ဧနောက်—တားဆီးနှောင့်ယှက်မှုများကိုမကြောက်ရွံ့သူ
ကောင်းသောလူတစ်ဦးအတွက် ယင်းသည် အဆိုးဝါးဆုံးအချိန်ဖြစ်သည်။ ဘုရားတရားမဲ့မှုသည် ကမ္ဘာပေါ်တွင်ပြည့်နှက်လျက်ရှိသည်။ လူသားတို့၏စာရိတ္တအခြေအနေမှာ တဖြည်းဖြည်းပျက်စီးယိုယွင်းနေသည်။ အမှန်ဆိုလျှင် မကြာမီဤသို့ဆိုရဖွယ်ရှိသည်– “မြေကြီးပေါ်မှာလူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူ [၏]။”—ကမ္ဘာဦး ၆:၅။
အာဒံမှဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူ ဧနောက်သည် ထိုသူများနှင့်ခြားနားရန်ရဲစွမ်းသတ္တိရှိခဲ့သည်။ မည်သည့်အကျိုးဆက်ဖြစ်လာပါစေ ဖြောင့်မတ်ခြင်းအတွက်သူရပ်တည်ခဲ့သည်။ သူ့အားသတ်ဖို့ရာထားခြင်းခံရသည့်အထိ ဧနောက်၏သတင်းသည် ဘုရားတရားမဲ့သော အပြစ်သားများကိုဒေါသထွက်စေ၍ ယေဟောဝါသာလျှင် သူ့အားကယ်တင်နိုင်သည်။—ယုဒ ၁၄၊ ၁၅။
ဧနောက်နှင့်စကြဝဠာအရေးကိစ္စ
ဧနောက်မမွေးဖွားမီ ကြာမြင့်စွာကပင် စကြဝဠာပိုင်သအုပ်စိုးခွင့်နှင့်ပတ်သက်သော အရေးကိစ္စပေါ်ပေါက်ခဲ့သည်။ ဘုရားသခင်၌ အုပ်ချုပ်ပိုင်ခွင့်ရှိသလော။ အမှန်စင်စစ် အုပ်ချုပ်ပိုင်ခွင့်မရှိဟု စာတန်မာရ်နတ်ကဆိုသည်။ ဘုရားသခင်၏လမ်းညွှန်မှုမှကင်းလွတ်မည်ဆိုလျှင် အသိဉာဏ်ရှိသောသတ္တဝါများသည် သာ၍ကောင်းစွာလုပ်ဆောင်နိုင်မည်ဟု သူအခိုင်အမာပြောဆိုသည်။ လူသားများကိုသူ့ဘက်ပါအောင် စဉ်းလဲစွာလုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်အားဆန့်ကျင်သည့် သူ၏အဆိုမှန်ကန်ကြောင်းတင်ပြရန် ကြိုးစားခဲ့သည်။ အာဒံ၊ သူ၏ဇနီးဧဝနှင့် သူတို့၏ပထမသားကာဣနတို့သည် ဘုရားသခင့်အုပ်ချုပ်မှုထက် ကိုယ်တိုင်အုပ်စိုးရန်ရွေးချယ်ခြင်းဖြင့် စာတန်ဘက်ပါရာတွင် နာမည်ဆိုးတွင်ခဲ့သည်။ ပထမလူသားမောင်နှံသည် ဘုရားသခင်တားမြစ်ထားသောအသီးကိုယူစားခဲ့ပြီး ကာဣနသည် မိမိ၏ဖြောင့်မတ်သောညီအာဗေလကို တမင်ရည်ရွယ်၍သတ်ခဲ့ခြင်းဖြင့် ယင်းကိုပြသခဲ့သည်။—ကမ္ဘာဦး ၃:၄-၆; ၄:၈။
