ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၁/၁ စာ. ၇-၁၂
  • နှစ်သိမ့်မှုရဖို့အတွက် ယေဟောဝါကို မျှော်ကိုးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှစ်သိမ့်မှုရဖို့အတွက် ယေဟောဝါကို မျှော်ကိုးပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်သိမ့်မှုပေးသော ကတိတော် ပြည့်စုံခဲ့
  • နောဧထက် သာ၍ကြီးမြတ်သူတစ်ဦး
  • နှစ်သိမ့်မှုတွေ့နိုင်သည့် နေရာ
  • အပြင်းအထန်စမ်းသပ်ခံရသည့် အချိန်များတွင်
  • စစ်မှန်သောနှစ်သိမ့်မှုကို အဘယ်နေရာ၌ ရှာတွေ့နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင် နှစ်သိမ့်ပေးပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ယေဟောဝါ၏ ခွန်အားတော်၌ နှစ်သိမ့်မှုရယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၁/၁ စာ. ၇-၁၂

နှစ်သိမ့်မှုရဖို့အတွက် ယေဟောဝါကို မျှော်ကိုးပါ

“ခရစ်တော်ယေရှု၏ အလိုတော်အတိုင်း အချင်းချင်းစိတ်တညီတညွတ်တည်းရှိမည်အကြောင်း တည်ကြည်ခြင်း၊ နှစ်သိမ့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။”—ရောမ ၁၅:၆၊ သမ္မာ။

၁။ နေ့စဉ်နှင့်အမျှ နှစ်သိမ့်မှုလိုအပ်ချက်သည် အဘယ်ကြောင့် ကြီးမားလာရသနည်း။

တစ်ရက်လွန်သွားလေတိုင်း နှစ်သိမ့်မှုလိုအပ်ချက်သည်လည်း သာ၍တိုးများလာလေသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၁,၉၀၀ ကျော်က ကျမ်းရေးသူတစ်ဦး သတိပြုမိခဲ့သကဲ့သို့ပင် “ဖန်ဆင်းတော်မူသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်းငြီးတွားလျက် ဝေဒနာခံစားလျက်နေရ” သည်။ (ရောမ ၈:၂၂၊ သမ) ကျွန်ုပ်တို့ခေတ်ကာလတွင် ‘ငြီးတွားခြင်း’ နှင့် ‘ဝေဒနာခံစားရခြင်း’ သည် ယခင်ကထက် သာ၍ကြီးမားပြင်းထန်လာပြီ။ ပထမကမ္ဘာစစ်ဖြစ်ကတည်းက လူသား၏ ဤကမ္ဘာကိုတလွဲတချော်စီစဉ်မှုနှင့် ဆက်စပ်လေ့ရှိသည့် စစ်ပွဲများ၊ ရာဇဝတ်မှုနှင့် သဘာဝဘေးအန္တရာယ်များအသွင်ဖြင့် လူသားများသည် အကျပ်အတည်းတစ်ခုပြီးတစ်ခု ဆိုက်ရောက်နေသည်။—ဗျာဒိတ် ၁၁:၁၈။

၂။ (က) လူသားတို့၏လက်ရှိ အမင်္ဂလာများအတွက် အပြစ်တင်ထိုက်ဆုံးသူမှာ မည်သူနည်း။ (ခ) မည်သည့်အချက်က ကျွန်ုပ်တို့အား နှစ်သိမ့်မှု၏အခြေအမြစ်ကို တင်ပြသနည်း။

၂ ကျွန်ုပ်တို့ခေတ်တွင် ဒုက္ခသုက္ခ အဘယ့်ကြောင့် ဤမျှများရပါသနည်း။ ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော် ဖွားမြင်ပြီးနောက်ပိုင်း စာတန်ကို ကောင်းကင်မှ ပစ်ချလိုက်ကြောင်းဖော်ပြကာ ကျမ်းစာက “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ” ဟုအဖြေပေးသည်။ (ဗျာဒိတ် ၁၂:၁၂) အဆိုပါပရောဖက်ပြုချက် ပြည့်စုံမှု၏ ထင်ရှားသောအထောက်အထားက ကျွန်ုပ်တို့သည် စာတန့်ဆိုးညစ်သောအုပ်စိုးမှု၏အဆုံးတွင်ရောက်လုနီးနေပြီဟု ဆိုလိုပါသည်။ ကမ္ဘာပေါ်တွင်ရရှိမည့်အသက်တာဟူသည် စာတန်က ကျွန်ုပ်တို့မိဘများအား သူပုန်ဘဝရောက်စေခဲ့သည့်အချိန်မတိုင်မီက ရှိခဲ့သည့်ငြိမ်သက်အေးချမ်းသောအခြေအနေကို မကြာမီပြန်ရောက်မည်ဖြစ်ကြောင်း သိရခြင်းသည် အလွန်နှစ်သိမ့်စရာပင်!

၃။ မည်သည့်အချိန်က လူသားများသည် နှစ်သိမ့်မှုမလိုအပ်ဘဲရှိခဲ့သနည်း။

၃ အစတွင် လူ့ဖန်ဆင်းရှင်သည် ပထမလူသားမောင်နှံအတွက် စံအိမ်အဖြစ် လှပသောဥယျာဉ်တစ်ခုကို ချီးမြှင့်ပေးသနားတော်မူခဲ့သည်။ “နှစ်ခြိုက်ကြည်နူးဖွယ်ရာ” သို့မဟုတ် “သာယာပျော်မြူးဖွယ်ရာ” ဟုအဓိပ္ပာယ်ရသည့် ဧဒင်ဟုခေါ်တွင်သောအရပ်တွင် ယင်းကိုတည်ခဲ့သည်။ (ကမ္ဘာဦး ၂:၈၊ ကဘ၊ အောက်ခြေမှတ်ချက်) ထို့အပြင် အာဒံနှင့်ဧဝတို့သည် ဘယ်တော့မျှမသေရသောအလားအလာဖြင့် စုံလင်သည့်ကျန်းမာရေး၌မွေ့လျော်ခဲ့ကြသည်။ သူတို့၏အရည်အသွေးများ—ဥယျာဉ်စိုက်ပျိုးခြင်း၊ အနုပညာ၊ ဆောက်လုပ်ရေး၊ တေးဂီတတို့ကို တိုးတက်ရန် လုပ်ဆောင်နိုင်ခဲ့သည့် နယ်ပယ်များစွာကို စဉ်းစားကြည့်ပါလေ။ မြေကြီးကိုပြည့်စေကာ ယင်းကို ပရဒိသုတစ်ခုဖြစ်အောင်လုပ်ရမည့် သူတို့၏တာဝန်ကို ထမ်းရွက်ရင်း သူတို့လေ့လာနိုင်ခဲ့သည့် ဖန်ဆင်းခြင်းလက်ရာတော်အားလုံးကိုလည်း စဉ်းစားကြည့်ပါဦး။ (ကမ္ဘာဦး ၁:၂၈) အာဒံနှင့် ဧဝတို့ဘဝသည် ငြီးတွားမှု၊ ဝေဒနာခံစားရမှုတို့နှင့် မဟုတ်ဘဲ သာယာပျော်မြူးဖွယ်ရာ၊ နှစ်ခြိုက်ကြည်နူးဖွယ်ရာတို့နှင့် ပြည့်နေခဲ့ရမည်သာ။ သူတို့ နှစ်သိမ့်မှုလိုအပ်မည်မဟုတ်သည်မှာ သေချာသည်။

