ယေရှုအကြောင်း အမှန်တရား
ယရှုသည် မည်သူမည်ဝါဖြစ်သည်၊ အဘယ်အမှုကို ပြီးမြောက်ခဲ့သည်နှင့်ပတ်သက်၍ အယူအဆနှင့် ဆင်ခြင်တွေးဆချက်များ မကုန်မခန်းပုံရှိသည်။ သို့သော် ကျမ်းစာကိုယ်နှိုက်ကကော။ ယေရှုခရစ်တော်အကြောင်း အဘယ်သို့ဆိုသနည်း။
ကျမ်းစာအဆို
ကျမ်းစာကို အသေအချာဖတ်ရှုရာတွင် ဤအဓိကအချက်များကို သတိပြုမိမည်–
▫ ယေရှုသည် ဘုရားသခင်၏တစ်ပါးတည်းသောသားတော်၊ ဝေနေယျသတ္တဝါအပေါင်းတို့တွင် သားဦးဖြစ်တော်မူ၏။—ယောဟန် ၃:၁၆; ကောလောသဲ ၁:၁၅။
▫ ဘုရားသခင်သည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်က ယေရှုကို လူသားအဖြစ်မွေးဖွားလာစေရန် ကိုယ်တော်၏အသက်ကို ဂျူးအပျိုကညာ၏ဝမ်းထဲသို့ ပြောင်းရွှေ့ပေးတော်မူခဲ့သည်။—မဿဲ ၁:၁၈; ယောဟန် ၁:၁၄။
▫ ယေရှုသည် ကောင်းမြတ်တော်မူသောသူတစ်ဦးမျှသာမဟုတ်ပါ။ ကိုယ်တော်သည် ခမည်းတော်ယေဟောဝါဘုရားသခင်၏ အလွန်လှပတင့်တယ်သောဥပဓိရုပ်ကို အဘက်ဘက်မှတထေရာတည်း ရောင်ပြန်ဟပ်တော်မူသောသူဖြစ်သည်။—ယောဟန် ၁၄:၉၊ ၁၀; ဟေဗြဲ ၁:၃။
▫ ယေရှုသည် မြေကြီးပေါ်ဓမ္မအမှုဆောင်ရွက်စဉ် ဖိစီးခံရသူများ၏လိုအပ်ရာများကို မေတ္တာရှိစွာ ဖြည့်စွက်ပေးတော်မူခဲ့သည်။ လူနာများကို အံ့ဖွယ်နည်းဖြင့်ရောဂါကုသပေးပြီး လူသေကိုပင် ပြန်ရှင်စေတော်မူခဲ့သည်။—မဿဲ ၁၁:၄-၆; ယောဟန် ၁၁:၅-၄၅။
▫ စိတ်သောကဖြစ်နေသော လူသားများအတွက် တစ်ခုတည်းသောမျှော်လင့်ချက်သည် ဘုရားသခင်၏နိုင်ငံတော်ဖြစ်ကြောင်း ယေရှုကြွေးကြော်တော်မူခဲ့သည်။ ဤဟောပြောခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် တပည့်တော်များကို ကိုယ်တော်လေ့ကျင့်သွန်သင်ပေးတော်မူခဲ့သည်။—မဿဲ ၄:၁၇; ၁၀:၅-၇; ၂၈:၁၉၊ ၂၀။
▫ စီ.အီး. ၃၃၊ နိသန်လ ၁၄ (ဧပြီ ၁ ခန့်) တွင် ယေရှုသည် အဖမ်းခံရပြီး တရားစီရင်ခံရ၍ ပုန်ကန်ရန်လှုံ့ဆော်သည်ဟူသော မတရားစွဲချက်ဖြင့် အသတ်ခံခဲ့ရသည်။—မဿဲ ၂၆:၁၈-၂၀၊ မဿဲ၄၈–၂၇:၅၀။
