကျွန်ုပ်တို့၏ရာစုနှစ်အတွင်း၌ဖြစ်ပျက်ခဲ့သော ကမ္ဘာစစ်များနှင့် အခြားစစ်ပွဲများ၊ မရေမတွက်နိုင်သော အသက်ပေါင်းများစွာတို့ကို သုတ်သင်ဖျက်ဆီးခဲ့သည့် မြေငလျင်ဘေးများ၊ ဖျားနာမှုနှင့် သေကျေမှုတို့ကိုဖြစ်စေသည့် အစာခေါင်းပါးမှုများနှင့် ၁၉၁၈ ခုနှစ်၌ဖြစ်ခဲ့သော စပိန်တုတ်ကွေး ကူးစက်ပျံ့နှံမှုမှ လက်ရှိ အေအိုင်ဒီအက်စ်ကပ်ဘေးအထိဖြစ်သည့် ကပ်ရောဂါဘေးများတို့တွင် ၎င်းကို ကျွန်ုပ်တို့တွေ့ မြင်နိုင်သည်။ သို့သော်လည်း ယေရှု၏ဖြေကြားချက်အများစုတွင် စီ.အီး. ၇၀ ခုနှစ်၌ ရောမများ ယေရုရှလင်မြို့ကို ဖျက်ဆီးခြင်းအပါအဝင် ၎င်းကိုဖြစ်စေသော ပြည့်စုံချက်တစ်ရပ်လည်း ရှိသေးသည်။ ယေရှုက “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း၊ သင်တို့သည် ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့်ရောက်ကြလိမ့်မည်” ဟု မိမိ၏တပည့်တော်များအား သတိပေးခဲ့သည်။—မာကု ၁၃:၉။
ယေရှုကြိုတင်ဟောကြားခဲ့သည့်အရာနှင့် ဖြစ်ပျက်ခဲ့သည့်အရာ
၄။ ယေရှု၏ဖြေကြားချက်တွင်ပါဝင်သော သတိပေးချက်အချို့ကား အဘယ်နည်း။
၄ ယေရှုသည် မိမိ၏တပည့်တော်များအား အခြားသူများ မည်သို့ဆက်ဆံကြမည်ကိုသာ ကြိုဟောကြားခဲ့ခြင်းမဟုတ်ပေ။ သူတို့ကိုယ်နှိုက်က မည်သို့ပြုမူရမည်ကိုလည်း ကိုယ်တော်သတိပေးခဲ့၏။ ဥပမာအနေနှင့် “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည် မနေသင့်သောအရပ်၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင် (ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ)။ ထိုသို့မြင်ရလျှင် ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။” (မာကု ၁၃:၁၄) အပြိုင်မှတ်တမ်းဖြစ်သော လုကာ ၂၁:၂၀ က “ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ” ဟု ဆိုထားသည်။ ၎င်းသည် ပထမတစ်ကြိမ်တွင် မှန်ကန်ကြောင်း မည်သို့သက်သေထူခဲ့သနည်း။
၅။ စီ.အီး. ၆၆ ခုနှစ်၌ ယုဒပြည်တွင်ရှိသော ဂျူးများအကြား၌ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၅ “ဂျူးများသည် ရောမထိန်းချုပ်မှုအောက်၌ ပို၍ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး ဘုရင်၏ရွှေတိုက်ဝန်များသည် အကြမ်းဖက်မှု၊ ရက်စက်မှုနှင့် မရိုးသားမှုများကို ပို၍ပြုလာကြသည်။ အေ.ဒီ. ၆၆ ခုနှစ်တွင် ဘွင်းဘွင်းပင် ပုန်ကန်ခဲ့ကြ၏။ . . . ဇဲလတ်များသည် မဆာဒါမြို့ကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် မေနဟင်ဦးဆောင်မှုဖြင့် ယေရုရှလင်မြို့ကို ချီတက်ခဲ့သောအခါ စစ်ပွဲစတင်တော့သည်။ တစ်ချိန်တည်းတွင် ဘုရင့်မြို့တော်ဖြစ်သော ကဲသရိမြို့တွင်ရှိသည့် ဂျူးများသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီး ဤရက်စက်ယုတ်မာမှုသတင်းသည် နိုင်ငံတစ်ဝန်းပျံ့နှံ့သွားခဲ့၏။ ပုန်ကန်မှု ၁ နှစ်မှ ၅ နှစ်တာတစ်လျှောက် ငွေဒ င်္ဂါးများ သွန်းလုပ်ခဲ့သည်” ဟု The International Standard Bible Encyclopedia (၁၉၈၂) က ကျွန်ုပ်တို့ကို ပြောပြသည်။
၆။ ဂျူးတို့၏ပုန်ကန်မှုက ရောမတို့၏အဘယ်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သနည်း။