၄၊ ၅။ (က) အာဒံနှင့်ဧဝတို့သည် နာခံမှုစမ်းသပ်ချက်ကို အဘယ်ကြောင့် ကျရှုံးခဲ့သနည်း။ (ခ) လူသားတို့သည် နှစ်သိမ့်မှုလိုအပ်သည့်အဖြစ်သို့ မည်သို့ရောက်ရှိလာခဲ့သနည်း။

၄ သို့သော် အာဒံနှင့်ဧဝတို့ မဖြစ်မနေလိုအပ်ခဲ့သည့်အရာမှာ အကြင်နာတရားပြည့်ဝသော မိမိတို့၏ကောင်းကင်ခမည်းတော်ကို နှစ်နှစ်ကာကာချစ်သည့်စိတ်နှင့် ကျေးဇူးတင်လေးမြတ်သည့်စိတ်ကို ပြုစုပျိုးထောင်ပေးရန်ဖြစ်သည်။ အဆိုပါမေတ္တာက အခြေအနေအရပ်ရပ်အောက်တွင် ဘုရားသခင်ကို နာခံဖို့ သူတို့ကို လှုံ့ဆော်ပေးခဲ့မည်။ (ယောဟန် ၁၄:၃၁ နှိုင်းယှဉ်။) ဝမ်းနည်းစရာကား ကျွန်ုပ်တို့၏မူလမိဘနှစ်ပါးစလုံးသည် မိမိတို့အပေါ် အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ရှိသော ယေဟောဝါကိုနာခံဖို့ပျက်ကွက်ခဲ့ကြသည်။ ယင်းသို့နာခံမည့်အစား ယုတ်ညံ့သွားသော ကောင်းကင်တမန်တစ်ပါးဖြစ်သည့် စာတန်မာရ်နတ်၏ ဆိုးညစ်သောအုပ်စိုးမှုအောက် မိမိတို့ကိုယ်ကို အရောက်ခံခဲ့ကြသည်။ အပြစ်ပြုဖို့နှင့် တားမြစ်ထားသောအသီးကိုစားဖို့ ဧဝကိုသွေးဆောင်ခဲ့သူမှာ စာတန်ပင်ဖြစ်တော့သည်။ အာဒံသည် “စားသောနေ့တွင် ဧကန်အမှန်သေရမည်” ဟုဘုရားသခင် ရှင်းရှင်းသတိပေးထားတော်မူသည့် အပင်မှအသီးကို စားလိုက်သည်နှင့် အပြစ်ပြုမိသွားလေသည်။—ကမ္ဘာဦး ၂:၁၇။

၅ ဤနည်းဖြင့် အပြစ်ရှိသော ဤမောင်နှံသည် သေဖို့စလာလေသည်။ သေမိန့်ချမှတ်သောအခါဘုရားသခင်က အာဒံအား “မြေသည် သင်၏အတွက်ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တစ်သက်ပတ်လုံးပင်ပန်းစွာစားရမည်။ ဆူးပင်နှင့် ဆူးလေပင်များကို သင့်အဖို့မြေသည် ပေါက်စေမည်။ လယ်ယာ၌ဖြစ်သော ဟင်းသီးဟင်းရွက်ကို သင်စားရမည်” ဟုလည်းမိန့်မြွက်တော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁၇၊ ၁၈၊ သမ္မာ) သို့နှင့် အာဒံနှင့်ဧဝတို့သည် မစိုက်မပျိုးရသေးသော ကမ္ဘာမြေကို ပရဒိသုတစ်ခုအဖြစ်သို့ အသွင်ပြောင်းရမည့်အလားအလာ ဆုံးရှုံးခဲ့လေသည်။ ဧဒင်မှ နှင်ထုတ်ခံလိုက်ရပြီး သူတို့၏ခွန်အားများကို အကျိန်ခံခဲ့ရဖူးသောမြေမှ အစာရရေးအတွက်သာ စုစည်းအသုံးပြုရတော့သည်။ ဤအပြစ်ပြုသော သေအံ့ဆဲဆဲအခြေအနေကို အမွေခံထားကြသည့် သူတို့၏သားစဉ်မြေးဆက်များသည် နှစ်သိမ့်မှုအကြီးအကျယ်လိုအပ်လာတော့သည်။—ရောမ ၅:၁၂။

နှစ်သိမ့်မှုပေးသော ကတိတော် ပြည့်စုံခဲ့

၆။ (က) လူသားတို့ အပြစ်နွံတွင်း ကျရောက်ပြီးနောက် နှစ်သိမ့်မှုပေးသော မည်သည့်ကတိတော်ကို ဘုရားသခင်ပေးတော်မူခဲ့သနည်း။ (ခ) နှစ်သိမ့်မှုနှင့်စပ်လျဉ်း၍ မည်သည့်ပရောဖက်ပြုချက်ကို လာမက် နှုတ်မြွက်ခဲ့သနည်း။

၆ လူ့ပုန်ကန်မှုဖြစ်ရန် မြှောက်ထိုးပင့်ကော်လုပ်သူကို စီရင်ချက်ချသောအခါ ယေဟောဝါရှင်သည် “နှစ်သိမ့်ခြင်း၏အရှင် ဘုရားသခင်” ဖြစ်တော်မူကြောင်း သက်သေထူခဲ့သည်။ (ရောမ ၁၅:၆၊ သမ္မာ) ကိုယ်တော်သည် အာဒံပုန်ကန်မှု၏ဆိုးကျိုးများမှ အာဒံ့သားမြေးများကို နောက်ဆုံးတွင် လွတ်မြောက်ပေးမည့် “အမျိုးအနွယ်” ကို စေလွှတ်ပေးမည်ဟု ကတိပေးတော်မူခြင်းအားဖြင့် သက်သေထူတော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) အချိန်တန်သော် ဘုရားသခင်သည် ဤလွတ်မြောက်မှု၏ရှေ့ပြေးရောင်ခြည်ကိုလည်း ထုတ်ပြတော်မူသည်။ ဥပမာ၊ လာမက်၏သား လုပ်ဆောင်မည့်အရာအကြောင်းကို ပရောဖက်ပြုရန် အာဒံ၏သား ရှေသမှဆင်းသက်လာသည့် အလှမ်းကွာသော အာဒံ့သားစဉ်မြေးဆက် လာမက်ကို ဝိညာဉ်တော်ဖြင့်မှုတ်သွင်းတော်မူခဲ့သည်ကား “ဤသူသည်ကား ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်” ဟူ၍တည်း။ (ကမ္ဘာဦး ၅:၂၉) ဤပရောဖက်ပြုချက်နှင့်အညီ ထိုလူငယ်လေးကို “ရပ်နားခြင်း” သို့မဟုတ် “နှစ်သိမ့်ခြင်း” ဟူသည့်အဓိပ္ပာယ်ရှိကြောင်း သိထားကြသည့် နောဧဟု အမည်ပေးခဲ့သည်။