အာဗေလမူ ရဲရင့်စွာနှင့်ဘုရားသခင်ဘက်ရပ်တည်ခဲ့သည်။ အာဗေလ၏သမာဓိသည် စင်ကြယ်သောဝတ်ပြုရေးကို ပျိုးထောင်ပေးသောကြောင့် သူ့အားသတ်လိုသည့်အမျက်ဒေါသကိုကာဣနဖော်ပြသည့်အခါ စာတန်ကျေနပ်ခဲ့သည်မှာ ယုံမှားဖွယ်မရှိပါ။ ထိုအချိန်မှစ၍ စာတန်သည် “သေရမည်ကိုကြောက်ရွံ့” ခြင်းအား ခြောက်လှန့်သည့်လက်နက်တစ်ခုအဖြစ် အသုံးချခဲ့သည်။ စစ်မှန်သောဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန်လိုလားသည့် သူတိုင်း၏နှလုံးထဲတွင် ကြောက်ရွံ့မှုကိုသူရိုက်သွင်းလိုသည်။—ဟေဗြဲ ၂:၁၄၊ ၁၅; ယောဟန် ၈:၄၄; ၁ ယောဟန် ၃:၁၂။
ဧနောက်မွေးဖွားသည့်အချိန်တွင် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို လူသားများထောက်ခံမည်မဟုတ်ဟူသော စာတန့်အမြင်သည်အခိုင်အမာဖြစ်နေပုံရှိသည်။ အာဗေလသေဆုံးပြီး သူ၏သစ္စာရှိပုံနမူနာကိုမလိုက်လျှောက်ကြပေ။ သို့တိုင် ဧနောက်မူကား သူတို့နှင့်မတူကြောင်း သက်သေထူခဲ့သည်။ ဧဒင်ဥယျာဉ်တွင်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ကို ကောင်းစွာသိရှိထားသောကြောင့် သူ၌ယုံကြည်ခြင်းအတွက် ခိုင်လုံသောအခြေအမြစ်ရှိသည်။a စာတန်နှင့်သူ၏ပရိယာယ်တို့ကိုအဆုံးတိုင်စေမည့် ကတိထားရာမျိုးနွယ်ကိုဖော်ပြသည့် ယေဟောဝါ၏ပရောဖက်ပြုချက်ကို သူအလွန်စွဲလမ်းမြတ်နိုးလိုက်မည်ဖြစ်ခြင်း!—ကမ္ဘာဦး ၃:၁၅။
ဤမျှော်လင့်ချက်ကြောင့် ဧနောက်သည် စာတန်လှုံ့ဆော်မှုကြောင့် အာဗေလကိုသတ်သည့်သမိုင်းဝင်အဖြစ်အပျက်ကို မကြောက်ရွံ့ခဲ့ပေ။ ယင်းအစား သူသည်ဘုရားသခင်နှင့်အတူသွားလာကာ ဖြောင့်မတ်ခြင်းလမ်းစဉ်ကို တစ်သက်လုံးလိုက်လျှောက်ခဲ့သည်။ ဧနောက်သည် မိမိကိုယ်ကိုလောကနှင့်သီးခြားဖြစ်စေခဲ့ပြီး ယင်း၏လွတ်လွတ်လပ်လပ်နေချင်သည့်စိတ်ဓာတ်ကို ရှောင်ရှားခဲ့သည်။—ကမ္ဘာဦး ၅:၂၃၊ ၂၄။
ထို့အပြင် ဧနောက်သည်သတ္တိရှိစွာပြောဆို၍ မာရ်နတ်၏ယုတ်မာသောလုပ်ရပ်များ အောင်မြင်မည်မဟုတ်ကြောင်း ရှင်းလင်းစွာထုတ်ဖော်ပြောခဲ့သည်။ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် တက်ကြွလှုပ်ရှားသောစွမ်းအား၏လွှမ်းမိုးမှုအောက်တွင် ဧနောက်သည်ဆိုးသွမ်းမှုနှင့်ပတ်သက်၍ ဤသို့ပရောဖက်ပြုခဲ့သည်– “ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကိုတရားစီရင်တော်မူ၍၊ မတရားသောသူတို့သည်မတရားသဖြင့်ပြုသော