▫ ယေရှုအသေခံ၍ ရွေးနုတ်ပေးတော်မူသောအားဖြင့် ယုံကြည်သူလောကီသားအပေါင်းတို့သည် ဒုစရိုက်အပြစ်မှလွတ်မြောက်လာပြီး ကိုယ်တော်အားယုံကြည်ကြောင်းတင်ပြသူအပေါင်းအတွက် ထာဝရအသက်ရရာလမ်း ပွင့်သွားစေသည်။—ရောမ ၃:၂၃၊ ၂၄; ၁ ယောဟန် ၂:၂။
▫ နိသန်လ ၁၆ ရက်တွင် ယေရှုရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ကိုယ်တော်သည် ထိုနောက်များမကြာမီ ကောင်းကင်သို့ပြန်တက်ပြီး ခမည်းတော်အား စုံလင်တော်မူသောလူ့အသက်၏ ရွေးနုတ်ဖိုးကို ဆက်သတော်မူခဲ့သည်။—မာကု ၁၆:၁-၈; လုကာ ၂၄:၅၀-၅၃; တမန်တော် ၁:၆-၉။
▫ ယေဟောဝါ၏ခန့်အပ်ခံရှင်ဘုရင်အဖြစ် ထမြောက်တော်မူခဲ့သောယေရှုသည် လူသားအတွက် ဘုရားသခင်၏ကနဦးရည်ရွယ်ချက်ကို ပြီးမြောက်အောင်ဆောင်ရွက်ရန် အခွင့်အာဏာအပြည့်အဝရှိတော်မူသည်။—ဟေရှာယ ၉:၆၊ ၇; လုကာ ၁:၃၂၊ ၃၃။
ဤနည်းဖြင့် ဘုရားသခင့်ရည်ရွယ်တော်မူချက် အကောင်အထည်ပေါ်ရေးတွင် အဓိကပုဂ္ဂိုလ်အဖြစ် ကျမ်းစာက ယေရှုကိုတင်ဆက်ထားတော်မူသည်။ သို့သော် ဤသူသည် ယေရှုအစစ်အမှန်—ဗက်လင်မြို့တွင်မွေးဖွား၍ ဤကမ္ဘာမြေကြီးပေါ် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ခန့်က သွားလာလှုပ်ရှားတော်မူခဲ့သော သမိုင်းဝင်သူယေရှု—ဖြစ်ကြောင်း သင်မည်သို့တပ်အပ်သေချာသိနိုင်မည်နည်း။
ယုံကြည်စိတ်ချနိုင်ရန်အခြေခံ
ခရစ်ယာန်ဂရိကျမ်းစောင်များကို သဘောထားကြီးကြီးနှင့် ဖတ်ရှုရုံဖြင့် သင်္ကာယနကင်းရှင်းနိုင်ပါသည်။ ဤသို့ဖတ်ရှုသည့်အခါ ကျမ်းစာမှတ်တမ်းသည် ဒဏ္ဍာရီကဲ့သို့မဟုတ် အဖြစ်အပျက်တို့ကို ပြတ်သားတိကျစွာဖော်ပြရေးသားထားကြောင်း တွေ့ရှိရလိမ့်မည်။ နာမည်များ၊ အချိန်အခါနှင့် နေရာအတိအကျတို့ကို ယင်း၌ဖော်ပြထားပါသည်။ (ဥပမာ၊ လုကာ ၃:၁၊ ၂ ရှု။) ထို့ပြင် စာရှုသူတို့ယုံကြည်စိတ်ချနိုင်သော ပွင့်လင်းမှု၊ ထူးခြားစွာရိုးသားမှန်ကန်မှုဖြင့် ယေရှု၏တပည့်တော်များကို သရုပ်ဖော်ပြထားသည်။ ကျမ်းရေးသူများသည် တိကျမှန်ကန်သောမှတ်တမ်းရေးသားခြင်းငှာ မည်သူ့ကိုမျှ—မိမိတို့ကိုယ်တိုင်ကိုပင်—ဖုံးဖိကာကွယ် အသရေဆည်ခြင်းမလုပ်ကြပါ။ မှန်ပါသည်၊ ကျမ်းစာ၌ ထူးကဲသည့်သမ္မာတရားရှိသည်ကို သင်တွေ့မြင်ရလိမ့်မည်။—မဿဲ ၁၄:၂၈-၃၁; ၁၆:၂၁-၂၃; ၂၆:၅၆၊ ၆၉-၇၅; မာကု ၉:၃၃၊ ၃၄; ဂလာတိ ၂:၁၁-၁၄; ၂ ပေတရု ၁:၁၆။