၇၊ ၈။ (က) မည်သည့်အခြေအနေက လူသားကိုဖန်ဆင်းခဲ့ခြင်းနှင့်ပတ်သက်၍ ယေဟောဝါရှင်အား စိတ်မကောင်းစရာဖြစ်စေခဲ့ပြီး မည်သို့တုံ့ပြန်ဖို့ ကိုယ်တော်ရည်ရွယ်တော်မူခဲ့သနည်း။ (ခ) နောဧသည် သူ့အမည်၏အဓိပ္ပာယ်နှင့်အညီ မည်သို့အသက်ရှင်ခဲ့သနည်း။

၇ ထိုစဉ်အတောအတွင်း စာတန်သည် ကောင်းကင်တမန်အချို့မှ မိမိနောက်လိုက်မည့်သူများကို ရလိုက်သည်။ ဤသူတို့သည် လူ့အသွေးအသားခန္ဓာများကိုယူကာ ဆွဲဆောင်မှုရှိသော အာဒံ့မြေးမများကို ဇနီးအဖြစ်သိမ်းယူခဲ့ကြသည်။ ဓမ္မတာမဟုတ်သည့် အဆိုပါ ထိမ်းမြားမှုများသည် လူ့ဘောင်ကို သာ၍ပုပ်ပျက်ယိုယွင်းစေပြီး ကမ္ဘာကို အဓမ္မမှုနှင့်ပြည့်စေသည့် “ဖြိုလှဲသူများ” ဖြစ်သည့် ဘုရားမဲ့ နက်ဖလင်အနွယ်တစ်နွယ်ကို မွေးထုတ်ပေးလိုက်သည်။ (ကမ္ဘာဦး ၆:၁၊ ၂၊ ၄၊ ၁၁; ယုဒ ၆) “မြေကြီးပေါ်မှာ လူ့အပြစ်ကြီးပွား၍ . . . ဆိုးညစ်ခြင်းသက်သက်ဖြစ်သည်ကို ထာဝရဘုရားသိမြင်တော်မူလျှင် မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူခဲ့သောကြောင့် စိတ်တော်မသာယာ၊ နှလုံးတော်ပူပန်လျက်ရှိတော်မူ၏။”—ကမ္ဘာဦး ၆:၅၊ ၆၊ သမ။

၈ ယေဟောဝါရှင်သည် ဆိုးသွမ်းသောဤလောကကို ကမ္ဘာချီရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးပစ်ရန် ရည်ရွယ်တော်မူခဲ့သော်လည်း အသက်လွတ်ဖို့အတွက် ဦးဦးဆုံး နောဧကို သင်္ဘောဆောက်ခိုင်းတော်မူခဲ့သည်။ သို့နှင့် လူမျိုးနွယ်နှင့် တိရစ္ဆာန်မျိုးတို့ကို အသက်ဘေးမှ ကယ်တင်ခဲ့သည်။ ရေလွှမ်းမိုးဘေးပြီးနောက် ရှင်းလင်းသုတ်သင်ထားသော ကမ္ဘာပေါ်သို့ သင်္ဘောထဲမှထွက်လာကြချိန်ဝယ် နောဧနှင့် သူ့မိသားစု မည်မျှစိတ်သက်သာမှု ရရှိလိုက်မည်ဖြစ်ခြင်း! အကျိန်ခံရသော မြေပြင်သည် အဆင့်မြှင့်ပေးခံရကာ စိုက်ပျိုးရေးလုပ်ငန်းသည် အလွန့်အလွန်လွယ်ကူလာစေသည်ကို တွေ့လိုက်ရခြင်းသည် အလွန်နှစ်သိမ့်မှုဖြစ်စရာပါတကား! အမှန်ပင် လာမက်၏ပရောဖက်ပြုချက်သည် မှန်ကန်ခဲ့ပြီး နောဧသည် သူ့နာမည်၏အနက်အဓိပ္ပာယ်နှင့်အညီ အသက်ရှင်ခဲ့သည်။ (ကမ္ဘာဦး ၈:၂၁) ဘုရားသခင့် သစ္စာရှိကျေးကျွန်တစ်ဦးအနေနှင့် နောဧသည် လူသားများအတွက် “နှစ်သိမ့်မှု” အတော်အတန်ကို ဆောင်ကြဉ်းပေးသည့် အသုံးတော်ခံတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် စာတန်နှင့် သူ၏နတ်ဆိုးတမန်များ၏ ဆိုးသွမ်းသောသြဇာသည် ရေလွှမ်းမိုးဘေးနှင့် အဆုံးမတိုင်သွားခဲ့ပါ၊ လူသားတို့ခမျာ အပြစ်တရား၊ အဖျားအနာနှင့် သေခြင်းတရား၏ ဝန်အောက်တွက် ဆက်၍ငြီးတွားနေကြရရှာသည်။

နောဧထက် သာ၍ကြီးမြတ်သူတစ်ဦး

၉။ ယေရှုခရစ်သည် နောင်တရသောလူသားတို့အတွက် ထောက်မသူနှင့် နှစ်သိမ့်သူဖြစ်ကြောင်း မည်သို့သက်သေထူတော်မူခဲ့သနည်း။

