သူတို့ ယေဟောဝါ၏ အလိုတော်ဆောင်ရွက်ခဲ့
ဘုရားသခင့်အမှုတော်ကို ဒံယေလ အဆက်မပြတ်ဆောင်ရွက်ခဲ့
သမိုင်းရေစီးကြောင်းသည် ညတွင်းချင်း ပြောင်းလေ့ပြောင်းထ မရှိပါ။ သို့သော် ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် မေဒိနှင့်ပေရသိလူမျိုးတို့သည် ဗာဗုလုန်အင်ပါယာကို နာရီပိုင်းအတွင်း ဖြိုလှဲခဲ့စဉ်က ထိုသို့ဖြစ်ပျက်ခဲ့သည်။ ထိုနှစ်တွင် ယေဟောဝါ၏ပရောဖက်ဒံယေလသည် ဗာဗုလုန်နိုင်ငံတွင် ပြည်နှင်ခံဂျူးတစ်ဦးအဖြစ် နှစ်ပေါင်း ၈၀ နီးပါး နေထိုင်နှင့်ခဲ့ပြီးဖြစ်သည်။ ယခုအသက် ၉၀ ကျော်ပိုင်းရောက်နေမည့် ဒံယေလသည် ဘုရားသခင်အား သစ္စာတည်ကြည်ခြင်းနှင့်ပတ်သက်၍ အကြီးမားဆုံးစမ်းသပ်ချက်ကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ဗာဗုလုန်ပြိုလဲပြီးနောက် အစအဦးတွင် ဒံယေလအတွက် အရေးလှပုံရှိသည်။ ရှင်ဘုရင်အသစ်ဖြစ်သူသည် ဒံယေလကို မျက်နှာသာပေးသော ၆၂ နှစ်အရွယ်ရှိ မေဒိလူမျိုး ဒါရိဖြစ်သည်။ ရှင်ဘုရင်အဖြစ် ဒါရိအရေးယူဆောင်ရွက်သော အဦးဆုံးအမှုတို့တွင် ကိုယ်စားတော်မင်း ၁၂၀ တို့ကိုလည်းကောင်း၊ ဝန်ကြီးသုံးပါးကိုလည်းကောင်း ခန့်ထားခြင်းအမှုပါဝင်ပါသည်။a ဒံယေလသည် မျက်နှာသာပေးခံရသူသုံးဦးအနက် တစ်ဦးအဝင်ဖြစ်သည်။ ဒံယေလ၏ ထူးချွန်သောအရည်အချင်းကို ဒါရိမင်းကြီးအသိအမှတ်ပြုကာ သူ့အား ဝန်ကြီးချုပ်အဆင့်သို့ပင် ရာထူးတိုးမြှင့်ပေးရန် စဉ်းစားနေသည်။ သို့သော် ထိုအခိုက် ရှင်ဘုရင်၏အကြံအစည်ကို ရုတ်တရက်ပြောင်းလဲသွားစေသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလေသည်။
ကောက်ကျစ်သောအကြံအစည်
ဒံယေလ၏ တွဲဖက်ဝန်ကြီးများသည် ကိုယ်စားတော်မင်းများစွာနှင့်အတူ ဘုရင့်အထံတော်ဝင်ပြီး စိတ်ဝင်စားစရာအကြံအစည်တစ်ခုကို တင်ပြကြသည်။ “ကိုယ်တော်မြတ်မှတစ်ပါး အခြားသောလူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူ မည်သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို ချပစ်ရမည်” ဟူသောအမိန့်တော်တည်စေရန် ဒါရိမင်းအား သူတို့လျှောက်ကြားကြသည်။ (ဒံယေလ ၆:၇) ဤသူတို့သည် ရှင်ဘုရင်အပေါ်သစ္စာရှိခြင်းကို အတိအလင်းဖော်ပြနေသည်ဟု ဒါရိယူမှတ်ခဲ့ပေမည်။ ဤအမိန့်သည် မိမိ၏နိုင်ငံတော်ဘုရင်အရာကို အတည်ပြုရန် တိုင်းတစ်ပါးသားဖြစ်သူ မိမိအတွက် အကူအညီဖြစ်ပေမည်ဟူ၍လည်း သူစဉ်းစားခဲ့ပေမည်။
သို့ရာတွင် ဝန်ကြီးများနှင့် ကိုယ်စားတော်မင်းများတို့သည် ဘုရင့်အကျိုးအတွက် ဤအမိန့်ကို အဆိုတင်သွင်းနေခြင်းမဟုတ်ပါ။ သူတို့သည် “ဒံယေလ၌ အပြစ်တင်ခွင့်ကိုရှာ၍ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့်ပြည့်စုံ၍ အပြစ်တစ်စုံတစ်ခုမျှမရှိသောကြောင့် အပြစ်တင်ခွင့်ကိုရှာ၍ မတွေ့ ကြ” ပါ။ ထို့ကြောင့် ဤကောက်ကျစ်သူများက “ဘုရားသခင်၏ဘာသာမှုမှတစ်ပါး အခြားသောအမှုတွင် ဒံယေလ၌ အပြစ်တင်ခွင့်ကို ငါတို့မတွေ့ နိုင်ကြ” ဟုတိုင်ပင်ကြသည်။ (ဒံယေလ ၆:၄၊ ၅) ဒံယေလသည် ယေဟောဝါထံ နေ့စဉ်ဆုတောင်းလေ့ရှိသည်ကို သူတို့သိကြ၍ ယင်းအမှုကို သေဒဏ်သင့်သောပြစ်မှုဖြစ်စေရန် ကြိုးစားခဲ့ကြသည်။