အဓမ္မအမှုရှိသမျှတို့၏အပြစ်ကိုလည်းကောင်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကိုပြစ်မှား၍ပြောသော ကြမ်းတမ်းသောစကားရှိသမျှတို့၏အပြစ်ကိုလည်းကောင်းဖော်ပြခြင်းငှာ၊ အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွကြွလာတော်မူလိမ့်မည်။”—ယုဒ ၁၄၊ ၁၅။
ဧနောက်၏ကြောက်ရွံ့မှုကင်းသောကြေညာခြင်းကြောင့် ဟေဗြဲခရစ်ယာန်များထံ တမန်တော်ပေါလုစာရေးရာတွင် ယုံကြည်ခြင်းကိုအကျင့်အားဖြင့်တင်ပြရာ၌ အလွန်ကောင်းသောနမူနာကိုတင်ပြခဲ့ကြသည့် “များစွာသောသက်သေအပေါင်းတို့” အဝင်အဖြစ်သူ့ကိုထည့်သွင်းခဲ့သည်။b (ဟေဗြဲ ၁၁:၅; ၁၂:၁) ဧနောက်သည် ယုံကြည်သောလူတစ်ဦးအနေနှင့် သမာဓိလမ်းစဉ်၌နှစ်ပေါင်း ၃၀၀ ကျော်စွဲမြဲခဲ့သည်။ (ကမ္ဘာဦး ၅:၂၂) ဧနောက်၏သစ္စာရှိခြင်းသည် ကောင်းကင်နှင့်မြေကြီးပေါ်ရှိဘုရားသခင်၏ရန်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေလိုက်မည်ဖြစ်ခြင်း! ဧနောက်၏ထိုးနှက်သောပရောဖက်ပြုချက်သည် စာတန်၏မုန်းတီးခြင်းကိုဖြစ်ပေါ်စေသော်လည်း ယေဟောဝါ၏ကာကွယ်မှုကိုရရှိစေသည်။
ဧနောက်ကိုဘုရားသခင်သိမ်းယူခြင်း—မည်သို့အားဖြင့်နည်း
စာတန် သို့မဟုတ် သူ၏မြေကြီးဆိုင်ရာကျေးကျွန်များက ဧနောက်ကိုသတ်ရန် ယေဟောဝါခွင့်မပြုခဲ့ပါ။ ထိုသို့ခွင့်ပြုမည့်အစား “ဘုရားသခင်သိမ်းယူတော်မူ” သည်ဟု မှုတ်သွင်းခံစာစောင်ကဆိုသည်။ (ကမ္ဘာဦး ၅:၂၄) တမန်တော်ပေါလုက ဤသို့ဖော်ပြသည်– “ဧနောက်သည်ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ဘဝပြောင်းရ၏။ ဘုရားသခင်သည်သူ့ကိုဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည်နောက်တစ်ဖန်မပေါ်မရှိ။ သူသည်ဘဝမပြောင်းမီ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကိုရလေ၏။”—ဟေဗြဲ ၁၁:၅။
ဧနောက်သည် မည်ကဲ့သို့ “သေခြင်းနှင့်လွတ်၍ဘဝပြောင်းရ” သနည်း။ သို့မဟုတ် အာရ်၊ အေ၊ နော့ခ်စ် ဘာသာပြန်ကျမ်းဖော်ပြချက်အရ ဧနောက်သည် မည်သို့အားဖြင့် “သေခြင်းကိုမတွေ့ကြုံဘဲခေါ်ဆောင်သွားခြင်းခံရ” သနည်း။ ဘုရားသခင်သည် ဧနောက်ကိုဖျားနာခြင်း သို့မဟုတ် သူ၏ရန်သူများလက်တွင်သေဆုံးခြင်း