သို့တိုင် ထိုထက်မကရှိပါသေးသည်။ ရှေးဟောင်းသုတေသနဆိုင်ရာ စူးစမ်းရှာဖွေမှုများက ကျမ်းစာမှတ်တမ်းကို ကြိမ်ဖန်များစွာထောက်ခံခဲ့ပြီ။ ဥပမာ၊ ယေရုရှလင်မြို့ရှိအစ္စရေးပြတိုက်သို့ သင်သွား၍လေ့လာမည်ဆိုလျှင် ပုန္တိပိလတ်အမည်ကိုဖော်ပြထားသည့် ကမ္ပည်းကျောက်စာကိုသင်တွေ့ရှိရပါလိမ့်မည်။ ကျမ်းစာဖော်ပြထားသော လုသာနိနှင့် သေရဂိပေါလုတို့သည် ကနဦးခရစ်ယာန်များ လုပ်ကြံပြောဆိုသူများမဟုတ်ဘဲ အမှန်ရှိခဲ့သူများဖြစ်ကြောင်း အခြားရှေးဟောင်းသုတေသနဆိုင်ရာ စူးစမ်းရှာဖွေမှုများက သေချာခိုင်မာစေသည်။ ဂျူဗီနာလ်၊ တက်စီးတပ်စ်၊ စီနီကာ၊ စူတိုးနီးယပ်စ်၊ ပလင်နီသည်ယန်းဂါး၊ လူရှန်း၊ စဲလ်စပ်စ်နှင့် ဂျူးသမိုင်းဆရာဂျိုစီဖတ်စ်တို့အပါအဝင် ရှေးစာရေးဆရာများ၏ကိုးကားချက်များတွင် ခရစ်ယာန်ဂရိကျမ်းစောင်များ (ဓမ္မသစ်ကျမ်း) ၌မှတ်တမ်းတင်ထားသည့်အဖြစ်အပျက်များကို ကြိမ်ဖန်များစွာအတည်ပြုထားသည်။a
ပထမရာစုသား ထောင်ပေါင်းများစွာတို့သည် ခရစ်ယာန်ဂရိကျမ်းစောင်များတွင် တင်ပြထားသည့်မှတ်တမ်းများကို မဆုတ်မဆိုင်းလက်ခံခဲ့ကြသည်။ ခရစ်ယာန်ဘာသာတရား၏ရန်သူများပင် ယေရှု၏မိန့်တော်မူချက်များနှင့် ပြုမူတော်မူခဲ့သောအမှုများ ဖြစ်သည်ဟုဆိုသောအချက်များ၏ မှန်ကန်မှုကိုမငြင်းဆိုကြပါ။ တပည့်တော်များသည် ယေရှုကွယ်လွန်ပြီးနောက် ကိုယ်တော်၏အကျင့်စရိုက်ကို ပုံကြီးချဲ့ခဲ့ကြလိမ့်မည်ဟူသည့်အကြောင်းနှင့်ပတ်သက်၍ ပါမောက္ခ အက်ဖ်. အက်ဖ်. ဘရုစ်ကဤသို့ဆိုသည်– “စာရေးဆရာအချို့ထင်သကဲ့သို့ အဘယ်အမှုများဖြစ်ပျက်ခဲ့သည်၊ မဖြစ်ပျက်ခဲ့သည်ကို သိရှိမှတ်မိနိုင်သူ ယေရှု၏တပည့်တော်မြောက်မြားစွာရှိနေဆဲ ထိုအစောပိုင်းနှစ်များတွင် ယေရှု၏စကားနှင့် ကိုယ်တော်၏လုပ်ရပ်ဟူ၍ လုပ်ကြံပြောဆိုရန် လုံးဝလွယ်ကူနိုင်မည်မဟုတ်ပါ။ . . . တပည့်တော်များသည် (အချက်အလက်များကို တမင်လိမ်လည်ဖန်တီးဖို့မဆိုထားနှင့်) မတိကျ မမှန်ကန်မှုများကိုပင် ချက်ချင်းဖော်ထုတ်ပစ်ရန် အကွက်ချောင်းနေသူများကြောင့် ထိုသို့မပြုနိုင်ကြပေ။”