၉ နောက်ဆုံး လူ့သမိုင်း၏ အနှစ် ၄,၀၀၀ ခန့်အကုန်ပိုင်းတွင် ကတိထားတော်မူသော အမျိုးအနွယ် ရောက်လာပါတော့သည်။ လူသားများအပေါ်ထားသည့် ကြီးမားတော်မူသောမေတ္တာ၏လှုံ့ဆော်မှုကြောင့် ယေဟောဝါဘုရားသခင်သည် အပြစ်ရှိသောလူ့လောကအတွက် ရွေးနုတ်ဖိုးအနေနှင့်အသေခံရန် မိမိ၏တစ်ပါးတည်းသောသားတော်ကို ကမ္ဘာသို့ စေလွှတ်လိုက်တော်မူသည်။ (ယောဟန် ၃:၁၆) ယေရှုခရစ်သည် မိမိ၏ပူဇော်သကာဆိုင်ရာသေခြင်းကို ယုံကြည်ကြောင်းတင်ပြကြသည့် နောင်တရသော အပြစ်သားများအား အကြီးအကျယ်သက်သာမှုပေးခဲ့သည်။ ယေဟောဝါထံ မိမိတို့အသက်တာကို ဆက်ကပ်အပ်နှံကာ သားတော်ယေရှု၏ နှစ်ခြင်းခံတပည့်တော်များဖြစ်လာသူအားလုံးသည် တည်မြဲသော စိတ်လန်းဆန်းမှုနှင့် နှစ်သိမ့်မှုကို ခံစားကြရသည်။ (မဿဲ ၁၁:၂၈-၃၀; ၁၆:၂၄) သူတို့သည် မစုံလင်မှုကြားမှ ကြည်လင်သောသြတ္တပ္ပစိတ်ဖြင့် ဘုရားသခင့်အမှုတော်ဆောင်ခြင်းတွင် အူလှိုက်သည်းလှိုက်ရွှင်လန်းမှုကို ခံစားကြရသည်။ မိမိတို့သာ ယေရှုကို ယုံကြည်ကြောင်းတင်ပြမည်ဆိုလျှင် ထာဝရအသက်ကို ဆုချခံရမည်ဖြစ်ကြောင်း သိရခြင်းသည် အလွန်နှစ်သိမ့်စရာပါတကား! (ယောဟန် ၃:၃၆; ဟေဗြဲ ၅:၉) သူတို့သည် အားနည်းမှုကြောင့် ကြီးလေးသည့်အပြစ် ပြုမိလျှင်ပင် သူတို့တွင် အထောက်အမ သို့မဟုတ် နှစ်သိမ့်ပေးသူဖြစ်သည့် ရှင်ပြန်ထမြောက်သွားသော သခင်ယေရှုခရစ် ရှိထားသည်။ (၁ ယောဟန် ၂:၁၊ ၂) ထိုအပြစ်ကို ဝန်ချခြင်းအားဖြင့်လည်းကောင်း၊ အပြစ်ပြုကျင့်ရှိသူများဖြစ်မသွားရန် ကျမ်းစာပါခြေလှမ်းများကို လှမ်းယူခြင်းအားဖြင့်လည်းကောင်း ‘သူတို့၏အပြစ်များကို လွှတ်ခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ’ ကြောင်းသိရှိကာ သက်သာမှုကို သူတို့ရရှိကြသည်။—၁ ယောဟန် ၁:၉; ၃:၆; သု. ၂၈:၁၃။

၁၀။ ယေရှုကမ္ဘာပေါ်တွင်ရှိစဉ် ကိုယ်တော်ပြုခဲ့သည့် အံ့ဖွယ်အမှုများမှ မည်သည့်အရာကို ကျွန်ုပ်တို့သိရှိရသနည်း။

၁၀ ယေရှုသည် ကမ္ဘာပေါ်တွင် ရှိစဉ်အချိန်ကလည်း နတ်ဆိုးစွဲနေသူများကို လွတ်မြောက်ပေးခြင်း၊ အဖျားအနာအမျိုးမျိုးကို ကုသပေးခြင်း၊ ချစ်မြတ်နိုးရသော သေလွန်သူများကို အသက်ပြန်ရှင်အောင်လုပ်ပေးခြင်းအားဖြင့် စိတ်လန်းဆန်းမှုကို ပေးတော်မူခဲ့သည်။ အဆိုပါ ကောင်းချီးခံစားခဲ့ရသူများသည် အိုမင်းရင့်ရော်ကာ သေဆုံးခဲ့ကြရသောကြောင့် ဤကဲ့သို့သော အံ့ဖွယ်အမှုတို့သည် တဒင်္ဂအကျိုးသာဖြစ်ခဲ့သည်မှာ မှန်ပါသည်။ သို့သော် ယေရှုသည် လူသားအားလုံးအား မိမိသွန်းလောင်းပေးမည့် တည်မြဲသော အနာဂတ်ကောင်းချီးများကို ဤအမှုအားဖြင့် ညွှန်ပြခဲ့သည်။ ယခုအခါတွင် တန်ခိုးကြီးမားသည့် ကောင်းကင်ဘုရင်သည် မကြာမီအချိန်တွင် နတ်ဆိုးများကို နှင်ထုတ်ရုံထက်မက ပြုလုပ်တော်မူမည်။ ကိုယ်တော်သည် သူတို့ကို ခေါင်းဆောင်စာတန်နှင့်အတူ မလှုပ်မရှားနိုင်သောအခြေအနေတွင် ပစ်ချလှောင်ပိတ်ထားတော်မူမည်။ ထို့နောက် ဘုန်းရောင်ကွန့်မြူးသော ခရစ်တော်၏အနှစ်တစ်ထောင် စိုးစံမှု စတင်မည်။—လုကာ ၈:၃၀၊ ၃၁; ဗျာဒိတ် ၂၀:၁၊ ၂၊ ၆။

၁၁။ ယေရှုက မိမိကိုယ်ကို “ဥပုသ်နေ့၏အရှင်” ဟုအဘယ်ကြောင့် ခေါ်သနည်း။

၁၁ ယေရှုက မိမိသည် “ဥပုသ်နေ့၏အရှင်” ဖြစ်သည်ဟု မိန့်တော်မူကာ ကုသမှုများစွာကို ဥပုသ်နေ့တွင်ပြုတော်မူခဲ့သည်။ (မဿဲ ၁၂:၈-၁၃၊ သမ; လုကာ ၁၃:၁၄-၁၇; ယောဟန် ၅:၁၅၊ ၁၆; ၉:၁၄) အဘယ်ကြောင့် ဤနေ့တွင် ပြုခဲ့ရသနည်း။ အမှန်ဆိုလျှင် ဥပုသ်နေ့သည် ဣသရေလလူမျိုးသို့ပေးသော ဘုရားသခင့်ပညတ်တော်တွင် ပါဝင်ရာ ‘နောင်ဖြစ်လတ္တံ့သော မင်္ဂလာအကျိုးတို့၏အရိပ်’ ဖြစ်သည်။ (ဟေဗြဲ ၁၀:၁) အလုပ်လုပ်သောသီတင်းရက် ခြောက်ရက်က စာတန်၏ ဖိစီးနှိပ်စက်အုပ်ချုပ်မှုအောက် ကျွန်သားပေါက်ဘဝရောက်ခဲ့သည့် လူသားကျော်ဖြတ်ခဲ့သော အနှစ် ၆,၀၀၀ ကို ကျွန်ုပ်တို့အား သတိရစေသည်။ သီတင်းပတ်အဆုံး ဥပုသ်နေ့သည် သာ၍ကြီးမြတ်သော နောဧဖြစ်သည့် ယေရှုခရစ်၏ အနှစ်တစ်ထောင် စိုးစံစဉ်ကာလအတွင်း လူသားများတွေ့ကြုံမည့် သက်သက်သာသာအနားယူမှုကို စိတ်ထဲတွင် မြင်ယောင်လာစေသည်။—၂ ပေတရု ၃:၈ နှိုင်းယှဉ်။