ဝေဒနာများ မှကင်းလွတ်ခွင့်ပေးခြင်းဖြင့် ဧနောက်၏အသက်ကိုငြိမ်သက်စွာနှင့်အဆုံးတိုင်စေသည်။ မှန်ပါသည်၊ ဧနောက်သည်သူ့ခေတ်ရှိသူများနှင့်နှိုင်းယှဉ်လျှင် လူငယ်တစ်ဦးမျှသာဖြစ်သေးသည့် အသက် ၃၆၅ နှစ်အရွယ်တွင် ယေဟောဝါရှင်သည် သူ၏အသက်ကိုဖြတ်တောက်လိုက်သည်။
ဧနောက်သည်မည်သို့အားဖြင့် “ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်း” ကိုရသနည်း။ ယင်းကိုသူရရှိကြောင်း အဘယ်အထောက်အထားရှိသနည်း။ ဖြစ်နိုင်ဖွယ်ရှိသည်မှာ တမန်တော်ပေါလုသည်“ချီဆောင်ခြင်းခံရ” သို့မဟုတ် ပြောင်းလဲခြင်းခံရကာ အနာဂတ်တွင်ဖြစ်ပျက်လာမည့် ခရစ်ယာန်အသင်းတော်၏ ဝိညာဏပရဒိသုကိုရူပါရုံဖြင့် အထင်အရှားမြင်ရသကဲ့သို့ ဘုရားသခင်သည်ဧနောက်ကို ရူပါရုံတစ်ခုရရှိစေသည်။ (၂ ကောရိန္သု ၁၂:၃၊ ၄) ဧနောက်သည်ဘုရားသခင်၏စိတ်တော်နှင့်တွေ့ကြောင်း သက်သေခံချက် သို့မဟုတ် အထောက်အထားက သက်ရှိအားလုံးဘုရားသခင်၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို ထောက်ခံမည့်အနာဂတ်မြေကြီးပရဒိသုဆိုင်ရာ ရူပါရုံကိုဖြစ်ပေါ်စေနိုင်စရာရှိသည်။ သူရှင်ပြန်ထမြောက်သည့်နေ့အထိ နာကျင်ခြင်းကင်းသောသေခြင်း၌ အိပ်ပျော်ရန် ဘုရားသခင်ခေါ်တော်မူသည့်အချိန်တွင် ဧနောက်သည် ထိုနှစ်ထောင်းအားရဖွယ်ဖြစ်သော ရူပါရုံကိုတွေ့မြင်ခဲ့ရဖွယ်ရှိသည်။ မောရှေ၏ကိစ္စမှာကဲ့သို့ပင် ယေဟောဝါသည်ဧနောက်၏ခန္ဓာကိုယ်ကို ဖျောက်ပစ်လိုက်ခြင်းကြောင့် “သူသည်နောက်တစ်ဖန်မပေါ်မရှိ” ရခြင်းဖြစ်ကြောင်းပေါ်လွင်သည်။—ဟေဗြဲ ၁၁:၅; တရားဟောရာ ၃၄:၅၊ ၆; ယုဒ ၉။
ပရောဖက်ပြုချက်ပြည့်စုံခြင်း
ယနေ့ ယေဟောဝါသက်သေများသည် ဧနောက်ပရောဖက်ပြုချက်၏ အနှစ်သာရကိုကြေညာကြသည်။ ယင်းသည် မဝေးတော့သောအနာဂတ်တွင် ဘုရားတရားမဲ့သူတို့ကိုဘုရားသခင်ဖျက်ဆီးသည့်အခါ မည်သို့ပြည့်စုံလာမည်ကို ကျမ်းစာမှသူတို့ထောက်ပြကြသည်။ (၂ သက်သာလောနိတ် ၁:၆-၁၀) သူတို့၏သတင်းသည် ဤလောက၏ရှုမြင်ပုံများနှင့် ရည်မှန်းချက်ပန်းတိုင်များမှ အလွန်ကွဲပြားခြားနားသည့်အတွက် ယင်းကသူတို့ကိုရေပန်းမစားစေပါ။ ယေရှုကမိမိနောက်လိုက်များကို “လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့်သင်တို့ကိုမုန်းကြလိမ့်မည်” ဟုသတိပေးထားသည့်အတွက် သူတို့ရင်ဆိုင်ရသောဆန့်ကျင်မှုများကိုမအံ့သြကြပါ။—မဿဲ ၁၀:၂၂; ယောဟန် ၁၇:၁၄။