သူတို့အဘယ်ကြောင့် မယုံကြည်ကြ
မည်သို့ဆိုစေကာမူ ပညာရှင်အချို့က သံသယရှိမြဲရှိနေကြသည်။ ကျမ်းစာမှတ်တမ်းသည် စိတ်ကူးစိတ်သန်းမျှဖြစ်သည်ဟု သူတို့ယူမှတ်ကြစဉ် ကျမ်းပိုများကို အားတက်သရောလိုက်လံရှာဖွေကာ ယင်းတို့ကိုမူ ယုံနိုင်ဖွယ်ရှိသည်ဟုဆိုပြီး လက်ခံကြသည်။ အဘယ်ကြောင့်နည်း။ ကျမ်းစာမှတ်တမ်းတွင် ခေတ်ပညာတတ်များစွာမယုံလိုသောအရာများ ပါဝင်သည်မှာ ထင်ရှားနေပါသည်။
၁၈၇၁ ခုထုတ် အက်စ်. အော်စတင်အယ်လ်ဘိုန်၏ Union Bible Companion တွင် မယုံနိုင်သူများကို ဤသို့စိန်ခေါ်ရေးသားခဲ့သည်– “ခရစ်ဝင်ကျမ်းသမိုင်းကို သံသယဖြစ်သည်ဟုဆိုသူ မည်သူမဆိုသည် လွှတ်တော်အဆောက်အအုံတွင် စီဇာဘုရင်သေဆုံးခဲ့သည်၊ သို့မဟုတ် တတိယမြောက်ရဟန်းမင်းလီယိုသည် ဧကရာဇ်မင်းရှာလမိန်းကို သက္ကရာဇ် ၈၀၀ တွင်အနောက်တိုင်း၏ဧကရာဇ်အဖြစ် နန်းတင်ခဲ့သည်ဟု ယုံနိုင်ကြရန် အဘယ်အကြောင်းရှိသနည်းဟုမေးမြန်းကြည့်ပါ။ . . . ဤသူတို့နှင့်ပတ်သက်သည့် အခိုင်အမာပြောဆိုချက်အားလုံး မှန်ကန်ပါသည်ဟု သမိုင်းဝင်အထောက်အထားများတင်ပြနိုင်သဖြင့် ယင်းတို့ကို ကျွန်ုပ်တို့လက်ခံနိုင်ကြခြင်းဖြစ်သည်။ . . . ဤသို့သောသက်သေသာဓကများကို ဖော်ပြလျက်ပင် မယုံနိုင်ဘဲ ငြင်းဆိုနေသေးသူရှိမည်ဆိုလျှင် သူတို့ကို ဇွတ်တရွတ်မိုက်တွင်းနက်သူများ၊ သို့မဟုတ် အလွန့်အလွန်ဉာဏ်တိမ်သူများအဖြစ် ကျွန်ုပ်တို့လက်လျှော့လိုက်ကြမည်ဖြစ်သည်။ ထိုသို့ဖြစ်၍ သမ္မာကျမ်းစာသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်းကို ယခုထောက်ခံသောသက်သေအထောက်အထားမြောက်မြားစွာရှိလျက်နှင့်ပင် မယုံနိုင်ပါဟုဆိုသူများကို ကျွန်ုပ်တို့မည်သို့ယူမှတ်မည်နည်း။ . . . ဤသူတို့သည် သူတို့၏မာန်မာနကိုချိုးပြီး ဘဝပုံစံကိုပြောင်းလဲစေသည့်အရာကို မယုံလိုကြကြောင်းထင်ရှားသည်။”