၆ စက်စ်တီးယပ်စ် ဂဲလပ်စ်၏ဦးဆောင်မှုအောက်၌ အမှတ်ဆယ့်နှစ် ရောမစစ်တပ်သည် ဆီးရီးယားမှ စစ်ချီလာပြီး ဂါလိလဲနှင့် ယုဒနယ်တို့ကို သိမ်းရုံးဖျက်ဆီးကာ မြို့တော်ကိုတိုက်ခိုက်ခဲ့ပြီး “သန့်ရှင်းသောအရပ်၊ ယေရုရှလင်မြို့” ၏အထက်ပိုင်းကိုပင် သိမ်းပိုက်ခဲ့သည်။ (နေဟမိ ၁၁:၁; မဿဲ ၄:၅; ၅:၃၅; ၂၇:၅၃) “ရောမများသည် မြို့ရိုးကို လှေကားထောင်တက်ရန် ငါးရက်ကြာမျှ ကြိုးစားခဲ့ရာ အကြိမ်ကြိမ် တိုက်လှန်ခံခဲ့ရသည်။ နောက်ဆုံးတွင် သူတို့သည် မြားမိုးများပစ်ခတ်၍ တိုက်ခိုက်ခံရသောကြောင့် ခုခံကာကွယ်သူများ နောက်ဆုတ်သွားခဲ့ကြ၏။ ရောမစစ်သားများသည် မိမိတို့ကိုယ်ကိုကာကွယ်ရန် ခေါင်းပေါ်၌ ဒိုင်းလွှားများကို အုပ်ဆောင်းထားသောနည်းဖြစ်သည့် တက်စတူဒိုနည်းစနစ်ကိုအသုံးပြုပြီး မြို့ရိုးအောက်အခြေကို တူးဖော်ကြကာ ဂိတ်တံခါးကို မီးရှို့ရန် ကြိုးစားကြသည်။ ခုခံကာကွယ်သူများသည် အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ရကြ၏” ဟု ဖြစ်ပေါ်လာသည့်အဖြစ်အပျက်များကို အကျဉ်းချုံး၍ The Roman Siege of Jerusalem စာအုပ်တွဲက ဆိုသည်။ မြို့ထဲတွင်ရှိနေသော ခရစ်ယာန်များသည် ယေရှု၏စကားကို ပြန်အမှတ်ရနိုင်ကြပြီး ရွံရှာဖွယ်အရာသည် သန့်ရှင်းရာအရပ်တွင် ဆိုက်ရောက်နေပြီဖြစ်ကြောင်း ပိုင်းခြားသိမြင်နိုင်ကြသည်။a သို့သော် မြို့ကို ဝန်းရံပိတ်ဆို့ထားလျက်နှင့် ထိုခရစ်ယာန်များသည် ယေရှုအကြံပေးခဲ့သည့်အတိုင်း မည်သို့ထွက်ပြေးလွတ်မြောက်နိုင်မည်နည်း။
၇။ စီ.အီး. ၆၆ ခုနှစ်၊ အောင်မြင်မှုရရှိခါနီးအချိန်၌ ရောမများ ဘာပြုလုပ်ခဲ့ကြသနည်း။
၇ “ဝိုင်းဝန်းခံနေရ၍ စိတ်ဓာတ်ကျနေကြခြင်းနှင့် လူတို့၏စိတ်ခံစားချက်များကိုပါ မသိသော စက်စ်တီးယပ်စ် [ဂဲလပ်စ်] သည် သူ၏လူများကို ချက်ချင်းပြန်ခေါ်လိုက်ပြီး သူ့ဘက်မှ အရေးနိမ့်ခြင်းမရှိပါဘဲနှင့် မျှော်လင့်ချက်ကိုစွန့်ကာ ဆင်ခြင်တုံတရားနှင့်ဆန့်ကျင်၍ ထိုမြို့မှ ဆုတ်ခွာသွားခဲ့သည်” ဟု သမိုင်းဆရာ ဖလေးဗီးယပ် ဂျိုစီဖတ်စ်က ပြန်ပြောပြ၏။ (The Jewish War, ၂၊ ၅၄၀ [xix, ၇]) ဂဲလပ်စ်သည် အဘယ်ကြောင့် ဆုတ်ခွာသွားရသနည်း။ အဘယ်ရည်ရွယ်ချက်ဖြင့်ပင်ဖြစ်ပါစေ သူ၏ဆုတ်ခွာသွားမှုက ခရစ်ယာန်များအတွက် ယေရှု၏အမိန့်ကိုနာခံကာ တောင်ပေါ်အရပ်နှင့် လုံခြုံရာအရပ်သို့ ထွက်ပြေးရန် အခွင့်ရစေခဲ့သည်။
၈။ ယေရုရှလင်မြို့ကို ရောမတို့တိုက်ခိုက်မှု၏ ဒုတိယအပိုင်းကား အဘယ်နည်း။ အသက်ရှင်ကျန်ရစ်သူများ အဘယ်အရာတွေ့ ကြုံခံစားကြရသနည်း။
၈ နာခံခြင်းသည် အသက်ကို ကယ်တင်တတ်၏။ မကြာမီပင် ရောမများသည် ပုန်ကန်မှုကို ချေမှုန်းခဲ့သည်။ ဗိုလ်ချုပ်ကြီး တိတု၏ဦးဆောင်မှုအောက်ရှိ စစ်ဆင်ရေးသည် စီ.အီး. ၇၀ ခုနှစ်၊ ဧပြီမှ ဩဂုတ်လအထိ ယေရုရှလင်မြို့ကို ဝန်းရံပိတ်ဆို့တိုက်ခိုက်ခြင်းဖြင့် အထွတ်အထိပ်သို့ရောက်ရှိခဲ့၏။ ဂျူးများ မည်သို့ဒုက္ခရောက်ခဲ့ကြကြောင်း ဂျိုစီဖတ်စ်၏ဖော်ပြချက်ကို ဖတ်ရှုရပါက ထိတ်လန့်တုန်လှုပ်သွားပေမည်။ ရောမတို့ကို တိုက်ခိုက်ခြင်း၌ သေဆုံးသွားကြသူများအပြင် အခြားဂျူးများသည် ပြိုင်ဘက်ဂျူးအုပ်စုတို့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ငတ်မွတ်ခေါင်းပါးမှုက လူသားစားသည့်ဘဝသို့ ရောက်ရှိစေခဲ့သည်။ ရောမများ အောင်နိုင်ချိန်၌ ဂျူး ၁,၁၀၀,၀၀၀ သေဆုံးသွားခဲ့လေပြီ။b အသက်ရှင်ကျန်ရစ်သော ၉၇,၀၀၀ ယောက်တို့မှ အချို့သည် ချက်ချင်းဆိုသလိုပင် သတ်ဖြတ်ခံရပြီး အခြားသူတို့မှာ ကျွန်ပြုခြင်းခံရလေသည်။ “ဆယ့်ခုနစ်နှစ်ကျော်သောသူတို့ကို ခြေထိတ်လက်ထိတ်များခတ်၍ အလုပ်ကြမ်းများလုပ်ရန် အီဂျစ်နိုင်ငံသို့ပို့လိုက်ကြသည်။ အများအပြားတို့ကိုမူ ဇာတ်ရုံများတွင် ဓား သို့မဟုတ် သားရဲတိရစ္ဆာန်များဖြင့် သတ်ဖြတ်ပစ်ရန် လက်အောက်ခံနိုင်ငံများသို့ တိတုက ပေးပို့ခဲ့၏” ဟု ဂျိုစီဖတ်စ်က ဆိုသည်။ ဤခွဲခြားသတ်မှတ်မှုကိုပြုစဉ်၌ပင် အကျဉ်းသား ၁၁,၀၀၀ တို့ ငတ်ပြတ်သေဆုံးခဲ့ကြသည်။