သို့သော် မျက်မှောက်ခေတ်ခရစ်ယာန်များသည် ဧနောက်ကဲ့သို့ပင် သူတို့၏ရန်သူများလက်မှနောက်ဆုံးတွင် ကယ်လွှတ်ခြင်းခံရမည်ကို ယုံကြည်စိတ်ချကြသည်။ တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကိုဒဏ်ခံစေမည်အကြောင်း . . . ထာဝရဘုရားသည်တတ်နိုင်တော်မူ၏။” (၂ ပေတရု ၂:၉၊ ၁၀) ပြဿနာ သို့မဟုတ် ခက်ခဲသောအခြေအနေကို ဘုရားသခင်ဖယ်ရှားပေမည်။ စုံစမ်းနှောင့်ယှက်ခြင်းသည် အဆုံးသတ်ပေမည်။ ထိုသို့မဖြစ်ခဲ့လျှင်လည်း မိမိ၏လူတို့သည်စမ်းသပ်မှုကို အောင်မြင်စွာခံရပ်နိုင်ဖို့ “ထွက်မြောက်သောလမ်း” ကိုမည်သို့ပြုလုပ်ပေးရမည်ကို ကိုယ်တော်သိတော်မူသည်။ လိုအပ်သည့်အခါတွင် “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ကိုပင် ယေဟောဝါပေးသနားတော်မူသည်။—၁ ကောရိန္သု ၁၀:၁၃; ၂ ကောရိန္သု ၄:၇၊ ကဘ။
“ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူ” သည့်အနေနှင့် ယေဟောဝါရှင်သည်မိမိ၏သစ္စာရှိကျေးကျွန်များအား ထာဝရအသက်ကောင်းချီးကိုလည်းပေးတော်မူမည်။ (ဟေဗြဲ ၁၁:၆) သူတို့အများစုအတွက်မူ ယင်းသည် မြေကြီးပရဒိသုတွင်ထာဝရအသက်ဖြစ်မည်။ ထို့ကြောင့် ဧနောက်ကဲ့သို့ဘုရားသခင်၏သတင်းကို ကြောက်ရွံ့ခြင်းကင်းစွာနှင့်ကြေညာနိုင်သည်။ ယုံကြည်ခြင်းဖြင့် အတားအဆီးများကိုဆန့်ကျင်၍ ယင်းကိုပြုကြစို့။
[အောက်ခြေမှတ်ချက်များ]
a ဧနောက်မွေးဖွားသည့်အချိန်တွင် အာဒံအသက်မှာ ၆၂၂ နှစ်ဖြစ်သည်။ ဧနောက်သည် အာဒံသေဆုံးပြီးနောက် ၅၇ နှစ်ခန့်ဆက်အသက်ရှင်ခဲ့သည်။ ထို့ကြောင့် သူတို့၏ဘဝသက်တမ်းသည် နှစ်အတော်အတန်ကြာ ထပ်လျက်ရှိသည်။