မှန်ပါသည်၊ သံသယဖြစ်သူအချို့သည် ခရစ်ယာန်ဂရိကျမ်းစောင်များကို အတွင်းကျိတ်အကြောင်းရင်းများကြောင့် ငြင်းပယ်ကြခြင်းဖြစ်သည်။ သူတို့၏ပြဿနာမှာ မယုံနိုင်ဖွယ်ဖြစ်ခြင်းကြောင့်မဟုတ်ဘဲ ယင်း၏စံနှုန်းများကြောင့်ဖြစ်သည်။ ဥပမာ၊ ယေရှုက “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည်မဆက်ဆံ” ကြပါဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၇:၁၄) သို့ရာတွင် ခရစ်ယာန်အမည်ခံသူ မြောက်မြားစွာတို့သည် လောကီနိုင်ငံရေး၌သာမက သွေးထွက်သံယိုမှုများသောစစ်ပွဲများ၌ပင် ပါဝင်ပတ်သက်နေကြသည်။ လူအများသည် ကျမ်းစာစံနှုန်းကိုလိုက်မည့်အစား ကျမ်းစာသည် မိမိတို့စံထားရာနှင့်ကိုက်ညီရန် အလိုရှိကြသည်။
ကိုယ်ကျင့်တရားကိစ္စကိုလည်း သုံးသပ်ကြည့်ပါဦး။ ယေရှုသည် မတရားသောမေထုန်ပြုခြင်းကို သည်းခံနေသည့် သွာတိရမြို့ရှိအသင်းတော်ကိုအပြင်းအထန် ပြစ်တင်ဆုံးမတော်မူခဲ့သည်။ “ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသောသူဖြစ်” ၍ “သင်တို့သည် အသီးအသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကိုငါပေးမည်” ဟုသူတို့ကို မိန့်တော်မူ၏။b (ဗျာဒိတ် ၂:၁၈-၂၃) သို့တိုင် ခရစ်ယာန်အမည်ခံသူများစွာတို့သည် စာရိတ္တစံနှုန်းများကို ပစ်ပယ်ကြသည်မဟုတ်ပေလော။ သူတို့သည် မိမိတို့၏စာရိတ္တယိုယွင်းသောလမ်းစဉ်ကို ငြင်းပယ်မည့်အစား ယေရှု၏စကားကိုငြင်းပယ်လိုကြ၏။
ပညာရှင်များသည် ကျမ်းစာဖော်ပြထားသောယေရှုကို လက်မခံလိုကြ၍ ကိုယ်ပိုင်စိတ်ကူးဉာဏ်ဖြင့် အခြားယေရှုတစ်ဦးကို ဖန်တီးခဲ့ကြပြီ။ ခရစ်ဝင်ကျမ်းရေးသူများကို သူတို့မတရားစွပ်စွဲကြသည့် ဒဏ္ဍာရီဖွဲ့နွဲ့ခြင်းအပြစ်ကို သူတို့ကိုယ်တိုင်ကျူးလွန်နေကြသည်။ ယေရှု၏ဘဝအသက်တာမှ သူတို့လက်ခံလိုသည့်အပိုင်းကိုလက်ခံထားကြပြီး ကျန်အပိုင်းကိုငြင်းပယ်ကာ ကိုယ်တိုင်တီထွင်ဖန်တီးသော အသေးစိတ်အချက်အလက်များကို သူတို့ဖြည့်စွက်ထည့်သွင်းကြသည်။ အမှန်မှာ သူတို့၏ခြေဦးတည့်ရာလျှောက်သွားတတ်သောပညာရှင် သို့မဟုတ် လူမှုတော်လှန်ရေးသမားသည် သူတို့ရှာပုံတော်ဖွင့်နေကြသည်ဟုဆိုသော သမိုင်းဝင်သူ ယေရှုမဟုတ်ပဲ သွေးနားထင်ရောက်သောပညာရှင်တို့၏ စိတ်ကူးစိတ်သန်း၌ရှိသူသာဖြစ်သည်။