၁၂။ မည်သည့်နှစ်သိမ့်ပေးသော တွေ့ကြုံစရာများကို ကျွန်ုပ်တို့ရှုမျှော်နိုင်သနည်း။

၁၂ ခရစ်တော်၏အုပ်စိုးမှုကို လက်အောက်ခံသည့် မြေကြီးသားများသည် နောက်ဆုံးတွင် စာတန်၏ဆိုးသွမ်းသောသြဇာမှ မိမိတို့ ကွင်းလုံးကျွတ်လွတ်မြောက်သွားပြီဖြစ်ကြောင်း သိရှိရသောအချိန်တွင် အလွန်စိတ်သက်သာမှု ခံစားရမည်တည်း! သူတို့၏ကာယ၊ စိတ်လှုပ်ရှားမှုနှင့် စိတ်ဝေဒနာများ ပျောက်ကင်းသွားသည်ကို တွေ့ရသောအခါ ထပ်ဆင့်နှစ်သိမ့်မှု ရရှိကြမည်။ (ဟေရှာယ ၆၅:၁၇) ထို့နောက် ချစ်မြတ်နိုးရသူများ သေလွန်ရာမှပြန်လာသည်ကို သူတို့ စပြီးကြိုဆိုချိန်ဝယ် သူတို့တွင်ရှိမည့်ပီတိအဟုန်ကို စဉ်းစားကြည့်ပါလေ! ဤနည်းများဖြင့် ဘုရားသခင်သည် “သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။” (ဗျာဒိတ် ၂၁:၄) ယေရှု၏ရွေးဖိုးပူဇော်သကာ၏ အကျိုးကျေးဇူးများသည် တဖြည်းဖြည်း အကျိုးသက်ရောက်လာသည်နှင့်အမျှ နာခံမှုရှိသော ဘုရားသခင့်နိုင်ငံတော်လက်အောက်ခံများသည် စုံလင်သည့်အဖြစ်သို့ရောက်ကာ အာဒံ့အပြစ်၏ ဆိုးကျိုးမှန်သမျှမှ ကွင်းလုံးကျွတ်လွတ်မြောက်သွားမည်။ (ဗျာဒိတ် ၂၂:၁-၅) ထို့နောက် စာတန်ကို “ခဏ” လွှတ်ပေးမည်။ (ဗျာဒိတ် ၂၀:၃၊ ၇) ယေဟောဝါရှင်၏ တော်မှန်သော အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သစ္စာရှိရှိထောက်ခံသောလူသားအားလုံး ထာဝရအသက်ဖြင့် ဆုချခံရမည်။ “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို” လုံးဝခံစားရခြင်းမှ ရရှိသည့် ပြောမပြနိုင်လောက်အောင် ရွှင်လန်းမှုနှင့် သက်သာမှုတို့ကို စဉ်းစားကြည့်ပါလေ! သို့နှင့် နာခံမှုရှိသောလူသားများသည် “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာ” ကိုခံစားကြရမည်။—ရောမ ၈:၂၁။

၁၃။ ခရစ်ယာန်စစ်အားလုံးသည် ဘုရားသခင်ပေးသနားတော်မူသော နှစ်သိမ့်မှုရဖို့ အဘယ်ကြောင့် လိုအပ်ရသနည်း။

၁၃ ထိုအတောအတွင်း ကျွန်ုပ်တို့သည် စာတန်၏ဆိုးသွမ်းသောစနစ်ထဲတွင် နေကြရသူအားလုံးခံရလေ့ရှိသော ငြီးတွားမှုနှင့် ဝေဒနာကို ဆက်၍ခံစားကြရသည်။ ကာယဖျားနာမှုနှင့် စိတ်ဗယောက်ဗယက်ဖြစ်မှုတို့သည် သစ္စာရှိခရစ်ယာန်အပါအဝင် လူသားတစ်ရပ်လုံးကို ထိခိုက်နေပါသည်။ (ဖိလိပ္ပိ ၂:၂၅-၂၇; ၁ သက်သာလောနိတ် ၅:၁၄) ထို့အပြင် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ‘လူထက် ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် သာ၍နာခံ’ သောကြောင့် စာတန်က ကျွန်ုပ်တို့အပေါ်တွင် စုပုံကျရောက်စေသည့် မတော်မတရားလှောင်ပြောင်သရော်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့ကို ခံရလေ့ရှိသည်။ (တမန်တော် ၅:၂၉၊ ကဘ) သို့ဖြစ်၍ ကျွန်ုပ်တို့သည် စာတန့်လောက အဆုံးရောက်သည့်အထိ ဘုရားသခင့်အလိုတော်ဆောင်ရာတွင် ခံနိုင်ရည်ရှိဖို့ဆိုလျှင် ကိုယ်တော်ပေးတော်မူသည့် နှစ်သိမ့်မှု၊ အထောက်အမနှင့် ခွန်အားလိုအပ်ပါသည်။

နှစ်သိမ့်မှုတွေ့နိုင်သည့် နေရာ

၁၄။ (က) ယေရှုသည် မိမိမသေမီညတွင် မည်သည့်ကတိစကားကို မိန့်မြွက်တော်မူခဲ့သနည်း။ (ခ) ကျွန်ုပ်တို့သည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏နှစ်သိမ့်ပေးမှုမှာ အကျိုးအပြည့်အဝရဖို့ဆိုလျှင် မည်သည့်အရာလုပ်ဖို့ လိုအပ်ပါသနည်း။