၉။ ဂျူးများရရှိခဲ့သည့် အကျိုးရလဒ်ကို ခရစ်ယာန်များ အဘယ်ကြောင့်မခံစားခဲ့ရသနည်း။ သို့သော် အဘယ်မေးခွန်းများ မေးရန်ရှိသေးသနည်း။
၉ ခရစ်ယာန်များသည် သခင့်သတိပေးချက်ကို နားထောင်ပြီး ရောမများ ပြန်မလာမီ မြို့တော်မှ ထွက်ပြေးခဲ့ကြသောကြောင့် ဝမ်းမြောက်နိုင်ကြသည်။ ထို့ကြောင့် သူတို့သည် ‘ကမ္ဘာဦးမှစ၍ ထိုအချိန်တိုင်အောင်မဖြစ်စဖူး’ ယေရုရှလင်မြို့အပေါ်၌လည်း ‘နောက်မဖြစ်လတ္တံ့သောကြီးစွာသောဒုက္ခ’ ဟု ယေရှုခေါ်ဆိုခဲ့သည့်အရာမှ ကယ်တင်ခံခဲ့ကြရသည်။ (မဿဲ ၂၄:၂၁) ယေရှုက “ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလိုငှာ ထိုကာလသည် တိုလိမ့်မည်” ဟု ထပ်ဖြည့်စွက်ခဲ့သည်။ (မဿဲ ၂၄:၂၂) ထိုအချိန်၌ ၎င်းသည် မည်သည့်အဓိပ္ပာယ်ရှိခဲ့သနည်း၊ ယခုအချိန်၌ကော မည်သည့်အဓိပ္ပာယ်ရှိသနည်း။
၁၀။ မဿဲ ၂၄:၂၂ ကို ယခင်အချိန်က မည်သို့ရှင်းလင်းပြခဲ့သနည်း။
၁၀ ‘ကယ်တင်ခံခဲ့ရသော လူများ’ သည် စီ.အီး. ၇၀ ခုနှစ်က ယေရုရှလင်မြို့ပေါ်ကျရောက်ခဲ့သော ဘေးဒုက္ခမှ အသက်ရှင်ကျန်ရစ်ခဲ့ကြသော ဂျူးများကိုရည်ညွှန်းကြောင်း ယခင်အချိန်က ရှင်းပြခဲ့၏။ ခရစ်ယာန်များ ထွက်ပြေးသွားပြီဖြစ်သောကြောင့် လျင်မြန်စွာဖျက်ဆီးမှုကိုပြုရန် ရောမများကို ဘုရားသခင်အခွင့်ပေးနိုင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရသော် “ရွေးချယ်သောသူတို့” သည် အန္တရာယ်နှင့်ကင်းလွတ်သွားပြီဖြစ်သောကြောင့် အချို့သောဂျူး ‘လူများ’ ကယ်တင်ခံရရန်အလို့ငှာ ဒုက္ခကာလဘေးသည် တိုတောင်းနိုင်လေသည်။ အသက်ရှင်ကျန်ရစ်ခဲ့သောဂျူးများသည် ကျွန်ုပ်တို့ခေတ်၌ ဆိုက်ရောက်လာမည့် ကြီးစွာသောဒုက္ခကို ကပ်ကျော်မည့် သူများအား ပုံဆောင်သည်ဟု ထင်မှတ်ခဲ့ကြသည်။—ဗျာဒိတ် ၇:၁၄။
၁၁။ မဿဲ ၂၄:၂၂ နှင့်ပတ်သက်သော ရှင်းပြချက်ကို ပြန်လည်သုံးသပ်သင့်သည်ဟု အဘယ်ကြောင့် ယူမှတ်ရသနည်း။
၁၁ သို့သော် အဆိုပါရှင်းလင်းချက်သည် စီ.အီး. ၇၀ ခုနှစ်တွင်ဖြစ်ပျက်ခဲ့ရာများနှင့် ဆီလျော်ညီညွတ်မှုရှိသလော။ ယေရှုက လူ့ ‘အသွေးအသား’ သည် ထိုဘေးဒုက္ခမှ ‘ကယ်တင်ခံ’ ရမည်ဟု မိန့် ကြားခဲ့သည်။ ၉၇,၀၀၀ ကျော်သော အသက်ရှင်ကျန်ရစ်သူများမှ ထောင်ပေါင်းများစွာတို့သည် မကြာမီပင် ငတ်မွတ်၍ သေဆုံးသွားကြခြင်း သို့မဟုတ် ဇာတ်ရုံတွင် သတ်ဖြတ်ခံရခြင်းတို့ကြောင့် ထိုအသက်ရှင်ကျန်ရစ်သူတို့ကို ဖော်ပြရာတွင် ‘ကယ်တင်ခံရ’ သည်ဟူသည့် စကားလုံးကို သင်အသုံးပြုမည်လော။ “သားရဲတိရစ္ဆာန်နှင့် တိုက်ခိုက်ရာ၌ သို့မဟုတ် အချင်းချင်း တိုက်ခိုက်ရာ၌ သို့မဟုတ် အရှင်လတ်လတ် မီးရှို့ရာ၌ သေကျေသွားသောသူအရေအတွက်သည် ၂,၅၀၀ ကျော်သွားလေသည်” ဟု ကဲသရိမြို့ရှိ ဇာတ်ရုံတစ်ရုံနှင့်ပတ်သက်၍ ဂျိုစီဖတ်စ်က ဆိုသည်။ သူတို့သည် ဝန်းရံပိတ်ဆို့တိုက်ခိုက်ရာ၌ မသေကျေခဲ့ကြသော်လည်း ‘ကယ်တင်ခံခဲ့ရ’ ခြင်းလည်း မရှိပေ။ ထို့အပြင် ဆိုက်ရောက်လာတော့မည့် “ကြီးစွာသောဒုက္ခ” ကို ကပ်ကျော်သွားမည့် ပျော်ရွှင်သူများနှင့် ထိုသူတို့ကို တူညီသည်ဟု ယေရှုယူမှတ်ပါလိမ့်မည်လော။