ယေရှုအစစ်အမှန်ကို တွေ့ရှိခြင်း
ယေရှုသည် သမ္မာတရားနှင့်ဖြောင့်မတ်ခြင်းပါရမီကို စိတ်ရင်းမှန်ဖြင့် ဆာငတ်ခင်မွတ်သောသူတို့၏နှလုံးကို ကြိုးစားလှုံ့ဆော်ပေးတော်မူခဲ့သည်။ (မဿဲ ၅:၃၊ ၆; ၁၃:၁၀-၁၅) ဤသူတို့သည် ယေရှု၏ဤဖိတ်ခေါ်ချက်ကို လက်ခံကြ၏– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။ ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။”—မဿဲ ၁၁:၂၈-၃၀၊ ကဘ။
ခေတ်ပညာရှင်များရေးသားသည့်စာအုပ်များတွင် ယေရှုအစစ်အမှန်ကို တွေ့ရှိနိုင်မည်မဟုတ်; လူလုပ်သောထုံးတမ်းများပေါက်ပွားရာအရပ်ဖြစ်သည့် ခရစ်ယာန်ဘောင်ချာ့ချ်များတွင်လည်း တွေ့ရှိနိုင်မည်မဟုတ်ပါ။ သမိုင်းဝင်ပုဂ္ဂိုလ်ယေရှုကို သင်၏ကျမ်းစာတွင် တွေ့နိုင်ပါသည်။ ကိုယ်တော့်အကြောင်း သင်ပိုမိုသိရှိလိုပါသလော။ သိလိုလျှင် ယေဟောဝါသက်သေများသည် သင့်ကိုကူညီရန် အသင့်ရှိကြပါသည်။
[အောက်ခြေမှတ်ချက်များ]
a အသေးစိတ်အချက်အလက်များအတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မှ ထုတ်ဝေသည့် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလော [လိပ်] အခန်း ၅၊ စာမျက်နှာ ၅၅-၇၀ ရှု။
b ကျမ်းစာတွင် ကျောက်ကပ်ဟုဆိုသည့်အခါ တစ်ခါတစ်ရံ တစ်ဦးတစ်ယောက်၏အတွင်းအကျဆုံးစိတ်ထားကိုဆိုလိုသည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ရာစုနှစ်ပေါင်းများစွာ အပြစ်တင်ဝေဖန်ခြင်း
ခရစ်ယာန်ဂရိကျမ်းစောင်များကို အပြစ်တင်ဝေဖန်ခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ကစတင်ခဲ့သည်။ ထိုစဉ်က ဂျာမန်အတွေးအခေါ်ပညာရှင် ဟဲရ်မန်းဇန်မျူဝယ်လ်ရီမားရုစ် (၁၆၉၄-၁၇၆၈) သည်ဤသို့အခိုင်အမာပြောဆိုခဲ့သည်– “တမန်တော်များ၏အရေးအသားတွင်ပါရှိသော သွန်သင်ချက်နှင့် ယေရှုသက်တော်ထင်ရှားစဉ်က ကိုယ်တော်တိုင်ကြွေးကြော်တော်မူခဲ့သောသွန်သင်ချက်တို့ကို ကျွန်ုပ်တို့လုံးလုံးလျားလျားခွဲခြားဖော်ပြခြင်းသည် မမှားပါ။” ရီမားရုစ်မှစ၍ အခြားပညာရှင်များစွာတို့သည် ထိုအတိုင်းယူမှတ်ကြရန် သွန်သင်ခံခဲ့ကြရပြီ။