“ဒံယေလသည် ထူးဆန်းသောဉာဏ်နှင့်ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့် နိုင်ငံတော်တစ်နိုင်ငံလုံးကို သူ၌အပ်နှင်းမည်ဟု ရှင်ဘုရင်သည် အကြံရှိတော်မူ” သည့်အတွက် ဝန်ကြီးများနှင့် ကိုယ်စားတော်မင်းများတို့သည် ဒံယေလကို ရန်ငြိုးထားခြင်းဖြစ်ပေမည်။ (ဒံယေလ ၆:၃) ဒံယေလ၏ရိုးသားဖြောင့်မတ်မှုကြောင့် အဂတိလိုက်စားခြင်းနှင့် လာဘ်စားခြင်းပြုလို၍ မပြုရဘဲဖြစ်ခဲ့ပေမည်။ မည်သို့ပင်ရှိစေကာမူ သူတို့သည် အမိန့်ပြန်တမ်းကို ဘုရင်အားလက်မှတ်ထိုးစေပြီး “မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်” စေကြသည်။—ဒံယေလ ၆:၈၊ ၉။
ဒံယေလ မြဲမြံတည်ကြည်လျက်နေ
အမိန့်ပြန်တမ်းအသစ်အကြောင်းကို ဒံယေလကြားသိသောအခါ ယေဟောဝါထံ သူဆုမတောင်းတော့ဘဲနေသလော။ လုံးဝမနေပါ! “အထက်ပြုလေ့ရှိသည်အတိုင်း” ဘုရားသခင်ကို တစ်နေ့သုံးကြိမ် ဒူးထောက်လျက် မိမိအိမ်၏အထက်ခန်းတွင် သူဆုတောင်းပါသည်။ (ဒံယေလ ၆:၁၀) ဒံယေလသည် “ထိုသို့ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုလျက်နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး၍ တွေ့မြင်ကြ” ၏။ (ဒံယေလ ၆:၁၁) ယင်းအကြောင်းကို ရှင်ဘုရင်အား အသိပေးသောအခါ မိမိတံဆိပ်ခတ်ခဲ့သောအမိန့်သည် ဒံယေလကို အမှုပတ်စေခဲ့သောကြောင့် ဒါရိအလွန်ဝမ်းနည်းလေသည်။ ထိုအခါ “ဒံယေလကိုလွှတ်ခြင်းငှာ စိတ်အားကြီးသဖြင့် လွှတ်ရသောအခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား၍ရှာတော်မူ၏” ဟုမှတ်တမ်းကဆိုသည်။ သို့သော် ရှင်ဘုရင်ကိုယ်တိုင်ပင် မိမိထုတ်ဆင့်ခဲ့သောအမိန့်ကို ပယ်ဖျက်၍မရပါ။ သို့ဖြစ်၍ ဒံယေလကို တွင်း သို့မဟုတ် မြေအောက်ခန်းဖြစ်ပုံရှိသည့် ခြင်္သေ့တွင်းထဲပစ်ချလေသည်။ ရှင်ဘုရင်က “သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုကယ်လွှတ်ပါစေ” ဟုဒံယေလကိုမိန့်ဆို၏။—ဒံယေလ ၆:၁၂-၁၆။
တစ်ညလုံး မစားမသောက်၊ အိပ်မပျော်နိုင်ဘဲဖြစ်ပြီးနောက် ဒါရိမင်းကြီးသည် တွင်းသို့ အလျင်အမြန်သွားတော်မူ၏။ ဒံယေလသည် ဘေးမသီရန်မခအသက်ရှင်နေပါသည်တကား! ဘုရင်သည် တန်ပြန်သည့်အနေနှင့် ဒံယေလ၏ရန်သူများနှင့် သူတို့၏မိသားစုကို ချက်ချင်းခေါ်စေပြီးခြင်္သေ့တွင်းထဲ ချပစ်လိုက်သည်။ ထို့ပြင် ဒါရိက “ငါအစိုးရသော တစ်နိုင်ငံလုံးတွင်ရှိနေသော သင်တို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြ” ဟုနိုင်ငံတစ်ဝန်း ကြေညာပါသည်။—ဒံယေလ ၆:၁၇-၂၇။
ကျွန်ုပ်တို့အတွက်သင်ခန်းစာ
ဒံယေလသည် သစ္စာရှိခြင်းနှင့်ပတ်သက်၍ ပုံသက်သေကောင်းဖြစ်ပါသည်။ ဒံယေလသည် ယေဟောဝါအား “မပြတ်ကိုးကွယ်” ကြောင်းကို ကိုယ်တော်အားမကိုးကွယ်သူ၊ ရှင်ဘုရင်ပင် သတိပြုမိသည်။ (ဒံယေလ ၆:၁၆၊ ၂၀) “မပြတ်” ဟူ၍ပြန်ဆိုထားသည့် အာရမိတ်အရင်းခံစကားလုံးသည် မူလအားဖြင့် “လှည့်ပတ်နေသည်” ဟူ၍အဓိပ္ပာယ်ရှိသည်။ ပြတ်တောင်းမှုမရှိခြင်းကို ဆိုလိုသည်။ ယေဟောဝါအပေါ် ဒံယေလထားရှိသော အဆက်မပြတ်သစ္စာစောင့်သိခြင်းကို ယင်းက ကောင်းစွာဖော်ပြပါသည်တကား!