လူများကယ်တင်ခံရ—မည်သို့အားဖြင့်နည်း
၁၂။ ဘုရားသခင်စိတ်ဝင်စားတော်မူသော ပထမရာစုမှ “ရွေးချယ်သောသူတို့” သည် မည်သူများဖြစ်သနည်း။
၁၂ စီ.အီး. ၇၀ ခုနှစ်တိုင်လေသော် ဇာတိပကတိဂျူးများကို မိမိ၏ရွေးချယ်ထားသောလူမျိုးအဖြစ် ဘုရားသခင်မယူမှတ်တော့ချေ။ ဘုရားသခင်သည် ထိုလူမျိုးကို ငြင်းပယ်လိုက်ပြီဖြစ်ကြောင်းနှင့် ၎င်း၏မြို့တော်၊ ဗိမာန်တော်နှင့် ဝတ်ပြုရေးစနစ်ကို အဆုံးတိုင်စေမည်ဖြစ်ကြောင်း ယေရှုဖော်ပြခဲ့သည်။ (မဿဲ ၂၃:၃၇–၂၄:၂) ဘုရားသခင်သည် ဝိညာဏဣသရေလတည်းဟူသော လူမျိုးသစ်တစ်မျိုးကို ရွေးချယ်ခဲ့၏။ (တမန်တော် ၁၅:၁၄; ရောမ ၂:၂၈၊ ၂၉; ဂလာတိ ၆:၁၆) ၎င်းလူမျိုးကို လူမျိုးအသီးသီးမှရွေးချယ်ထားသော အမျိုးသား၊ အမျိုးသမီးဖြင့် ဖွဲ့စည်းထားပြီး သူတို့ကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးထားလေသည်။ (မဿဲ ၂၂:၁၄; ယောဟန် ၁၅:၁၉; တမန်တော် ၁၀:၁၊ ၂၊ ၃၄၊ ၃၅၊ ၄၄၊ ၄၅) စက်စ်တီးယပ်စ် ဂဲလပ်စ် လာရောက်မတိုက်ခိုက်မီ နှစ်အနည်းငယ်ခန့်က ပေတရုသည် “ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍ ခမည်းတော်ဘုရားသခင်၏အနာဂတံသဉာဏ်တော်အတိုင်း ရွေးကောက်တော်မူသောသူ” များထံ စာရေးခဲ့သည်။ ထိုဝိညာဏဘိသိက်ခံများသည် “ရွေးချယ်တော်မူသောအမျိုး . . . မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး” ဖြစ်ကြသည်။ (၁ ပေတရု ၁:၁၊ ၂; ၂:၉) ဘုရားသခင်သည် ရွေးချယ်သော ထိုသူတို့ကို ယေရှုနှင့်အတူအုပ်စိုးရန် ကောင်းကင်သို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။—ကောလောသဲ ၁:၁၊ ၂; ၃:၁၂; တိတု ၁:၁; ဗျာဒိတ် ၁၇:၁၄။
၁၃။ မဿဲ ၂၄:၂၂ ပါ ယေရှု၏စကားများသည် အဘယ်အဓိပ္ပာယ်ရှိနိုင်မည်နည်း။
၁၃ ရွေးချယ်သောသူတို့ကို သိရှိခြင်းသည် အကူအညီဖြစ်ပေမည်။ အကြောင်းမှာ “ရွေးချယ်သောသူတို့အဖို့အလိုငှာ” ဘေးဒုက္ခကာလသည် တိုတောင်းလိမ့်မည်ဟု ယေရှုကြိုတင်ဟောကြားခဲ့သောကြောင့်ဖြစ်၏။ “အဖို့အလိုငှာ” ဟု ပြန်ဆိုသော ဂရိစကားလုံးကို “အကျိုးငှာ” သို့မဟုတ် “အတွက်” ဟုလည်း ပြန်ဆိုနိုင်သည်။ (မာကု ၂:၂၇; ယောဟန် ၁၂:၃၀; ၁ ကောရိန္သု ၈:၁၁; ၉:၁၀၊ ၂၃; ၁၁:၉; ၂ တိမောသေ ၂:၁၀; ဗျာဒိတ် ၂:၃) ထို့ကြောင့် ယေရှုက ‘ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အကျိုးငှာ ထိုကာလသည် တိုလိမ့်မည်’ ဟု ပြောဆိုနိုင်ခြင်းဖြစ်လေသည်။c (မဿဲ ၂၄:၂၂) ယေရုရှလင်မြို့တွင် ကျော့မိနေသော ရွေးချယ်ခံရသူ ခရစ်ယာန်များအတွက် အကျိုးဖြစ်ထွန်းစေခဲ့သော သို့မဟုတ် ‘အကျိုးငှာ’ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့သလော။
၁၄။ စီ.အီး. ၆၆ ခုနှစ်၌ မမျှော်လင့်ဘဲ ရောမစစ်တပ်ဆုတ်ခွာသွားသောအခါ ‘လူများ’ မည်သို့ကယ်တင်ခံခဲ့ကြရသနည်း။
၁၄ စီ.အီး. ၆၆ ခုနှစ်တွင် ရောမများသည် ထိုနိုင်ငံအတွင်းတစ်လျှောက် ဝင်ရောက်ခဲ့ပြီး ယေရုရှလင်မြို့အထက်ပိုင်းကို သိမ်းပိုက်ကာ မြို့ရိုးကို စတင်တူးဖော်ခဲ့ကြောင်း သတိရပါ။ ဂျိုစီဖတ်စ်က “အချိန်အနည်းငယ်သာ ဆက်၍ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့မည်ဆိုလျှင် ထိုမြို့တော်ကို သူ ချက်ချင်းသိမ်းပိုက်နိုင်လိမ့်မည်” ဟု ဝေဖန်ခဲ့သည်။ ‘အင်အားအပြည့်ရှိသော ရောမစစ်တပ်သည် စစ်ဆင်ရေးကို အဘယ်ကြောင့်ချက်ချင်းရပ်တန့်လိုက်ပြီး “ဆင်ခြင်တုံတရားနှင့်ဆန့်ကျင်ကာ” ဆုတ်ခွာသွားရသနည်း’ ဟု သင့်ကိုသင်မေးကြည့်ပါ။ စစ်သမိုင်းကြောင်းကို အနက်ကောက်ရာ၌ အထူးကျွမ်းကျင်သူတစ်ဦးဖြစ်သော ရုပတ် ဖရ်နိုက “အဘယ်သမိုင်းပညာရှင်ကမျှ ဂဲလပ်စ်၏ ထူးဆန်းပြီး အန္တရာယ်များသော ဆုံးဖြတ်ချက်အတွက် ခိုင်လုံသောအကြောင်းပြချက်ကို မပေးနိုင်ကြသေးချေ” ဟု ပြောဆိုခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ရရှိခဲ့သည့် အကျိုးရလဒ်မှာ ဘေးဒုက္ခကြီး တိုတောင်းခဲ့ခြင်းပင်ဖြစ်လေသည်။ ရောမများ ဆုတ်ခွာသွားခဲ့စဉ်က ဂျူးများ လိုက်လံတိုက်ခိုက်ခြင်းကိုခံရလျက် ဆုတ်ခွာခဲ့ကြရသည်။ ကျော့မိနေကြသော “ရွေးချယ်သောသူ” ဘိသိက်ခံခရစ်ယာန်များနှင့်ပတ်သက်၍ကော အသို့နည်း။ ဝန်းရံပိတ်ဆို့မှု ပွင့်သွားခြင်းက ဘေးဒုက္ခကာလအတောအတွင်း အထိတ်တလန့်ဖြစ်ခဲ့ရသော အဘယ်သတ်ဖြတ်မှုမှမဆို သူတို့ကယ်တင်ခံရခြင်းပင်ဖြစ်လေသည်။ ထို့ကြောင့်စီ.အီး. ၆၆ ၌ ဘေးဒုက္ခတိုတောင်းခြင်းမှ အကျိုးရရှိခဲ့ကြသော ထိုခရစ်ယာန်များသည် မဿဲ ၂၄:၂၂ တွင် ဖော်ပြထားသော ကယ်တင်ခြင်းခံရသည့် ‘လူများ’ ပင်ဖြစ်သည်။
သင်၏အနာဂတ်ကား အဘယ်နည်း
၁၅။ မဿဲအခန်းကြီး ၂၄ သည် ကျွန်ုပ်တို့၏ခေတ်အချိန်၌ အထူးသဖြင့်စိတ်ဝင်စားသင့်သည်ဟု အဘယ်ကြောင့် အသင်ပြောဆိုမည်နည်း။
၁၅ တစ်စုံတစ်ယောက်သောသူက ‘ယေရှုစကားတွေကို နားလည်ဖို့ ဒီလိုရှင်းလင်းပြတဲ့အချက်တွေအပေါ်မှာ ဘာကြောင့် အထူးစိတ်ဝင်စားသင့်ပါသလဲ’ ဟု မေးပေမည်။ ယေရှု၏ပရောဖက်ပြုချက်သည် စီ.အီး. ၇၀ ခုနှစ်အပါအဝင် ထိုနှစ်အထိ ဖြစ်ပျက်ခဲ့သောအရာများအပြင် သာ၍ကြီးမားစွာ ပြည့်စုံစရာရှိသေးသည်ဟု ယူမှတ်ရန်အတွက် ခိုင်လုံသောအကြောင်းရင်းရှိလေသည်။d (မဿဲ ၂၄:၇; လုကာ ၂၁:၁၀၊ ၁၁; ဗျာဒိတ် ၆:၂-၈ နှိုင်းယှဉ်။) ကျွန်ုပ်တို့အချိန်၌ဖြစ်ပျက်လျက်ရှိသော အကြီးစားပြည့်စုံမှုသည် ရှေ့တွင်ရှိ “ကြီးစွာသောဒုက္ခ” ကို ကျွန်ုပ်တို့မျှော်လင့်နိုင်ကြောင်း သာဓကပြနေပါသည်ဟု ယေဟောဝါသက်သေများ ရာစုနှစ်ပေါင်းများစွာကြာ ဟောပြောလာခဲ့ကြပြီ။ ထိုအချိန်အတောအတွင်း၌ မဿဲ ၂၄:၂၂ ပါ ပရောဖက်ပြုစကားများသည် မည်သို့ပြည့်စုံလာလိမ့်မည်နည်း။
၁၆။ ချဉ်းကပ်လာလျက်ရှိသည့် ကြီးစွာသောဒုက္ခနှင့်ပတ်သက်၍ ဗျာဒိတ်ကျမ်းက အဘယ်အားရှိဖွယ်အချက်ကို ဖော်ပြထားသနည်း။
၁၆ ယေရုရှလင်မြို့အပေါ် ဘေးဒုက္ခကြီးကျရောက်ပြီးနောက် ရာစုနှစ်ခုခန့်အကြာ၌ တမန်တော်ယောဟန်သည် ဗျာဒိတ်ကျမ်းကို ရေးသားခဲ့သည်။ ၎င်းက ကြီးစွာသောဒုက္ခသည် ရှေ့တွင်ရှိသေးကြောင်း အတည်ပြုလေသည်။ ထို့အပြင် ကျွန်ုပ်တို့ကိုယ်တိုင်အပေါ် အကျိုးသက်ရောက်လာမည့်အရာများကို စိတ်ဝင်စားခြင်းအားဖြင့် လူ့အသွေးအသားသည် ဆိုက်ရောက်လာတော့မည့် ဤကြီးစွာသောဒုက္ခကို ကပ်ကျော်လိမ့်မည်ဟု ဗျာဒိတ်ပရောဖက်ပြုချက်က ကျွန်ုပ်တို့ကို အာမခံထားကြောင်း သိရှိရသည့်အတွက် သက်သာမှုရရှိနိုင်လေသည်။ ယောဟန်က ‘အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ ထွက်လာသော လူအုပ်ကြီး’ အကြောင်း ကြိုဟောထားသည်။ သူတို့ကား မည်သူများနည်း။ ‘ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထဲကထွက်မြောက်လာသောသူတို့ဖြစ်ကြ၏’ ဟု ကောင်းကင်မှထွက်လာသော အသံတစ်သံက အဖြေပေးသည်။ (ဗျာဒိတ် ၇:၉၊ ၁၄) မှန်၏၊ သူတို့သည် ကပ်ကျော်သူများဖြစ်မည်ပါတကား! ဆိုက်ရောက်လာတော့မည့် ကြီးစွာသောဒုက္ခတွင် အရာရာ မည်သို့ဖြစ်ပေါ်လာမည်နှင့် မဿဲ ၂၄:၂၂ မည်သို့ပြည့်စုံလာမည်တို့ကို ဗျာဒိတ်ကျမ်းက ကျွန်ုပ်တို့ကို ထိုးထွင်းသိမြင်စေလေသည်။