ရှေးခေတ်က အပြစ်တင်ဝေဖန်သူများစွာသည် မိမိတို့ကိုယ်ကို အယူဖောက်ပြန်သူများဖြစ်သည်ဟု မယူမှတ်ကြကြောင်း ယေရှုအစစ်အမှန်စာအုပ်က ဖော်ပြသည်။ ယင်းအစား “မိမိတို့သည် အယူဝါဒနှင့် အယူသီးမှုအနှောင်အဖွဲ့မှ လွတ်မြောက်လာခဲ့သည့်အတွက် သာ၍စစ်မှန်သောခရစ်ယာန်များဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။” တန်းမြင့်ဝေဖန်ရေးသည် “အပြစ်တင်ခွင့်နှင့်ကင်းစင်သော ခရစ်ယာန်ဘာသာတရားဖြစ်သည်” ဟူ၍သူတို့ယူမှတ်ကြသည်။
ဝမ်းနည်းစရာမှာ ခရစ်ယာန်ဘောင်သည် လူလုပ်သောထုံးတမ်းများပေါက်ပွားရာအရပ် ဖြစ်နေခြင်းပင်တည်း။ ဝိညာဉ်စိုးလ်မသေနိုင်၊ သုံးပါးတစ်ဆူနှင့် မီးငရဲအယူဝါဒများသည် ကျမ်းစာနှင့်ဆန့်ကျင်သောသွန်သင်ချက်အချို့မျှသာဖြစ်သည်။ သို့သော် ခရစ်ယာန်ဂရိကျမ်းစောင်များကိုရေးသားသူတို့သည် အမှန်တရားကို ဤသို့မှောက်မှားစေခဲ့ကြသည်မဟုတ်ပါ။ ယင်းအစား သူတို့သည် ခရစ်ယာန်အမည်ခံသူများစပ်ကြားတွင် အယူဖောက်ပြန်မှု “ယခုပင်ပြုပြင်ဆဲရှိ၏” ဟုပေါလုရေးသားခဲ့သည့် ပထမရာစုအလယ်ပိုင်းတွင် မှောက်မှားသောအယူအဆများ၏လက္ခဏာများ စတင်ပေါ်လာသည့်အခါ ယင်းတို့ကိုတိုက်ဖျက်ခဲ့ကြပါသည်။ (၂ သက်သာလောနိတ် ၂:၃၊ ၇) ခရစ်ယာန်ဂရိကျမ်းစောင်များတွင်ပါဝင်သောမှတ်တမ်းသည် ရာဇဝင်သမိုင်းမှန်ဖြစ်ပြီး မှန်ကန်သောအယူဝါဒဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
ခရစ်ဝင်ကျမ်းများကို အဘယ်အချိန်က ရေးသားခဲ့သနည်း
ဓမ္မသစ်ကျမ်းကို ဝေဖန်ပြစ်တင်သူများစွာတို့က ခရစ်ဝင်ကျမ်းများတွင်ဖော်ပြထားသောအဖြစ်အပျက်များသည် ဖြစ်ပျက်ပြီး အချိန်ကြာမြင့်စွာကုန်လွန်ပြီးနောက်မှသာ ရေးသားခဲ့ရာ မတိကျ မမှန်ကန်မှုများ ကျိန်းသေပါရှိမည်ဟု အခိုင်အမာပြောဆိုကြသည်။