၁၄ ယေရှုက သူမသေမီညတွင် မိမိ၏သစ္စာရှိတမန်တော်များကို မကြာမီအချိန်တွင် စွန့်ခွာကာ ခမည်းတော်ထံပြန်ရတော့မည်ဖြစ်ကြောင်း သူတို့အား သဲသဲကွဲကွဲသိရှိစေခဲ့သည်။ ယင်းကြောင့် သူတို့ စိတ်ဒုက္ခရောက်ကာ ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ရသည်။ (ယောဟန် ၁၃:၃၃၊ ၃၆; ၁၄:၂၇-၃၁) သူတို့သည် အစဉ်မပြတ်နှစ်သိမ့်မှုလိုအပ်ကြောင်း သိရှိကာ ယေရှုက “ငါသည်ခမည်းတော်ကိုတောင်း၍ ခမည်းတော်သည်သမ္မာတရား၏ဝိညာဉ်တည်းဟူသော အခြားသောထောက်မသူကို သင်တို့နှင့်အတူအစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်” ဟုကတိပြုတော်မူခဲ့သည်။ (ယောဟန် ၁၄:၁၆၊ ကဘ၊ အောက်ခြေမှတ်ချက်) ဤတွင် ယေရှုက မိမိရှင်ပြန်ထမြောက်ပြီးနောက် အရက် ၅၀ အကြာတွင် တပည့်တော်များအပေါ်သို့သွန်းလောင်းခဲ့သည့် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။a ဘုရားသခင်၏ဝိညာဉ်တော်ပြုလုပ်ပေးသည့်အရာများထဲတွင် သူတို့စုံစမ်းခံရစဉ်အတွင်း နှစ်သိမ့်မှုပေးခြင်းနှင့် ဘုရားသခင့်အလိုတော်ကို ဆက်၍ထမ်းဆောင်ရန် သူတို့အား ခွန်အားပေးခြင်းတို့ပါဝင်သည်။ (တမန်တော် ၄:၃၁) သို့သော် အဆိုပါအထောက်အမကို အလိုအလျောက်ရသည့်အရာတစ်ခုအဖြစ် မယူမှတ်သင့်ပါ။ ယင်းမှ အကျိုးအပြည့်အဝခံစားရရန် ခရစ်ယာန်ယောက်တိုင်းသည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်မှတစ်ဆင့် ကိုယ်တော်ပေးသနားတော်မူသည့် နှစ်သိမ့်မှုဖြစ်စေသော အထောက်အမရဖို့အတွက် အစဉ်မပြတ်ဆုတောင်းနေရမည်။—လုကာ ၁၁:၁၃။

၁၅။ ယေဟောဝါရှင် ကျွန်ုပ်တို့အားနှစ်သိမ့်မှုပေးသည့် နည်းအချို့ကားအဘယ်နည်း။

၁၅ ဘုရားသခင် နှစ်သိမ့်မှုပေးသည့် အခြားနည်းမှာ မိမိ၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာမှတစ်ဆင့်ဖြစ်သည်။ ပေါလုက “ငါတို့သည် ကျမ်းစာမှရသော တည်ကြည်ခြင်း၊ နှစ်သိမ့်ခြင်းအကြောင်းများကို အမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ ကျမ်းစာ၌အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမသြဝါဒပေး၍ ရေးထားသတည်း” ဟုရေးသားခဲ့သည်။ (ရောမ ၁၅:၄၊ သမ္မာ) ကျွန်ုပ်တို့သည် ကျမ်းစာနှင့် ကျမ်းစာအခြေပြု စာပေများတွင် ရေးသားထားသည့်အကြောင်းအရာများကို မှန်မှန်လေ့လာကာ စဉ်းစားဆင်ခြင်ဖို့လိုအပ်ကြောင်း ယင်းက ဖော်ပြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ နှစ်သိမ့်မှုပေးသော သဘောထားများကို ဝေမျှပေးသည့် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်နေဖို့လည်း လိုသည်။ ဤကဲ့သို့စုဝေးခြင်း၏ အဓိကရည်ရွယ်ချက်တစ်ခုမှာ တစ်ယောက်ကို တစ်ယောက် အားပေးတိုက်တွန်းရန်ဖြစ်သည်။—ဟေဗြဲ ၁၀:၂၅။

၁၆။ ဘုရားသခင်၏နှစ်သိမ့်မှုပေးသော ပြင်ဆင်ပေးချက်များက မည်သည့်အရာကိုလုပ်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်သင့်သနည်း။

၁၆ ရောမအသင်းတော်သားများထံရေးသည့် ပေါလု၏စာက ဘုရားသခင်၏ နှစ်သိမ့်မှုပေးသောပြင်ဆင်ပေးချက်များကို အသုံးပြုခြင်းမှ ကျွန်ုပ်တို့ရရှိသည့် ရလဒ်ကောင်းများကို ဆက်၍ပြသသည်။ ပေါလုက “ငါတို့အရှင်ယေရှုခရစ်၏ခမည်းတော် ဘုရားသခင့်ဘုန်းတော်ကို တစ်စိတ်တည်းတစ်သံတည်း ချီးမွမ်းခွင့်ရှိစေခြင်းငှာ တည်ကြည်ခြင်းနှင့် နှစ်သိမ့်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့အား ခရစ်တော်ယေရှု၏ပုံစံတော်အလိုက် တစ်သဘောတည်းအဖြစ်ကို သနားတော်မူပါစေသော” ဟုရေးသားလိုက်သည်။ (ရောမ ၁၅:၅၊ ၆၊ သမ) မှန်ပါသည်၊ ဘုရားသခင့် နှစ်သိမ့်မှုပေးသော ပြင်ဆင်ပေးချက်များမှ အကျိုးအပြည့်အဝရယူခြင်းအားဖြင့် ကျွန်ုပ်တို့သည် ရဲရင့်သောခေါင်းဆောင် ယေရှုခရစ်နှင့် ပို၍တူလာမည်။ သက်သေခံခြင်းလုပ်ငန်းတွင်၊ ကျွန်ုပ်တို့၏အစည်းအဝေးများတွင်၊ ယုံကြည်သူများနှင့် သီးသန့်စကားစမြည်ပြောရာတွင်နှင့် ကျွန်ုပ်တို့၏ဆုတောင်းချက်များတွင် ဘုရားသခင့်ဂုဏ်တော်ကို ချီးမြှောက်ရန် မိမိတို့နှုတ်ကို ဆက်၍အသုံးပြုနေစေဖို့ ယင်းက ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါလိမ့်မည်။

အပြင်းအထန်စမ်းသပ်ခံရသည့် အချိန်များတွင်

၁၇။ ယေဟောဝါသည် မိမိသားတော်ကို မည်သို့နှစ်သိမ့်ပေးတော်မူခဲ့သနည်း။ မည်သည့်ရလဒ်ပေါ်ထွက်ခဲ့သနည်း။