၁၇။ ကြီးစွာသောဒုက္ခ၏အစပိုင်းသည် အဘယ်အရာပါဝင်လိမ့်မည်နည်း။
၁၇ ဤဘေးဒုက္ခ၏အစပိုင်းသည် “ဗာဗုလုန်မြို့ကြီး” ဟုခေါ်သော ပုံဆောင်ပြည့်တန်ဆာတစ်ဦးကို တိုက်ခိုက်ခြင်းဖြစ်လိမ့်မည်။ (ဗျာဒိတ် ၁၄:၈; ၁၇:၁၊ ၂) သူမသည် ရှုတ်ချအပြစ်တင်ထိုက်ဆုံးသော ခရစ်ယာန်ဘောင်အပါအဝင် ကမ္ဘာချီဗာဗုလုန်ဘာသာရေးအင်ပါယာကို ကိုယ်စားပြုလေသည်။ ဗျာဒိတ် ၁၇:၁၆-၁၈ ပါ စာသားများအရ ဘုရားသခင်သည် ဤပုံဆောင်ပြည့်တန်ဆာကို တိုက်ခိုက်ရန်အတွက် နိုင်ငံရေးအဖွဲ့အစည်း၏နှလုံးထဲတွင် ၎င်းကို ထည့်သွင်းပေးလိမ့်မည်ဖြစ်သည်။e ဘုရားသခင်၏ဘိသိက်ခံ “ရွေးချယ်သောသူတို့” နှင့် သူတို့၏အပေါင်းအဖော် “လူအုပ်ကြီး” တို့ကို မည်သို့တိုက်ခိုက်လာနိုင်ကြောင်း စဉ်းစားကြည့်ပါ။ ဘာသာရေးအပေါ် တိုး၍ တိုက်ခိုက်ဖျက်ဆီးမှုပြုလာသောအခါ ယေဟောဝါ၏လူမျိုးအပါအဝင် ဘာသာရေးအဖွဲ့အားလုံး ရှင်းလင်းသုတ်သင်ခံရလိမ့်မည်ဟု ထင်မြင်ရနိုင်သည်။
၁၈။ ကြီးစွာသောဒုက္ခ၏အစပိုင်း၌ အဘယ် ‘လူ’ မျှ ကယ်တင်ခံရလိမ့်မည်မဟုတ်ဟု အဘယ်ကြောင့် ထင်မှတ်ရနိုင်သနည်း။
၁၈ ဤသည်မှာ မဿဲ ၂၄:၂၂ တွင်တွေ့ရသော ယေရှု၏စကားများ ကြီးမားသောအတိုင်းအတာဖြင့် ပြည့်စုံလာမည့်အချိန်ပင်ဖြစ်သည်။ ယေရုရှလင်မြို့တွင်ရှိသော ရွေးချယ်ခံရသူများသည် အန္တရာယ်နှင့်ကြုံဆုံနေရပုံရှိသကဲ့သို့ ဘာသာရေးကို တိုက်ခိုက်သောအချိန်အတောအတွင်း၌ ယေဟောဝါ၏ကျေးကျွန်များသည် သုတ်သင်ပယ်ရှင်းခံရမည့်ပုံ ပေါက်နေနိုင်သည်။ ထိုတိုက်ခိုက်မှုသည် ဘုရားသခင့်လူမျိုးတော်၏ ‘အသွေးအသား’ အားလုံးကို သုတ်သင်ပစ်တော့မည့်အသွင်ရှိပေမည်။ သို့သော် စီ.အီး. ၆၆ တွင်ဖြစ်ပျက်ခဲ့သည်များကို အမှတ်ရကြစို့။ ရောမတို့ဖြစ်ပေါ်စေခဲ့သော ဘေးဒုက္ခကြီးသည် တိုတောင်းခြင်းအားဖြင့် ဘုရားသခင်၏ဘိသိက်ခံရွေးချယ်သောသူများအတွက် ထွက်ပြေးလွတ်မြောက်ပြီး ဆက်လက်အသက်ရှင်ရန် အချိန်အလုံအလောက်ရရှိခဲ့ကြသည်။ ထို့ကြောင့် ဘာသာရေးကို တိုက်ခိုက်ဖျက်ဆီးမှုသည် ကမ္ဘာချီ စစ်မှန်သောဝတ်ပြုကိုးကွယ်သူအဖွဲ့ကို သတ်ဖြတ်ပစ်ရန် အခွင့်ရလိမ့်မည်မဟုတ်ပေ။ ၎င်းသည် “တစ်နေ့ခြင်းတွင်” မှာကဲ့သို့ လျင်မြန်စွာဖြစ်ပျက်လိမ့်မည်။ သို့သော်လည်း ၎င်း၏ရည်မှန်းချက် ပြည့်ဝလိမ့်မည်မဟုတ်ဘဲ တစ်နည်းနည်းဖြင့် တိုတောင်းလိမ့်မည်ဖြစ်သည်။ သို့အားဖြင့် ဘုရားသခင်၏လူမျိုးတော်သည် ‘ကယ်တင်ခံရ’ နိုင်မည်ဖြစ်သည်။—ဗျာဒိတ် ၁၈:၈။
၁၉။ (က) ကြီးစွာသောဒုက္ခ၏ပထမပိုင်းပြီးသွားသောအခါ အဘယ်အရာထင်ရှားလာလိမ့်မည်နည်း။ (ခ) ယင်းက အဘယ်အရာကို ဖြစ်ပျက်စေလိမ့်မည်နည်း။
၁၉ ထို့နောက် စာတန်မာရ်နတ်၏ မြေကြီးဆိုင်ရာ အခြားအဖွဲ့အစည်းများသည် ခဏတာဆက်ရှိနေဦးမည်ဖြစ်ပြီး ယခင် သူတို့၏ဘာသာရေးဆိုင်ရာအဖော်နှင့် ဆက်ဆံရေးဆုံးရှုံးရသည့်အတွက် ပူဆွေးမြည်တမ်းကြလိမ့်မည်။ (ဗျာဒိတ် ၁၈:၉-၁၉) ထိုအခိုက်အတန့်၌ ဘုရားသခင်၏စစ်မှန်သောကျေးကျွန်များသည် ဆက်လက်တည်ရှိနေပြီး ‘မြို့ရိုးမရှိ၊ . . . ငြိမ်ဝပ်စွာနေကြ’ ကာ အလွယ်တကူဖမ်းဆီးနိုင်သော သားကောင်ကဲ့သို့ဖြစ်နေသည်ကို သူတို့သတိထားမိကြမည်။ အံ့သြဖွယ်ရာအဖြစ်အပျက်တစ်ခု ဖြစ်ပျက်တော့မည်တကား! မိမိ၏ကျေးကျွန်များကို အမှန်တကယ် တိုက်ခိုက်လာခြင်း သို့မဟုတ် ခြိမ်းခြောက်ရန်လိုခြင်းကို တုံ့ပြန်သောအားဖြင့် ဘုရားသခင်သည် ကြီးစွာသောဒုက္ခ၏ နောက်ဆုံးပိုင်း၌ မိမိ၏ရန်သူများကို တရားစီရင်လိမ့်မည်ဖြစ်သည်။—ယေဇကျေလ ၃၈:၁၀-၁၂၊ ၁၄၊ ၁၈-၂၃။