ဒံယေလသည် ခြင်္သေ့တွင်းထဲ ပစ်ချမခံရမီ ကြာမြင့်စွာအချိန်ကတည်းက အဆက်မပြတ်ပြုလုပ်သည့်ပုံစံကို ကျင့်ယူခဲ့သည်။ သူသည် ဗာဗုလုန်နိုင်ငံတွင် သုံ့ပန်းငယ်ကလေးဘဝ၌ရှိစဉ် မောရှေပညတ္တိကျမ်းအရ တားမြစ်ထားသော၊ သို့မဟုတ် တိတ္ထိထုံးတမ်းဖြင့် ညစ်ညူးနေသော အစားအသောက်တို့ကို မသုံးဆောင်ခဲ့ပါ။ (ဒံယေလ ၁:၈) နောင်တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအား ဘုရားသခင်၏စီရင်ချက်ကို ရဲရင့်စွာ ကြေညာခဲ့သည်။ (ဒံယေလ ၄:၁၉-၂၅) ဗာဗုလုန်နိုင်ငံ မပြိုလဲမီ နာရီပိုင်းအနည်းငယ်တွင်ပင် ဒံယေလသည် ဗေလရှာဇာမင်းအား ဘုရားသခင်၏တရားစီရင်ချက်ကို မကြောက်မရွံ့ကြွေးကြော်ခဲ့သည်။ (ဒံယေလ ၅:၂၂-၂၈) သို့ဖြစ်၍ ဒံယေလသည် ခြင်္သေ့တွင်းအရေးနှင့်ကြုံခဲ့ရသောအခါ သူပြုကျင့်ခဲ့သည့်သစ္စာရှိလမ်းစဉ်အတိုင်း ဆက်လက်လိုက်လျှောက်လေသည်။
အသင်လည်း ယေဟောဝါ၏အမှုတော်ကို အဆက်မပြတ်ဆောင်ရွက်နိုင်ပါသည်။ သင်သည် လူငယ်တစ်ဦးလော။ သို့ဖြစ်လျှင် ဤလောက၏ မကောင်းသောအပေါင်းအသင်းများနှင့် ပျက်စီးယိုယွင်းသောအကျင့်တို့ကို ငြင်းပယ်ခြင်းအားဖြင့် အဆက်မပြတ်ပြုလုပ်သည့်ပုံစံကို ယခုပင် ကျင့်ယူရန်ကြိုးစားပါ။ သင်သည် ဘုရားသခင်၏အမှုတော်ကို အတန်ကြာ ဆောင်ရွက်ခဲ့ပြီဆိုလျှင် သစ္စာရှိခံနိုင်ရည်ပုံစံကို ဆက်လက်တည်စေပါ။ လက်လျှော့အရှုံးမပေးပါနှင့်။ အကြောင်းမူကား ကျွန်ုပ်တို့ စမ်းသပ်ခံရတိုင်း ယေဟောဝါ၏အမှုတော်ကို အဆက်မပြတ် ဆောင်ရွက်ရန် စိတ်ဆုံးဖြတ်ထားကြောင်းကို ကိုယ်တော်အား တင်ပြနိုင်ခွင့်ရရှိကြသောကြောင့်တည်း။—ဖိလိပ္ပိ ၄:၁၁-၁၃။
[အောက်ခြေမှတ်ချက်များ]
a “ကိုယ်စားတော်မင်း” (စာသားအတိုင်း “နိုင်ငံတော်ကို ကာကွယ်ပေးသူ” အဓိပ္ပာယ်ရှိ) ဟူသောစကားလုံးသည် ပိုင်နက်တစ်ခုကိုအစိုးရသူအဖြစ် ပေရသိရှင်ဘုရင် ခန့်အပ်ထားသော မြို့ဝန်ကိုဆိုလိုသည်။ သူသည် ရှင်ဘုရင်၏ ကိုယ်စားလှယ်တော်တစ်ဦးအနေနှင့် အခွန်ကောက်ပြီး ဘုရင့်ဘဏ္ဍာတော်တိုက်ထဲ သွင်းပေးရ၏။