၁၇ ယေရှုသည် အပြင်းအထန်ဝေဒနာခံစားရသော မိမိ၏သေခြင်းမတိုင်မီ ညတွင် “လွန်စွာသောကရောက်တော်မူ” ပြီး “သေလောက်အောင် စိတ်ဒုက္ခရောက်” တော်မူခဲ့သည်။ (မဿဲ ၂၆:၃၇၊ ၃၈၊ သတင်းကောင်း) ထို့ကြောင့် ကိုယ်တော်သည် တပည့်တော်များထံမှ အနည်းငယ်ဝေးသောနေရာသို့ ဆုတ်သွားကာ အထောက်အမရဖို့အတွက် ခမည်းတော်ထံ ဆုတောင်းတော်မူခဲ့သည်။ ကိုယ်တော်သည် “ဘုရားသခင်ကို ကြောက်ရွံ့တော်မူခြင်းသဘောကြောင့် နားညောင်းတော်မူခြင်းခံရ” သည်။ (ဟေဗြဲ ၅:၈၊ သမ္မာ) “ကောင်းကင်တမန်များသည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေး” ကြကြောင်း ကျမ်းစာက ဖော်ပြသည်။ (လုကာ ၂၂:၄၃) ယေရှုသည် မိမိ၏ရန်သူများကိုဆက်၍ရင်ဆိုင်ရာတွင် ရဲရင့်ပြီး ယောက်ျားပီသလိုက်ပုံက မိမိ၏သားတော်ကို ဘုရားသခင်၏ နှစ်သိမ့်မှုပေးပုံသည် အထိရောက်ဆုံးဖြစ်ကြောင်း ထင်ရှားသည်။—ယောဟန် ၁၈:၃-၈၊ ၃၃-၃၈။

၁၈။ (က) တမန်တော်ပေါလု၏အသက်တာတွင် မည်သည့်အချိန်ကာလသည် အထူးသဖြင့် စမ်းသပ်မှုကြီးဖြစ်ခဲ့သနည်း။ (ခ) ကျွန်ုပ်တို့သည် အလုပ်ကြိုးစားပြီး ထောက်ထားစာနာမှုရှိသည့် အကြီးအကဲများကို မည်သို့နှစ်သိမ့်ပေးနိုင်သနည်း။

၁၈ တမန်တော်ပေါလုလည်း အပြင်းအထန်စမ်းသပ်ခံရသည့်ကာလများကို ကျော်လွှားခဲ့သည်။ ဥပမာ ဧဖက်မြို့တွင် သူ၏ဓမ္မအမှုကို ကျရသောမျက်ရည်နှင့် ‘ယုဒလူတို့၏မကောင်းသောအကြံကြောင့် ခံရသောစမ်းသပ်မှုများ’ ဖြင့်ထူးခြားထင်ရှားစေသည်။ (တမန်တော် ၂၀:၁၇-၂၀) နောက်ဆုံးတွင် ပေါလု၏ ဟောပြောခြင်းလုပ်ရပ်ကြောင့် အာတေမိ နတ်ဘုရားမကို ထောက်ခံအားပေးသူများက မြို့ကို ရုန်းရင်းဆန်ခတ်ဖြစ်စေသည့်နောက် ဧဖက်မြို့မှ သူထွက်ခွာခဲ့သည်။ (တမန်တော် ၁၉:၂၃-၂၉; ၂၀:၁) ပေါလုသည် တရောမြို့ရှိရာ မြောက်ဘက်သို့ ဦးတည်သွားသောအခါ သူ့အတွက် အလွန်စိတ်လေးစရာနောက်တစ်ခုပေါ်လာပြန်သည်။ ဧဖက်မြို့တွင် ရုန်းရင်းဆန်ခတ်မဖြစ်မီ တစ်ချိန်ချိန်၌ စိတ်သောကဖြစ်ဖွယ် သတင်းတစ်ခု သူရရှိထားသည်။ နုနယ်သေးသည့် ကောရိန္သုအသင်းတော်သည် စိတ်ဝမ်းကွဲမှု ကပ်ဆိုက်နေပြီး မတရားမေထုန်ကိုသည်းခံခွင့်လွှတ်ထားသည်။ ထိုကြောင့် အခြေအနေကို ပြုပြင်နိုင်မည်ဟူသည့် မျှော်လင့်ချက်ဖြင့် ပေါလုသည် ဧဖက်မြို့မှနေ၍ ပြင်းထန်သည့် ပြစ်တင်ဆုံးမစာကို ရေးသားလိုက်သည်။ ဤသို့လုပ်ဖို့ သူ့အတွက် လွယ်ကူသည့် ကိစ္စမဟုတ်ပါလေ။ နောက်ပိုင်း၌ “အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည်အများကျလျက် သင်တို့အား ငါရေး၍ပေးလိုက်၏” ဟုဒုတိယစာတွင် သူဖွင့်ဟခဲ့သည်။ (၂ ကောရိန္သု ၂:၄) ပေါလုကဲ့သို့ စာနာထောက်ထားတတ်သော အကြီးအကဲများသည် မိမိတို့ကိုယ်တိုင်လည်း အချို့နေရာများတွင် အားနည်းချက်များရှိထားကြောင်း သိရှိထားသောကြောင့် အမှားပြင်ပေးသော သွန်သင်ချက်နှင့် အပြစ်တင်ဆုံးမမှုပေးဖို့ လွယ်ကူလှသည်မဟုတ်ပေ။ (ဂလာတိ ၆:၁) သို့ဖြစ်၍ မေတ္တာပါသော ကျမ်းစာအခြေပြု သွန်သင်ချက်ကို လိုလိုလားလားတုံ့ပြန်ခြင်းအားဖြင့် ကျွန်ုပ်တို့အလယ်တွင် ဦးဆောင်ဦးရွက်ပြုသူများကို နှစ်သိမ့်မှုပေးနိုင်ကြပါစေ။—ဟေဗြဲ ၁၃:၁၇။

၁၉။ ပေါလုသည် တရောမြို့မှ မာကေဒေါနိသို့ အဘယ်ကြောင့် သွားလိုက်သနည်း၊ နောက်ဆုံးတွင် စိတ်သက်သာမှုကို သူမည်သို့ရရှိခဲ့သနည်း။