b ဟေဗြဲ ၁၂:၁ တွင်ဖော်ပြထားသော “သက်သေများ” သည်ဂရိစကားလုံး မာတီစ် မှဆင်းသက်လာသည်။ ဗူးဝက်စ် ၏ ဂရိဓမ္မသစ်ကျမ်းမှဝေါဟာရများကိုလေ့လာခြင်း စာအုပ်အရ ဤစကားလုံးသည် “မိမိမြင်ခဲ့သည့်အရာ သို့မဟုတ် ကြားခဲ့သည့်အရာ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့်သိရှိခဲ့သည့်အရာကို သက်သေခံသူ သို့မဟုတ် သက်သေခံနိုင်သည့်သူ” ဟုအဓိပ္ပာယ်ရှိသည်။ နိုင်ဂျာလ် တန်နာ ၏ ခရစ်ယာန်ဝေါဟာရများ စာအုပ်ကထိုစကားလုံးသည် “ကိုယ်ပိုင်အတွေ့အကြုံ . . . သမ္မာတရားနှင့် ရှုမြင်ချက်များနှင့်ပတ်သက်၍ အခိုင်အမာယုံကြည်မှု” နှင့်ပြောဆိုသည့်သူကိုဆိုလိုသည်။
[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]
ဘုရားသခင့်နာမတော် မထီမဲ့မြင်ပြုခြင်းခံရ
ဧနောက်မတိုင်မီနှစ်ပေါင်းလေးရာခန့်က အာဒံ၏မြေးဧနုတ်ကိုဖွားမြင်ခဲ့သည်။ “ထိုကာလ၌ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ကိုးကွယ်စပြုကြလေ၏” ဟု ကမ္ဘာဦး ၄:၂၆ ကဆိုသည်။ ဟေဗြဲဘာသာပညာရှင်အချို့က ဤအခန်းငယ်ကို ဘုရားသခင့်နာမတော်အား “စတင်၍မထီမဲ့မြင်” ခေါ်ဆိုလာသည် သို့မဟုတ် “ထိုအခါ မထီမဲ့မြင်ပြုခြင်းစတင်လာသည်” ဟူ၍ ဖတ်ရှုသင့်သည်ဟုထင်မှတ်ကြသည်။ သမိုင်းတွင် ထိုအချိန်ကာလနှင့်ပတ်သက်၍ ဂျေရုဆလင် တာဂွန်ကဤသို့ဆိုသည်– “သူတို့သည် စတင်သွေဖည်၍ မိမိတို့အတွက်ရုပ်ပုံများပြုလုပ်ကာ ရုပ်ပုံများကို သခင့်နာမ၌ပါရှိသောစကားနှင့် အမည်ပေးကြသည့်အချိန်က လူမျိုးဆက်ဖြစ်သည်။”
ဧနုတ်အချိန်၌ ယေဟောဝါ၏နာမတော်ကို အလွဲသုံးမှုမှာနေရာအနှံ့ဖြစ်ပျက်နေသည်။ ဖြစ်နိုင်သည်မှာ လူတို့သည်နာမတော်မြတ်ကို မိမိတို့ကိုယ်တိုင်အတွက် သို့မဟုတ် ဝတ်ပြုကိုးကွယ်ရာတွင် ယေဟောဝါဘုရားသခင်ထံချဉ်းကပ်သယောင် တစ်ဆင့်ခံလူများအတွက်အသုံးပြုကြသည်။ သို့မဟုတ် သူတို့သည်နာမတော်မြတ်ကို ရုပ်ပုံများအတွက်အသုံးပြုကြပေမည်။ မည်သို့ပင်ဖြစ်စေကာမူ လူသားမျိုးနွယ်ကို ရုပ်ပုံကိုးကွယ်ခြင်းကျော့ကွင်းထဲတွင် အသေအချာရစ်ပတ်ငြိတွယ်နေစေရန် စာတန်မာရ်နတ်ပြုလုပ်ထားသည်။ ဧနောက်မွေးဖွားသည့်အချိန်တွင် စစ်မှန်သောဝတ်ပြုရေးမှာမရှိသလောက်ဖြစ်နေပြီ။ ဧနောက်ကဲ့သို့ သမ္မာတရားအတိုင်းနေထိုင်၍ ယင်းကိုဟောပြောသူတိုင်း ရေပန်းမစားဘဲ နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရကြသည်။—မဿဲ ၅:၁၁၊ ၁၂ နှိုင်းယှဉ်။
[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]