၂၀။ ကြီးစွာသောဒုက္ခ၏ဒုတိယပိုင်းသည် ဘုရားသခင်၏လူမျိုးတော်ကို အဘယ်ကြောင့် အန္တရာယ်ဖြစ်စေလိမ့်မည်မဟုတ်သနည်း။
၂၀ ကြီးစွာသောဒုက္ခ၏ ဤဒုတိယပိုင်းသည် စီ.အီး. ၇၀ ၌ ရောမများ ဒုတိယအကြိမ်လာရောက်တိုက်ခိုက်ရာတွင် ယေရုရှလင်နှင့် ယင်း၏ပြည်သားများ၌ ဖြစ်ပျက်ခဲ့သည့်အရာများနှင့် အလားတူပေလိမ့်မည်။ ၎င်းသည် “ကမ္ဘာဦးမှစ၍ [ထိုအချိန်] တိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သောကြီးစွာသောဒုက္ခ” ဖြစ်ကြောင်း ထင်ရှားလိမ့်မည်။ (မဿဲ ၂၄:၂၁) သို့သော်လည်း ဘုရားသခင်၏ရွေးချယ်တော်မူခြင်းကိုခံရသည့်သူများနှင့် သူတို့၏အပေါင်းအပါများသည် အသတ်ခံရမည့် အန္တရာယ်ဇုန်ထဲတွင် ရှိလိမ့်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။ ရပ်နယ်ဒေသတစ်ခုသို့ သူတို့ထွက်ပြေးသွားကြရလိမ့်မည်တော့မဟုတ်ပါ။ ယေရုရှလင်တွင်ရှိသော ပထမရာစုခရစ်ယာန်များသည် ထိုမြို့မှထွက်၍ ယောဒန်မြစ်တစ်ဖက်၌ရှိသည့် ပဲလ္လကဲ့သို့သော တောင်တန်းဒေသသို့ ထွက်ပြေးနိုင်ကြသည်။ သို့ရာတွင် အနာဂတ်၌ ဘုရားသခင်၏သစ္စာရှိသက်သေခံများသည် ကမ္ဘာတစ်ဝန်းလုံးတွင် တည်ရှိနေလိမ့်မည်ဖြစ်သောကြောင့် လုံခြုံရာနှင့် ဘေးလွတ်ရာသည် ရပ်နယ်ဒေသတစ်ခုအပေါ်၌ မူတည်လိမ့်မည်မဟုတ်ပါ။
၂၁။ နောက်ဆုံးတိုက်ပွဲ၌ မည်သူက တိုက်ခိုက်လိမ့်မည်နည်း။ အဘယ်အကျိုးရလဒ် ရရှိမည်နည်း။
၂၁ ဖျက်ဆီးခြင်းသည် ရောမစစ်တပ် သို့မဟုတ် အဘယ်လူသားကိုယ်စားလှယ်အားဖြင့်မျှ ဖြစ်လိမ့်မည်မဟုတ်ချေ။ ယင်းအစား ဖျက်ဆီးစီရင်မည့်စစ်တပ်သည် ကောင်းကင်မှဖြစ်မည်ဟု ဗျာဒိတ်ကျမ်းက ဖော်ပြသည်။ မှန်ပေသည်၊ ကြီးစွာသောဒုက္ခ၏ ထိုနောက်ဆုံးအပိုင်းသည် အဘယ်လူသားစစ်တပ်အားဖြင့်မျှမဟုတ်ဘဲ ထမြောက်လာကြမည့် ဘိသိက်ခံခရစ်ယာန်များအပါအဝင် “ကောင်းကင်ဗိုလ်ခြေ” ၏အထောက်အကူဖြင့် ဘုရင်ယေရှုခရစ်တည်းဟူသော “ဘုရားသခင်၏နှုတ်ကပါဌ်တော်” အားဖြင့် အထမြောက်လိမ့်မည်။ “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” သည် ဖျက်ဆီးခြင်းကို စီ.အီး. ၇၀ ခုနှစ်က ရောမတို့ပြုခဲ့သည်ထက် ပို၍စေ့စေ့စပ်စပ်ပြုလုပ်ပေလိမ့်မည်။ ၎င်းသည် ဘုရင်များ၊ စစ်သူကြီးများ၊ လူလွတ်နှင့် အစေခံကျွန်များ၊ နိမ့်ပါးသူနှင့် ကြီးမြတ်သူများစသည့် ဘုရားသခင်ကိုဆန့်ကျင်သူ အဘယ်လူသားကိုမဆို သုတ်သင်ရှင်းလင်းပစ်လိမ့်မည်။ စာတန့်လောက၏ လူ့အဖွဲ့အစည်းများပင် နိဂုံးချုပ်ရလိမ့်မည်ဖြစ်သည်။—ဗျာဒိတ် ၂:၂၆၊ ၂၇; ၁၇:၁၄; ၁၉:၁၁-၂၁; ၁ ယောဟန် ၅:၁၉။
၂၂။ နောက်ထပ် အဘယ်သဘောမျိုးဖြင့် ‘လူများ’ ကယ်တင်ခံရမည်နည်း။
၂၂ ဘိသိက်ခံအကြွင်းအကျန်နှင့် “လူအုပ်ကြီး” တို့ပါဝင်သော ‘လူများ’ သည် ဘေးဒုက္ခကြီး၏ပထမပိုင်း၌ မဟာဗာဗုလုန်မြို့ကြီး အလျင်အမြန်နှင့် လုံးလုံးကျဆုံးသောအချိန်က ကယ်တင်ခံထားရပြီးဖြစ်ကြောင်း အမှတ်ရပါ။ ထို့နည်းတူ ဘေးဒုက္ခ၏နိဂုံးပိုင်းတွင် ယေဟောဝါဘက်တော်သို့ပြေးဝင်သော ‘လူများ’ သည် ကယ်တင်ခံရလိမ့်မည်။ ၎င်းသည် စီ.အီး. ၇၀ ခုနှစ်က ပုန်ကန်သောဂျူးများရရှိခဲ့သည့် အကျိုးရလဒ်နှင့် မည်မျှကွာခြားလိုက်မည်ဖြစ်လေခြင်း!