၁၉ ဧဖက်မြို့တွင်ရှိစဉ် ပေါလုသည် ကောရိန္သုမြို့မှ ညီအစ်ကိုများထံ စာရေးခဲ့ခြင်းမျှသာမဟုတ်ဘဲ သူတို့ကိုကူညီထောက်မရန်နှင့် ထိုစာအပေါ်သူတို့၏တုံ့ပြန်မှုကို အကြောင်းပြန်ရန် တိတုကို တာဝန်ပေးကာ သူတို့ထံစေလွှတ်လိုက်သည်။ ပေါလုသည် တိတုကို တရောမြို့တွင် ဖြတ်၍ကြိုစောင့်နေသည်။ ထိုမြို့တွင် ပေါလုသည် တပည့်ဖြစ်ရန်လုပ်ဖို့ အခွင့်အရေးကောင်းများနှင့် ကောင်းချီးပေးခံခဲ့ရသည်။ သို့သော် တိတု ရောက်မလာသေးသောကြောင့် သူ၏ပူပန်မှုမှ စိတ်သက်သာရာမရခဲ့ပါ။ (၂ ကောရိန္သု ၂:၁၂၊ ၁၃) ထို့ကြောင့် သူသည် တိတုနှင့် တွေ့လိုတွေ့ငြား မာကေဒေါနိသို့ ထွက်ခဲ့သည်။ သူ၏ဓမ္မအမှုကို အပြင်းအထန်အတိုက်အခံလုပ်သောကြောင့် ပေါလု၏စိတ်သောကအခြေအနေသည် သာ၍ဆိုးရွားလာသည်။ “ငါတို့သည် မာကေဒေါနိပြည်သို့ရောက်သောအခါ၌ပင် ကိုယ်၌သက်သာခြင်း အလျှင်းမရှိ။ အရာရာတွင် ဆင်းရဲဒုက္ခကို ခံရ၏။ ပြင်၌ကား တိုက်လှန်ခြင်းရှိ၏။ အတွင်း၌ကား ကြောက်ရွံ့ခြင်းရှိ၏။ သို့သော်လည်း စိတ်ညှိုးငယ်လျက်ရှိသောသူတို့ကို နှစ်သိမ့်စေတော်မူတတ်သော ဘုရားသခင်သည် တိတုရောက်လာသောအားဖြင့် ငါတို့ကို နှစ်သိမ့်စေတော်မူ၏” ဟုသူရှင်းပြခဲ့သည်။ (၂ ကောရိန္သု ၇:၅၊ ၆၊ သမ္မာ) နောက်ဆုံးတွင် တိတုက ပေါလုအား ကောရိန္သုအသင်းတော်သားများသည် သူ၏စာကို အပြုသဘောတုံ့ပြန်ကြကြောင်း ပြောပြဖို့ရောက်လာသောအခါ အလွန်သက်သာရာရသွားသည်တကား!

၂၀။ (က) ပေါလုကိစ္စတွင်ကဲ့သို့ နှစ်သိမ့်မှုကို ယေဟောဝါပေးသနားသည့် အရေးပါသောနည်းတစ်နည်းကား အဘယ်နည်း။ (ခ) နောက်ဆောင်းပါးတွင် မည်သည့်အရာကို ကျွန်ုပ်တို့ သုံးသပ်ကြမည်နည်း။

၂၀ ပေါလု၏တွေ့ကြုံမှုက ယနေ့ခေတ်ရှိ ဘုရားသခင့်ကျေးကျွန်များကို နှစ်သိမ့်မှုရရှိစေပါသည်၊ သူတို့ထဲမှများစွာသည်လည်း “စိတ်ညှိုးငယ်” စေသည့် သို့မဟုတ် “စိတ်ဓာတ်ကျ” စေသည့် စုံစမ်းမှုများကို ရင်ဆိုင်ရကြသည်။ (ဖိလစ်ကျမ်း) မှန်ပါသည်၊ “နှစ်သိမ့်ခြင်း၏အရှင်ဘုရားသခင်” သည် ကျွန်ုပ်တို့တစ်ဦးချင်း၏ လိုအပ်ချက်များကို သိတော်မူသည့်အပြင် ကောရိန္သုအသင်းတော်သားများ၏ နောင်တရသော သဘောထားနှင့်ပတ်သက်သည့် တိတု၏သတင်းကြောင့် ပေါလုနှစ်သိမ့်မှုရရှိသကဲ့သို့ တစ်ဦးကိုတစ်ဦး နှစ်သိမ့်ပေးရန် ကျွန်ုပ်တို့ကို အသုံးပြုနိုင်တော်မူသည်။ (၂ ကောရိန္သု ၇:၁၁-၁၃) ကျွန်ုပ်တို့၏နောက်ဆောင်းပါးတွင် ကောရိန္သုအသင်းတော်သားများထံ ပေါလု၏နွေးထွေးလှိုက်လှဲသောတုံ့ပြန်မှုနှင့် ယနေ့အချိန်တွင် ဘုရားသခင့်နှစ်သိမ့်ပေးမှုကို ထိထိရောက်ရောက်ဝေမျှနေသူများဖြစ်ရန် ယင်းက ကျွန်ုပ်တို့အား မည်သို့ထောက်ကူနိုင်ပုံတို့ကို သုံးသပ်ကြမည်။

[အောက်ခြေမှတ်ချက်များ]

a ပထမရာစုခရစ်ယာန်များအပေါ် ဘုရားသခင့်ဝိညာဉ်တော်၏ အဓိကလုပ်ဆောင်ချက်များထဲမှ တစ်ခုမှာ ဘုရားသခင်၏ဝိညာဏမွေးစားသားများအဖြစ်နှင့်လည်းကောင်း၊ ယေရှု၏ညီတော်များအဖြစ်နှင့်လည်းကောင်း ဘိသိက်ပေးရန်ဖြစ်သည်။ (၂ ကောရိန္သု ၁:၂၁၊ ၂၂) ယင်းလုပ်ဆောင်ချက်ကို ခရစ်တော်၏တပည့်တော် ၁၄၄,၀၀၀ အတွက်သာ ကန့်သတ်ထားသည်။ (ဗျာဒိတ် ၁၄:၁၊ ၃) ယနေ့တွင် ခရစ်ယာန်အများစုသည် ကမ္ဘာ့ပရဒိသုတွင် ထာဝရအသက်မျှော်လင့်ချက်ကို ကြင်နာစွာပေးသနားခြင်း ခံထားရသည်။ ဘိသိက်မခံရစေကာမူ သူတို့သည်လည်း ဘုရားသခင့်ဝိညာဉ်တော်၏ ထောက်မမှုနှင့်နှစ်သိမ့်မှုကို ရရှိကြသည်။

သင်ဖြေဆိုနိုင်သလော

◻ လူသားတို့သည် နှစ်သိမ့်မှုလိုအပ်သည့်အဖြစ်သို့ မည်သို့ရောက်ရှိလာခဲ့သနည်း။

◻ ယေရှုသည် နောဧထက် သာ၍ကြီးမြတ်သူဖြစ်ကြောင်း မည်သို့သက်သေထူခဲ့သနည်း။

◻ ယေရှုက မိမိကိုယ်ကို “ဥပုသ်နေ့၏အရှင်” ဟုအဘယ်ကြောင့် ခေါ်သနည်း။

◻ ယနေ့အချိန်တွင် ဘုရားသခင်သည် နှစ်သိမ့်မှုကို မည်သို့ထောက်ပံ့ပေးတော်မူသနည်း။

[စာမျက်နှာ ၁၀ ပါ မြေပုံ/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ပေါလုသည် ကောရိန္သုအသင်းတော်သားများနှင့်ပတ်သက်သော တိတု၏သတင်းအားဖြင့် အကြီးအကျယ်နှစ်သိမ့်မှုရရှိခဲ့

မာကေဒေါနိ

ဖိလိပ္ပိ

ဂရိ

ကောရိန္သု

အာရှ

တရော

ဧဖက်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