ဧနောက်ကောင်းကင်သို့သွားခဲ့သလော
“ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ဘဝပြောင်းရ၏။” ဟေဗြဲ ၁၁:၅ ၏ ဤအပိုင်းကိုဘာသာပြန်ရာတွင် ဘာသာပြန်ကျမ်းအချို့က ဧနောက်သည်အမှန်တကယ်မသေဟူ၍ ဖော်ပြကြသည်။ ဥပမာအနေနှင့် ဂျိမ်း မောဖက်၏ သမ္မာကျမ်းစာကိုအသစ်ပြန်ဆိုခြင်းတွင် ဤသို့ဖော်ပြထားသည်– “ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် ဘယ်သောအခါမျှမသေရန်အလို့ငှာ ကောင်းကင်သို့ယူဆောင်ခံရသည်။”
သို့သော်လည်း ဧနောက်လက်ထက်ပြီးနောက် နှစ်ပေါင်း ၃,၀၀၀ ခန့်တွင် ယေရှုခရစ်ဤသို့ဖော်ပြသည်– “ကောင်းကင်ဘုံကဆင်းသက်သော လူသားမှတစ်ပါး အဘယ်သူမျှကောင်းကင်ဘုံသို့မတက်ပြီ။” (ယောဟန် ၃:၁၃၊ သမ္မာ) အင်္ဂလိပ်ကျမ်းစာသစ် ကဤသို့ဆိုသည်– “ကောင်းကင်ဘုံမှဆင်းသက်လာသော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့မတက်ချေ။” ထိုအချက်ကိုယေရှုဖော်ပြသည့်အခါ၌ ကိုယ်တော်ပင်လျှင် ကောင်းကင်သို့မတက်ရသေးပေ။—လုကာ ၇:၂၈ နှိုင်းယှဉ်။
တမန်တော်ပေါလုက ဧနောက်နှင့် ခရစ်ယာန်ခေတ်မတိုင်မီက များစွာသောသက်သေအပေါင်း တို့သည် ‘သေလွန်ကြ’ ၍ “ကတိတော်အတိုင်းအကျိုးကျေးဇူးကိုမခံရကြ” ဟုဖော်ပြခဲ့သည်။ (ဟေဗြဲ ၁၁:၁၃၊ ၃၉) အဘယ့်ကြောင့်နည်း။ အကြောင်းမှာ ဧနောက်အပါအဝင် လူသားအားလုံးတို့သည် အာဒံထံမှအပြစ်ကိုအမွေခံခဲ့ရသောကြောင့်ဖြစ်သည်။ (ဆာလံ ၅၁:၅; ရောမ ၅:၁၂) ကယ်တင်ခြင်းအတွက် တစ်ခုတည်းသောနည်းလမ်းမှာ ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့်ဖြစ်သည်။ (တမန်တော် ၄:၁၂; ၁ ယောဟန် ၂:၁၊ ၂) ဧနောက်လက်ထက်တွင် ထိုရွေးနုတ်ဖိုးကိုမပေးဆက်ရသေးပါ။ ထို့ကြောင့် ဧနောက်သည်ကောင်းကင်သို့မသွားပါ၊ သို့သော် သူသည်မြေကြီးပေါ်ရှင်ပြန်ထမြောက်ခြင်းကို မျှော်လင့်စောင့်စားလျက် သေခြင်းတွင်အိပ်ပျော်နေသည်။—ယောဟန် ၅:၂၈၊ ၂၉။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
Reproduced from Illustrirte Pracht - Bibel/Heilige Schrift des Alten und Neuen Testaments, nach der deutschen Uebersetzung D. Martin Luther’s