သို့ရာတွင် မဿဲ၊ မာကုနှင့် လုကာကျမ်းတို့ကိုရေးသားချိန်သည် သူတို့ဆိုသည်ထက် အစောပိုင်းကျကြောင်း သက်သေအထောက်အထားရှိသည်။ မဿဲကျမ်း၏လက်ရေးမိတ္တူအချို့ပါ စာလုံးအောက်ရေးထားချက်များအရ မူရင်းအရေးအသားသည် စီ.အီး. ၄၁ ခုအစောပိုင်းအချိန်ကတည်းကဖြစ်ကြောင်း တင်ပြပါသည်။ လုကာကျမ်းကို စီ.အီး. ၅၆-၅၈ အတွင်းရေးသားနိုင်ခြေရှိသည်။ အကြောင်းမှာတမန်တော်ဝတ္ထု (စီ.အီး. ၆၁ တွင်ရေးပြီးဖွယ်ရှိ) က စာရေးဆရာလုကာသည် သူ၏ “အထက်ကျမ်းစာ” ဖြစ်သည့်ခရစ်ဝင်ကျမ်းကို စီရင်ရေးထားပြီးပြီဟု တင်ပြပါသည်။ (တမန်တော် ၁:၂) မာကု၏ခရစ်ဝင်ကျမ်းကို တမန်တော်ပေါလု ပထမ သို့မဟုတ် ဒုတိယအကြိမ် အကျဉ်းကျချိန်—စီ.အီး. ၆၀–၆၅ စပ်ကြားဖြစ်နိုင်ခြေရှိသည်—အတွင်း ရောမမြို့တွင်ရေးသားခဲ့သည်ဟု ယူမှတ်ကြသည်။
ပါမောက္ခ ခရဲဂ် အယ်လ်. ဘလောမ်ဘာ့ဂ်သည် ယင်းခရစ်ဝင်ကျမ်းများ၏ အစောပိုင်းရက်စွဲကို လက်ခံပါသည်။ သူက ပထမရာစုအကုန်တွင်ရေးသားခဲ့သော ယောဟန်ခရစ်ဝင်ကျမ်းကို ထည့်ပေါင်းသည့်တိုင် “ရှေးအတ္ထုပ္ပတ္တိများထက် အစကနဦးအဖြစ်အပျက်များနှင့် ပိုနီးစပ်နေသေးသည်” ဟုသတိပြုခဲ့သည်။ ဥပမာ၊ မဟာအလက်ဇန္ဒား၏အတ္ထုပ္ပတ္တိကို ရေးသားခဲ့သူတို့တွင် အစောဆုံးဖြစ်သူနှစ်ဦး အယ်ရီယန်နှင့် ပလူတပ်ခ်တို့သည် အလက်ဇန္ဒားကွယ်လွန်ခဲ့သည့် ဘီ.စီ. ၃၂၃ နောက်ပိုင်း နှစ်ပေါင်းလေးရာကျော်မှရေးသားခဲ့သော်လည်း သမိုင်းဆရာများက ၎င်းတို့ကို ယုံကြည်စိတ်ချနိုင်သည်ဟု အများအားဖြင့်ယူမှတ်ကြသည်။ အတန်ကြာလေသော် အလက်ဇန္ဒားဘဝနှင့်ပတ်သက်၍ ပုံပြင်ဆန်သောယုံတမ်းစကားများ ထွက်ပေါ်လာသော်လည်း ယင်းတို့သည် များသောအားဖြင့် ဤစာရေးဆရာနှစ်ဦးနောက်ပိုင်း ရာစုနှစ်အနည်းငယ်အချိန်အတွင်း၌သာပေါ်လာပါသည်။ သမိုင်းဝင် ခရစ်ယာန်ဂရိကျမ်းစာစောင်များ၏အစိတ်အပိုင်းများသည် အနည်းဆုံး လောကီရာဇဝင်သမိုင်းများလောက် ယုံကြည်လက်ခံခြင်းကိုခံရထိုက်ပေသည်။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
လာလတ္တံ့သော ကမ္ဘာ့ပရဒိသုတွင် လူတိုင်းအဆုံးစွန် ရွှင်လန်းရလိမ့်မည်