၂၃။ အသက်ရှင်ကပ်ကျော်သွားမည့် ‘လူများ’ သည် အဘယ်အရာကို မျှော်လင့်နိုင်သနည်း။
၂၃ သင်ကိုယ်တိုင်နှင့် သင်ချစ်မြတ်နိုးရသူများ၏ အနာဂတ်အလားအလာကို စဉ်းစားသုံးသပ်ရာ၌ ဗျာဒိတ် ၇:၁၆၊ ၁၇ တွင် ကတိပြုထားသည့်အရာကို သတိပြုပါ– “သူတို့သည် နောက်တစ်ဖန်ရေစာကို မငတ်မမွတ်ရကြ။ နေရောင်ခြည်အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။ အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ရှိသော သိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍ အသက်စမ်းရေတွင်းသို့လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။” ၎င်းသည် အံ့သြဖွယ်၊ ထာဝစဉ်တည်မြဲသည့် သဘောမျိုးဖြင့် အမှန်ပင် “ကယ်တင်ခံရ” ခြင်းဖြစ်လေတော့သည်။
[အောက်ခြေမှတ်ချက်များ]
b “တိတုဝင်ရောက်သွားသောအခါ မြို့တော်၏ခိုင်ခံ့မှုကြောင့် သူအံ့သြသွားခဲ့ရသည် . . . ‘ဘုရားသခင်ဟာ ငါတို့ဘက်မှာ ရှိခဲ့တယ်; ဒီခိုင်ခံ့မှုတွေကနေ ဂျူးတွေကို ကျရှုံးစေတာ ဘုရားသခင်ပဲ; ဘာကြောင့်လဲဆိုရင် ဘယ်လူ့လက် ဒါမှမဟုတ် ဘယ်ကိရိယာကများ ဒီလိုခံတပ်ကြီးတွေကို ဆန့်ကျင်တိုက်ခိုက်နိုင်မှာလဲ’ ဟူ၍ သူကြွေးကြော်ခဲ့သည်” ဟု ဂျိုစီဖတ်စ်က ဆိုသည်။
c စိတ်ဝင်စားစရာမှာ ရှဲမ်း တုတ်ဘ်၏ မဿဲ ၂၄:၂၂ ကျမ်းချက်က “အကျိုးငှာ၊ အဖို့အလို့ငှာ၊ အလို့ငှာ” ဟု အဓိပ္ပာယ်ရသော အာဗရ် ဟူသည့် ဟေဗြဲစကားလုံးကို အသုံးပြုထားခြင်းဖြစ်သည်။—ရှေ့ဆောင်းပါးမှ စာမျက်နှာ ၁၃ ကိုရှု။
d ၁၉၉၄၊ ဖေဖော်ဝါရီ ၁၅ ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၁၊ ၁၂ နှင့် မဿဲအခန်းကြီး ၂၄၊ မာကုအခန်းကြီး ၁၃၊ လုကာအခန်းကြီး ၂၁ တို့တွင်တွေ့ရသော ယေရှု၏ပရောဖက်ပြုဖြေကြားချက်ကို ကော်လံချင်းယှဉ်လျက်ဖော်ပြထားသည့် စာမျက်နှာ ၁၄ နှင့် ၁၅ မှ ပုံစံကားချပ်ကို ရှု။
e ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မှ ၁၉၈၈ ခုနှစ်က ထုတ်ဝေခဲ့သော ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာမျက်နှာ ၂၃၅-၅၈ ရှု။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ယေရုရှလင်မြို့ကို ရောမစစ်တပ်၏တိုက်ခိုက်မှု၌ အဘယ်အပိုင်းနှစ်ပိုင်းရှိသနည်း။
◻ စီ.အီး. ၇၀ ခုနှစ်၌ အသက်ရှင်ကျန်ရစ်သူ ဂျူး ၉၇,၀၀၀ တို့သည် မဿဲ ၂၄:၂၂ တွင်ဖော်ပြထားသော ‘လူများ’ အဘယ်ကြောင့် ဖြစ်နိုင်ဖွယ်မရှိသနည်း။
◻ ယေရုရှလင်၏ဘေးဒုက္ခကာလသည် မည်သို့အားဖြင့် တိုတောင်းခဲ့ပြီး ‘လူများ’ မည်သို့ကယ်တင်ခံခဲ့ကြရသနည်း။
◻ ချဉ်းကပ်လာလျက်ရှိသည့် ကြီးစွာသောဒုက္ခတွင် မည်သို့အားဖြင့် အချိန်ကာလသည် တိုတောင်းပြီး ‘လူများ’ ကယ်တင်ခံရလိမ့်မည်နည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ပုန်ကန်မှုနောက်ပိုင်း ထုတ်လုပ်ခဲ့သော ဂျူးတို့၏ငွေဒ င်္ဂါး။ ဟေဗြဲစာက “ဒုတိယနှစ်” ဟု ဖော်ပြထားကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၏ ဒုတိယနှစ်ဖြစ်သော စီ.အီး. ၆၇ ခုနှစ်ကိုဆိုလိုခြင်းဖြစ်သည်
[Credit Line]
Pictorial Archive (New Eastern History) Est.
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
စီ.အီး. ၇၁ ခုနှစ်၌ ထုတ်လုပ်ခဲ့သော ရောမတို့၏ငွေဒ င်္ဂါး။ ဝဲဘက်ပုံမှာ လက်နက်ကိုင်ရောမတပ်သားတစ်ဦးဖြစ်ပြီး ယာဘက်ပုံမှာ ငိုကြွေးမြည်တမ်းနေသော ဂျူးအမျိုးသမီးတစ်ဦးဖြစ်သည်။ “IVDAEA CAPTA” ဟူသည့်စကားလုံး၏အဓိပ္ပာယ်မှာ “သိမ်းပိုက်ခံ ယုဒနိုင်ငံ” ဖြစ်သည်
[Credit Line]
Pictorial Archive (New Eastern History) Est.